07 January 2012

ဖြတ်သန်းမိရာ တစ်နေ့တာ


ဘလော့ဂါ အသိုင်းအဝိုင်းမှာ ပုံစံချထားတဲ့ အကြောင်းတစ်ခုတည်းကိုပဲ ဝိုင်းပြီးရေးကြတဲ့ တဂ်ပို့စ်ယဉ်ကျေးမှု အမြစ်တွယ် နေတာ အခုဆိုရင် အတော်လေးတောင် ကြာပါပြီ၊ တဂ်ပို့စ် တော်တော်များများက ကိုယ်ကဒီလို၊ သူကရော ဘယ်လိုလဲ ဆိုတဲ့ အမြင်၊ အတွေ့အကြုံခြင်း ဖလှယ်တာမို့ စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ရေးတဲ့သူ အချင်းချင်းကြား ခင်မင်မှုကို အရင်းတည်ပြီး တဂ်ကြတာမို့ (အများအားဖြင့်) အချင်းချင်း မမြင်ဖူးကြတဲ့ လူတွေအကြား မမြင်ရတဲ့ သံယောဇဉ်ကြိုးကို တစ်ရစ်တင်းစေတဲ့ အပြုအမူလည်း ဖြစ်ပါတယ်၊ အဲ.. တခါတလေမှာ မလူးသာမလွန့်သာ ရှိတဲ့ တဂ်ပို့စ်တွေလည်း ရှိတာပေါ့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ရေးသူတွေကတော့ အဆင်ပြေတဲ့အခါ ရေးလိုက်ကြတာ ပါပဲ၊ အခုလည်း ညီမ Blackroze က သူ့ရဲ့တစ်နေ့တာကို ပြောပြပြီး ကျန်တဲ့ အကို၊ အမ၊ ညီမတွေရဲ့ တစ်နေ့တာ ဖြတ်သန်းမှု ကရော.. ဘယ်လိုပါလဲ-တဲ့၊ ကျနော့်ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွေ ကတော့ အများအားဖြင့် ခပ်ရိုးရိုးပါပဲ၊ သူ့ပုံစံအတိုင်း အမေး၊ အဖြေနဲ့ ရေးလိုက်ပါတယ်...၊

အိပ်ရာက နိုးနိုးချင်း အရင်ဆုံး ဘာလုပ်သလဲ၊
အရင်ဆုံး လုပ်တာက ငှက်ဆိုးထိုးသံလို မရပ်မနားအော်နေတဲ့ နှိုးစက်က Snooze ခလုတ်ကို နှိပ်ဖို့ ကြိုးစားတာပါ၊ အဲဒါမှ အလျော့တွက်နဲ့ နောက်ထပ် ငါးမိနစ်လောက် ဆက်နှပ်နေလို့ ရမှာကိုး...၊

မနက်စာကို ဘယ်လိုအစားအစာ စားရတာ ကြိုက်ပါသလဲ၊
တခြားလူတွေလို မုန့်ဟင်းခါး ပါပဲ၊ ဒါကိုမှ ထပ်ကွန့်ရရင် မုန့်ဖတ်ကို အလုံးသေးသေးလေးတွေ စားချင်တယ်၊ ငှက်ပျောအူ ၂ ဖတ်လောက် ထည့်ချင်တယ်၊ ဈေးထဲကဝယ်တဲ့ ရောင်းတမ်း ငရုတ်သီးမှုန့် မဟုတ်ဘဲ အိမ်လှော်မှုန့် ထည့်မယ်၊ နံနံပင် ထည့်မယ်၊ ဒါလောက်ဆိုရင် လုံလောက်ပါပြီ...၊

လောလောဆယ် နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ...၊
ပေါင်မုန့် မီးကင်ပြီး ထောပတ်သုတ်၊ Nutella ဒါမှမဟုတ် သစ်သီးယို တစ်ခုခု သုတ်...၊
အချိန်မရတဲ့ ရက်တွေမှာတော့ Cereal bar တွေကို တက်သုတ်ရိုက် ကိုက်ပါတယ်...၊

နေ့လယ်စာကို ဘယ်လိုနေရာမျိုးမှာ စားရတာ ကြိုက်ပါသလဲ၊
♫♪ Somewhere over the rainbow... ♪♫ =)
နောက်တာပါဗျာ၊ အဲဒီ သီချင်းလေးကလည်း ရုတ်တရက် ခေါင်းထဲ ရောက်လာလို့ပါ၊ မျောလွင့်တိမ်ပေါ် တက်စားချင်တဲ့ ကိုညိမ်းနိုင်ကို အားကျမခံပေါ့ဗျာ၊ အတည်ဖြေရရင်တော့ ဘယ်နေရာပဲ ဖြစ်ဖြစ် ရပါတယ်၊ တစ်ပတ်မှာ နှစ်ရက်လောက်တော့ ကွန်ပြူတာရှေ့မှာ ဆင်းဒဝစ်ခ်ျ တစ်ခုနဲ့ ဘလော့ဂ်တွေဖတ်ရင်း စားဖြစ်တယ်၊

အခုလက်ရှိ အစားချင်ဆုံး ဟင်းကို ပြောပြပါ..၊
ချဉ်ပေါင်ရွက်ကြော်...၊ ဟုတ်တယ်ဗျ၊ မစားရတာ အတော်ကြာပါပြီဗျာ၊ ဒီက အာရှဆိုင်တွေမှာလည်း ချဉ်ပေါင်ရွက် ရောင်းကို မရောင်းကြဘူး...၊ ဟူး... ...

အလုပ်မှာ ကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ၊
သုံးခွက်...၊ မနက်မှာ ၉ နာရီမှာ နို့နည်းနည်းနဲ့ ပုံမှန်ကော်ဖီ၊ နေ့လယ် ၁ နာရီနဲ့ ၄ နာရီမှာတော့ အက်စ်ပရက်ဆို ခပ်ပြင်းပြင်း..၊
What else?

ညနေစာကို ဘယ်မှာ စားတတ်ပါသလဲ၊
အိမ်မှာပဲ စားပါတယ်၊ နှစ်ပတ်မှာ တစ်ခါလောက်တော့ ပီဇာညနေခင်း လုပ်ကြတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ပီဇာ ၃ ခုကို ဖုန်းနဲ့မှာ၊ ဝိုင်တစ်ပုလင်း ဖောက်ပြီး ဧည့်ခန်းက တီဗီရှေ့မှာ ကြမ်းပြင်ပေါ်ထိုင်ပြီး စားကြတာပါ၊ သားအတွက်ကတော့ အချိုရည် တစ်ခုခုပေါ့လေ၊ ကြည့်ဖြစ်တာတော့ သားကို ဦးစားပေးပြီး သူကြည့်ချင်တဲ့ ကာတွန်းကား တစ်ကားကားပါပဲ၊ ဒီလို ပီဇာ ညနေခင်းတွေကို အများအားဖြင့် တစ်ပတ်တာ ကုန်ဆုံးတဲ့ သောကြာနေ့ ညနေမှာ လုပ်ကြပါတယ်၊ တစ်ပတ်လုံး ပင်ပန်းခဲ့သမျှ relax လုပ်တဲ့ သဘောပါပဲ..၊

ညစာစားရင်းနဲ့ အများဆုံး စဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ...၊
ဘာမှကို မစဉ်းစား ဖြစ်ပါဘူးဗျာ၊ ဒီလိုပဲ မိသားစုနဲ့ စကားပြောလိုက်၊ သားကို ကောင်းကောင်းစားဖို့ ပြောလိုက်၊ ပေါက်ကရတွေ လုပ်နေရင် နည်းနည်းလောက် ဟန့်လိုက်နဲ့..၊ စဉ်းစားဖို့တောင် အချိန်မရပါဘူး၊

အလုပ်ဆင်းတဲ့ အချိန်မှာ ခံစားချက်...၊
အထွေအထူး မရှိပါဘူး၊

အိမ်ပြန်ရောက်ရောက်ချင်း ဘာအရင် လုပ်တတ်သလဲ၊
ဖိနပ်ချွတ်ပြီး လက်ဆေးပါတယ်၊ ကလေးကို အပြင်က ပြန်လာတိုင်း လက်ဆေးရမယ် ပြောထားလို့ နမူနာကောင်း ပြရအောင် ကိုယ်ကစပြီး ဆေးပြတာပါ၊ အဲဒီလို မဆေးပြရင်လည်း သူ့ကို လက်သွားဆေး-လို့ ပြောတဲ့အခါ အဲဒီဆရာလေးက ပြန်,ပြန် ထောက်တယ်ဗျ..၊

ဒုတိယ လုပ်မိတာလေး...၊
စာတိုက်ပုံးထဲ လာထည့်သွားတဲ့ စာတွေ၊ ငွေတောင်းခံလွှာတွေ၊ ကြော်ငြာစာရွက်တွေ၊ မဂ္ဂဇင်းတွေကို စစ်ဆေး၊ အမျိုးအစားခွဲ၊ လွှင့်ပစ်စရာရှိ လွှင့်ပစ်ပါတယ်၊

ညမအိပ်ခင် ကော်ဖီသောက်တတ် ပါသလား၊
အိမ်မှာ ညစာစားတဲ့အခါတော့ မသောက်ပါဘူး၊ အဲ.. စားသောက်ဆိုင်မှာ ဆိုရင်တော့ ညစာစားပြီးရင် အက်စ်ပရက်ဆို တစ်ခွက် သောက်တယ်၊ အိပ်ပျော်ပါတယ်၊ George Clooney လို အယောင်ယောင် အမှားမှားတွေ မဖြစ်ပါဘူး..၊

ညအိပ်ရာထဲ ဝင်ဝင်ချင်းအချိန် ဘာအရင်ဆုံး လုပ်ပါသလဲ၊
ဂွမ်းစောင် အထူကြီးကိုခြုံ၊ ရင်ဘတ်ပေါ်မှာ လက်ချင်းယှက်၊ မျက်စိမှိတ်ပြီး ငြိမ်ငြိမ်လေး နေပါတယ်၊

အိပ်မပျော်တဲ့ ညတွေမှာ ဘာလုပ်သလဲ၊
ကျနော် မှတ်မိသလောက်တော့ အိပ်မပျော်တဲ့ ညရယ်လို့ မရှိပါဘူး၊ အထူးသဖြင့် ဘလော့ဂ်တစ်ခု ပိုင်ဆိုင်လာပြီး နောက်ပိုင်းမှာ အိပ်ချိန်တွေ နည်းလာတတ်တော့ ခေါင်းချလိုက်တာနဲ့ တုံးကနဲပါပဲ၊

တအား စိတ်ဓါတ်ကျလာတဲ့ အခါမျိုး၊ စိတ်အားငယ်တဲ့ အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ၊
အခုထိတော့ အကြီးအကျယ် စိတ်ဓါတ်ကျတာမျိုး၊ စိတ်အားငယ်တာမျိုး မဖြစ်ဖူးသေးဘူးဗျ၊ အဲ.. သတိရစိတ်၊ လွမ်းစိတ်တွေတော့ ဖြစ်ဖူးတယ်၊ အဲဒီလို အခါဆိုရင်တော့ ဂစ်တာကောက်ကိုင်ပြီး သီချင်းတွေ အများကြီး ဆိုပစ်လိုက်တယ်၊

အပြင်သွားတဲ့အခါ အမြဲတမ်း သတိထားပြီး ယူတတ်တဲ့ ပစ္စည်း...၊
တယ်လီဖုန်း၊ ပိုက်ဆံအိတ်၊ အိမ်သော့...၊ ဆောင်းတွင်းမှာ ဆိုရင်တော့ နှုတ်ခမ်းဆိုးဆေးတောင့် တစ်ခု အပိုပါတယ်၊ လှချင်ပချင် လို့ရယ် မဟုတ်ရပါဘူးဗျာ၊ အစတုန်းက မသုံးဘူးဗျ၊ တတ်နိုင်သလောက် ပေတေပြီး နေသေးတယ်၊ ဒါပေမယ့် လပေါင်းများစွာ အေးနေတဲ့ ရာသီဥတု အောက်မှာ နှုတ်ခမ်းတွေ တချိန်လုံးကွဲပြီး နာနေတာနဲ့ အခုတော့ သတိထားပြီး ယူနေရတယ်..၊

မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ...၊
ကျနော့်ကို ဖြစ်လာစေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ အမေ...၊ ကျနော်က ဖြစ်စေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ သား...၊

သူစိမ်းတွေထဲမှာ မိမိ အယုံကြည်ရဆုံးသူ...၊
ဒါကတော့ ရှင်းပါတယ်၊ အိမ်ထောင်ဖက်ပါ..၊

အလုပ်ထဲမှာ ကိုယ်အခင်ဆုံးသူ ...၊
အလုပ်ထဲမှာတော့ ကျောင်းတုန်းက ရခဲ့တဲ့ ခင်မင်မှုမျိုးတွေ မရတော့ဘူးဗျ၊ အားလုံးနဲ့ ရင်းနှီးတယ်၊ လုပ်ဖော်ကိုင်ဖက်၊ တစ်ယောက်အကြောင်း တစ်ယောက် အထိုက်အလျောက်သိတဲ့ မိတ်ဆွေ သုံးလေးယောက် ရှိတယ်၊ ဒါ့ထက်တော့ မပိုပါဘူး၊ တခါတခါ အီရန်၊ တရုတ်၊ ကုလား၊ မက္ကဆီကန် စတဲ့ ဥရောပ ပြင်ပကလူတွေ အလုပ်မှာ ကိုယ့်အဖွဲ့နဲ့ကိုယ် စားကြ၊ သွားကြတာ မြင်ရင် အားကျမိတယ်၊ ဒါပေမယ့် တစ်ယောက်တည်းနေတာ အတော်လေးကို အသားကျနေ ပါပြီ...၊း)

ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေထဲက အကြိုက်ဆုံး ပစ္စည်းလေးတစ်ခု...၊
5D mark II ကင်မရာ...၊

လက်ဆောင်ရထားတဲ့ အထဲက အကြိုက်ဆုံး ပစ္စည်းလေးတစ်ခု...၊
ရှားတောင့်ရှားပါး ရဖူးတဲ့ လက်ဆောင်ထဲမှာတော့ Givenchy Pi ရေမွှေးပုလင်းလေးကို သဘောကျတယ်၊

ကိုယ်ပတ်သက်ဖူးတဲ့ သူတွေထဲမှာ ကိုယ့်ကိုနားလည်၊ ခွင့်လွှတ်ပေးနိုင်ဆုံးသူ..၊
အားပါး...၊ ဒီမေးခွန်းကတော့ ၂၀ မှတ်တန် ထင်တယ်၊ အင်း..အဲဒါဖြေရမယ် ဆိုရင်တော့ ကျနော်ပတ်သက်ခဲ့တဲ့ လူတွေအပေါ်မှာ ကျနော်က ပေးခဲ့တဲ့ ဒုက္ခ၊ သောက၊ စိတ်ဆင်းရဲမှု အပြင်းအပျော့၊ အကြိမ်အရေအတွက် အဲဒါတွေကို အရင် တန်းညှိပြီးမှပဲ သူတို့ရဲ့ တုံ့ပြန်မှုကို အချိုးချရမယ် ထင်တာပဲဗျ..၊

အခုလောလောဆယ် အဖြစ်ချင်ဆုံး ဆန္ဒ...၊
ကြယ်မိုးရွာတာကို ဓါတ်ပုံကောင်းကောင်း ရိုက်ချင်နေတယ်...၊


တကယ်တမ်း ပြောရရင် တစ်နေ့တာ ဖြတ်သန်းမှု ဆိုပေမယ့် အလုံးစုံကို အသေးစိတ်ထားတာ မဟုတ်သလို နေ့စဉ်ဘဝ ဖြတ်သန်းမှုနဲ့ မဆိုင်တဲ့ ယေဘုယျ မေးခွန်းတွေလည်း ပါ,ပါတယ်၊ ဖြည့်မယ်ဆိုရင် အများကြီး ရှိပါသေးတယ်၊ အဲဒါကြောင့်လည်း 'ရေဘယ်နှစ်ခါ ချိုးလဲ၊ ရေချိုးရင်း သီချင်းဆိုသလား၊ အိမ်သာဘယ်နှစ်ခါ တက်လဲ၊ တက်ရင်းနဲ့ရော စာဖတ်လား' စတာတွေလည်း ရေးပါဗျို့လို့ 'စ' ချင်သူ တစ်ယောက်က ကွန်မန့်တစ်ခုမှာ ရွှတ်နောက်နောက် ရေးသွားခဲ့တာ ဖြစ်မယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ဒီလိုတွေ ရေးတာက ကလေးဆန်တယ်လို့ မြင်မယ်ဆို မြင်နိုင်သလို ဘလော့ဂါ အချင်းချင်းအကြား၊ ဘလော့ဂါနဲ့ စာဖတ်သူအကြား ပိုပြီး သိလာ၊ ရင်းနှီးလာစေတဲ့ ပို့စ်လေးပဲလို့ မြင်မယ် ဆိုလည်း ရပါတယ်၊ ဒါက တစ်ဦးချင်းရဲ့ စိတ်အခြေခံနဲ့ ချဉ်းကပ်ပုံပေါ်ပဲ မူတည်မှာပါ၊ ကျနော်ကတော့ ဒီမေးခွန်းလေးတွေ ဖြေနေရင်းနဲ့ ကိုးတန်း၊ ဆယ်တန်းလောက်တုန်းက နွေကျောင်းပိတ်ကာနီး အပြန်အလှန်၊ အမှတ်တရ ရေးခဲ့ကြတဲ့ အော်တိုစာအုပ်လေးတွေကို ဖြတ်ကနဲ မြင်နေခဲ့ပါတယ်...။ ။


ညီလင်းသစ်
၇ ဇန်နဝါရီ၊ ၂၀၁၂

27 comments:

မေဓာဝီ said...

ဟားဟား ကိုညီလင်းပို့စ်ရဲ့ အဆုံးသတ်ကို ဖတ်ပြီး တယောက်ထဲ ကြိတ်ရယ်နေရတယ်။ အော်မရယ်ရဲဘူး ဦးရီးတော် ကြားသွားမှာစိုးလို့။ :))

ကိုညီလင်း မုန့်ဟင်းခါးကို စားချင်ပုံက တော်တော် အသေးစိတ်တယ်နော်။ ကျမလဲ မုန့်ဟင်းခါးကို ငဖယ် ၂ ပြား၊ ငှက်ပျောအူ ၃ ဖတ်၊ နံနံပင် ၄ မျှင်၊ အကြော် ၅ ဖတ်၊ ငဂုတ်သီးမှုန့် ၆ မှုန့် လောက်နဲ့ မနက်တိုင်း စားချင်လိုက်တာ။

San San Htun said...

ချဉ်ပေါင်ကြော် စားချင်တာ တူနေပြီ ကိုညီရေ..မစားရတာ ၁နှစ်ရှိတော့မယ်..

ညီလင်းသစ် said...

မမေ ...
ဟုတ်တယ်ဗျ၊ အဲဒီ ကွန်မန့်ရေးသူနဲ့ ကျနော် သဘောတူတယ်၊ ရေချိုးတာ၊ အိမ်သာတက်တာ တွေက ဘယ်သူမှ မရေးကြဘူးနော်၊ တကယ်ဆို ဒါတွေက တကိုယ်ရည် ကျန်းမာရေးအတွက် ထိပ်ဆုံးကကို အရေးတကြီး ရှိနေတဲ့ အကြောင်းချင်းရာတွေ မဟုတ်လား..၊းD

ညီမစန်းထွန်း ...
ကဲ..ဒါဆို ချဉ်ပေါင်ကြော် ပရိတ်သတ် တစ်ယောက် တိုးလာပြန်ပြီပေါ့..၊း)

Iora said...

မနက်စာမုန့် ဟင်းခါးငှက်ပျောအူနဲ့ စားချင်တာတော့တူနေပြီ။ ကျမလည်းမုန့် ဖတ်ကိုမျှင်မျှင်လေးမှကြိုက်တယ်။
အိုင်အိုရာ

ညိမ်းနိုင် said...

ကဲ...အကိုရေ.....ကျွန်တော်တို့နှစ်ယောက် တစ်ယောက်က
သက်တန့်ပေါ်မှာ၊တစ်ယောက်က တိမ်ပေါ်မှာ မန်မန်စား
ရင်း စကားပြောကြတာပေါ့ဗျာ.....နော့....:)))

" ကျနော့်ကို ဖြစ်လာစေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ အမေ...၊ ကျနော်က ဖြစ်စေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ သား..." အဲဒီစာစုလေးကတော့ ဖတ်ရတာကြည်နူးရသ
လို၊တွေးစရာလေးတွေလည်းရသွားတယ်ဗျ...၊ငယ်ကသင်
ခဲ့ရသလို၊ကြွေးဟောင်းလည်းဆပ်၊ကြွေးသစ်လည်းပေး
နေတဲ့ ၊မေတ္တာရေအလျဉ်စီးကြောင်းလေးထဲမှာ
ကြည်ကြည်နူးနူးကူးခပ်နေတဲ့ လူသားတစ်ဦးကို
စာကြောင်းလေးတစ်ကြောင်းထဲနဲ့သရုတ်ဖော်သွား
နိုင်တယ်....။မိသားစုနဲ့သားအပေါ်ထားတဲ့ ဦးစီးတစ်ဦး
ရဲ့ ဘဝနဲ့မေတ္တာကိုလည်း ဒီပို့စ်လေးထဲမှာ ဖျက်ကနဲ
မြင်လိုက်ရတယ်.....။ပြီး လူပျိုကြီးတွေကိုလည်း သူတို့
ဘဝကို နဲနဲပြန်သုံးသတ်ဖို့လိုလာပြီလို့ အချက်ပေး
နေသလိုပဲ.....:P :D

အင်း......ဟုတ်တော့လည်းဟုတ်တယ်....၊တစ်နေ့တာ
ဆိုပြီး တစ်ယောက်မှ သွားတိုက်တာ၊မျက်နှာသစ်တာ
လည်းရေးကြဘူး...။ဟိုကွန်မန့်ပေးသွားသူ ကိုရေး
ဖို့တဂ်လိုက်ပြီးရောအကိုရာ.......:))))

TZA said...

ဖြစ်ချင်တဲ့ဆန္ဒလေး အမြန်ဆုံး ဖြစ်မြောက်သွားပါစေဗျာ၊ ပုံတွေကြည့်ချင်လို့ပါ :D

လွင်ပြင်လှိုင်းငယ် said...

ကြယ်မိုးရေ မြန်မြန်ရွာပေးလိုက်ပါနော်
ဒါမှ လွင်ပြင်တို့လဲ ဓါတ်ပုံကြည့်ရမှာ

စံပယ်ချို said...

ကြယ်မိုးမြန်မြန်ရိုက်နိုင်ပါစေပြောမလို့ပါ အပေါ်ကလင်တော်မောင်ကအရင်ပြောထားတယ်
မိစားစုဘ၀လေးကပျော်စရာရှိမယ့်အနေအထားပဲ
ကြုံရင် သားတော်မောင်ပုံလေးတွေတင်ပါအုန်းနော်
တနေ့တာလေးအမှတ်တရပေါ့ကိုညီလင်းရေ

Myanmar Good Knowledg Co., Ltd said...

တနေ့တာလေးဖတ်ရလို့ ဘ၀တွေအချင်းချင်းနားလည်ရတယ်။
ချဉ်ပေါင်ကြော်ကိုမစားရတာကြာနေတဲ့သူတွေရှိတာကိုသိရတာ စိတ်မကောင်းဘူး။
ဒီမှာလည်းအမြဲတော့မစားရပေမယ့် ချဉ်ပေါင်ကြိုက်သူဆိုတော့ ကိုယ်ချင်းစာမိတယ်။

ကြယ်မိုးရွာတဲ့ ဓါတ်ပုံကြည့်မယ်နော်။

Anonymous said...

ကိုယ်ပတ်သက်ဖူးတဲ့ သူတွေထဲမှာ ကိုယ့်ကိုနားလည်၊ ခွင့်လွှတ်ပေးနိုင်ဆုံးသူ..၊
အားပါး...၊ ဒီမေးခွန်းကတော့ ၂၀ မှတ်တန် ထင်တယ်၊ အင်း..အဲဒါဖြေရမယ် ဆိုရင်တော့ ကျနော်ပတ်သက်ခဲ့တဲ့ လူတွေအပေါ်မှာ ကျနော်က ပေးခဲ့တဲ့ ဒုက္ခ၊ သောက၊ စိတ်ဆင်းရဲမှု အပြင်းအပျော့၊ အကြိမ်အရေအတွက် အဲဒါတွေကို အရင် တန်းညှိပြီးမှပဲ သူတို့ရဲ့ တုံ့ပြန်မှုကို အချိုးချရမယ် ထင်တာပဲဗျ..၊
Wise answer!

Shinlay said...

စိတ်ဝင်စားစွာဖတ်သွားပါတယ်။

ဘိုဖြူ said...

အကိုညီလင်းရဲ့တစ်နေ့တာလေးကိုစိတ်ဝင်စားမိပါတယ်
သားလေးပုံကိုတော့အမဂျက်ဆီမှာတွေ့ဖူးတယ်
သားလေးကအတော်ကိုချစ်ဖို့ကောင်းတာပဲ
လူတိုင်လိုလိုပါပဲမုန့်ဟင်းခါးနဲ့ချဉ်ပေါင်ကြော်ကိုစားချင်ြ့တယ်နော်

Angelhlaing(May everybody be happy and healthy! said...

ချဉ်ပေါင်ကြော် ပရိသတ်တွေ များတာပဲနော် အကို ..:):) ဟုတ်တယ်အကို ဒီမှာလဲ တခြားနိုင်ငံခြားသားတွေ သူတို့လူမျိုးတွေ စုပြီး ဈေးဝယ်တာမျိုး အပြင်စုသွားကြတာမျိုး မြင်တော့ မြန်မာကို လွမ်းထှာ...ညီမလေးတော့ တစ်ယောက်ထည်းနေနေတာကို ခုထိ နေသားမကျသေးသလိုပဲ ...:(

blackroze said...

အကိုရဲ့ ကင်မရာကြီးကိုတော့သဘောကျသား
ပီဇာညနေခင်းဆိုတာလေးလည်း
သဘောကျပါရဲ့လေ
ညီမမိသားစုနဲ့နေရတဲ့အခါကျ၇င်လည်း
ကြေးအိုးညနေခင်းတို့
ရခိုင်မုန့်တီညနေခင်းတို့
ဒန်ပေါက်ညနေခင်းတို့
လုပ်ပလိုက်မယ်..ဟဲဟဲ

phyoaung said...
This comment has been removed by the author.
မောင်မျိုး said...

မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ...၊
ကျနော့်ကို ဖြစ်လာစေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ အမေ...၊ ကျနော်က ဖြစ်စေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ သား...၊

အဲ့ဒီအဖြေလေး နှစ်ခြိုက်လိုက်တာ . ... အစ်ကိုနဲ့ ညနေစာ တစ်ခါလောက် တူတူစားပြီး စကားတွေ ပြောချင်သေးတယ်ဗျ တစ်နေ့ နေ့ပေါ့နော့်း)))

ညီရဲ said...

ဟုတ်တယ် အစ်ကိုရေ... ဒီဘက်ခောတ် ကလေးတွေ မလွယ်ဘူး... ကိုယ်က သူတို့ ကို ဆုံးမချင်ရင် ကိုယ်ကိုယ်တိုင်ကလဲ အနေမှန်မှ နို့ မို့ သူတို့ က ပြန်ပြန်ထောက်တယ်... မလွယ်တာမှ တကယ်မလွယ်တာ အစ်ကိုရေ...

သဒ္ဓါလှိုင်း said...

တနေ့တာလေးတွေ အပြန်အလှန်ဖတ်ရတာ တမျိုးလေးပဲ။ အဖြစ်ချင်ဆုံးဆန္ဒတွေလည်း ဖြစ်ခွင့်ရပါစေနော်အကို။
ခင်မင်လေးစားလျက်
သဒ္ဓါ

Cameron said...

ကိုညီလင်းသစ်ပြောမှပဲ ချဉ်ပေါင်ကြော်စားချင်စိတ်ဖြစ်သွားတယ် ...။ ဟုတ်တယ် မစားဖြစ်တာကြာပီဗျ....။ တိမ်တွေကိုကြိုက်သူအချင်းချင်း ကညိမ်းတို့ ကိုညီလင်းသစ်တို့ရဲ့ ထမင်းဝိုင်းကိုလာလုစားမှထင်ရဲ့...။
" ကျနော့်ကို ဖြစ်လာစေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ အမေ...၊ ကျနော်က ဖြစ်စေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ သား..." ကြည်နူးပီတိဖြစ်စရာစာသားလေးပဲ...။ မေတ္တာစေတာနာတွေစိမ့်ဝင်နေတာမျိုးမြင်နေရတယ်...။

ညီလင်းသစ် said...

မအိုင်အိုရာ ...
မအိုင်အိုရာလည်း မုန့်ဖတ်ကို ဂရုစိုက်တတ်သူကိုး..၊း)

ကိုညိမ်းနိုင် ...
အဲဒါဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ်ထိ လိုက်ပြီး ထမင်းစားမယ်-လို့ ပြောရမယ် ထင်တယ်ဗျ..ဟားဟား၊

ကိုတီဇက်အေ ...
သိပ်တော့ မမြန်နိုင်ဘူးဗျ၊ အနီးဆုံးရက်က ဧပြီ ၂၁ မှာမှ ရွာမှာ ..၊း)

ကိုလွင်ပြင်လှိုင်းငယ် ...
ကြယ်မိုးရွာသည့်တိုင် ကျနော်ကလည်း ရိုက်နိုင်ဦးမှ ဆိုတော့ လောလောဆယ် ‘ဆောက်ဖြစ်မှ ကျောင်းဒကာ’ လို့ ပြောရမှာပဲဗျ..၊း)

တောင်ကြီးက မစံပယ် ...
လင်နဲ့မယား အတွေးတွေ၊ ရှုမြင်ပုံတွေ တူနေတယ် ပေါ့လေ..၊း)

မ,ကောင်းမွန်ဝင်း ...
ဟုတ်တယ်နော်၊ ချဉ်ပေါင်ကြိုက်သူတွေ အများကြီးပဲ၊ Export လုပ်ရင်တောင် ချမ်းသာမလား မသိ...၊း)

Anonymous ...
Tkz.းD

မ,ရှင်လေး ...
ဟုတ်ကဲ့..၊

ညီမအိန်ဂျယ်လ်လှိုင် ...
ကြာလာတော့လည်း ဒီလိုပဲ နေသားကျသွားမှာပါ ညီမရေ..၊

ညီမ blackroze ...
ဟား.. ညီမရဲ့ ညနေခင်းတွေက သွားရည်တောက်တောက် ကျမယ့် ညနေခင်းတွေ ပဲဗျ၊း)

မောင်မျိုး ...
ကျနော်ကလည်း ညီတို့ဆီက ဈေးချိုသလောက် အရသာ ရှိလှတဲ့ ထိုင်းစာတွေကို ‘ကျနော် ဟိုးအရင်တုန်းက မောင်မျိုးပါ’ လို့ ကြေညာ ထားတဲ့ လူငယ်လေး တစ်ယောက်နဲ့ အတူ သုံးဆောင် ချင်ပါတယ်ဗျာ..၊း)

ကိုညီရဲ ...
ဒီဆရာလေးတွေနဲ့ မလွယ်တာတော့ တကယ့်ကို မလွယ်တာဗျို့...၊

မသဒ္ဓါလှိုင်း ...
ကျေးဇူး တင်ပါတယ်ဗျာ..၊

မမိုးငွေ့ ...
စားလို့ရတဲ့ နေရာမှာ ရှိနေတုန်းဆိုရင် အဝသာ စားထားဗျို့...၊း)

...အလင်းစက်များ said...

ကျနော်လည်း ကင်မရာပဲဗျ။ လောလောဆယ်တော့ ကင်မရာအိုလေး ကို မပစ်ရက်သေး ဟီး (အသစ် မ၀ယ်နိုင်သေးလို့ ) :P

မအိမ်သူ said...

ကိုညီလင်းသစ်ရဲ့ တစ်နေ့တာကိုဖတ်ပြီး တွေးစရာလေးတွေတစ်ချို့ ခံစားချက်လေးတွေတစ်ချို့ လွမ်းစရာလေးတွေတစ်ချို့ စုံနေအောင် ခံစားလိုက်ရတယ်။ “ကျနော့်ကို ဖြစ်လာစေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ အမေ...၊ ကျနော်က ဖြစ်စေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ သား...၊” ဒီစာသားလေးက ရင်ကိုထိတယ်။ ငယ်ငယ်က အထက်တန်းကျောင်းတွေက ကလေးတွေကြားမှာ ခေတ်စားခဲ့ဖူးတဲ့ အော်တိုစာအုပ် ယဉ်ကျေးမှုလေးကိုလဲ ပြန်လွမ်းသွားတယ်။ ဘလော့ဂ်ဂါတွေကြားက တဂ်ပို့စ်လေးတွေကို ဖတ်ရတာ တခါမှ မမြင်ဖူးတဲ့သူတွေ အချင်းချင်းကြားမှာ နွေးထွေးတဲ့ ခင်မင်မှုတွေ ပိုလာသလို စိတ်ချင်းလဲ ပိုရင်းနှီးမှုရှိလာတာတော့ အမှန်ပဲနော်။ (နောက်တခါ မုန့်ဟင်းခါးစားရင်တော့ ပန်းကန်ထဲ ငှက်ပျောအူ ဘယ်နှဖတ်ထည့်စားမိလဲ ရေကြည့်ထားအုံးမှ.. :D)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းရေးတဲ့ တစ်နေ့တာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်နေ့တာပါဘဲ..
လူငယ်တွေ ရေးတာဖတ်လာတာ များတော့ သားတစ်ယောက် ဖခင်အနေနဲ့ ဘယ်လိုများ ရေးမလဲလို့ စိတ်ဝင်တစားပိုသတိထားပြီး ဖတ်ဖြစ်တယ်။
ထင်တဲ့အတိုင်းပါဘဲ သားလေးကို ဦးစားပေးထားတာလေးတွေကို ချစ်စဖွယ်တွေ့ရတယ်
ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဂုဏ်ယူလေးစားမိပါရဲ့ရှင်.
ဘလော့တစ်ခု ပိုင်ဆိုင်လာပြီးမှ အိပ်ချိန်ပိုနည်းလာတယ် ဆိုတာ မှန်လိုက်သမှနော်. တစ်ချို့ညတွေများ အိပ်တောင် မအိပ်ဖြစ်လိုက်ဘူး.. ဒီဘလော့ဒုက္ခလည်း မသေးဘူးနော်.း)

ငယ်လေး said...

နိုးစက်ပိတ်ပြီး..ပြန်အိပ်တာတော့တူတူပဲ..အဲ့ဒီအကျင့်ကပြင်လို့မရဘူး..အဲ့လိုလေးမှမလုပ်ရရင် နေလို့မကောင်းဘူး..ဟီးဟီး

မြသွေးနီ said...

တစ်နေ့တာ အော်တိုဂရပ်လေးက စိတ်ဝင်စားစရာ။ သားသားအတွက် အချိန်ပေးတာ သဘောကျတယ်။ ချစ်ချစ်အတွက်လည်း တစ်နေ့တာထဲပါဘူး။ ချွန်တွန်းလုပ်လိုက်ပြီ။ ကွန်မန့်တွေလိုက်ဖတ်ရင်း ဗိုက်ခေါက်ဆွဲခံရအောင်... :)

mstint said...

တစ်နေ့တာတဂ်ပို့စ်လေးကလည်း ဖတ်လို့ကောင်း။
ကွန်မန့်တွေလည်းဖတ်လို့ကောင်း မောင်ညီလင်းရေ။
တီတင့်ကမုန့်ဟင်းခါးကြိုက်ပေမဲ့ ငှက်ပျောအူတော့
မကြိုက်ဘူး လည်ချောင်းယားလို့း)အိုးဘဲဥတော့ကြိုက်ပါ့
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြစ်ကျိုးအင်း said...

ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေထဲက အကြိုက်ဆုံး ပစ္စည်းလေးတစ်ခုရဲ့ အဖြေကို ဖတ်ရတော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်။ အကြိုက်ချင်း တူမိတာကိုး :)