28 August 2013

အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ် (တဂ်ပို့စ်)


အစ်မသက်ဝေ တဂ်ထားတဲ့ ပို့စ်လေးပါ၊ အမှန်တော့ ဒီပို့စ်က အမျိုးသမီးတွေနဲ့ ပိုပြီးတော့ သက်ဆိုင်တဲ့ ပို့စ်လို့ပြောရမယ်၊ ဟုတ်တယ်လေ..၊ သွားလေရာ ယူသွားနေကျ အိတ်ထဲမှာပါတဲ့ အရာတွေအကြောင်း ပြောရမှာဆိုတော့ အမျိုးသမီးတွေအတွက် ရေးကွက်ကောင်းတဲ့၊ ရေးလို့ လက်သွက်စေတဲ့ ပို့စ်ပေါ့၊ ကုန်ကြမ်းတွေက အိတ်ထဲမှာကို တနင့်တပိုးနဲ့ ရှိနေတာ မဟုတ်လား၊း) တကယ်တမ်းမှာလည်း ရေးလာကြသူ အများစုက အစ်မတွေ၊ ညီမငယ်တွေ ပါပဲ...၊ ဒါပေမယ့် အစ်မသက်ဝေက ညီမငယ်တွေ ရေးပေးပါလို့ မပြောဘဲ စာရေးဖော်တွေ အားလုံး ပျော်ပျော်ပါးပါး ရေးပေးဖို့ တဂ်ပါတယ်ဆိုတော့ ယောက်ျား၊ မိန်းမ ရင်ပေါင်တန်းနေကြတဲ့ ၂၁ ရာစုမှာ နေထိုင်သူပီပီ ကျနော်လည်း ဒီတစ်ပွဲမှာ ဝင်နွှဲဖို့ ဖြစ်လာတော့တာ ပါပဲဗျာ...၊

ပြောရရင် ရေးဖို့သာ စိတ်ကရှိတာ..၊ ရေးစရာကုန်ကြမ်းက လောက်လောက်လားလားကို ရှိတာမဟုတ်ဘူး၊ မရှိဆို အပြင်သွားရင် လွယ်နေကျ၊ သယ်နေကျ အိတ်ရယ်လို့မှ မရှိတာကိုး...၊ ဟိုးအရင် ကျောင်းတက်တုန်းကတော့ တခြားကျောင်းသားတွေလိုပဲ ကျောပိုးအိတ်နဲ့၊ စာအုပ်တွေ၊ ကွန်ပါဗူးတွေနဲ့ပေါ့..၊ အခုတော့ ကျောင်းသားလည်း မဟုတ်တော့သလို အလုပ်ကလည်း ထမင်းဗူးတို့၊ ပစ္စည်းကိရိယာတို့ သယ်သွားရတဲ့ အလုပ်မျိုးမဟုတ်ပြန်ဘူး၊ ဆိုတော့ အလုပ်သွား၊ အလုပ်ပြန်မှာ ကျောပေါ်မှာ၊ ပုခုံးပေါ်မှာ ဘာအိတ်မှ မလွယ်ဖြစ်ပါဘူး၊ အခုနောက်ပိုင်း အပြင်သွားလို့ အိတ်တစ်လုံး လွယ်ဖြစ်တယ်ဆိုရင် ဘာအိတ်လဲလို့ ဗေဒင်မမေးနဲ့၊ ဆန်ကုန်တယ်..၊ အဲဒီအိတ်ဟာ ကင်မရာအိတ်ပဲ၊ ဖြစ်နေပုံများတော့ အဲဒီလို...၊

ဒီလိုလူက ဒီတဂ်ပို့စ်ကို ရေးမယ်ဆိုတော့ ကိုရင့်နှယ်.. ဝ,မရှိဘဲ ဝိလုပ်ချင်ပြန်ကော လို့တော့ မတွေးလေနဲ့ဗျို့၊ သယ်စရာ၊ ပိုးစရာအိတ်မရှိပေမယ့် ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာမို့ အိတ်ကပ်တွေထဲမှာ ထည့်ထားတဲ့ ပစ္စည်းလေးတွေတော့လည်း ရှိပြန်တယ်၊ အခု အဲဒါလေးတွေအကြောင်း ပြောရသေးတာပ ...၊



(၁) ပိုက်ဆံအိတ် (အရှေ့ ညာဖက်ဘောင်းဘီအိတ်)

ဒီပိုက်ဆံအိတ်က ဒီနိုင်ငံရောက်ပြီးမှ ကိုင်တဲ့အထဲမှာ ဒုတိယမြောက် အိတ်ပါ၊ သူ့အရင် သားရေပိုက်ဆံအိတ်လေးက မန္တလေးက ဝယ်လာတာ..၊ မန္တလေးမှာ ဘုရားကပ်တဲ့ ရွှေဆိုင်းတွေလုပ်တဲ့ မျက်ပါးရပ်ဆိုတာ ရှိပါရောလား၊ ဧည့်သည်တွေကို ရွှေဆိုင်းဘယ်လို လုပ်တယ်ဆိုတာ လိုက်ပြရင်း အဲဒီမျက်ပါးရပ်ကို ရောက်နေကျ..၊ တစ်ရက်မှာတော့ ကျနော်ပြနေကျ အိမ်နဲ့ ဓါးလွယ်ခုတ်လောက်မှာ ထူးထူးဆန်းဆန်း သားရေဂျာကင်၊ သားရေအိတ်၊ သားရေခါးပတ် စတာတွေ အစအဆုံး ကိုယ်တိုင်ချုပ်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်လာတာ တွေ့တယ်၊ မန္တလေးဆိုတာက သူ့အရပ်နဲ့ သူ့လက်မှုပညာနဲ့ လုပ်စားကြတဲ့ မြို့ဆိုတော့ ရွှေဆိုင်းလုပ်ငန်းတွေ အလယ်မှာ အဲဒီသားရေပစ္စည်းဆိုင်က ထူးခြားနေတာပေါ့၊ တစ်ရက်မှာ စကားလေးဘာလေး သွားပြောရင်းနဲ့ အဲဒီဆိုင်ကနေ ဆိတ်သားရေနဲ့ လုပ်ထားတဲ့ ပိုက်ဆံအိတ်လေး တစ်အိတ် ဝယ်လာဖြစ်တယ်၊ အဲဒီတုန်းကတော့ ဘာရယ်မဟုတ် ဒီလိုပဲ ဝယ်လိုက်တာပါ၊ နောက်ပိုင်း ဒီနိုင်ငံ ရောက်လာတော့မှ အဲဒီအိတ်လေးကို လက်ကမချ တသသ ဖြစ်လာရတော့တာ..၊ မြန်မာမင်း နန်းစိုက်ခဲ့တဲ့ နောက်ဆုံး နေပြည်တော်က (အဲဒီအချိန်တုန်းက နောက်ထပ် နေပြည်တော်တစ်ခု ပေါ်လာမယ်လို့ မသိသေးဘူး) ဝယ်လာခဲ့တဲ့ အိတ်ကလေး ဆိုပြီး...၊ မသိရင်ဘဲ သီပေါမင်းရဲ့ ဘီဒိုလှည်း ပါတော်မူဖို့ ဂေါဝိန်ဆိပ်ကို အဆင်းမှာ ဆိုင်ရှေ့က ဖြတ်တုန်း ချုပ်လုပ်ထားတဲ့ ပိုက်ဆံအိတ်လိုလို ဘာလိုလိုနဲ့၊ နောက်တော့ နောက်ဆုံးမြန်မာဘုရင်ရဲ့ နေပြည်တော်က ဝယ်လာခဲ့တဲ့ အိတ်ကလေးလည်း တိုင်းတပါးမှာ ဇာတ်သိမ်းသွားရတယ်၊ အခု ဓါတ်ပုံထဲက အိတ်ကတော့ မန္တလေးက ဝယ်လာတဲ့ အိတ်နဲ့ အရောင်၊ အနံ့၊ အရသာ တစ်ထေရာတည်းတူ.. အဲ.. ရောကုန်ပြီ၊ တစ်ပုံစံထဲ အားလုံးတူလို့ ဝယ်ထားတဲ့ အိတ်ပါ၊

အိတ်ထဲမှာတော့ ငွေစက္ကူအသေး ၂ ရွက်၊ အကြွေတချို့နဲ့အတူ အကြွေးဝယ်ကဒ်၊ ငွေထုတ်ကဒ်၊ ဆိုင်တစ်ချို့ရဲ့ အသင်းဝင်ကဒ်၊ သွေးအုပ်စုကဒ်၊ ကားပျက်ရင် လာဆွဲပေးမယ့် ဝပ်ရှော့ကကဒ်၊ ကျန်းမာရေး အာမခံကဒ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းမှတ်ပုံတင်၊ ပီဇာဝယ်ရင် ၁၂ ခုမြောက်တိုင်း ၁ ခု အလကားပေးတဲ့ ပီဇာဆိုင်ကဒ် စတာတွေ ရှိပါတယ်၊ အဲဒါတွေထဲမှာ ပိုနေတယ်လို့ ယူဆရတဲ့ အရာ ၃ ခုကို ဆွဲထုတ်လိုက်တယ်၊ ဓါတ်ပုံထဲမှာ ပြထားတဲ့ ဟာတွေပါ၊ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာတန်က ဘယ်သူ ပေးသွားမှန်း မမှတ်မိတော့ဘူး၊ “ရော့.. ၂ ဒေါ်လာတန်က တွေ့ရခဲတယ်၊ ဆောင်ထား..၊ လာဘ်ကောင်းတယ်” လို့ ပြောသွားတာတော့ မှတ်မိတယ်၊ ကျနော် အဲဒါတွေကို မယုံပါဘူး၊ နောက်တော့ ပြန်ထုတ်လိုက်မယ်လေ-လို့ ထားရင်းကပဲ နှစ်တွေက ကြာလာခဲ့တာ၊ နောက်တစ်ခုက တက္ကစီကို ဖုန်းနဲ့ခေါ်ဖို့ကဒ်၊ ဒါပေမယ့် တက္ကစီက စီးခဲသလို စီးရင်လည်း ဖုန်းနံပါတ်ထဲမှာ အသင့်ထည့်ထားပြီးသား နံပါတ်ကိုပဲ တန်းပြီးနှိပ်လေ့ ရှိတော့ ဒီကဒ်ကလည်း အပိုပါပဲ၊ နောက်ဆုံးတစ်ကဒ်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စင်္ကာပူ သွားတုန်းက ဝယ်ထားခဲ့တဲ့ M1 prepaid card..၊ သူ့ရဲ့ ဆင်းမ်ကဒ်က ဖုန်းထဲမှာ ထည့်ပြီးသားဖြစ်လို့ ဒီကဒ်ကို လွှင့်ပစ်မယ်ဆိုရင် ပစ်လို့ရပါပြီ၊ ဒါပေမယ့် လိုလိုမယ်မယ် ကြည့်ချင်တာရှိရင် ကြည့်ရအောင်ဆိုပြီး ထည့်ထားမိတာ အခုထိပဲ၊ ပြီးတော့ ဒီကဒ်လေး ပိုက်ဆံအိတ်ထဲမှာ ရှိနေတာက ချစ်ခင်ရသူတွေရှိတဲ့ Little red dot လေး ကိုယ်နဲ့မကွာ တချိန်လုံး ရှိနေသလိုလို ဘာလိုလိုနဲ့....၊း)

(၂) လက်ကိုင်ဖုန်း (အရှေ့ ဘယ်ဖက်ဘောင်းဘီအိတ်)

ဖုန်းကို ဘောင်းဘီအိတ်ထဲမှာ ထားတာ မကောင်းမှန်းသိပေမယ့် တခြားဘယ်မှာထားရမှန်း မသိလို့ ဒီလိုပဲ ဆက်ထားဖြစ်နေတယ်၊ ဘယ်လောက်တောင်လဲ ဆိုရင် တခါတုန်းက ဂရိကမ်းခြေ တစ်ခုမှာ ရေထဲဝမ်းသာအားရ ဆင်းဆော့တယ်၊ ဟိုတယ်မှာကတည်းက ဝတ်လာတာက ရေကူးဘောင်းဘီ ဆိုတော့ ဘာမှကို တွေးမနေတော့တာ...၊ နာရီဝက်လောက်နေမှ ̔ဟင်̕ ကနဲဖြစ်ပြီး ရုတ်တရက် သတိရတယ်၊ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ဖို့ မေ့သွားတယ် ဆိုတာ..၊ ဘယ်ရတော့မလဲ၊ သွားပြီပေါ့၊ အခု ဒီဖုန်းကိုတော့ ရေကူးတတ်လား၊ ပင်လယ်ရေထဲမှာ ကူးနိုင်လားဆိုတာ မစမ်းကြည့်ရသေးဘူး...၊း)

(၃) သော့တွဲ (အနောက် ညာဖက်ဘောင်းဘီအိတ်)

တစ်ခုတည်းသော သော့တွဲပါ..၊ ရှိသမျှသော့တွေ အကုန်တွဲထားတယ်၊ ရုံးခန်းသော့၊ အိမ်ခန်းသော့၊ အိမ်ခန်းမင်းတုပ်သော့၊ အောက်ထပ် အိမ်တံခါးမကြီးသော့၊ စာတိုက်သေတ္တာသော့၊ စက်ဘီးထားတဲ့ အခန်းသော့၊ တိုလီမုတ်စထားတဲ့ မြေအောက်ခန်းသော့၊ အားလုံးပေါင်း ၇ ချောင်း...၊ မအိမ်သူက သူ့လိုမျိုး ရုံးခန်းသော့တစ်တွဲ၊ အိမ်သော့တွေတစ်တွဲ နဲ့ စာတိုက်သော့၊ စက်ဘီးခန်းသော့၊ မြေအောက်ခန်းသော့ တစ်တွဲ ထားပါလားလို့ အကြံပေးတယ်၊ တစ်ရက်နှစ်ရက် လုပ်ကြည့်တယ်၊ ဟိုအတွဲမေ့၊ ဒီအတွဲမေ့နဲ့.. ဘယ်လိုမှ အဆင်မပြေတာနဲ့ သော့တွေအားလုံးကို တပေါင်းတစည်းထဲ ချစ်ချစ်ခင်ခင် ရှိပါစေဆိုပြီး အတူပြန်ထားလိုက်တယ်၊ နောက်နေ့ကျတော့ မအိမ်သူက စတီးလ်နဲ့ လုပ်ထားတဲ့ အဲဒီဝေလငါး သော့ချိတ်လေး ဝယ်လာပေးတယ်၊ သူပေးတဲ့အကြံ နားမထောင်လို့ မသိမသာ ပညာပြတာလားတော့ မသိဘူး၊ အဲဒီနေ့ကစပြီး ဘောင်းဘီအိတ်ထဲက သော့တွဲကြီးထုတ်ရင် ဝေလငါး အမြီးနဲ့ ဘောင်းဘီနဲ့ ငြိရင်ငြိ၊ မငြိရင် ဟောဟို ကလန်ကလားနဲ့ မြေအောက်ခန်းသော့တံကြီးနဲ့ ငြိနေတတ်ပါ လေရော...၊

(၄) လက်ကိုင်ဖုန်းနားကြပ် (အနောက် ဘယ်ဖက်ဘောင်းဘီအိတ်)

ရုံးအသွား ဆယ်မိနစ်၊ ရုံးအပြန် ဆယ်မိနစ် လမ်းလျှောက်သွားချိန်မှာ သီချင်းနားထောင်ဖို့...၊ တခါတလေလည်း ဓါတ်ခွဲခန်းထဲမှာ တစ်ယောက်တည်း အလုပ်,လုပ်ရင်း နားထောင်ဖြစ်ပါတယ်၊ အဲဒီလို နားမထောင်ဖြစ်ရင်တော့ အသာလေးခွေပြီး ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်တယ်...၊

အင်း... ရေးချင်လို့သာ ရေးလိုက်ပေမယ့် ကျနော့်မှာက သူများတွေလို ၃ ကီလိုခွဲလောက် လေးတဲ့အိတ် မရှိတဲ့အပြင် ချပြစရာ ဆိုတာကလည်း SD card မရှိ၊ thumb drive မရှိ၊ လုံးခြေထားတဲ့ တစ်ရှူးမရှိ၊ ထီးမရှိ၊ ဘီးမရှိနဲ့...၊း) ဘာပဲဖြစ်ဖြစ် ဟိုးအရင် ဘလော့ဂ်တွေ စည်ကားစဉ်တချိန်က အလားတူတဂ်ပို့စ်တစ်ခုမှာ ယောက်ျားလေးတွေကလည်း ကိုယ့်ပိုက်ဆံအိတ် ကိုယ်ဖွင့်ပြကြရင်း အပြန်အလှန် ရေးကြတာကို အောက်မေ့ချင်စရာပါ၊ အခုလို ခြောက်ကပ်နေတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါး တဂ်ပို့စ်လေးနဲ့ ရေးဖော်ရေးဖက်တွေ လှုပ်ရှားအသက်ဝင်လာတာ တွေ့ရလို့ ကျနော်ကလည်း ဝမ်းသာအားရနဲ့ ပူးပေါင်းအားဖြည့်ချင်မိရုံ သက်သက်ပါပဲ၊ ကျနော်ရေးတာ တစ်ရက်နောက်ကျလို့ ခေါင်းစဉ်ကိုတော့ နည်းနည်း ပြင်လိုက်ရပါတယ်၊ ယောက်ျားမိန်းမ မခွဲခြားဘဲ ရေးဖော်တွေ အားလုံးကို သတိတရ တဂ်တဲ့ အစ်မသက်ဝေကိုလည်း ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၂၈ သြဂုတ်၊ ၂၀၁၃

26 comments:

ritcivil84singapore said...

စာရေးကောင်းတဲ့သူတစ်ယောက်ဘဲ....အမြဲလာဖတ်အားပေးပါတယ်

ညိုလေးနေ said...

ကင်မရာအိတ်ကြီး သွန်တယ်မှတ်လို့ ကောက်မလို့ အပြေးလာတာ အစ်ကိုရာ ... လွဲသွားတယ် :P
ကီလိုပေါင်းများစွာလေးမယ့် အိတ်ကြီး လွယ်ရတိုင်း မိုင်ပေါင်းများစွာက မောင်နှမတွေကို သတိရလိုက်ပါနော်း)

မန္တလေး သားရေအိတ်လေးကို စွဲစွဲမြဲမြဲသုံးတာကိုလည်း သဘောကျမိတယ်။

ချစ်ကြည်အေး said...

ဟဟဟား ကိုညီလင်းသစ်က စာရေးကောင်းတော့ ဘာရေးရေး ဖတ်ကောင်းနေတာပါပဲ။ တော်သေးတာပေါ့ ဘောင်းဘီအိတ်က ၄ခုထဲ ရှိနေပေလို့ :)

မြသွေးနီ said...

ယောကျာ်းလေးတွေရဲ့ ဘောင်းဘီအိတ်က ပိုက်ဆံအိတ်ပဲဆိုတာ ခုမှ သိပြီ...။ တချို့ အိတ်တွေအများကြီးပါတဲ့ ဘောင်းဘီမျိုးဆို ဒီထက်ပစ္စည်းက ပိုများမယ် ထင်တယ်။ အိတ်လေးအိတ်မှာ ထည့်ထားသမျှက မရှိမဖြစ်တွေချည်းပါပဲ။ ကျွန်မတို့ မိန်းကလေးတွေသာ တိုလီမုတ်စ ပွထနေတာ..။ မသက်ဝေကျေးဇူးနဲ့ Tag Postလေးကြောင့် ဘလော့ဂ်တွေ လိုက်လည်ဖြစ်သွားပြီ ကိုညီရေ..။

Adora etc. said...

ဟို ၁၇ ဆိုတဲ့ သော့အကြီးကြီးက မအိမ်သူနဲ့ဝယ်တဲ့သော့ကြီးဖြစ်ရမယ်။
ပုံ
စုံထောက်ကြီး

rose of sharon said...

ယောင်္ကျားလေးဘဝများအပြင်သွား ပေါ့ပေါ့ပါးပါးရယ်နော်... တို့မိန်းမတွေများ အပြင်တခါသွားဘို့အရေး လိုအပ်ချက်တွေများမှများ

မဒမ်ကိုး said...

ရေးသွားလိုက်တာများမန်းတလေးတောင်ပြန်ရောက်သွားသလိုလိုဖြစ်လိုက်သေးး))

Cameron said...

အစ်ကိုအိတ်နှိုက်တာလာချောင်းကြည့်သွားတယ်...း) 27ကျော်သွားလို့ ခေါင်းစဉ်လေးပြောင်းပစ်လိုက်တာလေးသဘောကျတယ်..စာရေးကောင်းတော့ ဘယ်လိုရေးရေးဖတ်ကောင်းနေ စွဲဆောင်မှုရှိနေတာပါပဲ...

ရွှေအိမ်စည်မေ said...

Tag ပို့စ်ဆိုတာ ဒီနေ့ ဖေ့ဘုတ်ကို ၀င်မှ သိတယ် :D
ရက်က ကျော်သွားပြီမို့ သွန်တော့ပါဘူးလေ...
အကို ရေးတာဖတ်ပြီး ရယ်မိတယ်...
အေးခဲနေတဲ့ ညီမစိတ်တွေပါ ပြန်နွေးထွေးလာသလိုပဲ

ချစ်ခင်သော

သက်ဝေ said...

Blog List မှာ ကြည့်လိုက်တော့ ဟာ... တို့ ကိုညီလင်းတစ်ယောက်လည်း အိတ်မှောက်သဟ.. လို့ အသံထွက်ပြီး အော်လိုက်မိတယ်... တကယ်.. တကယ်...
ဘောင်းဘီ အိတ် လေးအိတ်စလုံး အပြည့် ပစ္စည်းတွေထဲမှာ Little Red Dot အမှတ်တရလေးက so touched...
Tag Post လေးကို ပျော်ပျော်ပါးပါး ရေးပေးတာ ကျေးဇူးနော် ကိုညီလင်း...း-)

Thandar Lwin said...

သွေးအုပ်စုကဒ် တဲ့
ကိုညီလင်း ရဲ့ အရှေ့ညာဖက်ဘောင်းဘီအိတ်ထဲမှာ ပါတာတွေက တကယ့် အရေးတကြီးတွေချည်းပဲ ။
မြေအောက်ခန်း ကိုရော မြေအောက်ခန်းသော့တံကိုပါ စိတ်ဝင်စားတယ် ။
မြေအောက်ခန်းမှာ ဘာတွေထားလဲဟင်
( ရွှေအိုးကြီးတွေမြင်ယောင်ရင်း မေး)

Maung Myo said...

များလိုက်တဲ့ ကဒ်တွေပါလားနော်း) ချမ်းသာလိုက်တဲ့ သူကြီးး ။


ဒီပို့စ်လေးဖတ်ပြီး မဲဆောက်မှာတုန်းက လွယ်ခဲ့တဲ့အိတ်ကလေးတောင်ပြန်သတိရတယ်။

ဒါနဲ့ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ရင် ဘာဖြစ်လို့လဲ အစ်ကို တကယ်မသိလို့ ။

ညိမ်းနိုင် said...

ကိုညီလင်းမို့ ဒီသော့တွဲကြီးကို ဘောင်းဘီအိတ်ထဲ
အမြဲထည့်သယ်နိုင်တယ်...၊ကျွန်တော်ဆို ခိုးလိုးခုလု
ဖြစ်တဲ့ဒဏ်ကိုမခံနိုင်လို့ သော့တွဲဘယ်တော့မှမဆောင်ဘူး
အရင်က အခန်းသော့ကို ပိုက်ဆံအိတ်ထဲ ကီချိန်းမတပ်
ပဲ ထည့်ထားတာရယ်...၊ကျန်တဲ့သော့တွေဆို နံပတ်
နဲ့ ဖွင့်ပိတ်လုပ်တဲ့ သော့တွေနဲ့ခတ်တယ်ဗျ... :)))

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ်က အစ်ကိုတော့ ကင်မရာအိတ်ကြိး ဖွင့်မယ် ထင်နေတာ ..လွဲသွားတယ် တည့်တည့်ကြိးပဲ ..:P အစ်မချစ်ပြောသလိုပဲ တော်သေးတယ် ဘောင်းဘီအိတ် လေးအိတ်ပဲ ရှိလို့... :D ဒါနဲ့ စကားမစပ်အကို ဈေးဝယ်ရင် ရှိသမျှ အကြွေစေ့တွေ ထုတ်ပေးတော့ အရောင်စာရေးမလေးတွေက... မျက်လုံးကြီး ပြူးပြီး ကြည့်ကြဝူးလားဟင်... :)

ညီလင်းသစ် said...

ritcivil84singapore...
အခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ...၊

ညီမလေးညို...
ဟားဟားဟား... ပြောရော့မယ် ညီမလေးကတော့...၊ အင်း.. ကင်မရာအိတ်က အထွက်ထက်စာရင် အဝင်တွေပဲ များနေတာ...၊း)

အစ်မချစ်...
အဟား.. အဲဒါက ပုံမှန်ဝတ်နေကျ ဂျင်းဘောင်းဘီတွေ အတွက်ကို ပြောတာ အစ်မရ..၊ တခါတလေ carpenter pants လို အိတ်တွေ အများကြီးနဲ့ဟာ ဝတ်လို့ကတော့ ကြိုက်တဲ့နေရာ ထည့်လို့ရလို့ သဘောတွေ ကျနေရော...၊း))

အစ်မမြသွေး...
အစ်မလည်း ခုတလော ပျောက်နေသူတွေထဲ ပါတယ်နော..၊း) ဟောဒီပို့စ်လေးကို အကြောင်းပြုပြီး ပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ...၊း)

Adora etc...
အဲ.. မဟုတ်ဘူးဗျ၊ အဲဒီသော့ကြီးက cellar မြေအောက်ခန်း ဖွင့်တဲ့သော့...၊ ဒီအိမ်နဲ့အတူ ပါလာတာ...၊း)

မရိုစ့်...
ဒါက ပုံမှန်မို့လို့ မရိုစ့်ရဲ့..၊ ဓါတ်ပုံပစ္စည်းတွေ သယ်တဲ့အခါများ ဆိုရင်တော့ လူနဲ့ကို မတူဘဲ ဝန်တင်လားနဲ့တောင် တူသွားတတ်တယ်...၊းD

မဒမ်ကိုး...
ညီမက မန်းသူလား...? ကျနော်လည်း မန္တလေး မရောက်ဖြစ်တာ ကြာပြီဗျာ...၊

ညီမမိုး...
ကျေးဇူးပါ ညီမရေ...၊ ဟုတ်တယ်ဗျ၊ ကိုယ်က သူများတွေလို အချိန်မီ မရေးနိုင်တော့ အဆင်ပြေအောင် လုပ်ရတော့တာ ပါပဲ..၊း)

ညီမသူသူ...
ကဲ.. ပျောက်နေတဲ့ ညီမလေးလည်း တဂ်စကြာနဲ့ ဆင့်ခေါ်လိုက်မှ ရောက်လာတော့တယ်၊းD ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်တွေ့ရတာ ဝမ်းသာတယ် ညီမရေ...၊း))

အစ်မသက်ဝေ...
မမှောက် ခံနိုင်ရိုးလားဗျာ...၊ ရေးဖော်ရေးဖက်တွေ လှုပ်ရှားအသက်ဝင်လာအောင် ၃ ကီလိုခွဲ လေးတဲ့ အိတ်နဲ့ မွှေ့ယမ်းလိုက်မှတော့ ရေးကို ရေးရတော့တာပေါ့....၊းD

မသန္တာ...
ဟုတ်တယ်ဗျ၊ တော်ကြာ မတော်တဆတွေ ဘာတွေဖြစ်လို့ ရှော့ခ်ရပြီး ကိုယ့်သွေးအုပ်စု ကိုယ်မေ့နေမှာ စိုးလို့...၊း) အဲ.. မြေအောက်ခန်းကတော့ ဘာမှအထွေအထူး မဟုတ်ပါဘူးဗျာ၊ တိုလီမုတ်စတွေနဲ့ ဝိုင်ပုလင်း၊ ski, ခရီးဆောင်သေတ္တာ စတာတွေ ထားတာပါ၊ ရွှေနဲ့ ဆင်တာဆိုလို့ နနွင်းမှုန့် ပုလင်းပဲ ရှိတယ်...၊းD

မောင်မျိုး...
အထင်မကြီးနဲ့ဗျ..၊ ကဒ်တွေက ဒစ်စကောင့်ကဒ်တွေ၊ မင်န်ဘာကဒ်တွေ ချည်းပဲ..၊ လက်တွေ့မှာ ဘာမှ အသုံးမဝင်ဘူး၊း) ဖုန်းကို ဘောင်းဘီအိတ်ထဲ မထည့်ဖို့ ပြောကြတာက ဖုန်းကနေ အမြဲ ထုတ်လွှတ်နေတဲ့ radiation ရောင်ခြည်တွေကြောင့်ပါ၊ ဖုန်းကို လုံးဝပိတ်ထားတဲ့ အချိန်ကလွဲလို့ radiation တွေအမြဲ ထွက်နေတတ်တော့ ယောက်ျားတွေရဲ့ မျိုးပွားအင်္ဂါ အဖွဲ့အစည်းကို ထိခိုက်နိုင်တယ်လို့ ပြောကြတယ်...၊း)

ကိုညိမ်း...
အေးဗျာ.. ကိုညိမ်း ပြောမယ်ဆိုလည်း ပြောစရာပါပဲ၊ ကျနော့်မှာ အဲဒီသော့တွဲကြီးနဲ့ ဒုက္ခ ခံနေရတာ၊း) ဒါနဲ့ မတွေ့တာ ကြာပြီ၊ အားလုံး အဆင်ပြေတယ် မဟုတ်လား...၊း)

ညီမအိန်ဂျယ်...
အဟား.. ကင်မရာအိတ်ထဲမှာ သွန်စရာတွေ မရှိသေးလို့ မဖွင့်သေးတာ ညီမရဲ့...၊ အရောင်းစာရေးမလေးတွေ မကြည့်ပါဘူးဗျာ၊ သူတို့က အကြွေရလို့ ကျေးဇူးတောင် တင်သေး..။း))

Adora etc. said...

အော ဂလိုလား? အင်း မှားတဲ့အခါလဲ မှားပေမပေါ့ :D

အိမ့်ချမ်းမြေ့ said...

ကိုညီ့အိတ်က ထင်ထားတာထက် ရှင်းတယ်...း))

Anonymous said...

အို သူလဲ သူ.ဆိတ်အထွာနဲ. အတော်ဟုတ်ရှာသား။

ဘာဘဲဖြစ်ဖြစ် ကိုညီလင်းက တော်တော်ခင်ဖို.ကောင်းတယ်။ အမတွေ ညီမတွေကြားထဲက မောင်တယောက် ၊အကိုတယောက် လိုဘဲ ..အမတွေညီမတွေရေးခိုင်းတာကို သေချာ ဓာတ်ပုံလေးတွေရိုက်၊ စီကာစဉ်ကာနဲ.ရေးတတ်ပါ.။

ဟီးဟီး ဝေါလက်လေးနဲ.သော.တွဲလေးနဲ.တွေ.ရတော. အသံထွက်အောင်ရီမိသွားတယ်။

Anonymous said...

ကိုညီလင်းအိတ်က ဘာမှလဲမပါဘူး။ မအိမ်သူအိတ်သွားမှောက်ပါဗျို.။

Anonymous said...

In my bag I even have diaper, baby wipe and one extra cloth for my girl. :-)) My friend said why not you use luggage. :-))

ှစာချစ်သူ(Canada)

San San Htun said...

ကိုညီ့အိတ်က အရှင်းဆုံး.. ၁၇ မြေအောက်ခန်းသော့တံကြီးက တကယ့်ကို ကလန်ကလားကြီး..း)

Yan said...

ကိုညီ့ပို့စ်ကို ဖတ်ပြီး ကိုယ်နဲ့တူတဲ့ နေရာလေးတွေ ရောက်ရင် ဟတ်ခနဲ ရယ်လိုက်၊ ခေါင်းတဆတ်ဆိတ် ညိတ်လိုက်၊ ကုန်သွားတဲ့ ဖုန်းကဒ်လေးတွေ သယ်ထားဆောင်ထားတာချင်းကလည်းတူ၊ ဘောင်းဘီအိတ်ထဲက သော့တွဲထုတ်ရင် ဟိုငြိဒီငြိ ဖြစ်တတ်တာချင်းကလည်းတူ....

ဖတ်လည်းပြီးရော ကျွန်တော့်မျက်နှာကြီးက ပြုံးဖြီးဖြီးကြီး ဖြစ်လို့...

ဘာမှ ထုတ်ပြစရာ မရှိတဲ့ပိုက်ဆံအိတ်လေးကိုပဲ အကြောင်းအရာလေးတွေ စီကာပတ်ကုံး ရေးပြသွားတာလေးက ဖတ်လို့ကောင်းတယ် ဘရို...

လက်ရှိဖုန်းလေးကို ရေကူးတတ်မတတ် စမ်းမယ့်နေ့ကိုလည်း မျှော်လင့်နေပါကြောင်း...

ချစ်ခင်စွာဖြင့်

Y.

ညီလင်းသစ် said...

Adora etc...
ပထမတုန်းက “စုံထောက်ကြီး” လို့ ပြောတယ်၊ အခု “မှားတဲ့အခါလည်း မှားပေမပေါ့” လို့လည်း ပြောပြန်တော့ သေချာပြီ... ဦးရှံစားပဲ ဖြစ်ရမယ်...၊း)

မလေး...
ဟုတ်တယ်ဗျာ...၊ အဲဒါကြောင့် ရေးစရာတောင် သိပ်မရှိလို့ မနည်းစဉ်းစား လိုက်ရသေးတာ..၊း)

အမည်ဝှက်စာဖတ်သူ...
သြော်.. ဘလော့ဂ်လောကကြီး ခြောက်ကပ်ရတဲ့အထဲ ပြေးကြည့်မှ ဒီလူ၊ ဒီလူပဲ ရှိတာဆိုတော့ အစ်မတွေ၊ ညီမတွေ ပြောတဲ့အတိုင်း ရေးရတော့တာ ပေါ့ဗျာ၊း) ဒါနဲ့ ပိုက်ဆံအိတ်နဲ့ သော့တွဲကို တွေ့တော့ ဘာတွေများ သဘောကျသွားပါလိမ့်...?း)

အမည်ဝှက်စာဖတ်သူ (၂)...
အာ.. သူ့အိတ်သွားမှောက်လို့ မတော် ကျနော့်အပေါ် ထမင်းအိုး ပြန်မှောက်လိုက်မှ တခါတည်း ဗိုက်ပါ မှောက်နေရပါဦးမယ်ဗျာ....၊ ဟူး.....။းD

ကနေဒါက စာချစ်သူ...
Really...!! :) Then, yours must be like Mary Poppins' bag. :D But, it's so sweet to see motherhood inside a bag. :)

ညီမစန်းထွန်း...
ဟုတ်တယ်...၊ ဟုတ်တယ်...၊ သူပေါ့..၊ ဘောင်းဘီအိတ်နဲ့ တချိန်လုံး ငြိနေတာ...၊း))

ဘရိုရန်...
ဘလော့ဂ်ပေါ်မှာ ပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ...၊ တကယ်...၊း) အဲ.. ဖုန်းလေးတော့ ရေကူး သင်ဖြစ်မယ် မထင်ဘူးဗျ၊ ခမျာ အအေးပတ်ပြီး နေမကောင်းဖြစ်နေမှာ...။း))

ပစ်ပစ် said...

ဘောင်းဘီအိတ်ထဲဖုန်းထည့်ရင်
ဘာဖြစ်လို့လည်းအကို
ပစ်လည်း ဘောင်းဘီအိတ်ထဲ ပဲ
ဖုန်းထည့်နေကျ

လရိပ်အိမ် said...

ဒီဟာတွေအကုန်လုံးကို ဘောင်းဘီအိတ်ထဲထည့်တော့ မလေးဘူးလား ကိုညီလင်းသစ်။ ခေါင်းစဉ် ယူသွားတယ်နော်။ အဲဒီအတွက် ကြိုက်တာကျွေးပါ့မယ်။

@**_**@
အိတ်မှောက်ကြောင်း တင်နေတာကို ဘလော့က ဂဂျိုးဂဂျောင်လုပ်နေတယ်။ post အသစ်တက်တာ မမြင်ရဘူး။ ခုမြင်ရတော့ နှိပ်ကြည့်တော့လဲ ဆောရီးတဲ့။ သူကမတက်လာတော့ လရိပ်က ဖျက်လိုက်ပြန်တင်လိုက်လုပ်နေတော့ ဘာတွေမှန်းကို မသိဘူး ဖြစ်ရော။ လင့်အမှန်က ဒီမှာ

http://moonlithouse.blogspot.tw/2013/08/tag-post_1676.html

Aunty Tint said...

ဘလော့တွေလည်ခွင့်ရလို့ လွန်ခဲ့တဲ့ ရက်ပေါင်းများစွာက သွန်ခဲ့တဲ့ အိတ်ထဲက စနစ်တကျ စီစီရီရီ ပစ္စည်းလေးတွေကို ကြည်နူးစွာဖတ်သွားတယ် မောင်ညီလင်းး)
စာရေးကောင်းသူဆိုတော့ ဘယ်လိုရေးရေး ဖတ်ကောင်းနေတာအားကျစရာပဲ ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်