17 February 2009

မွေးနေ့


လူတိုင်း,လူတိုင်းမှာ မွေးနေ့ရှိကြသည်၊ မွေးနေ့မရှိပါက လူဖြစ်လာစရာ အကြောင်းပင်မရှိ၊ နာမည်ကျော် ပြင်သစ်ဖီလိုဆိုဖာ Descartes က “ I think, therefore I am ” ဟုပြောသွားခဲ့သည်၊ ငါတွေးသည်၊ ထို့ကြောင့် ငါရှိသည်၊ ဒီအတိုင်းဆိုလျှင် ကျနော်လည်း ထပ်ဖြည့်ချင်သည်၊ “ I have a birthday, therefore I am ” ဟု..။

လူတစ်ယောက်၏ မွေးနေ့ရောက်သောအခါ အခြားလူများက နှုတ်ခွန်းဆက်ကြ၊ အမှတ်တရ လက်ဆောင်ပေး ကြသည်၊ ဤကမ္ဘာထဲသို့ လူသားအဖြစ် သူရောက်လာခဲ့သည့်နေ့ကို သူ့လိုပဲ ရောက်နေကြသည့် အခြားလူသား များက နှုတ်ဆက်ကြသည့် သဘောဖြစ်သည်၊ ဘာကို ရည်စူး၍ နှုတ်ဆက်ကြပါသနည်း၊ ဤကမ္ဘာထဲမှာ မွေးဖွား လာခဲ့ခြင်းအတွက်လား? ရုတ်တရက် ကြည့်လျှင် ဟုတ်သယောင်တော့ ထင်ရပါသည်၊ သို့သော် သိပ္ပံပညာယခု ထက်ပိုထွန်းကားလာသော နောင်နှစ်ပေါင်းများစွာတွင် လပေါ် သို့မဟုတ် အင်္ဂါဂြိုဟ်ပေါ်၌ လူများနေထိုင်ကြ သည်ဆိုပါစို့၊ ထိုလူများ ဤကမ္ဘာမြေပေါ် လာလည်ခိုက်တွင် မွေးနေ့နှင့် တိုက်ဆိုင်ပါက ဤကမ္ဘာမြေပေါ်မှာ သူတို့မမွေးခဲ့သော်လည်း ကမ္ဘာသားများက “ Happy Birthday ” ဟုဆက်လက် နှုတ်ဆက်ကြပါလိမ့်မည်၊ ယခု လည်းမြန်မာပြည်မှာ မွေးသူက အမေရိကားမှာ ဆက်လက်၍ Birthday နိုင်သလိုပေါ့၊ ဘယ်နေရာမှာပဲမွေးမွေး မွေးနေ့ဟာ မွေးနေ့ပဲဖြစ်သည်၊

Birthday သို့မဟုတ် မွေးနေ့...၊ နာမည်မှာကိုက တိကျပါသည်၊ မွေးနေရာ မဟုတ်၊ မွေးသောနေ့မှာ နှုတ်ဆက် ခြင်းဖြစ်သည်၊ သို့သော်လည်း ဒီလောက် မတိကျပြန်၊ မြန်မာပြည် အရုဏ်တက်မှာ မွေးခဲ့သူက ယခုအမေရိကား ရောက်နေသည်၊ သူ့မွေးနေ့ကို နှုတ်ဆက်ချင်လျှင် မြန်မာစံတော်ချိန်ကို လိုက်ကာ တစ်ရက်ကြို၍ နှုတ်ဆက်ကြ မလား၊ သို့မဟုတ် အမေရိကား စံတော်ချိန်ကိုလိုက်ကာ တစ်ရက်နောက်ကျပြီး နှုတ်ဆက်ကြမလား၊ Happy Pre-birthday ဒါမှမဟုတ် Happy Post-birthday လို့ပြောကြမလား? ဒီနေရာမှာတော့ Time and Space သ ဘောတွေ ပါဝင်လာပြီ၊ လက်တွေ့မှာတော့ မွေးနေ့ရှင် ရှိနေသည့် နေရာက အချိန်အတိုင်း နှုတ်ခွန်းဆက်ကြမည် ဖြစ်သည်၊ မွေးနေ့ နှုတ်ခွန်းဆက်ခြင်းသည် အာကာသကို ဒုံးပျံလွှတ်တင်နေခြင်း မဟုတ်၊ မည်သူမျှ အချိန် အတိ အကျတွက်ချက် နှုတ်ဆက်မည် မဟုတ်ပါ၊ မွေးနေ့သည် နေရာကို မူမတည်ကြောင်း ကျနော်တို့တွေ့ခဲ့ ကြသည်၊ ယခု မွေးနေ့သည် အချိန်ကိုလည်း မူမတည်ပြန်၊ ဒါဆိုလျှင် မွေးနေ့သည် ဘာကို မူတည်ပါသနည်း?

မွေးနေ့ရှင်ကိုသာ မူတည်ပါသည်၊ သူရောက်နေသည့် နေရာက သူလည်ပတ်နေသော စံတော်ချိန်အရသာ သူ့ ကိုနှုတ်ဆက်ကြပါသည်၊ အင်မတန် သဘာဝကျသည်၊ သူသာ အဓိကဖြစ်သည်၊ မွေးနေ့ရှင်မရှိဘဲ မွေးနေ့ရှိ မလာနိုင်ပါ၊ မွေးနေ့ရှင်မွေးလာ ခဲ့၍သာ မွေးနေ့ဖြစ်လာခဲ့သည် မဟုတ်ပါလား၊ ထို့ကြောင့် “ I am, therefore I have a birthday ” ဟူကပိုမှန်လိမ့်မည်၊ ကုန်ကုန်ပြောရလျှင် မွေးနေ့ရှင် သာရှိလျှင် သူ့မွေးနေ့မရှိတာတောင်မှ မွေးနေ့ကို ကျင်းပနိုင်ပါသည်၊ ဖေဖော်ဝါရီလ ၂၉ ရက်မှာ မွေးသူများက ၄ နှစ် မှတစ်ကြိမ် ၄င်းတို့မွေးနေ့ကို မကျင်းပကြပါ၊ အများသူငါလိုပင် တစ်နှစ်တစ်ခါ အသက်ကြီးလာပြီး တစ်နှစ်တစ်ခါ နှုတ်ခွန်းဆက် ခံရပါလိမ့် မည်၊ နှုတ်ဆက်ရမည့် သူများကတော့ ဘယ်အချိန်မှာ နှုတ်ဆက်ရပါ့မလဲ ဆိုတာနှင့် ပတ်သက်ပြီး အနည်းငယ် တော့ ကသိကအောင့် ဖြစ်နိုင်ပါသည်၊

မွေးနေ့မှာ အသိအမှတ်ပြု နှုတ်ဆက်ခြင်းသည် လူပီသခြင်း လက္ခဏာတစ်ရပ်လည်း ဖြစ်ပါသည်၊ ကျနော်တို့ သာ ခွေးဆိုလျှင် မွေးနေ့ရှိပါလျှက် မွေးနေ့နှုတ်ခွန်းဆက် ခံရမည်မဟုတ်ပါ၊ ခွေးအရူးအမူးချစ်တတ်သူ ဟောလီး ဝုဒ်အကျော်အမော် တစ်ယောက်ဆီမှာ ခွေးဖြစ်ရင်တော့ ခြွင်းချက်ဖြစ်ကောင်းဖြစ်မည်၊ ဒါတောင် သူ့ခွေးမွေးနေ့ ကို သူမှတ်မိပါဦးမှ...၊ မွေးနေ့ကို အသိအမှတ်ပြုခြင်းသည် ယဉ်ကျေးမှု တိုးတက်ခြင်းဖြစ်စဉ်၏ ပြယုဂ်တစ်ခု လည်းဖြစ်ပါသည်၊ ကျနော်တို့သာ ကျောက်ခေတ်မှာ မွေးခဲ့လျှင် မွေးနေ့နှုတ်ခွန်းဆက် ခံရမည့်အစား မီးခတ် ကျောက်ကို သေချာခတ်ဖို့သာ အပြောခံရပါလိမ့်မည်၊ စားဝတ်နေရေး သုံးပါး၏ တြိဂံထောင့်ချိုးသက်သက်ထဲမှာ အရိုင်းဆန်ကြသော ကာလ၌ မွေးနေ့ကို မှတ်မိဖို့ထက် သားကောင်၏ခြေရာကို မှတ်မိဖို့က ပိုအရေးကြီးသည်၊

ဘဝနေထိုင်မှု ရိုးရှင်းလွယ်ကူခဲ့သော ခေတ်ကတော့ ပြောခဲ့ကြမည်၊ ` ဟဲ့..နင့် မွေးတဲ့နှစ်က ခေါင်းရင်းက စပါး ကျီကြီး မီးလောင်တဲ့ နှစ်ပေါ့ဟဲ့ ’ ဟု...၊ စပါးကျီကြီးက နှစ်တိုင်းမီးမလောင်သလို မွေးနေ့ကိုလည်း ဘယ်သူမှ သတိတရ ရှိနေတော့မည်မဟုတ်၊ မွေးနေ့ကို ပြောပြအသုံးချရမည့် စာရွက်စာတမ်းဆိုင်ရာ ကိစ္စများလည်း မရှိ၊ ကောက်စိုက်တေးတို့ အကြားမှာ သန့်ရှင်းလတ်ဆတ်သော လေထုကို ရှုရှိုက်ကြီးပြင်းခဲ့ကြ ပေလိမ့်မည်၊ မွေးနေ့ ဆိုသော သာမန်နေ့စွဲတစ်ခုက အဲဒီနေ့မှာ မွေးခဲ့သူထက်ပင် တခါတရံ ပိုလို့အရေးပါတတ်သော ခေတ်ကြီးထဲမှာ တော့ ကျနော်တို့ မွေးနေ့တွေကို သတိရတတ်ကြသည်၊ ဆိုးဝါးကျပ်တည်းလှသော ကာလကြီးမှာ အခုလိုတစ် နှစ်တာ ကာလကို ဖြတ်သန်းခဲ့နိုင်တာအတွက် ချီးကျူးစကား ပြောကြမည်၊ တစ်နှစ်ဆိုသော ကာလကို တောင့်ခံ နိုင်ခဲ့ခြင်းသည် နည်းတဲ့ ဇွဲသတ္တိလား၊ လာမည့်နှစ်အတွက် ကောင်းချီးပေး ကြမည်၊ အားအင်သစ်တို့ တောင်းဆု ချွေကြမည်၊ စင်စစ် သာမန်ဖြစ်ရိုးဖြစ်စဉ် များနှင့်ပုံမှန်လည်ပတ်နေသော ထိုမွေးနေ့ သည်လည်း အခြားနေ့များ ကဲ့သို့ပင် ခပ်မြန်မြန်ကုန်ဆုံးသွားပေလိမ့်မည်၊ ကျနော်တို့သည် လောကခရီးသွားများ ဟုဆိုလျှင် ထိုလောက ဆိုတာကြီးသည် ကျပ်ညပ်နေသော ဘတ်စ်ကားအိုကြီး တစ်စင်းသာဖြစ်ပေလိမ့်မည်၊ ထိုအထဲမှာ မတ်တပ်ရပ် နေရသူ အချင်းချင်းအကြား အားပေးသည့်အကြည့်ကလေးပဲဖြစ်ဖြစ်၊ နှုတ်ခမ်းတွန့်ကွေးရုံ နှုတ်ဆက်ပြုံးလေးပဲ ဖြစ်ဖြစ် လွန့်လူးဖြတ်သန်းသွားသည့်အခါ ရှေ့လာမည့်မှတ်တိုင်များကို ဆက်စီးရန် အမောပြေစေပါသည်၊

ယနေ့သည် ၃၄ ခုမြောက်သော ပြက္ခဒိန်ကို ဆွဲဆုတ်လိုက်သည့် ကျနော့်မွေးနေ့ ဖြစ်ပါသည်။ ။


ညီလင်းသစ်
၁၇ ဖေဖော်ဝါရီ၊ ၂၀၀၉

8 comments:

Phyo Evergreen said...

မွေးနေ့အကြောင်းပြည့်ပြည့်စုံစုံ ဖတ်သွားရပါတယ်..။ Happy Birthday! ကျွန်တော်နဲ့ ဆိုရင် အသက်ထက်ဝက်ချိုးလောက်ကွာတာပဲ..။

မေငြိမ်း said...

အော... ဒီလိုကိုး.. မုန့်မကျွေး ဘာမကျွေးတော်..။
ပြောရရင် အမဆီမှာတော့ ၁၆ရက်ပဲ ရှိသေး..။ ဒါပေမဲ့ မွေးနေ့ရှင်ကသာ အခရာဆိုတော့လည်း Happy Birthday ပါဗျိုးးးးးးးးးးးးးး
(၃၄နှစ်ဆိုတော့ အမနဲ့ ခပ်ဆင်ဆင်.. အမက ၄၃လေ.. ဟေးဟေးးး

ဇနိ said...

ပျော်ရွှင်ပါစေ...

khin oo may said...

ချမ်းမြေ့ပါစေ.. happy birthday

ညီလင်းသစ် said...

ကိုဖြိုး ကျေးဇူးပါဗျာ၊ ခင်ဗျားပြောမှပဲ ကျနော်လည်း အတော်အိုပြီပဲလို့ ကိုယ့်ကိုယ်ကို သတိရတော့တယ်၊ Kidding... :D

အမက ၄၃ ဆိုတော့ ချစ်ချစ်ခင်ခင် မျက်နှာချင်းဆိုင်နေ ကြချိန်မှာ ကျနော်ကတော့ ၃၄ မို့ ကျောခိုင်းနေကြဆဲပဲ ဗျို့၊ မုန့်ကျွေးဖို့ ပိုက်ဆံစုနေတယ်၊ ကျေးဇူးပဲအမရေ...။

မ/ကို ဇနိ, မခင်ဦးမေ...လာလည်ပြီး ဆုတောင်းပေး ကြတာကျေးဇူးတင်ပါတယ် ခင်ဗျား...။

Dr. Yi Yi Win said...

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေနော်။ အတော်တောင်နောက်ကျနေပြီ။ ခုမှရောက်လာဖြစ်တယ်။

Anonymous said...

တကယ့်အစ်ကိုကြီးပါပဲဗျာ :P
မွေးရက်တူတယ်ဗျ။ ရှစ်ဂဏန်းသမားတွေပေါ့ဗျာ

ဇွန်မိုးစက် said...

အင်း... ဇွန့်အတွက်တော့ ဒီနေ့ဟာ ၃၄ခုမြောက် ပြက္ခဒိန်ကို ဆွဲဆုတ်လိုက်တဲ့နေ့ ဖြစ်သွားပြီ။း)