mercredi 4 mars 2009

လက်ဖက်


ဟိုတစ်နေ့က အပြင်မှာ နှင်းတွေသိပ်သိပ်သည်းသည်း ကျနေတုန်း စိတ်ကူးပေါ်လာတာနဲ့ လက်ဖက်သုတ်စားဖြစ်တယ်၊ လက်ဖက်မစားရ တာ၊ စားခွင့်မကြုံတာ အတော်ကြာပါပြီ၊ အခုဟာကတော့ ဟိုတလောက အမေတို့လာတုန်း ရှားရှားပါးပါး ယူလာတဲ့ လက်ဖက်လေးပါ၊ ကမ္ဘာပေါ်မှာ လက်ဖက်အရွက်ကို နှပ်ပြီး လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း သောက်တဲ့ လူမျိုးတွေ အများကြီးပါပဲ၊ ဒါပေမယ့် ကျနော်သိသလောက် လက်ဖက်အရွက်ကို သုပ်စားတဲ့လူမျိုးဆိုလို့ အရှေ့တောင်အာရှမှာ တချိန်က ရွှေရောင် နေ့ရက်တွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကြီးဆုံး နိုင်ငံကြီးက လူတွေပဲ ရှိပါတယ်၊

ကျနော်ဒီကို ရောက်စ, ကတော့ လက်ဖက်မကြာခဏ စားဖြစ်တယ်၊ အခုထက်စာရင် ပိုပြီးစားဖြစ်တယ်ပေါ့၊ ရောက်ခါစ ဆိုတော့လည်း ကျန်ခဲ့တာတွေထဲက ဟိုဟာစားချင်၊ ဒီဟာစားချင်ပေါ့လေ၊ ကောင်းတာတစ်ခုက အဲဒီတုန်းက စာတိုက်ကနေ အစားအသောက်ပို့ရင် မြန်မာငွေနဲ့ ပို့လို့ရသေးတယ်၊ ဒီတော့လည်း လက်ဖက်၊ မရမ်းပြားအစပ်၊ မရမ်းပြားအချဉ်၊ သရက်ပြားအစပ်၊ စ, တာတွေ မှာဖြစ်တယ်၊ အခုတော့လည်း ပို့ရပြုရတဲ့သူကို ဒုက္ခမပေးချင်တော့တာနဲ့ အဲဒါတွေ သိပ်မစားဖြစ်တော့ပါဘူး၊ အသက်လေး ရလာတာလည်း ပါမှာပေါ့ လေ :)

လက်ဖက်တစ်ခုကိုတော့ ရင်ခုန်ချင်တုန်းပဲ၊ Scorpion ရဲ့သီချင်းအတိုင်း ပြောရရင် still loving you... ပေါ့၊ အခုဒီလက်ဖက်ကိုတော့ ခင်မင်ရင်းနှီးရာ မိတ်ဆွေတွေနဲ့ စားချင်ပါသော်လည်း ဘယ်သူနဲ့မှ မတွေ့ဖြစ်တာနဲ့ တစ်ယောက်ထဲပဲ စိတ်အလိုလိုက်ပစ် လိုက်တယ်၊ မအိမ်သူကို မေးတော့ သူကလည်း ခေါင်းခါတယ်၊ သူက လက်ဖက်ထက် ချင်း(ဂျင်း)သုပ်ကို ပိုကြိုက်တယ်၊ သားကတော့ တစ်နှစ်ခွဲ ဆိုတော့ ကျွေးလို့မဖြစ်ဘူး၊ ဒီတော့လည်း တစ်ယောက်ထဲပဲပေါ့၊

စားဖြစ်တော့ မြန်မာပြည်က နေရာနှစ်ခုကို သတိရမိပြန်ရော...၊ ဆူးလေးဘုရားလမ်းက ဒေါ်ရိတ်ကြီးဆိုင်ရယ်၊ မန္တလေးနန်းရှေ့က ဗထူး အသုပ်ဆိုင်ရယ်...၊ ဗထူးဆိုင်မှာတော့ တစ်ခါမှ မစားဖူးတဲ့ အရွက်တွေစားရတယ်၊ ဘာရွက်တွေမှန်းလည်း မသိဘူး၊ မန်းသား ကားဆရာ တွေရဲ့ ကျေးဇူးနဲ့ ကျနော်ရောက်ဖူးတာပါ၊ အခုဟာကတော့ ရယ်ဒီမိတ် ယုဇနလက်ဖက်ဆိုတော့ အဲဒါတွေနဲ့ ယှဉ်မယ်ဆိုရင် ဆီနဲ့ရေပေါ့ လေ၊ သို့ပေမယ့် အနှစ်မရှိတဲ့ တောမှာနေသူမို့ ဘယ်လိုကြက်ဆူပင်ကိုပဲဖြစ်ဖြစ် မင်းမြှောက်ဖို့ စောင့်နေခဲ့တာဆိုတော့ ရသေ့စိတ်ဖြေ ဆိုပေမယ့် တခုတ်တရ ပြန်ပြောချင်မိပြန်ရော...။ ။



လက်ဖက် (၁)
IMG_2466a
Canon EOS450d, Sigma 18-200mm, 51mm, f/5.6, 1/100, ISO400


လက်ဖက် (၂)
IMG_2470a
Canon EOS450d, Sigma 18-200mm, 63mm, f/7.1, 1/125, ISO1600


လက်ဖက် (၃)
IMG_2473a
Canon EOS405d, Sigma 18-200mm, 200mm, f/6.3, 1/100, ISO1600

7 commentaires:

Lynda a dit…

Ko Nyi Lin Thit,

I love La Phat too but if I had a lot my heart started beating kind of fast.

Lin

Phyo Evergreen a dit…

နယ်ပြီးတော့ကို စားလိုက်ချင်ပြီ..။

khin oo may a dit…

နယ်စရာလိုဘူး။ ဒီအတိုင်းဘဲကောက်စားလိုက်တော့တယ်။

Yu Wa Yi a dit…

တတိယပုံလေးပိုစားချင်စရာပဲ။ ဒေါ်ရိတ်ကြီးတော့ခုထိရန်ကုန်ရာက်လို့ ကြုံရင်အားပေးနေတုန်းပဲ။ ကြောင်လျှာသီးသုပ်လေးလည်းကောင်းတယ်လေ။ မန္တလေး ဗထူးဆိုင်တော့ ဘယ်နားမှန်းမသိသေးဘူး။ ကိုညီလင်းသစ်လည်းကျွန်မလိုဖြစ်နေပြီ။ အိမ်မှာဆို ရှမ်းစားတွေ သူ့ ဘာသူစား၊ ငါးပိချက်ကိုယ့်ဘာကိုယ်စား ဖြစ်နေတာလေ။

Nyi Linn Thit a dit…

Lynda...from medical point of view, eating too much Let-Phet is not good, indeed. If heart-beat can be faster as it happened to you, then I would say that a young couple shouldn't eat it especially for their very first date, LOL. :D

ကိုဖြိုးရေ....သဘောရှိသာ သုံးဆောင်ပါဗျာ...။ :)

ဟုတ်ပ မခင်ဦးမေရ...နယ်နေ ဖတ်နေရတာ ကြာသေးတယ်၊ ဒီအတိုင်းပဲ ကောင်းတယ်၊ ဗိုက်ထဲရောက်လည်း ကြေသွားမယ့် ဥစ္စာ... ...။

မယုဝရီရေ...ဗထူးဆိုင်လိပ်စာ ပေးချင်ပေမယ့် ကျနော် ကိုယ်တိုင်လည်း အတိအကျ မသိဘူးဗျ၊ ကားဆရာတွေ လိုက်,လိုက်ပို့လို့သာ ရောက်ဖူးတာကိုး၊ နန်းရှေ့ကနေ နှစ်ပြလောက် မောင်းသွားရတာပဲ၊ ပြောရရင်တော့ အိုးကွဲတာက စိတ်ဝမ်းကွဲတာထက်စာရင် တော်သေးတာ ပေါ့ဗျာ.....နော။ ;-)

ရွှေဂျမ်း a dit…

စားချင်စရာလေး။ ထမင်းကြမ်းလေးနဲ့သာ စားရရင် အရမ်းကောင်းမှာပဲ။ ဓါတ်ပုံလေးတွေကလည်း သေသေချာချာ ရိုက်ထားတော့ ပိုစားချင်စရာ ကောင်းတယ်။

ရွာသားလေးဝိုင်တီယူ a dit…

အင်းလက်ဖက်...လက်ဖက် မြန်မာမှန်ရင် အနံ့ရတာနဲ့တင် ပါးစပ်က ပြင်ပြီသားလေ။ ဘယ်လိုမှ မမုန်းနိုင်တဲ့အရာတစ်ခုပါ။ ဘာဟင်းမှမရှိရင်နေ ဘယ်နှစ်ကြိမ်ပဲစားရစားရ (တနေ့လုံးလက်ဖက်သုတ်ကျွေးအုံး) အကြိုက်ပဲ