dimanche 7 décembre 2008

မီးခိုးစီးကြောင်း



အလင်းထုဟာ
ခပ်ပါးပါး တိုက်စားခံရတုန်း
သင်္ချိုင်းတွင်းက ပြန်ထလာတဲ့မီးခိုးတွေ
ညရီတရောမှာ တမ်းချင်းတွေသီလို့ပေါ့၊

ကလီစာမကောင်းတဲ့
အနက်ရောင်လမ်းမပေါ်
ခပ်ကိုင်းကိုင်းမီးတိုင်တွေက ရွှေဝါရောင်တွေအန်လို့
တကယ်တော့
မြေဝါဝါလမ်းကလေးပေါ်မှာလည်း
အနုပညာတရပ် ဖြစ်ထွန်းနိုင်ပါရဲ့ကွယ်
လိုအပ်တာက
အရောင်တွေကို မေ့ထားဖို့ပါပဲ၊

လမ်းရှိချိန်မှာ ဖုန်ထခဲ့သလို
လမ်းမဲ့သွားချိန်မှာလည်း
အုန်းလက်ကြားက လမင်းကို
သတ္တိရှိရှိ ဖောက်သောက်ရဲရမှာပေါ့၊

(ညီမလေးရယ်...)
ရွာသွန်းခဲ့ချိန်တွေကို မေ့မပစ်ပါနဲ့
စိတ်အနာကမ်းပါးတွေကို
ခပ်ကြမ်းကြမ်းသာ ပခုံးချင်းယှဉ်တိုက်ခဲ့ပစ်လိုက်
ပင်လယ်က ရင်ဖွင့်ကြိုပါလိမ့်မယ် ။ ။


ညီလင်းသစ်
၆ မေ၊ ၁၉၉၇



ဒီနေ့စာအုပ်အဟောင်းတွေ ပြန်ကြည့်ရင်း ဒီကဗျာလေးကို သွားတွေ့တာနဲ့ အမှတ်တရတင်လိုက်ပါတယ်၊ ဒီကဗျာလေး စိတ်ကူးထဲစတင် ဝင်ရောက်လာပုံလေးကို အမှတ်ရနေမိတယ်၊ အဲဒီနေ့ညက ကျနော်တို့သူငယ် ချင်းတွေ ညလုံးပေါက်ဂစ်တာတီး ကြတယ်၊ နေရာက R.I.T ကျောင်းဝင်းရှေ့မှာ...၊ ကျနော်နားထောင်နေတဲ့ အလှည့်မှာ ကျောင်းရှေ့က မာကျူရီမီးတိုင်တွေအောက် အလင်းတွေ ခပ်ဖြာဖြာကြားမှာ စကားလုံးတွေဟာ ချိတ်ဆက်ပြီး ကခုန်ဝင်ရောက်လာခဲ့တယ်၊ ဝါကြန့်ကြန့်အလင်းပွဲတော်မှာ စကားလုံးတွေရဲ့ Performance art တင်ဆက်မှုက လှလိုက်တာဆိုတာ.... ....၊ ကျနော့်မှာ ပါးစပ်အဟောင်းသားနဲ့ မှင်သက်လို့၊ နောက်မှ သတိရလို့ ကမန်းကတန်းနဲ့ မှီသလောက်လေး လိုက်မှတ်ရတယ်၊

အဲဒီညမှာ ကျနော်ဘာကို တွေးနေခဲ့တာလဲ၊ ဘယ်သူ့အကြောင်းကို စဉ်းစားနေခဲ့တာလဲ၊ အခုပြန်စဉ်းစားတော့ မမှတ်မိတော့ဘူး၊ ဒီနေ့အထိပါလာတာကတော့ စကားလုံးတွေရဲ့ အကစည်းချက်မှာ လှိုက်ကနဲ လှုက်ကနဲ ရင်ဘတ်ကြီးတစ်ခုလုံး ပြုတ်ကျခဲ့ရတယ် ဆိုတဲ့အသိလေးပါပဲ။ ။

2 commentaires:

မေငြိမ်း a dit…

တခါတခါ ကဗျာတပုဒ် ဒါမှမဟုတ် သီချင်းတပုဒ်ကို ဘယ်လိုအရာက စီးနင်းမှန်းမသိဘဲ အောင်အောင်မြင်မြင် ရေးလိုက်နိုင်တာမျိုး ကြုံတတ်ကြတာ.. အဲလိုထင်ပါရဲ့။ ကိုနေ၀င်းလည်းပြောဖူးတယ်.. မောင့်လပြည့်ဝန်းကို သူ အဲလို ရေးခဲ့တာတဲ့။ အမကတော့ အဲဒါ.. တို့တွေနားမလည်နိုင်တဲ့ မှော်တမျိုးလို့ ထင်တာပဲ။
(အင်း RIT ၀န်းကျင်ကလည်း ပြုစားတတ်တယ်ဗျ.. သိလား)

Nyi Linn Thit a dit…

ဟုတ်မယ်အမရဲ့....၊ ကျနော့်မလဲ မကြာခဏပြုစားခံရ ပေါင်းများပြီ၊ တခါတလေတော့လည်း စာကြောင်းလေး တစ်ကြောင်းတလေ အဖတ်တင်ကျန်တာပေါ့လေ၊

RIT ရဲ့ပြုစားချက်ကတော့ အဝေးရောက်နေတာတောင် ကျနော့်မှာ ဖမ်းစားခံနေရတုန်း.... :D