ပြီးခဲ့တဲ့ ပို့စ်မှာ အိမ်မှုကိစ္စတွေ အကြောင်း ရေးမယ်လုပ်တော့ သရုပ်ဖော်ပုံလေး တစ်ပုံလောက် ထည့်ရင်ကောင်းမယ်လို့ စိတ်ကူးမိ ပါတယ်၊ အိမ်မှုကိစ္စနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုခု.. ဥပမာ- ဖုန်စုပ်စက်၊ အဝတ်လျှော်စက်၊ မီးပူ၊ တံမြက်စည်း၊ ဂေါ်ပြား၊ ထမင်းအိုး စတာတွေကို လိုက်ကြည့်ပြီး နောက်ဆုံးတော့ မီးပူကိုပဲ သရုပ်ဖော်ပုံအဖြစ် သုံးဖို့ ဓါတ်ပုံရိုက်မယ်လို့ ကျနော် ဆုံးဖြတ်လိုက်တယ်၊ အဲဒီလို ရိုက်မယ်ဆိုတော့ ဒီအတိုင်း ရိုးရိုးတန်းတန်း ရိုက်တာထက် effect လေး တစ်ခုခု ထည့်ရိုက်နိုင်ရင် ပိုကောင်းမယ်လို့ အကြံရပါတယ်၊ ဥပမာ- စတေ့ခ်ျရှိုး စင်ပေါ်မှာ သီချင်းဆိုနေတဲ့ အဆိုတော်အပေါ်မှာပဲ ဆလိုက်မီးက ကွက်ကွက်လေးကျပြီး သူ့ပတ်ဝန်းကျင်ကတော့ မှောင်နေတာ မျိုးပေါ့၊ အဲဒါဆိုရင် ကြည့်သူရဲ့ အာရုံဟာ ဘေးကို မပျံ့လွင့်တော့ဘဲ အဓိက subject ပေါ်မှာပဲ ရှိနေမှာပါ၊ အခု ဒီအောက်ဖက်က ဓါတ်ပုံထဲမှာလို အလင်းပေးပြီး ရိုက်ဖို့ စဉ်းစားမိတယ်၊
အဲဒီမှာ ကျနော် စမ်းလုပ်ကြည့်မယ်လို့ စိတ်ကူးထားပြီး အခုထိကို မလုပ်ရသေးတာတစ်ခု ခေါင်းထဲဝင်လာတယ်၊ Snoot လို့ခေါ်တဲ့ အလင်းကို ပုံသွင်းတဲ့ ပစ္စည်းလေးပါ၊ ကျနော်လိုချင်တဲ့ ဓါတ်ပုံကို ရဖို့ဆိုရင် Snoot လိုပါတယ်၊ Snoot ဆိုတာက မရင်းနှီးသူတွေ အတွက် အလွယ်ပြောရရင် ဖလက်ရှ်၊ ဒါမှမဟုတ် စတူဒီယိုမီးတွေ အရှေ့မှာ တပ်ရတဲ့ ရှည်မျောမျော ထုလုံးရှည်လေးပါ၊ ဈေးကွက်မှာတော့ ပလပ်စတစ်၊ ဖိုင်ဘာ၊ အလူမီနီယံ စတဲ့ ပစ္စည်းမျိုးစုံနဲ့ လုပ်ထားတာတွေ ရှိတယ်၊ ဘာနဲ့ပဲလုပ်လုပ် သူ့ရဲ့ တာဝန်က အလင်းကို ဖြာမသွားစေဘဲ တစ်နေရာတည်းကို စုပြီး ကျစေဖို့ပါပဲ၊ ကျနော် လုပ်ချင်နေတာက အဲဒီ DIY (Do-It-Yourself) snoot ပါ...၊
DIY snoot လုပ်ရတာ လွယ်ပါတယ်၊ စူပါမားကက်တွေမှာ ရောင်းတဲ့ ရေမြှုပ်ကဒ်ပြား တစ်ချပ်ဝယ်၊ ဖလက်ရှ်ရဲ့ အရွယ်အတိုင်းညှပ်၊ ပြီးတော့မှ အပေါ်က ပုံမှာ ပြထားသလို Velcro လို့ခေါ်တဲ့ ‘ကပ်ခွာ’ လေးတွေ အနားစွန်းမှာ လိုက်ကပ်ရုံပါပဲ၊ ဒါဆိုရင် ‘အလင်းဖြစ်စေ’ လို့ မပြောနိုင်ပေမယ့် ‘အလင်းပြောင်းစေ’ လို့တော့ ပြောလို့ ရသွားပြီ..၊း)
နောက်ထပ် လိုအပ်တာတစ်ခုက off-camera flash ပါ၊ ဖလက်ရှ်ကို ကင်မရာပေါ်မှာ မတပ်ဘဲ ဓါတ်ပုံရိုက်မယ့် subject အနားမှာ ထားဖို့ပါ၊ အဲဒီလို ထားခြင်းအားဖြင့် အလင်းကို subject ရဲ့ ဘေး၊ ဘယ်ညာ၊ အပေါ်၊ အောက်၊ အနောက်.. ကြိုက်တဲ့ဖက်ကနေ ပေးလို့ ရသွားပြီ၊ ဓါတ်ပုံပညာမှာတော့ Strobist လို့ခေါ်ကြပါတယ်၊ ဆိုတော့.. ကင်မရာရဲ့ အဝေးမှာ ရှိနေတဲ့ ဖလက်ရှ်ကို ကင်မရာခလုတ် နှိပ်တဲ့အခါ တပြိုင်နက်ထဲ ပွင့်စေဖို့ (Wireless) Flash trigger တစ်ခု လိုပါတယ်၊ အောက်မှာ ပြထားတဲ့ ပစ္စည်းလေးပါပဲ..၊
Flash trigger သုံးမျိုး ရှိပါတယ်၊ ကင်မရာနဲ့ ဖလက်ရှ်ကို ကြိုးနဲ့ဆက်ထားတဲ့ Wired flash trigger၊ ကင်မရာနဲ့ ဖလက်ရှ်ကြားမှာ ကြိုးမပါဘဲ အနီအောက် ရောင်ခြည်သုံး Remote Infrared flash trigger နဲ့ ရေဒီယိုလှိုင်းသုံး Remote Radio-frequency flash trigger တို့ပါ၊ ကျနော်သုံးတာက ရေဒီယိုလှိုင်းစနစ် တရုတ်လုပ် Yongnuo တံဆိပ်၊ မော်ဒယ်လ် RF-602 ပါ၊ ဈေးပေါတယ်၊ e-bay ကနေ တရုတ်ပြည်ကို လှမ်းမှာတာ ဒေါ်လာ ၃၀ ပဲပေးရတယ်၊ ကွာလတီကတော့ နည်းနည်းညံ့တယ်၊ ဒါပေမယ့် စီးပွားဖြစ် သုံးတာမဟုတ်လို့ သုံးပျော်ပါတယ်၊ ပုံထဲမှာပါတဲ့ ဘယ်ဖက်က အသေးလေးက transmitter ပါ၊ သူ့ကို ကင်မရာပေါ်မှာတပ်၊ ဘေးက receiver ကိုတော့ ဖလက်ရှ်အောက်မှာ တပ်လိုက်ရင် မီတာ ၁၀၀ အကွာအဝေးလောက်အထိ ဖလက်ရှ်ကို ခိုင်းလို့ရပါတယ်၊
ဒါကတော့ အဲဒီပုံကို ရိုက်ခဲ့တဲ့ setting ပါ၊ ကျနော့်ရဲ့ DIY snoot ကို ဖလက်ရှ် ခေါင်းမှာစွပ်၊ Yongnuo receiver ကို ဖလက်ရှ်အောက်မှာတပ်၊ ဖလက်ရှ်က မီးပူအပေါ်တည့်တည့် ကျနေအောင် ထရိုင်ပေါ့ထ်ကိုချိန်၊ ကင်မရာပေါ်မှာ Yongnuo transmitter ကိုတပ်၊ ပြီးရင်တော့ ရိုက်ရုံပါပဲ၊ လိုလိုမယ်မယ် မီးပူရဲ့ ဘက်ဂရောင်းမှာ အနက်ရောင် ကဒ်ထူတစ်ပြားကိုလည်း ချထားလိုက်တယ်၊ အရေးကြီးတဲ့ တစ်ချက်က subject ဟာ နောက်ခံနံရံနဲ့ ကပ်မနေဖို့ပါ၊ မဟုတ်ရင် ဘက်ဂရောင်းဟာ ရာနှုန်းပြည့် မှောင်နေမှာ မဟုတ်ပါဘူး၊ အဲဒါကြောင့် မီးပူကို ခုံပေါ်တင်ပြီး အခန်းအလယ်မှာ ချထားတာပါ၊ ဒီပုံကိုရိုက်တာ အဲဒီပို့စ်မတင်ခင် ညနေလေးမှာပဲ ရိုက်ခဲ့တာ ဖြစ်ပါတယ်၊ ပုံမှာတွေ့တဲ့အတိုင်း အခန်းက မှောင်မနေပါဘူး၊ ဒါပေမယ့် ကင်မရာကို manual mode မှာထား၊ အလင်းတံခါးကို ပွင့်တယ် ဆိုရုံလေးပဲ ဖွင့်ပြီး အဲဒီလို ပွင့်တဲ့အခိုက်လေးမှာ ဖလက်ရှ်ကနေ မီးခပ်မှိန်မှိန်လေး ပေးလိုက်တော့ မီးပူတစ်ခုပဲ လင်းပြီး သူ့ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်နေတဲ့ ပုံကိုရပါတယ်၊
ဒီပုံကတော့ ပြီးခဲ့တဲ့ ပို့စ်အတွက် ရိုက်ထားတဲ့ ပုံတွေထဲကမှ နောက်ဆုံး ဇကာတင် အဆင့်မှာ ပြုတ်ကျကျန်ခဲ့တဲ့ ပုံပါ...၊ ဓါတ်ပုံ Exif လည်း စိတ်ဝင်စားသူတွေ သိရအောင် ဖော်ပြလိုက်ပါတယ်၊
Camera: Canon EOS 5D mark II
Lens: Canon EF 50mm f/1.4 USM
Focal length: 50 mm
Aperture: f/8
Speed: 1/200
ISO: 100
Strobist: Canon Speedlite 580Ex II, 90° above subject, snooted, powered 1/32, zoomed to 24mm
ရုပ်ရှင်တွေထဲက အနုပညာမြောက်တဲ့ ဇတ်ဝင်ခန်းတွေ၊ စိတ်ဝင်စားစရာ ဓါတ်ပုံတွေ တွေ့ရင် အဲဒီလိုတွေ ဖြစ်လာဖို့ ကင်မရာ နောက်ကွယ်မှာ ဘာတွေလုပ်ခဲ့ သလဲဆိုတာ ကျနော်အမြဲပဲ စိတ်ဝင်စားမိပါတယ်၊ အခုလည်း snoot နဲ့ရိုက်ထားတဲ့ ကျနော့်ရဲ့ ပထမဦးဆုံး ဓါတ်ပုံကို ဘယ်လို ဖန်တီးခဲ့သလဲဆိုတာ ဘလော့ဂ်မှာ မှတ်တမ်းတင်ရင်း မောင်နှမတွေနဲ့ ဝေမျှလိုက်တဲ့ သဘောပါပဲ၊ ဝေဖန်စရာ၊ အကြံပေး ဆွေးနွေးစရာ ရှိခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ..။ ။
Bonus: Strobist နဲ့ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင် သူ့တစ်ခုတည်းနဲ့တင် ပြီးပြည့်စုံသလောက် ရှိတယ်လို့ ပြောနိုင်တဲ့ အကောင်းဆုံး ဝက်ဘ်ဆိုဒ်တစ်ခုကို ညွှန်းပါရစေ..၊ ဒီမှာ သွားကြည့်လို့ ရပါတယ်..။
ညီလင်းသစ်
၂၆ ဇူလိုင်၊ ၂၀၁၂
19 comments:
ပထမပို့စ်မှာ အဲဒီမီးပူပုံလေးမြင်ကတည်းက သဘောကျနေတာ။ မသိခင်တုန်းကတော့ photoshop နဲ့များ လုပ်ထားသလား ထင်မိသေးတယ်။
behind the picture ဖတ်ရတော့ ပို့စ်တခုအတွက် အပင်ပန်းခံတဲ့ ကိုညီလင်းကို ချီးကျူးလေးစား မိပါတယ်။ ကျမကတော့ ဓာတ်ပုံဝါသနာပါပေမဲ့ အဲဒီလောက်လဲ အပင်ပန်းမခံနိုင်သလို ပိုက်ဆံကုန်လဲ မခံနိုင်ဘူး ကိုညီလင်းရေ ... ။ အဲဒါကြောင့် ကိုညီလင်းတို့ ရိုက်တဲ့ပုံလေးတွေပဲ ငေးတော့မယ်။
အကိုရေ...ကျွန်တော်တော့ ကင်မလာကို အော်တိုမှာထား၊
ပြီးရင် ခလုပ်နှိပ်လိုက်တာပဲ သိတယ်...၊ကျန်တာတွေ
ဘာမှကိုမသိတာ....:D၊ အကို ခုလိုရေးတဲ့ပို့စ်လေးတွေ
ကိုဖတ်ရတော့ ဒါ့ပုံလှလှလေးတစ်ပုံရဖို့ အတော်လေး
လက်ဝင်မှန်းသိရတော့တယ်...။ဗဟုသုတလည်းအတော်
ရတယ်ဗျ...၊မှတ်မှတ်ရရ မွေးနေ့ကိတ်ပုံရယ်၊အရုပ်လေး
တွေကိုရိုက်တုန်းကရယ်၊ခုဒီမီးပူပုံရယ် ပေါ့လေ....။မှတ်
တော့ မှတ်ထားတာပဲ....တစ်ခါမှတော့ စမ်းမကြည့်မိဘူး
ဗျ...၊စိတ်ဝင်စားဖို့တော့အတော်ကောင်းတယ်နော်....။
မောင်ညီလင်းရဲ့လုပ်ကိုင်ပုံကို ချီးကျူးပါတယ်ကွယ်။ စိတ်ဝင်စားတာလည်းပါမယ်ထင်တယ်။ တီတင့်တော့ ဒီလိုလုပ်တတ်ဘို့ဆိုတာဝေးပါသေးတယ် :P မမေပြောသလို တင်လာမည့်ပုံတွေပဲအားကျတော့မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပညာယူသွားပါတယ်.. ကျေးဇူးပါ
စိတ်ဝင်တစားဖတ်သွားပါတယ်။
တကယ် တော်တယ်။ လူဆိုးသူခိုး အရှုပ်တော်ပုံက ပုံကတည်း က သဘောကျနေတာ။ အစ်ကို တယောက်ကို လင့်ပေးလိုက်မယ်နော်။
ခုလို ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို... ကျွန်တော်လဲ အရင်က ကင်မရာကို စိတ်မဝင်စားပေမယ့် ခုတော့ စိတ်မဝင်စားလို့ မဖြစ်တော့ဘူး။ ကျွန်တော် ဒီကနေ ပြန်ရင် ကျွန်တော့် အဖေက သူ့ ရဲ့ ဓာတ်ပုံလုပ်ငန်းကို လွှဲပေးတော့မယ်တဲ့... အရင်က ပတ်ပြေးနေတာ ခုတော့ မရတော့ဘူး။ ဒီတော့ လေ့လာရတော့မယ်...
ဝါသနာပါတာလုပ်နေရရင်မမောမပန်းအချိန်ကုန်ခံလုပ်ကြတာကျမတို့ အားလုံးတူတူဘဲထင်ပါတယ်။
ကျမလည်းငှက်ကြည့်ဘို့ အတွက်ဆိုအပင်ပန်းခံတယ်။း)
အိုင်အိုရာ
ဓာတ်ပုံကောင်းတစ်ပုံရဖို့ကလည်း မလွယ်လိုက်လေခြင်းနော့် ညီကတော့ ကင်မရာနဲ့ ချိန်ထားလိုက်တယ် စွေစွေစောင်းစောင်း ပုံဝင်ပြီဆိုတာနဲ့ ရိုက်ထည့်လိုက်တာပဲ ဓာတ်ပုံရိုက်တဲ့ ပါရမီတော့မပါဘူးထင်ပါ့ ပုံလှလှလေ ကောင်းကောင်းလေးတွေ ကြည့်ရတာတော့ ကြိုက်တယ် ။
ကင်မရာကိုကိုင်ပြီး
ကိုယ်ရိုက်ချင်တဲ့ ပစ္စည်းကိုချိန်
ပြီးရင် ခလုပ်နှိပ်လိုက်တာပဲ
အဲတာ jas ရဲ့အရည်အချင်းပါရှင်
ကိုညီလင်းကိုတော့ချီးကျုးပါတယ်
ပိုစ့်လေးဖတ်ပြီးမှပဲ ပုံကောင်းလေးတွေရဖို့
ဘယ်လိုခက်တယ်ဆိုတာသိခဲ့ရတယ်
ကိုညီလင်းတင်တဲ့ပုံတွေအားလုံးကို
ကျွန်မတို့အရမ်းသဘောကျတယ်
အမြဲလဲ အချိန်ယူပြီးလာကြည့်ဖြစ်တယ်
ချမ်းမြေ့ပါစေရှင်
အစ်ကိုရေးတာ အမြဲ ရှင်းရှင်းလေးနဲ့  နေသားတကျ ဖတ်ရတယ်။ လာအားပေးတာ ကျေးဇူးပါဗျာ။
ကိုညီလင်း... behind the scene ကို ခဏ ခဏ လာကြည့်မိတယ်... သဘောကျလွန်းလို့ ဘယ်လိုချီးကျူးရမှန်းတောင် စကားရှာမရအောင်ပါပဲ... ကိုယ်စိတ်ဝင်စားရာ အလုပ်တွေကို စိတ်ဝင်စားတဲ့အတိုင်း သေသေချာချာ ဖန်တီးလိုစိတ်နဲ့အတူ သပ်ရပ်တဲ့ ဖန်တီးမှုတွေ အတွက် တကယ် လေးစားပါတယ်... ကျွန်တော်ကတော့ ဘာလုပ်လုပ် စိတ်မရှည်ဖြစ်နေလို့ အခုတလော စာတောင်မရေးနိုင်ဘူး... (((အမြင်ကပ်စရာကောင်းလိုက်ပုံများ...)))
တော်တယ်အကိုရေ
ညီမသာဆို အဲလိုမျိုးရိုက်တတ်မှာ
မဟုတ်ဘူး..ပုံလေးကလှလိုက်တာ
စာရေးတာအပြင် ဓါတ်ပုံရိုက်တာလည်း စာရေးတာလောက်နီးနီး ဝါသနာပါပု့ရတယ်နော်အကို...
ပုံကော်ငးတစ်ပုံရဖို့ မလွယ်ပါလားဆိုတာ ဒီပို့စ်လေးကနေ သိလိုက်ရပြီအကို..ကျေးဇူးပါလို့..
တော်တော်ကို ကောင်းတဲ့ ဓာတ်ပုံတွေဘဲ ကိုညီလင်းသစ်ရေ.
ကြော်ငြာဓာတ်ပုံတွေကို လက်ခံနိုင်တဲ့ အနေအထားကို ရှိနေပြီ။
ဓာတ်ပုံဝါသနာပါတာမို့ သေချာ ဖတ်သွားပါတယ်ရှင်..
အရမ်းမိုက်တယ်အစ်ကိုရာ... ရှယ်ပဲ.... ထိုင်ကြည့်ပြီးတော့ကို သဘောကျနေတာ..လုပ်ကြည့်ဦးမယ်.. :D
ခင်မင်လျက်
နေ၀သန်
ဓာတ်ပုံလေးကို သဘောကျလိုက်တာ ကိုညီရေ..ဓာတ်ပုံကောင်းကောင်း ရဖို့ အတွက် ဘယ်လောက် လက်ဝင်မှန်း သိရတော့တယ်..ကင်မရာကြီး ဝယ်ရင်တော့ စမ်းဦးမယ်...
ပုံကလေးတွေကော၊ ပုံကလေးတွေ ဖန်တီးသွားပုံကိုပါ နှစ်သက်လိုက်တာ။ အရမ်းသဘောကျမိတယ်။
သာမာန်မီးပူလေးကို စိတ်ဝင်စားစရာ... အလင်းအမှောင်တွေနဲ့ တကယ့်ပရိုတစ်ယောက်လို ရိုက်ထားတာ သဘောကျ နှစ်သက်စရာ။ စာရေးကောင်းသလို ဓာတ်ပုံရိုက်ကောင်းသူတစ်ယောက်လို့ မှတ်တမ်းတင်လိုက်ပြီ..)
Post a Comment