08 October 2013

Blog-cation...


ဒီဖက်လတွေမှာ ပို့စ်တွေကသာ ပုံမှန်တက်မလာပေမယ့် blog-cation ကျတော့ သွားဦးမယ်လို့ ဆိုတော့ လာဖတ်နေကျ မောင်နှမတွေက မျက်မှောင်များကြုတ်ချင် မလားပဲ...၊ လက်ကသာ ချမရေးဖြစ်ပေမယ့် အတွေးထဲမှာ စာစီနေခဲ့တဲ့ ပို့စ်တွေက အများကြီး ရှိနေခဲ့ဖူးပါတယ်၊ အရင်ကဆို အဲဒီလို အတွေးထဲမှာ နေရာယူထားတဲ့ ပို့စ်တွေက စာမျက်နှာပေါ် မရောက်မချင်း လူက နေမထိ၊ ထိုင်မသာနဲ့...၊ အခုကျတော့ တချို့ပို့စ်လေးတွေက ခေါင်းထဲမှာ တွယ်ကပ်ပြီး ကျန်နေသေးပေမယ့် အများစုကတော့ ချမရေးဖြစ်တာ နည်းနည်းကြာတာနဲ့ ပျောက်ကုန်ကြတယ်၊ နောက်တစ်ချက်က ဘလော့ဂ်နဲ့ ပတ်သက်ရင် သိပ်ပြီး တဖွဲ့တနွဲ့ နိုင်တာမျိုး၊ သိပ်ပြီး formal ဆန်လွန်းတာမျိုး ခဏခဏ မရေးဖို့ ကိုယ့်ကိုယ်ကို သတိပေးရမယ်လို့ ကျနော်တွေးနေမိတယ်၊

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်ဝန်းကျင်က ရေးခဲ့တဲ့ ပုံစံမျိုး ပြန်ရေးချင်တယ်၊ ခေါင်းထဲ ပေါ်လာတာကို ပေါ့ပေါ့ပါးပါးပဲ ချရေးလိုက်တာမျိုးပေါ့..၊ တကယ်ပါ..၊ ကျနော့်တစ်ဦးတည်းအတွက် ပြောရရင်တော့ ဘလော့ဂ်ဟာ ဝက်ဘ်ဆိုဒ်တွေလိုမျိုး မူတို့၊ ပေါ်လစီတို့၊ သွားမယ့်လမ်းကြောင်းတို့... အဲဒါမျိုးတွေနဲ့ ပိမနေသင့်ဘူး၊ အနည်းဆုံး ကျနော့်ဘလော့ဂ်ကိုတော့ အဲဒါမျိုးတွေနဲ့ ပြန်ပြီး ပိတ်မနေစေချင် ပါဘူး၊ တခါတလေမှာ ပို့စ်တစ်ပုဒ်အတွက် အချိန်၊ အချက်အလက်၊ ဖွဲ့စည်းပုံ စတာတွေနဲ့ သေသေချာချာ ပြင်ဆင်ပြီး ရေးရတာမျိုး ရှိပေမယ့် ပို့စ်တစ်ပုဒ် တင်မယ်ဆိုတိုင်း အဲဒီလမ်းကြောင်းထဲ ကျ,ကျနေမယ် ဆိုရင်တော့ မဟုတ်သေးဘူးလို့ တွေးမိတယ်၊ ကျနော် ၁၀ တန်းတုန်းက လှည်းတန်းခုံးကျော်တံတားနားက (အခုမီးပွိုင့်ခုံးကျော် မဟုတ်ပါဘူး) ဦးအောင်ဖေညွန့်ရဲ့ ရူပဗေဒ ကျူရှင်မှာ တက်ခဲ့ဖူးပါတယ်၊ သင်တာကတော့ ကျနော်တို့က ကိုတူးလို့ ခေါ်ကြတဲ့ ဆရာကြီးရဲ့သားပါ၊ ဆရာကိုတူးက သူကိုယ်တိုင် Physics ကို စိတ်ဝင်စားသလို ကျောင်းသားတွေကိုလည်း စိတ်ဝင်စားလာအောင် လက်တွေ့သင်ခန်းစာတွေနဲ့ သင်တယ်၊ ဓါတ်ခဲတွေ၊ မီးသီးတွေ၊ ဝါယာကြိုးတွေ၊ သုံးမြှောင့်ဖန်တုံးတွေ၊ ကြေးမုံခုံး၊ ကြေးမုံခွက်တွေနဲ့ လက်တွေ့ပြပြီး သင်တာပါ၊ ဆရာက စာသင်ကောင်းသလို စကားပြောလည်း ပြတ်လို့ ကျောင်းသားအားလုံးက ချစ်ကြောက်ရိုသေကြတယ်၊ Physics ကို စိတ်ဝင်စားတာရော၊ ဆရာ့ကို ကြောက်တာရော ပေါင်းပြီး ကြိုးစားတော့ ကျနော်က အတန်းထဲမှာ ဆရာက အားထားပြီး ခဏခဏ စာမေးတဲ့ အုပ်စုထဲ ပါသွားတယ်၊ တစ်ရက်မှာ ဆရာက ကျနော့်ရဲ့ လေ့ကျင့်ခန်း စာအုပ်ကိုယူပြီး ပုစ္ဆာတိုင်းကို သပ်သပ်ရပ်ရပ်နဲ့ တွက်ထားတာ ချီးမွမ်းတယ်၊ အဲ.. နောက် ၂ ပတ်လောက်လည်း နေရော ပုစ္ဆာတစ်ပုဒ်ကို ဘေးနားက သူငယ်ချင်းတွေ တွက်လို့ပြီးပေမယ့် ကျနော် မပြီးသေးလို့ “ကျောင်းသားဆိုတာ ပုစ္ဆာကို ဒိုးကနဲဒေါက်ကနဲ ချက်ချင်းတွက်နိုင် နေရမယ်၊ စိမ်ပြေနပြေ လုပ်ပြီးမှ သပ်သပ်ရပ်ရပ်နဲ့ တော်တာမျိုးကတော့ကွာ.....ဟင်း” လို့ ဆူတယ်၊ တခါတလေမှာ မလိုအပ်ဘဲ အချိန်ယူလွန်းတဲ့ ကျနော့်ကို ဆရာက တဝက်တပြက်ပဲ ဆုံးမခဲ့ပေမယ့် ကျနော်တခါတည်း မှတ်သွားခဲ့တယ်၊ ဒါပေမယ့် ပြောရရင်တော့ အဲဒီ အမူအကျင့်ဟာ နှစ် ၂၀ ကျော်လာပြီးပေမယ့် ဆက်ပြီးရှိနေတုန်းပါပဲ၊ ကျနော့် ဘလော့ဂ်ရဲ့ ဟိုးထိပ်ဆုံးက ဘန်နာမှာ “စိတ်ကူးတွေ၊ ခံစားမှုတွေကို ရက်လုပ်ရာ ရက်ကန်းအိမ်ကလေး” လို့ တင်စားပြီး ရေးထားခဲ့တယ်၊ စိတ်ကူးရက်ထည်တွေ ဒီဇိုင်းဆန်းဆန်းလေး ဖြစ်စေဖို့ တခါတလေမှာ သိပ်ပြီး အာရုံစိုက်မိ ပြန်ရင်လည်း အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လိုပဲ ကိုယ့်ဟာနဲ့ကိုယ်ရှုပ်ပြီး လွန်းအိမ်ကလေးတွေ ဒိုးဒိုးဒေါက်ဒေါက် ပြေးဖို့ ခက်ပေမပေါ့လို့ တွေးနေမိတယ်...၊

ရှေ့လာမယ့် ရက်တွေမှာတော့ အဲဒီလို ချည်ခင်အထွေးကြီးကို ရှင်းတာပဲဆိုဆို၊ blog-cation ပဲခေါ်ခေါ် ဘလော့ဂ်ကနေ ခွင့်ယူပြီး ခရီးရှည်ကြီးတစ်ခု ထွက်ဖို့ရှိပါတယ်၊ ကျနော့်ရဲ့ အာရုံတွေပျံသန်းနေခဲ့ဖူးရာ နေရာတစ်ခုဆီကို သွားမှာပါ၊ ခရီးသွားနေတုန်းမှာတော့ စီဘောက်စ်ကို ယာယီသော့ပိတ်သွား ပါတယ်၊ ဒီအတောအတွင်း လာလည်ကြတဲ့ စာဖတ်သူ မောင်နှမ အားလုံးလည်း အုံ့အုံ့သည်းသည်း စိတ်မိုးတိမ်ညိုတွေ ကင်းလွတ်တဲ့၊ ကြည်စင်ဝင်းမွတ် သီတင်းကျွတ်ကာလ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက် ပါတယ်၊ မကြာခင်မှာ ဆုံကြသေးတာပေါ့....။ ။


ညီလင်းသစ်
၈ အောက်တိုဘာ၊ ၂၀၁၃

23 comments:

Anonymous said...

သားလေးကို မြန်မာလိုနားလည်အောင် ဘယ်လိုသင်ပေးလဲဟင်..
သူ့ကို မြန်မာလို ပြောရင်းနဲ့ပဲ သူနားလည်လာတာလား..အချိန်ရ
စိတ်ပါမယ်ဆို... အဲဒီအကြောင်းလေးရေးပေးပါလားဟင်
တို့ သမီးလေးကိုလဲ မြန်မာလိုနားလည်စေချင်လို့ပါ။ အခုမ..ှပေါက်စလေးရယ်

သက်ဝေ said...

Have a nice trip ကိုညီလင်း...
ဘလော့ဂ်ရေးတာနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကတော့ တော်တော်လေး ဆင်တူပါတယ်... စိတ်ဓါတ်တွေကလည်း တက်လိုက် ကျသွားလိုက်နဲ့... ဟိုးအရင်ကလို စိတ်ရှိသမျှ ပေါ့ပေါ့ပါးပါး ချရေးလိုက်ဖို့ ဘာတွေက တားဆီးနေကြမှန်းကို မသိဘူး...

ဆွေလေးမွန် said...

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ခရီးစဉ်လေးဖြစ်ပါစေ ကိုညီလင်းသစ်ရေ...ဒီတစ်လောဖတ်စရာ ဘလော့တစ်ခု လျော့သွားပြန်တော့မှာပေါ.

Anonymous said...

အေးအေးဆေးဆေးခေါင်းဆေးအနားယူလာပြီးရင်တော့
ပေါ့ပေါ့ပါးပါးလေးနဲ့ သွက်သွက်လေးတွေ တွေ့ ရအုန်းမယ်လို့ မျှော်လင့်ပါတယ်။
စိတ်ချမ်းသာလွတ်လပ်ဖို့ အရေးကြီးပါတယ်။
အိုင်အိုရာ

Anonymous said...

နွေးထွေးစွာကြိုဆိုပါ၏ :))

Nyi Ma Lay

Anonymous said...

စိတ်ထဲရှိတာသာ ရေးပါလေ။
သိပ်လဲ စိတ်မှာ burden မထားပါနဲ.။
အားပေးမယ်.သူတွေချည်းပါဘဲ။ ကိုညီလင်းကို ဆဲမယ်.သူမရှိပါဘူး။ ရှိခဲ.တယ်ဆိုရင်လဲ ခေါင်းထဲထားစရာမလိုပါဘူးလေ။
အမာခံပရိတ်သတ်တွေကတော. အားပေးဖို.အဆင်သင်.ပါဘဲ။
စကားမစပ် ကိုညီလင်းတို.မိသားစု ဘယ်တော.လောက်မြန်မာပြည်ပြန်ဖြစ်မလဲမသိဘူးနော်။ ပြောပြလို.ရမှ ပြောပြပါ။ ကျမတို.မိသားစုလဲ ပြန်ဖို.ရှိလို.ပါ။

mstint said...

အစစအရာရာ အဆင်ပြေပြီး ပျော်ရွှင်ဖွယ် ခရီးစဉ်လေး ဖြစ်ပါစေ မောင်ညီလင်းရေ... :)
အချိန်တိုအတွင်း အစီအစဉ်တွေနဲ့ ပြည့်နေလဲ ဆုံနိုင်အောင်ကြိုးစားကြတာပေါ့....
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

အစ်ကိုတို့မိသားစုနဲ့ဆုံဖို့ အားလုံးအားတက်သရောနဲ့ရှိနေကြပါပြီ...။ Welcome !!!!!

ညီလင်းသစ် said...

အမည်ဝှက်စာဖတ်သူ (၁)...
ဟုတ်ပါတယ်၊ အများအားဖြင့်တော့ မြန်မာလို တချိန်လုံး ပြောနေရင်းနဲ့ နားလည်လာတာပါပဲ၊ အခုလို စိတ်ဝင်စားတာ သိရလို့ နောက်ပိုင်းကျရင် အဲဒီအကြောင်း ရေးဖို့ ကြိုးစားပါဦးမယ်..၊

အစ်မသက်ဝေ...
Thanks sis...! ဟုတ်တယ်နော်၊ မုဒ်က မတူတော့တာတော့ အမှန်ပဲ..၊

မဆွေလေးမွန်...
ကျေးဇူးပါဗျာ..၊ ခရီးက အရမ်းကြီး မကြာပါဘူး၊ ပြန်ရောက်တဲ့ အခါ ပြန်ရေးမယ်လေ..၊း)

မအိုင်အိုရာ...
ုဟုတ်..၊ ကျနော်လည်း အဲဒီလိုပဲ မျှော်လင့်မိတာပါပဲဗျာ..၊ ဘယ်လိုတွေ ရေးဖြစ်မလဲဆိုတာတော့ လက်တွေ့မှ ကြည့်ရမှာပဲ၊း)

ညီမလေး...
ကျေးဇူးပဲဗျ...၊း))

အမည်ဝှက်စာဖတ်သူ (၂)...
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ၊ ဒါတွေက ဝန်ထုပ်ဝန်ပိုး တစ်ခုတော့ ဖြစ်စရာအကြောင်း မရှိပါဘူး..၊း) အဲ.. ဒီပို့စ်က မြန်မာပြည် ပြန်မယ့်အကြောင်း ရေးထားတာလေ...၊း)

တီတင့်...
ဟုတ်...၊ နည်းတာများတာပဲ ကွာမယ်လို့ ထင်ပါတယ် တီတင့်ရယ်၊ ကျနော်တို့ ဆုံတာကတော့ ဆုံဖြစ်မှာပါ...နော။း)

ညီလင်းသစ် said...

ညီမမိုး...
ကြားရတာ ဝမ်းသာစရာပါ ညီမရေ...၊ ကျနော်တို့ကလည်း ထပ်တူပါပဲဗျာ...။း)

ဇွန်မိုးစက် said...

Bon Voyage! :)

သိ င်္ဂါ ရ said...

ကျွန်တော်တော့ ...

Blog ရေးဟန်တွေ ကို ဖတ်ရတာ ... ပေါ့ပါးတယ်

ဆိုတာထက် ... ပိုပြီး ရင်းနှီးကျွမ်းဝင်တဲ့ သဘော ကို

ဆောင်တယ် လို့ ခံစားမိပါတယ် ... ကို ညီလင်းသစ်ရေ ...



ချစ်ခြင်းအားဖြင့်

သိ င်္ဂါ ရ

ဟန်ကြည် said...

တစ်ခါတစ်ခါကျတော့လည်း ဘလော့ရေးရင်းနဲ့ ကိုယ်ချထားတဲ့ ဘောင်ထဲမှာ ကိုယ့်ဘာသာပြန်ပြီး ထူးခတ်မိပြန်ရောဗျာ...စာလာဖတ်တဲ့လူတွေရဲ့ အချိန်တွေအတွက် တစ်ခုခုတော့ ပြန်ပေးနိုင်အောင် ကြိုးစားရင်းနဲ့ပဲ အင်း...ရေးလက်တက်လာတယ်လို့ ဆိုရမလား...ကိုယ့်ရဲ့ နှလုံးသား ပျောက်ဆုံးသွားတယ်လို့ ဆိုရမလား မသိတော့ဘူးဗျို့...

အတတ်ပညာပိုင်းက ကျွမ်းကျင်လာသလို အနုပညာပိုင်းကလည်း စံချိန်မီလာဖို့ ကျွန်တော်တို့ ကြိုးစားရဦးမှာပါပဲလေ...

ပျော်ရွှင် ချမ်းမြေ့သော ခရီးလမ်း ဖြစ်ပါစေ ကိုညီလင်းသစ်ရေ...

ညိုလေးနေ said...

အစ်ကိုရေ

အာရုံတွေပျံသန်းနေရင်း ငါးပိသည်တွေ လိုက်လာရင် လစ်ဖို့ ကိုဏီရဲ့ ခြံလိပ်စာလေး သေချာမေးသွားဦးနော် :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလောဂ့်ပေါ်မှာ စာရေးစာဖတ် နည်းသွားပေမဲ့
ရေးဖော်ရေးဖက်များကို အမြဲတမ်း သတိတရ ရှိမိပါတယ်။
အာရုံတွေ ပျံသန်းဖူးတဲ့နေရာမှာ ပျော်ရွှင်ပါစေ ကိုညီလင်းသစ်ရေ
အစစ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်

အိမ့်ချမ်းမြေ့ said...

ဟုတ်တယ်..
မလေးလည်း ဟိုးတုန်းကလို ပေါ့ပေါ့ပါးပါးလေးတွေ ပြန်ရေးချင်မိတယ်....

Have a safe trip bro.

Anonymous said...

သားလေးကို မြန်မာလို နားလည်အောင်သင်ပေး ပြောပေးတဲ့ အကြောင်းေ၇းမဲ့ ပိုစ်ကိုမျှော်နေပါတယ်နော်. ကျွန်မှာလည်း ၃နှစ် နဲ့ ၆လ သမီးလေး နှစ်ယောက်၇ှိလို့ပါ။ ၃နှစ်သမီးကအိမ်မှာ မြန်မာလို ဘယ်လောက်ပြောပြော အင်္ဂလိပ်လိုပဲ ပြန်ပြောလို့ပါ။

Aung Htut said...

ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ အကို....

San Htun said...

ပျော်ရွှင်စရာ သီတင်းကျွှတ် ခရီးလေး ဖြစ်ပါစေ ကိုညီရေ...စာဖတ်သူတွေကို ဗဟုသုတဖြစ်စေတဲ့ ပို့ စ်လေးတွေ ဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး ပို့ စ်လေးတွေဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရေးဖို့ ပဲ လိုပါတယ်..ဘလော့ဆိုတာ စိတ်ထွက်ပေါက်လေးပဲ မဟုတ်လား...

Adora etc. said...

Have a nice trip ပါအကိုရေ။ ရေးတာမကြာသေးပေမဲ့ တခုခုရေးဖို့ ဘာတွေလက်တွန့်နေမှန်းမသိဘူး။ စိတ်ထဲမှာ ရေးမယ်လို့စီစဉ်ထားတာတွေတော့မနဲဘူး။ လက်ကသာ ရေးဖို့မရဲတာလား။ မရေးတတ်တာလား ဘာမှန်းကိုမသိပါဘူး။ ပြန်အလာကို စောင့်ပြီး စာတွေဖတ်ပါမယ် ကိုညီရေ။

Adora etc. said...

Have a nice trip ပါအကိုရေ။ ရေးတာမကြာသေးပေမဲ့ တခုခုရေးဖို့ ဘာတွေလက်တွန့်နေမှန်းမသိဘူး။ စိတ်ထဲမှာ ရေးမယ်လို့စီစဉ်ထားတာတွေတော့မနဲဘူး။ လက်ကသာ ရေးဖို့မရဲတာလား။ မရေးတတ်တာလား ဘာမှန်းကိုမသိပါဘူး။ ပြန်အလာကို စောင့်ပြီး စာတွေဖတ်ပါမယ် ကိုညီရေ။

နွေလ said...

ပျော်ရွှင်ဖွယ်ရာ ခရီးဖြစ်ပါစေ အစ်ကို
လာလည်သွားရင်း ဒီပို့စ်လေးကို ဖတ်သွားတယ်
ရေးတာက စိတ်ထဲ ရှိသလို ရေးပါဗျ
အားပေးနေပါတယ်

မြသွေးနီ said...

ကိုညီရေ..မိသားစု(၃)ယောက်လုံး နေကောင်းကျန်းမာစွာနဲ့ ပြန်ရောက်နေမယ်လို့ ယုံကြည်ပါတယ်။ မိသားစု၃ယောက်လုံးနဲ့ တွေ့ခွင့်ရလိုက်တာ ၀မ်းသာလို့ မဆုံးပါဘူး။ ချစ်စရာ သားသားလေးရယ်၊ နှစ်လိုဖွယ်ရာ ဇနီးသည်ရယ်ကြောင့် ပျော်ရွှင်အောင်မြင်တဲ့ ခရီးစဉ်ကို ပိုင်ဆိုင်ခွင့်ရခဲ့မှာပါ။ ဒီတစ်ခေါက် မြန်မာပြည်ခရီးစဉ်က ကလောခရီးရဲ့ အလှ၊ သဘာဝတွေကို ဖတ်ဖို့ စောင့်နေကြပြီနော်..:) ခရီးအမောပမ်းပြေရင် ပုံလှလှလေးတွေနဲ့ ရေးထားတဲ့ ခရီးသွားပို့စ် အခန်းဆက်ကို ဖတ်ရမယ်ဆိုတာ ယုံကြည်ပါတယ်ဟု မညှာမတာ ရေးခဲ့ပါပြီ...နော်... :)