29 August 2011

Blay Dog အမှတ်တရ


ဘလော့ဂ်ဒေး အတွက် ဘလော့ဂါတွေ ကြားမှာအမှတ်တရ ပို့စ်တွေ ရေးကြ၊ တဂ်ကြတဲ့အခါ ညီငယ် မောင်မျိုးက ကျနော့်ကိုလည်း ချမ်းသာ မပေးခဲ့ပါဘူး၊ ပြီးတော့ တခြား ဘလော့ဂ် မောင်နှမတွေ ကလည်း သူတို့ရဲ့ ပို့စ်တွေမှာ ဆက်ပြီးတဂ်ကြ၊ တိုက်တွန်းကြတာနဲ့ ရေးလိုက်ပါပြီ၊ ကိုယ့်ရဲ့ ဘလော့ဂ်သစ်ပင်လေး ရှင်သန်ရာ ဘလော့ဂင်း ဥယျာဉ်ကြီးထဲမှာ နေ့လေးတစ်နေ့ သတ်သတ်မှတ်မှတ်နဲ့ အခြားသော သစ်ပင် ပိုင်ရှင်တွေက ဥယျာဉ်ကြီး သာယာစေဖို့ ရေလောင်းပေါင်းသင် ဝိုင်းလုပ်နေကြချိန်မှာ ကိုယ်ကလည်း မြက်လေး တစ်ပင်နှစ်ပင်လောက် ဝင်ပြီး နှုတ်လိုက်တယ် လို့ပဲ ဆိုရမလား မသိ...၊ နောက်ကွယ်က ခင်မင်ရင်းနှီးမှုတွေကို မြင်နေရတာကြောင့် အခုလို ဝိုင်းကြပါ၊ ဝန်းကြပါ လို့ခေါ်တာဟာ အတင်းအဓမ္မ လုပ်အားပေး ဆိုတာမျိုး မဟုတ်တာတော့ သေချာပါတယ်၊း)

ကျနော် လိုက်ဖတ်ကြည့်မိသလောက် ဘလော့ဂ်ဒေးအတွက် ပို့စ်တွေမှာ ဘလော့ဂါ အားလုံးလိုလိုက ဘလော့ဂ်ဆိုတာကြီးကို သူတို့ ဘယ်တုန်းက၊ ဘယ်လိုနည်းနဲ့ သိလာခဲ့တယ်လို့ ရေးကြတယ်၊ တချို့ဆို ပထမဆုံး ဖတ်မိတဲ့ ပို့စ်က ဘယ်ဟာပါ ဆိုတာတောင် တိတိကျကျနဲ့ မှတ်မိနေကြတယ်၊ တကယ့်ကို အားကျဖို့ ကောင်းပါတယ်၊ ဒါပေမယ့် ကျနော့်မှာကျတော့ အဲဒီလို ပြောအားမရှိ ဖြစ်နေခဲ့တယ်၊ ဘယ်အချိန်က ဘယ်လိုနည်းနဲ့ ဘလော့ဂ်ကို သိသွားသလဲလို့ မမှတ်မိတော့ဘူး၊ အပြင်းအထန် ဦးနှောက်မုန်တိုင်း ဆင်ကြည့်ပေမယ့်လည်း ဘာမှ ထွက်မလာဘူး၊ ဒီတော့လည်း ချစ်သူတွေကြားမှာ ပြောကြသလို 'ကိုယ်မင်းကို ဘယ်အချိန်က စချစ်သွားမှန်း မသိပေမယ့် သတိထားမိတဲ့ အချိန်မှာ အရမ်းမြတ်နိုးနေခဲ့ပြီ ဆိုတာ ယုံပါ' ဆိုတဲ့ အတိုင်းပဲလို့ သာသာထိုးထိုးလေး ပြောရတော့မယ် ထင်ပါရဲ့ဗျာ...၊

အဖြစ်နိုင်ဆုံးကတော့ သတင်းဆိုဒ်တွေ လိုက်ဖတ်ရင်းနဲ့ အဲဒီမှာပေးထားတဲ့ ဘလော့ဂ်လင့်ခ်တွေကို နှိပ်မိရင်း အမှတ်မထင် သိသွားတာပါပဲ၊ အဲဒီတုန်းက သတိထားမိ၊ ဖတ်မိတဲ့ ဘလော့ဂ်တွေက ကိုမောင်လှ ဘလော့ဂ်၊ ကိုရန်အောင် ဘလော့ဂ်နဲ့ စေတန်ဂေါ့ဒ် ဘလော့ဂ်တွေပါ၊ ပြီးတော့ တရက်မှာ စေတန်ဂေါ့ဒ် ပြုစုထားတဲ့ ဘလော့ဂ်လုပ်နည်းလေး ဖတ်မိရာကနေ ကိုယ်လည်း တစ်ခုလောက် စမ်းကြည့်ဦးမယ်ဆိုပြီး လုပ်ဖြစ်သွားတယ်၊ မြန်မာစာကိုလည်း အဲဒီတချိန်တည်းမှာပဲ ကျင့်ပြီးရိုက် ကြည့်တယ်၊ ပထမဦးဆုံး တင်လိုက်တဲ့ ပို့စ်လေး ကမ္ဘာ့ကွန်ယက် ကြီးထဲ တက်လာတော့ ပျော်လိုက်တာ..၊ အဲဒီတုန်းက ၂၀၀၇ အောက်တိုဘာလမှာပါ၊

ဒီလိုနဲ့ ဝမ်းသာအားရနဲ့ သုံးလေးပုဒ်လောက် ရေးလိုက်တယ်၊ ပြီးလည်း ပြီးရော ဘာဆက်ရေးရမှန်း မသိတော့ဘူး၊ တကယ်ကို မသိတော့ တာ..၊ အသစ်တို့ထုံးစံ ကျနော့်ဆီကို ဘယ်သူမှ လာမလည်ကြပါဘူး၊ ကျနော်ကလည်း ဘလော့ဂ်တွေ အများကြီး မသိဘူး၊ စီဘောက်စ် တွေမှာ နှုတ်ဆက်ရ ကောင်းမှန်းလည်း မသိသလို ကွန်မန့်လည်း မချန်ဖြစ်ပါဘူး၊ အဲဒီတုန်းက ကျနော့်စိတ်ထဲမှာ တခြားဘလော့ဂ်တွေဆီ သွားပြီး ကျနော်ကတော့ ဘယ်သူပါ၊ ကျနော့်ဆီလည်း လာလည်ကြပါဦးလို့ မိတ်ဆက်ရမှာ အင်မတန် ဝန်လေးနေခဲ့တယ်၊ မာနကြီးတာ၊ ကြီးကျယ်တာမျိုးတော့ လုံးဝ မဟုတ်ရပါဘူး၊ ဘယ်လိုပြောရမလဲ၊ တမျိုးပဲ၊ လူမသိ၊ ရောင်းမစွံတဲ့ ပစ္စည်းကြီးကို အတင်းလိုက် ထိုးရောင်းနေရသလို ခံစားမှုမျိုးလို့ ပြောရမယ် ထင်တယ်၊ အမှန်တော့ ကြောင်တာပါ၊ အခုကျမှ ပြန်တွေးကြည့်တော့ အတော်အခြေအမြစ် မရှိတဲ့ အတွေးအခေါ် ပါပဲ၊ တကယ်တော့ ဘလော့ဂါ အသစ်တစ်ယောက်က ဘလော့ဂ်ရပ်ဝန်းထဲမှာ ရှိနှင့်နေတဲ့ လူတွေကို လိုက်နှုတ်ဆက် တာဟာ အင်မတန် သင့်လျော်တဲ့ ကိစ္စပါ၊ ရပ်ကွက်ထဲ အသစ်ပြောင်းလာသူက အိမ်နီးချင်းတွေကို ဖိတ်ပြီး အိမ်တက် လုပ်သလိုမျိုး၊ ရုံး ဝန် ထမ်း အသစ်က အခြားဝန်ထမ်းတွေကို လိုက်ပြီး နှုတ်ဆက်သလိုမျိုး၊ တိုင်းပြည်ကို အသစ်ရောက်လာတဲ့ သံတမန်က အဲဒီတိုင်းပြည်ရဲ့ အကြီးအကဲကို Courtesy call ပေးသလိုမျိုးပဲ မဟုတ်လား၊ ဒါဟာ မင်္ဂလာတပါး ပါပဲ...၊ အခုနေသာ ဘလော့ဂ်အသစ်တစ်ခု လုပ်ဖြစ်ရင် တော့ ကျနော် အားလုံးကို Courtesy call လိုက်ပေးမိမယ် ထင်တယ်..၊း)

အဲဒီလို အီလည်လည်ကြီးနဲ့ တန့်နေတုန်းမှာ ဖြစ်သွားတဲ့၊ အခုထက်ထိလည်း ကျနော်မှတ်မိ နေသေးတဲ့ အဖြစ်အပျက်လေးတစ်ခုကို ကြုံလို့ ပြောပြချင်ပါတယ်၊ အဲဒီတုန်းက အခုလိုပဲ တဂ်ဂိမ်းတစ်ခု ရေးနေကြတဲ့ အချိန်ပါ၊ အကြောင်းအရာက သရဲခြောက်ခြင်းနဲ့ ပတ်သက်တာ တခုခု..၊ ကျနော် ဖတ်မိတာက ကိုရန်အောင်ရဲ့ ပို့စ်တစ်ခုပါ၊ အဲဒီပို့စ်ရဲ့ အဆုံးမှာ သူက 'ကဲ ဒီစာကို ခင်ဗျားက ဖတ်နေတယ်ဆိုရင် ခင်ဗျားကိုလည်း ဆက်ပြီး တဂ်လိုက်ပြီဗျာ၊ ရေးသာရေးပေတော့' လို့ ရေးလိုက်တယ်၊ ဒါဟာ ကျနော့်လို လူလည်းမသိ၊ ဘာဆက်ရေးရမှန်း လည်း မသိသူ အတွက် လှလှလေး ဖွင့်ထားတဲ့ တံခါးတစ်ချပ်ပဲ မဟုတ်လား၊ ဒါနဲ့ 'ပဟေဠိဖွက်တဲ့ သရဲတစ်ကောင်' ဆိုတဲ့ ပို့စ်ကို ကျနော် အားကြိုးမာန်တက် ရေးတယ်၊ ပြီးတော့ တင်တယ်၊ ဘယ်သူမှ လာမဖတ်ကြဘူး၊ လူတစ်ယောက်ကို ဒေါနဲ့မာန်နဲ့ သူ့မှာရှိတဲ့ အဆိပ်တွေ အကုန်သုံးပြီး ကိုက်လိုက်ပြီးတဲ့အခါ အားကုန်သွားပြီး မလှုပ်ချင်တော့တဲ့ မြွေတစ်ကောင်လို ကျနော်လည်း စိတ်ညစ်၊ လက်ပန်းကျသွားပြီး ဘလော့ဂ်ကို ပစ်ထားလိုက်တော့တယ်၊ အတော်ကြီးကြာမှ ပြန်လာကြည့်တော့ ကွန်မန့်လေး ၂ ခု ရောက်နေခဲ့ တယ်၊ မလေး(အိမ့်ချမ်းမြေ့)နဲ့ အမမေငြိမ်း တို့ဆီက...၊ နာမည်ကြီး ၂ ယောက်ဆီက အသိအမှတ်ပြုမှုလေး ရလိုက်တော့ ကျနော်ပျော်ပါတယ်၊ အားလည်းတက်ပြီး နည်းနည်းစီ ဆက်ရေးဖြစ်ခဲ့တယ်၊ သူတို့ကတော့ သိမယ် မထင်ပါဘူး၊ ရေးဖို့ indirectly တဂ်ခဲ့တဲ့ ကိုရန်အောင်၊ ကွန်မန့်ပေးသွားတဲ့ မလေး နဲ့ အမမေငြိမ်း တို့ကို ကျေးဇူးတင် ပါတယ်၊ နောက်ပိုင်းတော့လည်း တဖြေးဖြေးနဲ့ ဘလော့ဂ်ရပ်ဝန်းထဲမှာ ကူးလူးဆက်နွယ်မှုတွေ ဖြစ်ခဲ့တယ် ပေါ့ဗျာ၊ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘလော့ဂ်တွေ၊ ခင်မင်စရာ ကောင်းတဲ့သူတွေကိုလည်း သိလာခဲ့ရတယ်၊

ဒီလိုနဲ့ တဂ်ပို့စ်ရေးဖို့ ပျင်းတဲ့ ကျနော့်ကို မရမက တဂ်တတ်တဲ့ ညီငယ် မောင်မျိုး (အင်မတန် ရိုးသားတဲ့၊ ရယ်မြူးစရာ ကောင်းတဲ့ ပို့စ်လေး တွေ ရေးတတ်တဲ့ ညီငယ်)၊ ပြောင်မြောက်တဲ့ စကားလုံးတွေ သုံးတတ်တဲ့ မသီတာ-ကိုဧရာ (သူတို့ကို စသိတုန်းက တခြားလူတွေလိုပဲ ကျနော်လည်း ဘာသာရေးဘလော့ဂ်ပဲ ထင်နေခဲ့တာ)၊ အင်မတန် စာရေး ကောင်းသူလို့ အားလုံးက တညီတညွတ်တည်း လက်ခံထားကြတဲ့ ကိုကလိုစေးထူး၊ ရှေးဟောင်း မြန်မာ ကဗျာတွေနဲ့ ပါဠိတွေကို ထုံးလိုခြေ၊ ရေလိုနှောက်တဲ့ မမေဓာဝီ (သူက တခါတခါလည်း ရယ်စရာတွေ ကို အတည်ကြီးနဲ့ ရေးတတ်ပါသေးတယ်)၊ ညွတ်နူးပျော်ဝင် စေလောက်တဲ့ အက်ဆေးတွေ အရေးကောင်းတဲ့ မသက်ဝေ (ဝတ္ထုတိုတွေ ဆိုရင် လည်း အဆုံးသတ်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားစေတဲ့ twist တွေကို ရေးနိုင်သူပါ)၊ လန်းဆန်းသွက်လက်တဲ့ စာတွေရေးတဲ့ မချစ်ကြည်အေး (ဂီယာနံပါတ်တစ်နဲ့ ခဏခဏ ပြန်ထွက်ရတဲ့ ဘုရားဖူး ကားကြီးနဲ့လည်း ခေါ်သွားတတ်သူပါ)၊ Sense of humour အပြည့်နဲ့ ပို့စ်တွေ ရေးတတ်တဲ့ ကိုတီဇက်အေ (သူ့ရဲ့ မိသားစုတွေ လေယာဉ်ပျံနောက်ကျတဲ့ ပို့စ်ဆိုရင် အခုပြန်တွေးရင်တောင် ရယ်ချင်နေမိတုန်း ပါပဲ)၊ သီချင်းတွေကို အံ့သြလောက်အောင် သိနေတဲ့ ပေါက် (သူ့ဆီ ဖတ်တဲ့အခါ ဘယ်ကမ္ဘာကျော် အဆိုတော် ဘယ်တော့ အသစ်ထွက်မလဲ လို့ သိရတယ်)၊ ဂျစ်ပစီမိုးတိမ်တို့ နားခိုရာ ကိုညိမ်းနိုင် (ကျနော်ကောက်သိမ်းချင်မိတဲ့ ကဗျာတွေလည်း ထွက်ကျတတ်သူပါ)၊ စကားပြောရ တာ ဝါသနာပါလို့ ဘလော့ဂ်ရေးပါတယ် ဆိုတဲ့ မ,ကောင်းမွန်ဝင်း (တခါတလေ သူက အသံတိတ်နေပေမယ့် ဂျပန်ဆူနာမီလို အရေးကြီးချိန် မှာတော့ အချိန်နဲ့တပြေးညီ သတင်းတွေ တင်ပေးခဲ့သူ)၊ အပြင်းစား ကဗျာတွေနဲ့ ပန်းချီတွေရဲ့ ဖန်တီးရှင် မပန်ဒိုရာ၊ ပို့စ်တိုင်းကို စေတနာ အပြည့်နဲ့ ရေးတဲ့ အစိမ်းရောင်လွင်ပြင်က မချော (သူက Yellowstone Park အကြောင်း ပြောပြပြီး ကြည့်လို့ မဝခင်မှာ တူရကီက မြေထဲပင်လယ် အသုပ်ကို ချကျွေးနိုင်လောက်အောင် ဗဟုသုတ စုံသူပါ)၊ မိုးဇက်တို့ ဘီသိုဗင်တို့ရဲ့ ဂီတမှာ ပျော်ဝင်သူ မစူးနွယ်လေး (မဖတ်ရတာ ကြာနေတဲ့ အဆောင်နေ ကျောင်းသူဘဝကိုလည်း အရေးကောင်းသူ)၊ ပြေပြစ်ချောမွေ့တဲ့ ဝတ္ထုတွေ အရေးကောင်းသူ ရိုစ့် (သူက ရယ်သံကို စာတွေထဲမှာ 'ခစ် ခစ်'လို့လည်း အသံဖလှယ် တတ်ပါတယ်)၊ အဖေကို ချစ်လွန်းတဲ့ Sharon ရဲ့ မရိုစ့် (ခင်ပွန်းနဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာကိုလည်း ပို့စ်တွေမှာ ပေါ်အောင်ရေးသူပါ)၊ ငှက်ကြည့် ဝါသနာပါသူ မအိုင်အိုရာ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ရင်ခုန်သူ တစ်ယောက်ပါ)၊ အာရပ်တိုင်းပြည်က လူနေမှုတွေ အကြောင်း တစေ့တစောင်း ပြောတတ်သူ ကို N/A (သားကို ချစ်တဲ့ အဖေတစ်ယောက်)၊ ကော်ဖီခါးခါး ကြိုက်တဲ့ မမိုးငွေ့ (သူက အိန်ဂျယ်လ်ကိုလည်း အတော်ရင်ခုန်သူပါ)၊ အင်္ဂလိပ်လို ပို့စ် ရေးပြီး ကျနော့်ဆီမှာ ပြင်သစ်လို ကွန်မန့်တွေ ပေးဖူးတဲ့ Mon Petit Avatar (သူ့ရဲ့ ခရီးသွား ပို့စ်တွေက စိတ်ဝင်စားဖို့ ကောင်းသလို အစားအသောက်ပို့စ်တွေ တင်ပြီးတိုင်း 'ဝလာတော့မှာပဲ' လို့ ရေးတတ်တာလေးက နှစ်ခြိုက်စရာ)၊ အစားအသောက်တွေကို မျိုးစုံ ချက်တတ် တဲ့ မဘေဘီ (သူတင်တဲ့ အစားအသောက် ပုံတွေ ကြည့်တိုင်း 'ခံတွင်းထဲမှာ မိုးရွာပြီ ဘေဘီ' လို့ ပြောချင်မိတယ်)၊ စကားလုံး စီးဆင်းမှု ချောမွေ့လှတဲ့ မဇွန်မိုးစက် (သူစီးခဲ့တဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ လေယာဉ်ပေါ်က အဖြစ်အပျက်တွေကို အသေးစိတ် မှတ်မိနေတဲ့ ဦးနှောက် ပိုင်ရှင်ပါ)၊ အတွန်းအတိုက်တွေ ကြားမှာ ခေါင်းမော့ ရင်ကော့ ပန်းပန်လျက်ရှိနေတဲ့ မငယ်နိုင်၊ မျှတတဲ့ အတွေးတွေနဲ့ ပို့စ်ရေးတဲ့ မအိမ်သူ (သူ့ရဲ့ ဝါခေါင်မိုး ဘလော့ဂ်မှာ ကမ်ဘောဒီးယားအကြောင်း စိတ်ဝင်စားစရာတွေ အပြည့်နဲ့ပါ)၊ တောင်တန်းတွေကို ချစ်တတ်တဲ့ အမြဲစိမ်းဖြိုး (သူ့ရဲ့ ခရီးသွားဆောင်းပါးတွေ ဖတ်ရတာ ကိုယ်ကိုယ်တိုင် ကျောပိုးအိတ် တစ်လုံးနဲ့ ခရီးသွားရသလို ပေါ့ပေါ့ပါးပါး ရှိလှတယ်)၊ အေးချမ်းတိုးတိတ်တဲ့ စာလေးတွေ ရေးတဲ့ မ,ရှင်လေး၊ အခက်အခဲတွေကို လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ လပြည့်ရိပ်၊ အစ တစ်ကြောင်းဖတ်မိတာနဲ့ အဆုံးထိကို တထိုင်တည်း ဖတ်မိသွားစေတဲ့ ဝတ္ထုတွေရဲ့ မှော်လက်ပိုင်ရှင် ကိုမြစ်ကျိုးအင်း (ဇတ်ရုံတစ်ရုံ အကြောင်း ကကြီးကနေ အ,အထိ ခရေစေ့တွင်းကျ သူသိပုံက တကယ့်ကိုပဲ လက်ဖျားခါချင်စရာ)၊ ဝတ္ထုတွေ ကဗျာတွေကို မအားတဲ့ကြားက ကြိုးစားရေးရှာတဲ့ ညီမအိန်ဂျယ်လ်လှိုင် (သူက ချစ်စရာကောင်းတဲ့ 'ကောင်းသောနေ့လေး ဖြစ်ပါစေအကို' လို့လည်း နှုတ်ဆက်တတ်သူပါ)၊ ပန်းတွေကို ဗိသုကာပညာနဲ့ ထုဆစ်တတ်တဲ့ မ,အပြုံးပန်း (သူရေးတဲ့ ပို့စ်တိုတိုလေးတွေက ခဏလေးနဲ့ ပွင့်ပေမယ့် အချိန်အကြာကြီး မွှေးနေတဲ့ ပန်းကလေးတွေလို)၊ ကွန်နက်ရှင် အခက်အခဲကို ရင်ဆိုင်ပြီး ဖတ်ရခက်သူတွေ အတွက် စာကောင်းပေမွန်တွေ ကြိုးစားတင်ပေးတဲ့ မရွှေစင်ဦး (သူ့ရဲ့ တောင်ရောက်မြောက်ရောက် စီးရီးစ်ပို့စ်တွေက တကယ်ပဲ တောင်ကနေမြောက်အထိ လက်ရှိဖြစ်နေ တဲ့ အကြောင်းတွေ ဗဟုသုတ ရပါတယ်)၊ ဒီမိုးဒီရေထဲမှာ ချီတက်ဆဲ၊ ချီတက်မြဲ မခင်ဦးမေ (ပို့စ်အသစ်တွေနဲ့ အမြဲတမ်း up to date ဖြစ်နေတဲ့ လူသိအများဆုံး ဘလော့ဂ်ပါ) စတဲ့ မောင်နှမတွေနဲ့ သိကျွမ်းခဲ့ရတယ်၊ အခြားစိတ်ဝင်စားစရာ ဘလော့ဂ်တွေလည်း သွားရင်းလာ ရင်း မြင်းတပြေး အနေအထားနဲ့ သိခဲ့ရတာ တကယ့်ကို အများကြီးပါ၊ အချိန် အခက်အခဲတွေကြောင့် အဝေးကနေပဲ ငေးကြည့်နေခဲ့ ရတယ်၊

တကယ်တမ်း နေ့စဉ်ဘဝမှာ ကျနော့်အတွက် ပို့စ်တွေအများကြီး လိုက်ဖတ်ဖို့ရာ အချိန် သိပ်မရှိလှ ပါဘူး၊ ဖတ်ဖို့ အကြွေးတင်နေတဲ့ ပုံနှိပ်ဝတ္ထုတွေ၊ ဓါတ်ပုံပိုင်းဆိုင်ရာ ဆိုဒ်တွေ၊ စာအုပ်တွေ၊ အိမ်မှုကိစ္စတွေကြားမှာ တခါတခါ ဘလော့ဂ်လေးက အိပ်ပျော်သွားလေ့ ရှိပါတယ်၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ စ,ရေး ကတည်းက ဒီနေ့အထိ အကြာကြီး နားနေတာမျိုးတော့ မရှိစေခဲ့ ဖူးသေး ပါဘူး၊ အဲဒီလို အခြေအနေမှာ ကျနော်ကသာ ပုံမှန်မရောက်ပေမယ့် ကျနော့်ဆီကို အမြဲလိုလို လာလည်နေကြတဲ့ တခြားဘလော့ဂါတွေ၊ စာဖတ်သူတွေ အကြောင်းလည်း ပြောဖို့ လိုပါလိမ့်မယ်၊ ဘလော့ဂ်စ,ရေးတဲ့ အစောပိုင်း ကာလတွေကတည်းက ဒီနေ့အထိ ပုံမှန်လာလည်ပြီး ကွန်မန့်လေးတွေ ချန်ထားတတ်သူက မမီးငယ် ပါ၊ နောက်ပြီးတော့ တရင်းတနှီး လာလည်ကြသူတွေ ဖြစ်တဲ့ နာမည်လှလှနဲ့ မ,စည်းစိမ်၊ ကွန်မန့်တွေကို တလေးတနက် ပေးတတ်သူ တောင်ငူသား၊ အကြိုက်နဲ့ တွေ့တဲ့အခါ ခြေရာချန်ဖို့ ဝန်မလေးတဲ့ Vista၊ စကားလုံးတိုင်းကို ထိရှခံစား တတ်တဲ့ မစိုးမြနန္ဒာသက်လွင်၊ ကွန်မန့်မှာ တခါတလေ စိတ်ဝင်စားစရာ မေးခွန်းတွေ မေးတတ်တဲ့ ကို Raymond ကျော်မင်းနိုင်၊ ဘလော့ဂ် ကို အကြိမ်ပေါင်းများစွာ လာလည်တတ်တဲ့ အမြဲအားပေးတတ်သူ ဂျီးဒေါ်၊ ကျနော် သွားလည်ချင်လှတဲ့ ယောနယ်ကို ရောက်ဖူးလို့ အားကျရသူ အဝါရောင်မြေက (မ)စော၊ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ရေးတတ်တဲ့ လက်တွေ့နဲ့ မကင်းကွာသူ မစန်းထွန်း၊ ချစ်စရာ ကွန်မန့်လေးတွေရဲ့ ပိုင်ရှင် ညီမ blackroze၊ သိုးဆောင်း စကားလုံးတွေနဲ့ သတိတရ နှုတ်ဆက်တတ်တဲ့ မချောစု၊ ကွန်မန့်မှာ 'ခင်မင်လျက်'လို့ လက်မှတ်ထိုးတတ်တဲ့ မ,ဆောင်းနှင်းရွက်၊ စာတွေကို သေချာဖတ်ပြီး ကွန်မန့်ပေးတတ်တဲ့ မမေသိမ့်သိမ့်ကျော်၊ ကွန်မန့်မှာကော စီဘောက်စ်မှာပါ ရင်းရင်းနှီးနှီး နှုတ်ဆက်တတ်တဲ့ မဒမ်ကိုး၊ ပို့စ်သစ်တွေရဲ့ ထိပ်ဆုံးမှာ လာလာမန့် တတ်တဲ့ ညီ၊ အခုနောက်ပိုင်းမှာ ကွန်မန့်တွေ ရေးလေ့ရှိတဲ့ AA တို့ကိုလည်း သတိတရ ဖော်ပြချင်ပါတယ်၊ ဒါတွေက ဒီပို့စ်ရေးနေခိုက်မှာ ခေါင်းထဲရောက်လာတဲ့ နာမည်တွေပဲ ဖြစ်ပါတယ်၊ ခြေရာမချန်ခဲ့ဘဲ အမြဲတမ်း တိတ်တိတ်ကလေး လာဖတ်နေတဲ့ သူတွေလည်း အများကြီးပါပဲ၊ ဘယ်သူဘယ်ဝါရယ်လို့ မပြောနိုင် ပေမယ့် သူတို့ကိုလည်း တခုတ်တရ အမှတ်ရမိကြောင်း ပြောပါရစေ..၊

ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်ရဲ့ ရည်ရွယ်ချက်က ကိုယ်သိတဲ့၊ ဖတ်တဲ့ အခြားဘလော့ဂ်တွေ အကြောင်း ပြောကြဖို့ ဆိုတဲ့အတွက်သာ ရေးလိုက်ရပေမယ့် အမှန်ပြောရရင် အခုလို နာမည်တွေနဲ့ ရေးရတာ ကျနော် မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပါပဲ၊ အကြောင်းက ကျနော် မဖော်ပြ မိတဲ့သူတွေ တစ်ယောက်မက ကျန်နေမှာ အသေအချာပါပဲ၊ ကိုယ်ခင်မင်လို့ ပုံမှန်လာလည်နေတဲ့ ဘလော့ဂ်က အခြားလူတွေကို သတိရပြီး ကိုယ့်ကိုတော့ မေ့နေခဲ့တယ် ဆိုရင် တချို့က ဘယ်လိုမှ မခံစားရပေမယ့် တချို့ကတော့ စိတ်မှာ မြူတမှုန်စာပဲ ဖြစ်ဖြစ် အစက်ထင်ကောင်း ထင်သွားနိုင် ပါတယ်၊ ဒါ့ကြောင့် အဲဒီလို ချွတ်ချော်ပြီး နာမည်ကျန်ခဲ့တဲ့ သူတွေရှိခဲ့ရင် ကျနော် အနူးအညွတ် ကြိုပြီး တောင်းပန်ပါတယ်၊ ဒါဟာ လေးစားသမှု မရှိတာ၊ တန်ဖိုးမထားတာမျိုး မဟုတ်ဘဲ ကျနော့်ရဲ့ မှတ်ဥာဏ် ချို့ယွင်းမှု သက်သက်ပါပဲ၊ နာမည်ပါသူတွေက အင်္ဂလိပ် ခေတ်ကလို ကြက်သရေဆောင် ရွှေစလွယ်ရမင်း (KSM) လက်မှတ် ရမှာ မဟုတ်သလို နာမည်မပါသူတွေကလည်း သမဝါယမ ခေတ်ကလို ပြည်သူ့ဆိုင်မှာ သကြားနဲ့ရေနံဆီ မရဘဲ ကျန်ခဲ့မှာမျိုး မဟုတ်ပါဘူး၊ ဒါဟာ မပြည့်စုံတဲ့ ဦးနှောက်တစ်လုံးက ဝင်ကစားတဲ့ တဂ်ဂိမ်းတစ်ခု သက်သက် ဆိုတာထက် မပိုပါဘူးဗျာ...၊

နာမည်နဲ့တကွ ရေးမိတဲ့သူတွေကိုလည်း နာမည်တွေဟာ Order of appreciation အလိုက် မဟုတ်ဘဲ ခေါင်းထဲမှာ ပေါ်လာတဲ့အတိုင်း ခပ်သွက်သွက်ပဲ ချရေးထားတာ ဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်၊ ပြီးတော့ ကွင်းစကွင်းပိတ်ထဲက မှတ်ချက်လေးတွေကလည်း တစ်ယောက်စီကို categorize ခွဲခြား သတ်မှတ်တာမျိုး မဟုတ်ဘဲ ရှိရင်းစွဲ အပြန်အလှန် ခင်မင်မှု ကြိုးနှစ်စကို ပိုပြီးခိုင်မြဲအောင် သုံးလွန်းတင် လိုက်တဲ့ အတို့အထိလေး သက်သက်ပါပဲ၊ အခန့်မသင့်လို့ စိတ်နဲ့ မတွေ့ခဲ့ရင်တော့ ကျနော့်ရဲ့ အားနည်းချက် ဖြစ်တဲ့အကြောင်း တဆက် တည်းပဲ တောင်းပန်ပါရစေ...၊

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ဒီအချိန် အထိတော့ ဘလော့ဂ်ရပ်ဝန်းမှာ ကျနော် သစ္စာရှိစွာ နေထိုင်တုန်းပါပဲ၊ အချိန်ရရင် ရသလို ဘလော့ဂ်တွေဆီ လှည့်လည်သွားလာ နေတုန်းပါပဲ၊ စာလာဖတ်တဲ့ အယောက်တိုင်းကို ကျေးဇူးတင်ပြီး ဝမ်းသာအားရ ကြိုဆိုဆဲပါပဲ၊ ကွန်မန့်တွေကိုလည်း တန်ဖိုးထားသလို တစ်ခုချင်းစီကို တတ်နိုင်သလောက် ကြိုးစားပြီး ပြန်နေလျက်ပါပဲ၊ တခြားသော ဘလော့ဂါတွေမှာ အချင်းချင်း အပြင်မှာတွေ့ကြတယ် ဆိုရင် ကျနော် အမြဲတမ်း အားကျမိပါတယ်၊ တခါတခါမှာ ကျနော်လည်း အဲဒီလို ကိုယ်ရင်းနှီးတဲ့ ဘလော့ဂါတွေ၊ စာဖတ်သူတွေကို လက်ဖက်တရိုး၊ အကြမ်းတစ်အိုးနဲ့ အပြင်မှာ ဆုံဖူးချင်မိတယ်၊ တခါတလေ လပေါင်းများစွာ ကြာတဲ့အထိ မြန်မာ တစ်ယောက်နဲ့မှ မဆုံဖြစ်တဲ့ အရပ်မှာ နေထိုင်ရတဲ့ အတွက်ကြောင့်လားတော့ မသိပါဘူး၊ ဘလော့ဂ် ရပ်ဝန်းလေးက ကျနော့်အတွက်တော့ တဝဲလည်လည် ဖြစ်ရတဲ့ ချည်တိုင်ပါပဲ၊ မမြင်ရတဲ့ ကြိုးတွေနဲ့ ကျနော်တို့ အချည်ခံရတဲ့အခါ ဖြေဖို့ ပိုပြီးခက်တယ် မဟုတ်လား...။ ။


ညီလင်းသစ်
၂၈ သြဂုတ်၊ ၂၀၁၁

စာကြွင်း။ ။ နာမည်တွေရဲ့အောက်မှာ ဘလော့ဂ်လင့်ခ်တွေတော့ မထည့်ပေးဖြစ် လိုက်ဖူးဗျာ၊ အမှန်တော့ သူတို့အားလုံးဟာ ကျနော်က မိတ်ဆက်ပေးစရာ မလိုတဲ့ လူသိများပြီးသား ဘလော့ဂ်တွေပါပဲ၊ စိတ်ဝင်စားရင်တော့ ဆိုဒ်ဘားမှာ အဲဒီဘလော့ဂ်လိပ်စာတွေ အားလုံးနီးပါး ရှိပါတယ်..။

26 August 2011

တောင်တန်းများရဲ့ ရင်ခွင်မှာ


ဒီနှစ် နွေရာသီမှာ အများသူငါ ခွင့်တွေယူပြီး ခရီးဝေးတွေ လည်ပတ်သွားလာ နေကြတဲ့အချိန် ကျနော်က အလုပ်မှာပဲ ရှိနေခဲ့တယ်၊ အရင်နှစ်တွေက သားရဲ့ နေ့ကလေးထိန်း ကျောင်းပိတ်ချိန်မှာ သူ့ကို အိမ်မှာထိန်းဖို့ ခွင့်ယူဖြစ်ပေမယ့် ဒီနှစ်မှာတော့ လာထိန်းပေးတဲ့လူတွေ ရှိတာနဲ့ လူတွေ ရှင်းနေတဲ့ အလုပ်မှာ တိတ်တိတ်ကလေးနေပြီး ခွင့်ရက်တွေကို စုထား လိုက်တော့တယ်၊ ဝေးဝေးလံလံ မသွားဖြစ်ပေမယ့် ဒီနားတဝိုက်မှာပဲ တစ်ညအိပ်၊ နှစ်ညအိပ် ခရီးတိုလေးတွေ သွားဖြစ်ပါတယ်၊ အဲဒီလို သွားခဲ့တဲ့ ခရီးတိုလေး တစ်ခုကတော့ တောင်တန်းတွေ ရဲ့ ရင်ခွင်ဆီကိုပါပဲ....၊


Photobucket
အရင်ကလည်း မကြာခဏ သွားဖြစ်ပြီး၊ ဒီအကြောင်းကို ပို့စ်လည်း တင်ဖူးတဲ့ ရွာကလေးပါ၊ Champéry လို့ အမည်ရ ပါတယ်၊ အိမ်ကနေ ၁ နာရီလောက် ကားမောင်းသွားတဲ့အခါ အဲ့လ်ပ်စ် (Alps) တောင်တန်းပေါ်မှာ မေးတင်ထားတဲ့ ဒီရွာလေးကို ရောက်တယ်၊ ကျနော်တင်တဲ့ ခရီးသွားပုံတွေမှာ အခုလို တောင်တန်းတွေ မကြာခဏ ပါတတ်တော့ လာလည်တဲ့ သူတွေများ ငြီးငွေ့နေကြပြီလား မသိဘူး၊ ဒီနိုင်ငံကိုက အဲ့လ်ပ်စ်တောင်တန်းတွေ ပေါ်မှာ တဝက်လောက် တင်နေတော့ ဘယ်လိုပဲ ရိုက်ရိုက် မလွတ်ဘူး ဖြစ်နေတယ်ဗျာ...၊း) ဒီတစ်ခေါက်မှာတော့ ရာသီဥတုကတော့ ဘောလုံးသမား အကြိုက်ပါပဲ၊ တောင်ခါးပန်းမှာ မြူခိုးတွေ ဝေနေခဲ့တယ်..၊


Photobucket
Champéry ရွာလေးရဲ့ အထွက်မှာ သစ်ပင်တွေပေါ် ကြိုးတန်းလျှောက်ရတဲ့ ဒီစခန်းလေး ရှိပါတယ်၊ ဒီနေရာက သစ်လုံးအိမ်လေးမှာ နေ့လယ်စာ ပစ်ကနစ် လာစားတယ်၊ ခရီးက Champéry ရဲ့အလွန်က ရွာလေးနောက်တစ်ရွာကို လာတဲ့ခရီးဆိုတော့ ဒီမှာ ခဏရပ်၊ နေ့လယ်စာ စား၊ ပြီးတော့ ခါးမှာ ကြိုးချိတ်ပြီး သစ်ပင်တွေပေါ် လျှောက်ခဲ့တယ်၊ ကားလမ်းမဘေးမှာ ကားကိုထားခဲ့ပြီး ၁၀ မိနစ်လောက် လမ်းလျှောက် လာရပါတယ်၊


Photobucket
အမှန်က သားကို စမ်းကြည့်စေချင်တာ...၊ ဒါပေမယ့် အနည်းဆုံး အရပ်အမြင့် ၁ မီတာနဲ့ ၁၀ စင်တီမီတာ ရှိရမယ်ဆိုလို့ လောလောဆယ် ၁ မီတာအတိပဲ ရှိတဲ့သားက မကစား လိုက်ရဘူး၊ ဒါနဲ့ သူ့ကိုယ်စား သူ့အဖေကပဲ (စိတ်မပါ့တပါနဲ့) သစ်ပင်ပေါ်က မဆင်းတော့မယ့်အတိုင်း ကိုင်းကူးနေလိုက်တယ်..၊း)


Photobucket
ခါးမှာ သံကွင်းနဲ့ အသေအချာ ချိတ်ထားလို့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး၊ သစ်ပင် တစ်ပင်နဲ့တစ်ပင်ကို ကြိုးတံတား၊ သစ်လုံး၊ ကြိုးတန်း၊ စတာတွေ ပေါ်ကနေ ကူးရင်ကူး၊ မဟုတ်ရင်တော့ အခုလို စက်သီးနဲ့ ခိုစီးပြီး ကူးပေါ့...၊


Photobucket
အဲဒီကနေ ပြန်ထွက်လာပြီး ညအိပ်မယ့် နေရာဖြစ်တဲ့ Barme ဆိုတဲ့ နေရာကို ဆက်တယ်၊ ဒီနေရာလေးကို ကျနော် အတော်လေး သဘောကျပါတယ်၊ ပထမအချက်က သူ့ရဲ့ တည်နေရာကြောင့်...၊ Barme က တောင်တန်းတွေ အလယ်က လွင်ပြင်ပါ၊ ဒီကို လာဖို့က တောင်ကြောတွေ ပေါ်ကနေ ကွေ့ဝိုက်မောင်းလာပြီးတော့မှ လွင်ပြင်ထဲကို ပြန်ဆင်းရတယ်၊ ဟဲဟိုးက ထွက်လာပြီး ရွှေညောင်လွင်ပြင်ကို ဆင်းရတာမျိုးနဲ့ ခပ်ဆင်ဆင် တူပါတယ်၊ ဒီဟာကတော့ အများကြီး ငယ်တာပေါ့လေ၊ ဒုတိယ အချက်က ဒီနေရာဟာ စားကျက်မြေဖြစ်လို့ နွားတွေ၊ ဆိတ်တွေ၊ သိုးတွေနဲ့ ကျေးလက်ဆန်ပြီး ချစ်စရာ ကောင်းတယ်၊ အိမ်လေးတွေက စုစုပေါင်းမှ လေးငါးဆယ်လုံး လားပဲ ရှိတယ်၊ ရေမျက်နှာပြင် အထက် ၁၄၉၂ မီတာ (၄၈၉၅ ပေ) မှာ တည်ရှိပါတယ်၊


Photobucket
ကျနော်တို့ တည်းခဲ့တဲ့ Bed and Breakfast (B&B) နေရာလေး ဖြစ်ပါတယ်၊ ဒီလွင်ပြင်ထဲမှာ ညအိပ်တည်းဖို့ အခုလို အိမ်ကလေး ၂ လုံး ရှိတယ်၊ မေလလယ်ကနေ အောက်တိုဘာ အကုန်လောက်ထိ ဖွင့်ကြတယ်၊ ပြီးရင်တော့ ဆောင်းတွင်းဝင်လာပြီ ဖြစ်လို့ ဆိုင်ပိတ်ပါတယ်၊ နှင်းကျပြီဆိုရင် ဒီလွင်ပြင်ထဲကို လာဖို့က မလွယ်တော့ဘူးကိုး၊ ရာသီဥတု မကောင်းပေမယ့် လူပြည့်နေတယ်၊ ကျနော်တို့က ဒုတိယထပ်မှာ နေရာရတယ်၊ အဲဒီညမှာ မိုးတွေ အကြီးအကျယ် ရွာတော့ ခေါင်မိုးပေါ်က မိုးစက်မိုးပေါက်သံတွေ နားထောင်ပြီး အိပ်ရတာ အရမ်းကောင်း တယ်၊ ညအော်ပရာရဲ့ မိုးအော်ခက်စထရာ မှာ စိတ်ကူးတွေ လဲ့စို၊ အေးချမ်း နေခဲ့တယ်...၊


Photobucket
ညစာ မစားခင်မှာ လမ်းတပတ် ထွက်လျှောက်တယ်၊ အဲဒီအချိန်မှာ မိုးငွေ့ဖြန်းတဲ့ မြူတွေ ရစ်သိုင်းလာတယ်..၊ ခပ်လှမ်းလှမ်းကို လှည့်ကြည့်တော့ တည်းခိုဆောင်လေးက မြူတွေထဲမှာ ဝိုးတဝါး..၊ ဘာရယ်မဟုတ်ဘူး၊ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ Emily Bronte ရဲ့ Wuthering Heights လေထန်ကုန်း ဝတ္ထုကို ဖြတ်ကနဲ အမှတ်ရမိ သွားသေးတယ်၊ အဲဒီထဲက မြင်ကွင်းတွေက ဒီလိုမျိုးပေ ပဲလား...၊


Photobucket
ဝူးသရင်းဟိုက်စ် ပြီးတော့ Alfred Lord Tennyson ရဲ့ The Brook စမ်းချောင်းကလေး......၊း) "... Men may come and men may go, But I go on for ever..."


Photobucket
ရာသီဥတုက အခုကျတော့လည်း ခုနက ပြာရီမှိုင်းကာ ညို့ညို့ ဖြစ်နေတာ သူမဟုတ်သလိုပဲ..၊ ('ပြာရီမှိုင်းကာ ညို့ညို့' ကို ဝင်းဦးအသံဖြင့် ဖတ်ရန်..)၊ နေတဖြတ် အပွင့်မှာ ခိုင်ကျည်မြဲမြံတဲ့ ကျောက်တောင်တန်းတွေဆီ မမှိတ်မသုန် ငေးကြည့်မိခဲ့တယ်...၊


Photobucket
နောက်တနေ့ မနက်ကျတော့ မနက်စာစားပြီး မပြန်ခင်မှာ နောက်တခေါက် လမ်းထပ်လျှောက်ကြ ပြန်တယ်၊ ၁ နာရီ ကြာမယ့် လမ်းကြောင်း၊ ၂ နာရီ ကြာမယ့် လမ်းကြောင်း စသဖြင့် လမ်းလေးတွေ သတ်မှတ်ပြီးသားပါ၊ ကိုယ့်ရဲ့ အဆုတ်နဲ့ ခြေသလုံး ကြွက်သားပေါ် မူတည်ပြီး အဆင်ပြေသလို ရွေးရုံပါပဲ၊ ဒီတခါတော့ တောအုပ်လေးထဲက ဖြတ်တဲ့ လမ်းကလေးကို ကျနော်တို့ ရွေးလိုက်တယ်၊ ၁ နာရီလျော့လျော့သာ ကြာတဲ့ လမ်းကလေးပါ..၊


Photobucket
ထင်ရူးပင်တွေရဲ့ အရိပ်ကနေ လျှောက်ခဲ့တယ်၊ မြေပြင်ပေါ်မှာတော့ ကြွေကျနေတဲ့ ထင်းရူးသီးတွေ..၊ သစ်တောလေး တွေကို ကျနော် ချစ်တယ်၊ သူတို့ထဲကို ဖြတ်လျှောက်တဲ့အခါလည်း နားကို စွင့်ထားမိတယ်၊ တောမှာ အသံ ရှိပါတယ်၊ သစ်တောရဲ့ အသံကို နားထောင်ရတာ၊ ခွဲခြမ်းစိတ်ဖြာရတာ တကယ်ပျော်ဖို့ ကောင်းတယ်..၊


Photobucket
ဒီလို ခုံတန်းလေးတွေ မြင်တဲ့အခါ ခင်ရာမင်ရာ သူငယ်ချင်းတွေကို သတိရပါတယ်၊ အဲဒီမှာထိုင်ပြီး အတူတူ ဂစ်တာတီးချင်တယ်၊ ဝိုင်းဖွဲ့ စကားပြောချင်တယ်၊ ညမှာ မီးဖိုပြီး တောတွေ၊ တောင်တွေရဲ့ အသံကို ဝိုင်းပြီး နားထောင် ကြည့်ချင်တယ်၊ တောင်တန်းတွေရဲ့ ရင်ခွင်ထဲဝင်ပြီး သူတို့ရဲ့ ရင်ခုန်သံကို နားထောင်ရတာလောက် ဘယ်အရာကများ စိတ်ဝင်စားစရာ ကောင်းနိုင်ပါဦးမလဲ၊ ခင်ရာမင်ရာလို့ ဆိုရာမှာ လူတောင်မမြင်ဖူးသေးတဲ့ အွန်လိုင်းက သူငယ်ချင်းတွေ လည်း ပါ,ပါတယ်..၊ (ဤကား စကားချပ်။)းD


Photobucket
အိမ်အပြန်....၊ တနေ့တော့ ပြန်ဆုံမယ် အညိုရောင် လမ်းကလေး... ကိုယ် ပြန်ခဲ့မယ်...။ (ဤစာသားကိုတော့ ဇော်ဝင်းထွဋ် အသံဖြင့် ဖတ်ရန် မလိုပါ..)၊းD


ညီလင်းသစ်
၂၆ သြဂုတ်၊ ၂၀၁၁

13 August 2011

အိပ်စက်ခြင်းများ ရှိရာဆီ ...


ဝင်းအကျယ်ကြီးထဲကို ကားက ဘီးလှိမ့် ဝင်လိုက်ချိန်မှာပဲ ဓါတ်ပုံတွေထဲမှာ တခါ၊ နှစ်ခါလောက် မြင်ဖူးထားတဲ့ အဆောက်အဦး ကြီးကို ဘယ်ဖက် ခပ်ယွန်းယွန်းမှာ တွေ့လိုက်ရတယ်၊ အဆောက်အဦးရဲ့ ရှေ့မှာတော့ ကိုယ်ပိုင်ကား အချို့နဲ့ ဘတ်စ်ကားတွေ ရပ်ထားတယ်၊ အဆောက်အဦးကြီးရဲ့ ခေါင်းတိုင်ထဲကနေ မီးခိုးတွေက တလူလူထွက်လို့...၊ ဝမ်းနည်းခြင်းတွေနဲ့သာ ဆက်နွယ်ပြီး သတင်းတွေမှာ တွေ့ရတတ်တဲ့ အဆောက်အဦးကြီး..၊ ဘယ်သူကမှ မလာချင်ခဲ့တဲ့ အဆောက်အဦးကြီး..၊ ငိုကြွေးမြည်တမ်း ခြင်းတွေသာ စဉ်ဆက်မပြတ် ပဲ့တင်ထပ်နေခဲ့တဲ့ အဆောက်အဦးကြီး၊ အဲဒီ အနီးတဝိုက်မှာ မြင်ရသမျှ လူတွေရဲ့ မျက်နှာတွေကလည်း မှုန်မှိုင်းပြီး ကြေကွဲခြင်းတွေသာ ထင်ဟပ်နေခဲ့တယ်၊ ရေဝေးသုသာန်ရဲ့ နိစ္စဓူဝ ပုံရိပ်များ ... ...၊

ကျနော် ပြည်ပရောက်ပြီးမှ ဝမ်းနည်းခြင်းတွေနဲ့ ယှဉ်ပြီး သတိရဖြစ်တဲ့ နေ့တွေထဲမှာ၂၀၀၄ ခုနှစ်ရဲ့ သြဂုတ်လ ၁၄ ရက်နေ့က တစ်နေ့ အပါအဝင်ပါ၊ အဲဒီနေ့ဟာ ထူးအိမ်သင် ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်တယ်၊ သူ့လို ရှားရှားပါးပါး ပညာရှင်တစ်ဦး ဆုံးရှုံးသွားတာကို ကြေကွဲကြတဲ့ မြောက်မြားစွာသော လူတွေထဲမှာ ကျနော်လည်း အပါအဝင် ဖြစ်ခဲ့တယ်၊ မြန်မာပြည် ပြန်ဖြစ်တဲ့ တနေ့နေ့၊ တချိန်ချိန်မှာတော့ သူ့ရဲ့ အုတ်ဂူဆီသွားပြီး ကမ္ဘာမြေကို သင်ပေးခဲ့တဲ့ သီချင်းတွေအတွက် သူ့ကို ကျေးဇူးတင်ကြောင်း သွားပြောဖို့ တခါတုန်းက စဉ်းစားထားခဲ့တယ်၊ အဲဒီလို မျှော်လင့်ခဲ့တဲ့ နေ့က ၂၀၀၉ ခုနှစ်၊ ကျနော် အလည်ပြန်တဲ့ အချိန်မှာ ဖြစ်လာခဲ့ပါတယ်၊ အလည်ပြန်တဲ့ ခရီးအတွက် ပြင်ဆင်မှုတွေထဲမှာ စာရင်းတွေ လုပ်တာလည်း တစ်ခုအပါအဝင်ပါ၊ ဟိုကို ယူသွားရမယ့် ပစ္စည်းစာရင်း၊ ဟိုမှာ ရှိတုန်း အတိုးချ စားရမယ့် အစားအသောက် စာရင်း၊ ဟိုကနေ ပြန်သယ်လာမယ့် ပစ္စည်းစာရင်း တွေအပြင် မြန်မာပြည်မှာ ရှိတုန်း တွေ့ချင်တဲ့ လူတွေစာရင်းလည်း ပါ,ပါတယ်၊ အဲဒီလိုမှ စာရင်းမလုပ်ရင် ဟိုလိုလို၊ ဒီလိုလိုနဲ့ အပျော်လွန်ပြီး မေ့သွားမှာ သေချာတယ်၊ ဒီကို ပြန်ရောက်မှ ဟိုလူ့ကို မတွေ့ခဲ့ရ၊ ဒီဟာကို မစားခဲ့ရ ဆိုတာတွေ ဖြစ်နိုင်ပါတယ်၊ အဲဒီ လူစာရင်းရဲ့ တနေရာမှာ ထူးအိမ်သင် လို့ အသာလေး တို့ထားခဲ့လိုက်တယ်၊ ပြီးတော့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ကို ကျနော်လာရင် ရေဝေးကို လိုက်ပို့ဖို့ ကြိုပြီး အသေအချာ မှာထားလိုက်တယ်၊ ဒီလိုနဲ့ပဲ ဒီခရီးစဉ်ဟာ ဖြစ်လာခဲ့တော့တယ်...၊

တကယ်တမ်း သွားကြတော့ ကျနော်၊ ကားမောင်းပို့တဲ့ သူငယ်ချင်း အပြင် တခြား သူငယ်ချင်း ၂ ယောက်လည်း လိုက်လာတယ်၊ သူတို့ကလည်း ရေဝေး မရောက်ဖူးတဲ့အပြင် ထူးအိမ်သင်ရဲ့ အုတ်ဂူလည်း ကြည့်ချင်လို့တဲ့၊ ကားမောင်းတဲ့ သူငယ်ချင်းက ရေဝေးအထိတော့ တခါရောက်ဖူးတယ်၊ အထဲရောက်တော့မှ သုသာန်ဝင်းကြီးက အတော့်ကို ကျယ်တာ သတိထားမိတယ်၊ ပြီးတော့ အုတ်ဂူတွေက သူ့အစုနဲ့သူ နေရာတွေ အများကြီး...၊ ဒီအတိုင်းဆို ကျနော်တို့ ခရီးရောက်မှာ မဟုတ်ဘူး၊ ဒါနဲ့ အနီးအနားကို ကြည့်လိုက်တော့ မီးသင်္ဂြိုဟ်စက် အဆောက်အဦးနဲ့ မလှမ်းမကမ်းမှာ ဆိုက်ကားတစ်စီး ရပ်ထားတာတွေ့လို့ ကားပေါ်ကဆင်းပြီး သူ့ဆီကိုပဲ တန်းသွားလိုက်တယ်၊

"ဆရာကြီး..၊ ကျနော်တို့ ထူးအိမ်သင်ရဲ့ ဂူကို သွားချင်လို့ပါဗျာ၊ အဲဒါဘယ်နားဆိုတာ တဆိတ်လောက်..."

ကြေးနီရောင် အသားအရည်၊ စစ်ဦးထုပ်ပျော့ကို ဆောင်းထားတဲ့ ဆိုက်ကားဆရာက အသက် ၅၀ ဝန်းကျင်လောက်တော့ ရှိမယ်၊ သူက မှန်မှာ အစင်းရာ၊ အခြစ်ရာတွေ ထင်နေတဲ့ မှုန်ဝါးဝါး မျက်မှန်ကို ပင့်လိုက်ရင်း ...

"ဘယ်သူ့ရဲ့ဂူ...?" လို့ ဇဝေဇဝါဟန်နဲ့ ပြန်မေးတယ်၊

"ထူးအိမ်သင် လေ၊ အဆိုတော် ထူးအိမ်သင်..." လို့ ကျနော် ထပ်ပြောလိုက်တယ်၊ ဒီတော့မှ...

"သြော်..အေး..အေး၊ သိပြီ၊ ဒီလမ်းအတိုင်းသာ လိုက်သွား၊ လမ်းက ဘယ်ဖက်ကို ကွေ့သွားလိမ့်မယ်၊ အဲဒီ အတိုင်းလိုက်၊ ခဏကြာရင် လမ်းရဲ့ ဘယ်ဖက်ခြမ်းမှာ ဂူတွေအစု တစ်စု တွေ့လိမ့်မယ်၊ အဲဒီ နေရာကို ဝင်လိုက်ရင် ညာဖက် အဆုံးနား လေးမှာ..." လို့ အသေအချာ ညွှန်ပြပေးတယ်၊

ကျေးဇူးစကား ဆိုပြီး ထွက်လာရင်း 'ဒီအတိုင်းဆို မဆိုးဘူးပဲ' လို့ ကျနော်တွေးမိတယ်၊ ဒီမှာ ဂိတ်ထိုးတဲ့ ဆိုက်ကားလား တော့ မသိဘူး၊ ညွှန်ပြတဲ့ ပုံကတော့ အသေအချာ သိပုံပါပဲ၊ တကယ်တမ်းမှာလည်း သူပြောလိုက်တဲ့အတိုင်း အတိအကျ ပါပဲ၊ လမ်းမှာ ခရစ်ယာန် သင်္ချိုင်း၊ ဟင်ဒူသင်္ချိုင်း စတဲ့ အစုတွေကိုလည်း တွေ့ခဲ့တယ်၊ ခပ်လှမ်းလှမ်းမှာတော့ တွေ့ပါပြီ၊ လမ်းရဲ့ ဘယ်ဖက်မှာ အုတ်ဂူအစုအဝေး တစ်ခု...၊

ပိတောက်ပင်တန်းတွေ အောက်မှာပဲ ကားကို ရပ်ထားခဲ့လိုက်ပြီး ကျနော်တို့အားလုံး ဝင်လာခဲ့တယ်၊ ဂူတွေရဲ့ အလယ်မှာ ရှိတဲ့ လူသွားလမ်းပေါ်ကို ရောက်မှ အုတ်ဂူတွေ အတော်များပါလားလို့ သတိထားမိတယ်၊ ကျနော်တို့က အလောသုံးဆယ်လည်း မဟုတ်တော့ တွေ့ချင်တဲ့ ဂူကို ချက်ချင်းမရှာသေးဘဲ လမ်းဘေး တလျှောက်က အုတ်ဂူတွေကို လိုက်ဖတ်နေ ကြတယ်၊ ခပ်ကြီးကြီး အုတ်ဂူ၊ ခပ်သေးသေး အုတ်ဂူ၊ ခြံခတ်ထားတဲ့ ဂူ၊ အုတ်ဂူလို့ ဆိုလို့ ရရုံလေး ဆောက်ထားတဲ့ မည်ကာမတ္တဂူ၊ ဆေးတွေသုတ် ထားတဲ့ဂူ၊ ဟောင်းနွမ်းယိုယွင်း နေတဲ့ဂူ...၊ အသွင်မျိုးစုံနဲ့ ဝန်းကျင်တခုလုံးဟာ သင်္ချိုင်းရဲ့ သရုပ်သကန် ပီပြင်လို့ နေတယ်၊

“လမ်း အဆုံးနားထိ လျှောက်ပြီးတော့မှ ညာဖက်အခြမ်းမှာလို့ ပြောတယ်ကွ...”၊

ကျနော်က ကျနော်တို့ရဲ့ ဦးတည်ရာကို ထပ်ပြီး သတိပေးလိုက်တယ်၊ အားလုံးလိုလိုက ဂူတွေပေါ်က နာမည်တွေ၊ အသက်တွေ လိုက်ဖတ်ပြီး အဲဒီနောက်ကို မျောပါရင်း လာရင်းကိစ္စကို မေ့နေကြပုံပါပဲ..၊

“ဟာ..ဒီမှာ ကြည့်စမ်း”

ကားမောင်းတဲ့ သူငယ်ချင်းက ဂူတစ်ခုကို လှမ်းပြတယ်၊ သူ့နားကို လျှောက်သွားပြီး သူပြတဲ့ အုတ်ဂူပေါ်က နာမည်ကို ဖတ်ကြည့် လိုက်ကြတယ်..၊ 'မင်းသိင်္ခ' တဲ့...၊ အုတ်ဂူကို သံပန်းနဲ့ ဝင်းခတ်ပြီး အမိုးလေး မိုးထားတယ်..၊ ဆားပုလင်း နှင်းမောင်၊ စနေမောင်မောင်၊ ပုဏ္ဏားဘကွန်းတို့ရဲ့ ဆရာသခင်က အခုတော့လည်း အထဲမှာ ငြိမ်းချမ်းစွာ...၊

နည်းနည်းဆက်လျှောက်လိုက်တော့ လမ်းဆုံးသွားပြီ၊ ရှေ့မှာ ဗွက်တွေ၊ ရေတွေဝပ်နေတဲ့ လယ်ကွက်လိုလို မြေလွတ် မြေရိုင်းတွေ...၊ လမ်း ရဲ့ အတွင်းပိုင်းကျတဲ့ အုတ်ဂူတွေဆီကို သွားဖို့က လူသွားလမ်းကျဉ်းလေးတောင် မရှိဘူး၊ ကျနော်တို့ သွားရမှာကလည်း အဲဒီ လမ်းညာဖက် အတွင်းထဲကိုပဲ...၊ ဗွက်တွေထဲကို ဖြတ်လျှောက်ပြီး ကွေ့ဝိုက် သွားဖို့ကလည်း မလွယ်ဘူး၊ အဲဒီလို အခြေအနေမှာ ကျနော်တို့ထဲက မောင်မောင်ကျော်ဆိုတဲ့ သူငယ်ချင်းက အနီးဆုံး အုတ်ဂူခြေရင်းကို လှမ်းနင်းတက်ရင်း ပါးစပ်ကလည်း ရေရွတ်လိုက်တယ်...၊

“အားလုံးကို တောင်းပန်ပါတယ်ဗျာ၊ မရိုမသေ မလေးမစား မဟုတ်ရပါဘူး၊ ဒီလိုမှ နင်းမသွားရင် ဘယ်လိုမှ မဖြစ်နိုင်တော့ လို့ပါ..”တဲ့..၊ ပြောလည်းပြော ဆက်လည်း ကုတ်ကပ်နင်းလျှောက် သွားတယ်၊

သူက ဘယ်သူ့ကို တောင်းပန်နေတာလဲ၊ နာမ်မရှိတော့တဲ့ ရုပ်ခန္ဓာတွေကိုလား၊ ဒါမှမဟုတ် အစောင့်တို့၊ မကျွတ်မလွတ်တာတို့ ဆိုတာတွေက အခုကိစ္စမှာ အကြုံးဝင်သလား၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ စော်ကားမော်ကား လုပ်လိုစိတ် မရှိတဲ့အကြောင်း တိုင်တည်တာပဲ မဟုတ်လား၊ ကျနော် တွေးနေတုန်းမှာပဲ နောက်တစ်ယောက်က 'ဟုတ်တယ်၊ သူပြောတိုင်း အတိုင်းပါပဲ' ဆိုပြီး နင်းတက်သွားပြန်တယ်၊ ဒီလိုနဲ့ ကျနော်တို့ အားလုံး အုတ်ဂူအောက်ခြေတွေကိုပဲ တတ်နိုင်သလောက် ရွေးနင်းပြီး ကျော်လွှားလာ ခဲ့ကြတယ်၊ ဂူ ၁၀ လုံး နီးပါးလောက် ကွေ့ပတ်လှမ်း လိုက် ပြီးချိန်မှာတော့ ကျနော်တို့အားလုံး ထူးအိမ်သင်ရဲ့ အုတ်ဂူဆီကို ရောက်သွားကြတော့တယ်...၊


Photobucket

နာရီပေါ်မှာ မျက်ရည်တွေကို စီးစေခဲ့သူက အခုတော့ လှဲလျောင်းငြိမ်သက်လို့...၊ ဂစ်တာသံတွေနဲ့ ဟာမိုနီကာ သံတွေလည်း ဆိတ်သုဉ်း...၊ ကြေးပြားလေးပေါ်မှာတော့ ဂီတသင်္ကေတ အချို့နဲ့အတူ 'ဝေးသွားတဲ့အခါ' တဲ့..၊ စာလုံးလေးက ၅ လုံးထဲ..၊ ဒါပေမယ့် ဖြန့်တွေးကြည့်ရင် အဓိပ္ပါယ်တွေက မဆုံးနိုင်အောင်ပါပဲ..၊ လောကီ အမြင်နဲ့ပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ အမြင်နဲ့ပဲ ဖြစ်ဖြစ်၊ ကျန်ရစ်သူ ဖက်ကပဲဖြစ်ဖြစ်၊ ထွက်သွားရသူ ဖက်ကပဲဖြစ်ဖြစ်... ဝေးသွားရခြင်းမှာ ပြောစရာတွေ ရှိစမြဲ ဖြစ်မှာပါ၊ 'ဝေးသွားတဲ့အခါ xxx မင်းအနားမှာ မောင့်ရဲ့ချစ်လိပ်ပြာ xx ဟိုဒီပျံဝဲလို့ နေချင်တာ xxx' ...တဲ့၊ အနီးအနားမှာ လိပ်ပြာ တစ်ကောင်တလေများ တွေ့မလားလို့ ကျနော် ယောင်ယမ်း ကြည့်မိတယ်၊ အုံ့မှိုင်းမှိုင်း တိမ်စိုင်တချို့ကို ဖြတ်ဆင်းလာတဲ့ မနက်ခင်းနေရောင်ခြည် ခပ်နွေးနွေးက ဝန်းကျင်မှာ ဖြာကျနေတယ်၊ လေညှင်းက တကယ့်ကို တိုက်တယ်ဆိုရုံလေး ညင်ညင်သာသာနဲ့ လည်ကုပ်ပေါ်ကို တိုးဝှေ့သွားတယ်...၊ သူ ဒီနေရာမှာ လှဲလျောင်းနေခဲ့တာ ၅ နှစ်တောင် ရှိသွား ပြီပဲ...၊


Photobucket

“ဟင်...ဝေးသွားတဲ့အခါ သီချင်းကို ထွင်းထားတယ်လို့ မဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရတော့ ငါက သီချင်းတစ်ပုဒ်လုံးကို ထွင်းထားတယ် ထင်နေတာ..၊ အခုတော့ ခေါင်းစဉ်လေး တစ်ခုပဲ” လို့ ကားမောင်းပေးတဲ့ သူငယ်ချင်းက မကျေမချမ်းနဲ့ ရွတ်တယ်...၊

ထွန်းထွန်းဆိုတဲ့ သူငယ်ချင်းက ...

“ဘာလဲ.. တစ်ပုဒ်လုံးကို ထွင်းထားပေးရင် မင်းက စာသားတွေကြည့်ပြီး ဆိုဦးမလို့လား၊ ဒီလောက်ဆိုရင်ပဲ တော်ရောပေါ့ကွ၊ ဒါ အားလုံး လိုလို သိကြတဲ့ သီချင်းပဲ” လို့ ပြန်ပြီး ဘုတောတယ်၊ သူတို့ ၂ ယောက်က မကြာခဏ ဆိုသလို ဒီလိုပဲ ဘုနဲ့ဘောက်...၊

ကျနော်ကတော့ ထူးအိမ်သင်ရဲ့ သီချင်းတွေအကြောင်း တွေးနေမိတယ်၊ ထူးခြားဆန်းသစ်တဲ့ စာသားတွေ၊ ခေတ်မီတဲ့ သံစဉ်တွေက အဆင့်မြင့် ကိုယ်ပိုင်သံစဉ်တွေကို ကျယ်လောင်စေခဲ့တယ်၊ ဆိုရှယ်လစ်ခေတ်က အခွေထုတ်ရင် မပါမနေရ အကျိုးပြုသီချင်းတွေ ရေးခဲ့တာ တောင် ဝတ်ကျေတန်းကျေ မဟုတ်ဘဲ ကွဲပြားတဲ့ ရှုထောင့်တွေနဲ့ စပ်ခဲ့တယ်၊ သူ့ရဲ့ သီချင်းတွေနဲ့ပဲ ကျနော် ဂစ်တာတီးတတ်လာခဲ့တာ ဆိုရင် မမှားပါဘူး၊ အနုပညာမှော် အပြည့်ရှိတဲ့ သီချင်းများ...၊ 'ကျနော် အသက်ကြီးတဲ့အထိ နေရရင်တော့ တောရွာလေး တစ်ရွာမှာ အေးအေး ချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကလေးတွေကို ဂီတအကြောင်း သင်ပေးရင်း ဖြတ်သန်းသွားချင်တယ်' လို့ ဆိုခဲ့သူက အခုတော့လည်း သူချစ်လွန်းတဲ့ အမေ့အိမ်ရဲ့ အဝေးမှာ တိတ်ဆိတ်စွာနဲ့ ထာဝရငြိမ်သက်နေခဲ့ ပြီပဲ...၊

ထူးအိမ်သင်ဂူရဲ့ ညာဖက်ဘေးမှာတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ အုတ်ဂူ...၊

Photobucket

နွားကျောင်းသားလေး မောင်ချစ်ကို အကြောင်းပြုပြီး ဘကြီးအောင် ညာခဲ့တဲ့အကြောင်း သိစေခဲ့သူ...၊ ချစ်စရာ ကောင်းလွန်းတဲ့ မြန်မာကဗျာလေးတွေရဲ့ မြစ်ဖျားခံ စီးဆင်းရာ၊ မြန်မာစာပေရဲ့ အလျှံညီးညီး တောက်လောက်ခဲ့တဲ့ မီးရှူးတန်ဆောင် တစ်ခု..၊ ဆရာကြီးက ထူးအိမ်သင်ဆုံးပြီး နောက်တစ်နေ့မှာ ဆုံးတဲ့အပြင် အုတ်ဂူချင်းကလည်း ကပ်လျက်ဆိုတော့ အသက်ချင်း ကွာပေမယ့် စာပေနဲ့ဂီတရဲ့ ကြီးမြတ်တဲ့ ပညာရှင်နှစ်ဦးက ဒီခရီးကို အတူသွားခဲ့ ကြတာပါလား...၊ ငွေကြယ်နှစ်ပွင့်ရဲ့ အဆင်းနဲ့ အုတ်ဂူတွေဟာ လင်းချင်းနေခဲ့တယ်...၊

ဓါတ်ပုံတွေ ရိုက်ပြီးပေမယ့် ချက်ချင်း မပြန်သေးဘဲ အနားက ဂူအစွန်းတွေမှာ ကပ်ထိုင်ရင်း ကျနော်တို့ သူငယ်ချင်းတွေ သင်္ခါရတရား အကြောင်း ပြောနေခဲ့ကြတယ်၊ သင်္ချိုင်းမြေ တစ်ခုပေါ်မှာ အပြောသင့်ဆုံး အကြောင်းက ဒီအကြောင်းအပြင် တခြား ဘာရှိဦးမှာလဲ..၊ သင်္ချိုင်းတွေကို ကျနော် စိတ်ဝင်စားတယ်၊ ဘယ်နေရာပဲ ရောက်ရောက် ကြုံတဲ့အခါတိုင်း သုသာန်တွေကို ကျနော် ဝင်ကြည့်လေ့ ရှိပါတယ်၊ သင်္ချိုင်းဟာ အမှန်တရား ဖြစ်တယ်၊ သင်္ချိုင်းဟာ ဝေဒနာတွေ ချုပ်ငြိမ်းရာ ဖြစ်တယ်၊ သင်္ချိုင်းဟာ လောကရဲ့ နောက်ဆုံး နိယာမကို ထင်ဟပ်စေသူလည်း ဖြစ်ပါတယ်၊ သင်္ချိုင်းရောက်တဲ့အခါ လူတွေဟာ သံဝေဂ ရတတ်ကြတယ်၊ မမြဲခြင်းတရားဟာ အမြဲရှိနေတာကို ပြန်သတိရ ကြတယ်၊ အနည်းဆုံးတော့ 'ကိုယ့်အလှည့်' ဆိုတဲ့ စကားလုံးလေးကို ယောင်ယမ်းပြီးတော့ပဲ ဖြစ်ဖြစ် ပြန်စဉ်းစားမိတတ် ကြပါတယ်၊ ဒါ့ကြောင့်လည်း မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်လို့ ဆိုကြတာ နေမှာပါ၊ ကိုယ်မသိတဲ့ အုတ်ဂူတွေပေါ်က နာမည်တွေ၊ အသက်တွေ လိုက်ဖတ်ကြည့်ရုံနဲ့တင် ကျနော့်တို့ စိတ်ထားတွေ ငြိမ်သက်အနည်ထိုင် သွားလေ့ ရှိပါတယ်၊ ကိုယ်နဲ့ ရွယ်တူတွေ၊ ကိုယ့်ထက် ငယ်သူ၊ ကိုယ့်ထက် ကြီးသူ...၊ အရွယ်စုံ အရောင်အသွေးစုံ၊ အားလုံးဟာ အဲဒီမှာ ရှိတယ်၊ တကယ်တော့ သေခြင်းတရားက ကျနော်တို့နဲ့ ခဲတပစ်အကွာမှာ အမြဲပဲ ရှိနေခဲ့တာ မဟုတ်လား..၊

ထူးအိမ်သင်နဲ့ ဆရာကြီး မင်းသုဝဏ်တို့ အုတ်ဂူတွေနဲ့ မလှမ်းမကမ်း ခြေရင်းဖက်မှာတော့ မထင်မှတ်ဘဲ ဒီအုတ်ဂူကို လှမ်းတွေ့မိတယ်...၊

Photobucket

သူလည်း တချိန်က နာမည်ကြီးပဲ မဟုတ်လား၊ အခုတော့လည်း အများသူငါ ကြားမှာပဲ မထင်မရှား လှဲလျောင်းလို့...၊

ရေဝေးက ပြန်ထွက်လာတော့ မွန်းလွဲစတောင် ပြုနေပြီ၊ မီးသင်္ဂြိုဟ်စက်ရဲ့ ခေါင်းတိုင်ကြီးမှာတော့ မီးခိုးတွေက တလူလူ လွင့်နေဆဲ၊ ဘယ်သူ မှ မရှောင်လွှဲနိုင်တဲ့ အမှန်တရားကို အမျှင်မပြတ် အန်ထုတ်လို့...၊ နားထဲမှာ ထူးအိမ်သင်ရဲ့ သီချင်းစာသားလေး တစ်ပိုဒ်ကို ကြားလိုက် မိတယ်၊ 'ကြီးမြတ်သူဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ် xxx အဆုံးသတ်ချိန်ကျတော့ xxx လူတွေအားလုံး.. မီးခိုးနဲ့ပြာ' တဲ့...။


ညီလင်းသစ်
၁၃ သြဂုတ်၊ ၂၀၁၁

N.B. ကိုငှက်ကြီး ကွယ်လွန်တဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဒီပို့စ်ကို ရေးပါတယ်... ...။

10 August 2011

ပူပန်သောစိတ်


တလောဆီက အလုပ်က မိတ်ဆွေတစ်ယောက် သူ့ရဲ့ အိမ်သစ်တက်ပွဲ ဖိတ်တာနဲ့ သွားဖြစ်ပါတယ်၊ သူက ပြင်သစ်ကနေ ပါရဂူ ဘွဲ့လွန်ရာထူးနဲ့ သုတေသန ပရောဂျက်တစ်ခုအတွက် လာပြီး အလုပ်,လုပ်နေတဲ့ အမျိုးသမီး တစ်ယောက်ပါ၊ သူ နေဖို့အတွက် အခန်း ရှာရင်းနဲ့ နောက်ဆုံးမှာ အလုပ်နဲ့မဝေးတဲ့ နေရာလေးတစ်ခုမှာ အဆင်ပြေသွားတယ်၊ အိမ်ခန်း ငှားရတာ အတော်လေးခက်ခဲတဲ့ ဒီနိုင်ငံမှာ အခန်းလေး ၂ ခန်းပဲပါတဲ့ တိုက်ခန်းလေးတစ်ခု ရသွားတော့ သူ့မှာဖြင့် ပျော်လို့...၊ အဲဒီ အထိမ်းအမှတ်နဲ့ အလုပ်က မိတ်ဆွေ လေးငါး ယောက်ကို ဖိတ်တာပါ၊

ကံကောင်းချင်တော့ သူ့တိုက်ခန်းလေးက ရေကန်စပ်မှာပဲ ဆိုတော့ ရှုခင်းအရမ်း ကောင်းပါတယ်၊ ပြီးတော့ ဝရန်တာကနေ ကန်စပ်တလျှောက် ပြေးတဲ့လူ၊ လမ်းလျှောက်တဲ့လူ တွေကိုလည်း မြင်နေရတယ်၊ ဒါနဲ့ တစ်ယောက်က 'နင်တော့ ဒီလမ်းတလျှောက် ပြေးတဲ့လူ၊ လမ်းလျှောက်တဲ့လူတွေကို ကောင်းကောင်း မှတ်မိနေတော့ မှာပဲ' လို့ ပြောလိုက်တယ်၊ အိမ်ရှင် အမျိုးသမီးက 'သေချာတာပေါ့၊ အခုနေတဲ့ တစ်လအတွင်းမှာ ငါ အားလုံးနီးပါးကို မျက်မှန်း တန်းမိ နေပြီဟ' လို့ ပြန်ပြောတယ်၊ တဆက်တည်း 'လူတစ်ယောက်ဆို တနေ့ကို အခါ ၂၀ လောက် စက်ဘီးနဲ့ ဖြတ်တယ်၊ အဲဒါ တနေ့က သူဖြတ်သွားတာ မတွေ့လို့ နေများမကောင်းလို့လား ဆိုပြီး ငါ့မှာ စိတ်တွေပူနေ ရ သေးတယ်' လို့ ဆက်ပြောတယ်၊ သူ့စကားလည်း ဆုံးရော သူပြောတာကို သဘောကျလို့ အားလုံးက ဝါးကနဲ ဝိုင်းရယ်ကြတယ်၊

အဲဒီလို စိတ်ထားမျိုး အကြောင်းကို ကျနော်ခပ်ငယ်ငယ်တုန်းက တခါဖတ်ခဲ့ဖူးတယ်၊ ဆရာမြင့်သန်းရေးတဲ့ ဝတ္ထုတို တစ်ပုဒ်ထဲမှာလို့ ထင်တာပဲ၊ အဲဒီထဲက ဇတ်ကောင် ဦးလေးကြီး တစ်ယောက်က သူအပြင်က လမ်းလျှောက်ပြန်လာတိုင်း သူ့ကို ထွက်,ထွက်ဟောင်တဲ့ ခွေးပိန်မ တစ်ကောင်ကို မျက်မှန်းတန်းမိနေတယ်၊ တစ်ရက် သူပြန်လာတော့ အဲဒီခွေးမလေးကို မတွေ့ဘူး၊ တညနေလုံး အဲဒီအကြောင်း စဉ်းစားနေတဲ့အပြင် ညကျတော့ အဲဒီခွေးအတွက် စိတ်ပူပြီး သူ့မှာ အိပ်လို့တောင် မပျော်တော့ဘူး၊ ဒါနဲ့ မိုးရွာနေတဲ့ ကြားက ထီးထုတ်၊ ဓါတ်မီးဆွဲပြီး တွေ့နေကျ အိမ်အနီးတဝိုက် လိုက်ရှာတော့မှ အိမ်အောက်မှာ သားမွေးနေတာ သွားတွေ့တယ်၊ အဲဒီတော့မှ သူ့မှာ စိတ်ဖြောင့်တော့တယ်၊ နောက်နေ့ကျတော့ မိုးမိပြီး ဖျားပါလေရော၊ ဒါပေမယ့် သူကတော့ စိတ်အေးလက်အေးနဲ့ နေသာထိုင်သာ ရှိလို့...၊

အခုလည်း အိမ်ရှင် အမျိုးသမီးရဲ့ စိတ်ထားက အဲဒီဇတ်ကောင်ရဲ့ စရိုက်နဲ့ ခပ်ဆင်ဆင်..၊ ကိုယ်မသိတဲ့ လူတစ်ယောက် အတွက် ပူပင်နေပြန် သတဲ့၊ အင်းလေ..တကယ်တမ်း စေ့စေ့တွေးပြီး ပြောကြစတမ်း ဆိုရင်တော့ ရင်းနှီးသူတွေကို သံယောဇဉ် ရှိလို့ ပူပန်တာ အသာထားပါဦး၊ ကိုယ်တခါမှ မသိကျွမ်းတဲ့ သူတွေအပေါ်မှာတောင် စိုးရိမ်ပူပန် တတ်ကြတာ အဲဒီ ပြင်သစ်အမျိုးသမီး တစ်ယောက်တည်းတော့ မဟုတ်ပါဘူး၊ ကျောရိုးရှိ သတ္တဝါတွေထဲမှာ လူဆိုတဲ့ သတ္တဝါက အာရုံခံစားမှုနဲ့ တုံ့ပြန်မှုက အဆင့်မြင့်လေတော့ စိုးရိမ်ပူပန်တဲ့ စိတ်ကလည်း အနည်းနဲ့ အများ တွဲလျက် ရှိတတ်ပါတယ်၊ ဒါဟာ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်သလို မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်၊ ဒီလိုနဲ့ ကျနော်တို့ အားလုံးလည်း ကိုယ်နဲ့ ကောင်းကောင်း မသိကျွမ်း သူတွေအပေါ်မှာ လူသားဆန်စွာနဲ့ စိုးရိမ်ပူပန် စိတ်ကလေးတွေ အနည်းဆုံး တခါမက တော့ ဖြစ်ဖူးကြတာ မဟုတ်လား...၊

ဘလော့ဂ်တွေ လည်ဖတ်တဲ့အခါ ကိုယ်သွားလည်နေကျ ဘလော့ဂ်တစ်ခု ပုံမှန်ထက်ပိုပြီး ငြိမ်နေတဲ့အခါ ဘာများ ဖြစ်နေလို့ ပါလိမ့်ဆိုတဲ့ အတွေးလေးတော့ ဝင်လာတတ်ကြပါတယ်၊ ဒီလိုနဲ့ စီဘောက်စ်မှာ နေကောင်းရဲ့လားတို့၊ မီးခိုး တိတ်နေတာ ကြာပြီတို့၊ အလုပ်များ နေလားတို့ စတဲ့ ပူပန်ခြင်းနဲ့ယှဉ်တဲ့ နှုတ်ဆက်စကားလေးတွေ တွေ့လာရတာပါ၊ ဒီလိုမှ မဟုတ်ဘဲ ကာယကံရှင်ကို တိုက်ရိုက်ဆက်သွယ်လို့ မရရင်တော့ ရင်းနှီးသူ အချင်းချင်း သတင်းမေးတာ၊ စုံစမ်းတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း ကျနော့်စီဘောက်စ်မှာ အဲဒီလို ပူပန်စိတ်ကလေး တစ်ခု တိုးဝှေ့၊ တွန်းတိုက်သွားသေးတယ်..၊း)

တကယ်တော့လည်း အလွန်အကျွံသာ မဖြစ်ဘူးဆိုရင် ပူပန်မှု ဆိုတာက မောင်းနှင်အား တမျိုးပါပဲ၊ ပူပန်တယ် ဆိုကတည်းက တစ်ဖက်သားကို ဂရုစိုက်တာ၊ concern ဖြစ်တာ ပါလာပြီးသားပါ၊ သူကတော့ နည်းနည်းလေး စိတ်ပူ လိုက်ရမှ စားဝင်အိပ်ပျော်တယ် ဆိုတဲ့စကား ကျနော်တို့အားလုံး ကြားဖူးကြပါတယ်၊ အမှန်ပါပဲ..၊ အဲဒီလို လူတွေ အတွက်က သူတို့ရဲ့ ဘဝကြီးကို ထိန်းကျောင်းမောင်းနှင်ဖို့ စိုးရိမ်ပူပန်မှု ဆိုတာက metabolism ပါပဲ၊ လောင်စာပါပဲ၊ တသီးတသန့် နိုင်မှုတွေနဲ့ ရုပ်ဝတ္ထု ဆန်သထက် ဆန်လာတဲ့ ဟောဒီလို ခေတ်ကြီးထဲမှာ သံယောဇဉ်နဲ့ ယှဉ်ပြီး ဖြစ်လာတဲ့ စိုးရိမ်စိတ်ကလေးဆိုတာ ကန္တာရ အလယ်က အိုအေစစ်ကလေးပါပဲ၊ သူ ငါ့အပေါ် စိုးရိမ် ရှာသားလို့ တွေးရတာ ကြည်နူးစရာ ကောင်းတယ် မဟုတ်လား...။


ညီလင်းသစ်
၁၀ သြဂုတ်၊ ၂၀၁၁

04 August 2011

ကျေးလက်ရဲ့ နရီ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျေးလက်က မွေးမြူရေးခြံ တစ်ခုကို ရောက်သွားခဲ့တယ်၊ အိမ်ကနေဆို ၁ နာရီ မရှိတရှိလောက် ကားမောင်းသွားရင် ရောက်တဲ့နေရာပါ၊ သြဂုတ်လ ၁ ရက်နေ့ တနင်္လာနေ့က ဒီနိုင်ငံရဲ့ အမျိုးသားနေ့ ရုံးပိတ်ရက် ဆိုတော့ စနေ၊ တနင်္ဂနွေနဲ့ ပေါင်းရင် အားလပ်ရက် ၃ ရက်ရတယ်၊ အိမ်မှာလည်း ကျနော့်ညီမက သူ့တူလေးကို ထိန်းဖို့ ရောက်နေ တာနဲ့ သူ့ကိုလည်း လိုက်ပို့ရအောင် ရည်ရွယ်ပြီး တနေရာရာကို သွားဖို့ ကြံစည်ကြတော့ အိုင်ဒီယာ ၂ ခု ထွက်လာတယ်၊ ပထမ တစ်ခုက မြစ်ဘေး၊ ချောင်းဘေးမှာ ရွက်ဖျင်တဲ ထိုးပြီး camp ထွက်ဖို့နဲ့ နောက်တစ်ခုက ကျေးလက် တောရွာက မွေးမြူရေး ခြံတစ်ခြံမှာ သွားအိပ်ဖို့ ပါပဲ...၊ တိုင်ပင်ကြတော့ အားလုံးက ၂ ခုစလုံး လုပ်ချင်နေလို့ ဝေခွဲမရ ဖြစ်နေကြတာနဲ့ နောက်ဆုံးတော့ Camping နဲ့၊ Farm ဆိုပြီး မဲလိပ်တွေလိပ်ပြီး မဲနှိုက် ဆုံးဖြတ်ကြပါတယ်၊ အဲဒီမှာ farm က တစ်မဲအသာနဲ့ နိုင်သွားလို့ အခုပြောမယ့် စိုက်ပျိုးမွေးမြူရေးခြံကို ရောက်သွားဖြစ်ခဲ့တော့တယ်...၊


Photobucket
လူနေအိမ်ခြေ ၅၀ တောင် မပြည့်ချင်တဲ့ ရွာကလေးက မွေးမြူရေးခြံ တစ်ခုမှာ ကျနော်တို့ တည်းဖြစ်ပါတယ်၊ သွားချင်တဲ့ နေရာတဝိုက်မှာ ဘယ်လိုခြံတွေများ ရှိမလဲလို့ ဂူးဂဲလ်မှာ ရှာ၊ ထွက်လာတဲ့ ဝက်ဘ်ဆိုဒ်တွေထဲက ဓါတ်ပုံတွေ ကြည့်ပြီး အဆင်ပြေမယ် ထင်ရတဲ့ တစ်ခုကို ဖုန်းဆက်ကြည့်ပါတယ်၊ နေရာလွတ် ရှိတယ်ဆိုတာနဲ့ လာခဲ့မယ်လို့ ပြောပြီး တည်းခိုဖို့ ကိစ္စကို ဖြေရှင်းလိုက်တယ်၊ ပုံမှာ တွေ့ရတဲ့အတိုင်း မွေးမြူရေးခြံတွေရဲ့ ထုံးစံ တခြမ်းက လူနေပြီး၊ နောက်တခြမ်းက နွားတွေ၊ သိုးတွေ ထားကြ ပါတယ်၊ သစ်သား တံခါးရွက် အမည်းရောင်နဲ့က ကျနော်တို့ တည်းခဲ့တဲ့ အခန်းပါပဲ၊


Photobucket
ဒီခြံက အခုလိုပဲ ဧည့်သည်တွေ လာပြီးတည်းနေကြပါပဲ၊ ဒါ့ကြောင့်လည်း ဝက်ဘ်ဆိုဒ်တွေ ဘာတွေနဲ့ အကျအနကို လုပ်ထားတာပေါ့၊ နာမည်က 'မွေးမြူရေးခြံရဲ့ ပဉ္စလက်' တဲ့...၊ နွားမွေး၊ သိုးမွေးတာ အပြင် စိုက်ပျိုးရေးလည်း လုပ်လို့ အိမ် တဝိုက်မှာ လယ်ထွန်စက်၊ ဂျုံ ရိတ်သိမ်းစက်၊ ခြွေလှေ့စက်၊ ရိုးပြတ်ရိတ်စက် စတဲ့ ယာဉ်ကြီးယာဉ်ငယ်တွေ အတော် များများ ရှိပါတယ်၊


Photobucket
ဒါကတော့ ကျနော်တို့ရဲ့ ကြယ်ငါးပွင့် အခန်းထဲက မွေ့ရာပါပဲ၊ အဲဒီခြံမှာ လူတွေစုပေါင်း အိပ်ရတဲ့ dormitory အိပ်ခန်း တစ်ခုနဲ့ အခုလို ကောက်ရိုးမွေ့ရာအခန်း ၂ ခု ရှိပါတယ်၊ သွားကတည်းကိုက ညီမ အတွက်ကော၊ သားအတွက်ပါ အထူးအဆန်း ဖြစ်စေချင်တာဆိုတော့ ကောက်ရိုးပေါ်မှာ အိပ်ဖို့ကို ရွေးချယ်လိုက်တယ်၊ အခန်းထဲမှာ စစ်တပ်သုံး စောင်အထူတွေနဲ့ ဆိုဖာခေါင်းအုံး အကြမ်းတွေ ထားပေးထားတယ်၊ အဲဒါတွေကို ကောက်ရိုးပေါ်မှာ ခင်းပြီး ကိုယ့်မှာ ပါလာတဲ့ sleeping bag နဲ့ အိပ်ရုံ ပါပဲ၊ တကယ်တော့ ဒီအခန်းက နွားတင်းကုပ်ဟောင်းပါ၊ အစိမ်းရောင် ခွက်တွေက နွားရေသောက်တဲ့ ခွက်တွေ ဖြစ်ပြီးတော့ သံတန်းတွေရဲ့ တဖက်က မြောင်းက နွားစာထည့်တဲ့ စားခွက်ပါ၊ နွားတွေရဲ့ နေရာမှာ ကောက်ရိုးတွေခင်းပြီး မည်ကာမတ္တ ပန်းအိုးလေးတစ်လုံး ထိုးထားတာကလွဲရင် တခြား ဘာအပြင်အဆင်မှ မရှိပါဘူး၊ သားကတော့ အတော်လေး ပျော်ပြီး သူ့ရဲ့ sleeping bag ထဲကို မဝင်ဘဲ ကောက်ရိုးပေါ်မှာ ခုန်နေလို့ အတော်လေး ဟန့်လိုက်ရသေးတယ်၊ ညီမကတော့ sleeping bag ထဲမှာ သူ့ကိုယ်သူ ပိုးတုံးလုံးလို့ အောက်မေ့သတဲ့၊ ညကျတော့ အနားက ဘုရားကျောင်းက နာရီဝက်တခါ ခေါင်းလောင်းထိုးသံကြောင့် လန့်,လန့် နိုးပါလေရော၊ ခေါင်းလောင်းသံ ကို နားယဉ်သွားလို့ အိပ်ပျော်ခါစ ရှိသေး အပေါ်ထပ် ကောက်ရိုးခြောက်တွေ ထားတဲ့နေရာမှာ တခါ ကြောင်တစ်ကောင်က ကြွက်လိုက်ခုတ်နေလို့ တချွတ်ချွတ်နဲ့...၊ အဲဒီလို နိုးတဝက်၊ အိပ်တဝက်နဲ့ ခရီးဆက်နေတုန်း မနက် လင်းအားကြီးမှာ ဘေးအခန်းက နွားတွေ၊ သိုးတွေရဲ့ အစာတောင်းသံနဲ့ အတူ လန့်နိုးလာတဲ့ အခိုက်မှာပဲ အိပ်စက်ခြင်းဟာ နှုတ်ဆက် ထွက်ခွာ သွားတော့တယ်..၊ အို..အသင်ကျေးလက်၊ အသင်၏ ရင်ခွင်သည် ကျွန်ုပ်လို မြို့ကြီးသား တစ်ယောက်အဖို့ မှေးစက်ခြင်းငှာ မစွမ်းသာပါ တကား..၊


Photobucket
ကျေးလက် မွေးမြူရေး ခြံတစ်ခုရဲ့ အမှတ်အသား နွားခလောက်တွေ...၊ ဒီခလောက်တွေက မြန်မာပြည် ကျေးလက်က ဝါး၊ သစ်သား ခလောက်တွေလိုပဲ အတော်ဝေးဝေးအထိ ကြားရပါတယ်၊ နွေရာသီဆိုရင် တချို့နေရာတွေမှာ တောင်ပေါ်ကို နွားတွေ ကျောင်းသွားပြီး လှန်ထားခဲ့ လိုက်တာပဲ၊ တစ်လ ကိုးသီတင်းကြာမှ ခလောက်သံကို နားထောင်ပြီး နွားလိုက်သိမ်း ကြတယ်..၊


Photobucket
နွားတင်းကုပ် ဟိုတယ်ရဲ့ ခပ်လှမ်းလှမ်းကို လျှောက်သွားတဲ့အခါ ရွာအပြင် ရောက်သွားပြီ၊ အဲဒီမှာတော့ တမျှော်တခေါ် ရှုခင်းတွေနဲ့ လွမ်းချင်စရာ...၊ အတော်ဝေးဝေးမှာတော့ မှိုင်းညို့ညို့ ဂျူရာ တောင်တန်းတွေ...၊ တသက်လုံး နေနိုင်တာ မနေနိုင်တာ ခဏထားလို့.. ကျေးလက်ဆိုတာ ရောက်တဲ့ခဏချင်းမှာပဲ စိတ်ကို ညွတ်နူးစေတာ အသေအချာပါပဲ..၊ အို အသင်ကျေးလက်... အိပ်စက်ခြင်းကို မယူဆောင် လာသော်ငြား သင့်အပေါ်၌ ကျွန်ုပ်၏ မေတ္တာကား တရွေးသားမျှ မလျော့ပါပေ...၊


Photobucket
နောက်တစ်နေ့ သြဂုတ် ၁ ရက်နေ့ တနင်္လာနေ့က ဆွစ်အမျိုးသားနေ့ ဆိုတော့ brunch ပြင်ဆင်ထားတာနဲ့ ကြုံကြိုက် သွားတယ်၊ ဒီက ဓလေ့ထုံးတမ်း တစ်ခုက အမျိုးသားနေ့မှာ အခုလို ကျေးလက်တွေက မွေးမြူရေး ခြံတွေမှာ brunch တွေ စီစဉ်ကြလေ့ ရှိပါတယ်၊ ခြံထွက် အသီးအနှံ၊ နွားနို့၊ ကြက်ဥ လတ်လတ်ဆတ်ဆတ် တွေနဲ့ဆိုတော့ စားရတာ တန်ပါတယ်၊ မနေ့ညက ညစာကိုလည်း သူတို့ကပဲ စီစဉ်ပေးခဲ့တာပါပဲ..၊ ဒီနှစ်မှာတော့ လူ ၂၅၀ စာအတွက် နေရာထိုင်ခင်း ပြင်ထားတယ် တဲ့..၊


Photobucket
ရှိတာလေးနဲ့ လှအောင်ဆင်မယ် ဆိုပဲ...၊ ပထမဦးဆုံး ဧည့်ကြိုပန်းအိုး အဖြစ်နဲ့ နွားနို့ပုံးထဲက နေကြာပန်းတွေက ဝင်လာမယ့် သူတွေကို မျှော်လို့...၊


Photobucket
အတွင်းဖက် ပလပ်စတစ် အမိုးကြီး အောက်က စားပွဲရှည်တွေ ပေါ်မှာတော့ အခုလို ပန်းအိုးလေးတွေ...၊



Photobucket
လှတယ် မလှဘူး ဆိုတာထက် မြင်နေမကျတဲ့ ပန်းအိုးလေးတွေ...၊ Hilton လို ဟိုတယ်ရဲ့ လော်ဘီထဲမှာ ဆိုရင်တော့ ခပ်ကြောင်ကြောင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမှာတော့ သူ့အရပ်နဲ့ သူ့ဇတ်က ဟုတ်လို့...၊


Photobucket
Brunch က ဘူဖေးစနစ်နဲ့ ဖြစ်ပြီးတော့ တစ်ယောက် ၃၀ ဖရန့်ပေးရပါတယ်၊ ကလေးတွေ အတွက်ကတော့ အသက် ၁ နှစ်ကို ၁ ဖရန့်နှုန်းနဲ့ ပေးရတယ်၊ ကျနော်တို့ကတော့ တည်းခိုဧည့်သည် ဖြစ်လို့ တဝက်ဈေး ၁၅ ဖရန့် (= ၁၅ ဒေါ်လာ) ပဲ ပေးရပါတယ်၊


Photobucket
Brunch တို့ရဲ့ ထုံးစံ အချိုနဲ့ အငန် ၂ မျိုးမှာ အချိုအတွက်က ကိတ်မုန့်၊ ပေါင်မုန့်၊ ယို၊ ထောပတ် စတာတွေ ဖြစ်ပါတယ်၊ အားလုံးနီးပါးကို အဲဒီ မွေးမြူရေး ခြံမှာပဲ ကိုယ်တိုင် ထုတ်လုပ်ပါတယ်၊


Photobucket
အငန် အတွက်ကတော့ အခုလိုမျိုး ချိစ်တွေအပြင် Rösti လို့ခေါ်တဲ့ ဆွစ်ရိုးရာ အာလူးကြော်၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း စတာတွေ ပါ,ပါတယ်၊ ဘာမှ ထွေထွေထူးထူး မဟုတ်ပေမယ့် အမျိုးသားနေ့ အထိမ်းအမှတ် ရိုးရာအနေနဲ့ လူတွေကတော့ လာစားကြတာ ပါပဲ၊


Photobucket
Drink ကတော့ ကော်ဖီ၊ လက်ဖက်ရည် ပေါ့လေ၊ ဘီယာ၊ ဝိုင်၊ အချိုရည် စတာတွေကတော့ သီးသန့် ဝယ်ရပါတယ်၊ ဝိုင်နီ၊ ဝိုင်ဖြူ၊ ဝိုင်ပန်းရောင် အားလုံးထားပေး ပေမယ့် အများစုက နေ့လယ်ပိုင်း နီးလာတဲ့အခါ ဝိုင်ဖြူနဲ့ ဝိုင်ပန်းရောင်ကိုပဲ အဓိက သောက်ကြပါတယ်၊


Photobucket
ဒီခြံရှင် အမျိုးသမီးက မော်ရိုကို ဇာတိပါ၊ သူက ဒီတောရွာက ဆွစ်လယ်သမားကြီးနဲ့ အကြောင်းပါပြီးတော့ တဖက်တလမ်းက အခုလို Bed and Breakfast (B&B) လေး ဖွင့်ထားတာ...၊ ပုံမှန်ရက်တွေမှာ သူတို့ရဲ့ မော်ရိုကို ရိုးရာ ဒေသစာတွေလည်း ပြင်ဆင်ပေးလေ့ ရှိပါတယ်၊ အခုလို အမျိုးသားနေ့ brunch ကို စီစဉ်တာတော့ ၅ နှစ်ဆက်တိုက် ရှိပြီလို့ ဆိုတယ်၊ တောဆိုတော့ ပြင်ပ အလုပ်သမား မရှိဘဲ သူ့ရဲ့ ညီမတွေ၊ တူ၊ တူမတွေကပဲ လာပြီး ဝိုင်းကူကြတယ်၊ မြန်မာပြည်ရဲ့ ကျေးလက်စရိုက်ကို သတိရစရာ ပါပဲ..၊


Photobucket
ဒီပွဲကို လာကြသူ အများစုက မိသားစုတွေဆိုတော့ ကလေးတွေအတွက် ရည်ရွယ်ပြီး မိတ်ကပ်လိမ်းတဲ့ အမျိုးသမီး တစ်ယောက်ကိုလည်း သူက ငှားထားသေးတယ်၊ ကလေးတွေက အဲဒီ မိတ်ကပ်ဆရာမဆီ သွားပြီး သူတို့ လိမ်းချင်တဲ့ ဒီဇိုင်းကို ပြောပြီး လိမ်းကြတယ်၊ ကျား၊ အရိုးခေါင်း၊ avatar မျက်နှာ၊ ပင်လယ်ဒါးပြ အစရှိသဖြင့် ပုံတွေ ခြယ်ခိုင်း ကြတယ်၊ အဲဒီအတွက် ပိုက်ဆံ ထပ်ပေးစရာ မလိုပါဘူး၊ သားက အဲဒီလို မျက်နှာမှာ အရုပ်ခြယ်တာကို တော်တော်လေး သဘောကျတယ်၊ သူ့ကျောင်းမှာလည်း ဆရာမတစ်ယောက်က မကြာခဏ လုပ်ပေးလေ့ ရှိတယ်၊ အခုလည်း သူက ပထမဦးဆုံး သွားပြီး အခြယ်ခံတယ်..၊


Photobucket
အဲဒီလို အရုပ်ခြယ်စရာ ရှိတိုင်း သူက ဘယ်တော့မှ မငြင်းဘူး...၊း)



Photobucket
ဆွစ်ဗားရှင်း စပိုက်ဒါမင်း ...၊း)



Photobucket
မိတ်ကပ် ဆရာမက လက်ရာအတော်လေး သေသပ်ပြီးတော့ ခြယ်တာလေး မြန်ပါတယ်၊ ကျနော်တို့က ခြံမှာတည်းလို့ တခြား ကလေးတွေ မရောက်သေးခင် အေးအေးဆေးဆေး အချိန်ရပါတယ်၊ ဒါနဲ့ပဲ သားနဲ့အပြိုင် သူ့အမေကလည်း လက်မှာ ဆေးခြယ်ခဲ့ ပြန်ရော...၊

မွေးမြူရေးခြံမှာ သွားအိပ်တာ ကလေးတွေ အတွက်တော့ အတော်လေး ပျော်ဖို့ကောင်းမှာ သေချာပါတယ်၊ အထူးသဖြင့် မြို့ပြမှာပဲ ကြီးပြင်းရတဲ့ ကလေးတွေအတွက် ဒါက အဆန်းတကြယ် အတွေ့အကြုံ တခုပေါ့၊ ကျနော် သိရသလောက်လည်း လာတည်းကြသူတွေက မိသားစုတွေပါပဲ၊ အင်းလေ.. ဘယ် ယောက်ျားလေးကများ သူ့ချစ်သူကို အခုလို နေရာကို ခေါ်လာပါ့မလဲ၊ နွားတင်းကုပ်ထဲက ကောက်ရိုးပေါ်မှာ၊ ခေါင်းလောင်းထိုးတဲ့ ဘုရားကျောင်းနဲ့၊ ကြွက်ခုတ်တဲ့ ကြောင်နဲ့၊ အစာတောင်းတဲ့ နွားတွေနဲ့...၊ ကဗျာမဆန် လိုက်ပုံများ၊ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ လို့ ပြောမိထားလို့ လက်တွေ့ စမ်းချင်ရင်တော့ တမျိုးပေါ့လေ...၊း)

ကောက်ရိုးမွေ့ရာ ဆိုပေမယ့် ဈေးက အပေါကြီးတော့ မဟုတ်ပါဘူး၊ တညကို လူကြီးတစ်ယောက် ၂၉ ဒေါ်လာ ပေးရ ပါတယ်၊ ပြန်ခါနီးမှာ တည်းခိုခ၊ စားသောက်ခတွေ ရှင်းတော့မှ သေချာစဉ်းစား ကြည့်မိတာ..၊ Facility ဘာဆိုဘာမှ မရှိဘဲ စစ်စောင် ခင်းထားတဲ့ ကောက်ရိုးပေါ်မှာ တစ်ညအိပ်ခ အဲဒီလောက် ပေးရတာ ဈေးကြီးတယ်လို့ ပြောရမှာပါပဲ၊ မြန်မာပြည် ကျေးလက်က တောင်သူဦးကြီးတွေများ ကြားလို့ကတော့ 'ငါ့ကောင်ရာ..မင်းတို့မလဲ ရူးလဲ ရူးပါ့ကွာ' လို့များ စောကြောကြမလား မသိ..၊ နောက်ထပ် ဈေးကြီးတာ တခုကတော့ ဝိုင်ပါပဲ၊ နာမည်လဲ မရှိ၊ သက်တမ်းကလည်း နု၊ ပမာဏ ကလည်း ၅၀ စင်တီလီတာပဲ ပါတဲ့ ဝိုင်နီ တစ်ပုလင်းကို ၂၅ ဒေါ်လာ ပေးရတာ နဲနဲ များပါတယ်၊ မွေးမြူရေးခြံ ဆိုတော့ သူများဆီက တဆင့် ဝိုင်ကို ဝယ်ရတယ်ပဲ ထားဦးတော့...၊ အဲဒီလောက်တော့ မများသင့်ပါဘူး၊ တန်တာကတော့ အစားအသောက်တွေ ပါပဲ၊ ပေးရတာလည်း ဈေးနည်းပါတယ်၊ ပြီးတော့ စားလို့ရတာ မှန်သမျှ အကုန်စားပြီး အရသာ မရှိ တဲ့ အစားအသောက် တွေကိုတောင်မှ အရသာ မရှိမှန်း သတိမထားမိ တတ်တဲ့ ကျနော့်လို လူအတွက်တောင် အဲဒီမှာ စားသမျှဟာ အတော်လေး လတ်ဆတ်ပြီး အရသာက ထူးခြားနေခဲ့တယ်၊ မြို့က ရေခဲရိုက်တွေထက် အခုလို ကျေးလက်က အော်ဂဲနစ် အသီးအနှံတွေက ပိုပြီး လတ်ဆတ်နေတာ အံ့သြစရာတော့ မရှိပါဘူး၊ ဒါ့ကြောင့်လည်း သန့်ရှင်းတဲ့ လေထု၊ သဘာဝဆန်တဲ့ မြေထု၊ လတ်ဆတ်တဲ့ အစားအသောက်တွေ ကြားမှာ ကျေးလက်က လူတွေ ကျန်းမာသန်စွမ်းကြတာ ဖြစ်မှာပါပဲ...။ ။


ညီလင်းသစ်
၎ သြဂုတ်၊ ၂၀၁၁