20 July 2012

တစ်ထမ်း၊ တစ်ရွက်




'အိမ်ထောင်ရေးဆိုတာ တစ်ယောက်တည်းနေရင် ဘယ်တော့မှ ရှိလာမှာမဟုတ်တဲ့ ပြဿနာတွေကို နှစ်ယောက်ပေါင်းပြီး ဖြေရှင်းနေရတာ ဖြစ်တယ်'ဟူသော ရွှတ်နောက်နောက် ဆိုရိုးလေးကို ကျနော် ဖတ်ရတုန်းက သဘောတကျနှင့် အတွေးများစွာ သီခဲ့ဖူးပါသည်၊ ကျောင်းသားဘဝမှာ ရှိစဉ်တုန်းက ကျနော်၏ အီးမေးလ်ထဲသို့ ဝင်လာသော စာကလေးတစ်စောင် ဖြစ်သည်၊ အိမ်ထောင်ရေးအပေါ် အနက်ဖွင့်ထားသည့် အခြားအခြားသော အဓိပ္ပါယ်တူ ဟာသများဖြင့် အတူတွဲလျက် ဖတ်လိုက်ရသည့် အတွက်သာ ရွှတ်နောက်နောက် ဆိုရိုးဟု ကျနော်က ဆိုလိုက်သော်လည်း တကယ်တမ်းမှာတော့ မှားသည် ဟုလည်း ယတိပြတ် ပြောလို့မရနိုင်ပေ...၊ ကျနော် ကိုယ်တိုင်လည်း တစ်ကိုယ်ရည်ဘဝမှာ ယောင်လို့မှ တွေးမကြည့် ဖူးသော ကိစ္စများကို နှစ်ယောက်ပေါင်းပြီး ဖြေရှင်းနေရသူပဲ ဖြစ်ပါသည်၊

လင်ရယ်မယားရယ် လို့မှ ဖြစ်လာတော့လည်း တစ်ဦးနှင့် တစ်ဦးကြားက မတော်၊ မတည့်တာတွေကို ညှိကြ၊ ပြုကြ၊ ဖြတ်တောက်၊ စွန့်ပစ်ကြ၊ ပြုပြင် ဖာထေးကြ... စသဖြင့် တဖက်နှင့်တဖက် အံဝင်အောင် ကြိုးစားရမည်မှာ သဘာဝ ကျပါသည်၊ လူလွတ်ဘဝနှင့် အိမ်ထောင်သည်ဘဝ အကြား ကွာခြားမှုက တစ်ဦးချင်းစီ၏ ပြင်ပဘဝ လုပ်ငန်းခွင်မှာ သိပ်မသိသာ သော်လည်း တစ်မိုးတည်းအောက်က တူနှစ်ကိုယ် တိုင်းပြည်လေးမှာတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်စီဖြင့် အေးချမ်း သာယာအောင် ထပ်တူ အားထုတ်ဖို့ လိုမည်ဟု ကျနော်ထင်ပါသည်၊ အချစ်ဆိုသော ဆုံမှတ်လေး တစ်ခုအပေါ်မှာ စွဲနစ်သွားစေဖို့ နှစ်ဖက်စလုံးက လှမ်းလာခဲ့ကြသလို ထိုမှတဆင့်တက်ပြီး စွန့်စွန့်စားစားနှင့် ထူထောင်လိုက်သော အိမ်ထောင်ရေး အုတ်မြစ်ကလေးကိုလည်း ခိုင်မြဲအောင် ဆက်ပြီး ကြိုးစားဖို့ လိုပါလိမ့်မည်၊ ထိုအခါ အင်မတန် လေးလံသည့် အိမ်ထောင့်တာဝန်ဆိုသော အထုပ်ကြီးသည် ကျနော်တို့ ပုခုံးပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျလာတော့သည်၊

ဤနိုင်ငံကလေးသို့ ရောက်စ,က ကျနော့်မှာ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့် မရှိသေးသဖြင့် ပါမစ်ရရန် သုံးလခန့် စောင့်ဆိုင်းနေခဲ့ ရသည်၊ ထိုကာလ ကလေးက ကျနော့်အဖို့ အတော်လေး လွတ်လပ်ပါသည်၊ ရောက်တာ မကြာသေးသော ရေမြေသစ်မှာ ဒေသန္တရ ဗဟုသုတအတွက် ဟိုဟိုဒီဒီ လျှောက်သွား ဖြစ်သလို နေ့လယ်နေ့ခင်းများတွင် အိမ်မှုကိစ္စများကို တဖက်တလမ်းမှ လုပ်ဖြစ်သည်၊ မနက်မနက် မအိမ်သူက အလုပ်သွားသည်နှင့် နှစ်ဦးတည်းရှိသော တိုက်ခန်းကလေးမှာ ကျနော်တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်၊ ထိုအခါ မနက်စာ စားထားသော ပန်းကန်ခွက်ယောက်တွေ ဆေးကြော၊ သိမ်းဆည်း၊ အိပ်ရာသိမ်း၊ အဝတ်လျှော်၊ အိမ်ရှင်း၊ မီးပူတိုက် စသည့် ဗာဟီရများကို စိမ်ပြေနပြေ လုပ်ဖြစ်သည်၊ ထိုစဉ်က ကွန်ပြူတာလည်း မရှိ၊ ဘလော့ဂ်ဆိုတာလည်း မသိ..၊ အပန်းဖြေစရာ ဆိုလို့ မြန်မာပြည်က လောလောလတ်လတ် သယ်လာသော စာအုပ်များနှင့်အတူ နှစ်ပေါင်း ၁၄ နှစ်ခန့် သက်တမ်း ရှိနေပြီ ဖြစ်သော တီဗီ အဟောင်းကြီး တစ်လုံးသာ ရှိပါသည်၊ နေ့လယ်စာကို တစ်ယောက်တည်း စားရမှာ ပျင်းသည့်အလျောက် တချို့ရက်တွေမှာ ဘာမှမချက်ဘဲ ကော်ဖီနှင့် ပေါင်မုန့်မီးကင်သာ စားဖြစ်သည်၊ ကိုယ့်အစာအိမ်နှင့် ကိုယ့် ကိုယ်ပိုင်အချိန်...၊ ကျနော်လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိသည် မဟုတ်လား၊ အိမ်ထောင်သည်ဘဝ ရောက်နေသော်လည်း တစ်ယောက်တည်း ရှိသောအခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်နှင့် ကျနော် နေထိုင်ပါသည်၊

နောက်ပိုင်းမှာတော့ ကျနော့်အဖို့ နေ့ရက်များက လျင်မြန်စွာပဲ ရွေ့လျား၊ ကုန်ဆုံးသွား ခဲ့ကြသည်၊ ကျောင်းစာများ၊ စာမေးပွဲများ အကြားမှာ အိမ်နှင့်ကျောင်း၊ ကျောင်းနှင့်အလုပ်.. ကူးချည်သန်းချည်ဖြင့် မမောမပန်းနိုင်ဘဲ ရှိခဲ့ရသည်၊ ရပ်သစ်ရွာသစ်မှာ နေထိုင်ရတာ တဖြည်းဖြည်းနှင့် အသားကျလာသလို အိမ်ထောင့်တာဝန် ဆိုတာကလည်း လုပ်ရိုးလုပ်စဉ် တစ်ခုနှယ်...၊ အစတုန်းက ကြက်ဥလောက်ကိုပင် အဖြစ်သဘော ပြုတ်တတ်သူက အခုတော့ ဟင်းအမယ်လေးတွေ သုံးလေးမျိုး ချက်တတ်လာခဲ့သည်၊

"အမေ...ဒီတစ်ခါတော့ နှစ်ခု မေးမလို့..၊ ပထမတစ်ခုက ဘဲဥချဉ်ရည်ဟင်း ဘယ်လိုချက်သလဲ-လို့၊ ဒုတိယ တစ်ခုကတော့ ဝက်သား အချိုချက်...၊ အဲဒီ ချက်နည်းလေးတွေ ပြောပြပါဦး" ...၊

နှစ်ပတ်တစ်ခါ၊ သုံးပတ်တစ်ခါလောက် အမေ့ကို ဖုန်းဆက်ပြီး ဟင်းချက်နည်းတွေ တောင်းရတာကလည်း ဓလေ့ထုံးစံလို ဖြစ်လာခဲ့ပြီ၊ ထူထောင်မိသော အိမ်ထောင်တစ်ခု၏ side effect ဆိုတာတွေ များလား၊ အမေကတော့ 'အေး..အေး၊ နင့်မှာ လိုက်မှတ်စရာ ဘောပင်နဲ့စာရွက် အဆင်သင့်ပဲလား'ဟု ဆိုကာ မမောနိုင်၊ မပန်းနိုင် ပြောရှာသည်၊ ဘဲဥမစားကြသော နိုင်ငံမှာ ဘယ်မှာမှ ဘဲဥ ဝယ်မရသည့် အတွက် ကျနော့်လက်ရာက ကြက်ဥ ချဉ်ရည်ဟင်း ဖြစ်သွားသလို ဝက်သားကလည်း မီးနေသည် ဝက်ကို ပေါ်ထားသည့် အလား နနွင်းတွေ ဝါထိန်လို့...၊ သို့ပေမယ့် ကျနော်တို့ ထမင်း မြိန်ခဲ့ကြပါသည်...၊

ဤသို့ ခရီးဆက်နေကြရင်း အိမ်ထောင့်တာဝန်များ၊ ဗာဟီရ ကိစ္စများကို ခွဲဝေလုပ်ကိုင်ရာတွင် ဟန်ချက်ညီခဲ့သော ကျနော်တို့မှာ သားကလေး ဝင်ရောက်လာသည့် အချိန်မှ စ၍ အခြေအနေကို လိုက်လျောညီထွေ ရှိအောင် ပြန်လည် ပြုပြင်ရတော့သည်၊ ထိုအခါ နှစ်ဦးတည်း ရှိစဉ်တုန်းက ဦးစားပေး ဆိုသော အရာများ အဆင့်လျှောကျ ကုန်တော့သည်၊ ကြိုတင်တွက်ချက်၍ ရသော အနေအထားမှာ လုပ်စရာ အငန်းအတာများကို အစီအစဉ် တကျ ထားသို ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုမှာမူ သားကလေး၏ တဝါးဝါး ငိုသံအောက်မှာ အားလုံးက ရှေ့နောက်ပြောင်းပြန် ဖြစ်ခဲ့ကြသည်၊ လူသား သေးသေးလေး တစ်ဦး ဤမြေကမ္ဘာသို့ ဝင်ရောက်လာမှုက သူ့ထက် နှစ်ပေါင်းများစွာ စော၍ ရောက်နေကြသော လူအကြီး,ကြီး နှစ်ယောက်၏ နေထိုင်မှု ပုံစံကို ပြောင်းလဲစေသည်မှာ တွေးကြည့်လျှင် အံ့သြစရာ ကောင်းပါသည်၊

လေ့လာ သင်ယူစရာတွေ များသလို စိတ်ဖိစီးမှုလည်း များသည့် ခေတ်သစ် လူနေမှု အဖွဲ့အစည်း အတွင်းမှာ ခေါင်းဖော် စီးမျောနိုင်ဖို့ ကြိုးစားရင်း ကျနော်တို့၏ အချိန်များ လျင်မြန်စွာ တိုက်စားခံခဲ့ ရသည်၊ တစ်နေ့နှင့် တစ်နေ့ အလျင်မီအောင် ကြိုးစားရသည့်အခါ ဗာဟီရ ကိစ္စများတွင် သဘာဝကျစွာပဲ လစ်ဟင်းမှုများ ရှိလာ တော့သည်၊ ရေချိုးခန်း ဆေးဖို့၊ ဖုန်သုတ်ဖို့၊ အဝတ်လျှော်ဖို့၊ မီးပူတိုက်ဖို့ ပျက်ကွက်မှုတွေက ကြိုကြား၊ ကြိုကြား ဖြစ်လာခဲ့သည်၊ တစ်ရက်မှာတော့ ကျနော် ကွန်ပြူတာရှေ့ ထိုင်နေတုန်း...

"ကဲ..ပြော၊ အဝတ်လျှော်တာနဲ့ မီးပူတိုက်တာ.. ဘယ်ဟာကို ရွေးမလဲ" ...၊

လှည့်ကြည့်လိုက်တော့ မအိမ်သူ...၊ လက်ထဲမှာလည်း ဘောပင်တစ်ချောင်း စာရွက်လွတ် တစ်ရွက်နှင့်၊ ကျနော်က နားမလည်နိုင်စွာဖြင့် 'ဘာလုပ်မလို့လဲ' ဟုမေးတော့ ပြုံးစိစိနှင့် 'တာဝန်တွေခွဲဖို့ ဂျူတီရိုစတာ ဆွဲမယ်' ဆိုပဲ..၊ ကျနော်က ခဏစဉ်းစားလိုက်ပြီး 'မီးပူတိုက်တာပဲ ယူမယ်' ဟု ဖြေလိုက်သည်၊ အရမ်း, အရမ်းလည်း ဖြေလို့မဖြစ်..၊ သူမ,က နှုတ်တစ်ရာ စာတစ်လုံး လုပ်နေသည် မဟုတ်လား၊ သူမ စာရွက်ပေါ်မှာ တစုံတခု ချရေးလိုက်တော့ ပြီးပြီဟု ကျနော် ထင်လိုက်မိသည်၊ သို့သော်.. ထို ကြိုက်ရာရွေးပါ အစီအစဉ်က ဤမျှနှင့်မရပ်..၊ ရေချိုးခန်း၊ အိမ်သာ ဆေးတာနှင့် တစ်အိမ်လုံးကို ဖုန်စုပ်၊ မီးဖိုချောင် သန့်ရှင်းတာ ဘယ်ဟာရွေးမလဲဟု ဆက်လာပြန်သည်၊ ဒီတစ်ခါလည်း စဉ်းစားရပြန်သည်၊ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤသုံးချက် မပိုင်က၊ နောင်ပြင်ရန် ခက်သည့် အမျိုး ဆိုတာ ဒါကိုများ ဆိုလိုတာလား မသိ၊ အမေးရှိမှတော့ ဖြေရတော့မည်၊

'ကိုယ်က နားအေးပါးအေး နေချင်တော့ ဖုန်စုပ်စက်ကြီး တဝူးဝူးနဲ့ မဖြစ်ပါဘူး၊ ရေချိုးခန်းပဲ ဆေးပါ့မယ်လေ' ဟု လုပ်လိုက်ရသည်၊

ထို့နောက် ဘာများ ထပ်လာဦးမလဲဟု ရင်တမမနှင့် စောင့်နေချိန်မှာ မှန်ပြူတင်းပေါက်တွေ သန့်ရှင်းရေး ကိုတော့ သူပဲလုပ်လိုက်ပါ့မယ်-ဟု သဘောကောင်းစွာဖြင့် သူ့ဟာသူ ဘောနပ်စ်ယူပြီး ထွက်သွားသည့် အခါမှ ကျနော့်မှာ အသက်ဝဝ ရှူရဲတော့သည်၊ ပြောရလျှင်တော့ ကျနော်တို့၏ တူနှစ်ကိုယ် တိုင်းပြည်လေးမှာ စက္ကူဖြူ စီမံကိန်း တစ်ခုက ဤသို့ဤနှယ် ဝင်ရောက်လာခဲ့ လေသည်၊

မအိမ်သူက သူ့ရဲ့ ဂျူတီရိုစတာကို Excel ဖြင့် အကျအန ဇယားဆွဲ၊ ပရင့်ထုတ်ပြီး မီးဖိုချောင် တံခါးဝမှာ ကပ်ထားလိုက်သည်၊ ကျနော့်ကို ဝန်ခံသိရှိပြီး သဘောတူကြောင်း လာပြီး လက်မှတ်မထိုးခိုင်းတာကိုပဲ ကျေးဇူး တင်ရမည်၊ သူ လုပ်နေတာတွေကို ကြည့်ရင်း ကျနော်တို့ လက်ထပ်ပြီးကာစ မြေနီကုန်းက တိုက်ခန်းလေး တစ်ခုမှာ နေစဉ်တုန်းက အဖြစ်အပျက် တစ်ခုကို သတိရမိပါသည်၊ ထိုစဉ်က ကျနော်က ဧည့်လမ်းညွှန် အလုပ်ဖြင့် မကြာခဏ ခရီးထွက်ရလေ့ ရှိသည်၊ တစ်ရက်မှာ ခရီးကပြန်လာတော့ ကျနော်၏ ခရီးဆောင်အိတ်ကို သူမ,က ယူပြီး 'ဒီအင်္ကျီက လျှော်ဖို့လား၊ ဒီလုံချည်ကကော လျှော်ရမှာလား' စသဖြင့် မေးလိုက်၊ အပုံတွေ ခွဲလိုက်ဖြင့် ရှင်းပေးနေသည်၊ ဇနီးသည်က အလိုက်တသိဖြင့် ရှင်းပေးတာကို သဘောကျသလို တဖက်ကလည်း နှစ်ပတ်လောက် ဝတ်ထားခဲ့သော အဝတ်အစားများမို့ သူ့ခမျာ လျှော်စရာတွေ တပုံကြီး ဖြစ်နေတော့မှာဟု တွေးပြီး ကျနော်က အားနာနေမိသည်၊ ထို့ကြောင့် အိတ်ထဲမှ အဝတ်အစားများ ကုန်သွားသောအခါ 'အင်း.. လျှော်စရာတွေ များနေပြီနော်၊ ခရီးက ချက်ချင်း ပြန်ထွက်စရာ မရှိသေးပါဘူး၊ တခါတည်း မလျှော်ဘဲ နှစ်ခါသုံးခါ ခွဲလျှော်လည်း ရပါတယ်'ဟု အားတုံ့အားနာ ပြောတော့ သူမ,က 'အာ.. နှစ်ခါသုံးခါတွေ ဘာတွေ လုပ်မနေပါနဲ့၊ မနက်ဖြန် လောန်ဒရီ ဆိုင်ကိုသွားဖို့ ရည်ရွယ်ထားတာ..၊ တခါတည်း အကုန်လျှော်လိုက်တော့ ပြီးတာပဲပေါ့'ဟု ပြောပြောဆိုဆိုဖြင့် အဝတ်အစားများကို ခြင်းကြီးထဲ ထည့်ကာ အခန်းထဲမှ ထွက်သွားတော့သည်၊ သူ့ဟာသူ လျှော်မယ်မှတ်ပြီး အားနာ နေမိသော အဖြစ်ကို ပြန်တွေးကာ ကျနော့်မှာ တဟားဟားနှင့် ရယ်ပြီး ကျန်ခဲ့ရသည်၊

အခုတစ်ခါတော့ သူတာဝန် ယူထားသည့် အဝတ်လျှော်ခြင်း ဆိုတာ ဘယ်လို လျှော်မှာလဲဟု ကျနော် သိသွားခဲ့ပြီ၊ ကျနော့်အတွက်တော့ ရွေးကြစတမ်း ဆိုလျှင် မီးပူတိုက်တာကို ပိုနှစ်သက်ပါသည်၊ ဤနေရာတွင် အဖေတူသည်ဟုများ ဆိုရမလား မသိ..၊ ကျနော့်အဖေကလည်း အမေ့ကို ကူသည့် အနေဖြင့် မကြာခဏ မီးပူတိုက်ပေးလေ့ ရှိပါသည်၊ အမေက ကျနော်တို့ မောင်နှမတွေ ဝတ်ထားသည့် အဝတ်တွေကို စုလျှော်၊ နေလှန်းပြီး ခြောက်တော့ အဖေက သွားရုတ်လာပြီး မီးပူတိုက်..၊ ကျနော်တို့ တတွေက အစန့်သား ပြန်ဝတ်..၊

'မင်းတို့ အမေက အဝတ်လျှော်တာကို ပိုပြီး ဝါသနာပါတယ်၊ ငါကတော့ မီးပူတိုက်တာကွ'...၊

စိတ်လိုလက်ရ ရှိသည့်အခါ အဖေက ပြောတတ် ပါသေးသည်၊ တခါတုန်းက ကျနော့်အလုပ်မှာ ကော်ဖီ ဝိုင်းဖွဲ့ သောက်နေကြရင်း စကားစပ်မိရာမှ တီရှပ်တွေကို မီးပူတိုက် ဝတ်သည့်အကြောင်း ကျနော်ပြောတော့ အားလုံးက တအံ့တသြနှင့် ဝိုင်းကြည့်ကြသည်၊ တီရှပ်ဆိုတာ မီးပူတိုက် ဝတ်ရသည့် အစားဟု သူတို့တခါမှ မစဉ်းစားဖူးပါ-တဲ့၊ ကျနော်ကတော့ မီးပူတိုက်သည့်အခါ တီရှပ်များသာမက အဝတ်ခြင်းထဲမှ လျှော်ပြီးသား အဝတ်မှန်သမျှ အတွင်းခံ၊ ခြေစွပ်၊ လက်အိတ်၊ ညဝတ်အင်္ကျီပါ မကျန် အကုန်တိုက်လေ့ ရှိပါသည်၊ ကျနော့် မျက်စိထဲတွင် လျှော်ဖွပ်ပြီးသား အဝတ်များက မီးပူတိုက်လိုက်မှ စန့်စန့်ပြန့်ပြန့်နှင့် သပ်ရပ်သွားသည်ဟု ထင်မိတတ်သည်၊ ထိုသို့ တွေ့သမျှ အဝတ်အစား အကုန် မီးပူတိုက်တတ်သော ကျနော်၏ ဉာဉ်ကြောင့် မအိမ်သူ၏ အကြေသား အင်္ကျီ သုံးလေးထည်မှာ စန့်စန့်ပြန့်ပြန့် ဖြစ်သွား ခဲ့ရဖူးသည်၊

"ဟာ... အင်္ကျီတွေတော့ သွားပါပြီ၊ ဒါတွေက မီးပူတိုက်ရတာ မဟုတ်ဘူးလေ..."

သူ့အင်္ကျီများကို နှမြောတသစွာဖြင့် ကိုင်ကြည့်နေချိန်မှာ ကျနော်က အပြစ်လုပ်မိသော ကလေးတစ်ယောက်လို အသာလေး ဇက်ပုနေရသည်၊ ထိုအင်္ကျီများကို မီးပူတိုက်နေစဉ်မှာ 'ဒီ အင်္ကျီတွေ ကလည်း ကြေလိုက်တာ၊ ခြင်းတောင်း အောက်ဆုံးမှာ ထိုးသိပ် ထည့်ထားတာ ထင်တယ်' ဟုပင် ကျနော်က တွေးလိုက်သေးသည်၊ ကျနော်ငယ်စဉ်က မြန်မာပြည်မှာ ခေတ်စားခဲ့ဖူးသော အနှီ အကြေသားကို ယခုလို နှစ်ပေါင်းများစွာ ကြာပြီးမှ ကျနော့်မီးပူအောက်မှာ ပြန်တွေ့ရလိမ့်မည်ဟု မထင်ခဲ့ခြင်းမှာ ကျနော့်အမှားပင်...၊ ထိုနေ့မှ စ၍ ကျနော် မီးပူတိုက်သောအခါ မအိမ်သူက မလှမ်းမကမ်းမှနေပြီး အလွတ်မပေးဘဲ အရိပ် တကြည့်ကြည့် လုပ်နေတတ် တော့သည်၊ အထူးသဖြင့် သူ့အင်္ကျီတွေကို ကျနော်က ပြောင်းပြန် မလှန်ဘဲ တိုက်နေသလား၊ ပိုးသားအင်္ကျီ၊ သိုးမွှေးအင်္ကျီတွေကို မီးအပူကြီးဖြင့် တိုက်နေသလား၊ အကြေသားတွေကို အမှတ်မရှိဘဲ တိုက်နေပြန် သလား၊ မျက်လုံးက မီးပူအောက်က အဝတ်အစားပေါ်မှာ မရှိဘဲ အရှေ့က တီဗီ ပေါ်မှာပဲ ရောက်နေသလား.. စသဖြင့် အကဲခတ် နေတတ်သည်၊ ရေချိုးခန်း၊ အိမ်သာ၊ ကြွေဘေစင်များကို ကျနော် တိုက်ချွတ်ဆေးကြော ချိန်မှာ ဘာမှ မဖြစ်သလောက် မီးပူကိုင်တာနှင့် သူ့ခမျာ ရင်တမမ ဖြစ်ရလေ့ ရှိသောကြောင့် နောက်ပိုင်းမှာ သူတန်ဖိုးထားသော အဝတ်အစား တချို့ကို သူ့ဟာသူပဲ မီးပူတိုက်ဝတ် တော့သည်၊

စင်စစ် ဤသို့သော ဗာဟီရ ကိစ္စများကို လူတိုင်း၊ မိသားစုတိုင်း အစဉ်တစိုက် လုပ်ကြရသော်လည်း ရေးကြီးခွင်ကျယ် စကားထဲ ထည့်ပြောကြလေ့ မရှိပါ..၊ သို့သော် ရိုမန်တစ် ဝတ္ထုတချို့တွင် တွေ့ရတတ်သည့် 'အိမ်ထောင်ရေးဆိုတာ အချစ်ရဲ့ သင်္ချိုင်းဖြစ်တယ်' ဟူသော အယူအဆတွင် အချစ်ကို သင်္ချိုင်းသို့ ပို့သော အရာများစွာထဲတွင် ယခုလို ဗာဟီရ၊ အိမ်မှုကိစ္စ များလည်း အနည်းနှင့်အများ ပါဝင်လိမ့်မည်ဟု ကျနော် ယူဆမိ ပါသည်၊ ဖုန်စုပ်စက်သံ တဝူးဝူး၊ မီးပူသံ တရှဲရှဲနှင့် ရေချိုးခန်း ကြွေပြားတွေပေါ်မှ ဆပ်ပြာမြှုပ်များ အကြားမှာတော့ အချစ်သည် ခုံတန်းပြာတွေပေါ်က လတ်ဆတ်မှုမျိုးနှင့် မဟုတ်တော့ဘဲ မောဟိုက် ပင်ပန်းစွာ ရှိနေပေ လိမ့်မည်၊ တခါက ဖတ်ခဲ့ဖူးသော စာစုလေး တစ်ခုကို ကျနော် သတိရမိ ပါသည်၊

"မိန်းကလေးများက သူတို့ချစ်သော ယောက်ျားလေးများသည် အတူနေရသောအခါ ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ပြီး လက်ထပ်ကြသည်၊ ယောက်ျားလေးများ မှာမူ သူတို့ချစ်သော မိန်းကလေးများ ဘယ်တော့မှ မပြောင်းလဲနိုင်ဟု တွေးပြီး လက်ထပ်ကြသည်၊ လက်တွေ့တွင် နှစ်ဖက်စလုံး မှားကြလေသည်..၊"

စင်စစ် ဤစကားစုလေးက ဟာသရသ ပိုပိုသာသာဖြင့် ပြောထားသော်လည်း ကျနော့်ဆိုလိုရင်းမှာ ပြောင်းလဲခြင်း ဖြစ်ပါသည်၊ ကိုယ် ငါးဆယ်ရာခိုင်နှုန်း ပါဝင်စိုက်ပျိုးခဲ့သော ချစ်ခြင်း၏ သစ်ပင်ကလေး.. ဗာဟီရ မြက်ရိုင်းတို့ကြားမှာ ဖုံးအုပ်၊ သေဆုံး မသွားစေဖို့ ကောင်းသော ပြောင်းလဲခြင်းဖြင့် အိမ်မှုကိစ္စများကို တက်ညီလက်ညီ ဖြေရှင်းဖို့ လိုပါလိမ့်မည်၊ အမျိုးသမီးများ လေထီးခုန်ပြီး အမျိုးသားများ နေ့ကလေးထိန်းကျောင်း ဝန်ထမ်း လုပ်နေကြသော ခေတ်သစ် လူနေမှု စနစ်ထဲတွင် လိုအပ်ပါက မယ်တစ်ထမ်း၊ မောင်တစ်ရွက်လည်း ဖြစ်ခွင့် ရှိပါသည်၊ ထမ်းခြင်း၊ ရွက်ခြင်းသည် သည်လောက် အဓိက မကျပါ၊ အရေးကြီးသည်မှာ လက်ညီဖို့ပင် ဖြစ်ပါသည်၊ လောကအကြောင်း၊ ချစ်ခြင်းမေတ္တာ အကြောင်း သင်ကြားစရာ၊ တည်ဆောက်စရာ တပုံတပင် အကြားမှာ အပေးအယူ မျှမျှဖြင့် ခရီးဆက်နိုင်ဖို့သာ ကျနော် မျှော်တွေးမိပါသည်၊

ပြောကြစတမ်း ဆိုလျှင်ဖြင့် မီးပူတိုက်ခြင်းသည် ဘဝနေထိုင်နည်း တစ်ခုနှင့်ပင် တူပါသည်၊ ကြုံတွေ့ရသော အခက်အခဲ၊ အဖုအကြိတ်၊ ပြဿနာများကို တခါတရံ မီးပြင်းပြင်းတင်ပြီး အားနှင့်မာန်နှင့် ဖိတိုက်ဖို့ လိုသလို တခါတရံတွင်လည်း အလိုက်သင့်၊ အလျားသင့် မီးအပူရှိန် ငွေ့ငွေ့ကလေး ဖြင့်သာ တိုက်သင့်ပါသည်၊ တခါတလေ မှာတော့ ရေစက်၊ ရေပေါက်ကလေးတွေဖြင့် အေးသွားအောင် အရင်လုပ်ပြီးမှ မီးအပူရှိန် မနည်းမများ၊ လက်ဆ,လက်န မှန်စွာဖြင့် ဖြေရှင်းရသော သိမ်မွေ့သည့် ကိစ္စရပ်များလည်း ရှိတတ်ပါသည်၊ မည်မျှပင် တွန့်ခေါက်၊ ကြေမွနေသည့် အခက်အခဲ မဆို.. အဆုံးမှာတော့ စိတ်ရှည်ရှည်နှင့် ယုံကြည်မှု မီးအပူချိန် မှန်သည့် စိတ်မီးပူ တစ်လက်၏ အောက်တွင် ပြန့်ပြန့်စန့်စန့်နှင့် သပ်ရပ်သွားရမည်မှာ သေချာပါသည်...။ ။


ညီလင်းသစ်
၂၀ ဇူလိုင်၊ ၂၀၁၂

36 comments:

Anonymous said...

Very good essay! Thumb up!!!

Raymond.Kyaw Minn Naing said...

ဟီးဟီး..ဟင်းချက်တာချင်းကတော့တူနေပြီ၊ မီးပူကတော့ နာရီဝက်ဆို ရှပ်အင်္ကျီတစ်ထည် နှုန်းနဲ့မို့လို့မတူဘူးဗျ။...လူပျိုတုန်းက wardrobe ဆွဲဖွင့်လိုက်တာနဲ့ ဖမ်းဖို့ပြင်ထားပေတော့ပဲ၊ ထိုးသိပ်ထည့်ထားတာ..ဟီး။

Adora etc. said...

အကို့ မအိမ်သူ တော့မသိဘူး။ Adora တော့မီးပူတိုက်တာ ဘယ်လိုမှမကြိုက်။ အိုက်လို့။ အဲလို မီးပူတိုက်တာ ဝါသနာပါလား ပြန်မေးလိုက်အုံးမယ်။ :D

မေဓာဝီ said...

ကျမကတော့ မီးပူတိုက်ရတာ စိတ်မရှည်ဘူး ကိုညီလင်းရေ ... မြန်မြန်ပြီးအောင် မီးပြင်းတိုက်တော့ မီးကျွမ်းနံ့တွေ ထွက်မှ ကမန်းကတန်း ပြန်လျှော့ရတာလဲ ခဏခဏ။
ဘ၀နေနည်းကို မီးပူတိုက်ခြင်းနဲ့ ဥပမာပေးသွားတာလေးက လှတယ်။ ကျမလို မီးပူတိုက်တာ ပျင်းပြီး မလိုအပ်ရင် မတိုက်ဘဲ ၀တ်တတ်တဲ့သူအတွက်ဆိုရင်တော့ ဘ၀ကို ဘယ်လိုများ ပြောရမလဲ မသိဘူးနော်။ :)

mstint said...

မီးပူတစ်ခု အရင်းပြုပြီး 'မောင်တစ်ထမ်း မေတစ်ရွက်' ဆိုတဲ့အိမ်ထောင်တစ်စုရဲ့ အနက်လေးကို ပီပြင်စေတယ် မောင်ညီလင်းရေ။
ဂျူတီရိုစတာလုပ်တာကို ဖတ်ရတော့ တီတင့်တို့ ငယ်စဉ်ကလည်း ဂျူတီရိုစတာကို ထမင်းစားခန်းမှာ ကပ်ထားတယ်လေ။ ကျွေးမေမေက စည်းကမ်း အရမ်းကြီးတယ်း) 'အိမ်ထောင်ရေးဆိုတာ အချစ်ရဲ့ သင်္ချိုင်းဖြစ်တယ်' ဆိုတဲ့စကားစု သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဇွန်မိုးစက် said...

ဇွန်က စိတ်မပါတာ၊ ပျင်းတာ၊ အချိန်မရတာနဲ့ပေါင်းပြီး စာမရေးဖြစ်၊ ဘလော့လည်း မလည်ဖြစ်တာ တော်တော်ကြာသွားတယ် ကိုညီလင်းသစ်ရေ...

ဇွန်လည်း မီးပူတိုက်ရတာ ကြိုက်တယ်။ အိပ်ရာခင်းကအစ အတွင်းခံအဆုံး အကုန်တိုက်လိုက်ရမှ ကျေနပ်တယ်။ :D မီးပူတိုက်ရင်း တရားလေးနာ ဒါမှမဟုတ် သီချင်းတွေနားထောင်ရတာ ကြိုက်တယ်။

လောလောဆယ်တော့ မအားတာနဲ့ ဖျားတာပေါင်းပြီး နှစ်ပတ်စာအ၀တ်တွေ ပုံနေလေရဲ့..း)

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ ကိုညီရေ။
လင်းမယားဆိုတာ တက်ညီလက်ညီလုပ်မှ ဘ၀က
သာယာမှာပေါ့။ကျွန်တော်တော့ မီးပူတိုက်ဖူးပါတယ်
ဒါပေမယ့် မိန်းမတိုက်တာလောက်တော့ မမြန်ဆန်ဘူး
မသပ်ရပ်ဘူး ။

Anonymous said...

ညီမကတော့ ၂ ယောက်လုံးစာပေါင်းပြီး တိုက်တယ်။
ခြေအိတ်က ခေါင်းဦးစွပ်ထိတိုက်တယ်။
သူ သန့်သန့်ပြန့်ပြန့်ဝတ်ထားတာ မြင်ရင် စိတ်ချမ်းသာတယ်။

တခါတလေတော့လည်း ကိုယ်မီးပူတိုက်တုန်း သူက ကုတင်ပေါ်မှာ အင်တာနက်သုံးနေရင် အမြင်ကပ်ပြီး မီးပူနဲ့ ကပ်ချင်တယ်။

Anonymous said...

Your duty roster is practically same as me, Ko NLT. By the way, my other half always loves to help me with the ironing. I don't normally let him iron my clothes as he once damage my two blouses, lol!!!
Mon Petit Avatar

co coe said...

ညီမက ဟင်းချက်ရင် သူက ပန်းကန်ဆေး၊ သူက သန့်ရှင်းရေးလုပ်ရင် ကိုယ်က ရေချိုးခန်းတိုက်နဲ့ တယောက်ဒါလုပ်ရင် နောက်တယောက်က ဟိုဟာလုပ်နဲ့ အလိုလို ခွဲတမ်းချလုပ်ပြီးသား ဖြစ်သွားတယ်။ မီးပူကတော့ သီချင်းလေးဖွင့် ဒါမှမဟုတ် တရားလေးနာပြီး အေးဆေးတိုက်နေကျ။ ခုတလောတော့ ခါးဆစ်နာတဲ့ဒဏ်နဲ့ မတိုက်နိုင်လို့ သွားခါနီးမှ ကိုယ့်ဟာကိုယ် အပြေးအလွှားတိုက်ဝတ်နေကြရတယ်။

seesein said...

မီးပူတိုက်ခြင်းနဲ့ နှိုင်းယှဉ်သွားတာ ကောင်းလှ၏
မီးများများ နဲ့ အပူတွေ ပေးရင်တော့ လောင်ကျွမ်းကုန်မယ်ဆိုတာသိလို့ မီးလို အပူတိုက်တာတွေနဲ့ဝေးဝေးရှောင်ခြင်လို့ မီးပူပါ မတိုက်တော့ပါကြောင်းးးးးးးးးး

SHWE ZIN U said...

အိမ်အလုပ်ဆိုရင် ဟင်းချက်တာတခုဘဲ ဝါသနာပါတယ် ကိုညီလင်းသစ် ရေ

စာလေးဖတ်ရတာကောင်းတယ် ကျေးဇူး

စံပယ်ချို said...

အိမ်မှာတော့ ကိုယ်ပဲတိုက် ကိုယ်ပဲလျှော် ကိုယ်ပဲချက်
လိုဖြစ်နေပြီ အိမ်ကလူ အလုပ်များလို့ နာမးလည်စွာနဲ့
(အလိုက်သိသိ)ကိုယ်ပဲလုပ်လိုက်တယ်
ဂျူတီရိုစတာလုပ်တာကို ဖတ်ရတော့ မေမေ့ကိုသတိရတယ်
အိမ်ကမေမေလဲအဲလိုလုပ်တယ်
မေမေတို့ငယ်ငယ်က အဖိုးကလဲအဲလိုပဲတဲ့

မိုးငွေ့........ said...

မရွှေစင်ကြီးပြောသလိုပဲ...။ ပြီးတော့ အနောက်တိုင်းရဲ့ အိမ်ထောင်ရေးမှာ လင်နဲ့မယား အလုပ်ကိုညီတူမျှတလုပ်တာကိုသဘောကျတယ်...။ အာရှဖက်ကျတော့ ယောကျာင်္းဆိုတာ အိမ်ဦးနတ်ဆိုပြီး အိမ်အလုပ်ကိုယ်နဲ့ဘာမှမဆိုင်သလိုနေပြီး မိန်းမလုပ်သူက အိမ်ဖော်သာသာလုပ်နေရတာ မမျှတဘူးလို့မြင်တယ်...။

Shinlay said...
This comment has been removed by the author.
Shinlay said...

မအိမ်သူရဲ့ တာဝန်ခွဲဝေမှုဇယားကို သဘောကျသွားတယ်။
အိမ်မှာတောင် ဇယားလုပ်မလားလို့ ...
မီးပူတိုက်တာတော့ ကျမအိမ်ကလူက ပြန့် အောင်မတိုက်တတ်လို့  များသောအားဖြင့်ကျမပဲတိုက်ရတယ်။
ကိုညီ့ ဆီလွှတ်ပြီးသင်တန်းတက်ခိုင်း အုံးမှပဲ။

Nyi Linn Thit said...

Anonymous ...
Thank you !!!

ကိုကျော်မင်းနိုင် ...
အဲဒီနည်းကလည်း သိပ်မဆိုးဘူးဗျ၊ အရင်ဆုံး လက်ထဲ ကျလာတဲ့ အင်္ကျီကို ဝတ်လိုက်ရုံပဲ..နော၊း)

Adora etc. ...
အဲ.. ကျနော်တို့ အရပ်က အေးလို့များ မီးပူတိုက်ချင်စိတ် ရှိနေတာလားလို့ အခုမှ ပြန်ပြီး စောကြောမိတယ်..၊း)

မမေ ...
ဘယ်သူမဆို နေရာတိုင်းတော့ ဘယ်စိတ်ရှည် နိုင်မလဲလေ..နော၊ ကျောင်းသားတွေကို စိတ်ရှည်တဲ့ သူက မီးပူတိုက်တာ စိတ်ရှည်ချင်မှ ရှည်မှာပေါ့..၊ မဟုတ်ဖူးလား..?း)

အန်တီတင့် ...
အဲဒီလို စည်းစနစ်ကြားမှာ ကြီးပြင်းခဲ့ရလို့ အန်တီတင့်က အရာရာမှာ သပ်ရပ်၊ စနစ်ကျနေတာ ဖြစ်ရမယ်..၊း)

ဇွန် ...
အလုပ်တွေလည်းများ၊ ဖျားလည်း ဖျားနေတာကိုး..၊ အဲဒါကြောင့် ပျောက်နေပါတယ် အောက်မေ့တာ.၊ ကျန်းမာရေး ဂရုစိုက်ပါဗျာ...၊

(ကို)လွင်ပြင်လှိုင်းငယ် ...
မီးပူ တိုက်ဖူးတယ် ဆိုကတည်းက အတော်လေးကို ဟုတ်နေပြီဗျ၊ ကျနော့် မိတ်ဆွေတွေထဲမှာ မီးပူကို တခါမှ မထိဖူးတဲ့ သူတွေတောင် ရှိတယ်..ကဲ၊း)

အမည်ဝှက်စာဖတ်သူ ...
အင်း..ဒါဆို.. သူ သန့်သန့်ပြန့်ပြန့် ဝတ်ပြီး ကုတင်ပေါ်မှာ အင်တာနက် သုံးနေတာ မြင်ရင်ကော?း))

Nyima MPA ...
Hmmm..then, I guess I can get along with you other half as we both are capable of damaging ladies' blouses, LOL.

ညီမ co coe ...
'စကားလုံးတွေဟာ တကယ်တော့ သိပ်မလိုဘူး..' ဆိုတာ ဒါပဲ ဖြစ်ရမယ်၊း) ခါးနာနေတာ ကြားရလို့ စိတ်မကောင်းပါဘူးဗျာ၊ အပြင်းအထန် မဟုတ်ဘူးလို့ပဲ မျှော်လင့်ပါရဲ့...၊း(

မစည်းစိမ် ...
မီးပူကို ဝေးဝေးရှောင်တဲ့ ဆင်ခြေက မိုက်တယ်ဗျာ..၊ အေးရာအေးကြောင်း ဆိုတာ ဒါကိုပြောတာ ဖြစ်မယ်၊း)

အမရွှေစင် ...
အဲဒီ ဟင်းချက်တာကပဲ နိစ္စဓူဝ လုပ်နေရတဲ့ အကြီးဆုံး အိမ်အလုပ်မို့ ဝါသနာပါတာ ကောင်းပါလေ့ဗျာ၊ မီးပူက နေ့တိုင်း တိုက်စရာ မလိုဘူးလေ..ဟုတ်၊း)

ညီမစံပယ်ချို ...
ညီမက ဂျူတီရိုစတာကို မယ်ပိုင်စီးထားတယ် ပေါ့လေ၊း) အတူနေရတဲ့သူ ကံကောင်းတာပေါ့ဗျာ...၊း)

မမိုးငွေ့ ...
အနောက်တိုင်းမှာလည်း အခန့်သား အိမ်ဦးခန်းမှာ ထိုင်နေတတ်တဲ့ ယောက်ျားတွေ အများကြီးပါပဲဗျာ၊ အရှေ့တိုင်းနဲ့ ယှဉ်ရင်တော့ နည်းမှာပေါ့လေ..၊ နောက်တစ်ခါ အိမ်ဦးနတ်လို့ ပြောလာရင် အငွေ့ပဲ ရှူခိုင်းရမလို ဖြစ်နေပြီ..၊ နတ်က အငွေ့ပဲ သုံးဆောင်တာ မဟုတ်လား...၊းP

မ,ရှင်လေး ...
ဲအင်း..ဧကန္တတော့.. ပြန့်အောင် မတိုက်တတ်ဘူး ဆိုတာ အရှည်ကို မျှော်တွေးပြီး ရှောင်တတ်၊ တိမ်းတတ် တယ်လို့များ ဆိုရမလား မသိ..၊ ကျနော့်လိုသာ ဆိုရင်တော့ ထန်းတက်လက်မှတ် ရဖို့က သေချာသလောက် မဟုတ်လား...ဟားဟား။းD

စူးနွယ်လေး said...

တာဝန်ခွဲဝေယူတဲ့ အနောက်တိုင်းစနစ်ကို ကြိုက်တယ် :D

ချစ်ကြည်အေး said...

မီးပူတိုက်ရတာ အပျင်းဆုံးပဲ ကိုညီလင်းသစ်ရဲ့။ အမျိုးသားက အိမ်ရှင်း၊ အ၀တ်လျှော်။ ကျွန်မက ချက်ပြုတ် မီးပူတိုက် အဲလို အကြမ်းခွဲပြီး အိမ်အလုပ်တွေ လုပ်ကြတယ်။ ကျွန်မ စာရေးနေတော့ တာဝန်မကျေဘဲ မီးပူတိုက်ဖို့တွေ ပုံလာတော့ သူ့ဟာသူ တိုက်ဝတ်နေရှာတယ်း))) ကိုညီလင်းသစ်တို့ မိသားစုလေးက စနစ်တကျလေးနော်။ စိတ်ချမ်းသာတယ် ဖတ်ရတာ...

မောင်မျိုး said...

တူနေတယ် ကျနော်လည်း မီးပူတိုက်ရတာ ကြိုက်တယ်ဗျ မတိုက်ပဲ ၀တ်ရရင် တွန့်ကြေနေသလို ခံစားရတယ် ။

ကိုယ်က မီးပူဆိုရင် ကိုယ်ဝတ်ဆင်ဖြတ်သန်းမယ့် အရာတွေကို လိုက်ဖက်အောင်တော့ ရွေးတတ်ဖို့လိုမယ်ထင်တယ်နော့် အဆုံးသတ်က တွေးစရာလေးတွေနဲ့ ကြိုက်တယ် ခိုက်တယ် ကဲ ... ဆက်တိုက်ကြအုံးစို့ မီးပူ..............း)

Anonymous said...

ဒက်ဒီလည်းပင်စင်ယူပြီးတော့အလုပ်မရှိတိုင်းတစ်အိမ်လုံးကအ၀တ်တွေမီးပူချည့်တိုက်နေတော့တာဘဲ။ မီးပူကအဲဗားရယ်ဒီဘဲ။
ကျမတော့အိုက်တတ်တော့မီးပူတိုက်ရတာမကြိုက်ဘူး။ ဒါပေမဲ့မီးပူတိုက်ထားတာတွေသုံးရ၀တ်ရတာတော့အရမ်းအရမ်းကြိုက်ပါတယ်ရှင်။ မြန်မာပြည်မှာလိုတိုက်ပေးမဲ့သူရှိရင်အရမ်းကောင်းမှာဘဲလို့ ခဏခဏတွေးမိတယ်။း)
အို်င်အိုရာ

ခိုင်နုငယ် said...

"မိန်းကလေးများက သူတို့ချစ်သော ယောက်ျားလေးများသည် အတူနေရသောအခါ ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ပြီး လက်ထပ်ကြသည်၊ ယောက်ျားလေးများ မှာမူ သူတို့ချစ်သော မိန်းကလေးများ ဘယ်တော့မှ မပြောင်းလဲနိုင်ဟု တွေးပြီး လက်ထပ်ကြသည်၊ လက်တွေ့တွင် နှစ်ဖက်စလုံး မှားကြလေသည်..၊"

ညိမ်းနိုင် said...

မီးပူတိုက်ရမှာလောက်ပျင်းတာမရှိဘူးဗျာ...၊ဒါကြောင့်
ကျွန်တော့်ဆီမှာ ရှပ်အကျီ င်္တစ်ထည်မှမရှိဘူး......တီရှပ်
တွေ၊စပို့ရှပ်တွေပဲရှိတယ်....:)။အပေါ်ဆုံးက ဟာသလေး
ကိုတော့ သဘောကျတယ်ဗျ....၊ကျွန်တော်တော့ ဘယ်
တော့မှမရှိတဲ့ ပြဿနာတွေကို ဘယ်သူနဲ့မှ ပူးပေါင်းမ
ဖြေရှင်းတော့ဘူးဗျိုးးးးးးးးးးးးးးး:)))))

Anonymous said...

ဂလဲ့စား

ယောက်ျား - မင်းကိုငါရန်ရှာတိုင်း မင်းက ညည်းခံနှုတ်ဆိတ်နေတယ်နော်။ သိပ်တော်တဲ့ မိန်းမပဲ။ ဘယ်လိုများ ကျင့်ကြံထားလဲကွာ။

မိန်းမ - ကျွန်မ အိမ်သာကြွေအိုးကို ဖိတိုက်တယ်။

ယောက်ျား - ဘာဆိုင်လို့လဲကွ။

မိန်းမ - ရှင့်သွားပွတ်တံနဲ့ တိုက်တာလေ။

ဖတ်ဖူးတဲ့ http://www.lubo601.com/2012/07/blog-post_2352.html?spref=fb က စာတွေကိုသတိရလို့ပါ။

sonata-cantata said...

ကိုဧရာ > ကိုညီလင်းသစ် စာတွေက ချောပြီး ညက်နေတာပဲ
မသီတာ > မီးပူတိုက်ထားလို့ ဖြစ်မှာပေါ့

(ဟုတ်တယ် ဒီက အိမ်အလုပ် အကုန်လုပ်ရလို့ ဘုတောချင်နေတာ.. အကွက်ဝင်သွားတာ ကွိ ကနဲပဲ...ဟဲဟဲ)

Angelhlaing(May everybody be happy and healthy! said...

"မိန်းကလေးများက သူတို့ချစ်သော ယောက်ျားလေးများသည် အတူနေရသောအခါ ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ပြီး လက်ထပ်ကြသည်၊ ယောက်ျားလေးများ မှာမူ သူတို့ချစ်သော မိန်းကလေးများ ဘယ်တော့မှ မပြောင်းလဲနိုင်ဟု တွေးပြီး လက်ထပ်ကြသည်၊ လက်တွေ့တွင် နှစ်ဖက်စလုံး မှားကြလေသည်..၊"

တစ်ကယ်ကြီးလားအကို...:):)

Anonymous said...

အဲ့ဒီ့ မီးပူ တိုက်ရတဲ့ ကိစ္စက
တစ်ခြားအလုပ်တွေ လုပ်ရတာထက်ကို
ပိုကြာတယ် ..း-))
ဒါပေမယ့်
ဆောင်းနှင်းကတော့ မီးပူတိုက်ရတာ ကြိုက်တယ် .. :D
ကိုယ့် စိတ်တိုင်းကျ သေချာ တိုက်တော့
ပိုပြန့်တယ်လို့ ထင်လို့ .း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

တောက်ပကြယ်စင် said...

ကိစ္စများမြောင် လူတို့ဘောင်ဝယ်လို့ ပြောကြတယ် ကိုညီလင်းရေ။

မဒမ်ကိုး said...

အကိုရေ .အကိုဆီကိုလာဖတ်ဖြစ်တိုင်းတခုမဟုတ်တခုတော့အသိတရားလေးတခုကိုပျော်ပျော်ရွှင်ရွှင်နဲ့ရသွားတတ်တယ် . အိမ်ထောင်တခုမှ လင်ရယ်မယားရယ် တက်ညီလက်ညီနဲ့တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီမှဒီအိမ်ထောင်ရေးကတည်တံ့ခိုင်မြဲမှာပါ .

ချစ်ခင်လျှက်

ညီမငယ်ဒိုးကန်

သိ င်္ဂါ ရ said...

အိမ်ထောင်ရေးမှာ အိမ်မှုကိစ္စတွေကိုလည်း အတူတူ တွဲပြီး လုပ်ကြရတာမျိုးကို သဘောကျမိပါတယ် ... ။ မောင်တစ်ထမ်း ၊ မယ်တစ်ရွက် တို့ အေးအတူ ပူအမျှ တို့ ဆိုတာကတော့ အိမ်ထောင်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အဆိုအမိန့်တွေလို့ ယူဆမိတာပါပဲ ကိုညီလင်းသစ် ခင်ဗျား ...

မြသွေးနီ said...

မီးပူတိုက်ရတာ ပျင်းပေသော်ငြား
အိမ်မှာလဲ လက်သုတ်ပုဝါအစ အတွင်းခံကအဆုံး မီးပူတိုက်ရမှ ကျေနပ်တာမို့ ဘာမဆို မီးပူတိုက်တာလေး သဘောကျတယ်...။
အိမ်ထောင်တစ်ခုမှာ တက်ညီလက်ညီ လုပ်တာလေးလည်း သဘောကျတယ်။ ဂျူတီအချိန်ဇယားရေးဆွဲထားတာ ဖတ်ရတော့ အသံထွက်တောင်ရယ်မိတယ်.. ငါတစ်ယောက်ထဲ မဟုတ်ပါလားဆိုပြီး..။ ဒါပေမယ့် သူ့ဂျူတီမပြတ်တာတွေ ကိုယ့်ညာညာခိုင်းလို့ လုပ်ပေးနေရတော့ ဂျူတီဆွဲလဲ ဆွဲပါဘဲ။ မီးပူလေးနဲ့ နမူနာပြသွားတာ သဘောကျတယ် ကိုညီလင်းသစ်ရေ..။ တကယ့်ချစ်စရာ မိသားစုလေး..။

ညီရဲ said...

ကျွန်တော်လဲ မီးပူတိုက် ပျင်းတယ် အစ်ကိုရေ... ဒါကြောင့် အဝတ်အစားတွေက အကြေစားတွေ ဖြစ်နေလေ့ ရှိတယ်... ဒါပေမယ့် အစ်ကို တို့ လို ထမ်းရ ရွက်ရမဲ့ အချိန်ရောက်ရင်တော့ မပျင်းဖို့ ခုကတည်းက ကြိုပြီး အလေ့အကျင့် လုပ်ထားရမယ်... ဒီပိုစ့်လေးဖတ်ပြီး မီးပူတိုက်ဖို့ ကို စိတ်ဝင်စားသွားပြီ...:)

san htun said...

စန်းထွန်းလည်း မီးပူတိုက်ရတာ ကြိုက်တယ်..မီးပူတိုက်ရင် အင်္ကျီလေးတွေ စန့် စန့် ရပ်ရပ် ဝင်းလက်ပြီး အနံ့ သင်းသင်းလေးရတာကို ကြိုက်တယ်..အိမ်မှုကိစ္စပို့ စ်ဆိုပေမယ့် မပျင်းစေတဲ့ ပို့ စ်ကလေး...

အိမ့်ချမ်းမြေ့ said...

မအိမ်သူ အစ်စ် ဗဲရီး စမတ်...း)))

အချစ်သည် ခုံတန်းပြာတွေပေါ်က လတ်ဆတ်မှုမျိုးနှင့် မဟုတ်တော့ဘဲ မောဟိုက် ပင်ပန်းစွာ ရှိနေပေ လိမ့်မည်...
ဆိုတာလေးလည်း အရမ်းသဘောကျတယ်။

ဓာတ်ပုံရိုက်နည်းလေးလည်း စမ်းကြည့်လိုက်ဦးမယ်..

Anonymous said...

အိမ်အလုပ်တွေထဲမှာ မီးပူတိုက်ရတာအကြိုက်ဆုံးဘဲ ရန်ကုန်မှာတုန်းက အ၀တ်ဆို ခေါက်ရိုးရှိတာ လုံးဝမကြိုက်ဘူး ၀တ်ခါနီးလေးတောင် ထပ်တိုက် ၀တ်လို့ အမေ ဆူခံရတာ ခဏ ခဏ ဘဲ .. ဟင်းချက်ရမှာတော့ အရမ်းပျင်းတယ် ညီလင်းရေ ... ခုတလောလေးတိုက်မ၀တ်ဖြစ်တော့ဘူး မတိုက်ဘဲဝတ်ရတဲ့အရသာလည်း ခံစားတတ်သွားပြီး)

mie nge

Anonymous said...

ကိုယ် ငါးဆယ်ရာခိုင်နှုန်း ပါဝင်စိုက်ပျိုးခဲ့သော ချစ်ခြင်း၏ သစ်ပင်ကလေး.. ဗာဟီရ မြက်ရိုင်းတို့ကြားမှာ ဖုံးအုပ်၊ သေဆုံး မသွားစေဖို့ ဆိုတာလေး ဖတ်ရတော့ မျက်ရည်ဝဲမိတယ်။ မြန်မာအမျိုးသားအတော်များများက ဇနီးအပေါ် ကိုယ်ချင်းစာစိတ်..ကူညီချင်စိတ်..မထားတတ်ကြဘူး။ မအိမ်သူ သိပ်ကံကောင်းပါတယ်။