05 February 2009

ယူကလစ်ပင်အို၊ ခေါင်းလောင်းသံချိုနှင့် သီဆိုချင်သောကျောင်းနေ့ရက်များ


သူတက်ခဲ့ရသော အထက်တန်းကျောင်း၏ ဝင်းတံခါးပေါက်မှာ ယူကလစ်ပင်ကြီး တစ်ပင်ရှိသည်၊ နှစ်ပေါင်းများစွာကတည်းက တကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းလာခဲ့သော အပင်ကြီးဖြစ်ပြီး နေ့စဉ်ကျောင်းတက်လာသော ကျောင်းသားအားလုံးက သည်အပင်ကြီးအောက်မှ ဖြတ်သွားကြရ သည်၊ တခါတရံ လေညှင်းက ကျောင်းဝင်းထဲမှာ ယူကလစ်နံ့တွေနဲ့ ထုံသင်းမွှေးရီ နေလေ့ရှိပါ သည်၊ တစ်ထောင့်တစ်ည ပုံပြင်တွေထက် များလှတဲ့ ဘဝမျိုးစုံက ဒီအပင်ကြီးရဲ့အောက်မှာ စီး ဆင်းသွားခဲ့ ကြသည်၊ တချို့တွေက ပင်လယ်ထိရောက်အောင် စီးသွားနိုင်ကြပေမယ့် တချို့က တော့ လမ်းမှာတင်ပဲ ရပ်တန့်ပြီး မြစ်ကျိုးအင်းတွေ ဖြစ်သွားကြသည်၊ သောင်ထွန်းပြီး လမ်းကြောင်း လွဲခဲ့ရတဲ့ ဘဝတွေလည်း အများကြီး ရှိမှာပါပဲ၊ ယူကလစ်ပင်ကြီးကတော့ ကြည်ကြည်လင်လင်နဲ့ ရှက်ရွံ့သိမ်မွေ့စွာ စီးဆင်းတတ်တဲ့ စမ်းချောင်းလေးတွေ ကိုတွေ့ဖူးသလို နောက်ကျိမည်းညစ်ပြီး တဝေါဝေါ အော်မြည်စီးဆင်းတတ်တဲ့ တောင်ကျချောင်းတွေကိုလည်း ငေးမောခဲ့ဖူးသူ ဖြစ်သည်၊

မြူခိုးဝေသီတဲ့ ဆောင်းရဲ့နံနက်ခင်းတွေမှာ ငြိမ်းအေးစွာ တကိုယ်တည်းရပ်နေတဲ့ ဒီအပင်ကြီးရဲ့ အောက် သူ့ရင်ခုန်သံတွေက ခေါင်းလောင်းသံတွေနဲ့ အပြိုင် ဆူညံနေခဲ့ဖူးသည်၊ ရွှေအိုရောင် အလင်းစက်တွေ လူးပေစွန်းထင်းနေတဲ့ ညနေခင်းတချို့မှာလည်း ဒီအပင်ကြီးရဲ့အောက်မှာပဲ သူ့ရဲ့ အလွမ်းတွေ ဖိတ်စဉ်ကျခဲ့ဖူးပါသည်၊ အိပ်စက်ပစ်ရမှာ နှမြောစရာ ကောင်းလှတဲ့ ညချမ်းတချို့ကို အကျရည် ခပ်များများနဲ့ ရောသောက်ပစ်ဖို့ ကျောင်းရှေ့က ကဖေးဆိုင်လေးကို သူလာထိုင်လေ့ ရှိ သည်၊ အဲဒီလို အခါတွေမှာ လင်းပအေးမြတဲ့ လရောင်ရဲ့အောက်မှာ ယူကလစ်ပင်ကြီးက အော်ပရာ တစ်ပုဒ်ကို ကျူးရင့်နေတတ်သည်၊ သူ တစ်ဦးတည်းနားဆင်ဖို့ ချစ်ခြင်းဖွဲ့ အော်ပရာ ဖြစ်ပါသည်၊

တခါမှာတော့ ယူကလစ်ပင်ကြီးနဲ့ ပတ်သက်တဲ့ ခံစားမှုကို သူငယ်ချင်းတစ်ယောက်နဲ့ သူမျှဝေဖူး သည်၊ သူပြောတာဆုံးသွားတဲ့အခါသူငယ်ချင်းက ဘီစီ ၃၀၀ ဝန်းကျင်က မီးအိမ်ရှင်ကြီးဒိုင်အိုဂျီးနိစ် ကိုကြည့်တဲ့ ဂရိတွေ၏ အကြည့်မျိုးနှင့် သူ့အားကြည့်သည်၊ ပြီးတော့မှ ‘ မင်းဟာလေ... အတော့်ကို ကြောင်တဲ့ကောင်ပဲ၊ ဒီလိုဘာမဟုတ်တဲ့ သစ်ပင်ကိုများ ခံစားချက်တွေဘာတွေ လုပ်နေသေးတယ် ’ လို့တော့ မပြောပါဘူး၊ ဘာမှလည်း ထပ်မမေးခဲ့၊ သူကလည်း ဘာမှ ဆက်မပြောခဲ့၊ ဘာမှလည်း ဆက်မဖြစ်ခဲ့၊ ဘာမှမဟုတ်ခြင်းတွေနဲ့ပဲ ပြည့်နေသော လောကမှာ အဲဒီဘာမှ မဟုတ်ခဲ့တာလေးက လည်း တခြားဘာမှ မဟုတ်တာတွေလိုပဲ ဘာမှမဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် သူတခုတ်တရ ရက်ထုတ် ခဲ့ချင်တဲ့ ဘဝရက်ထည်တွေထဲမှာ ဒီယူကလစ်ပင်ကြီး ပါဝင်တာတော့ သေချာပါသည်၊ သူနှစ်ခါပြန် မက်ချင်တဲ့ အိပ်မက်တွေအကြောင်း ဒီအပင်ကြီးက သိထားလို့ပါပဲ၊

ယူကလစ်ပင်ကြီး၏ အနောက်ဖက်မှာတော့ ကျောင်းကလေးရှိသည်၊ ‘ အထက ၂ မရမ်းကုန်း ’ ဟူ သော အမည်နာမတစ်ခုကို ပိုင်ဆိုင်သည့် ကျောင်းကလေးသည် ခပ်ကျဉ်းကျဉ်းကလေးသာ ဖြစ် သည်၊ သူ့အနေဖြင့် သူ့ကျောင်းသားတွေကို တပေါင်းတစည်းတည်း၊ တချိန်တည်း ကျောင်းတက် ခွင့်ပင် မပေးနိုင်ရှာ...၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေက မနက်ပိုင်းမှာ တက်ရပြီး ငါးတန်းမှ ခုနှစ်တန်းအထိက ညနေပိုင်းမှာ တက်ရသည်၊ သူ ငါးတန်းကျောင်းသားအဖြစ် ရောက်လာတော့ ကျောင်းကလေးကို မဝံ့မရဲနှင့်အကဲခတ်မိသည်၊ ကျောင်းကလေးက တမနက်ခင်း လုံး လှုပ်လှုပ်ရှားရှားဖြင့် ရှိခဲ့သောကြောင့် သူကျောင်းတက်ရမည့် နေ့လည်ခင်းအချိန်မှာ ချွေး ကလေး တစို့စို့ ဖြစ်နေလေပြီ၊ ဂုဏ်ဒြပ်မပါသော ရိုးသားခြင်းအပြည့်ဖြင့် ကျောင်းကလေးက သူ့ကိုဆီးကြို နေရာပေးခဲ့ပါသည်၊ ကျောင်းကလေး၏ ပွင့်လင်းဖော်ရွေသော ဆက်ဆံရေးကြောင့် သိပ်မကြာခင်မှာပဲ သူလည်း ကျောင်းကလေးထဲက ကျောင်းသားတစ်ယောက် ဖြစ်သွားခဲ့တော့ သည်၊

သူကျောင်းရောက်ပြီး သိပ်မကြာခင် သတိပြုမိတာက ခေါင်းလောင်းသံဖြစ်သည်၊ ခေါင်းလောင်းသံ က ကလင်ကလင် မြည်သောလျှပ်စစ်ဘဲလ်သံ မဟုတ်သလို ဂလောင်ဂလောင် မြည်သော လက်ထိုးခေါင်းလောင်းသံ လည်းမဟုတ်၊ ဒေါင် ဒေါင် ဒေါင် ဟုတစ်ချက်ချင်း မြည်သောအသံ ဖြစ်သည်၊ သူ စိတ်ဝင်စားသွားပြီး လိုက်ရှာကြည့်တော့ မထင်မှတ်ထားတာ သွားတွေ့သည်၊ ကုန်တင်ကားဘီးတစ်ခု၏ သံခွေကို ကျောင်းဝရန်တာ ထုတ်တန်းမှာချိတ်ပြီး ကျောင်းသားတစ် ယောက်က သံချောင်းတိုတစ်ခုဖြင့် တီးသော ခေါင်းလောင်းဖြစ်သည်၊ ကျောင်းတက်ကျောင်းဆင်း ဖြစ်စေ အချိန်ပြောင်းခေါင်းလောင်း ဖြစ်စေ တီးတိုင်း သူ့မျက်စိထဲ ကင်းတဲသံချောင်းကိုပဲ မြင်ယောင်မိပြီး ရယ်ချင်နေခဲ့သည်၊ ကျောင်းမှာ လျှပ်စစ်ခေါင်းလောင်း မရှိတာတော့လည်း မဟုတ်၊ တခါမှာ လျှပ်စစ်ခေါင်းလောင်းသံကို ထူးထူးဆန်းဆန်း သူကြားရဖူးသည်၊ သို့သော် အဲဒါကလည်း တစ်ပတ်လားပဲ ခံပြီး ပျောက်သွားသည်၊ နောက်တော့လည်း ကြားနေကျ ကားသံခွေ တဒေါင် ဒေါင်ပဲ ပြန်ဖြစ်ခဲ့သည်၊ သူတက်ခဲ့ရာ မူလတန်းကျောင်းကလေး မှာပင် လျှပ်စစ်ခေါင်းလောင်း ရှိပါလျက် ဒီအထက်တန်းကျောင်းမှာ ဘာ့ကြောင့် လျှပ်စစ်ခေါင်းလောင်း မသုံးသလဲဟု သူ နားမလည် နိုင်ခဲ့ချေ၊ နောက်တော့လည်း သံချောင်းခေါက်သံသည် သူ့ နားထဲမှာ ချိုသွားတော့ သည်၊

စင်စစ် ကျောင်းကလေးက သူ့ကျောင်းသားတွေလိုပဲ မရှိမရှားထဲကဖြစ်သည်၊ သူ့မှာ မုန့်ဆိုင်တန်း ကလေးက ၆ ဆိုင်လား ၇ ဆိုင်လားပဲရှိသည်၊ စာသင်ခန်းတွေထဲမှာ များသောအားဖြင့် သောက်ရေ အိုးမရှိ၊ အမိုးလေး တစ်ခုအောက်မှာ ရေဘုံဘိုင် ၅ ခုစီကို ၂ တန်းဆောက်ထားပြီး ကျောင်းသား ကျောင်းသူအားလုံးက အဲဒီမှာပဲ သောက်ကြသည်၊ အဲဒီဘုံဘိုင်တွေဘေးမှာ အုတ်ကန်ကြီးရှိသည်၊ တခါမှာ အဲဒီအုတ်ကန်ကြီးထဲ ဖားပြုတ်အကြီးကြီးတစ်ကောင် သေနေတာ သူတွေ့သွားပြီး တစ်ပတ် လောက် ရေသွားမသောက်တော့၊ နောက်တော့လည်း ခြောက်သွေ့လာသော လည်ချောင်းက ဖား ပြုတ်ကို မေ့သွားစေခဲ့သည်၊

ကျောင်းကလေးမှာ သစ်ပင်ဆိုလို့ ကျောင်းရှေ့က ယူကလစ်ပင်နှင့် ကျောင်းလယ်မှ ဗာဒံပင် နှစ်ပင် ပဲရှိသည်၊ စာသင်ဆောင်ဆိုလို့ ၃ ဆောင်ပဲ ရှိတဲ့ကျောင်းကလေး၊ သူ့ကျောင်းသားတွေအတွက် ဘော်လုံးကွင်းမပြောနဲ့ ဘော်လီဘောကွင်း တစ်ကွင်းတောင် မဖြည့်ဆည်းပေးနိုင်ရှာတဲ့ ကျောင်းက လေး၊ ရန်ကုန်-အင်းစိန် ကားလမ်းမကြီးပေါ်ကို ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း သူ့ကျောင်း သားတွေကို သွန်,သွန်ချတတ်လို့ ကားသမားတွေရဲ့ ငြိုငြင်ခြင်း ခံရတဲ့ ကျောင်းကလေး၊ မငြိမ်မ သက်ကာလတွေမှာ မကြာခဏ စောင့်ကြည့်ခြင်း ခံရတဲ့ ကျောင်းကလေး၊ ရှားရှားပါးပါး ပန်းချီနည်း ပြ ဆရာလေးတစ်ယောက် ရှိပေမယ့် အဲဒီဆရာလေးက အချိန်မတိုင်မီ ခွဲခွာသွားလို့ ပူဆွေး ကျန်ရစ်ခဲ့ရတဲ့ ကျောင်းကလေး...၊ ကျောင်းကလေးက အဲဒီလို ဝမ်းနည်းရိပ်လွှမ်းတဲ့ နာမဝိသေသ နတွေ အများကြီး ပိုင်ဆိုင်ပါသည်၊

ဒါပေမယ့် ကျောင်းကလေးမှာ ဂုဏ်ယူစရာတွေလည်း ရှိသည်၊ နဖူးမှာ မှဲ့တစ်လုံးပါတဲ့ မြန်မာစာပြ ဆရာမကြီးအတွက် သူကဂုဏ်ယူသည်၊ ဆရာမကြီးက စာသင်ကောင်းသည်၊ အရိုက်ကြမ်းကြမ်း ဆရာ နှစ်ယောက်သုံးယောက်ကြောင့် ခပ်ဆိုးဆိုး ကျောင်းသားတွေကို ထိန်းနိုင်ခြင်းအပေါ် ဂုဏ်ယူ သည်၊ ထူးချွန်ထက်မြက်သော သူ့ကျောင်းသားတွေအတွက် ဂုဏ်ယူသည်၊ တိုင်းအဆင့်ထိ နာမည် ရှိခဲ့တဲ့ ဘင်ခရာတပ်ဖွဲ့အတွက် ဂုဏ်ယူသည်၊ အထက်တန်း ကျောင်းကြီးတစ်ကျောင်းရဲ့ ရုပ်ပိုင်း ဆိုင်ရာ အင်္ဂါရပ်တွေနဲ့ မပြည့်စုံပေမယ့် ကျောင်းကလေးက သူ့ကျောင်းသားတွေအတွက် နွေးထွေး ပါသည်၊ ကျောင်းကလေးက ဘဝပင်လယ်ကို ထွက်ကြမည့် သူ့ရင်သွေးတွေအတွက် တည် ဆောက်ပြင်ဆင်ရာ သင်္ဘောကျင်းတစ်ခု ဖြစ်သည်၊ ရက်စက်ကောက်ကျစ်သော သတ်ကွင်းတွေထဲ မတိုးမီ ချပ်ဝတ်ဆင်ယင်ရာ ရဲတိုက်ဖြစ်သည်၊ ခြောက်သွေ့ကြမ်းတမ်းသော ကန္တာရကို မလျှောက်မီ ရိက္ခာဖြည့်တင်းရာ အိုအေစစ်ကလေး ဖြစ်သည်၊

အခုပြန်ကြည့်တော့ နှစ်ပေါင်း ၁၇ နှစ်တောင် ကြာခဲ့လေပြီ၊ ကျောင်းကလေးမှ အဝေးကြီးကို သူ ရွက်လွှင့်မောင်းနှင်ခဲ့ပါပကော၊ ဒီကျောင်းကလေးမှာ တက်ခဲ့ရခြင်းအတွက် သူဂုဏ်ယူပါသည်၊ အခု ဆိုရင် ကျောင်းကလေးက ဘယ်လိုပုံစံ ရှိနေမည်လဲ၊ ၁၇ နှစ်ဆိုသော အချိန်အတိုင်းအတာသည် ဇရာ၏ စုပ်ယူဝါးမြိုခြင်းကို ခံရဖို့ ကောင်းကောင်းလုံလောက်သည်၊ ကျောင်းကလေး ညှိုးချုံးရင့်ရော် နေလေမလား၊ သူ့မျက်စိထဲမှာတော့ ကျောင်းကလေးက အဖြူအစိမ်းလှိုင်းလုံးတွေကြားမှာ မီးခိုးတလူလူဖြင့် ခုတ်မောင်းနေသော ပင်လယ်ကူးသင်္ဘော တစ်စီးနှယ်၊ အဲဒီလှိုင်းလုံးတွေ ကြားမှာ အမြဲရှိနေမည့် သင်္ဘော၊ လှိုင်းအဟောင်းတို့ ဖြတ်သန်းတွန်းတိုက်သွားပြီး လှိုင်းအသစ်တို့၏ ထိတွေ့ ကျီစယ်မှုကို ခံယူနေဦးမည့် သင်္ဘော၊ ယူကလစ်ပင်ကြီးကကော...၊ သူကလည်း အဲဒီ သင်္ဘောဦးမှာ တလူလူလွင့်နေမည့် အလံတစ်ခုနှယ် လတ်ဆတ်မွှေးပျံ့လျက် သက္ကရာဇ်တွေကို ရင်ကော့ဖြတ် သန်းနေမှာ မြင်ယောင်မိသည်၊ သူ လွမ်းနေမိလေသည်။ ။


ညီလင်းသစ်
၅ ဖေဖော်ဝါရီ၊ ၂၀၀၉

2 comments:

Dr. Yi Yi Win said...

ကိုညီလင်းသစ်က ၉၂ မှာ ၁၀ တန်းအောင်ခဲ့တာပေါ့နော်။ ကျွန်မကတော့ အဲလိုကျောင်းလေးနဲ့ ဝေးခဲ့တာ နှစ် ၂၀ ရှိခဲ့ပြီလေ။

မေဓာဝီ said...

ကိုညီလင်းသစ် ရေးထားတာ ဖတ်ရင်း အဲဒီကျောင်းကလေးဆီကို အရောက်သွားပြီး ...
ယူကလစ်ပင်အိုကြီးရဲ့ ရနံ့သင်းသင်းကို ရှူရှိုက် ...
သံချောင်းခေါက်တီးတဲ့ ခေါင်းလောင်းသံချိုချိုကို နားစွင့် ...
အုတ်ကန်နဘေးက ဘုံဘိုင်ရေ တခွက်လောက်ကို သောက်ကြည့်ချင်နေမိတယ်။