04 May 2011

တောင်ခြေရွာကလေးသို့ (၂) ...


ရောက်ပြီး နောက်တစ်ရက်မှာ အနီးအပါး ပတ်ဝန်းကျင်ကို လျှောက်ကြည့်ဖို့ စီစဉ်ဖြစ်ပါတယ်၊ မနက်ပိုင်းမှာတော့ သားက ရေကူးချင်တယ် ပူဆာလို့ သူနဲ့အတူ ရေကူးကန် လိုက်သွားပေးရတယ်၊ Reka ဟိုတယ်မှာ ရေကူးကန်လေး တစ်ခုလည်း ရှိပါတယ်၊ တစ်နှစ်ပတ်လုံး သုံးနိုင်အောင် ဟောလ်လို အခန်းထဲမှာ ဆောက်ထားပြီးတော့ ရေကို အပူပေးထားတယ်၊ အဲဒီလို အပူမပေးလို့လည်း မဖြစ်ဘူး၊ ဒီလို တောင်ပေါ်ဒေသတွေမှာ ရေကူးဖို့မပြောနဲ့၊ အိမ်မှာ ထမင်းဟင်းချက်၊ ရေချိုးတာတောင် ရေအေးကို မသုံးနိုင်ပါဘူး၊ ရေတွေက စိမ့်စမ်းတွေကဆိုတော့ ၁၂ ရာသီ အေးနေလေ့ ရှိပါတယ်၊ ကျနော်တို့က ရေမကူးချင်ပေမယ့် သားက ရေအရမ်းကြိုက်ပါတယ်၊ ငယ်ငယ်လေးတည်းက ရေဆော့နေရရင် မနားတမ်းပဲ၊ အခုတော့ အားလပ်ရက် ကူးပါစေဆိုပြီး မနက်တိုင်း သူ့ကို ရေကူးကန် ခေါ်သွားပေးဖြစ်တယ်၊ ဒီလိုနဲ့ပဲ နေ့လည်ပိုင်းကျမှ တောင်ပေါ်ကို တက်ရတော့တယ်၊

မီတာ ၁၆၀၀ အမြင့်ရှိတဲ့ တောင်ထွတ်တစ်ခုကို ကျနော်တို့ တက်ဖြစ်တယ်၊ ခြေလျင်လမ်း၊ Montain bike စီးဖို့ လမ်းတွေ လည်း ရှိပေမယ့် ကျနော်တို့ ကားနဲ့ပဲ တက်ဖြစ်ပါတယ်၊ ဟိုတယ်ကနေ ၁၅ မိနစ်သာသာလောက် မောင်းလိုက်တော့ ရောက်သွားတယ်၊ တောင်ပေါ်မှာ view point နဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်၊ ခပ်လှမ်းလှမ်းမှာ နောက်ထပ်အမြင့်ကို ဆက်တက်ဖို့ chair lift စီးရမယ့်နေရာ ရှိပါတယ်၊ ဆောင်းတွင်းဆိုရင်တော့ ဒီအထိကားနဲ့လာ၊ ပြီးတော့ chair lift နဲ့ တောင်ထိပ်ကိုတက်၊ ski နဲ့ပြန်ဆင်းလာ...၊ ဒီလိုမျိုး လုပ်ကြတယ်၊ အခုတော့ နွေဦးဆိုတော့ chair lift လည်း ပိတ်ထားတယ်၊


Photobucket
တောင်ပေါ်မှာ လေတွေအရမ်း တိုက်နေတယ်၊ ဒီစားသောက်ဆိုင် ရင်ပြင်ကနေ အနီးပတ်ဝန်းကျင်က တောင်တွေ၊ ရှူခင်းတွေရော၊ တောင် အောက်ခြေက Lenk ရွာလေးကိုပါ မြင်ရပါတယ်၊ အလံနှစ်ခုကတော့ အပေါ်က ဆွစ်ဇာလန် နိုင်ငံအလံနဲ့ အောက်ဖက်က ပြည်နယ်အလံ ဖြစ်ပါတယ်၊ ဆွစ်အလံနဲ့ စပ်မိလို့ ပြောရရင် ထူးခြားတာက သူ့ရဲ့ အရွယ်အစားပါ၊ ကမ္ဘာ့အလံတွေ အားလုံးနီးပါးက ထောင့်မှန်စတုဂံ ပုံစံရှိ ကြပေမယ့် တရားဝင် ဆွစ်အလံကတော့ စတုရန်း အချိုးအစား ဖြစ်ပါတယ်၊ နောက်တစ်ခုက ကြက်ခြေနီအလံနဲ့ ဆွစ်အလံက ပြောင်းပြန်ပါ၊ ကြက်ခြေနီအဖွဲ့ကို ဖွဲ့စည်းတဲ့ အချိန် အလံအတွက် စဉ်းစားကြတော့ အဖွဲ့တည်ထောင်သူ ဆွစ်လူမျိုး ဟင်နရီဒူးနန့် (Henry Dunant) ကို ဂုဏ်ပြုပြီး သူ့နိုင်ငံရဲ့အလံ ဆွစ်အလံကို ပြောင်းပြန်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ မှတ်သားဖူးပါတယ်၊ အဲဒါကြောင့် ဆွစ်အလံက အနီခံမှာ ဂရိကြက်ခြေခတ် အဖြူဖြစ်ပြီးတော့ ကြက်ခြေနီကတော့ အဖြူခံမှာ ဂရိကြက်ခြေခတ် အနီဖြစ်ပါတယ်၊


Photobucket
နောက်တစ်ရက်မှာတော့ စက်ဘီးစီးဖြစ်ပါတယ်၊ တိတိကျကျ ပြောရရင်တော့ ပုံမှာတွေ့ရတဲ့ ဘီး ၄ ဘီးနဲ့ စက်ဘီးပါ၊ လူနှစ်ယောက် ဘေးချင်း ယှဉ်ထိုင်ပြီး အတူနင်းရတဲ့ စက်ဘီး...၊ ဒီစက်ဘီးကို ဟိုတယ်ကြော်ငြာစာရွက် ထဲမှာတွေ့ ကတည်းက သားကစီးမယ်ဆိုပြီး တကဲကဲဖြစ်နေ ခဲ့တာ..၊ ဟိုတယ်မှာ အဲဒီစက်ဘီးရှေ့ ရောက်တာနဲ့ ချက်ချင်း စီးမယ်လုပ်နေလို့ မနည်းပြောထားရတယ်၊ ဒါပေမယ့် တကယ်စီးတော့မှ စက်ဘီး က တော်တော်လေးမှန်း သိရတယ်၊ သံထည် တွေနဲ့ လုပ်ထားတဲ့အပြင် ဘီးတွေကလည်း ထူပါတယ်၊ နင်းရတဲ့ ကျနော်တို့အတွက် မသက်သာပေမယ့် သားကတော့ အဲဒီလို အရှေ့မှာထိုင်ပြီး အော်ဟစ်ပျော်ရွှင် နေခဲ့တယ်၊ ဒါနဲ့ သက်သာအောင် ရွာထဲက မြေပြန့်တဲ့ နေရာ တွေပဲ ရွေးပြီး သွားရတော့တယ်၊


Photobucket
လမ်းမှာသွားရင်း နွားအုပ်တွေ ခဏခဏ တွေ့နေရင်း တခါမှာတော့ ရပ်ပြီး ဓါတ်ပုံ ရိုက်ဖြစ်ပါတယ်၊ နွားတွေကို ဒီလိုပဲ မြက်တွေရှိတဲ့ နေရာမှာ စားကျက်လှန်ရင်း လွှတ်ထားလေ့ ရှိတယ်၊ သတ်မှတ်ထားတဲ့ နေရာကနေ ထွက်မသွား အောင်တော့ လျှပ်စစ်ဓါတ် လွှတ်ထားတဲ့ ကြိုးတွေနဲ့ တားထားတယ်၊ ပုံမှာတွေ့ရတဲ့ ကြိုးအဝါက အဲဒီကြိုးပါပဲ၊ နွားက ကြိုးကိုထိရင် ကျင်သွားတော့ အနားမကပ်တော့ဘူး၊ ဘက်ထရီ အားအပျော့ စားနဲ့ လွှတ်ထားတဲ့ ဓါတ်အားမို့ လူအတွက်လည်း အန္တရာယ် မရှိပါဘူး၊ ဒီကို ရောက်စက မယုံလို့ ကျနော် သွားကိုင်ကြည့်သေးတယ်၊ ပုရွက် ဆိတ် ၂ ကောင် ကိုက်စာလောက်တော့ ကျင်သွားတယ်၊


Photobucket
ဒီလို လမ်းတွေတွေ့ရင် ကျနော် အမြဲတမ်း ဓါတ်ပုံရိုက်ချင်မိတယ်...၊ ပြီးတော့ ဝေးနိုင်သလောက် ဝေးဝေးလျှောက်ချင်တယ်၊


Photobucket
အဲဒီ ဘီး ၄ ဘီးယာဉ်နဲ့ သွားခဲ့တဲ့ ခရီးဆုံးက ရေကန်ပါ၊ ရှေ့ဆက်သွားရင် တောင်ကုန်းတွေ တက်ရမှာဆိုတော့ ဒီရေကန် ဘေးနားမှာပဲ ပစ်ကနစ် စားဖြစ်တယ်၊ ကလေး ကစားကွင်းလေး ၁ ခုလည်းရှိတာနဲ့ အတော်ပဲ ဖြစ်သွားတယ်၊


Photobucket
နောက်တစ်ရက်မှာတော့ ရေတံခွန်လေး တစ်ခုဆီ သွားဖြစ်တယ်၊ အဲဒီအခါတော့ ၂ ယောက်စီး tandem bike စက်ဘီး နဲ့ သွားတယ်၊ တောလမ်းလေး အတိုင်း နာရီဝက်လောက်တော့ နင်းရတယ်၊ ရေတံခွန်ဖက်ကို မတက်ခင်မှာ စားသောက်ဆိုင်လေး တစ်ခုရှိလို့ အဲဒီမှာ ခဏနားဖြစ်ပါတယ်၊ ဒီဆိုင်က ကော်ဖီကတော့ တကယ်ကောင်းတယ်၊ တငုံချင်းစီ ဇိမ်ခံသောက်ခဲ့တယ်၊ ဒီပုံက ရေတံခွန် အတက်လမ်းကနေ စားသောက်ဆိုင် ဖက်ကို ပြန်မြင်ရတဲ့ မြင်ကွင်းပါ၊


Photobucket
ရေတံခွန် ရှိရာဆီ မသွားမီ...၊ ဒီ ရှုခင်းလေးကို မြင်တော့ ခင်မောင်တိုးရဲ့ 'မြက်ခင်းစိမ်းနဲ့ တဲငယ်လေး' သီချင်းကိုတောင် ဖြတ်ကနဲ သတိရလိုက်မိ သေးတယ်၊


Photobucket
ရေတံခွန်ဆိုပေမယ့် ခပ်သေးသေးလေးပါပဲ၊ တောင်ကျချောင်းတွေကနေ စီးလာတဲ့ စိမ့်စမ်း ရေတံခွန်ပေါ့၊ နွေရာသီ ဆိုရင်တော့ ရေတံခွန်က အခုထက် ကြီးနိုင်ပေမယ့် လောလောဆယ် နွေဦးမှာတော့ နှင်းတွေက ပျော်ခါစမို့ ရေထုထည် သိပ်မများဘူး၊ ပုံထဲမှာ အင်္ကျီအနီနဲ့ ကျောပေး ရပ်နေတဲ့ ပုဂ္ဂိုလ်က အိန္ဒိယ အမျိုးသားပါ၊ သူ့မိသားစုနဲ့ အတူ တိုးရစ်အနေနဲ့ လာလည်တာ၊ တကယ်တမ်း ပြောရရင် ဆွစ်ဇာလန်ကို လည်ဖို့က နိုင်ငံခြားသားတွေ အတွက် အထိုက်အလျောက် ဈေးကြီးပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က စ,လို့ အိန္ဒိယက လူတွေ လာလည်တာ ပိုပိုများလာတယ်၊ သူတို့ ပိုက်ဆံသုံးနိုင်လို့ လာလည်တာကို မုဒိတာ ပွားမိသလို သူတို့ရဲ့ အရှေ့ဖက် အိမ်နီးချင်း နိုင်ငံ လှလှ လေးက လူတွေကိုလည်း လာလည်စေချင်မိတယ်၊ ဒီလူတွေ ပိုက်ဆံသုံးနိုင်သလို ကိုယ့်နိုင်ငံက လူတွေလည်း သုံးပြီး ကမ္ဘာပတ်နေတာ တကယ်ပဲ မြင်ချင်ပါတယ်၊ ဆွစ်ဇာလန်ကို လာလည်မယ့် မြန်မာတွေကို ကျနော် တိုးရစ်စ်ဂိုက် လုပ်ပေးချင်မိတယ်၊း)


Photobucket
ရေတံခွန်ဘေးက လမ်းလေးအတိုင်း တောထဲကို တက်သွားတော့ လမ်းတနေရာမှာ အိမ်လေးတစ်လုံး ဘွားကနဲ တွေ့လိုက်ရတယ်၊ ပထမ တော့ ထင်းရူးတောတွေရဲ့ အလယ်က အိမ်ကလေးဟာ နွေရာသီ နွားလာကျောင်းရင်း နေတဲ့ အိမ်လို့ ထင်ပေမယ့် သေချာကြည့်တော့ အိမ်က အတော်ကြီးပါတယ်၊ ခန်းဆီးတွေ ကျကျနနနဲ့ အမြဲမပြတ် လူနေတဲ့ ပုံပါပဲ၊ ဒီမှာက တခါတခါ တောထဲမှာ လူမနီးသူမနီး ဒီလိုပဲ နေကြတဲ့ သူတွေလည်း ရှိတယ်၊ ကျနော်ဆိုရင်ကော ဒီလို နေနိုင်ပါ့မလား-လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်၊ သိပ်တော့ မသေချာဘူး၊


Photobucket
ရေတံခွန်ခရီးမှာ စီးဖြစ်ခဲ့တဲ့ နှစ်ယောက်စီး tandem စက်ဘီးပါ၊ သားက အနောက်ဖက်က ဆွဲအိမ်လေးထဲမှာ ထိုင်လိုက်လာတယ်၊ ကလေး ၂ ယောက်စာ ထိုင်ဖို့လုပ်ထားတာမို့ သူ့တစ်ယောက်ထဲ အတွက် ချောင်ချောင်ချိချိ ရှိပါတယ်၊ ဒီဘီး နင်းရတာလည်း ရယ်တော့ရယ်ရတယ်၊ ရှေ့ခြေနင်းနဲ့ နောက်ခြေနင်းက အသေဆက်ထားတာမို့ တစ်ယောက်နဲ့တစ်ယောက် တိုင်မင်ယူပြီး နင်းနေရတယ်၊ ကျနော်က ရှေ့မှာ ဆက်တိုက် နင်းနေတုန်း မအိမ်သူက နောက်မှာ ခြေထောက်လွှတ်လိုက်ရင် ခြေနင်းပေါ် ခြေပြန်ချဖို့ မလွယ်တော့ဘူး၊ အခန့်မသင့်ရင် ခြေသလုံးကို ရိုက် မိနိုင်တယ်၊ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တချိန်လုံး မေးနေ၊ ပြောနေရတယ်၊ ဒါပေမယ့် ကားမရှိတဲ့ တောလမ်းကနေ သွားတာမို့ စိတ်အေးလက်အေးနဲ့ ခပ်ဖြေးဖြေးပဲ နင်းသွားကြတယ်၊

ဒီ Lenk ရွာလေးကို သွားခဲ့တာက ၅ ရက်ထဲပေမယ့် အများကြီးပဲ သွားဖြစ်၊ ကြည့်ဖြစ်ခဲ့တယ်၊ သားရဲ့ ရေကူးကန်၊ ဘက်ထရီနဲ့ မောင်းတဲ့ မော်တော်ကား၊ ကျနော်တို့ရဲ့ စက်ဘီးခရီး စတာတွေ ပေါင်းလိုက်တော့ တချိန်လုံး လှုပ်ရှားနေ ရတယ်၊ ညရောက်တော့ စာ ၂ မျက်နှာတောင် မကျိုးသေးဘူး၊ လူက ငိုက်နေပြီ၊ ဒီတော့ တောရောက်တော့လည်း တောအတိုင်း စောစောအိပ်၊ စောစောထရတာပေါ့၊ ဒီလို နေရာတွေက ဆောင်းတွင်းဆိုရင် နှင်းတွေနဲ့မို့ နေကျင့်မရှိရင် စိတ်ညစ်ကောင်း ညစ်နိုင်ပါတယ်၊ အခုလို ပွင့်လင်းရာသီမှာတော့ တော်တော်လေး အဆင်ပြေပါတယ်၊ အမြဲမြင်နေရတဲ့ ထင်းရူးတော စိမ်းစိမ်းတွေ၊ လေသင့်တိုင်း ရနေတဲ့ ကောက်ရိုးနဲ့ မြေသြဇာ ရနံ့တွေ၊ နားထဲမှာ မကြာခဏ ကြားနေရတဲ့ နွားခလောက်သံတွေနဲ့ နွားအော်သံတွေ... စတာတွေနဲ့မို့ ပုံမှန် နေ့စဉ်ဘဝကနေ လုံးဝကွဲပြား ခြားနားခဲ့တဲ့ ခရီးလေး တစ်ခုလို့ပဲ ဆိုချင်ပါတယ်..။ ။


ညီလင်းသစ်
၎ မေ၊ ၂၀၁၁

28 comments:

Baby taster said...

ပျော်စရာကြီးပဲနော် ကြည့်ရတာနဲ့တင်
တကယ်ရောက်ဖူးချင်တယ်။ တော်သေးတာပေါ့
ကော်ဖီကောင်းကောင်းသောက်ခဲ့ရလို့။ ဒီအရွယ် သားသမီးတွေနဲ့ ခရီးထွက်ရတာပျော်စရာကောင်းတယ်
ဘယ်သွားသွား အပါခေါ်လို့ရတယ်။ ကြီးသွားရင်တော့
လိုင်းမတူဘူးဆိုပြီး နေခဲ့ရေား)

Yuya Mon said...

Beautiful country!!

Anonymous said...

Hi Ko NyiLinThit,

nice to read your post.I am also love travelling and will definitely contact you when I come there. Please guide us as a tour guide.

Cheer
Jasmine

Anonymous said...

ရေတံခွန်ဖက်ကို မတက်ခင်မှာ စားသောက်ဆိုင်မှာ ကော်ဖီသောက်ချင်လိုက်တာနော်။
Mon Petit Avatar

Anonymous said...

တိုးရစ်ဂိုက် လုပ်ပေးချင်တဲ့ စိတ်လေးကိုတော့ လေးစားသွားပြီ။ ပိုက်ဆံ စုလိုက်ဦးမယ်နော်.. bro.

SZH

မောင်မျိုး said...

နိုင်ငံလှလှက လူလှလှလေး လာလည်ဖြစ်ရင် ကြေးနန်းစာ ပို့လိုက်မယ် သွားစရိတ် လာစရိတ် နေစရိတ် အားလုံး ဖရီးပေးနော့်း) ညီအစ်ကိုတွေပဲဗျ ဂလောက်တော့ ဖြစ်တယ်ဟုတ် ။

လာလည်စေချင်တယ်ဆိုတဲ့ အပြောလေးနဲ့တင် ကျေနပ်ပါပြီလေ စိတ်ကူးထဲ သွားလည်လိုက်တာရတာပဲ အစ်ကို့ရဲ့ ဓာတ်ပုံတွေကြည့်ပြီး ။ အမှန်တိုင်းပြောရရင် အားကျတယ် သဘာဝအလှတွေ လတ်ဆတ်တဲ့လေနုအေးတွေကို ထိတွေ့ရှူရှိုက်ခွင့်ရဖို့ဆိုတာကလည်း လွယ်တယ်လို့ထင်ရပေမယ့် ခက်နေတာပါပဲ ။

အစ်ကိုလည်း ခရီးများများသွားဖြစ်ပါစေဗျာ ဒါမှ ကျနော်တို့လည်း ဓာတ်ပုံတွေကြည့်ပြီး ခရီးလိုက်ထွက်လို့ရတာပေါ့ ။

Anonymous said...

ခရီးအေးအေးဆေးဆေးထွက်ရတာသိပ်သဘောကျတယ်။ အားကျမိပါတယ်။
အိုင်အိုရာ

ချော(အစိမ်းရောင်လွင်ပြင်) said...

သဘာဝတရားရဲ့ အလှအပတွေ အားလုံးကို နှစ်သက် သဘောကျမိတယ်။
မြို့ကြီးပြကြီးတွေကို မသွားချင်ဘဲ ခုလို ရှုခင်းလှလှ ကျေးလက် သဘာဝဆန်ဆန် ပကာသနမရှိတဲ့နေရာတွေကို သွားချင်တာ
လာလည်မယ် ကိုညီလင်းသစ်
နော်

Anonymous said...

ကိုညီရိုက်ထားတဲ့ ရှုခင်းတွေတအားလှတယ်... ဒီလိုနေရာမျိုးမှာလည်ပြီး တောင်တက်လျှောက်သွားရတာသဘောကျတယ်။ သိပ်မကြမ်းတဲ့တောင်မျိုးပေါ့။ အဲဒီကကလေးတွေ တော်တော်လမ်းလျှောက်နိုင်တယ်နော်။ ဗမာပြည်က ကလေးတွေနည်းနည်းမှ လမ်းမလျှောက်နိုင်ကြဘူး။ အားကစားလုံးဝမရှိဘူးလေ။

အမြဲနေဖို့တော့ မြို့ကြီးနဲ့ သိပ်မဝေးတဲ့ မြို့ကြီးပတ်ဝန်းကျင်မြို့ပြင်ကတိတ်ဆိတ်တဲ့ရွာ ငယ်လေး...အဲဒီလိုသဘောကျတယ်။ဒါပေမယ့် တောထဲမှာတအိမ်တည်းဖြစ်နေတာမျိုးဆိုရင် တော့ကြောက်တယ်။

သူကတော့ကျမနဲ့ဆို တန်ဒမ်ပဲစီးချင်တယ်တဲ့။ တဘီးစီဆိုကျမကိုပဲစောင့်နေရလို့တဲ့လေ :P

စူးနွယ်လေး

Anonymous said...

လာပါ့ရှင်။ ဗမာတွေသောက်သောက်လဲ အခုဆို ဗမာတွေ(သိတဲ့အတိုင်း ဘယ်ကပိုက်ဆံရမှန်းမသိတဲ့ လူတွေပါ။)ရဲ့တားဂက်က ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်နဲ့ ကိုရီးယားတဲ့။ နွေရာသီဆို လာကြ ဓါတ်ပုံရိုက်ကြ၊ ဖေ့စ်ဘွတ်မှာ တင်ကြနဲ့ ဟုတ်လို့။ ကိုယ်တွေတောင် စဉ်းစားမိတယ်။ ဘယ်လိုလူမျိုးတွေ က ဘယ်လိုမျိုးများပိုက်ဆံတွေရှိလာကြပါလိမ့်လို့။ လူတွေဆင်းရဲတယ်၊ ကုန်ဈေးနှုန်းကြီးတယ်သာပြောတယ် ရှော့ပင်းမောလ်တွေမှာလဲ လူတွေပြည့်လို့။ ဘယ်လောက်လဲဆို အခုနွေရာသီဆို ငါကတော့ ငါ့သားကို ယူကေမှာ ဆမ်းမားစကူးလ် တက်ခိုင်းလိုက်တာ၊ ငါသမီးလေးကိုတော့ ဘယ်နိုင်ငံ ကိုပို့ပြီးလည်ခိုင်းလိုက်တာ ဆိုတာတွေနဲ့ အချင်းချင်း ပြိုင်နေကြတာ။ တကယ့်ကို ရိုးရိုးသားသား လုပ်ကိုင်နေကြတဲ့သူတွေကတော့ ငွေတွင်းက နက်သထက်နက်ပေါ့လေ။ အဲလိုပဲ စင်ကာပူက ဗမာတွေကလဲ အခုဆို ယူရုပ်ပ်ကိုပဲ အပြိုင်အဆိုင် လည်ပြီး ကြွားစရာလိုလုပ်နေကြတော့တာ။

ညီလင်းသစ် said...

မဘေဘီ ...
သားသမီးတွေ ကြီးလာရင် မိဘနဲ့ မလိုက်ချင်တာတော့ အမှန်ပဲဗျို့၊ မိတ်ဆွေတချို့ရဲ့ ကလေးတွေ ၁၃-၁၄ နှစ် လောက် ဆိုရင်ပဲ ခရီးအတူ မထွက်ချင်တော့ဘူး..၊

Yuya Mon ...
Thanks for your visit!

Ma Jasmine ...
Sure..!!! Please do come and let me know!

Mon Petit Avatar ...
အဲဒီဆိုင်ကတော့ ကော်ဖီတကယ် ကောင်းတယ်ဗျ..၊း)

SZH ...
များများသာစုဗျို့..၊ ဒီဂိုက်က ဈေးကြီးတယ်..ဟားဟား၊

မောင်မျိုး ...
ကျနော်လည်း ထီတွေ လှမ့်ထိုးမှပဲနဲ့ တူတယ်ဗျ၊ ဒါမှ ထီပေါက်ရင် သူငယ်ချင်းတွေကို Airbus A380 စင်းလုံး ငှားပြီး ဖိတ်လို့ရမှာ...၊းD

မအိုင်အိုရာ ...
အေးအေးဆေးဆေး ထွက်ရတဲ့ ခရီးတိုင်းဟာ အမြဲလိုလို ပျော်ရွှင်၊ ကြည်နူးဖို့ ကောင်းတယ်နော်..၊

မချော ...
လာသာ လာပါဗျာ၊ ကျနော် တတ်နိုင်တာ ကူညီပါ့မယ်။

ညီလင်းသစ် said...

မစူးနွယ် ...
ဟုတ်တယ်နော်၊ တချို့ကလေးတွေ အတော် လမ်းလျှောက်နိုင်ကြတယ်၊ အလေ့အကျင့်ပဲ ထင်ပါရဲ့၊ အိမ်နေရာ ရွေးတာမှာ ကျနော်တို့ တွေးပုံချင်းတော့ တူနေပြီဗျို့၊ ကျနော်လည်း မြို့လေးတစ်ခုနဲ့ မနီးမဝေး မှာနေရတာ ကြိုက်တယ်၊ မစူးနွယ်ရဲ့ “သူ”က စိုင်းထီးဆိုင်ရဲ့ “မောတော့မောတာပေါ့၊ ဒါပေမယ့် မမောဘူး” သီချင်းထဲလို ဖြစ်ချင်လို့ နေမှာပါဗျာ၊းD

အမည်ဝှက်စာဖတ်သူ ...
ဟုတ်ပါတယ်၊ အဲဒီလို လာလည်ကြတဲ့ လူအချို့ အကြောင်း ကျနော်လည်း ကြားဖူးတယ်ဗျ၊ ငွေကို ရေလိုသုံးနေကြတဲ့ လူတွေအဖို့တော့ ဒီနိုင်ငံတွေကို အကြိမ်ကြိမ်လည်ဖို့ အလွယ်လေးပါပဲ၊ ကျနော့်ရဲ့ ဆန္ဒမှန်က လက်တဆုပ်စာတင် မဟုတ်တဲ့ လူအများစု ကို လည်စေချင်တာပါ..။

Anonymous said...

ကော်ဖီကောင်းကောင်းရတဲ့ ဆိုင်လေး တွေ့သွားပြီဆိုတော့ ဝမ်းသာသွားတယ်။
မြက်ခင်းစိမ်းစိမ်း ရှုခင်းကောင်းကောင်း နောက်ခံနဲ့ သားသားပုံ အနီးကပ်လှလှလေး တစ်ပုံလောက် တင်ပေးဖို့ တောင်းဆိုပါတယ် ;)

ဒါနဲ့ ကျွန်တော့်ကို (ကို)တပ်မခေါ်ပါနဲ့ဗျာ။ အကို့ထက် အသက်ရော ဝါရော (Single) ငယ်ပါတယ်ဗျာ။

တောင်ငူသား

Anonymous said...

Himmm........
I've same wish like you for our common people(more than fistful tourists)whenever i saw buses of asian tourists around 3 leg chair of UN square.Anyway thanks again for sharing.I accompany with your trip by reading the post.Family went trip together 10 years ago but as baby taster said now.
Gyidaw

SHWE ZIN U said...

မိုက်တယ်ဗျို့

သိန်းတထောင် ပေါက်ရင်တော့ ဂိုက်လုပ်ဖို့သာပြင်ထားပေတော့

Anonymous said...

ဂိုက်လုပ်ပေးမယ်ဆိုလို့ ၀မ်းသာပါတယ် .. ထီမပေါက်သေးတာက ခက်တယ် ..

mie nge

Anonymous said...

ခုနောက်ပိုင်း အိန္ဒိယ က လူတွေ ပိုချမ်းသာလာပုံရတယ် ကျမတို့ နိုင်ဂါရာရေတံခွန်ဆီ သွားလည်တုန်းကလည်း လာသမျှ တိုးရစ်စ်ထဲမှာ အဲက လူတွေ တော်တော်လေးတွေ့ရတယ်

mie nge

ညိမ်းနိုင် said...

toto ပြေးထိုးလိုက်ဦးမယ်ဗျာ.....၁သိန်းလောက်ပဲပေါက်...၊
လာလည်ပြီးသားပဲ...၊ဟင်း...အဲ့တော့မှ အလုပ်မအားလို့ပါ
ဘာဘာညာညာမပြောကြေးဗျနော်....:D

...အလင်းစက်များ said...

လာချင်တယ် တိုးဂိုက်လုပ်ပေးမယ်ပြောလို့  ..... :P

Shinlay said...

သဘာ၀၇ှုခင်းတွေက တကယ့်ကိုလှပါတယ်။
မိသားစုတွေလျှောက်လည်ရတာပျော်စရာကြီး။
နောက်တခါလာရင်ကြိုပြောမယ်နော်။

Myanmar Good Knowledg Co., Ltd said...

ခရီးစဉ်ကတော့ အားကျစရာတွေချည်းပါလား။
ပို့စ်ဖတ်ပြီး ဓါတ်ပုံတွေကြည့်ရတာနဲ့တင် စိတ်ချမ်းမြေ့ရတယ်နော်။
ကိုညီလင်းသစ်ရေ
ဈေးကြီးတယ်ဆိုတော့ ကျွန်မတော့လက်လျှော့လိုက်ပြီ။
ဒါပေမယ့်ကျွန်မရဲ့ သားလေးကြီးရင်တော့ လက်ခံမယ်ဆိုရင် ဟုမ်းမ်စတေး နဲ့သွားလည်ခိုင်းမယ်။
ကော်ဖီကောင်းရင် နှစ်ခွက်သောက်တဲ့နည်းပြောရမလား။
ပထမတစ်ငုံကောင်းရင် ဂွပ်ဂွပ်ဆိုပြီး အားရပါးရသောက်တယ်။
ဒုတိယတစ်ခွက်မှာတစ်ငုံချင်း လည်ချောင်းကို ရှင်းစေတယ်။
ပြောဖို့မေ့သွားတယ် ကိုညီလင်းသစ်ရဲ့ သားလေးက ပျော်မပျော်တော့ မသိဘူး ပုံတိုင်းပြုံးနေတာပဲ။

Anonymous said...

ကိုညီ

လိပ်စာပေး ၊ ဒီနွေကျောင်းပိတ်ရက် သြဂုတ် လထဲမှာ ဆွစ် (Zürich )ကိုလာဘို့ သူငယ်ချင်းတွေနဲ့ ဒိတ်ထားတယ် ။ ထွက်မပြေးကြေး ။

ပုံမှန်စာဖတ်သူ

Raymond.Kyaw Minn Naing said...

တော်တော်လှတဲ့နေရာပဲဗျနော်။ လူမရောက်ဖူးချင်နေပါဗျာ.. ကင်မရာလေးပို့လိုက်ပါရစေ.:P

ညီလင်းသစ် said...

တောင်ငူသား ...
အေးဗျာ၊ ကျနော်လည်း အဲဒီတော့မှ ကော်ဖီကောင်းကောင်း သောက်ရတော့တယ်၊ သားပုံတွေ တင်ပေးပါ့မယ်..၊

ဂျီးဒေါ် ...
ဟုတ်တယ်နော်၊ အထူးသဖြင့် အာရှကလာတဲ့ တိုးရစ်စ် တွေတွေ့ရင် မြန်မာတွေလည်း ဒီလိုလည်နိုင်ခဲ့ရင် ဆိုတဲ့ စိတ်ကလေး ဝင်လာတတ်တယ်..၊

မရွှေစင် ...
သိန်းတထောင် ဆိုရင်တော့ ဂိုက်လုပ်ခကိုလည်း မြှင့်ရတော့မှာပဲ....၊း)

မ mie nge ...
လုပ်တော့လေ..၊ ကံထမ်းလာတာ မမြင်ရဘူး-ဆိုလား လမ်းထဲမှာ ထီသည်တွေ လာ,လာအော်တာ ကြားဖူးတာ ပဲ..၊းD

ကိုညိမ်းနိုင် ...
အာ..မပြောပါဘူး၊ စိတ်သာချ..၊ ကံထူးရှင်ကို ကပ်စား.. အဲ.. ဧည့်ဝတ်ကြေဖို့ ကြိုးစားရမှာပေါ့၊း)

အလင်းစက်များ ...
ဟုတ်တယ်၊ ခပ်တည်တည်နဲ့ ဖိန့်..အဲ.. သိသလောက် ပြောပြချင်ရုံ သက်သက်ပါ၊း)

မ,ရှင်လေး ...
ဟုတ်ကဲ့..၊ ကြိုပြောတော့ တွေ့လို့ရတာပေါ့၊ ဘာမှလည်း မဝေးပါဘူး၊

မ,ကောင်းမွန်ဝင်း ...
ဂျပန်မှာ အလုပ်လုပ်တဲ့ လူတွေအတွက် ဒီလောက်တော့ ဈေးကြီးပုံ မရပါဘူး၊ ဒီမှာ ဂျပန်ဧည့်သည်တွေ တချိန်လုံး တွေ့နေရတာပဲ၊း) သားက သူ့အမေနဲ့အဖေ ကိုလည်း အတူပါစေချင်မှာပေါ့၊ ကော်ဖီသောက်နည်း မှတ်လိုက်ပြီဗျို့၊ နှစ်ထပ်ရှိတော့ မှတ်မိတဲ့ နည်းပဲ၊း)

ပုံမှန်စာဖတ်သူ ...
သြဂုတ်လ.. ဟုတ်လား၊ အိုကေ.. ဘယ်အချိန် ပုန်းနေရ မလဲ သိသွားပြီ..ဟားဟား၊ နောက်တာပါဗျာ၊ Zurich ရောက်မှတော့ Lausanne ဖက်ကိုပါ လာခဲ့လေ၊ နဲနဲလေး ရက်ကြိုသိနိုင်ရင် အဆင်ပြေတာပေါ့၊

ကိုကျော်မင်းနိုင် ...
ကင်မရာလေး ပို့လိုက်ချင်တဲ့ စိတ်ကူးလေးတော့ သဘောကျ သွားပြီဗျို့၊ လူလည်း မရောက်နိုင်စရာ မရှိပါဘူးဗျာ၊ တနေ့နေ့ဆိုတာ ဖြစ်နိုင်တာပဲ မဟုတ်လား။

ဘာနေ said...

ကိုယ်တိုင် အဲ့ခရီးရောက်သွားသလိုပဲ ဗျာ စာနဲ့ပုံနဲ့ တွဲပြီး ဖတ်လိုက်ရတော့ စာဖတ်ရင်း လမ်းလျှောက်နေသလိုပဲ .း) ကျေးဇူးဗျာ .. ခုလိုတွေ တင်ပေးတော့ ဗဟုသုတ ရတာပေါ့ဗျာ ..

ညီလင်းသစ် said...

ကိုဘာနေ ...
နှစ်သက်တာ သိရလို့ ဝမ်းသာပါတယ်၊ ကျေးဇူးပါဗျာ..။

Angelhlaing(May everybody be happy and healthy! said...

သင်တန်းလေးရှိလို့ အလာနောက်ကျတယ်အကို..:):)
ကြည်နူးစရာ ခရီးစဉ်လေး ဖြစ်ခဲ့ရမယ် ထင်ပါတယ်.
အားကျထှာနော်....
ကျေးဇူးပါအကိုရေ မျှဝေပေးလို့...
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညီလင်းသစ် said...

Angelhlaing ...
အဆင်ပြေသလို လာသာလာပါ ညီမရေ့...၊ ကွန်မန့်အတွက်လည်း ကျေးဇူးတင်ပါတယ်နော်...။