13 March 2009

၁၃ရက်၊ သောကြာနေ့

Paraskevidekatriaphobic...။

ဒီခပ်ရှည်ရှည်နဲ့ နာမည်ဆန်းတဲ့ စကားလုံးအဓိပ္ပါယ်က ၁၃ရက်ကျရောက်တဲ့ သောကြာနေ့ကို ကြောက်သူပါ၊ မူလက ဂရိစကားလုံးဖြစ်တဲ့ ဒီနာမည်ဟာ အယူသည်းသူတွေ ကြားမှာတော့ အတော်တာသွားတဲ့ စကားလုံး တစ်လုံးပါပဲ၊ တော်ရုံအယူသည်းမှုတွေ မရှိပါဘူးဆိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းအတွင်းမှာတောင် ၁၃ ရက်မြောက်နေ့ဟာ သောကြာနေ့ဖြစ်နေခဲ့ရင် စိတ်ထင့်တဲ့လူတွေ အတော်များပါတယ်၊ ဒီနေ့ဟာ ၁၃ရက်ကျတဲ့ သောကြာနေ့ပါပဲ၊

အများသိကြတဲ့အတိုင်း ၁၃ ဂဏန်းဟာ မကောင်းတဲ့အတိတ်ကို ဆောင်တယ်လို့ ယူဆကြပါတယ်၊ ဒီအယူအဆ ဟာ အနောက်တိုင်းမှာဆို ပိုများမယ်လို့ထင်တယ်၊ ဟိုတယ်တွေမှာ ၁၃ ထပ်မြောက် မရှိတာ၊ အခန်းနံပါတ် ၁၃ မရှိတာ၊ လေကြောင်းလိုင်းတွေမှာ ၁၃ တန်းမြောက်ထိုင်ခုံ မရှိတာ...၊ အများကြီးပါပဲ၊ ၁၃ ဂဏန်းဟာ နမိတ်မ ကောင်းဘူးလို့ ဖြစ်လာစေတဲ့ ဇတ်လမ်း၊ အဖြစ်အပျက်၊ အကြောင်းအရာတွေ အများကြီးပါ၊ လူသိအများဆုံးက တော့သခင်ယေရှုနဲ့ သူ့ရဲ့ တပည့်တော် ၁၂ ပါးညစာ စားတဲ့ညမှာ သခင်ယေရှုကို ရောမစစ်သားတွေလက် အပ်လိုက်တဲ့ တပည့်တော် ယုဒရှကာယုတ်ဟာ ၁၃ ယောက်မြောက် ပုဂ္ဂိုလ်ဖြစ်လို့ပါ၊ ၁၃ ယောက်မြောက်ဖြစ် တဲ့သူဟာ သတင်းဆိုးကို သယ်ဆောင်လာတယ်၊ သစ္စာဖောက်ဖြစ်တယ်၊ အကုသိုလ်နမိတ်ဆိုးတွေ သက်သက် သာဆောင်ကြဉ်းလာတဲ့ တပည့်တော်ပါပဲ၊ ဒီကမှတဆင့် ဒီနေ့ခေတ်အထိ အယူသည်းလွန်းသူ တချို့ဆိုရင် ထမင်းဝိုင်းမှာ လူ ၁၃ယောက်မဖြစ်အောင် ရှောင်တယ်၊ မတော်တဆ ၁၃ ယောက်မြောက်ဧည့်သည် ရှိလာခဲ့ ရင်အဲဒီလူဟာ ကျန်တဲ့လူတွေဆီ နမိတ်ဆိုးတွေ သယ်လာပြီး သူကိုယ်တိုင်လည်း ဘေးဒုက္ခရောက်လေ့ ရှိတယ် လို့ယူဆကြတယ်၊ စကင်ဒီနေးဗီးယား နိုင်ငံတွေမှာတော့ နတ်တွေညစာစားပွဲ ဆင်ယင်နေတုန်း မဖိတ်မခေါ်ဘဲ နဲ့ဝင်လာတဲ့ ၁၃ ပါးမြောက်နတ်ဟာ နတ်ဆိုးဖြစ်နေတယ် ဆိုတဲ့ ဒဏ္ဍာရီလည်း ထင်ရှားပါတယ်၊

သောကြာနေ့...၊ သောကြာနေ့ကတော့ သခင်ယေရှုကို ကားတင်ရာနေ့ဖြစ်လို့ အကုသိုလ် ဖြစ်ပွားရာနေ့၊ ဝမ်း နည်းခြင်း ကျရောက်ရာနေ့၊ ပျက်စီးသေဆုံးရာနေ့ အဖြစ်နဲ့ နမိတ်မကောင်းတဲ့ နေ့အဖြစ် ယူဆကြတယ်၊ နောက်ပြီး အလယ်ခေတ်ကာလက ဥရောပမှာ ရာဇဝတ်သားတွေကို ကွပ်မျက်ရင် သောကြာနေ့မှာ ကွပ်မျက် လေ့ရှိတယ်၊ ရက်သတ္တပတ် တစ်ပတ်မှာ အကျပိုင်းလည်း ဖြစ်တဲ့ သောကြာနေ့ကို ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ သေ ဆုံးခြင်းတွေနဲ့ တွဲမြင်ခဲ့ကြတယ်၊ (ရုံးသမားတွေ သောကြာနေ့မှာ ပျော်တာကတော့ တပိုင်းပေါ့လေ-)၊

အဲဒီလို နမိတ်မကောင်းပါဘူး ဆိုတဲ့ ၁၃ ရက်နဲ့ သောကြာနေ့တို့ တထပ်တည်းကျတဲ့ အခါမှာတော့ အယူသည်း သူတွေဆိုတာ နေစရာနေရာတောင် မရှိတော့ပါဘူး၊ စစ်တမ်းတချို့အရ ဒီလိုရက်မျိုးမှာ အပြင်ထွက်ရင် ထိခိုက် ဒဏ်ရာရမှာ ကြောက်လို့ အကြောင်းအမျိုးမျိုးပြပြီး အလုပ်မလာတဲ့ လူတွေက ကျန်တဲ့ သာမန်အချိန်တွေမှာ ထက် ပိုများပါတယ်-တဲ့၊ လေကြောင်းလိုင်းတွေကလည်း ဒီလို ၁၃ ရက်၊ သောကြာနေ့ဆိုရင် ခရီးသည် သိသိ သာသာကြီး နည်းသွားတာ ဖော်ပြကြတယ်၊ ဒီလိုရက်မှာ လေယာဉ်ပျက်ကျဖူးတဲ့ သာဓကတွေလည်း ရှိခဲ့တာ ကိုး၊ မယုံတဲ့သူတွေက တိုက်ဆိုင်မှုလို့ ပြောမှာဖြစ်သလို ယုံတဲ့သူတွေအဖို့လည်း ထပ်ပြစရာ သက်သေ၊ အထောက်အထားတစ်ခု ထပ်တိုးမှာပါ၊

ဒီနှစ်ထဲမှာ ၁၃ ရက်နဲ့ သောကြာနေ့ထပ်တာ ၃ ကြိမ်ရှိပါတယ်၊ ဖေဖော်ဝါရီ၊ မတ်နဲ့ နိုဝင်ဘာလမှာ ဖြစ်တယ်၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃၊ သောကြာနေ့တုန်းကတော့ ရုံးက သူငယ်ချင်းတွေကို ကျနော် လျှောက်နောက်နေမိ တယ်၊ ကော်ဖီဖျော်ရင်း ဇွန်းလွတ်ကျတဲ့သူကို အဲဒါ ဒီနေ့က ၁၃ရက် သောကြာမို့လို့၊ ပရီဇင်န်တေးရှင်း လုပ်ရ မယ့်တစ်ယောက်ကို မင်းတော့ အလွဲလွဲအချော်ချော် ဖြစ်မှာပဲ..ဒီနေ့ ၁၃ရက် သောကြာနေ့ကွ..၊ စသဖြင့်ပေါ့၊
အိမ်ရောက်တော့ သတင်းမှာ နယူးရောက်ပြည်နယ်မှာလေယာဉ်ပျံပျက်ကျတဲ့ အကြောင်းကြားရတယ်၊ အဲဒီ လေယာဉ်ပျက်ကျမှုမှာ World Trade center တိုက်ခိုက်မှုအတွင်း ယောင်္ကျားဆုံးသွားလို့ မုဆိုးမ ဖြစ်ကျန်ခဲ့ရတဲ့ အမျိုးသမီး လည်းအသက်ဆုံးရှုံး သွားခဲ့ရှာတယ်၊ ဒုတိယမြောက် ပြိုကျခဲ့တဲ့ World Trade center ရဲ့ ၁၀၅ထပ် မှာအလုပ်လုပ်ရင်း သေဆုံးခဲ့ရတဲ့ သူ့ယောင်္ကျားရဲ့ မွေးနေ့ပွဲကို ကျင်းပပေးဖို့ အသွားမှာ သူပါလေယာဉ်နဲ့ပဲ ကွယ်လွန်ခဲ့ရရှာတယ်၊ ကျနော် တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ရတယ်၊

ဒီနေ့ကတော့ ဒုတိယ အကြိမ်မြောက် ၁၃ရက်၊ သောကြာနေ့ပါပဲ၊ ထီသမားတွေကတော့ ဒီလိုနေ့မျိုးမှာ ထီထိုး ရမယ်တဲ့၊ မကောင်းတာနှစ်ခု အချင်းချင်း ကြေပြီး ကံကောင်းစေတတ် လို့-တဲ့၊ ကဲ... မိတ်ဆွေတို့ကော.... Are you paraskevidekatriaphobic?


ညီလင်းသစ်
၁၃ ဖေဖော်ဝါရီ၊ ၂၀၀၉

7 comments:

Phyo Evergreen said...

ဟုတ်တယ် ပြီးခဲ့တဲ့လကလည်း ၁၃ရက်သေကြာဘဲ..။ ပြောနေတာကြာပါတယ်.. ထီပြေးထိုးလိုက်ဦးမယ်..
ဆိုင်ပိတ်သဗျ ဧကန္တ ထီသည်လည်းကြောက်လို့ အိမ်မှာပုန်းနေတယ်ထင်တယ်...။

ဇနိ said...

မွေးတာက သောကြာနေ့
တခုခုလုပ်လိုက်ရင် - ၁၃ ရက်နေ့လိုမျိုး တိုက်ဆိုင်တတ်တယ်
မေးခွန်းဆိုလည်း နံပါတ် ၁၃ ရတတ်တယ်...
အစွဲမထားတော့ မကြောက်ပါဘူး...
၁၃ ဂဏန်းနဲ့တိုက်ဆိုင်တတ်တော့ ကြာတော့ ၁၃ ဆိုတာကို သတိထားမိလာတယ်...
း)
အခုထိတော့ အဆင်ပြေတယ်။

မေငြိမ်း said...

အမှန်အတိုင်းပြောရရင် ကြောက်လှတယ်မဟုတ်ပေမဲ့
အဲဒီနေ့ရက်ကို သတိထားမိတာ အမှန်ပါပဲ...
စိတ်ထဲ တမျိုး ဖြစ်မြဲ :)

Dr. Yi Yi Win said...

ဆယ်တန်းဖြေကာနီးတုန်းကလည်း physics ဆရာမက နံပါတ် ၁၃ ဖြေရင် အမှားများတတ်တယ်တဲ့။ ဆရာသမားကိုယ်တိုင်ရဲ့ စကားဆိုတော့လည်း နံပါတ်၁၃ ကိုဖြေတတ်ပေမယ့် အခြားရွေးစရာကိုရွေးခဲ့မိတယ်။ စိတ်ထဲတော့ အစွဲမထားပါဘူး။

khin oo may said...

13 ကိုမကြိုက်ပေမဲ့ သောကြာနဲ့တိုက်ရင်တော့လဲ ထူးသတိမထားဘူးဘူး။ မသိတာလဲပါတာပေါ့။တစ်ခါတလေ မသိတာကပိုကောင်းပါတ။်

Unknown said...

13th is not referring to Judah. It's about "The last supper" and there was 13 people (including Christ)seated at the table will result in the death of one of the diners.Thanks.

Lin

ဇွန်မိုးစက် said...

Friday 13th နဲ့ပတ်သက်တဲ့ ဆောင်းပါးတိုလေး ဘာသာပြန် ရေးဖူးတယ်။ ဥပါဒန်ကြောင့် ဥပါဒ်ရောက်ကြတာလို့ ဆိုတယ်။ သေချာတာတော့ အဲ့ဒီနေ့က ဇွန် ဘုန်းကြီးကျောင်းသွားခဲ့တယ်။