25 July 2013

ခုတလောဆီမှာ...


အားလုံးပဲ မင်္ဂလာပါဗျာ၊ ဒီတစ်ခေါက် ဘလော့ဂ်ရပ်ဝန်းကနေ ပျောက်သွားတာ ဘာလိုလိုနဲ့ အတော်ကြာသွားတယ်၊ နောက်ဆုံးပို့စ်ကို တင်ခဲ့တာ ဇွန်လ ၂၅ ရက်နေ့က ဆိုတော့ တစ်လတောင် ကြာသွားတဲ့ သဘောပေါ့၊ ပျောက်နေတဲ့ အကြောင်းကတော့ ဘာမှ ထူးထူးထွေထွေ မဟုတ်ပါဘူး၊ ထုံးစံအတိုင်း အလုပ်များနေလို့ အချိန်မရတာ၊ အချိန်ရပြန်တော့လည်း စာဖတ်နေတာ၊ တီဗီကြည့်နေတာ၊ အဲဒါတွေ မလုပ်တဲ့ အချိန်ကျတော့လည်း ပျင်းနေတာ... စသဖြင့်ပေါ့၊ ပြီးတော့ ဟိုတလောဆီက အတော်လေး လှုပ်ခတ်သွားတဲ့ သတင်းတွေနဲ့ အဖြစ်အပျက်တွေကလည်း ကျနော့်ရဲ့ စာရေးချင်စိတ်ကို အငွေ့ပျံ၊ ပျောက်ကွယ်စေခဲ့တယ်လို့ ဆိုရမှာပါပဲ၊ အဲဒီမှာ သတင်းတွေ၊ အဖြစ်အပျက်တွေနဲ့ တုံ့ပြန်ပုံတွေကို လိုက်ဖတ်ရင်း ဖေ့စ်ဘွတ်ခ်က စီးချင်းထိုးပွဲတွေ၊ တအုန်းအုန်း တဒိုင်းဒိုင်း ပစ်ခတ်ပေါက်ကွဲနေတဲ့ စကားလုံးမိုင်းတွေ အကြားကို ရောက်သွားခဲ့မိသေးတယ်၊ ဖေ့စ်ဘွတ်ခ်က ပြန်လာတော့ ကျနော့်ရဲ့ ခေါင်းထက်က ကောင်းကင်မှာ ညစ်ညူးနောက်ကျိတဲ့ မီးခိုးတွေနဲ့ အသက်ရှူ မဝဘူး၊ အဲဒီ မီးခိုးတွေ ရှူမိတဲ့အခါ လက်က ကွန်ပျူတာ ကီးဘုတ်ကို မနှိပ်ချင်တော့ဘဲ လေဖြတ်သွားတော့တယ်၊

ဒီအတောအတွင်းမှာ ဘယ်ကိုမှ မရောက်ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ ပျက်ကွက်မှုတွေ အတွက်လည်း တောင်းပန်ရမှာပါပဲ၊ ကျနော်ကသာ မရောက်ဖြစ်ပေမယ့် တချို့မိတ်ဆွေ တွေကတော့ မပျက်မကွက် တံခါးလာလာခေါက်နေ ခဲ့တယ်၊ ကိုယ်က ခင်မင်လို့ လာခဲ့ပေမယ့် ငြိမ်သက်နေတဲ့ စာမျက်နှာချည်းပဲ အကြိမ်ပေါင်းများစွာ တွေ့နေရတဲ့အခါ သူတို့တွေ အနည်းနဲ့အများတော့ စိတ်ပျက်ပြီး ပြန်သွားရမယ်ဆိုတာ ကျနော် နားလည်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုတော့လည်း ကျနော် ပြန်ရောက်လာပြန် ပါပြီ၊ ငြိမ်သက်နေတဲ့ ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်မိ တဲ့အခါ ၅ နှစ်ကျော်လောက် ရေးလာခဲ့တဲ့ ဘလော့ဂ်တစ်ခုဟာ ဒီလမှာ အဆုံးသတ်တော့မှာလားလို့ တွေးမိတော့ ̔နိုး.. အချိန်မကျ သေးဘူး̕ ဆိုပြီး ခေါင်းခါမိတယ်၊ ဘလော့ဂ်ရေးသူတွေ သိကြတဲ့အတိုင်း မရေးတာ ကြာသွားလို့ ပထမဦးဆုံး ပြန်ရေးတဲ့အခါ နည်းနည်းတော့ အိုးတိုးအမ်းတမ်းနဲ့ ကြောင်သလိုလို ဖြစ်တတ်ပါတယ်၊ အဲဒါကို ချေဖျက်ဖို့ အကောင်းဆုံးနည်းကတော့ ဓါတ်ပုံတွေတင်ပြီး အရှိန်ပြန်ယူတာ ပါပဲ၊ ကဲ.. တလောဆီက ရိုက်ထားတဲ့ ဓါတ်ပုံလေးတချို့ တင်လိုက်ပါတယ်၊


ပြီးခဲ့တဲ့ စနေတစ်ရက်က တောင်ပေါ်ကို သွားဖြစ်ခဲ့တယ်၊ အိမ်ကနေ တစ်နာရီသာသာလောက် ကားနဲ့သွားရတဲ့ Moléson ဆိုတဲ့ တောင်တန်းတစ်ခုပါ၊ မတွေ့တာကြာတဲ့ မိတ်ဆွေမိသားစုနဲ့ လမ်းအတူလျှောက်ရင်း၊ စကားပြောရင်းပေါ့၊ တောင်ပေါ်ကို ပထမ Funicular ရထားလေးနဲ့ တက်ရတယ်၊ အပေါ်က ပုံထဲမှာ မြင်ရတဲ့ ရထားလေးပါ၊ တောင်ရဲ့ ပိုမတ်တဲ့ ဒုတိယအဆင့်မှာတော့ ကေဘယ်လ်ကားနဲ့ ဆက်တက်ရတယ်...၊


Moléson (မိုလေဇွန်) က အဲ့လ်ပ်စ်တောင်တန်းကြီးရဲ့ မြောက်ဖက်အစွန် တစ်နေရာက တောင်ကြောတစ်ခုပါ၊ ၂၀၀၂ မီတာ မြင့်ပါတယ်၊ ရထားနဲ့ ကေဘယ်လ်ကားနဲ့ မတက်ချင်ဘဲ လမ်းလျှောက်တက်လာချင်လည်း ရပါတယ်၊ ၂ နာရီခွဲလောက် လျှောက်ရင် အခုနေရာကို ရောက်ပါတယ်၊


ဒါကတော့ တောင်ထိပ်မှာရှိတဲ့ ဟိုတယ်၊ စားသောက်ဆိုင်ပါ၊ ဟိုတယ်ဆိုပေမယ့် သီးသန့်ခန်းတွေ မရှိဘဲ စုပေါင်းအိပ်ခန်း dormitory တွေပဲ ရှိတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုကတော့ နက္ခတ်တာရာတွေ ကြည့်ဖို့ အခန်းလေး လုပ်ထားပေးတာပါပဲ၊ ခေါင်မိုးအနီနဲ့ အခန်းလေးမှာ ဘေးပတ်လည် ဖွင့်လို့ရတဲ့ မှန်ပြူတင်းပေါက်တွေနဲ့ တယ်လီစကုပ်တွေ ရှိပါတယ်၊ အဲဒီကနေ အရပ်ရှစ်မျက်နှာက ကောင်းကင်ကို ကြည့်ရုံပါပဲ၊ ကြယ်တွေကို ဓါတ်ပုံရိုက်ဖို့ တေးထားတဲ့ ကျနော့်အဖို့တော့ မှတ်သားထားရမယ့် နေရာ တစ်ခုပါ၊


တောင်အောက်မှာ ပူအိုက်နေပေမယ့် ဒီနေရာလေးမှာတော့ ချမ်းစိမ့်စိမ့်နဲ့...၊ လူတွေအများကြီး မတွေ့ရဘဲ လမ်းလျှောက်ရတာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ရှိပါတယ်၊ အိမ်ကနေ အသင့်ယူလာတဲ့ အသားညှပ်ပေါင်မုန့်တွေကိုပဲ နေ့လယ်စာအဖြစ် စားခဲ့တယ်...၊


အချိုပွဲအနေနဲ့တော့ စားသောက်ဆိုင်ကနေ Meringue with double-cream မှာစားတယ်၊ ဒီဒေသက ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိလှတဲ့ double-cream နာမည်ကြီးပါတယ်၊ Meringue ဆိုတာကတော့ ကြက်ဥအရည်ကြည် အဖြူရောင်ကို သကြားနဲ့ ခေါက်ထားတဲ့ ဟာပါ၊ ဆွစ်နဲ့ ပြင်သစ် အစားအစာတွေမှာ အချိုပွဲအနေနဲ့ မကြာခဏ တွေ့ရတတ်ပါတယ်၊ ဒီအချိုပွဲက သကြားတွေ၊ ခရင်မ်တွေနဲ့ ဆိုတော့ ခန္ဓာကိုယ်အလေးချိန် တိုးမှာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေသူတွေ အဖို့တော့ အဆင်ပြေမယ် မထင်ဘူး၊ ကျနော်ကတော့ ခရင်မ်ပျစ်ပျစ်မှာ ပါတဲ့ ဝစေတဲ့ Shortening တွေကို အက်စ်ပရက်ဆို တစ်ခွက်နဲ့ မေ့ပစ်လိုက်တယ်...၊


ပြီးတော့လည်း အိပ်ပြန်ဖို့ပဲပေါ့၊ Funicular ရထားအလာကို စောင့်ရင်း စောစောက တက်ခဲ့တဲ့ တောင်ထိပ်ကို နှုတ်ဆက်လိုက်တယ်၊ ဒီနေရာက ဆောင်းတွင်းဆိုရင် နှင်းတွေအပြည့် ဖုံးတတ်တဲ့ နေရာပေါ့၊ အဲဒီအချိန် ဆိုရင်တော့ ရထားစီးစရာ မလိုဘဲ ပုံထဲမှာ မြင်ရတဲ့ chalet အိမ်လေး အရှေ့ကနေ ski နဲ့ တောင်အောက်ကို ပြန်ဆင်းသွားလို့ ရပါတယ်...။

အခုရက်တွေမှာတော့ ကျနော့်ရဲ့ ကောင်းကင်မှာ အစမှာ ပြောခဲ့တဲ့ စကားလုံးမိုင်းတွေက ထွက်လာတဲ့ မီးခိုးမြူတွေ တဖြည်းဖြည်းနဲ့ စဲသွားလို့ အရင်ကလိုပဲ စာတွေ၊ ဓါတ်ပုံတွေ ပုံမှန် ပြန်တင်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်၊ ကျနော် ငြိမ်သက်နေခိုက်မှာ တိတ်တိတ်လေး လာသွားသူတွေရော၊ ကျယ်ကျယ်လောင်လောင်နဲ့ စီဘောက်စ်ကနေ နှုတ်ဆက်သွားသူတွေရော... အားလုံးကို ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၂၅ ဇူလိုင်၊ ၂၀၁၃

17 comments:

Anonymous said...

ဟော...

ညီ

Thandar Lwin said...

ရှူခင်းတွေ လှလိုက်တာ ။
ကျမ မှာ ချဉ်ပေါင်ရွက်ကြော်စားတော့ ကိုညီလင်းသစ်ကို သတိရမိသေး ။

Anonymous said...

ခရီးလွန်နေလို့ညီလင်းပို့စ်ကို အခုမှဖတ်ရပါတယ်၊ သိပ်နောက်ကျသွားပြီ မှတ်တာ တတိယမြောက်စာဖတ်သူဖြစ်နေသလို ပါပဲလား။ တော်သေးတာပေါ့။ ညီပြောသလိုပဲ၊ သူ့အမြန်ဆုံးဆိုတာ...။ ဘာပဲဖြစ်ဖြစ် ညီက အရင်ဆုံးဖတ်ရတာကိုရော၊ မျှော်နေတဲ့ သူတွေ ကိုလေးစားတန်ဖိုးထားတဲ့ ညီလင်းကိုရော ကျေ နပ်ပါတယ်။ အထူးသဖြင့် ငြိမ်းတို့ကိုပါ မီးခိုးမြူ၊ စကားလုံးမိုင်းတွေထဲက ဆွဲထုတ်ပြီး အေးချမ်း သာယာလှ တဲ့ တောင်ကုန်းလေးဆီ ခေါ်သွားပေး တဲ့အတွက် ကျေးဇူးအထူးပါ။
ငြိမ်း

Anonymous said...

ဓါတ်ပုံတွေကလည်းလှလိုက်တာနော်။
ကို်ယ်တိုင်ရောက်ဖူးချင်လိုက်တာ။
ဖေ့ဘွတ်ဟာမသွားအပ်တဲ့အရပ်လိုတောင်ခံစားမိတယ်။
တချို့ တွေ တော်တော်ရင့်သီးရိုင်းစိုင်းကြတာလည်း သြောချမိတယ်။
မြန်မာ့ယဉ်ကျေးမှုဆိုတာတောင်မရှိတော့သလိုဘဲ စကားလုံးမိုင်းတွေကညစ်ထေးလှတယ်။
အို်င်အိုရာ

စူးနွယ်လေး said...

ဓာတ်ပုံလှလှတွေ လာကြည့်သွားပါတယ်.. :) အော်... စာလည်းဖတ်ပါတယ်နော်

သက်ဝေ said...

အဟိ... ဓါတ်ပုံတွေနဲ့ အရှိန်ပြန်ယူတာချင်း တူနေတယ်... :P

မောင်မျိုး said...

ဓာတ်ပုံတွေနဲ့ ဆားချက်နေတယ်ပေါ့လေ ဦးဂလုံကြီးးး)

Anonymous said...

ညီမကတော့ တစ်ယောက်နဲ့တစ်ယောက် ရန်ညှိုးရန်စမရှိပဲနဲ့ ခါးခါးသီးသီး တိုက်ခိုက်နေကြတဲ့ ဖေ့ဘုတ်ကြီးထက် ဘလော့လေးတွေလည်ပြီး တိတ်တိတ်ဆိတ်ဆိတ်စာဖတ်ရတာကို ပိုသဘောကျတယ်...ပို့စ်လေးကိုဖတ်ရတာ နဲ့ ဓါတ်ပုံလေးတွေကြည့်လိုက်ရတော့ စိတ်ညစ်ညူးနေတာတွေကြည်လင်သွားလို့ ကျေးဇူးပါ

Ma Tint said...

အတော်များများ ဘလော့ဂါတွေ ဒီလို ဖြစ်နေကြတာမို့ ကိစ္စမရှိပါဘူး မောင်ညီလင်းရယ် (ဟဟ ကိုယ်တိုင်ပို့စ်မတင်တာ တစ်လကြော်ပြီပဲ).. ခေါင်းစဉ်မရှိတဲ့ အလုပ်တွေနဲ့ရှုပ်နေတယ်ကွယ်...
ထူးခြားရှုခင်းလေးတွေမြင်ရတာ ကြည်နူးစရာမို့
အလည်ရောက်ခွင့်ကြုံချင်လိုက်တာ.. ထင်တော့မထင်ပါ ဟိဟိ တစ်ပုဒ်ဆိုလည်း တစ်ပုဒ်နဲ့တန်အောင် ကျေနပ်စရာရယ်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San Htun said...

ဓာတ်ပုံတွေ တကယ်လှတယ် Welcome back !

Shinlay said...

ရောက်တယ်ကိုညီ။ပုံတွေကလှတယ်။

စံပယ်ချို said...

ဖေ့စ်ဘွတ်ခ်က ပြန်လာတော့ ကျနော့်ရဲ့ ခေါင်းထက်က ကောင်းကင်မှာ ညစ်ညူးနောက်ကျိတဲ့ မီးခိုးတွေနဲ့ အသက်ရှူ မဝဘူး၊ အဲဒီ မီးခိုးတွေ ရှူမိတဲ့အခါ လက်က ကွန်ပျူတာ ကီးဘုတ်ကို မနှိပ်ချင်တော့ဘဲ လေဖြတ်သွားတော့တယ်၊
ဘ၀တူတွေပါပဲ
ပုံတွေကြည့်လိုက်ရတော့ အတော်လေးအမောပြေခဲ့ရပါတယ်

ဘုန်းတောက် said...

ညီလင်းသစ် တင်သမျှပုံတွေ အားလုံးက အလန်းတွေချည်းပဲ။ ကင်မရာနဲ့ရိုက်ချက်နဲ့က အံဝင်ခွင်ကျဖြစ်လို့ နေတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...

ပစ်ပစ် said...

လာသွားတယ် အကိုေ၇
facebook ကတော့တအုန်းအုန်းတဂွမ်းဂွမ်းနဲ့
စစ်မြေပြင်ဖြစ်နေတာကြာပေါ့
ပစ်ပစ် တို့တောင် တခါတလေ
ပြောက်ကျားစစ် ဝင်နွဲကြသေးတာလေ..အဟီးး

ညီလင်းသစ် said...

ညီ...
ပြော...းD

မသန္တာ...
ဟုတ်လား...၊ ကျနော်တော့ တဖြေးဖြေးနဲ့ ပြန်ဝေးသွားပြန် ပြီဗျာ၊ ဘာပဲဖြစ်ဖြစ် သတိရတာ ကျေးဇူးပါနော်...၊း)

ငြိမ်း...
ဟုတ်ကဲ့...၊ အမြဲလာလည်တဲ့ အတွက်ရော၊ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းအားပေးတဲ့ အတွက်ရော ကျနော်ကလည်း ကျေးဇူး အများကြီး တင်ပါတယ်ဗျာ...၊

မအိုင်အိုရာ...
လာလည်ကြရင် လိုက်ပို့ပေးလို့ ရတယ်နော်၊ ဖေ့ဘွတ်ခ်ဟာ မသွားအပ်တဲ့ အရပ်ဆိုလို့ သဘောတကျနဲ့ ရယ်ရသေးတယ်၊း)

မစူးနွယ်...
မတွေ့တာ ကြာပါရောလား...၊း) နေကောင်းတယ်ဟုတ်? လာလည်နေဆဲမို့လည်း ကျေးဇူးပါဗျာ...၊

မသက်ဝေ...
ဒါဆို ကျနော်တို့ ၂ ယောက် starting block ပေါ်မှာတော့ ရောက်နေပြီဗျ... နော၊းD

မောင်မျိုး...
အမ်...ဘယ်လိုကနေဘယ်လို နာမည်တွေ ပေးနေပြန်တာတုန်း?

အမည်ဝှက်စာဖတ်သူ...
တကယ်တမ်း ပြောရရင် ဘလော့ဂ်ရပ်ဝန်းက စည်ကားမှုတွေ လျော့သွားပေမယ့် အခုလို နှစ်သက်တဲ့သူတွေ ရှိဆဲလို့ သိရတာ အားရှိစရာပါ၊ လာအားပေးတာ ကျေးဇူး တင်ပါတယ်ဗျာ...၊

တီတင့်...
အလုပ်တွေ ဘယ်လောက်များများ တီတင့်က မိတ်ဆွေတွေဆီ အလည်ရောက် မပျက်ကွက်တာ တကယ့်ကို ချီးကျူးစရာပါ...၊း)

ညီမစန်းထွန်း...
ကျေးဇူးပါ ညီမရေ...၊

အစ်မရှင်လေး...
တိတ်ဆိတ်နေတာ ကြာပြီ၊ နေကောင်းတယ်နော်..?

မစံပယ်...
ဟုတ်တယ်ဗျာ..၊ ဖေ့စ်ဘွတ်ခ်လှိုင်းမှာ ရိုက်ခတ်ခံရတာချင်း တူနေကြတယ်နော်...၊ အလည်လာလို့လည်း ကျေးဇူးပါ၊

ဘုန်းတောက်...
မတွေ့ဖြစ်တာ ကြာပြီနော် ဦးဇင်း၊ နေကောင်းမယ်လို့ မျှော်လင့် ပါတယ် ဘုရား..၊

ညီမပစ်ပစ်...
သြော်.. ဂလိုလား၊ အဲဒါကြောင့် ညီမက ပျောက်လိုက်၊ ပေါ်လိုက်နဲ့ အဆုတ်အတက်တွေ ကျွမ်းကျင်နေတယ် ပေါ့လေ၊ ဟုတ်လား..၊

Anonymous said...

ဖေ့စ်ဘွတ်ကို သိပ်မသွားနဲ့ ဘလော့ကို များကြီးရေးပါ
AA

Anonymous said...

ပုံတွေကိုကြည့်ကြည့်ပြီး အဲလိုမျိုး ရိုက်တတ်ချင်တယ်၊၊ ကင်မရာကောင်းကောင်းတစ်လုံးကို အိပ်မက်မက်နေတာလည်း ကြာလှပေါ့ :)
တိမ်ပြာ(မနောမြေ)