03 May 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၇)


တစ်ရက်မှာ ရန်ကုန်မြို့ထဲ လျှောက်သွားနေတုန်း ပန်းဆိုးတန်းက လောကနတ်ပြခန်းရှေ့ ရောက်သွားမိတယ်၊ အမှန်တော့ ကျနော်က လောကနတ်ပြခန်းကို သတိတောင် မထားမိပါဘူး၊ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ်နဲ့ တွေးချင်ရာတွေး၊ ငေးချင်ရာငေးပြီး လျှောက်နေမိတာ..၊ မီးပွိုင့်မှာ လမ်းကူးဖို့ စောင့်နေတုန်းမှာမှ လောကနတ်ကို ဖြတ်ကနဲ သတိရသွားမိတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဲဒီမှာ ကာတွန်းပြပွဲ လုပ်နေတာနဲ့ သွားကြုံတယ်၊ ကျနော့်အတွက်တော့ ရေငတ်တုန်း ဘီယာစတေရှင်ထဲ ရောက်သွားသလိုပါပဲ၊

ကာတွန်းတွေ တစ်ကွက်၊ နှစ်ကွက်ပဲ စ,ကြည့်ရုံရှိသေး..၊ အရမ်း သဘောကျသွားပြီး ခန္ဓာကိုယ်ထဲက ဘလော့ဂါသွေးတွေက ဆူပွက်လာတယ်၊ ဒါ ပြန်ဝေမျှသင့်တဲ့ ကိစ္စပဲ၊ ဒါနဲ့ အနီးမှာတွေ့တဲ့ တာဝန်ခံလို့ ထင်ရတဲ့ လူတစ်ယောက်ကို ဓါတ်ပုံရိုက်ခွင့်ရှိလား ဆိုတော့ ကြိုက်သလောက် ရိုက်ပါ-တဲ့၊ အိုခေ..၊ အဲဒီလိုနဲ့ ကာတွန်းတစ်ကွက်ချင်းကို သေသေချာချာ ခံစားပြီး အကြိုက်ဆုံးတွေကို ရိုက်ယူခဲ့ပါတယ်၊ တချို့ ပုံတွေက အမြင့်မှာ ချိတ်ထားတာ၊ တချို့ကျတော့ မျက်နှာကြက်က မီးချောင်းအလင်းက မှန်ထဲမှာ ပြန်နေတာ စတာတွေကြောင့် စိတ်တိုင်းကျ မရိုက်နိုင်ခဲ့ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ၃ ရက်ပဲ ကျင်းပတဲ့ အဲဒီပွဲလေးကို မရောက်လိုက်ရသူတွေ အတွက် အမှတ်တရ ကြည့်နိုင်ဖို့ သက်သက်ပါပဲ၊ ရန်ကုန်မှာ ပန်းချီပြပွဲ၊ ပန်းပုပြပွဲ စတဲ့ အနုပညာ ပြပွဲတစ်ခုခု လုပ်တိုင်း ပြည်တွင်းက ဘလော့ဂါတွေ သွားရိုက်လာပြီး၊ ပြန်ဝေမျှတဲ့ ဓါတ်ပုံတွေကို ကျေးဇူးတင်စွာနဲ့ ကျနော်အမြဲ ကြည့်ဖြစ်ပါတယ်၊ အခု ကိုယ့်အလှည့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်တုန်းမှာ တလှည့်ပြန်ပြီး ဝေမျှချင်တာပါ၊ အစားကောင်း စားရမှ မဟုတ်ပါဘူး၊ အနုပညာ လက်ရာကောင်းကောင်းတွေ တွေ့ရင်လည်း ချစ်သူ၊ ခင်သူတွေကို သတိရကြတယ် မဟုတ်လား...၊


မီးပွိုင့်ကနေ အမှတ်တမဲ့ မော့ကြည့်လိုက်တုန်း ဒီဆိုင်းဘုတ်ကို လှမ်းမြင်လိုက်တာပါ၊ အဲဒီနေ့ကလည်း ၅ ရက်နေ့..၊ ပြပွဲ စတဲ့နေ့..၊ မူလက သွားဖို့ စီစဉ်ထားတာတွေကို တခါတည်း အမြန်ပြောင်း၊ အစီအစဉ်အသစ် ချက်ချင်းဆွဲပြီး ကာတွန်းပြပွဲကို ဦးတည်လိုက်တယ်၊


လောကနတ်ဟာ ဘာမှမပြောင်းလဲဘူး၊ တကယ့်ကို အရင်အတိုင်းပါပဲ၊ ဒီဆိုင်းဘုတ်ရှေ့က ဖြတ်ပြီး ဒီတံခါးကနေ ကျနော် မဝင်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေခဲ့ပါ ပေါ့လား၊


အခြေအနေ တစ်ခုအောက်မှာ မျက်စိတွေ ကန်းချင်ယောင်ဆောင်ရင်း နောက်တော့ တကယ့်ကိုပဲ မမြင်တော့ဘူး၊ မတရားတာ၊ ဖိနှိပ်တာ၊ သနားစရာကောင်းတာ ဘာဆိုဘာမှ မမြင်တော့ပဲ အစဉ်အလာထဲမှာ မျက်စိတွေကန်း၊ နှလုံးသားတွေပါ 'ကန်း' ကုန်တဲ့ အဖြစ်တွေ အများကြီးပါ၊


ပညာတတ် ဆိုတဲ့ အနက်အဓိပ္ပါယ်ကို စောကြောမိ သွားတယ်၊ တခြားလူမျိုးတွေရဲ့ ပညာရှင် ဆိုတာတွေကြားမှာ မြန်မာ ပီအိပ်ခ်ျဒီတွေကို 'ဒီသာပါမောက္ခ' လို့ နောက်ပြီးခေါ်တဲ့ စကားလေးကို ဖြတ်ကနဲ တွေးမိသွား သေးတယ်၊း)


ဒီကာတွန်းလေးဆို ရိုးရိုးလေးပေမယ့် ဒီကာလမှာ ဘာကိုဆိုလိုသလဲ ဆိုတာ လူတိုင်းသိကြပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကလည်း ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့ ဖြစ်နေပြန်ရော..၊း)


ဖြေရှင်းနည်းကတော့ လွယ်လွယ်လေး...၊း) လစာနဲ့ ကုန်ဈေးနှုန်းတို့ရဲ့ စိန်ပြေးတမ်း ကစားပွဲကြီး အမြန်ဆုံး ရပ်နိုင်ပါစေ..၊


ဒီကာတွန်းလေးကိုတော့ သဘောကျလွန်းလို့ အသံထွက်တောင် ရယ်မိသွားတယ်၊ ဆရာ ဟာဂျူလီရဲ့ ပြောင်မြောက်တဲ့ အတွေးပါပဲ၊ ဒါပေမယ့် ဒီတစ်ခေါက် မြန်မာပြည်မှာ ကျနော်သုံးခဲ့ရတဲ့ ကွန်နက်ရှင်တွေက အရမ်းကြီးတော့လည်း မနှေးပါဘူး၊ သူငယ်ချင်း တစ်ယောက်အိမ်မှာဆို အတော်လေးမြန်လို့တောင် အံ့အားသင့်မိ သေးတယ်၊ ကျနော်ကိုယ်တိုင်ကပဲ သတင်းတွေဖတ်ပြီး အလွန်အမင်း နှေးလိမ့်မယ်လို့ အဆိုးဆုံးကို မျှော်လင့်ထားမိတာလား မသိပါဘူးဗျာ၊


ဒါလည်း ဆရာဟာဂျူလီပါပဲ၊ ဒီလိုကာတွန်းမျိုးဆို လွန်ခဲ့တဲ့ ၂ နှစ်လောက်က အခုလို ပြပွဲတင်နိုင်မယ် မထင်ပါဘူး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရဲ့ ပြယုဂ်တစ်ခု ပေပဲလား၊ ဒက်ထိမှန်သလို အားရဖို့လည်း ကောင်းပါတယ်၊


မျက်မှောက်ကို အတိအကျ ပြနိုင်တဲ့ ကာတွန်းတစ်ကွက်ပါ၊ ဈေးကွက်ကို ရောက်နိုင်ဖို့ ခမျာမှာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလို တထိတ်ထိတ်နဲ့..၊ အောက်က လူထုကြီးကတော့ မျှော်လင့်ချက်တွေ တသီကြီးနဲ့ အားတွေပေးလို့...၊း)


တွေးစရာတွေ ပေးတဲ့ ကာတွန်းတွေ အလယ်က ဆွေးစရာ အလွမ်းပြေ ကာတွန်းလို့ ဆိုရမှာပါပဲ၊ ကိုငှက်ရဲ့ မျက်နှာက ကယ်ရီကေးချား ဆွဲလို့ကောင်းတဲ့ မျက်နှာဆိုတာကတော့ သေချာတယ်၊


ဒါကလည်း တွေးချင်ရင် တွေးသလောက်ရတဲ့ ကာတွန်းပါပဲ၊ 'ဝန်းရံမှု' နဲ့ 'ပြင်ဆင်မှု' ဆိုတဲ့ စကားရပ်တွေက ခေါင်းထဲ ရောက်လာတယ်၊


'Warmly Welcome' ဆိုတာ အခုမှ ဟုတ်လိုက်လေဗျာလို့ ရင်နာနာနဲ့ ပြောရမယ့် အဖြစ်...၊ လူတိုင်း သိနေ၊ ပြောနေတဲ့ ဒီစကားလုံး ထဲကနေပဲ ကာတွန်းဆရာက မျက်မှောက်အခြေအနေ တစ်ခုလုံးကို ထုတ်ပြသွားတာ လှလိုက်တာ...၊


ဒီလိုကာလမှာ ဒီလိုကာတွန်းမျိုးကို ဆွဲတဲ့ ကာတွန်းဆရာကို ရဲရင့်တယ်လို့ ဆိုရမလားပဲ၊ ဆွဲစရာ မြန်မာ့ရုပ်သေး အများကြီးထဲကမှ မင်းသမီးကို ဆွဲထားတယ်၊ ပြီးတော့ အဲဒီမင်းသမီးက ပုံလျက်ကလေး လဲနေသေးတယ်၊ အနောက်က လက်တွေထဲမှာ ကုတ်အင်္ကျီလက်ရှည်တွေ မတွေ့ရလို့ တော်သေးတယ်၊ မဟုတ်ရင် စစ်အစိုးရ လက်ထက်က ထုတ်ဝေခဲ့တဲ့ သတင်းစာဆောင်းပါးတွေကို သတိရစရာ...၊


ဒီကာတွန်းမှာတော့ မသာယာနိုင်တဲ့ တောစဉ်တောင်တန်းတွေကို ခံစားမိတယ်၊ အထူးသဖြင့် အပြာရောင်တွေ ကဲနေတဲ့ အလယ်မှာကိုပဲ အနက်ရောင် စစ်ခိုး၊ စစ်ငွေ့တွေ အူလို့..၊ ငြိမ်းချမ်းရေးဟာ ဝေးနေဆဲမို့ ပန်းကန်ထဲမှာ ထမင်းအစား ကျည်ခွံပဲ ရှိနေခဲ့တယ်၊


အင်း..ဒါလည်း ဟုတ်တုတ်တုတ် ပါပဲ၊ အမျိုးသမီးတွေဟာ မိခင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် အာရုံတွေ ပိုပြီး ပါးလျားကြတယ် ထင်ပါရဲ့၊ အဖေ့ကို အမေနှိုးရတဲ့ အကြိမ်တွေ၊ ကျနော့်ကို မအိမ်သူ နှိုးရတဲ့ အကြိမ်တွေကို အမှတ်ရစရာ..၊း)


ဘာတစ်ခုမှ ပြောစရာ မလိုအောင်ကို ပြီးပြည့်စုံတဲ့ ကာတွန်းပါပဲ၊ တစ်ကွက်ကာတွန်းတွေရဲ့ ကျစ်လစ်မှု၊ အတွေးစတွေ အများကြီး ပေးနိုင်မှု၊ စတာတွေကို ကျနော် ကြိုက်ပါတယ်၊ အကွက်သေးသေးလေး တစ်ကွက်ထဲမှာ ဆွဲရဖို့အရေး စိုက်ထုတ်လိုက်ရတဲ့ အားအင်တွေက မနည်းပါဘူး၊ ကာတွန်းဆရာတွေကို လေးစားမိပါတယ်၊


ဒီကာတွန်းကိုလည်း သဘောတကျနဲ့ အော်ရယ်မိတယ်၊ ဖြစ်ရပုံများ.. အဲဒီလို လွဲရတယ်လို့၊ ဒုတိယ အကွက်ထဲက အဘရဲ့ မျက်နှာကို ကြည့်မိလေလေ ဆက်ရယ်ချင်မိလေလေ..၊ အင်း.. အဘတွေ နဲ့တော့ ခက်ပြီ..၊း)


သြော်..ငါ့နှယ်နော်..၊ အင်း.. နှလုံးလမ်းကြောင်းမှာ ခံနေတဲ့ ကျွန်းဆိုတာ ဒီလိုကျွန်းမျိုးနဲ့ တူတယ်..၊း)


ပစ်မလွဲဆိုတာ ဒါပဲဖြစ်မယ်၊ မြားရှိရာ စက်ကွင်းလိုက်ရတဲ့ အဖြစ်တွေ နည်းသထက် နည်းပါစေလို့ပဲ...၊


ဒါကတော့ တကယ့်ကို ဗြောင်ဆော်တာ..၊ မိုက်တွင်းကြောင့် ဆင်းရဲတွင်း ဖြစ်တာ ဆိုပေမယ့် တွင်းဆုံးကျတဲ့ အဖြစ်မျိုးတွေက အမြန်ဆုံး ပြန်တက်ဖို့ ကြိုးစားရမှာပါ၊


အစစ်အမှန် လွတ်လပ်မှု အကြောင်း အရှည်ကြီး ဖြန့်ထွက်တွေးချင် စရာပါ...၊


ကာတွန်းတွေ တဝကြီး ကြည့်လိုက်ရလို့ ကျနော် ကျေနပ်သွားတယ်၊ ပြပွဲ အစနေ့ ဖြစ်တဲ့အပြင် မနက်ပိုင်းပဲ ရှိသေးလို့လား မသိဘူး၊ ဝင်လာတဲ့ လူတွေတော့ သိပ်မများ သေးဘူး၊ ကာတွန်းတွေ ချိတ်ထားတဲ့ နံရံတွေကို နှုတ်ဆက်တဲ့ အနေနဲ့ ခဏကြာကြာ ကျနော် ရပ်ကြည့်နေမိ သေးတယ်၊ နောက်တကြိမ်ဆိုတာ ဘယ်တော့မှန်း မသိနိုင်သေးပါဘူး၊ မပြောင်းမလဲ နွေးထွေးဆဲ လောကနတ် ပြခန်းလေးကို သေသေချာချာ နှုတ်ဆက်ပြီးမှ ကျနော် ပြန်ထွက်လာခဲ့တယ်၊ ပန်းဆိုးတန်း လမ်းမကြီးပေါ်မှာလည်း နံရံပေါ် ရောက်မလာသေးတဲ့ ကာတွန်းတွေ ဆူညံ၊ ရှုပ်ထွေးလို့...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၃ မေ၊ ၂၀၁၂

22 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၆)


အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်ပါတယ်၊ နှစ်သစ်က စ,နေတာ ရက်အနည်းငယ်တောင် ရှိနေပြီ ဆိုပေမယ့် တရားဝင် မနှုတ်ဆက်ရသေးလို့ အခုလို နှုတ်တရာ၊ စာတစ်လုံး လုပ်ပြီး နှုတ်ဆက်တာပါ၊း) ဒီပို့စ် မှာလည်း ညီအစ်ကို၊ မောင်နှမတွေကို ကျနော်တို့ရဲ့ ပထမ မြန်မာနိုင်ငံတော်ကြီးမှာပဲ ဆက်ပြီး အလည်ခေါ်သွားပါဦးမယ်၊ ဒါပေမယ့် ဒါဟာ ပုဂံနဲ့ပတ်သက်ရင်တော့ နောက်ဆုံးပို့စ်ပဲ ဖြစ်မှာပါ၊


သံတဲဟိုတယ်မှာ ကျနော်သဘောကျတာ တစ်ခုကတော့ ဧရာဝတီရဲ့အသံတွေနဲ့ နိုးထရခြင်းပဲ ဖြစ်ပါတယ်၊ မနက်ခင်းတွေမှာဆို မျက်စိနှစ်လုံး မဖွင့်ခင်မှာကိုပဲ မြစ်ထဲမှာ သွားနေကြတဲ့ သင်္ဘောသံတွေ၊ စက်လှေသံတွေကို ကြားနေရပြီ၊ နိုးနိုးခြင်းမှာပဲ ပြူတင်းပေါက်က ကြည့်လိုက်တာနဲ့ ဧရာဝတီ...၊ သူ့အပေါ်မှာ သွားနေကြတဲ့ မော်တော်တချို့နဲ့ တန့်ကြည့်တောင်တန်း...၊ တနေ့တာကို ဒီလိုမြင်ကွင်းမျိုး၊ ဒီလိုအသံမျိုးတွေနဲ့ အစပြုရတာ တကယ်ပဲ ချမ်းမြေ့ဖို့ ကောင်းပါတယ်၊


စက်လှေတွေ ခုတ်မောင်းသံအပြင် ငှက်ကလေးတွေရဲ့ သီချင်းသံတွေကိုလည်း ကြားရပါတယ်၊ ဒါနဲ့ တမနက်မှာ ငှက်ကလေးတွေကို ထွက်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့ကို သွားတွေ့တယ်၊ ကျနော်ဝမ်းသာသွားတယ်၊ ဒီငှက်က တကမ္ဘာလုံးမှာမှ မြန်မာပြည် တစ်ခုတည်း၊ မြန်မာပြည်မှာမှ မန္တလေးတိုင်း အတွင်းက အပူပိုင်းဒေသတွေ၊ အထူးသဖြင့် ပုဂံမှာပဲ တွေ့ရတဲ့ ရှားပါးမျိုးနွယ် endemic ငှက်ပါ၊ White-throated Babbler လို့ခေါ်ပါတယ်၊ သူတို့က အများအားဖြင့် မြေကြီးပေါ်မှာ ခုန်ဆွ၊ ခုန်ဆွ သွားကြလေ့ ရှိတယ်၊ ခပ်လှမ်းလှမ်းက ရုတ်တရက်ကြည့်ရင် ရှဥ့်နဲ့ နည်းနည်း တူပါတယ်၊ ကျနော် သူတို့ကို ပထမဦးဆုံး တွေ့တုန်းက ရှဥ့်အောက်မေ့လို့..၊ သူ့ကို ဓါတ်ပုံရိုက်ဖို့ လုပ်နေတုန်း ငှက်ကြည့် ဝါသနာပါတဲ့ မအိုင်အိုရာကို ဖြတ်ကနဲ သတိရလိုက်သေးတယ်၊ White-throated Babbler ရဲ့ မြန်မာနာမည်ဟာ ဘယ်လိုများပါလိမ့်လို့ စဉ်းစားနေမိတယ်၊


မနက်စာစားတဲ့ နေရာမှာ ကျနော်သဘောကျတဲ့ လှေကလေးတစ်စင်း ရှိတယ်၊ ပုံထဲမှာ တွေ့ရတဲ့ အဲဒီလှေထဲမှာ အိုးသုံးလုံး ရှိပါတယ်၊ ဘယ်ဖက်က အိုးထဲမှာ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို တစ်နေ့စီ ကျွေးတယ်၊ အလယ်က အိုးမှာတော့ အကြော်စုံနဲ့ အချဉ်ရည် ရှိပြီးတော့ ညာဖက်က အိုးကတော့ ကောက်ညှင်းပေါင်းနဲ့ ငချိတ်ပါ၊ မနက်မနက်ဆို ထနောင်းရိပ်လို့ နာမည်ပေးထားတဲ့ အဲဒီနေရာမှာ ကျနော်က လှေကလေးရဲ့ အနားကနေ မခွာပါဘူး၊ ဘေးမသန်းဘဲ အေးချမ်းစွာနဲ့ အဝ 'လှော်' ခဲ့တယ်..၊း)


တမနက်မှာတော့ အဲဒီထနောင်းပင်ကြီးပေါ်က ကျီးကန်းတွေ၊ ဆက်ရက်တွေ အော်လှချည့်လား ဆိုပြီး ကြည့်လိုက်တော့ ဒီမြွေကို သွားတွေ့တာပဲဗျို့၊ ငနဲက ဆက်ရက်သိုက်ထဲက ဥတွေကို ဝင်နှိုက်ဖို့ ကြိုးစားနေလို့ ဆက်ရက်တွေက ဝိုင်းအော်နေကြတာ..၊ အဲဒီမြွေရဲ့ အောက်တည့်တည့်မှာက မုန့်ဟင်းခါးအိုး..၊ ဒါနဲ့ ကျနော်လည်း မျက်လုံးမလွှဲဘဲ မြွေကိုပဲ ကြည့်နေရတယ်၊ မတော်လို့ ဒင်းပြုတ်ကျလာရင် မုန့်ဟင်းခါးအိုးထဲ တန်းကနဲပဲ..၊ ဒါမျိုးတော့ ဘယ်အဖြစ်ခံမလဲ၊ မုန့်ဟင်းခါးထဲမှာ ငါးအလုံအလောက်နဲ့ ချိုနေပြီးသား ဥစ္စာကို..၊ မြွေထပ်ထည့်စရာ မလိုတော့ပါဘူး၊ ကျနော်တို့ မိသားစုသာ ခေါင်းတမော့မော့နဲ့ ဖြစ်နေကြပေမယ့် ကျန်တဲ့ ဧည့်သည်တွေကတော့ သိပုံတောင် မရပါဘူး၊ အေးအေးဆေးဆေးပဲ၊ ခဏကြာတော့ ကျနော်လည်း စားပွဲထိုး ဝန်ထမ်းလေးကို ခေါ်ပြပြီး သတိပေးလိုက်တော့ သူက 'ဟာ..ဒါ ထန်းတက်မြွေပါ အကိုရ၊ အဆိပ်မရှိပါဘူး၊ အလကား..' တဲ့၊ ကြည့်စမ်း..၊ ပုဂ္ဂိုလ်လေးက ဒီမြွေကို အလကား-တဲ့၊ ဟုတ်မှာပါလေ..၊ ပုဂံမှာက 'နှာတို' လို့ခေါ်ကြတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ မြင်နေကျဆိုတော့ ဆက်ရက်ဥ ခိုးစားဖို့လောက် ကြံနေတဲ့ ငတကို အလကားလို့ ပြောကြမှာပါပဲ..၊


ညောင်ဦးဈေးကို သွားလည်ကြတယ်၊ ဈေးရုံထဲနဲ့ စာရင် အပြင်ဖက်က ဟင်းသီးဟင်းရွက်တန်းက ဓါတ်ပုံရိုက်လို့ ပိုကောင်းတယ်၊


အဲဒီနေ့ မနက်ကတော့ ငါးစိမ်းတန်းမှာလည်း ဈေးသည်တွေက ယဉ်ကျေးမှုမြှင့်ပြီး ရောင်းနေကြတယ်၊ ဆဲသံဆိုသံ တညံညံဆိုတာ မရှိပါဘူး၊


ငါးစိမ်းမြင်ပေမယ့် ကျနော် ငါးကင် မပစ်ခဲ့ပါဘူး...၊း)


ဘာရယ် မဟုတ်ပါဘူး၊ ကြိုးဆွဲခံနေရသူတွေကို သဘောကျလို့..၊ ရဲမက်၊ မင်းသား၊ ဘီလူး.. အကုန်ပါတယ် နော့၊း)


ဈေးမှာ ဘဝတွေ ရှိတယ်၊ ဖလံနယ် အင်္ကျီလေးနဲ့ ထန်းလျက်ရောင်းနေပေမယ့် လောကအပေါ် အပြုံးမပျက်ပါဘူး၊ သနပ်ခါး ရေကျဲလေး ပါးပေါ်တင်လို့ ကြည်ကြည်လင်လင်ပဲ ဖြတ်သန်းခဲ့တယ်..၊


ပုဂံမှာ အခုနောက်ပိုင်း အရမ်းများလာတာ ကတော့ ဆိုင်ကယ်တွေပါပဲ၊ အားလုံးနီးပါးက လိုင်စင်မဲ့ ဝစ်သောက်တွေ..၊ တစ်စီးကို သုံးသိန်းလောက်ပဲ ပေးရတယ်လို့ ဆိုတယ်၊ ဘုရားမှာ ဈေးရောင်းတဲ့ ဈေးသည် ကောင်မလေးတွေ၊ ယွန်းထိုးတဲ့ မိန်းကလေးတွေ၊ နံရံပန်းချီ ရောင်းတဲ့ ချာတိတ်တွေ..၊ အားလုံးက ဆိုင်ကယ်ကိုယ်စီနဲ့..၊ သူတို့အတွက် သွားလာရေး လွယ်ကူတာ ဝမ်းသာစရာပါ၊ ဒါပေမယ့် တဖက်မှာတော့ လေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုတွေ များလာတယ်၊ ဟိုးအရင်ကလို မြင်းလှည်းတွေနဲ့ စက်ဘီးလေးတွေ ဟိုဒီ သွားနေတာမျိုးက ရှားသထက် ရှားလာခဲ့ပြီ၊


ရွှေစည်းခုံ...၊ ရွှေစည်းခုံဟာ စွယ်တော်လေးဆူမှာ တစ်ဆူအပါအဝင် ဖြစ်လို့ မရောက်မဖြစ် ဖူးကြသလို တည်ဆောက်ပုံအရလည်း ထူးခြားပါတယ်၊ ပုဂံမှာ သိမ်၊ ကျောင်း၊ ဘုရား၊ အားလုံးကို အုတ်တွေနဲ့ ဆောက်ခဲ့ပေမယ့် ဘုရားလေးဆူကိုတော့ ရှားရှားပါးပါး သဲကျောက်နဲ့ ဆောက်ခဲ့တယ်၊ အဲဒီ လေးဆူထဲမှာမှ လက်ရှိမှာ သုံးဆူပဲ ကျန်ပါတော့တယ်၊ ရွှေစည်းခုံဟာ အဲဒီထဲက ဘုရားတစ်ဆူပါ၊


ထူးအိမ်သင်က အသက် ၃၁ နှစ်မှာ ဝမ်းမဲင်းရှိုးတစ်ခု လုပ်တော့ 'သုံးဆယ့်တစ်ဘုံက လူငယ်တစ်ယောက်၊ သုံးဆယ့်တစ်နှစ်သား အရောက်မှာ...' အစချီတဲ့ ကဗျာလေးနဲ့ ရှိုးမိတ်ဆက်ပွဲ ကြော်ငြာလေး လုပ်ခဲ့တယ်၊ အဲဒီအတိုင်း ပြောရရင်တော့ (လောလောလတ်လတ်) ၃၇ နှစ်ပြည့်သွားတဲ့ လူတစ်ယောက်၊ ၃၇ မင်း နတ်နန်းရှေ့ အရောက်မှာ-လို့ ကဗျာစပ်ရမယ် ထင်ပါရဲ့..၊း)


မနူဟာဘုရားထဲက လျောင်းတော်မူ ရုပ်ပွားတော်..၊ နန်းကျဘုရင် တစ်ပါးရဲ့ ကျဉ်းကျပ်မှုကို ခံစားလို့ ရပါတယ်၊ ဒီဘုရားကို တည်စဉ်မှာ မနူဟာဘုရင်ဟာ 'ဘဝဆက်တိုင်း ဆက်တိုင်း..' လို့ အစချီတဲ့ ဆုတောင်းတွေ၊ တောင်းခဲ့မှာ အသေအချာပါပဲ၊ ကျိန်စာတွေကော ပါခဲ့သေးလား? သူ့ရင်ထဲမှာ ကြီးကြီးမားမား ဖိစီး၊ လေးလံနေခဲ့တဲ့ ထုထည်ကို ချပြသွားနိုင် ခဲ့တယ်..၊


ပုဂံဆိုတာ တကယ်တော့လည်း နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ဘက်ပေါင်းစုံမှာ အမှောင်ထဲကနေ အလင်းကို လှမ်းမြင်ခဲ့တဲ့၊ တိုးထွက်ခဲ့တဲ့ အချိန်ပဲ မဟုတ်လား..၊


သာသနာတော်ကို အုတ်မြစ်ချဖို့ လုပ်တဲ့နေရာမှာ အခိုင်အမာ ပြဌာန်းထားတဲ့ စည်းဘောင်ထဲကနေသာ တရားတော်ကို သူတို့တွေ မြင်တွေ့နိုင်ခဲ့ ကြမယ်၊


'Unfinished temple' လို့ခေါ်ကြတဲ့ ဓမ္မရံကြီးထဲမှာ အမယ်အိုတစ်ယောက် ကတော့ အေးအေးဆေးဆေး ဘုရားပန်းကပ်ဖို့ ပြင်နေလေရဲ့၊ သူ့ရင်ထဲက စေတနာ၊ သဒ္ဒါတရားကတော့ ပြီးပြတ်စွာနဲ့ 'finished' ဖြစ်မှာ အသေအချာ...၊


ကျနော်တို့ သူငယ်ချင်းတွေ ပထမဦးဆုံး ပုဂံကို စ,ရောက်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ပညာစမ်းတဲ့ အနေနဲ့ ပုဂံနဲ့ပတ်သက်တဲ့ နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းလေးတွေ မေးခဲ့ကြဖူးတယ်၊ ပုဂံကို မင်းဘယ်လောက် 'ကြေ' သလဲ ပေါ့လေ၊ အမှန်တော့ လူငယ်သဘာဝ မာန်စိတ်ကလေး နည်းနည်း ရှိတဲ့ သဘောပါပဲ၊ အဲဒီမေးခွန်းတွေထဲက တစ်ခုက ပုဂံမှာ အင်္ဂလိပ်နာမည်နဲ့ ကမ္ဗည်းထိုးထားတဲ့ ဘုရားကို ပြောပြပါ-တဲ့၊ အပေါ်က ဓါတ်ပုံက အဲဒီ အင်္ဂလိပ်နာမည် ရှိတဲ့ ကမ္ဗည်းပါပဲ၊ မစ္စတာ စကိုဗယ်လ်-တဲ့၊


ဒါကတော့ အဲဒီ မစ္စတာစကိုဗယ်လ်ရဲ့ ကောင်းမှု ပေါ်တော်မှု ဘုရားပါ၊ ဓမ္မရံကြီးရဲ့ မြောက်ဖက်ကနေ မင်းနန်သူရွာဖက် သွားတဲ့လမ်းဘေးက အင်းဘုရား၊ မနူမရွှဲကန် တို့ရဲ့ အနီးမှာ ရှိပါတယ်၊ ဥာဏ်တော် ခပ်နိမ့်နိမ့်ပါပဲ၊ မစ္စတာ စကိုဗယ်လ်ဆိုတာက လမ်းတံတား ဆောက်လုပ်ရေးဖက်မှာ လုပ်ခဲ့တဲ့ ဗြိတိသျှ အင်ဂျင်နီယာ တစ်ယောက်လို့ ပြောကြတယ်၊ သူက ပျက်စီးနေတဲ့ ဘုရားတစ်ဆူကို ပြန်လည်မွမ်းမံတဲ့ အချိန်မှာ အတွင်းထဲမှာ ငုံပြီးတည်ထားခဲ့တဲ့ ပုံထဲက ဘုရားက ပေါ်လာတဲ့အတွက် သူ့နာမည်ကိုပဲ အစွဲပြုပြီး ပေါ်တော်မူဘုရားလို့ ခေါ်တွင်ကြပါတယ်၊


မပြန်ခင် တစ်ရက်ရဲ့ နေ့လယ်ခင်းမှာတော့ မြစ်ကမ်းစပ်ကို ကျနော် ဆင်းလာခဲ့တယ်၊ အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အထိ ဧရာဝတီနဲ့ အနီးဆုံးမှာ ကျနော်နေခွင့် ရခဲ့တယ်၊ ဒီလိုအနေအထားမှာ ရှိခဲ့တာတောင် သူ့ကို တချက်ကလေးမှ မထိလိုက်ရဘဲ ပြန်ရမယ်ဆိုရင် မဟုတ်သေးဘူး၊ ဒါကတော့ မြစ်ကမ်းစပ် သွားတဲ့လမ်းကနေ ဟိုတယ်ကို ပြန်မြင်ရတဲ့ မြင်ကွင်းပါ၊


မြစ်ဆိပ်ရေစပ်ကို တန်းပြီးမဆင်းဘဲ ပဲခင်းတွေကြားမှာ ကျနော် ရပ်နေမိတယ်၊ မြင်ရသမျှ အရပ်မျက်နှာကို အေးအေးဆေးဆေးပဲ လှည့်ပြီး ကြည့်တယ်၊ ကျနော် အလျင်မလိုချင်ဘူး၊ အဲဒီအခိုက်မှာ ပျိုးနှုတ်တောင်သူတချို့ ကျနော့်ဘေးကနေ ဖြတ်သွားတယ်၊ ဟိုးအရင် လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကဆို သူတို့ကို တခုတ်တရ ကြည့်ဖြစ်ပါ့မလား မသိဘူး၊ အခုတော့ မြင်ရသမျှ ကျေးလက်ရဲ့ မြင်ကွင်းတွေကို မက်မက်စက်စက် ခံစားချင်တဲ့ စိတ်အခံနဲ့မို့ ငေးနေမိတယ်၊ ဒီလို ဝတ်စားဆင်ယင်ပုံမျိုးနဲ့ အေးအေးသက်သာ နိုင်ပုံမျိုးကို မတွေ့ရတာ ကြာပြီ မဟုတ်လား၊ သူတို့က နိစ္စဓူဝ ကိစ္စတွေကို ရယ်ရယ်မောမော ပြောကြရင်းနဲ့ပဲ ကျနော့်ဘေးကနေ ဖြတ်သွားခဲ့ ကြတယ်၊


စိုက်ခင်းအစပ်မှာ ထိုင်ချပြီး ပဲတောင့်ရှည် ဘိုကိတ်ပဲတောင့် (ကျေးဇူး ညီမချစ်စံအိမ်) တချို့ကို ကျနော် အသာအယာ တို့ထိကြည့် မိတယ်၊ ဧရာဝတီရဲ့ မြေနုကျွန်းပေါ်က ပဲစိုက်ခင်းတွေ...၊ စီးဆင်းနေဆဲ ဧရာဝတီက နှစ်စဉ်ပို့ချတဲ့ မြေဆီမြေနှစ်များ..၊ ပဲပင် စိမ်းစိမ်းလေး တွေက လေနုအေးမှာ လူးလွန့်လှုပ်ရှားလို့..၊


ခဏကြာတော့ ဧရာဝတီရဲ့ ရေစပ်အထိကို ကျနော် ဆင်းသွားလိုက်တယ်၊ စိတ်ထဲမှာ အိပ်မက်လိုလို တကယ်လိုလိုနဲ့..၊ မျက်စိတဆုံး မြစ်ပြင်ကို ငေးနေရင်း ဆေးမိထားသူ တစ်ယောက်လို ကျနော် ရပ်နေမိတယ်၊ ဧရာဝတီရဲ့ အကြောင်းကို လူပေါင်းများစွာ ပြောခဲ့ကြတာ ကျနော်ကြားခဲ့ ရတယ်၊ ဧရာဝတီကို ကယ်တင်ဖို့ လှုံ့ဆော်ခဲ့တဲ့ ဘလော့ဂါတွေကို သတိရတယ်၊ ဟောပြောပွဲတွေကို သတိရတယ်၊ ဧရာဝတီကို တည်မှီတဲ့ ညီညွတ်မှုတွေကို အမှတ်ရတယ်၊ အခုတော့ ဧရာဝတီရဲ့ ရေစီးသံကို ကျနော်ကြားနေရပြီ၊ အဲဒီ ရေစီးသံရဲ့ ဂီတမှာ စိတ်ဝိညာဉ်ဟာ ကွန့်မြူးတယ်၊ အဖြစ်အပျက်တွေ၊ စကားလုံးတွေ၊ စာပိုဒ်တွေ၊ အသံတွေကို လှိုင်းကြက်ခွပ် ကလေးတွေ ပေါ်မှာ ဖြတ်ကနဲ၊ ဖြတ်ကနဲ မြင်နေ၊ ကြားနေခဲ့တယ်၊

ဆရာနေဝင်းမြင့် ပါရီရောက်တုန်းက မြို့လယ်မှာ ဖြတ်စီးတဲ့ စိမ်းမြစ်ကို ကြည့်ရင်း ဧရာဝတီကို သတိရခဲ့တယ်၊ မြို့သူမြို့သားတွေ အစွမ်းကုန် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ စိမ်းမြစ်ဟာ လှတယ်၊ အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ၊ မိတ်ကပ် အဖွေးသားနဲ့ ချစ်စရာ အပျိုမကလေးနဲ့ တူတယ်၊ ဧရာဝတီကတော့ သားသမီးတွေ တပြုံတမကြီးကို ချွေးတလုံးလုံးနဲ့ လုပ်ကျွေးရတဲ့ မေတ္တာဂရုဏာ အပြည့်နဲ့ အကြော်သည် မိခင်နဲ့ တူတယ်-တဲ့၊ အထဲက အလှကို ဆရာက လှလှလေး ဖွဲ့သွားခဲ့တယ်၊ ဧရာဝတီ မြစ်ရေထဲ ကျနော် လက်နှစ်လိုက်တယ်၊ ရေက အေးနေတယ်၊ မြစ်ရေဟာ ရွှံ့ရောင် နောက်ကျိကျိနဲ့ မလှပါဘူး၊ ကမ်းစပ်မှာလည်း ရေညှိတွေ၊ ရွှံ့ဗွက်တွေနဲ့...၊ ဒါပေမယ့် အဲဒီ ဧရာဝတီကိုပဲ ချစ်မြတ်နိုးစိတ် အပြည့်နဲ့ ကျနော် ညွတ်နူးနေခဲ့တယ်၊


တဖြည်းဖြည်း ကျလာတဲ့ ကျနေအောက်မှာ ပဲပင်ကလေးတွေက တမျှော်တခေါ်...၊ ဝမ်းနည်းဝမ်းသာ စိတ်တွေနဲ့ပဲ မြင်ရသလောက်ကို ကျနော် လိုက်ကြည့်နေမိတယ်၊ ကျနော့်ရှေ့မှာ ရှိနေတဲ့ မြစ်ရဲ့ ဟိုးအထက်ဖက်မှာ ဘယ်သူမှ လက်မခံနိုင်တဲ့ လုပ်ရပ်တွေ ပြန်စ, မလိုလို အသံတွေ သိုးသိုးသန့်သန့် ကြားနေရပြန်ပြီ၊ တော်ကြပါတော့..၊ ပြုစုစောင့်ရှောက်မှု မလုံလောက်လို့ သူ့ဟာနဲ့သူတောင် မမာမကျန်း ဖြစ်နေရှာတဲ့ ကျနော်တို့ရဲ့ မြစ်ကလေးကို ချမ်းသာပေးကြပါ၊ တသက်လုံးစာ အတွက် ရပ်လိုက်ပါတော့ဗျာ..၊ ဧရာဝတီရယ်... စီးဆင်းပါ၊


ဝမ်းနည်းစိတ်တဖက်၊ ဝမ်းသာစိတ်တဖက်နဲ့ လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ပြန်တက်လာ ခဲ့တယ်၊ ထနောင်းပင်ကြီး အောက်မှာ ရပ်ပြီး အလင်းမှုန်တွေ ပြန့်ကျဲနေတဲ့ မြင်ကွင်းကို တဝကြီး ငေးနေလိုက်တယ်၊


မော်တော်လေးတွေက အမှောင်မရောက်ခင် ရွာတွေဆီကို အမှီပြန်ကြဖို့ စိုင်းပြင်းနေကြပြီ၊ မကြာခင်မှာ ဧရာဝတီကို သဲသဲကွဲကွဲ မြင်ရမှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် သူရှိနေတာ ကျနော်တို့ သိတယ်၊ သူ့ရေစီးသံဟာ ကျနော်တို့ရဲ့ နှလုံးအိမ်မှာ နှစ်ပေါင်းများစွာ ယဉ်ပါးနေခဲ့ပြီ မဟုတ်လား၊ တကယ်တော့ ဧရာဝတီရဲ့ အနီးမှာ နေရမှ မဟုတ်ပါဘူး၊ ဘယ်နေရာမှာပဲ ရှိနေ၊ ရှိနေ.. သူ့ကို ချစ်မြတ်နိုးစိတ်နဲ့ စောင့်ရှောက်ဖို့က အဓိကပါပဲ၊

ဒီနေရာမှာ ဆက်နေချင်သေးတယ် ဆိုရင်တောင် နောက်တစ်ပို့စ်မှာ ကျနော်နဲ့အတူ ရန်ကုန် ပြန်လိုက်ခဲ့ပါဗျာ၊ ရန်ကုန်မြို့ကြီးမှာလည်း ပြောစရာတွေ ရှိနေမှာ အသေအချာပါ...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂၂ ဧပြီ၊ ၂၀၁၂

12 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၅)


မနက်ပိုင်း အရုဏ်တက် နေထွက်ချိန်ကို ဓါတ်ပုံရိုက်ပြီးတော့ ဟိုတယ်ပြန်၊ မနက်စာစား၊ ပြီးတော့ လျှောက်လည်တဲ့ အချိန်မှာ သားကို အပျော်တမ်း ကင်မ်ကော်ဒါလေးတစ်လုံး ပေးထားလိုက်တယ်၊ အဲဒီတော့ ကျနော်ရိုက်သလို သူလည်း လိုက်ရိုက်ရင်းနဲ့ ဘေးနားမှာ တချိန်လုံး နီးပါး ရှိနေသလို ဖြစ်သွားတယ်၊ တကူးတက လိုက်ထိန်းစရာ မလိုတော့ဘူး ဆိုတဲ့ စိတ်ကူးနဲ့ပါ၊


သူဘာတွေ ရိုက်နေလဲဆိုတာ ကျနော်တော့ မစစ်အားပါဘူး၊ ကိုယ့်ကင်မရာနဲ့ကိုယ် ရှုပ်နေတယ်၊ သားက ကျနော့်ဘေးမှာ ရှိနေတာ စိတ်ချသွားတဲ့ မအိမ်သူလည်း အဲဒီတော့မှ ဈေးဆိုင်တွေ လွတ်လွတ်လပ်လပ် လျှောက်ကြည့်ရတယ်၊


မြင်းလှည်းကို တနေ့လုံးစာ ငှားလိုက်တယ်၊ ပုဂံက မြင်းလှည်းတွေကို တခြားနေရာက မြင်းလှည်းတွေထက် ပိုသဘောကျတယ်၊ သူက အမိုးဖွင့်လို့ ရတဲ့အပြင် ဆိုဖာကူရှင်တွေလည်း ထည့်ထားသေးတာကိုး၊း) တကယ်တော့ ပုဂံလိုနေရာမှာ လည်ဖို့ အကောင်းဆုံး ယာဉ်က မြင်းလှည်းပါပဲ၊ ၄၂ စတုရန်း ကီလိုမီတာ အတွင်းက ရှိသမျှဘုရားတွေကို မြင်းလှည်းက လိုက်ပို့နိုင် ပါတယ်၊ ပြီးတော့ မြေလမ်းကလေးပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေထုကိုလည်း မညစ်ညမ်းစေဘူးလေ..၊


ရွာဟောင်းကြီး...၊ sunset အတွက် ကျနော် နှစ်သက်ခဲ့တဲ့ ဘုရားပါ၊ အထူးသဖြင့် ဖေဖေါ်ဝါရီလမှာ ရွာဟောင်းကြီး ပေါ်က ကြည့်ရင် နေက အာနန္ဒာနဲ့ သဗ္ဗညု ကြားထဲကို ဝင်တဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းကို ရပါတယ်၊ အခုတော့ တက်ခွင့်မရတာ ကြာခဲ့ပါပြီ..၊


မြန်မာပြည် မလာခင် ၆ လလောက် အလိုကတည်းက ပုဂံရောက်ရင် မြင်းလှည်းမောင်းရမယ်လို့ သားကို ကျနော်က ပြောထားခဲ့တာ..၊ အခုတော့ သူ့အိပ်မက်တွေ စေရာအတိုင်း မြင်းဇက်ကြိုးကို တပိုင်တနိုင် ဆွဲနိုင်ပြီပေါ့၊း) ပုဂံမှာ တော်တဲ့၊ စိတ်ရှည်တဲ့၊ မြင်းလှည်းဆရာတွေ အများကြီး ရှိပါတယ်၊ အဲဒီထဲက တစ်ယောက်က ဒီလှည်းဆရာ ကိုစိုးတင့်ပါ၊ သူ့လှည်းကို သရပါတံခါး မဝင်ခင် ညာဖက်က ရွှေမြန်မာ-၃ ထမင်းဆိုင် ဝင်းထဲမှာ ဂိတ်ထိုးတယ်၊ လှည်းနံပါတ် ၄၄ ဖြစ်ပါတယ်၊ အများအားဖြင့်တော့ ကိုစိုးတင့်က တိုးကုမ္ပဏီတွေနဲ့ လိုက်တာများတယ်၊ ဒါပေမယ့် သူ့ကို ကြိုပြီး ပြောထားရင် ရပါတယ်၊ တောင်ဘီရွာသားပီပီ ပုဂံကို ကြေညက်ပါတယ်၊ တခြားမြင်းလှည်း ဆရာတွေလို ပုဂံအကြောင်း ပြောနိုင်တဲ့အပြင် ဓါတ်ပုံဆရာတွေ အများကြီးနဲ့ သွားဖူးလို့ ဘယ်အချိန် ဘယ်နေရာကနေ ဘယ်ဘုရားကို ဓါတ်ပုံရိုက်လို့ ကောင်းသလဲ ဆိုတာပါ သိတယ်၊ ပုဂံရောက်ဖြစ်ရင် မြင်းလှည်းတော့ စီးလိုက်မဟဲ့-လို့ တွေးထားသူများ ရှိရင် ကိုစိုးတင့်ကို ကျနော် recommend လုပ်ပါတယ်၊


'အနုမှာ အာနန္ဒာ' လို့ ဆိုကြတယ် မဟုတ်လား၊ မရောက်လို့ ဘယ်ဖြစ်မလဲ၊ အာနန္ဒာမှာ အတွင်းက ကြည့်စရာတွေ မကုန်နိုင်သလို အပြင်ကို ထွက်ပြီး ဖူးရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ အထူးသဖြင့် ၁၉ ရာစုမှာမှ ထပ်တိုးထားတဲ့ ကိုလိုနီခေတ် လက်ရာ အနောက်ဖက် စောင်းတန်းနဲ့ ဘုရားကို ယှဉ်ကြည့်တဲ့အခါ ဆင့်ပွားအတွေးတွေ အများကြီး ထွက်လာပါ လိမ့်မယ်၊


အတွင်းထဲက မတ်ရပ်ဆင်းတုတော်ကြီး ၄ ဆူမှာ အများသိကြတဲ့ အတိုင်း တောင်နဲ့မြောက် ၂ ဆူက ပုဂံခေတ် လက်ရာပါ၊ ပုဂံက ပန်းပုအကျော်အမော်တွေရဲ့ လက်ရာကို ဒီဘုရား ၂ ဆူမှာ ကောင်းကောင်း တွေ့ရတယ်၊ ဧည့်လမ်းညွှန်တွေက ဒီအချက်ကို သေသေချာချာ ရှင်းပြီး ဧည့်သည်တွေကို လက်တွေ့ပြလေ့ ရှိပါတယ်၊ အပေါ်ပုံမှာ မြင်ရသလို ပထမ အဝေးကနေ ပြတယ်၊ ဘုရားဟာ ပြုံးနေတယ်..၊


ပြီးတော့မှ ခြေတော်ရင်းအထိ ခေါ်ပြီး ဖူးခိုင်းတော့ မျက်နှာတော်ဟာ အခုလို တည်သွားတာကို တွေ့ရပါတယ်၊ ဒါကိုတွေ့တဲ့ ဧည့်သည်တိုင်းလိုလို အံ့သြသွားကြလေ့ ရှိတယ်၊ ဘုရားဖူး ရှင်းတဲ့ အချိန်ဆို အဝေးက အာရုံခံ တန်ဆောင်း ထဲမှာရပ်ပြီး မျက်နှာတော်ကိုကြည့်၊ ပြီးတော့ မျက်နှာ မလွှဲဘဲ မျက်နှာတော်ကို ကြည့်ရင်းက ရှေ့ကို တစ်လှမ်းချင်း လျှောက်လာတဲ့အခါ မျက်နှာတော်ဟာ ပြုံးနေရာက တဖြည်းဖြည်းနဲ့ တည်သွားတာကို တအံ့တသြ တွေ့ရပါလိမ့်မယ်၊ ပြီးတော့ ဒီမတ်ရပ်ကိုယ်တော်ကြီး တွေကို ကျွန်းပင်တစ်ပင်ထဲကနေ ထုလုပ်ထားတာ ဖြစ်ပါတယ်၊


နေ့လယ်စာကို အာနန္ဒာရဲ့ မြောက်ဖက်က အထွက်မှာ ရှိတဲ့ သရပါ-၃ ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ စားဖြစ်ပါတယ်၊ ဒီဆိုင်ရဲ့ နာမည်ကြီးက ကြက်သားကြော်နဲ့ အညာဟင်း၊ အသုပ်လေးတွေပါ၊ ဆီတွေများတဲ့ ရိုးရိုး ကြက်သားဟင်းကို ကျနော်တို့က မတို့မထိပဲ ကြက်ကြော်ကိုပဲ ဝိုင်းအားပေးကြတော့ ဆိုင်ရှင်ကလည်း အလိုက်တသိပဲ ပြန်သိမ်းသွားတယ်၊


အညာလက်ရာ မန်ကျည်းရွက်သုပ်...၊ တော်တော်လေးကို ကောင်းပါတယ်၊


အဲ.. ဒီအသုပ် နာမည်တော့ မေ့သွားပြီ..၊း) တွေးကြည့်တာ ပြေးကြည့်တာထက် မှန်တယ်ဆိုတဲ့ မောင်နှမတွေ ပါရင် နာမည်လေး ခန့်မှန်းပေးခဲ့ ပါဦးဗျာ..၊


အန်တီစုလည်း ပုဂံလာတုန်းက ဒီ သရပါ-၃ မှာပဲ စားသွားခဲ့ ပါသေးတယ်၊ အခုလိုပဲ ခုံပုလေးတွေမှာ ထိုင်ပြီး စားရပါတယ်၊ အနားမှာ ခွေးကလည်း သုံးလေးကောင်လောက် ရစ်သီရစ်သီနဲ့၊ ဆိုင်ရှေ့က မြေလမ်းမှာ ကားမောင်းသွားရင်လည်း ဖုန်တွေက တလုံးလုံး..၊ ဒါပေမယ့် ကြိုက်တယ်၊ ပကာသန မပါဘူး၊ ဈေးချိုတယ်၊ အညာဟင်းတွေ ရတယ်၊ ကျေးလက်ဆန်တယ်၊ ကျနော်တို့ ၃ ယောက်လုံး ကြိုက်လို့ ၂ ခါပြန် သွားစားဖြစ်တယ်၊


'ဥာဏ်မှာ သဗ္ဗညု' တဲ့..၊ ဘုရားကြီးက စိတ်မကောင်းစရာ အရင်ကထက်ကို ပိုပြီး ညစ်ထပ်ထပ် ဖြစ်သွားပြီ၊ ရေတံလျှောက်တွေက ရေစီးကြောင်းတွေက နံရံပေါ်မှာပဲ စီးကျရင်းနဲ့ အမည်းစင်းကြီးတွေ ဖြစ်လာတယ်၊ အထဲမှာလည်း နံရံဆေးရေးတွေကို ထုံးက အထပ်ထပ် အုပ်ထားလို့ ဘာမှ မကျန်တော့ပါဘူး၊ မအိမ်သူကတော့ သဗ္ဗညုကို အနှစ်သက်ဆုံးလို့ ပြောတယ်၊ ဒီဘုရားကို ရောက်လာရင် ရင်ထဲမှာ မွန်းကျပ်သလို၊ လွမ်းသလို၊ တစုံတခုက ဆွဲထားသလို ခံစားရတယ် ဆိုပဲ၊ သူငယ်ချင်းတွေကို ပြောပြတော့ ဒါဆို ပုဂံခေတ်တုန်းက သဗ္ဗညုမှာ ကောင်းမှုပြုခဲ့တဲ့ မင်းသမီး ဖြစ်မယ်လို့ နောက်ကြတယ်၊ ကျနော်က ခပ်သောသောနဲ့ ဝင်ပြောလိုက်တယ်၊ ဘုရားကို လှူခဲ့တဲ့ 'ကျွန်မ' လည်း ဖြစ်နိုင်တာပဲ-လို့၊ မျက်စောင်းတစ်ချက် ဒိုင်းကနဲ ရောက်လာခဲ့တယ်..၊း)


၂၀၀၉ ပြန်တုန်းက ဒီဘုရားကို ဓါတ်ပုံရိုက်ခဲ့တာ ပုံထွက်က ခပ်ဝါးဝါးပဲ ရတယ်၊ ဒီတစ်ခေါက်တော့ အလင်းဝင်ပေါက် f/1.4 ထိ ဖွင့်လို့ရတဲ့ မှန်ဘီလူးနဲ့ မကျေပွဲ သွားပြန်နွှဲတယ်၊ ပုထိုးသားများ ဘုရားထဲကပါ၊ အထဲမှာ တော်တော့်ကို မှောင်တယ်၊


ပုထိုးသားများက ပုဂံခေတ်ဦး မွန်လက်ရာပါ၊ အဲဒီခေတ်ဦး ဗိသုကာပညာမှာ ပြူတင်းပေါက်၊ မျက်နှာကြက် အပေါက်၊ စတာတွေ မပါဘဲနဲ့ အတွင်းထဲက ဆင်းတုတော်ပေါ်ကို အဓိက ဝင်ပေါက် တစ်ခုတည်းကနေ အလင်းသွယ်ယူတာ တကယ်တော်ပါတယ်၊ ဘုရားထဲ ဝင်လိုက်တဲ့အခါ ခပ်မှောင်မှောင် အခင်းအကျင်းထဲ အပေါ်ပုံထဲကလို ဘုရားက သဘာဝ အလင်းရောင်နဲ့ စံပယ်နေတာ သပ္ပယ်လှတယ်..၊


ဘယ်တော့မှ မရိုးနိုင်တဲ့ ပုဂံရဲ့ မြင်ကွင်း...၊ တခါတလေ အဲဒီလို ဆိတ်အုပ်၊ နွားအုပ်တွေထဲ ဝင်ထိုင်ပြီး တမေ့တမော နွားကျောင်းသား လုပ်နေလိုက် ချင်တယ်..၊း)


'ထုမှာ ဓမ္မရံ' တဲ့...၊ ဓမ္မရံကြီးကို ပုဂံရဲ့ ပိရမစ်လို့ တင်စားခေါ်ကြတာ ဒီလို ရှုထောင့်ကနေ သုံးသပ်ခဲ့ကြတာ ဖြစ်မယ်၊ ကျန်တဲ့ဘုရားတွေမှာ အလှူရှင်တွေ အသီးသီး ပေါ်လာကြပေမယ့် သူ့မှာတော့ အခုထိကို အပယ်ခံ..၊ ဘုရင်ကိုယ်တိုင် အပြီးမသတ်နိုင် မှတော့ နှောင်းလူတွေလည်း လက်ရှောင်ကြတယ် ထင်ပါရဲ့...၊ တကယ်တော့ ဒီလိုဖြစ်နေတာကပဲ ခပ်ကောင်းကောင်းလို့ ဆိုရမှာပါပဲ၊ ပြင်လိုက်မှ ပိုဆိုးသွားတာတွေက များသထက် များလာတယ် မဟုတ်လား..၊


ဒါက ဂူနီညီအစ်မပါ၊ ဒီတခေါက် ပုဂံမှာ စိတ်မကောင်းစရာက ကျနော်နှစ်သက်တဲ့ ဘုရား ၂ ဆူကိုပါ အပေါ်တက်ခွင့် ပိတ်လိုက်တာနဲ့ ကြုံရတာပါ၊ ခေမင်္ဂနဲ့ တရုတ်ပြေး...၊ ဒီဘုရား ၂ ဆူပေါ်မှာ နေကုန်နေခန်း ထိုင်ခဲ့ဖူးတယ်၊ အကြိမ်ပေါင်းများစွာ တက်ဖူးတယ်၊ ဒါပေမယ့် ဘယ်တော့မှ မဝပါဘူး၊ ဂူနီညီအစ်မတော့ အခုထက်ထိ တက်လို့ရသေးတယ်၊ ဓမ္မရံကြီးရဲ့ တောင်ဖက်ကပ်ရက် ပါပဲ၊ မြောက်ဂူနီ ပေါ်ကနေလည်း နေဝင်ချိန်ကြည့်လို့ လှတယ်၊


အဲဒီလို ဘုရားတွေ နောက်ခံနဲ့ ဖုန်တလုံးလုံး မြင်းလှည်းတန်းတွေများ မြင်ရင် ကျနော့်မှာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ ဒီလိုသာ ထိုင်ငေးနေချင် တော့တယ်..၊း)


အို... ချစ်သောပုဂံ...၊


ဒီမြင်ကွင်းလေးကတော့ ဘာမှကို ပြောင်းလဲ မသွားဘူး၊ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်က ကျနော် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်ကလည်း ဒီလိုပဲ ဘုရားရှေ့က ဖြတ်ပြီး နွားတွေကို အိမ်ပြန်မောင်းသွားတာ တွေ့ရတယ်၊ အခုလည်း ဒီနေရာ၊ ဒီအချိန်ပဲ၊ အနောက်ဖွားစောရွာက နွားတွေပါ၊ ပြဿဒ်ကြီး ပေါ်ကနေ ရိုက်ပါတယ်၊


တနေဝင်ပြန် အုံးတော့မယ်၊ ပုဂံဟာ မျက်စိရှေ့မှာပဲ တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပြီ၊ မထတမ်း ဆက်ကြည့်နေမယ်၊ အဲဒီနေလုံး တန့်ကြည့်တောင် အနောက်ကို ငုပ်သွားတဲ့ အထိပေါ့လေ...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၁၂ ဧပြီ၊ ၂၀၁၂