26 October 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၄)


ဂျာမနီက မိတ်ဆွေတွေအိမ်မှာ ရှိနေတုန်း ကျနော့်မှာ ဒုက္ခရောက်လိုက် သေးတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ချောင်းတွေဆိုးပြီး အသံဝင်သွားတာပါ၊ ဟိုတလောဆီက ကျနော်ဖျားချင်နေခဲ့တယ်၊ ဒီအကြောင်း ပို့စ်တစ်ခုတောင် ရေးလိုက်ပါသေးတယ်၊ ဒါပေမယ့် ကျနော်လိုချင်တဲ့ ကွေးလို့ကောင်းရုံ၊ အဖျားငွေ့ငွေ့လေး ရှိရုံ တုပ်ကွေးတော့ ဖြစ်မလာဘူး၊ အဲဒါအစား ချောင်းတွေ အကြီးအကျယ်ဆိုးပြီး အသံပဲ ဝင်သွားတယ်၊ ပြောရရင် သူတို့ဆီကို သွားနေတဲ့ လမ်းမှာကတည်းက ချမ်းစိမ့်စိမ့်နဲ့..၊ အဲဒီရက်တွေမှာ ရာသီဥတုကလည်း အတော်လေး ဆိုးတယ်လို့ ပြောရမယ်၊ ဟိုကိုလည်း ရောက်ရော အသံလည်း ပျောက်ရော..၊ ပျောက်တာမှ တကယ့်ကို ဘာသံမှ ထွက်မလာ တော့တာ၊ မန်ဒါလီသံ တောင်မှ မထွက်တော့ဘူး၊ အဲဒီလောက်အထိ..၊ ပြီးတော့ ချောင်းကလည်း ဆက်တိုက်နီးပါး ဆိုးသေးတယ်..၊

ကျနော့်မှာ အသံဝင်တာမျိုး သိပ်မဖြစ်ဖူးပါဘူး၊ မှတ်မိနေသေးတာက ၈၈ တုန်းက တကြိမ်..၊ ဒါပေမယ့် အဲဒီတုန်းက မြန်မာတနိုင်ငံလုံး နီးပါး အသံဝင်ကြတာ ဆိုတော့ ထားပါတော့၊ ကိုယ့်မှာ အသံမရှိတော့ ထမင်းဝိုင်းမှာ စကားပြောကြတဲ့ အခါ ဘာမှဝင်ပြီး မပြောနိုင်ဘူး၊ ဒီလိုပဲ နားထောင်သူ သက်သက်...၊ သူများအိမ်မှာ ဧည့်သည်သွားလုပ်ပါတယ် ဆိုမှ တေမိမင်းသား လုပ်နေရတဲ့ အဖြစ်..၊ ဖြစ်ပုံများ ပြောပါတယ်..၊ ဒါနဲ့ အိမ်ရှင်တွေလည်း မနေသာတော့ဘဲ ကျနော့်ကို ဆေးတိုက်ရ တော့တယ်၊ အောက်ကပုံမှာ တွေ့ရတဲ့ Propolis ဆိုတဲ့ ဆေးပါ...၊


Photobucket

အရင်က ဒီဆေးကို ကျနော်တခါမှ မကြားဖူးခဲ့ဘူး၊ Propolis ဆိုတာ တကယ်တော့ ပျားတွေဆီကနေ ရတာပါ၊ ဒီဟာကို ပျားတွေ ထုတ်လုပ် ပုံနဲ့ အသုံးချပုံက စိတ်ဝင်စားဖို့ ကောင်းတယ်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင်၊ သစ်အယ်ပင် စတဲ့ အပင်တွေရဲ့ အဖူး၊ အငုံကနေ သစ်စေးလို စေးကပ်ကပ် အရာတမျိုးကို လုပ်သားပျားတွေက ယူလာတယ်၊ ပျားအုံကို ရောက်တော့ ဒီသစ်စေးကို သူတို့ရဲ့ခံတွင်းကနေ ထွက်တဲ့ အရည်တမျိုးရယ်၊ ပျားဖယောင်းရယ်နဲ့ ရောနယ်ပြီး အင်္ဂတေအဖြစ် သုံးပါတယ်၊ ပျားအုံရဲ့ အပေါက်တွေ၊ အကွဲကြောင်းတွေကို ဒီစေးကပ်ကပ် အင်္ဂတေနဲ့ ပိတ်တယ်၊ နောက်တခါ ဒီ Propolis ကို ပိုးသတ်ဆေး အဖြစ်လည်း ပျားတွေက သုံးပါသေးတယ်၊ ပျားအုံထဲမှာ ကြွက်လိုမျိုး ခပ်ကြီးကြီး အကောင်တွေ လာပြီး သေတဲ့အခါ လုပ်သားပျားတွေက အပြင်ကို သယ်ထုတ်ဖို့ မစွမ်းပါဘူး၊ အဲဒီလိုအခါမှာ propolis ကို သုံးပြီး အဲဒီအကောင်ကို မံလိုက်တယ်၊ အီဂျစ်က ဖာရိုဘုရင်တွေကို မံမီ ဆေးစိမ်သလို ပါပဲ၊ အဲဒီအခါ propolis မှာပါတဲ့ antiseptic ပိုးသတ်ဆေး သတ္တိကြောင့် ကြွက်သေဟာ မပုပ်မသိုးဘဲ ရှိနေတဲ့ အတွက် ပျားအုံထဲမှာလည်း ပျားတွေ ဆက်နေနိုင် ပါတယ်၊

ဒီ propolis ကိုယူဖို့အတွက် ပျားအုံတွေထဲကို ဒီအတွက် ရည်ရွယ်တဲ့ သတ္တုချောင်း၊ သံဇကာကွက် စတဲ့ အရာတွေ ထည့်ထားလိုက်ပါတယ်၊ အဲဒီအခါ ပျားတွေက ပြင်ပက ရောဂါပိုးတွေ သူတို့ပျားအုံကို မကူးစေဖို့အတွက် propolis ကို လာပြီး လိမ်းကျံလိမ့်မယ်၊ ပြည့်သွားတဲ့အခါ ထုတ်ယူလိုက်ရုံ ပါပဲ၊ တချို့ကလည်း ပျားမွေးမြူရေး စခန်းတွေမှာ ပျားရည် ထုတ်ယူပြီးတဲ့အခါ တဆက်ထဲ ဆက်ပြီး ခြစ်ယူပါတယ်၊ အိမ်ရှင် လင်မယားက ကျနော့်ကိုလည်း ပုလင်းလေး တစ်ပုလင်း လက်ဆောင် ပေးလိုက်တယ်၊ propolis ဟာ ဖျားနာတဲ့အခါ၊ ချောင်းဆိုး အသံဝင် တဲ့အခါ၊ အအေးမိတဲ့ အခါတွေမှာ ရေနွေးထဲကို လေးငါးစက်လောက် ချပြီး သောက်လို့ရတဲ့ အပြင် အရေပြားမှာ တခုခု ပြတ်ရှတဲ့အခါလည်း ဂွမ်းနဲ့ အုပ်ထားလိုက်ရင် ချက်ချင်းသွေးတိတ်ပြီး ပိုးသတ်ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်...၊


သူတို့ပေးတဲ့ ဆေးပုလင်းလေး ယူပြီး တတိယမြောက် ရက်မှာတော့ မထွက်ချင်ထွက်ချင် ဖြစ်နေတဲ့ အသံလေးကို ညှစ်ထုတ်နှုတ်ဆက်ပြီး ကျနော်တို့ ပြန်လာခဲ့ပါတယ်၊ သူတို့အိမ်က ကားထွက်တော့ သားကို ကျနော်တို့က အံ့သြစရာ တစ်ခု စီစဉ်ထားတယ်လို့ ပြောလိုက်တယ်၊ သူ့မျက်လုံးလေးတွေ ချက်ချင်းပဲ အရောင်တောက်လာပြီး ဘာလဲလို့ အတင်း လိုက်မေးတယ်၊ Surprise ဆိုရင် သူ့အတွက် လက်ဆောင်၊ ဒါမှမဟုတ် ဝမ်းသာစရာပဲ ဆိုတာ သားက အတပ်သိ ပါတယ်၊ ကျနော်က အခု အိမ်မပြန်သေးဘဲ Europa Park သွားမယ်လို့ ပြောလိုက်တော့ သူ့မျက်နှာမှာ မယုံနိုင်ခြင်းနဲ့ ဝမ်းသာခြင်း တွေ ရက်ဖောက်လွန်းထိုးပြီး ပျော်သွားလိုက်တာ ဆိုတာ...၊ အမှန်တော့ ခရီးစဉ် အစကတည်းက ပြောထားမိရင် သူများ အိမ်မှာလည်း 'သွားမယ်လေ၊ သွားမယ်လေ' နဲ့ တချိန်လုံး ဂျီကျနေမှာ စိုးလို့ အခုမှ ပြောလိုက်တာပါ၊

အင်တာနက်ကနေ ဘွတ်ကင်လုပ်ထားခဲ့တဲ့ Bed & Breakfast (B&B) အိမ်ကလေးဆီကို တန်းသွားကြတယ်၊ ဒီတခါတော့ GPS က ချော ချောမောမောပဲ လမ်းပြတယ်၊ Europa Park က Darmstadt ကနေ ဆွစ်နယ်စပ်ကို ပြန်အလာ လမ်းတဝက်လောက်က Rust ဆိုတဲ့ မြို့ကလေးမှာ ရှိပါတယ်၊ ကျနော်တို့ တည်းမယ့် အိမ်ကလေးရှေ့ကိုလည်း ကားရပ်လိုက်ရော ဥရောပမှာ တွေ့ရခဲတဲ့ ငှက်ပျောပင်တွေ အများကြီး တွေ့လိုက်တော့ ကျနော် အံ့သြပြီး ပျော်သွားတယ်၊ စိမ်းစိမ်းစိုစိုနဲ့ ငှက်ပျောတောလေးက ချစ်စရာ ကောင်းလိုက်တာ..၊ ဒီတချက် ထဲ နဲ့တင် ဒီအိမ်မှာ တည်းရတာ တန်နေပြီလို့တောင် ပိုပိုသာသာလေး တွေးလိုက်မိ သေးတယ်၊


Photobucket

ဒီအိမ်လေး အကြောင်းကို ကျနော်တို့ဘာမှ ကြိုမသိပါဘူး၊ Trip Advisor ဝက်ဘ်ဆိုဒ်မှာ ကွန်မန့်တွေဖတ်၊ ဓါတ်ပုံတွေ ကြည့်ပြီး နံကြား ထောက် ရွေးလိုက်တာ..၊ အခုတော့ အရွေးမှန်တယ်လို့ ပြောရမယ် ထင်တယ်၊ အိမ်ရှင် အမျိုးသမီးက ကနေဒါနိုင်ငံ Québec ပြည်နယ်ကဆိုတော့ ပြင်သစ်စကားသံ ဝဲဝဲလေးနဲ့ အတော်ဖော်ရွေတယ်၊ သူ့အမျိုးသား ဂျာမန်လူမျိုးနဲ့ အကြောင်းပါပြီး အခုလို ဒီမှာ တည်းခိုဆောင်လေး ဖွင့်ထားတာလို့ သိရတယ်၊ အိပ်ခန်းလေး ၅ ခန်းပဲ ရှိတဲ့ အနက်မှာ ကျနော်တို့က အပြင်ဖက်က အခန်းလေးကို ယူလိုက်တယ်၊


Photobucket

ကြည့်ရတာ အရင်တုန်းကတော့ မြင်းဇောင်း ဖြစ်ခဲ့တဲ့ ပုံပါပဲ၊ အခုတော့ ရေချိုးခန်း၊ အိမ်သာ တွဲလျက် သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေး...၊


Photobucket

Halloween ပွဲကလည်း နီးလာပြီဆိုတော့ ခြံဝင်းထဲမှာ ကောက်ရိုးထုံးတွေချ၊ ဖရုံသီးတွေခင်းနဲ့ ပြင်ဆင်နေကြတယ်၊


Photobucket

ဖရုံသီးကတော့ အရောင်စုံ၊ အရွယ်စုံပါပဲ၊ တချို့ကို ဟင်းချိုလုပ်သောက်ပြီး တချို့ကိုတော့ ပုဇွန်လေးနဲ့ ချက်လိုက်ရရင် ကောင်းမယ်လို့ တွေးလိုက်သေးတယ်၊ သြော်..သူများတွေ အလှအပ ပြင်ထားပါတယ်ဆိုမှ.. ငါ့နှယ်နော်.. အရေးထဲ..၊း)


Photobucket

ဒီအိမ်လေးကို ရွေးရတဲ့ အဓိက အချက်ထဲမှာ Europa Park နဲ့ ငါးမိနစ်စာ လမ်းလျှောက်ရုံ အကွာအဝေးမှာ ရှိတာလည်း ပါ,ပါတယ်၊ တကယ်လျှောက်တော့လည်း ၅ မိနစ်ပဲ ကြာပါတယ်၊ ကျနော်တို့က မနက် ၁၁ နာရီခွဲမှာ ရောက်လို့ အခန်းမှာ ပစ္စည်းချပြီးတာနဲ့ တခါထဲပဲ ကစားကွင်းကို တန်းသွားလိုက်ပါတယ်၊ အပေါ်ပုံက ဟိုရောက်တာနဲ့ ပထမဦးဆုံး စီးဖြစ်တဲ့ ရိုလာကိုစတာပါ၊ သားက လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက ရိုလာကိုစတာ စီးချင်တယ် ပူဆာနေခဲ့တယ်..၊ ဒီကိုလာမယ်လည်း ပြောလိုက်ရော ရိုလာကိုစတာ ဆိုတဲ့ စကားလုံးကို ၂ မိနစ် တစ်ကြိမ်လောက် ပြောနေတော့တာပဲ၊ ဒါနဲ့ပဲ ၄ နှစ်သား ကလေးတွေပါ စီးလို့ရတဲ့ ဒီရိုလာကိုစတာနဲ့ စ,ဖွင့်လိုက်တယ်..၊


Photobucket

နောက်တော့ ဒီလှေကလေးတွေ သွားစီးကြတယ်၊ ပန်းဥယျာဉ်လေးတစ်ခု ထဲမှာ ကွေ့ကွေ့ကောက်ကောက် မြောင်းကြီးတွေ တူးထားပြီး ရေဒလက်နဲ့ ရေတွေကို စီးစေပါတယ်၊ ရေစီးအရှိန်နဲ့ ဒီလှေအိမ်လေးတွေက ရွေ့သွားကြတယ်၊ ကလေးကြိုက် မြူးမြူးကြွကြွ သီချင်းတွေ ဖွင့်ထားပြီး ဘေးတဖက်တချက် မှာတော့ ကာတွန်းဇတ်ကောင် ပန်းပုရုပ်တွေ ရှိပါတယ်၊


Photobucket

ပီနိုကီယို (Pinocchio) အရုပ်ကိုတွေ့တော့ သားက ကျနော်တို့ကို လှည့်ကြည့်ပြီး သူ့နှာခေါင်း သူပြန်ကိုင် ပြတယ်၊ ပြီးတော့ 'သားသား မလိမ်ဘူးနော်' ဆိုပြီး နောက်တီးနောက်တောက် လျှောက်လုပ်နေတယ်..၊


Photobucket

စပျစ်သီး ချဉ်တဲ့ မြေခွေးကလည်း အဲဒီမြောင်းကြီးရဲ့ နဖူးမှာ ... ...၊


Photobucket

Europa Park ဆိုတဲ့အတိုင်း ဥရောပနိုင်ငံတွေ အလိုက် ရပ်ကွက်လေးတွေ လုပ်ပေးထားပါတယ်၊ စပိန်ရပ်ကွက်၊ ပြင်သစ်ရပ်ကွက်၊ နယ်သာလန် ရပ်ကွက် အစရှိသဖြင့်ပါ၊ အဲဒီရပ်ကွက်တွေမှာလည်း ကိုယ်စားပြု နိုင်ငံတွေရဲ့ အထင်ကရ ပုံစံ၊ အရောင်၊ သင်္ကေတ စတာတွေကို လုပ်ထားတယ်၊ အပေါ်ပုံကတော့ အီတာလျံ ရပ်ကွက်ပါ၊ ဗင်းနစ်လို လုပ်ထားတာ သတိပြုမိ ပါလိမ့်မယ်..၊


Photobucket

အီတလီမှာ နာမည်ကြီးတာတွေထဲက တစ်ခုက ရေခဲမုန့်နဲ့ အချိုအစိမ့်တွေ ပါတဲ့ မုန့်တွေ မဟုတ်လား၊ သူ့အရပ်နဲ့ သူ့ဇတ်ဆိုတော့ ချန်ထားခဲ့လို့ ဘယ်ဖြစ်မလဲ၊ ဒီတော့လည်း ကျနော်တို့က ရောမကိုရောက်တော့ ရောမလို ကျင့်ပြီး ဝယ်စားလိုက် ရတာပေါ့လေ..၊း)


Photobucket

အီတလီရပ်ကွက်က အထွက်မှာ တွေ့ရတဲ့ ခြေနင်းယာဉ်ပျံပါ၊ အီတာလျံလူမျိုး နာမည်ကျော် ဒါဗင်ချီရဲ့ တီထွင်မှုလို့ နာမည်ပေး ထားတယ်၊ ဒါဗင်ချီဆိုတဲ့ လူကလည်း သိပ္ပံပညာမှာကော အနုပညာမှာပါ ခံစားမှု အားကောင်းပြီး ထူးချွန်ခဲ့သူ မဟုတ်လား၊ သူတီထွင်ခဲ့တဲ့၊ ဖန်တီးခဲ့တဲ့ စက်မှုပညာ၊ အနုပညာတွေက နည်းမှ မနည်းပဲ၊ ဒီယာဉ်ကိုတော့ စက်ဘီးနင်းသလိုပဲ ခြေနင်းနဲ့ နင်းပြီး ပတ်ဝန်းကျင်ကို အပေါ်စီးကနေ လျှောက်ကြည့်လို့ ရပါတယ်၊


Photobucket

စီးဖြစ်တာတွေကတော့ အများကြီးပါပဲ၊ ဒါပေမယ့် ရိုလာကိုစတာလို ဟာမျိုးတွေက အမြန်နှုန်း၊ အမြင့်ပေါ် မူတည်ပြီး အသက်ကန့်သတ်ချက် ရှိပါတယ်၊ လက်ရှိ Europa Park မှာ ရိုလာကိုစတာ ၁၀ စင်း ရှိပါတယ်၊ အပေါ်ပုံထဲက နောက်ခံမှာ ဆောက်နေတာက ၁၁ စင်းမြောက်ပါ၊ သစ်သားချည်းသက်သက်နဲ့ ဆောက်တဲ့ ပထမဦးဆုံး ရိုလာကိုစတာ လို့ ဆိုတယ်၊ လောလောဆယ် ၁၀ ခုထဲမှာက ၄ နှစ်အရွယ် ကလေးတွေ စီးလို့ရတာ ၃ ခု ရှိပါတယ်၊ အဲဒီထဲမှာ အပေါ်က ရေလွှာလျှောဟာလည်း တစ်ခုအပါအဝင်ပါ၊


Photobucket

ပုံမှာ တွေ့ရတဲ့အတိုင်း ဆင်းလာတဲ့ အရှိန်က အတော်လေး များပါတယ်၊ အဲဒါကြောင့် ထင်တယ်၊ ဒီတစ်ခုကိုတော့ သားက နည်းနည်းကြောက် သွားတယ်၊ နောက်တစ်ခေါက် ပြန်မစီးတော့ဘူး-တဲ့၊ ဒါကိုကြားမှ သားမေမေလည်း ဘေးကနေ သက်ပြင်းချနိုင် တော့တယ်၊ သူကလည်း သားနဲ့အတူ ရောပြီး ကြောက်နေတာကိုး..၊ တချို့နေရာတွေမှာ သူကတောင် နည်းနည်း ပိုကြောက်နေမလား မသိဘူး...၊း) သားဖေဖေကတော့ ထပ်စီးချင်နေသေးတဲ့ စိတ်ကို တိတ်တိတ်ကလေးပဲ မျိုချလိုက်ရ တော့တယ်..၊


Photobucket

ဒါကတော့ မြင်တာနဲ့ တန်းသိနိုင်တဲ့ အင်္ဂလိပ် ရပ်ကွက်ပါပဲ၊ Europa Park မှာ Disneyland နဲ့မတူတာက Walt Disney ကာတွန်းဇတ်ကောင်တွေရဲ့ အရိပ်အငွေ့တွေ သိပ်မတွေ့ရ တာပါပဲ၊ Disneyland ကတော့ သူ့ရဲ့ ရုပ်ရှင်တွေနဲ့ ဆက်နွယ်နေတဲ့ ဇတ်ရုပ်တွေ၊ နေရာတွေနဲ့ စည်ကားတာ မဟုတ်လား၊ ဒီမှာကတော့ 'ကြားနေ' ဇတ်ကောင်တွေကို တတ်နိုင်သလောက် သုံးထားပြီးတော့ နိုင်ငံတွေရဲ့ ဝိသေသ လက္ခဏာတွေနဲ့ အားဖြည့်ထားတယ်...၊


Photobucket

ကလေးတိုင်းက လည်ပြန်ငေး၊ လက်ညှိုး တထိုးထိုးနဲ့ ပူဆာကြတဲ့ သကြားလုံး လက်တွန်းဘီးလေး တွေပါ..၊


Photobucket

ဂရိရပ်ကွက်က လူကြိုက်များတဲ့ ရေပေါ်၊ လေပေါ်သွား ရိုလာကိုစတာ မော်တော်တွေပါ၊ ဒီဟာကတော့ အသက်ကန့်သတ်ချက် ၆ နှစ်နဲ့ အရပ်အမြင့်က ၁.၂ မီတာ ဖြစ်လို့ သားက ဘေးကနေပဲ ငေးကြည့်ခဲ့ရတယ်..၊ အဲဒီလို မသတ်မှတ်ထားရင်လည်း တကယ်စီးဖြစ်ရင် သူ ကြောက်မှာပါပဲ၊ အကွေ့အကောက် အတက်အဆင်းတွေ များတဲ့အပြင် တော်တော်လည်း မြန်ပါတယ်၊


Photobucket

ရုရှားရပ်ကွက်က နောက်ထပ် ရိုလာကိုစတာ တစ်ခုပါ၊ ဒီဟာကလည်း အကွေ့အဝိုက်တွေ များတဲ့အပြင် မြေပြင်ကနေ အတော်လေးလည်း မြင့်ပါတယ်၊ နောက်ပြီးတော့ ထိုင်ခုံတွေက ရှေ့အတည့်ထိုင်ရတဲ့ ခုံတွေရော၊ နောက်ပြန်ထိုင်ရတဲ့ ခုံတွေရော ပါ,ပါတယ်၊ သားအတွက် အသက်ကန့်သတ်ချက် ရှိလို့ ကျနော်တော့ မစီးဖြစ်ခဲ့ ပါဘူး၊ ကျနော့်အထင်တော့ နောက်ပြန်ထိုင်စီးရင် ကြိုပြီး မမြင်ရတဲ့ အနိမ့်အမြင့်တွေ ကြားမှာ ပိုပြီး အသည်းအေးစရာ ကောင်းမယ် ထင်ပါတယ်၊


Photobucket

နေ့လယ်ပိုင်းတွေမှာ ကာတွန်းဇတ်ကောင်တွေလို ဝတ်ထားတဲ့ မျက်နှာဖုံးစွပ် ဝန်ထမ်းတွေက Europa Park အနှံ့ လျှောက်သွားပြီး ကလေးတွေကို နှုတ်ဆက်ကြ ပါတယ်၊ တချို့တွေကလည်း အပေါ်ကပုံမှာ တွေ့ရတဲ့အတိုင်း ကလေးတွေနဲ့ အဖော်လုပ်ပြီး စီးကြတယ်၊ ဒီဝန်ဆောင်မှုကတော့ ကျနော့်အတွက် တကယ်ပဲ သက်သာရာ ရစေပါတယ်၊ ကျနော်က အခုလို ချာချာလည်တဲ့ ယာဉ်မျိုးတွေ စီးရင် ချက်ချင်းပဲ ခေါင်းမူးတတ်ပြီး နောက်ထပ် ၃ ရက်လောက်အထိ မပျောက်ဘဲ ရှိတတ်တာကိုး..၊း)


Photobucket

ကလေးတွေကတော့ ဒီ မျက်နှာဖုံးစွပ် ကာတွန်းဇတ်ကောင် ဝန်ထမ်းတွေကို ပြေးပြေးပြီး ဖက်ကြတယ်၊ ကလေး မပြောပါနဲ့၊ ကျနော်တောင် သူတို့ရဲ့ မျက်နှာပြုံးပြုံးကြီးတွေ ကြည့်ပြီး သွားဖက်ချင်စိတ် ပေါက်တယ်၊း) ဒီမျက်နှာဖုံးနဲ့ ဒီဝတ်စုံအောက်မှာ အသားဖြူတဲ့ လူတစ်ယောက် ရှိချင်ရှိမယ်၊ အသားမည်းတဲ့ လူတစ်ယောက် ရှိချင်ရှိမယ်၊ ဒီလူဟာ အသက်ကြီးသူ ရုပ်ခပ်ဆိုးဆိုး ဝန်ထမ်းတစ်ယောက် ဖြစ်နိုင်သလို ငယ်ရွယ်နုနယ်တဲ့ မိန်းမပျိုလေးလည်း ဖြစ်နိုင်ပါတယ်၊ ဘယ်လိုလူစားပဲ ဖြစ်ဖြစ်၊ လူတွေက စိတ်မဝင်စားဘူး၊ အပြစ်ကင်းစင်တဲ့ မျက်နှာဖုံးက အမြဲတသမတ်ထဲ ပြုံးနေတဲ့အတွက် လူတိုင်းကလည်း သူတို့ကို တွေ့တာနဲ့ အလိုလို ပြုံးမိပြီး ချစ်ခင်စိတ်တွေ ပေါ်လာကြ ပါတယ်၊ ရိုးသားပြီး အရောင်မရှိတဲ့ အပြုံးတစ်ခုဟာ နောက်ထပ်အပြုံးတစ်ခုကို မွေးဖွားပေးနိုင်ပါလားလို့ အတွေးတဖြတ် ရလိုက်ပါတယ်...။ ။

(လာမယ့် အပိုင်း-၅ ဟာ နောက်ဆုံး ဖြစ်ပါလိမ့်မယ်)


ညီလင်းသစ်
၂၆ အောက်တိုဘာ၊ ၂၀၁၁

33 comments:

မေဓာဝီ said...

ဒီအပိုင်းကတော့ ကျမအကြိုက် ရိုလာကိုစတာတွေပါလို့ ဖတ်ရင်းနဲ့ Europa Park ကို အလည်တောင် သွားချင်နေတယ်။ အဲဒီလို အသည်းတအေးအေး ဖီလင်မျိုး သဘောကျတာ။ :)
ဒါပေမဲ့ ကျမလဲ ကိုညီလင်းလိုပဲ ချာချာလည်တာမျိုးတော့ မကြိုက်ဘူး။

သားသားတော့ တော်တော်ပျော်နေမှာပဲနော်။

ကိုညီလင်းရဲ့ ခရီးသွားပို့စ်လေးက ဗဟုသုတလဲပါ ပျော်စရာလဲ ကောင်း၊ ဓာတ်ပုံတွေလဲ လှမို့ ဖတ်ရတာ အရသာရှိတယ်။ (မုန့်အချိုတွေလဲ ပါတာကိုး)

ညီလင်းသစ် said...

မမေကလည်း ရိုလာကိုစတာ ကြိုက်သူပဲလား၊း) တချို့တွေက အသည်းတအေးအေးမို့ သိပ်မကြိုက်ဘူး၊ တချို့ ရိုလာကိုစတာတွေကလည်း တကယ်ပဲ ရင်တုန်ပန်းတုန် နိုင်တာ အမှန်ပဲဗျ၊ Europa Park က မမေတို့ဆီကနေ လည်း သိပ်မဝေးပါဘူး၊ အခွင့်ကြုံတဲ့အခါ တစ်ခါလောက် ဖြစ်ဖြစ် သွားလည်လို့ ရတာပေါ့..။

HH said...

ဓါတ်ပုံတွေရိုက်ထားတာ တအားကောင်းတော့ ကြည့်ရင်းနဲ့ကို သွားချင်စိတ်တွေ တဖွားဖွားပေါ်နေတယ်... ကိုညီလင်းသစ်ရေ... :) ဒါပေမယ့် ရိုလာကိုစတာ အမြင့်ကြီးတွေတော့ စီးရမှာကြောက်တယ်...

rose said...

Thanks for sharing about bees... How are you now, Ko Nyi Linn? Hope you are in good health. All photo are really nice and Thar Thar pic is so cute. I love to ride roller-coaster too but after the ride, I throw up. So it's not good idea for me to ride :))))

စံပယ်ချို said...

ရိုလာကိုစတာတွေကိုကြိုက်တယ်
အမြဲဆိုရင်မကောင်းဘူးထင်တယ်
ရင်တုန်ပန်းတုန် ဖြစ်ရလို့ပါ
ပုံတွေအားလုံးအရမ်းကိုကြည့်ကောင်းပါတယ်
ဒီမှညလာဖတ်ရတာပုံတွေလဲကြည့်ရတယ်
ခရီးသွားဗဟုသုတလဲရတယ်။

စူးနွယ်လေး said...
This comment has been removed by the author.
Mon Petit Avatar said...

Thank you for sharing facts about Propolis, and I wish I could watch Thar Thar face when he knew about his trip to Europa park.

စူးနွယ်လေး said...

အွိုင်ရိုပပတ်ခ်ထဲကပုံတွေတော်တော်လှတယ်... အရင်နေ့တွေထက် နေလည်းပွင့်လာတယ်... သားလေး နည်းနည်းပိန်သွားသလားလို့...
ကိုညီလင်းကမှ ဖရုံသီးမြင်လို့ ချက်စားဖို့တွေးတာတော်သေးတယ်.. ကျမက သည်မှာ စာကလေးငှက် မြင်ရင် မန္တလေးက စာကလေးကြော်ပဲ မျက်လုံးထဲမြင်နေတာ... တွန့်လိန်ကောက်ကွေးလို့ တခါတလေဆို က က နေတဲ့ပုံလေးလေ... နောက်ပြီး ရေကန်ပန်းခြံထဲက ဘဲဆိုလည်း ဘဲကင်ပဲ မြင်နေတာ...ဟီး... တော်တော်ဆိုး တယ်...

blackroze said...

အရုပ်တွေမြင်တော့ ညီမတောင်
ကိုညီလင်းသစ်သားလေးလို
ကစားကွင်းထဲသွားကစားချင်စိတ်
ပေါက်သွားတယ်..
ကလေးတွေပူဆာမယ်ဆိုလည်း
ပူဆာချင်စရာရယ်..
လှလည်းလှ..အရုပ်တွေလည်းစုံပါ့..
ကလေးမပြောနဲ့လူကြီးတောင်
သဘောကျတယ်..

TZH1985 said...

အဲဒီမှာ ကလေးစီးကလွဲပြီး ကျန်တဲ့ ရိုလာကိုစတာ ၇ခုလုံး စီးချင်တာ... ပုံတွေရိုက်ထားတာ အရမ်းကြိုက်တယ်.. အကိုရေ... သွားလည်နိုင်ဖို့ အိပ်မက် မက်လိုက်ဦးမယ်...

မဒမ်ကိုး said...

သွားဖူးချင်လိုက်တာအကိုရေ ..အင်းး ကလေးတွေမစီးပဲ ကိုယ်ချည်းစီးချင်နေမှာဆော့ချင်နေမှာသေချာတယ်း)

ကဲ မြန်မြန်ဆက်ပါဗျိုးးးး)

mstint said...

မနက်ထဲက အင်္ဂလန်ကတူမလေး နေမကောင်း မခင်ဦးမေအထက်လန် အောက်လျှော မောင်ညီလင်းကချောင်းဆိုးအသံဝင်တာတွေဖတ်ပြီး စိတ်မကောင်းဖြစ်နေတာ။
Propolis အကြောင်း ဗဟုသုတကစပြီး အီတလီခရီးစဉ်လေးကို အခုလိုပို့ပေးလိုက်တဲ့အတွက် စိတ်ကြည်နူးသွားတဲ့အပြင် ဗဟုသုတတွေလည်း အများကြီးရသွားပြီ ကျေးဇူးပါ မောင်ညီလင်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စော(အဝါရောင်မြေ) said...

တခြား ရူ့ ခင်းတွေနဲ့  ခြေနင်းယာဉ်ပျံကို သဘောကျတယ်။ ရိုလာကိုစတာတော့ မစီးရဲဘူး ထင်တယ်။ တခါမှကို မစီးဘူးတာလဲပါတယ်။

Cameron said...

ပျော်စရာကြီး...ဖရုံသီးတွေကလည်း ဆေးရောင်သုတ်ထားသလိုပဲ...။ ဘီးတပ်သကြားလုံးလေးတွေတွေ့မှ ငယ်ငယ်တုန်းက ၀ယ်စားခဲ့ဖူးတဲ့ သကြားလုံးတွေကို သတိရသွားတယ်...။

ကိုညီလင်းသစ်တို့ မိသားစု ပျော်ရွှင်ကျန်းမာပါစေ...

ခင်တဲ့
မိုးငွေ့

Maung Myo said...

ိုးသားပြီး အရောင်မရှိတဲ့ အပြုံးတစ်ခုဟာ နောက်ထပ်အပြုံးတစ်ခုကို မွေးဖွားပေးနိုင်ပါလားလို့ အတွေးတဖြတ် ရလိုက်ပါတယ်...။ ။
အဆုံးသတ်လေး လှလိုက်တား) ကျေးဇူးတင်တယ် ပြုံးဖို့ မေ့မေ့နေတဲ့ ကိုယ့်ကိုယ်ကို ပြုံးဖို့ သတိရသွားတယ် ။

ပြီးခဲ့တဲ့ ပို့စ်မှာ ကော့မန့်တိုတိုလေးရေးလိုက်မိတာ ဆောရီးဗျ အဖြစ် သဘော ပေးလိုက်တာတော့မဟုတ်ဘူးရယ် ဘာပြောရမှန်းလည်းမသိ ရောက်ဖူးချင်လိုက်တာ လှလိုက်တဲ့ နေရာလို့ ရေးချင်ပေမယ့် မဖြစ်နိုင်တာ ပူဆာသလိုကြီးဖြစ်နေတော့ ခမ်းနားလိုက်တာလို့ပဲ ပြောခဲ့မိတာ အဲ့အချိန်တုန်းက နည်းနည်းငိုက်နေတာတော့ အမှန်ပဲး))

ညိမ်းနိုင် said...

ရိုလာကိုစတာတွေစီးချင်တယ်......မူးတဲ့ဟာတွေကိုလည်း
သဘောကျတယ်....:))၊ဥယျာဉ်ကြီးကအကျယ်ကြီးနေ
မယ်နော်...သဘောကျတယ်ဗျာ...ရောက်ဖူးချင်လိုက်တာ။
သားသားလေးကတော့ အရမ်းပျော်နေမှာပဲနော့....။

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်ကလေးကို ရောက်ရောက်ချင်း မြင်ရတဲ့ ငှက်ပျောတောကြီးက စိမ်းစိုလှပနေသလို ပန်းရောင်စုံတွေပွင့်နေတာလေးကလည်း လှမှလှပါဘဲ ကိုညီလင်းသစ်ရေ...
တော်တော်ကို စုံလင်တဲ့ ဓာတ်ပုံတွေနဲ့ ပိုစ့်ကလေးပါဘဲ.
ကြည့်ပြီး သဘောတွေကျနေမိတာ
ကလေးတွေ မပြောနဲ့ လူကြီးတောင် ပျော်မိတယ်။
အပြုံးတွေ ပန်ဆင်ထားတဲ့ အရုပ်ကြီးတွေကလည်း ချစ်ဖို့ကောင်းတယ်...
ကိုညီလင်းသစ် သားလေးရဲ့ မျက်နှာပေါ်က အပြုံးလေးကလည်း လှပလို့ပါဘဲ.။။

ညီရဲ said...

အပြုံးတစ်ခုက နောက်အပြုံးတစ်ခုကို မွေးဖွားပေးနိုင်တယ်တဲ့ လှလိုက်တဲ့ စကားလုံးလေး...
စာတွေ၊ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ဗဟုသုတတွေ ရလိုက်ပါတယ် အစ်ကို...
အစ်ကိုတို့ ကို အားကျတယ် အဲဒီလို ခရီးလေးတွေ သွားဖူးကြည့်ချင်တယ်...

မြသွေးနီ said...

အိမ်က သားပြည့်နဲ့ အတူတူ ဒီပို့စ်ကို ဖတ်နေတာမို့ သားပြည့်ပါးစပ်က ပုံတစ်ပုံကြည့်ပြီးတိုင်း " မိုက်တယ်၊ လှတယ် " နဲ့ သဘောကျနေတယ် ကိုညီလင်းသစ်ရေ..။ ဒီလို ကစားကွင်းမျိုးရောက်ရင် ကလေးတွေ ပြန်ခေါ်ဖို့ တော်တော်မလွယ်လှဘူးနော်..။ ပုံတွေက ထုံးစံအတိုင်း ပြန်သားလှပနေတော့ ဖတ်ရတာ အရသာရှိလိုက်တာ။ သားသားကို ပုံတစ်ပုံထဲမှာ တွေ့လိုက်ရတယ်။ သားသား ဖေဖေနဲ့ မေမေက ဘယ်နားမှာ သွားပုန်းနေလဲဟင်..?

ညီလင်းသစ် said...

HH ...
ဟုတ်တယ်ဗျ၊ ရိုလာကိုစတာ အမြင့်ကြီးတွေကတော့ တော်တော်လေး စိတ်ခိုင်တဲ့လူမှ ဖြစ်မှာ..၊ ကျနော်လည်း တခါမှ မစီးဖူးသေးပါဘူး..၊

ရိုစ့် ...
ကျနော်အခု ပုံမှန်အသံ ပြန်ရနေပါပြီ၊ အခုလို မေးတာလည်း ကျေးဇူးပါဗျာ၊ ရိုစ့်က ရိုလာကိုစတာ စီးမယ်ဆိုရင်တော့ လေယာဉ်ပေါ်မှာပေးတဲ့ အိတ်ကလေးတွေ ဆောင်ထားရမယ် ထင်တယ်နော်၊း)

တောင်ကြီးက မစံပယ် ...
အမြဲတမ်း ဆိုရင်တော့လည်း ရိုးသွားမယ် ထင်တယ်နော်၊ နှစ်သက်တာ သိရလို့ ဝမ်းသာ ပါတယ်ဗျာ၊

Mon Petit Avatar ...
နောက်တခါဆို အဲဒီလို Surprise တွေအကြောင်း သူ့ကို မပြောခင် ကင်မရာကို အသင့်ပြင်ထားမယ်လေ..၊း)

မစူးနွယ် ...
ဟုတ်တယ်ဗျ၊ အဲဒီကိုရောက်တော့ ရာသီဥတုက တော်တော့်ကို သာယာနေပြီ၊ မစူးနွယ်ရဲ့ တိရစ္ဆာန် လေးတွေအပေါ် ထွင်းဖောက်မြင်ပုံကို သဘောကျလွန်းလို့ ကျနော့်မှာ ထိုင်ရယ်နေမိတယ်၊းD

ညီမ blackroze ...
စီးပွားရေးသမားတွေရဲ့ အကွက်မြင်ပုံကတော့ လူကြီးရော၊ ကလေးပါ ချည်ပြီးတုပ်ပြီး ပါပဲဗျာ..၊

မောင်သန့် ...
တကယ်တမ်းမှာ အဲဒီလို အားလုံးကို စီးပစ်လိုက်ရမှာဗျ၊ အဲဒီမှာ ဥရောပရဲ့ အမြင့်ဆုံး ရိုလာကိုစတာကြီးလည်း ရှိတယ်၊ ကျနော်ကတော့ ကလေးစီးတဲ့ ၃ ခုပဲ စီးဖြစ်ခဲ့ တယ်ဗျာ..၊း(

မဒမ်ကိုး ...
အများစုက လူကြီးတွေ အတွက် လုပ်ထားတာဆိုတော့ စိတ်လွတ်ကိုယ်လွတ် စီးလို့ရပါတယ်ဗျာ..၊ လူကြီးကလည်း ကလေးတစ်ယောက်လို အပြစ်ကင်းစွာနဲ့ ပျော်ရွှင်လို့ ရတာပဲ မဟုတ်လား...၊း)

အန်တီတင့် ...
လူတွေလည်း ခံနိုင်ရည်တွေ အတက်အကျ များနေတယ် ထင်ပါရဲ့ဗျာ၊ ကြည်လင်အေးမြစေဖို့ တောင်းတဲ့ဆုလေးအတွက် ကျေးဇူးပါပဲနော်..၊

အဝါရောင်မြေက စော...
တကယ်တမ်း စီးကြည့်တော့လည်း ရိုလာကိုစတာက မြန်မာပြည်က စိမ်းလဲ့မောင် ရဟတ်လိုပါပဲ၊ မစီးခင်ကသာ ကြောက်ပေမယ့် နောက်တော့လည်း ရဲသွားတာပါပဲဗျာ..၊

မမိုးငွေ့ ...
ဟုတ်တယ်ဗျ၊ တချို့ဖရုံသီးတွေက အတော်လေး အရောင်တောက်တယ်၊ မမိုးငွေ့လည်း ကျန်းမာပျော်ရွှင် ပါစေဗျား...၊

မောင်မျိုး ...
ပြုံးပါ ညီရဲ့..၊ ဟိုတခါ ဝင်းဦးရဲ့ အပြုံးနဲ့ ခပ်ဆင်ဆင် ပရိုဖိုင်းလ်ပုံလေး တင်ထားတာ ဘယ်လောက်လှလဲ၊း) ဟိုတခါ ကွန်မန့်အတွက်လည်း တောင်းပန်စရာ မလိုပါဘူးဗျာ၊ တိုတို ရှည်ရှည်၊ နောက်ဆုံး ဘာမှမရေးခဲ့လဲ ကိစ္စ မရှိပါဘူး၊ ကျနော်က အဲဒီ တုံးတိတိ ကွန်မန့်လေးကို သဘောကျလို့ နောက်လိုက်တာဗျ..၊းD

ကိုညိမ်းနိုင် ...
မူးတာတွေကို သဘောကျတတ်သူချင်းတော့ တူနေပြီလား မသိဘူး.. ဟားဟား၊ ဒါပေမယ့် အဲဒီလို ချာချာလည်ပြီးမှ ၃ ရက်လောက် မူးနေမှာတော့ သိပ်မမိုက်သေးဘူးဗျ..၊း)

မချော ...
ငှက်ပျောတောကတော့ လှမှလှ..၊ ကြည့်နေရင်းနဲ့ မုန့်ဟင်းခါးထဲက ငှက်ပျောအူတွေတောင် မြင်လာမိတယ်..၊း)

ညီရဲ ...
သဘောကျ နှစ်ခြိုက်တာ သိရလို့ ဝမ်းမြောက်မိ ပါတယ်ဗျာ၊ ပုံမှန် လာလည်နေတဲ့ အတွက်လည်း တဆက်ထဲ ကျေးဇူးပါလို့ ပြောပါရစေ...။

ညီလင်းသစ် said...

မမြသွေးနီ ...
အဲဒီလို နေရာမှာ ကလေးရော လူကြီးရော ပြန်ခေါ်ဖို့ လွယ်မှာ မဟုတ်တာတော့ သေချာတယ်ဗျ၊ သားပြည့်ဆိုလည်း အရမ်းပျော်မှာ မြေကြီးလက်ခတ် မလွဲပါပဲ၊ သားသားရဲ့ အဖေနဲ့အမေက ကင်မရာ နောက်မှာနဲ့ ဘေးမှာ ရောက်နေကြတာဗျ...။း)

မီးမီးငယ် said...

ကိုညီလင်းဆက်ရေ..
အသံပြန်ထွက်တဲ့ဆေးကိုတော့၊
အရမ်းစိတ်ဝင်စားတယ်။ရှာပြီးဝယ်အုံးမယ်။
ကျမက တနှစ်တခါလောက်
(အထူးသဖြင့်မြန်မာပြည်ပြန်ရင်)၊
ချောင်းဆိုးပြီးအသံပျောက်တယ်။
၂ပတ်ကနေ ၁လအထိကြာတယ်။
ဆေးရုံကနှာခေါင်းထဲကိုပိုက်ထိုးပြီး၊
အသံပြွန်ကိုကြည့်တာ ၂ခါခံရဘူးတယ်။
ဆရာဝန်က အဲဒီလိုဖြစ်တဲ့အချိန်မှာ၊
ရေနွေးမသောက်ရဘူးလို့ ပြောတာဘဲ။
ကျေးဇူးတင်တယ်နော်..။
ဆေးအညွှန်းအတွက်..။
ဓါတ်ပုံတွေတကယ်အသက်ဝင်တယ်။
ကလေးလည်းတအားပျော်မှာဘဲနော်။
ကျမတို့ တောင်ပျော်ခဲ့တာ။
မရှင်လေးဆီသွားလည်တုံးကရောက်ခဲ့တယ်။
ဟို..ကမ္ဘာလုံးပုံစံနဲ့ အထဲမှာကောသွားမစီးခဲ့ဘူးလား။
သီချင်းထဲကလို တစစီဖြစ်သွားတယ်လို့ ခံစားလိုက်ဘူးတယ်။
တခါ နွားတင်းကုတ်ပို့ စ်မှာကော်မန့်၊
ရေးဖူးတယ်ပြန်ရှာဖတ်တာမတွေ့ လို့ ..။
ဒီတခါတော့ အရှည်ကြီးရေးလိုက်ပြီဗျို့ ..။

Myanmar Good Knowledg Co., Ltd said...

္ဂ၈၈တုန်းကမြန်မာတပြည်လုံး အသံဝင်တယ်ဆိုတော့ စဉ်းစားမိတယ်။
အဲဒီတုန်းက ကျွန်မလည်းဖြစ်မိသေးလားပေါ့။
.............သိပြီ။

အီတလီမုန့်တွေပုံကို ကြည့်ရတာစားချင်စရာနော်။

စကားမစပ် ပီနိုကိယို ကို ကျွန်မလည်းကြိုက်တယ်။

ကျွန်မလည်းခရီးမသွားဖြစ်တာကြာလို့ ဒီပို့စ်တွေကို သိပ်သဘောကျမိတယ်။

နောက်ဆက်တွဲမျှော်နေမယ်နော်။

San San Htun said...

အသံထွက်ဆေးအကြောင်း ဗဟုသုတရသလို ကစားကွင်းကလည်း ကလေးမပြောနဲ့  လူကြီးတောင် သွားလည်ချင်စိတ်ပေါက်တယ်...ဓာတ်ပုံတွေ ကြည့်ပြီးတော့..ရိုလာကိုစတာစီးပြီး အသံကုန်ဟစ်ရတာ ကြိုက်တယ်...သားသားလေးက ပျော်နေတာ..အပျော်တွေတောင် ကူးစက်လာတယ်...

Anonymous said...

ဓါတ်ပုံထဲက ကစားကွင်းကို သွားချင်တဲ့ စိတ်ကို ထိန်းလို့ မရတော့ဘူး ဘယ့်နှယ့် လုပ်ရပါ့. ရွေဖရုံသီးတွေကိုတော့ ဟင်းမချက်ခင် စီး လား မစီး လား သိချင်သေးတယ် ဟီးး.
AA.

Anonymous said...

သားသားရဲ့  နောက်ဆုံးပုံမှာ ကြီးပုံပေါက်ပြီး ချောလာတာ သတိထားမိတယ်... ခလေးတွေက သူတို့ကိုကြိုပြောထားလို့မရဘူး ကြိုပြောထားရင် ပြောထားတဲ့အတိုင်း လုပ်ရင်လုပ် မလုပ်မချင်းက တဂျီဂျီနဲ့ပြောတတ်တာချင်း အတူတူဘဲ .. အမလည်း ရန်ကုန်ပြန်လည်တုန်းက အသံတွေဝင်တာ ( ညီလင်းလိုဘဲ အသံဝင်ခဲ့ပါတယ် ) ရေပြောင်းမြေပြောင်းပြီးဖြစ်တာနေမယ် .ဘာဆေးမှမသောက်ဘဲနေနေခဲ့တယ် ရန်ကုန်စရောက်ကတည်းက ၀င်လိုက်တဲ့အသံက ဒီပြန်ရောက်မှဘဲ ဘာဆေးမှမလိုဘဲ အသံပြန်ထွက်လာတယ် ကိုယ့်မှာအံ့သြလို့ အဲလိုဖြစ်တာ ...

mie nge

မေသိမ့်သိမ့် ကျော် said...

ပုံလေးတွေလည်း အ၇မ်းလှသလို နေရာဒေသလေးကလည်း သိပ်ကို ပျော်စရာကောင်းမယ့်ပုံပါပဲ။ သိပ်ကိုသပ်ရပ် သန့်ရှင်းတယ်။ ကြည်နူးစရာကောင်းတယ်။


ခင်တဲ့
မေသိမ့်

Angelhlaing(May everybody be happy and healthy! said...

သားသားနေရာ ကိုရောက်ချင်သွားတယ်အကို....:)သားသားအတွက်..ပျော်စရာကြိးနေမှာ.....အားကျမိစရာပါပဲ..။
ရိုးသားပြီး အရောင်မရှိတဲ့ အပြုံးတစ်ခုဟာ နောက်ထပ်အပြုံးတစ်ခုကို မွေးဖွားပေးနိုင်ပါလားလို့ အတွေးတဖြတ် ရလိုက်ပါတယ်...။ ။...ညီမလေးလည်း အမြဲ ပြုံးနေဖို့ ကြိုးစားနေပေမယ့် ..တစ်ခါတစ်ခါတော့လည်း...အခက်ခဲဆုံး ဖြစ်နေတက်လို့.....လေ.

အိမ့်ချမ်းမြေ့ said...

သကြားလုံးတွန်းလှည်းဘီးကို တော်တော်လေးကို စိတ်ဝင်စားပါသည်....

သားသားက အချောလေးပဲ..

Shinlay said...

ကျမတော့ Europa Park ကိုမရောက်ဖူးသေးပါဘူး။
ပုံတွေကြည့်ပြီး ရောက်သွားသလိုပါပဲ။
Propolis နဲ့ ပတ်သက်တဲ့ ဆေးတွေကို အရင် အလုပ်မှာတော့သုံးကြပါတယ်။ ဓါတုဆေးဝါးတွေ မသုံးချင်တဲ့ သူတွေအတွက် ကောင်းတဲ့ ဆေးပါ။

camomilla said...

အပိုင်း ၅ ကိုမျှော်တလင့်လင့်ဖြင့်စောင့်စားနေပါသည်~~~

Anonymous said...

အကိုရေ အကိုတည်းခဲ့တဲ့အိမ်လေးက ကစားကွင်းနဲ့ငါးမိနစ်လောက်ပဲ သွားရတယ်ဆိုလို့ စိတ်ဝင်စားတယ်...လင့်ခ်လေးပေးလို့ရမလားအကို..ဘယ်မှာ ငှားရတာလဲ...ဒါမှမဟုတ် တည်းခိုခန်းနာမည်လေးပေးပေးလို့ရမလား...ဓါတ်ပုံတွေကြည့်ပြီး သွားချင်စိတ်ကတဖွားဖွားရယ်...တွေ့သမျှအကုန်စီးမှာ...သားသားက ပျော်နေတယ်နော်...

ညီလင်းသစ် said...

အမည်ဝှက် စာဖတ်သူ ...
မေးထားတာကို အခုမှ ဖြေဖြစ်လို့ ဆောရီးပါဗျာ..၊ ကျနော်တို့ တည်းခဲ့တဲ့နေရာက Pension Chloé လို့ ခေါ်ပါတယ်၊ ကစားကွင်းနဲ့ တကယ့်ကို ၅ မိနစ်ပဲ သွားရပါတယ်၊ ဒီမှာ လင့်ခ်ပေးလိုက်ပါတယ်၊ အဲဒီမှာပဲ တခါထဲ booking လုပ်လို့ ရပါတယ်၊

http://www.pension-chloe.de/

အဆင်ပြေပါစေဗျာ...။