22 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၆)


အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်ပါတယ်၊ နှစ်သစ်က စ,နေတာ ရက်အနည်းငယ်တောင် ရှိနေပြီ ဆိုပေမယ့် တရားဝင် မနှုတ်ဆက်ရသေးလို့ အခုလို နှုတ်တရာ၊ စာတစ်လုံး လုပ်ပြီး နှုတ်ဆက်တာပါ၊း) ဒီပို့စ် မှာလည်း ညီအစ်ကို၊ မောင်နှမတွေကို ကျနော်တို့ရဲ့ ပထမ မြန်မာနိုင်ငံတော်ကြီးမှာပဲ ဆက်ပြီး အလည်ခေါ်သွားပါဦးမယ်၊ ဒါပေမယ့် ဒါဟာ ပုဂံနဲ့ပတ်သက်ရင်တော့ နောက်ဆုံးပို့စ်ပဲ ဖြစ်မှာပါ၊


သံတဲဟိုတယ်မှာ ကျနော်သဘောကျတာ တစ်ခုကတော့ ဧရာဝတီရဲ့အသံတွေနဲ့ နိုးထရခြင်းပဲ ဖြစ်ပါတယ်၊ မနက်ခင်းတွေမှာဆို မျက်စိနှစ်လုံး မဖွင့်ခင်မှာကိုပဲ မြစ်ထဲမှာ သွားနေကြတဲ့ သင်္ဘောသံတွေ၊ စက်လှေသံတွေကို ကြားနေရပြီ၊ နိုးနိုးခြင်းမှာပဲ ပြူတင်းပေါက်က ကြည့်လိုက်တာနဲ့ ဧရာဝတီ...၊ သူ့အပေါ်မှာ သွားနေကြတဲ့ မော်တော်တချို့နဲ့ တန့်ကြည့်တောင်တန်း...၊ တနေ့တာကို ဒီလိုမြင်ကွင်းမျိုး၊ ဒီလိုအသံမျိုးတွေနဲ့ အစပြုရတာ တကယ်ပဲ ချမ်းမြေ့ဖို့ ကောင်းပါတယ်၊


စက်လှေတွေ ခုတ်မောင်းသံအပြင် ငှက်ကလေးတွေရဲ့ သီချင်းသံတွေကိုလည်း ကြားရပါတယ်၊ ဒါနဲ့ တမနက်မှာ ငှက်ကလေးတွေကို ထွက်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့ကို သွားတွေ့တယ်၊ ကျနော်ဝမ်းသာသွားတယ်၊ ဒီငှက်က တကမ္ဘာလုံးမှာမှ မြန်မာပြည် တစ်ခုတည်း၊ မြန်မာပြည်မှာမှ မန္တလေးတိုင်း အတွင်းက အပူပိုင်းဒေသတွေ၊ အထူးသဖြင့် ပုဂံမှာပဲ တွေ့ရတဲ့ ရှားပါးမျိုးနွယ် endemic ငှက်ပါ၊ White-throated Babbler လို့ခေါ်ပါတယ်၊ သူတို့က အများအားဖြင့် မြေကြီးပေါ်မှာ ခုန်ဆွ၊ ခုန်ဆွ သွားကြလေ့ ရှိတယ်၊ ခပ်လှမ်းလှမ်းက ရုတ်တရက်ကြည့်ရင် ရှဥ့်နဲ့ နည်းနည်း တူပါတယ်၊ ကျနော် သူတို့ကို ပထမဦးဆုံး တွေ့တုန်းက ရှဥ့်အောက်မေ့လို့..၊ သူ့ကို ဓါတ်ပုံရိုက်ဖို့ လုပ်နေတုန်း ငှက်ကြည့် ဝါသနာပါတဲ့ မအိုင်အိုရာကို ဖြတ်ကနဲ သတိရလိုက်သေးတယ်၊ White-throated Babbler ရဲ့ မြန်မာနာမည်ဟာ ဘယ်လိုများပါလိမ့်လို့ စဉ်းစားနေမိတယ်၊


မနက်စာစားတဲ့ နေရာမှာ ကျနော်သဘောကျတဲ့ လှေကလေးတစ်စင်း ရှိတယ်၊ ပုံထဲမှာ တွေ့ရတဲ့ အဲဒီလှေထဲမှာ အိုးသုံးလုံး ရှိပါတယ်၊ ဘယ်ဖက်က အိုးထဲမှာ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို တစ်နေ့စီ ကျွေးတယ်၊ အလယ်က အိုးမှာတော့ အကြော်စုံနဲ့ အချဉ်ရည် ရှိပြီးတော့ ညာဖက်က အိုးကတော့ ကောက်ညှင်းပေါင်းနဲ့ ငချိတ်ပါ၊ မနက်မနက်ဆို ထနောင်းရိပ်လို့ နာမည်ပေးထားတဲ့ အဲဒီနေရာမှာ ကျနော်က လှေကလေးရဲ့ အနားကနေ မခွာပါဘူး၊ ဘေးမသန်းဘဲ အေးချမ်းစွာနဲ့ အဝ 'လှော်' ခဲ့တယ်..၊း)


တမနက်မှာတော့ အဲဒီထနောင်းပင်ကြီးပေါ်က ကျီးကန်းတွေ၊ ဆက်ရက်တွေ အော်လှချည့်လား ဆိုပြီး ကြည့်လိုက်တော့ ဒီမြွေကို သွားတွေ့တာပဲဗျို့၊ ငနဲက ဆက်ရက်သိုက်ထဲက ဥတွေကို ဝင်နှိုက်ဖို့ ကြိုးစားနေလို့ ဆက်ရက်တွေက ဝိုင်းအော်နေကြတာ..၊ အဲဒီမြွေရဲ့ အောက်တည့်တည့်မှာက မုန့်ဟင်းခါးအိုး..၊ ဒါနဲ့ ကျနော်လည်း မျက်လုံးမလွှဲဘဲ မြွေကိုပဲ ကြည့်နေရတယ်၊ မတော်လို့ ဒင်းပြုတ်ကျလာရင် မုန့်ဟင်းခါးအိုးထဲ တန်းကနဲပဲ..၊ ဒါမျိုးတော့ ဘယ်အဖြစ်ခံမလဲ၊ မုန့်ဟင်းခါးထဲမှာ ငါးအလုံအလောက်နဲ့ ချိုနေပြီးသား ဥစ္စာကို..၊ မြွေထပ်ထည့်စရာ မလိုတော့ပါဘူး၊ ကျနော်တို့ မိသားစုသာ ခေါင်းတမော့မော့နဲ့ ဖြစ်နေကြပေမယ့် ကျန်တဲ့ ဧည့်သည်တွေကတော့ သိပုံတောင် မရပါဘူး၊ အေးအေးဆေးဆေးပဲ၊ ခဏကြာတော့ ကျနော်လည်း စားပွဲထိုး ဝန်ထမ်းလေးကို ခေါ်ပြပြီး သတိပေးလိုက်တော့ သူက 'ဟာ..ဒါ ထန်းတက်မြွေပါ အကိုရ၊ အဆိပ်မရှိပါဘူး၊ အလကား..' တဲ့၊ ကြည့်စမ်း..၊ ပုဂ္ဂိုလ်လေးက ဒီမြွေကို အလကား-တဲ့၊ ဟုတ်မှာပါလေ..၊ ပုဂံမှာက 'နှာတို' လို့ခေါ်ကြတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ မြင်နေကျဆိုတော့ ဆက်ရက်ဥ ခိုးစားဖို့လောက် ကြံနေတဲ့ ငတကို အလကားလို့ ပြောကြမှာပါပဲ..၊


ညောင်ဦးဈေးကို သွားလည်ကြတယ်၊ ဈေးရုံထဲနဲ့ စာရင် အပြင်ဖက်က ဟင်းသီးဟင်းရွက်တန်းက ဓါတ်ပုံရိုက်လို့ ပိုကောင်းတယ်၊


အဲဒီနေ့ မနက်ကတော့ ငါးစိမ်းတန်းမှာလည်း ဈေးသည်တွေက ယဉ်ကျေးမှုမြှင့်ပြီး ရောင်းနေကြတယ်၊ ဆဲသံဆိုသံ တညံညံဆိုတာ မရှိပါဘူး၊


ငါးစိမ်းမြင်ပေမယ့် ကျနော် ငါးကင် မပစ်ခဲ့ပါဘူး...၊း)


ဘာရယ် မဟုတ်ပါဘူး၊ ကြိုးဆွဲခံနေရသူတွေကို သဘောကျလို့..၊ ရဲမက်၊ မင်းသား၊ ဘီလူး.. အကုန်ပါတယ် နော့၊း)


ဈေးမှာ ဘဝတွေ ရှိတယ်၊ ဖလံနယ် အင်္ကျီလေးနဲ့ ထန်းလျက်ရောင်းနေပေမယ့် လောကအပေါ် အပြုံးမပျက်ပါဘူး၊ သနပ်ခါး ရေကျဲလေး ပါးပေါ်တင်လို့ ကြည်ကြည်လင်လင်ပဲ ဖြတ်သန်းခဲ့တယ်..၊


ပုဂံမှာ အခုနောက်ပိုင်း အရမ်းများလာတာ ကတော့ ဆိုင်ကယ်တွေပါပဲ၊ အားလုံးနီးပါးက လိုင်စင်မဲ့ ဝစ်သောက်တွေ..၊ တစ်စီးကို သုံးသိန်းလောက်ပဲ ပေးရတယ်လို့ ဆိုတယ်၊ ဘုရားမှာ ဈေးရောင်းတဲ့ ဈေးသည် ကောင်မလေးတွေ၊ ယွန်းထိုးတဲ့ မိန်းကလေးတွေ၊ နံရံပန်းချီ ရောင်းတဲ့ ချာတိတ်တွေ..၊ အားလုံးက ဆိုင်ကယ်ကိုယ်စီနဲ့..၊ သူတို့အတွက် သွားလာရေး လွယ်ကူတာ ဝမ်းသာစရာပါ၊ ဒါပေမယ့် တဖက်မှာတော့ လေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုတွေ များလာတယ်၊ ဟိုးအရင်ကလို မြင်းလှည်းတွေနဲ့ စက်ဘီးလေးတွေ ဟိုဒီ သွားနေတာမျိုးက ရှားသထက် ရှားလာခဲ့ပြီ၊


ရွှေစည်းခုံ...၊ ရွှေစည်းခုံဟာ စွယ်တော်လေးဆူမှာ တစ်ဆူအပါအဝင် ဖြစ်လို့ မရောက်မဖြစ် ဖူးကြသလို တည်ဆောက်ပုံအရလည်း ထူးခြားပါတယ်၊ ပုဂံမှာ သိမ်၊ ကျောင်း၊ ဘုရား၊ အားလုံးကို အုတ်တွေနဲ့ ဆောက်ခဲ့ပေမယ့် ဘုရားလေးဆူကိုတော့ ရှားရှားပါးပါး သဲကျောက်နဲ့ ဆောက်ခဲ့တယ်၊ အဲဒီ လေးဆူထဲမှာမှ လက်ရှိမှာ သုံးဆူပဲ ကျန်ပါတော့တယ်၊ ရွှေစည်းခုံဟာ အဲဒီထဲက ဘုရားတစ်ဆူပါ၊


ထူးအိမ်သင်က အသက် ၃၁ နှစ်မှာ ဝမ်းမဲင်းရှိုးတစ်ခု လုပ်တော့ 'သုံးဆယ့်တစ်ဘုံက လူငယ်တစ်ယောက်၊ သုံးဆယ့်တစ်နှစ်သား အရောက်မှာ...' အစချီတဲ့ ကဗျာလေးနဲ့ ရှိုးမိတ်ဆက်ပွဲ ကြော်ငြာလေး လုပ်ခဲ့တယ်၊ အဲဒီအတိုင်း ပြောရရင်တော့ (လောလောလတ်လတ်) ၃၇ နှစ်ပြည့်သွားတဲ့ လူတစ်ယောက်၊ ၃၇ မင်း နတ်နန်းရှေ့ အရောက်မှာ-လို့ ကဗျာစပ်ရမယ် ထင်ပါရဲ့..၊း)


မနူဟာဘုရားထဲက လျောင်းတော်မူ ရုပ်ပွားတော်..၊ နန်းကျဘုရင် တစ်ပါးရဲ့ ကျဉ်းကျပ်မှုကို ခံစားလို့ ရပါတယ်၊ ဒီဘုရားကို တည်စဉ်မှာ မနူဟာဘုရင်ဟာ 'ဘဝဆက်တိုင်း ဆက်တိုင်း..' လို့ အစချီတဲ့ ဆုတောင်းတွေ၊ တောင်းခဲ့မှာ အသေအချာပါပဲ၊ ကျိန်စာတွေကော ပါခဲ့သေးလား? သူ့ရင်ထဲမှာ ကြီးကြီးမားမား ဖိစီး၊ လေးလံနေခဲ့တဲ့ ထုထည်ကို ချပြသွားနိုင် ခဲ့တယ်..၊


ပုဂံဆိုတာ တကယ်တော့လည်း နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ဘက်ပေါင်းစုံမှာ အမှောင်ထဲကနေ အလင်းကို လှမ်းမြင်ခဲ့တဲ့၊ တိုးထွက်ခဲ့တဲ့ အချိန်ပဲ မဟုတ်လား..၊


သာသနာတော်ကို အုတ်မြစ်ချဖို့ လုပ်တဲ့နေရာမှာ အခိုင်အမာ ပြဌာန်းထားတဲ့ စည်းဘောင်ထဲကနေသာ တရားတော်ကို သူတို့တွေ မြင်တွေ့နိုင်ခဲ့ ကြမယ်၊


'Unfinished temple' လို့ခေါ်ကြတဲ့ ဓမ္မရံကြီးထဲမှာ အမယ်အိုတစ်ယောက် ကတော့ အေးအေးဆေးဆေး ဘုရားပန်းကပ်ဖို့ ပြင်နေလေရဲ့၊ သူ့ရင်ထဲက စေတနာ၊ သဒ္ဒါတရားကတော့ ပြီးပြတ်စွာနဲ့ 'finished' ဖြစ်မှာ အသေအချာ...၊


ကျနော်တို့ သူငယ်ချင်းတွေ ပထမဦးဆုံး ပုဂံကို စ,ရောက်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ပညာစမ်းတဲ့ အနေနဲ့ ပုဂံနဲ့ပတ်သက်တဲ့ နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းလေးတွေ မေးခဲ့ကြဖူးတယ်၊ ပုဂံကို မင်းဘယ်လောက် 'ကြေ' သလဲ ပေါ့လေ၊ အမှန်တော့ လူငယ်သဘာဝ မာန်စိတ်ကလေး နည်းနည်း ရှိတဲ့ သဘောပါပဲ၊ အဲဒီမေးခွန်းတွေထဲက တစ်ခုက ပုဂံမှာ အင်္ဂလိပ်နာမည်နဲ့ ကမ္ဗည်းထိုးထားတဲ့ ဘုရားကို ပြောပြပါ-တဲ့၊ အပေါ်က ဓါတ်ပုံက အဲဒီ အင်္ဂလိပ်နာမည် ရှိတဲ့ ကမ္ဗည်းပါပဲ၊ မစ္စတာ စကိုဗယ်လ်-တဲ့၊


ဒါကတော့ အဲဒီ မစ္စတာစကိုဗယ်လ်ရဲ့ ကောင်းမှု ပေါ်တော်မှု ဘုရားပါ၊ ဓမ္မရံကြီးရဲ့ မြောက်ဖက်ကနေ မင်းနန်သူရွာဖက် သွားတဲ့လမ်းဘေးက အင်းဘုရား၊ မနူမရွှဲကန် တို့ရဲ့ အနီးမှာ ရှိပါတယ်၊ ဥာဏ်တော် ခပ်နိမ့်နိမ့်ပါပဲ၊ မစ္စတာ စကိုဗယ်လ်ဆိုတာက လမ်းတံတား ဆောက်လုပ်ရေးဖက်မှာ လုပ်ခဲ့တဲ့ ဗြိတိသျှ အင်ဂျင်နီယာ တစ်ယောက်လို့ ပြောကြတယ်၊ သူက ပျက်စီးနေတဲ့ ဘုရားတစ်ဆူကို ပြန်လည်မွမ်းမံတဲ့ အချိန်မှာ အတွင်းထဲမှာ ငုံပြီးတည်ထားခဲ့တဲ့ ပုံထဲက ဘုရားက ပေါ်လာတဲ့အတွက် သူ့နာမည်ကိုပဲ အစွဲပြုပြီး ပေါ်တော်မူဘုရားလို့ ခေါ်တွင်ကြပါတယ်၊


မပြန်ခင် တစ်ရက်ရဲ့ နေ့လယ်ခင်းမှာတော့ မြစ်ကမ်းစပ်ကို ကျနော် ဆင်းလာခဲ့တယ်၊ အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အထိ ဧရာဝတီနဲ့ အနီးဆုံးမှာ ကျနော်နေခွင့် ရခဲ့တယ်၊ ဒီလိုအနေအထားမှာ ရှိခဲ့တာတောင် သူ့ကို တချက်ကလေးမှ မထိလိုက်ရဘဲ ပြန်ရမယ်ဆိုရင် မဟုတ်သေးဘူး၊ ဒါကတော့ မြစ်ကမ်းစပ် သွားတဲ့လမ်းကနေ ဟိုတယ်ကို ပြန်မြင်ရတဲ့ မြင်ကွင်းပါ၊


မြစ်ဆိပ်ရေစပ်ကို တန်းပြီးမဆင်းဘဲ ပဲခင်းတွေကြားမှာ ကျနော် ရပ်နေမိတယ်၊ မြင်ရသမျှ အရပ်မျက်နှာကို အေးအေးဆေးဆေးပဲ လှည့်ပြီး ကြည့်တယ်၊ ကျနော် အလျင်မလိုချင်ဘူး၊ အဲဒီအခိုက်မှာ ပျိုးနှုတ်တောင်သူတချို့ ကျနော့်ဘေးကနေ ဖြတ်သွားတယ်၊ ဟိုးအရင် လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကဆို သူတို့ကို တခုတ်တရ ကြည့်ဖြစ်ပါ့မလား မသိဘူး၊ အခုတော့ မြင်ရသမျှ ကျေးလက်ရဲ့ မြင်ကွင်းတွေကို မက်မက်စက်စက် ခံစားချင်တဲ့ စိတ်အခံနဲ့မို့ ငေးနေမိတယ်၊ ဒီလို ဝတ်စားဆင်ယင်ပုံမျိုးနဲ့ အေးအေးသက်သာ နိုင်ပုံမျိုးကို မတွေ့ရတာ ကြာပြီ မဟုတ်လား၊ သူတို့က နိစ္စဓူဝ ကိစ္စတွေကို ရယ်ရယ်မောမော ပြောကြရင်းနဲ့ပဲ ကျနော့်ဘေးကနေ ဖြတ်သွားခဲ့ ကြတယ်၊


စိုက်ခင်းအစပ်မှာ ထိုင်ချပြီး ပဲတောင့်ရှည် ဘိုကိတ်ပဲတောင့် (ကျေးဇူး ညီမချစ်စံအိမ်) တချို့ကို ကျနော် အသာအယာ တို့ထိကြည့် မိတယ်၊ ဧရာဝတီရဲ့ မြေနုကျွန်းပေါ်က ပဲစိုက်ခင်းတွေ...၊ စီးဆင်းနေဆဲ ဧရာဝတီက နှစ်စဉ်ပို့ချတဲ့ မြေဆီမြေနှစ်များ..၊ ပဲပင် စိမ်းစိမ်းလေး တွေက လေနုအေးမှာ လူးလွန့်လှုပ်ရှားလို့..၊


ခဏကြာတော့ ဧရာဝတီရဲ့ ရေစပ်အထိကို ကျနော် ဆင်းသွားလိုက်တယ်၊ စိတ်ထဲမှာ အိပ်မက်လိုလို တကယ်လိုလိုနဲ့..၊ မျက်စိတဆုံး မြစ်ပြင်ကို ငေးနေရင်း ဆေးမိထားသူ တစ်ယောက်လို ကျနော် ရပ်နေမိတယ်၊ ဧရာဝတီရဲ့ အကြောင်းကို လူပေါင်းများစွာ ပြောခဲ့ကြတာ ကျနော်ကြားခဲ့ ရတယ်၊ ဧရာဝတီကို ကယ်တင်ဖို့ လှုံ့ဆော်ခဲ့တဲ့ ဘလော့ဂါတွေကို သတိရတယ်၊ ဟောပြောပွဲတွေကို သတိရတယ်၊ ဧရာဝတီကို တည်မှီတဲ့ ညီညွတ်မှုတွေကို အမှတ်ရတယ်၊ အခုတော့ ဧရာဝတီရဲ့ ရေစီးသံကို ကျနော်ကြားနေရပြီ၊ အဲဒီ ရေစီးသံရဲ့ ဂီတမှာ စိတ်ဝိညာဉ်ဟာ ကွန့်မြူးတယ်၊ အဖြစ်အပျက်တွေ၊ စကားလုံးတွေ၊ စာပိုဒ်တွေ၊ အသံတွေကို လှိုင်းကြက်ခွပ် ကလေးတွေ ပေါ်မှာ ဖြတ်ကနဲ၊ ဖြတ်ကနဲ မြင်နေ၊ ကြားနေခဲ့တယ်၊

ဆရာနေဝင်းမြင့် ပါရီရောက်တုန်းက မြို့လယ်မှာ ဖြတ်စီးတဲ့ စိမ်းမြစ်ကို ကြည့်ရင်း ဧရာဝတီကို သတိရခဲ့တယ်၊ မြို့သူမြို့သားတွေ အစွမ်းကုန် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ စိမ်းမြစ်ဟာ လှတယ်၊ အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ၊ မိတ်ကပ် အဖွေးသားနဲ့ ချစ်စရာ အပျိုမကလေးနဲ့ တူတယ်၊ ဧရာဝတီကတော့ သားသမီးတွေ တပြုံတမကြီးကို ချွေးတလုံးလုံးနဲ့ လုပ်ကျွေးရတဲ့ မေတ္တာဂရုဏာ အပြည့်နဲ့ အကြော်သည် မိခင်နဲ့ တူတယ်-တဲ့၊ အထဲက အလှကို ဆရာက လှလှလေး ဖွဲ့သွားခဲ့တယ်၊ ဧရာဝတီ မြစ်ရေထဲ ကျနော် လက်နှစ်လိုက်တယ်၊ ရေက အေးနေတယ်၊ မြစ်ရေဟာ ရွှံ့ရောင် နောက်ကျိကျိနဲ့ မလှပါဘူး၊ ကမ်းစပ်မှာလည်း ရေညှိတွေ၊ ရွှံ့ဗွက်တွေနဲ့...၊ ဒါပေမယ့် အဲဒီ ဧရာဝတီကိုပဲ ချစ်မြတ်နိုးစိတ် အပြည့်နဲ့ ကျနော် ညွတ်နူးနေခဲ့တယ်၊


တဖြည်းဖြည်း ကျလာတဲ့ ကျနေအောက်မှာ ပဲပင်ကလေးတွေက တမျှော်တခေါ်...၊ ဝမ်းနည်းဝမ်းသာ စိတ်တွေနဲ့ပဲ မြင်ရသလောက်ကို ကျနော် လိုက်ကြည့်နေမိတယ်၊ ကျနော့်ရှေ့မှာ ရှိနေတဲ့ မြစ်ရဲ့ ဟိုးအထက်ဖက်မှာ ဘယ်သူမှ လက်မခံနိုင်တဲ့ လုပ်ရပ်တွေ ပြန်စ, မလိုလို အသံတွေ သိုးသိုးသန့်သန့် ကြားနေရပြန်ပြီ၊ တော်ကြပါတော့..၊ ပြုစုစောင့်ရှောက်မှု မလုံလောက်လို့ သူ့ဟာနဲ့သူတောင် မမာမကျန်း ဖြစ်နေရှာတဲ့ ကျနော်တို့ရဲ့ မြစ်ကလေးကို ချမ်းသာပေးကြပါ၊ တသက်လုံးစာ အတွက် ရပ်လိုက်ပါတော့ဗျာ..၊ ဧရာဝတီရယ်... စီးဆင်းပါ၊


ဝမ်းနည်းစိတ်တဖက်၊ ဝမ်းသာစိတ်တဖက်နဲ့ လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ပြန်တက်လာ ခဲ့တယ်၊ ထနောင်းပင်ကြီး အောက်မှာ ရပ်ပြီး အလင်းမှုန်တွေ ပြန့်ကျဲနေတဲ့ မြင်ကွင်းကို တဝကြီး ငေးနေလိုက်တယ်၊


မော်တော်လေးတွေက အမှောင်မရောက်ခင် ရွာတွေဆီကို အမှီပြန်ကြဖို့ စိုင်းပြင်းနေကြပြီ၊ မကြာခင်မှာ ဧရာဝတီကို သဲသဲကွဲကွဲ မြင်ရမှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် သူရှိနေတာ ကျနော်တို့ သိတယ်၊ သူ့ရေစီးသံဟာ ကျနော်တို့ရဲ့ နှလုံးအိမ်မှာ နှစ်ပေါင်းများစွာ ယဉ်ပါးနေခဲ့ပြီ မဟုတ်လား၊ တကယ်တော့ ဧရာဝတီရဲ့ အနီးမှာ နေရမှ မဟုတ်ပါဘူး၊ ဘယ်နေရာမှာပဲ ရှိနေ၊ ရှိနေ.. သူ့ကို ချစ်မြတ်နိုးစိတ်နဲ့ စောင့်ရှောက်ဖို့က အဓိကပါပဲ၊

ဒီနေရာမှာ ဆက်နေချင်သေးတယ် ဆိုရင်တောင် နောက်တစ်ပို့စ်မှာ ကျနော်နဲ့အတူ ရန်ကုန် ပြန်လိုက်ခဲ့ပါဗျာ၊ ရန်ကုန်မြို့ကြီးမှာလည်း ပြောစရာတွေ ရှိနေမှာ အသေအချာပါ...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂၂ ဧပြီ၊ ၂၀၁၂

36 comments:

Anonymous said...

ငါးမြစ်ချင်းတွေ မြင်တော့ မုန့်ဟင်းခါး ချက်စားချင်လိုက်တာ။

မြတ်ကြည် said...

မြတ်ကြည်တို့ ပုဂံသွားတုန်းကလည်း သံတဲမှာပဲ တည်းခဲ့တယ်။ ဓာတ်ပုံလေးတွေနဲ့ တွဲထားတဲ့ caption လေးတွေကို သဘောကျတယ်။

စံပယ်ချို said...

ပုံတွေကိုကြည့်ပြီးလွမ်းလို့ကောင်းလိုက်တာ
ခရီးသွားဆောင်းပါးတွေဖတ်ရလို့ ဗဟုသုတတွေလဲအများကြီး
ရလိုက်တယ်
ငါးတွေ ကိုကြည့်ပြီး အပေါ်ကတစ်ယောက်ပြောသလိုပါပဲ
မုန့်ဟင်းခါးချက်စားချင်တယ်

Anonymous said...

ကောင်းလိုက်တဲ့ စာသားတွေနဲ့ ဓာတ်ပုံတွေ
ဖလန်နယ်အကျီဝတ်သူလေးတွေ တောင်သူလေးတွေကို ရေးထားတာ သဘောကျတယ်။
သူတို့ဘ၀လေးတွေဘဲကောင်းပါတယ်။
ဘ၀ကို ရောင့်ရဲနိုင်ကြသူတွေပေါ့။
ကိုယ်တွေက မရောင့်ရဲနိုင်သေးတော့ အသက်မရှုမိအောင်ကို ပြေးကြ လုပ်ကြရတာပေါ့။

Anonymous said...

ဟင်းဟင်းဟင်း
တတိယပုဒ်မှာတင်ကျမကိုသတိရခဲ့တယ်ဆိုတော့
ကျေနပ်သဘောတွေကျလို့ ။ အဲဒီငှက်လေးကို ...စွေ့ ...လို့ ခေါ်ပါတယ်ရှင်။ တစ်ချို့ အရပ်ကတော့ ...ဇွေ့ လို့ အသံထွက်ပြီးခေါ်တတ်ကြပါတယ်။ အင်္ဂလိပ်လို ညီအစ်မခုနစ်ဖေါ် ..ဆဲဗင်းစစ်စတာစ်လို့ လည်းခေါ်သေးတယ်။ အုပ်စုလိုက်နေတတ်ကြလို့ လေ။

အဲလိုသောင်ပြင်လေးတွေပေါ်မှာတစ်နေကုန်တစ်နေခန်းငှက်တွေလိုက်ကြည့်ခဲ့တဲ့ဘ၀ကိုလည်းသတိရလွမ်းဆွတ်စေရဲ့ ။

အရေးအသားကလည်းညက်လွန်းတော့ ဆုံးသွားမှာတောင်မလိုလားမိ။

အနှစ်သက်ဆုံးတွေကတော့..မျက်နှာတော်ချည့်ရိုက်
ထားတဲ့ပုံရယ်။ ရုပ်သေးပုံရယ် သူ့ ရဲ့ ကက်ပ်ရှင်ရယ်။
အမှောင်ထဲကနေအလင်းကိုရိုက်ထားတဲ့ပုံရယ်။
အောက်ဆုံးက နေ၀င်ချိန်ပုံရယ်။

ကျေးဇူးတင်ခင်မင်လျှက်..
အိုင်အိုရာ

နေ၀သန် said...

အစ်ကိုရေ.. သဘောကျလိုက်လေခြင်း... ပုံလေးတွေနဲ့ တင်ပြပုံအစီအရီလေးက သေသပ်လိုက်တာ.. နောက်ရန်ကုန်ကိုလည်း လိုက်ခဲ့ပါဦးမယ်..း))

ခင်မင်လျက်
နေ၀သန်

ချစ်စံအိမ် said...

အကိုရေ ပဲတွေမြင်တော့ ငယ်ငယ်ကရွာမှာနေခဲ့တာ
သတိရလိုက်တာ အခုလိုလေးတင်ပြပေးတာ
ကျေးဇူးတင်ပါတယ်။။
ပဲနာမည်က ဘိုကိတ်ပဲနော်အကို ပဲထောင့်ရှည်ဟုတ်ဘူး:D

Anonymous said...

Kaung lite tar byar!

Raymond.Kyaw Minn Naing said...

ဒီလို ၀တ်စားဆင်ယင်ပုံမျိုးနဲ့ အေးအေးသာသာ နိုင်ပုံမျိုး သဘောကျတယ်ဗျာ.... တစ်ခါတစ်လေ အလုပ်တွေ စာမေးပွဲတွေ (အိမ်မက်တွေ) ပစ်ချပြီး ခပ်အေးအေး နေလိုက်ချင်(သလိုလို)..ပဲဗျာ။

mstint said...

တစ်ပုဒ်ဆို တစ်ပုဒ်မှန်းသိသိပဲ မောင်ညီလင်းရေ။ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ဖတ်လို့လည်းကောင်းတယ်။
ဧရာဝတီရဲ့ နေဝင်ဆည်းဆာအချိန်လေး တစ်ခေါက်ပြန်သွားလို့ ကြည့်ချင်သေးတယ်ကွယ်။
အားလုံးရဲ့ဧရာဝတီ အေးချမ်းစွာ စဉ်ဆက်မပြတ် စီးဆင်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

I always enjoy your posts especially travelling posts
which always have lots of stunning photos :)
-War So

Anonymous said...

ကိုညီလင်းသစ်ရဲ. အခု မြန်မာပြည်ပို.စ်တွေကိုဖတ်နေရတာ ၊ပို.စ် တခုဖတ်ပြီးသွားတိုင်း စိတ်ထဲမှာ ကျေနပ်သွားတယ်။ပို.စ်အသစ်တက်လာပြီဆိုရင် ပထမဆုံး အမြန်ဖတ်လိုက်တယ်။ ပြီးရင် နောက်တခေါက်ကျတော. ဇိမ်နဲ.သေချာစိမ်ပြေနပြေ ပုံတွေကို စူးစိုက်ကြည်.တယ်၊ စာတွေကိုသေချာဖတ်တယ်။
ဒီပို.စ်မှာတော. အရင်ပို.စ်တွေလို စားစရာမပါတော. ပုံတွေကို သေချာပိုကြည်.ဖြစ်ပါတယ်။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်ဖြင်. အရင်ပို.စ်တွေတုံးကလိုမျိုး ချဉ်ပေါင်ကြော်တို.၊ မန်ကျည်းရွက်သုတ်တို.မပါတော. နည်းနည်းတော. စိတ်သက်သာရာ ရသွားတာပေါ.လေ။ဒါတောင် ထနောင်းရိပ်အောက်က လှေကို တော်တော်ကြာ စိုက်ကြည်.မိပါသေးတယ်။ ကိုညီလင်းသစ်လဲ အဲ.ဒီလှေနားမှာ မနက်မနက်ဆို တ၀ဲလည်လည်လုပ်နေခဲ.မှာပေါ.နော် :)'

Anonymous said...

ကိုညီလင်းသစ် ရေ

ပုံလေးတွေကလည်းကောင်း အရေးကောင်းကောင်း နဲ့ ဆိုတော့ ရွှေစင်ဦး တောင် တခေါက်လောက် ထပ်သွားချင်သေးတယ်..

ကျေးကျေး
ရွှေစင်ဦး

မဒမ်ကိုး said...

အကိုရေ တကယ်ကိုဘဲ ပုံတိုင်းပုံတိုင်းကို ကိုယ်ရောက်နေသလိုကိုခံစားပီးကြည့်ခဲ့တယ်အကို .
အရေးထဲ မြွေကတမျိုးးး
မစားလိုက်ရတဲ့ပုဇွန်ထုပ်တွေကတမျိုးနဲ့

တနေ့နေ့တော့ ရောက်အောင်သွားရဦးမယ်အကိုရေ

နောက်တစ်ခေါက်ရန်ကုန်ထပ်လိုက်မယ်း))

ညီမငယ်

မဒိုးကန်

Anonymous said...

မနူဟာဘုရား မှာဘုရားသမိုင်းကာတွန်းစာအုပ် တွေမဝယ်ခဲ့ဘူးထင်ပါရဲ့။ မဝယ်တာဘဲကောင်းပါတယ်အကို။ အထဲမှာ သမိုင်းကအမှားကြီး။ မနူဟာဘုရား အဲလိုကျဉ်းကျပ်နေတာ အတိုင်းအထွာမှားလို့တဲ့။ ဘုရားသမိုင်းကိုဘာလို့ပြင်ရေးကြမှန်းမသိဘူး။ ပုဂံမှာအဲလို သမိုင်းအမှားစာအုပ်တွေအများကြီးပဲလို့ပြောကြတယ်။

Snow

Nyi Linn Thit said...

အမည်ဝှက်စာဖတ်သူ (၁) ...
ငါးမြစ်ချင်းအပေါ် ခံစားပုံကိုတော့ ကြိုက်သွားပြီဗျာ၊း)

မမြတ်ကြည် ...
သံတဲက တည်းလို့ကောင်းတဲ့ ဟိုတယ်တစ်ခုပါပဲ၊ ဟုတ်တယ်နော်၊ ဓါတ်ပုံတွေကို နှစ်သက်လို့ ကျေးဇူးပါ၊

မစံပယ်ချို ...
ပုံမှန်လာ အားပေးတာ ကျေးဇူးပါဗျာ၊ မစံပယ်ချို ကလည်း ငါးတစ်ကောင်လုံး အသုံးချနည်းကို သတိရသူ ပဲလား..၊း)

အမည်ဝှက်စာဖတ်သူ (၂) ...
ဟုတ်တယ်ဗျာ၊ ကျနော်တို့လို မြို့ပြက မွန်းကျပ်သူ တွေကတော့ သူတို့တွေရဲ့ အေးချမ်း၊ ရောင့်ရဲနိုင်မှုကို အားကျလို့ မဆုံးဘူး..၊

မအိုင်အိုရာ ...
သြော်.. စွေ့ဆိုတာ သူ့ကိုခေါ်တာလား၊ နာမည်နဲ့ ငှက်နဲ့ မတွဲမိဘူး ဖြစ်နေတာ၊ စွေ့စွေ့ခုန်ပြီး သွားတတ်လို့ စွေ့လို့ ခေါ်တာလား မသိဘူးနော်၊ ဆဲဗင်းစစ်စတာ ဆိုတဲ့ နာမည်တော့ တခါမှ မကြားဖူးဘူးဗျ၊ အခု ပြန်စဉ်းစားတော့ ဟုတ်လိုက်တာ၊ ကျနော် သူတို့ကို တွေ့တိုင်း အုပ်စုလိုက် တွေ့ရတာ များတယ်၊ အခုလို ပြောပြပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ၊ မအိုင်အိုရာလိုပဲ အမှောင်ထဲကနေ အလင်းကို ရိုက်ထားတဲ့ ပုံကို ကျနော်လည်း ကြိုက်ပါတယ်..၊

ကိုနေဝသန် ...
ကျေးဇူးပါဗျာ၊ လိုက်ခဲ့ လိုက်ခဲ့.. ရန်ကုန်မှာ ပြန်ဆုံကြမယ်..၊း)

မချစ်စံအိမ် ...
အေးဗျာ၊ ကျနော်က ပဲတောင့်ရှည်လို့ပဲ ထင်နေတာဗျ၊း) အခုလို ပြောပြတာ ကျေးဇူးပါပဲ၊ ကျနော် ပြင်လိုက်ပါပြီ၊

Anonymous ...
Thank you !!!

ကိုကျော်မင်းနိုင် ...
ကွင်းစကွင်းပိတ်ထဲက (သလိုလို) ဆိုတာလေး သဘောကျတယ်၊း) မြို့ပြလူတန်းစားက အဲဒီလို ဘဝတွေ အားကျစိတ်တဖက်၊ အိပ်မက်တွေ တဖက်နဲ့ပဲ အသက်ဆက်နေ ရမှာပဲ ထင်ပါရဲ့ဗျာ..၊

အန်တီတင့် ...
အမြဲပုံမှန် အားပေးတာ ကျေးဇူးပါ အန်တီရေ၊ ကျနော်တို့ရဲ့ ဧရာဝတီကို ကျနော်တို့ပဲ ကာကွယ်ရမှာ ပါပဲ၊ အန်တီလည်း ချမ်းမြေ့သာယာပါစေဗျာ..၊

(Ma?)War So ...
Thank you so much for your appreciation and lovely comment !!

အမည်ဝှက်စာဖတ်သူ (၃) ...
သေချာတာပေါ့ဗျာ၊ မနက်တိုင်း အဲဒီလှေကလေး နားမှာပဲ တဝဲလည်လည်ပေါ့..၊ လှေဦးဖက် လျှောက်လိုက်၊ ပဲ့ဖက် ပြန်လာလိုက်နဲ့..၊း) စာတွေ၊ ဓါတ်ပုံတွေကို အခုလိုမျိုး အသေးစိတ် ခံစား၊ အားပေးတာ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..၊

အမရွှေစင် ...
ကောင်းတာပေါ့ အမရာ..၊ သွားသာ သွားဗျို့၊ ပြီးတော့ ခရီးကလည်း လာချင်ရင် အနီးလေးဆိုတဲ့ အနေအထားမှာ မဟုတ်လား..၊း) ကျေးဇူး အမ..၊

ညီမ မဒိုးကန် ...
ဟုတ်တယ်ဗျ၊ အဲဒီမြွေက တမှောင့်၊ တော်သေးတယ်၊ မြွေပူရာ၊ ကင်းမှောင့် ဖြစ်မသွားလို့..၊း) အဆင်ပြေတဲ့ တနေ့ ရောက်နိုင်ပါစေ ညီမရေ..၊

Snow ...
ဟုတ်လား၊ အဲဒီ ကာတွန်းစာအုပ် အကြောင်းတော့ ကျနော်လည်း မကြားမိဘူးဗျ၊ နောက်တခါတော့ သွားကြည့်ဦးမယ်၊ ဘုရား ဂေါပကကလည်း ဘာဖြစ်လို့ ခွင့်ပြုထားတာလဲ မသိဘူးနော်၊ မတူတဲ့ အမြင်တွေကို စဉ်းစားနိုင်အောင်လို့ များလား၊ ဘယ်လိုပဲဖြစ်ဖြစ် ဗိသုကာ ပညာမှာ အဆင့်မြင့်နေတဲ့ ပုဂံခေတ်မှာ အတိုင်းအထွာ မှားတယ်ဆိုတာကတော့ မဖြစ်နိုင်ဖို့က ခပ်များများပါပဲ၊ အခုလို သိရတာ ကျေးဇူးပါ..။

စူးနွယ်လေး said...

စောင့်လိုက်ရတာ ကိုညီရယ် :D

ဟုတ်တယ်နော် ဟိုးတုန်းကရောက်ခဲ့ပြီး ကြားထဲမရောက်ဘဲ ခုမှရောက်သွားရင် ဆိုင်ကယ်သံတွေ ဆူညံနေတာ သိပ်သိတာတယ်။ အရင်ကဆို လမ်းမကြီးက စက်ဘီးလေးတွေနဲ့ပဲ တိတ်ဆိတ်နေတာ။ တခါတလေမှ ဖြတ်မောင်းသွားတဲ့ လူစီးဘတ်စ်အသေးလေးတွေပဲရှိတာလေ။ ကိုယ်ပိုင်ကားဆိုတာလည်း ခပ်ရှားရှားပဲကိုး။ ကျမတောင် ထည့်ရေးထားသေးတယ်။ ကျန်တာတွေတော့ဘာမှအထွေအထူးမပြောလိုတော့ပါဘူး..ထုံးစံအတိုင်းအားလုံးလှ အားလုံးကောင်း... သံတဲရေးဗားဗြူးကလည်း လှ။ အလှအပဆိုတာကလည်း ခံစားတတ်မှ... ခံစားတတ်ဖို့ အခြေအနေကလည်းပေးဦးမှနော...

မိုးငွေ့...... said...

ပုဂံနဲ့ ဧရာဝတီအလှမှာ စီးမျောရင်း ကိုညီလင်းသစ်နဲ့အတူ ရန်ကုန်ကို လိုက်ခဲ့ပါပြီ...။ နောက်တပို့စ်မျှော်နေပါမယ်..။

သိင်္ဂါကျော် said...

ဧရာဝတီဆည်းဆာက လှလိုက်တာ...

HH said...

ပို့စ်အသစ်ဘယ်တော့တက်မလဲလို့ စောင့်နေရလောက်အောင် အရေးအသားကလဲညက်... ဓါတ်ပုံတွေကလဲ ပီပြင်လွန်းတဲ့ ကိုညီလင်းသစ်ရေ... ဒီတခါလဲ စောင့်ရကျိုးနပ်လို့ ကျေနပ်မိပါတယ်... ကိုညီလင်းသစ်ရဲ့ ပုဂံကို ချစ်တတ်တဲ့ နှလုံးသားကို ဒီပို့စ်တွေကို ဖတ်ရင်းနဲ့ အလိုလိုရင်ထဲမှာ ခံစားလို့ရပါတယ်... လေးလည်းလေးစားမိပါတယ်... အပိုင်း(၇) ကိုလဲ မျှော်နေပါတယ်လို့...

ညီမငယ် HH

Phyo Evergreen said...

အရင်ပို့စ်လေး ဖတ်ပြီးတသသဖြစ်နေတုန်း... ဒီတစ်ပုဒ်ကျမှဘဲ ရသနဲ့အလွမ်းတွေ ပြောမပြတတ်အောင် တနင့်တပိုးခံစားလိုက်ရတယ်အစ်ကို....။

"လွတ်လပ်စွာ ဆက်လက်စီဆင်းပါ ဧရာဝတီ....."

Anonymous said...

စောင့်လိုက်ရတာ အပိုင်း (၆)ကို . ပုံတွေ အားရပါးရ ကြည့်သွားပါတယ်နော့. သြော် မုန့်ဟင်းခါး မုန့်ဟင်းခါး ........
AA

Shinlay said...

ကျေးဇူးပါကိုညီ။
ရွှေစည်းခုံဘုရား၊မနူဟာဘုရားနဲ့ လှပတဲ့ဈေးတန်းရယ်၊
ပုဂံအလှဓါတ်ပုံတွေ ကြည့်ရင်း ပုဂံရောက်သွားသလိုပါပဲ။

Anonymous said...

အညာဇီးထန်းလျက်ကြိုက်သည် .. မနူဟာဘုရားထဲက ရုပ်ပွားတော်က အသစ်ပြုပြင်ထားတာလား ညီလင်းရေ ...

ရန်ကုန်ပြန်သွားမယ်ဆိုလို့ ၀မ်းသာဧ။် ။

mie nge

ညိမ်းနိုင် said...

နောက်ဆုံးပုံက လန်ထွက်နေတာပဲအကိုရာ...၊တကယ်
ဂျွတ်တယ်....၊ကျွန်တော်မြင်ဖူးသမျှ အကို့ရိုက်ခဲ့တဲ့
ပုံတွေထဲမှာ အကြိုက်ဆုံးဒါ့ပုံပဲ...။ညောင်ဦးဈေးကို
တော့ ကျွန်တော်အပြင်ကပဲကြည့်ခဲ့တယ်..၊အကို့လို
အထဲဝင်မကြည့်မိဘူး...။အကို့ဈေးခင်းပုံမြင်ရတော့
ဆရာဇော်ဂျီ(ထင်တယ်)ရဲ့ ပုဂံဈေးလား....အဲ့
ဝတ္ထုလေးကိုသတိရမိတယ်ဗျ....။ကဲပါလေ....
နောက်နေ့တွေ ရန်ကုန်ကိုပြန်လိုက်ခဲ့မယ်ဗျိုး...
သိပ်မကြာစေနဲ့နော်.....:)))))

Anonymous said...

ကိုညီလင်းသစ်ရေ
ပိုစ့်အသစ်လေးတင်မလားလို့ တနေ့နှစ်ခေါက်လောက် လာကြည့်ပါတယ် (ဘလော့ဂါ အားမှန်း မအားမှန်း အားမနာဘဲ)။ အခုတော့ ဖတ်ပြီးရင်ထဲမှာ လွမ်းကျန်ရစ်ခဲ့တယ်။ အဲဒါ ပုဂံပဲ။ ပုဂံရဲ့အရသာပေါ်အောင် ရေးသားနိုင်သလို ဓါတ်ပုံတွေကလည်း တကယ့်ကို လှပါတယ်ဗျာ။ နောက်နှစ် မတ်လဆို ပြန်တော့မယ်။ ပုဂံသွားဖြစ်အောင် သွားမယ်ဗျာ။
(လီယို)

ဇွန်မိုးစက် said...

ပုံတွေသိပ်လှတာပဲ... ကိုညီလင်းသစ်ရယ်... ။ ရင်ထဲမှာ ခံစားရခက်တဲ့ ဝေဒနာတစ်ချို့နဲ့ ပုဂံကထွက်၊ ဧရာဝတီမြစ်ပြင်ကျယ်ကိုဖြတ်ပြီး ပြန်သွားတယ်။

pigpig said...

အကို
ညောင်ဦးဈေးတန်းထဲကငါးတွေမြင်ရတော့
အမလေးနော်...အဲဒီငါးတွေပုဇွန်တွေကိုသာ
မြန်မာဟင်းအစပ်အဟပ်နဲ့
ချက်စားလိုက်ရရင်တော့လေ..
ငါးခြောက်ကလေးကိုလည်းဆီပူထိုးပြီး
ဟင်းချိုလေးနဲ့ထမင်းစားလိုက်ရရင်လေ..


ထန်းလျက်ရောင်းနေတဲ့ ဈေးသည်အမကြီးရဲ့
အပြုံးလေးကအေးချမ်းလိုက်တာလို့
စိတ်ကထင်မိပါရဲ့လေ..
ညီမအဲလိုအပြုံးမျိုး မပြုံးဖြစ်တာ
ကြာပြီထင်ပါရဲ့..

အင်္ဂလိပ်နာမည်နဲ့ဘုရားရှိတာ
အခုမှသိတယ်အကိုရေ..

အကိုနဲ့တူတူ ဧရာဝတီမြစ်ကမ်းဘေးကို
လိုက်ဆင်းခဲ့တယ်..
ပဲပင်တွေမြင်ရတော့..ငယ်ငယ်ကအမျိုးတွေ
ရှိတဲ့တောဘက်သွားရင်
သူတိုကတွေနဲ့တူတူ ပဲလိုက်နှုတ်ခဲ့ဖူးတာ
ပြန်သတိရမိတယ်..ပဲနှုတ်ပြီးရင်
ဖရဲခင်းထဲမှာဖရဲသီးအလုံး
သေးသေးလေးတွေကိုခူးစားကြတယ်လေ..

ညီမလည်းတနေ့တော့
ဧရာဝတီရဲ့နေဝင်ဆည်းဆာအလှကို
ထိုင်ကြည့်ဖို့ကြိုးစားဦးမယ်အကိုရေ..

ခင်တဲ့ညီမ ပစ်ပစ်

လင်းခန့်  said...

ဒီပိုစ့်မှာ ကျွန်တော်ပုဂံအကြောင်းကို သိဖို့ အတော်လိုသေးတယ်ဆိုတာ သိလိုက်ရတယ်။ပုံတွေအရမ်းကောင်းတယ်အကို။ကျွန်တော်လည်းနောက် ၂လလောက်နေရင် မြန်မာကိုပြန်ရတော့မှာ။ဒါပေမဲ့ ပုဂံနဲ့ တောအလှမ်းဝေးနေဦးမယ်ထင်ပါတယ်အကိုရာ။ရန်ကုန်
ရောက်ရောက်ခြင်း ပုဂံအကြောင်းတွေလိုက်ရှာဖတ်လိုက်ဦးမယ်။ကျေးဇူးကိုညီ :)

rose of sharon said...

Breakfast လှေလေးကိုသဘောကျတယ်... မြွေတော့ကြောက်တယ်ဟယ်...သေးသေးကြီးကြီး ...

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဓါတ်ပုံရိုက်တဲ့ရှုထောင့်တွေကို တော်တော်သဘောကျမိတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Anonymous said...

ဒီတခေါက်ပြန်ဖြစ်ရင် ပုဂံကို ထပ်သွားလည်ချင်စိတ်
ပေါက်သွားပြီ..။
တချိန်တခါတုန်းကတော့ ပုဂံဘုရားတွေအကြောင်းကို
နူတ်တိုက်ကျက်ခဲ့ဖူးတာ သတိရသွားပြီ..။



ပေါက်

san htun said...

ဓာတ်ပုံတွေ တကယ်လှတယ်..အောက်ဆုံးပုံကို အကြိုက်ဆုံး..

Vista said...

ကိုညီ မြန်မာပြည်ပြန်သွားတာ တကယ့်ကို ပုံကောင်းတွေ ရတာပဲဗျာ .. ကြည့်ရင်းနဲ့ ငိုချင်သလိုတောင် ဖြစ်တယ် .. လှလွန်းလို့ ... အောက်ဆုံးပုံ အခိုက်ဆုံးပဲ

မြသွေးနီ said...

ပုဂံကို နောက်ဆုံးရောက်ခဲ့တာ လွန်ခဲ့တဲ့ (၈)နှစ်က။ အခု သွားချင်စိတ်တွေ တရွရွ ဖြစ်နေရပြီ။
ဧရာဝတီနဲ့ ပုဂံရဲ့ ဟန်ချက်ညီတဲ့ သဘာဝအလှမှာ မျောသွားရတယ်..။
ရိုက်ချက်တွေက အပီလန်းတယ် ကိုညီလင်းသစ်ရေ..။ ပုဂံမှာ ဆိုင်ကယ်တွေ တ၀ီဝီနဲ့ကိုတော့ ထိမ်းချုပ်သင့်တယ် ထင်ပါတယ်။ ကြာလာရင် သဘာဝအလှတွေ အိတ်ဇောငွေ့တွေထဲမှာ နစ်မြုပ်သွားမှာ စိုရိမ်မိတယ်။

မေဓာဝီ said...

ဒီပို့စ်ကို အခုမှ ပြန်လာဖတ်ရတယ်။ ကိုညီလင်း ဒီပို့စ်တင်တဲ့အချိန်တုန်းက မမေက မြန်မာပြည်ရဲ့ ဆန့်တငံ့ငံ့ ကွန်နက်ရှင်ရယ် အလုပ်များတာရယ်ကြောင့် မဖတ်ခဲ့ရဘူး။ ဒီပို့စ်လေး ဖတ်ရင်း အဆုံးနားရောက်လေ ရင်ထဲမှာ တနင့်တပိုး ခံစားရလေပဲ။
အဆုံးသတ်ချိန်မှာ ... မျက်လုံးတွေ ပူနွေး စိုစွတ်ေ၀၀ါးလို့သွားတယ်။
ကိုညီလင်း စာရေး သိပ်ကောင်းတယ်။ ဓာတ်ပုံတွေနဲ့ ပေါင်းစပ်လိုက်တော့ ပိုအသက်ဝင်ပြီး ပိုခံစားရတယ်။