28 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၃)



B&W Photo Challenge Day-3: "In the mist…"

တတိယနေ့ ဓာတ်ပုံကတော့ မြူခိုးဝေတဲ့ မနက်ခင်းတခုပါ…၊ မြူနှင်းတွေ သိပ်သိပ်သည်းသည်း ကျနေတဲ့ မနက်ခင်းတခုမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရေကန်နားဆီကို ကျနော်တယောက်ထဲ ထွက်လာခဲ့တယ်…၊ စောစောစီးစီး ငါးရှာထွက်တဲ့ တံငါသည် ၃ ယောက်နဲ့ ဆုံမိတာကလွဲရင် ပတ်ဝန်းကျင် တခုလုံးဟာ ငှက်ကလေး တကောင်တလေတောင်မှ မရှိဘဲ ချမ်းချမ်းစီးစီးမှာ အိပ်မောကျနေတုန်းပါပဲ၊ လိုချင်တဲ့ ဓာတ်ပုံတချို့ ရိုက်ပြီးတဲ့အခါ ကန်စပ်က ကျောက်တုံးတွေပေါ်မှာ ထိုင်ရင်း အအိပ်ကြီးနေတဲ့ မနက်ခင်းကို ကျနော် စိမ်ပြေနပြေပဲ ထိုင်ကြည့်နေလိုက်တယ်၊ အေးမြတဲ့ ဖြူလွလွ ပိုးပုဝါ တစရဲ့ အောက်က မနက်ခင်းဟာ အဲဒီနေ့က တကယ်ပဲ “သက်ငြိမ်” ဆန်နေခဲ့တယ်…။

မြူတွေ၊ နှင်းတွေအကြောင်း ပြောပေမယ့် တကယ်တော့ ဒီဓာတ်ပုံကို ပြီးခဲ့တဲ့မေလ နွေဦးရာသီမှာ ရိုက်ခဲ့တာပါ၊ ရုံးပိတ်ရက် ၂ ရက်ရယ်၊ စနေ၊ တနင်္ဂနွေရယ်ပေါင်းပြီး စုစုပေါင်းအားလပ်ရက် ၄ ရက်ရတုန်းက ပြင်သစ်မှာရှိတဲ့ camping site တခုကို ကျနော်တို့ သွားလည်ဖြစ်ပါတယ်၊ မေလဆိုတာက နွေဦးရာသီထဲ အတော်ကို ရောက်နေပြီဖြစ်လို့ ပုံမှန်ဆိုရင် သိပ်မအေးတော့ပါဘူး၊ ဒါပေမယ့် အဲဒီရက်တွေတုန်းကတော့ မနက်ခင်းတိုင်းမှာ မြူခိုးတွေ သိုင်းဝိုင်းလွှမ်းခြုံလို့ နေမထွက်လာသေးခင်မှာ ချမ်းစိမ့်စိမ့်နဲ့…၊ တရက်မှာတော့ ကျန်တဲ့လူတွေ ဇိမ်နဲ့ကွေးနေတုန်း ကျနော်တယောက်တည်း ကင်မရာဆွဲပြီး ထွက်လာလိုက်တယ်၊ Camping site က ရေကန်ကြီး တခုရဲ့ ဘေးနားမှာ ဆိုတော့ ရေကန်ပေါ်မှာ မြူတွေ ဆိုင်းနေလောက်တယ်ဆိုပြီး အဲဒီဖက်ကို သွားကြည့်လိုက်တာ မှန်သွားတယ်၊ လူသူလေးပါး ကင်းရှင်းပြီး တိတ်ဆိတ်အေးချမ်းလှတဲ့ မနက်ခင်းဟာ တကယ်ပဲ နှစ်လိုဖွယ်ရာ ကောင်းပါတယ်၊ ရေကန်ဝန်းကျင်မှာ ဓာတ်ပုံရိုက်လိုက်၊ အေးအေးလူလူ ထိုင်လိုက်၊ လမ်းလျှောက်လိုက်နဲ့ အချိန်တော်တော်ကြာကြာ ကျနော်နေခဲ့တယ်၊ အဖြူအမည်း စိန်ခေါ်ပွဲအတွက် ရည်ရွယ်ပြီး ကျန်တဲ့ဓာတ်ပုံတွေကို သီးသန့်ရိုက်တင်ခဲ့ပေမယ့် အခုဒီပုံလေးကတော့ အရင်ကရိုက်ထားပြီးသား ဖြစ်လို့ တခုထဲသော ခြွင်းချက်လည်း ဖြစ်ပါတယ်…။


ညီလင်းသစ်
၂၈ နိုဝင်ဘာ၊ ၂၀၁၄

4 comments:

Nandar (SG) said...

Your B&W posts are excellent. I was waiting for your new post since I finished up touring your blog but I had to return from the gate of Europe for the past few days. :)

ဇွန်မိုးစက် said...

သြော်... ဒါ ပြင်သစ်မှာ ရိုက်တာကိုး။ ရေကန်ကြီးနဲ့ဆိုတော့ ဇွန့်စိတ်ထဲ ဆွစ်မှာပဲရိုက်တယ်လို့ ထင်ခဲ့မိတာ။

Aunty Tint said...

နှင်းဝေနေတဲ့ ဆောင်းမနက်ခင်း မြူခိုးတွေလွှမ်းနေတဲ့ ပတ်ဝန်းကျင် .... အဲ့ဒီလိုနေရာမျိုးတွေကိုမြင်တိုင်း ဆောင်းပါးလှလှလေးတွေ ရေးချင်တဲ့စိတ်တွေ ပေါ်ခဲ့ဘူးတယ်... ဒါပေမယ့် စကားလုံးလှလှ မရွေးတတ်ဘူး မောင်ညီလင်းရေ... ဥပမာ...'အအိပ်ကြီးနေတဲ့ မနက်ခင်းကို ကျနော် စိမ်ပြေနပြေပဲ ထိုင်ကြည့်နေလိုက်တယ်' ....

ညီလင်းသစ် said...

Ma Nandar…

Thank you for your kind comment! Yeah… I was stuck with the gate of Europe for quite a couple of days. Sorry about that! Hope these 5 continuous posts would make you satisfied to some extent. :)

ညီမလေးဇွန်…
ဟုတ်တယ်…၊ ပြင်သစ်မှာ ရိုက်ခဲ့တာ..၊ ပြင်သစ်မှာလည်း ရေကန်တွေ ရှိတယ်လေ ဇွန်ရဲ့…။းP

တီတင့်…
တီတင့်ကတော့ လူတဖက်သားကို ဘယ်လိုမျိုး ချီးမွမ်းရမလဲလို့ အမြဲပဲ သိနေတဲ့သူ ထင်ပါရဲ့..၊ ကျနော့်ရဲ့ စကားလုံး ရွေးချယ်မှုက ဒီလောက်ကြီး မလှပါဘူး တီတင့်ရာ၊ Anyhow, thank you so much as usual! :)