17 October 2010

စပါဂက်တီများဖြင့် ရစ်နှောင်ခဲ့သော...


ကျနော် အင်မတန်လိုချင်ခဲ့တဲ့ lens တစ်ခုကိုဝယ်တော့မယ်လို့ ဆုံးဖြတ်ချက်ချတော့ မဝယ်ခင် နောက်ဆုံး အဆင့်အနေနဲ့ သေချာအောင် field test ဓါတ်ပုံအချို့ရိုက်ဖြစ်ပါတယ်၊ မြို့ထဲက ကင်မရာရောင်းတဲ့ဆိုင်ကို သွားပြီး အဲဒီလို lens မျိုးတစ်ခုငှား၊ ပြီးတော့ အိမ်းနားတဝိုက် အနီးအဝေး လျှောက်ရိုက်ကြည့်ပါတယ်၊ လူ၊ သစ်ပင်၊ ရေကန်၊ တိမ်၊ တောင်တန်း စသဖြင့် အမျိုးအစားစုံအောင် စမ်းကြည့်တယ်၊ ဝယ်ချင်တဲ့ မှန်ဘီလူး က pro lens ဖြစ်လို့ ဈေးတော်တော်ကြီးပါတယ်၊ ဒါပေမယ့် Lens ငှားခက တကယ် ဝယ်မယ့် lens ရဲ့ ၄% လောက်ပဲ ပေးရတာမို့ စမ်းကြည့်ရတာ တန်ပါတယ်၊ မဟုတ်ရင် ဝယ်ပြီးကာမှ တခုခုအဆင်မပြေဘူးဆိုရင် ဆုံးရှုံးမှုက တော်တော်ကြီးပါလိမ့်မယ်၊ ပြီးတော့ ကျနော့်ကိုယ် ကျနော်သိတယ်၊ အဲဒီလို အမှားမျိုးလုပ်မိရင် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာတဲ့အထိ မပြေပျောက်နိုင်ဘဲ တနုံ့နုံ့နဲ့ ဖြစ်နေမှာပါ၊

အထူးသဖြင့် ဒီ lens ကိုဝယ်ဖို့အတွက် နေ့လည်စာကို အလုပ် ကင်န်တင်းမှာ မစားဘဲ အိမ်ပြန် စပါဂက်တီ စားပြီး ပိုက်ဆံစုခဲ့ရတာမို့ အတိမ်းအစောင်း မခံချင်ပါဘူး၊ အလုပ်နဲ့အိမ်က လမ်းလျှောက်ရင် ၅ မိနစ်ပဲ ကြာတဲ့ခရီးမို့ တော်သေးတယ်၊ အဲဒီရက်တွေမှာ routine က နေ့လည် ၁၂ နာရီဝန်းကျင် အိမ်ကို ပြန်၊ ရေနွေးတည်၊ ဆူရင် spaghetti ခေါက်ဆွဲချောင်းတွေထည့်၊ တပြိုင်နက်တည်း ခရမ်းချဉ်သီးဆော့စ်ကို တည်၊ စောင့်နေရင်း တီဗီသတင်း ခဏကြည့်၊ ခေါက်ဆွဲ နဲနဲပျော့တာနဲ့ စား၊ ပန်းကန်ဆေး၊ အလုပ်ကိုပြန်...၊ ဒါပါပဲ၊ နောက်ဆုံးတော့ ကျနော်အဲဒီလို လုပ်နေတာကို သိသွားတဲ့ မအိမ်သူနဲ့ ကျနော့်ညီမက နဲနဲသနား သွားတယ်ထင်ပါရဲ့၊ ကျနော့်ရဲ့မွေးနေ့လက်ဆောင်အဖြစ်ဆိုပြီး သူတို့လည်း တစိတ်တပိုင်း contribute လုပ်ပါတယ်၊ ဒါနဲ့ပဲ အဲဒီ lens က ကျနော့်လက်ထဲ ရောက်လာခဲ့တော့တယ်၊

ဒီပုံက အငှားမှန်ဘီလူးနဲ့ စမ်းရိုက်ကြည့်တာတွေထဲက တစ်ပုံပါ၊ အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ရာသီဥတု ကကိုယ့်ဖက် သိပ်မပါပြန်ဘူး၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ငှားထားပြီးမှတော့ ရိုက်ရုံပဲရှိတော့တာပေါ့...။


Standing alone...
Photobucket
Canon EF 70-200mm f/2.8L IS USM, 73mm, f/10, 1/250, iso100, Ev-2

အဲဒီ lens အကြောင်း နဲနဲသိချင်ရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်၊


ညီလင်းသစ်
၁၇ အောက်တိုဘာ၊ ၂၀၁၀

6 comments:

Phyo Evergreen said...

အစ်ကို ကျွန်တော်ကတော့ ပုံမှာတောင်တွေပါနေကတည်းက သဘောကျနေပြီ..။ သိပ်လှမယ့်နေရာဘဲ..ဘယ်နေရာလဲဆိုတာ ပြောပြပါ..။

TZA said...

IS II နဲ့ ဘာကွာလဲတော့ မသိဘူး၊ ဒီကောင်က နည်းနည်းပိုသက်သာတယ်၊ ဟူး၊ ကင်မရာပစ္စည်းတွေ လိုက်ကြည့်တာ တွင်းနက်ကြီးထဲ ခုန်ဆင်းရသလိုပဲ၊ အောက်ကို မမြင်ရဘူးဗျာ။ ပုံတွေ ထပ်တင်ပါဦး..

http://www.dpreview.com/lensreviews/canon_70-200_2p8_is_usm_ii_c16/

စူးနွယ်လေး said...

ဒီက ခုမှ ကင်မရာဝယ်ဖို့ ပိုက်ဆံစုနေတုန်း :P

ညီလင်းသစ် said...

ကိုဖြိုး ...
ကျနော်တို့ဆီမှာတော့ ဘယ်နေရာကြည့်ကြည့် တောင်တန်းတွေချည်းပဲ၊ ပုံထဲက တောင်တွေကတော့ Alps တောင်တန်းတွေပါ၊ နေရာက ကျနော်တို့အိမ် ကနေ သိပ်မဝေးတဲ့ Vidy plage လို့ခေါ်တဲ့ ကမ်းစပ် တနေရာပါ၊

ကို TZA ...
ရီဗျူးတွေအရတော့ IS II မှာ CA ကိုပြင်ထားလို့ f/2.8 နဲ့ ဖွင့်ရိုက်ရင်တောင် ဘာမှမဖြစ်သလို Sharpness ကလည်း IS I ထက်ပိုသာတယ် ဆိုပဲ၊ ကျနော်လည်း ဒီတွင်းကြီးထဲ ပြုတ်ကျနေတာ အတော်ကြာပြီဗျာ..၊ ပုံတွေတင်ပါဦးဆိုတော့ ငိုချင်ရက် လက်တို့တော့ ဖြစ် နေပြီဗျို့...၊ :)

စူးနွယ်လေး ...
ကျနော်တို့အားလုံးလည်း ပိုက်ဆံက စုပြီးရင်းစုရင်းပါပဲ ဗျာ...၊ “စု” နိုင်မှ ဖြစ်မှာကိုး နော့...၊ ;)

Shinlay said...

ပုံကောင်းတွေ ဆက်လက်ကြည့်ရဦးမှာမို့ 
ဝမ်းသာနေပါတယ်။

Maung Myo said...

ဒါဆို နောက်ပိုင်း လက်ရာကောင်းကောင်း ဓာတ်ပုံတွေ အများကြီးထပ်ကြည့်ရအုံးမှာပေါ့ ကောင်းပါ့ ကျနော်လည်း ကင်မရာလေးတစ်လုံးလိုချင်လို့ စုနေတုန်းဗျး)