ကျနော်တို့အားလုံး လမ်းများစွာကို လျှောက်ဖူးကြသည်၊ လမ်းလျှောက်တတ်ခါစ အရွယ်မှစ၍ အမျိုးမျိုး သောလမ်းများကို လျှောက်ဖူးကြသည်၊ တိုသောလမ်း၊ ရှည်သောလမ်း၊ အဆုံးကိုမြင်နေရသောလမ်း၊ အဆုံးမသိ နိုင်သောလမ်း၊ ကွေ့ကောက်သောလမ်း၊ ရှုပ်ထွေး ပွေလီ သောလမ်း၊ လင်းသောလမ်း၊ မှောင်သော လမ်း၊ ... ... ...လမ်း၊ ... ... ... လမ်း၊ ပြောမကုန်နိုင်ပါ၊
မြင်ရသောလမ်းများထက် မမြင်ရသောလမ်းများသည် လျှောက်ရန်ပိုမိုခက်ခဲသည်ဟု ကျနော်ဆိုလျှင် သင်သဘောတူပါမည်လား၊ ထို့ထက်ပိုမို ခက်ခဲသည်မှာ ရွေးချယ်ခွင့်မရှိသော လမ်းများပင်ဖြစ်သည်၊ ကျနော် တို့ဘဝတွင် ကိုယ်ရွေးချယ်ခဲ့သောလမ်းနှင့် ရွေးချယ်ခွင့် မရှိခဲ့သောလမ်း အချိုးချကြည့်မည်ဆိုလျှင် မည်သည်ကပိုများမည်ဟု ထင်ပါသလဲ၊ တခါတရံ၌ တစုံတခုကို သိဖို့မကြိုးစားခြင်းသည် ဘဝတွင် ပျော်ရွှင်စွာ နေထိုင်နည်း တခုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်၊
အချို့လမ်းများမှာ ဘုရားစူးလမ်းပါဟု ကျိန်တွယ်ပြောရလောက်အောင် အိုမင်းဟောင်းနွမ်းနေကြသည်၊ အလျင်လိုသောအခါ ထိုသို့သော လမ်းအိုများကို ကျနော်မလိုက်ချင်ပါ၊ လမ်းသစ်သည် ကြမ်းတမ်းကောင်း ကြမ်းတမ်းမည်၊ ဆူးညှောင့်ခလုတ်များ ပြွန်းတီးကောင်းပြွန်းတီးမည်၊ ကိစ္စမရှိ...၊ လတ်ဆတ်သစ်လွင်သော လေကောင်းလေသန့်တို့က အတွေးသစ်၊ အမြင်သစ်တို့ကို မွေးဖွားစေပါလိမ့်မည်၊ လမ်းဆုံးလျှင် ရွာမတွေ့သည့် တိုင်(မတွေ့ရသေးသည့်တိုင်) နောက်ထပ်တစ်လမ်းတော့ တွေ့မည်ပေါ့၊
ဤခရီးနီးသလားဟုတော့ မမေးလိုပါ၊ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ခြေလှမ်းတိုင်းသည် လျှောက်သော လမ်းပေါ်မှာ အတတ်နိုင်ဆုံး မြဲမြံနေစေဖို့ပဲ အားထုတ်ချင်ပါသည်၊ မည်သို့ဆိုစေ...ကျနော်တို့ လျှောက်နေကြရ ပါဦးမည်။ ။
ညီလင်းသစ်
၉ ဒီဇင်ဘာ၊ ၂၀၀၈




4 commentaires:
“လမ်းလေးတစ်ခု ပျက်နေတယ်…မဆိုင်သလိုမနေတတ်ဘူး…
ချစ်သူရေ..တို့ နဲ့ လိုက်ခဲ့ဦး..လက်ပိုက်ပြီးအဝေးကကြည့်နေမလား..
တို့ တတွေ အားလုံးနဲ့ ဆိုင်လို့ ..
တတ်နိုင်သမျှ ၀ိုင်းဝန်းကြဆို့ လား”……မှတ်တာမမှာဘူး ဆိုရင်(စာသားတွေ)ဟေမာနေ၀င်းသီချင်းလေးကို
ပြန်ဆိုလိုက်မိတယ်။ လမ်းဆိုတာ ဖေါက်ပြီးရင် အများသုံးလို့ ရတယ်လေ။ ဆင်သွားရင်လမ်းဖြစ်တယ်ဆိုပေ
မယ့်…ခုအခါမှာတော့…။ ဘာပဲဖြစ်ဖြစ် လျှောက်တော့လျှောက်နေကြရမှာပါပဲ ကိုညီလင်းသစ်ရေ။
Happy December!
Brilliant!!!!
အောက်ဆုံးပုံလေးက ဓာတ်ပုံပညာနဲ့အတူ ရေးထားတဲ့ Essay လေးနဲ့ လိုက်တဲ့အတွေးအခေါ်ကိုပါပေးတယ်။ လျှောက်ရဦးမယ့်လမ်း.. ရှည်လျား.. အဆုံးကို မှန်းမရ.. ဟိုးအဝေးမှာ တောင်တန်းတွေက ကာဆီးပိတ်ဆို့ထားသလား... ဒါမှမဟုတ် လမ်းကလေးတွေကိုပဲ ဖောက်ထွင်ပေးထားမလား။ ဘာပဲဖြစ်ဖြစ် လျှောက်စရာလမ်းရယ်လို့ ရှိနေရင်တောင် တော်ပါသေး..ထင်ရဲ့။
မယုဝရီရေ...ဆင်သွားလမ်းဖြစ်လို့ဆိုသလို ဆင်ကန်း တောတိုးဆိုတာလည်း ရှိသေးတာမို့ တခါတလေဆင် ကျီစားရာ ဆိတ်မခံသာဖြစ်တတ်တယ်...နော်၊ :D
David...Thanks!
ဟုတ်ပါရဲ့အမမေငြိမ်းရေ...၊ လမ်းပျောက်နေသူတွေ ကြားမှာ လျှောက်စရာလမ်းရယ်လို့ ရှိနေသေးရင်ပဲ တော်သေးတာပေါ့ လို့ပြောရမယ့်အချိန်ထင်ပါရဲ့ဗျာ။
Enregistrer un commentaire