01 September 2014

ကောင်းကင်ထဲက ခရီးသွားများ...


ပြီးခဲ့တဲ့ တရက်တုန်းက ကောင်းကင်ထဲက ခရီးသွားတသိုက်နဲ့ အမှတ်မထင် ဆုံမိပါတယ်၊ ကျနော်ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ်၊ သူတို့ကလည်း သူတို့အကြောင်းနဲ့သူတို့… ရှိနေကြတုန်း ရေကန်ကြီးရဲ့ အချိုးအကွေ့ တခုမှာ ပြက်ပြက်ထင်ထင်ကို ဆုံခဲ့ကြတာ…၊ ကိုချောပြောခဲ့တဲ့ တိမ်တွေနဲ့ တောင်တန်းတွေရဲ့ လင်ခန်းမယားခန်း အနေအထိုင်ကို တွေ့တဲ့အခါ ကျနော့်လက်တွေက ကင်မရာပေါ်ကို အလိုလို ရောက်သွားကြတယ်၊ ကျနော်နေထိုင်ရဲ့ အရပ်မှာ အခုလို တိမ်တွေစုဖွဲ့မှုမျိုးကို မကြာခဏ မြင်ရတတ်ပါတယ်၊ ဒါပေမယ့် တိမ်စုတိမ်ခဲတွေ အလုံးအခဲလိုက် ဖြစ်နေချိန်ရယ်၊ နေရောင်ခြည်တန်းတို့ ဖြာကျချိန်ရယ်၊ ကျနော့်လက်ထဲမှာ ကင်မရာတလုံး ရှိနေချိန်ရယ် တထပ်ထဲကလည်း ကျဦးမှ မဟုတ်လား…၊



အမှန်က ကျနော့်အလုပ်ရဲ့ ရေအရင်းအမြစ်ဆိုင်ရာ field research တိုင်းတာရေး ကိစ္စတွေအတွက် မော်တော်နဲ့ သွားတဲ့မနက်ခင်း တခုမှာ ဟောဒီတိမ်တွေကို တွေ့ခဲ့တာပါ၊ ပြင်သစ်နယ်စပ်၊ ဆွစ်ဇာလန် နယ်မြေထဲမှာရှိတဲ့ Le Grammont ဆိုတဲ့ တောင်ထိပ်ပေါ်မှာ သူတို့တွေက တွဲလွဲခိုနေကြတာပေါ့၊ Le Grammont က မီတာ ၂၁၀၀ လောက်မြင့်တဲ့ Alps တောင်ထွတ်တခုပါ၊ မောင်းနေတဲ့ မော်တော်ကို စက်ရှိန်နည်းနည်း လျှော့လိုက်တော့ အရှေ့ဖက်မှာထိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘာများဖြစ်တာလဲဆိုတဲ့ သဘောနဲ့ လှည့်ကြည့်ကြတယ်၊ ဆူညံနေတဲ့ မော်တော်စက်သံကြားမှာ သူတို့ကို အော်ပြောလည်း ကြားမှာမဟုတ်မယ့်အတူတူ ကင်မရာကို မြှောက်ပြပြီး တိမ်တွေကို လက်ညှိးထိုးပြလိုက်တော့ သဘောတကျနဲ့ ခေါင်းညှိတ်ပြီး ပြန်လှည့်သွားကြတယ်၊ အဲဒီလိုနဲ့ ကင်မရာရဲ့ view finder ကနေ ခရီးသွားမိုးတိမ်တွေကို ငေးကြည့်ဖြစ်ခဲ့တယ်၊ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးပါပဲ… …၊



အနောက်ဖက်ကို အမှတ်မထင်လှည့်ကြည့်မိတော့ ကျနော်နေထိုင်ရာ မြို့ကလေးကလည်း မိုးတိမ်တွေ အောက်မှာပါပဲ၊ ကျနော့်အရှေ့ဖက်က တရွေ့ရွေ့သွားနေတဲ့ မိုးတိမ်တွေက ဂျစ်ပစီမိုးတိမ်တွေဆိုရင် အနောက်ဖက်က ဟောဒီမိုးတိမ်တွေက ဘောင်းဘီဝတ်မိုးတိမ်တွေ များလား?



မော်တော်စက်သံ တဝုန်းဝုန်းကြားထဲမှာကိုပဲ The Ants ရဲ့ ရောင်စုံချောကလက် အခွေထဲက ထူးအိမ်သင်ဆိုထားခဲ့တဲ့ “မိုးတိမ်အကြောင်း” သီချင်းကို ကြားလာမိတယ်၊ ♫♫ တိမ်တွေဖွဲ့စည်းထား xxx မြင်သာချိန် အခိုက်အတန့်လေးမှာ xxx တိမ်တွေပြိုကွဲသွား ♪♪♫ ၊ လင်းကွင်းသံလေး တချက်စီရယ်၊ တယော solo သံလေးရယ်၊ vibrato မပါဘဲ လေသံမျှင်းမျှင်းလေးနဲ့ ဆိုထားတဲ့ “မိုးတိမ်အကြောင်း” ဟာ Le Grammont တောင်ပေါ်က တိမ်ထုတွေဆီကနေ ဂျီနီဗာကန်ထဲအထိ စီးဆင်းကျလာခဲ့တယ်၊ တော်သေးတယ်…၊ လွမ်းခြင်းအားဖြင့် ၁၀ နှစ်တာ အမှတ်တရပွဲမှာ အဲဒီသီချင်းကို ဘယ်သူမှ ဖျက်ဆီးမသွားခဲ့လို့…။ ။း)


ညီလင်းသစ်
၁ စက်တင်ဘာ၊ ၂၀၁၄

18 comments:

Anonymous said...

ကျမကတိမ်တွေကိုကြည့်ရတာဝါသနာပါတယ်။
သူတို့ ဘယ်လိုနေနေလှနေတယ်လို့ လည်းထင်မိတယ်။
ကိုညီလင်းသစ်ရိုက်ချက်နဲ့ ဆိုရင်တော့
ဘယ်ပန်းချီရေးလို့ မမှီဖြစ်သွားတာပေါ့။
အိုင်အိုရာ

Aunty Tint said...

ဓာတ်ပြားဟောင်းကြီးပြန်ဖွင့်ရမှာပဲ မောင်ညီလင်းရေ.. ရိုက်ချက်ကတော့ အိုင်အိုရာ ပြောသလို ပန်းချီဆရာ ငိုလောက်တယ်။ ရေစက်လေးတွေကအစ ထင်ထင်သာသာနဲ့ မော်တော်ဘုတ်နဲ့အတူ လိုက်ပါစီးနင်းရင်း ပို့စ်လေးဖတ်ဘို့ အရှိန်ယူတုန်းရှိသေး ပြီးသွားရော… :)

Cameron said...

တိမ်တွေနောက်စီးမျောလိုက်ပါရင်း...။အစ်ကို့အသံနဲ့သီချင်းနားမထောင်ရတာကြာပြီ တင်ပါဦး...။

သက်ဝေ said...

တိမ်တွေကို စီးပြီး မင်း ရှိရာဆီ အရောက် အရောက်လာမယ်... တိမ်တွေကို စီးပြီး မင်း ရှိရာဆီ အရောက် အရောက်လာမယ်... (တိမ်တွေကို ကြည့်ရင်း သီချင်းဆို ပြီး ပြန်သွား)

Mrs. Bagel said...

အိုက်ကို လေးရော၊ ကိုညီလင်းသစ်တို့နဲ့ အဆင်ပြေနေလား? (ဘာမဆိုင် တိမ်ပို့စ်မှာ လာရေးသွား) :P

ဇွန်မိုးစက် said...

Awesome shot & it's beautiful!
ပုံကြည့်ပြီး လေးလေးဝါးဆိုဖူးတဲ့ သီချင်းလေးတစ်ပုဒ် ပြန်ကြားယောင်လာတယ်။ 'ဝေဟင်ကမ္ဘာပေါ်တစ်ကြောက အဝေးလေးပြေးမိုးတိမ်၊ ခိုစီးလို့ လိုက်ပါချင်' ကိုညီရော အဲ့ဒီသီချင်းလေးကို သိလား?

ညီလင်းသစ် said...

မအိုင်အိုရာ…
ကျေးဇူးပါဗျာ၊ ဒါနဲ့ long time no see နော် sis၊ နေကောင်းတယ် မဟုတ်လား၊

တီတင့်…
အမ်… ဓာတ်ပုံလေး နည်းနည်းပြချင်တာ ဆိုတော့ ဘာမှ ထွေထွေထူးထူး ရေးစရာမရှိလို့ တီတင့်ရ…၊းD

ညီမမိုး…
အင်း… “ဆိုချင်ရက် လက်တို့” တော့ ဖြစ်တော့မယ်နဲ့ တူတယ်ဗျ၊း)

အစ်မသက်ဝေ…
ဘယ်သူ့ သီချင်းများပါလိမ့်? မကြားဖူးဘူး အစ်မရေ…၊း)

ညီမမြတ်ကြည်…
အဆင်ပြေပါတယ် ညီမရေ၊ ဆော့လိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ ပျော်နေလေရဲ့…၊ (ဆိုင်ဆိုင် မဆိုင်ဆိုင် တိမ်ပို့စ်မှာပဲ ပြန်ဖြေသွား)းP

ညီမလေးဇွန်…
Thanks sis…! ဟင့်အင်း… မကြားဖူးဘူး ထင်တာပဲ၊ “ကလေးအတွေး” ထဲကလား?

ဇွန်မိုးစက် said...

မဟုတ်ဘူး အစ်ကို။ ၉၃၊ ၉၄ လောက်က ထွက်တဲ့ YMCA နှစ်ပတ်လည် အခွေထဲမှာ။ အဲ့ဒီထဲမှာ ခရစ်ယာန်အဆိုတော် တော်တော်များများ ပါဝင်သီဆိုထားကြတယ်။ အေးချမ်းမေ မဖြစ်သေးတဲ့ နော်လယ်ထူးလည်း ပါတယ်။ တစ်ခွေလုံးမှာ ဖြည်းဖြည်းငြိမ့်ငြိမ့်နဲ့ ဆိုသွားတဲ့ လေးလေးဝါးသီချင်းကို ဇွန် အကြိုက်ဆုံးပဲ။း)

ညိုလေးနေ said...

အစ်မသက်ဝေ ဆိုသွားတာ ရတီပွင့်ဦး ရဲ့ တိမ်တိုက်နတ်သမီး အစ်ကို
ညီမလည်း အဲဒီ့သီချင်းကို တော်တော်ကြိုက်တယ် :)

http://search.4shared.com/q/CCAD/1/%E1%80%9B%E1%80%90%E1%80%AE%E1%80%95%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A5%E1%80%AE%E1%80%B8%20%E1%80%90%E1%80%AD%E1%80%99%E1%80%B9%E1%80%90%E1%80%AF%E1%80%AD%E1%80%80%E1%80%B9%E1%80%94%E1%80%90%E1%80%B9%E1%80%9E%E1%80%99%E1%80%AE%E1%80%B8?suggested

စံပယ်ချို said...

အရမ်းလှပတဲ့ ရိုက်ချက်တွေကြောင့် ကျေးဇူးပါ
ပုံလေးတွေအားလုံးထဲ အောက်ဆုံးကပုံလေးကိုအကြိုက်ဆုံးပါပဲ

အိမ့်ချမ်းမြေ့ said...

ဒီပုံတွေ မြင်တိုင်း...
စိတ်တွေက ကြည်လင်လို့ သွားတော့တာပါပဲ...
ကျေးဇူးတင်ပါတယ် ကိုညီ..။

Anonymous said...

ဓာတ်ပုံလေးတွေကိုအရမ်းသဘောကြတယ်

မဒမ်ကိုး said...

ပုံလေးတွေကလဲရိုက်ချက်ကောင်း
စာလေးတွေကလဲစွဲဆောင်မှု့အပြည့်
ဖတ်ရတာအရသာကိုရှိသွားတာဘဲ

blackroze said...

ပစ်လည်း ထူးအိမ်သင်ရဲ့ မိုးတိမ်များ အကြောင်း သီချင်းကို အရမ်းကြိုက်တယ်..
တိမ်တွေကလှတယ်နော်...

Maung Myo said...

တိမ်တွေကိုပဲ သဘောကျတယ် ပြောပါရစေတော့

ရွှေအိမ်စည်မေ said...

တိမ်တွေခေါ်ဆောင်ရာဆီ ~~~~

မြသွေးနီ said...

ကိုညီရေ...
လှလိုက်တဲ့ တိမ်တွေ...

Anonymous said...

ကောင်းကင်ခရီးသွားနေတာလား ကိုညီလင်းဗျာ
တိမ်တွေက အမြဲဖမ်းစားတယ် အရောင်အမျိုးမျိုးလည်းရှိတယ်နော်
အဆုပ်အဆုပ်လိုက်ဖွေးနေတာမျိုး နီစွေးစွေးဖြစ်နေတာမျိုး
ပြာဖျော့ဖျော့ လွင့်နေတာမျိုး
ကြိုက်နှစ်သက်သလို ရှိပေမယ့် တိမ်တွေက မာယာများတတ်သလားဆိုတဲ့ အတွေးက အမြဲ တွေဝေစေခဲ့တယ်

ညီ