13 January 2009

ကျနော့်အနားက ကမ္ဘာ့စီးပွားပျက်ကပ်

ဒီနေ့အလုပ်မှာ Elena ဆိုတဲ့အမျိုးသမီးကြီးနဲ့ တွေ့တော့သူမျက်နှာမကောင်းတာ သတိထားမိတယ်၊ ဒါနဲ့မေးကြည့် တော့မနေ့က သူ့ယောက်ျားအလုပ် ပြုတ်သွားလို့တဲ့၊ မနက်ပိုင်း လုပ်နေကျ ဝန်ထမ်းအစည်းအဝေး မှာဆုံးဖြတ်ပြီး တခါတည်း ထုတ်လိုက်တာပါပဲ၊ သူ့ယောက်ျားက Karcher ဆိုတဲ့ high pressure သုံးရေပိုက်တွေ ထုတ်တဲ့ကုမ္ပဏီမှာ လုပ်နေခဲ့တာ ၁၀ နှစ်ကျော်လောက် ရှိနေပြီ၊ အခုတော့ ၃ လအ တွက်လစာနဲ့အတူ ခွင့် ၇ ပတ်ပေးလိုက်တယ်၊ အဲဒါပြီးရင်တော့ ပြန်လာစရာ မလိုတော့ဘူးတဲ့၊ မနှစ်ကတည်းက စ,လိုက်တဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ဝန်ထမ်းတွေ လျှော့ချတဲ့သတင်းတွေကို နေရာတိုင်းမှာ ကြားနေရတယ်၊ အခု Elena ရဲ့ယောက်ျားက အကြီးအကျယ်စိတ်တွေတိုပြီး တပြိုင်တည်းမှာ စိတ်ဓါတ်တွေကျ နေတယ်-တဲ့၊ သူ့အသက်က ၅၉ နှစ်ရှိပြီမို့ နောက်အလုပ်တစ်ခုကို လွယ်လွယ်နဲ့တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး၊ ဆွစ်ဇာလန်မှာ လုပ်သက်ပင်စင်က ၆၅ နှစ်ဆိုတော့ သူ့ကို တော်ရုံလူက ဘယ်ခန့်တော့မှာလဲ၊ အလုပ်လက်မဲ့ တွေကူညီစောင့်ရှောက်ရေး ရုံးမှာစာရင်းသွားသွင်းရင် တစ်နှစ်စာလောက်တော့ လစာရနိုင်ပါတယ်၊ ဒါပေမယ့် အဲဒါပြီးရင်တော့ ပြီးပြီဆိုတော့ သူစိတ်ဓါတ်ကျမယ်ဆိုလည်း ကျစရာပါပဲ၊

ကျနော့်မိတ်ဆွေတစ်ယောက်က အကြီးစားစက်မှုလုပ်ငန်းတစ်ခုက ဒါရိုက်တာအဆင့်ရှိသူ တစ်ယောက်ပါ၊ အခု ဝန်ထမ်းလျှော့ချရေးဂယက်ကြောင့် သူ့ရာထူးလည်း ခပ်လှုပ်လှုပ်လို့ပြောတယ်၊ ဒီစီပွားရေး အကျပ်အတည်းဟာ ကော်လာဖြူ၊ ကော်လာပြာဝန်ထမ်းတွေကအစ ကိုယ်ပိုင်စီးပွားရေးလုပ်နေသူတွေအလယ် တပိုင်တနိုင် အိမ်တွင်းမှုလေးတွေ လုပ်နေသူတွေအဆုံး အားလုံးကို အနည်းနဲ့အများ ထိခိုက်စေပါတယ်၊ ပုဂံညောင်ဦး မြင်းကပါ ဝက်ကြီးအင်းက လူတွေ မိရိုးဖလာ တစ်သက်လုံးလုပ်လာတဲ့ ယွန်းလုပ်ငန်းဘယ်လိုမှ အဆင်မပြေ တော့လို့ ဒီအတိုင်းထိုင်နေတဲ့လူကထိုင်၊ ရွှေကျင်တဲ့လူကကျင် ဖြစ်ကုန်တဲ့အကြောင်း သတင်းတစ်ပုဒ်မှာ ဖတ်ရ ပြန်တယ်၊ ကမ္ဘာဟာရွာကြီး တစ်ရွာဖြစ်လာခဲ့ပြီ ဆိုတော့ရွာဦးရဲ့ဂယက်ဟာ တစ်ရွာလုံးကိုရိုက်ခတ်စေတယ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန် အလှန်ဆက်သွယ်မှု ပုံစံသစ်တွေအရ ဘုန်းကြီးမှု ရွာပတ်တာပဲလို့ ပြောလို့မရတော့ ပါဘူး၊

ကျနော့်သူငယ်ချင်းဆန်းထွန်း စင်ကာပူမှာ အလုပ်လုပ်ဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာလက ရောက်လာခဲ့တယ်၊ မူလလုပ်ဖို့ ရည်ရွယ်ထားတာက manpower field ထဲမှာပါ၊ ဒါပေမယ့် စီးပွားပျက်ကပ်ကြောင့် ထင်သလိုဖြစ်မလာတော့ ဘူး၊ အခုဒီကောင် ကျောင်းပြီးကတည်းက ချောင်ထိုးထားခဲ့တဲ့ အင်ဂျင်နီယာဘွဲ့ကို ပြန်ပြီးအရောင်တင်ဖို့ လုပ်နေရပြီ၊ တဆက်တည်းမှာ မြန်မာပြည်က ကျနော့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို သတိ ရမိတယ်၊ ရွှေဝါရောင်တော်လှန်ရေး ပြီးကတည်းက ကျသွားလိုက်တဲ့ tourism၊ ပြန်ထမယ်ကြံကာရှိသေး နာဂစ် ကရိုက်ချသွားပြန်တယ်၊ အခုတစ်ခါ ကမ္ဘာ့စီးပွားပျက်ကပ်...၊ တဖက်ကလည်း တစ်ရစ်ပြီးတစ်ရစ် ကျပ်လာတဲ့ စားဝတ်နေရေး...၊ ဆိုးဝါးပြီး ကံမကောင်းတဲ့နှစ်လို့ အများကယူဆကြတဲ့ ၂၀၀၈ အလွန်မှာ အားလုံးက ၂၀၀၉ ကိုမျှော်လင့်ချက်အပြည့်နဲ့ ကြိုဆိုကြတယ်၊ သူကကော...? တကယ်ပဲ ကံကောင်းခြင်းတွေ သယ်ဆောင်လာမှာ လား? လောလောဆယ်တော့ အဖျားရောဂါ အကြီးအကျယ်ခံစားခဲ့ရတဲ့ ဝေဒနာသည်တစ်ယောက်လို ခပ်ယဲ့ယဲ့ နဲ့ နာလန်ထလာဆဲပါပဲ၊

အလုပ်ကအိမ်ကိုအပြန်မှာ လေးလံလွန်းတဲ့ ဝန်ထုပ်ကြီးတစ်ခုကို ထမ်းပိုးထားရသလို ခြေလှမ်းတွေက မသွက် ချင်ဘူး၊ တော်ပါသေးရဲ့...တနင်္ဂနွေနေ့က ချက်ထားလို့ စားစရာအဆင်သင့် ရှိနေတယ်ဆိုပြီး အနည်းငယ် သက်သာရာ ရမိတယ်၊ ဒါပေမယ့် ဗိုက်မဆာတော့ဘူး၊ အပင်ပန်းခံ ချက်ထားတဲ့ ဟင်းတွေကရှေ့မှာ...။ ။

2 comments:

Yu Wa Yi said...

အခုလိုချရေးလိုက်တော့ နည်းနည်းတော့စိတ်သက်သာသွားမှာပေါ့နော်။ ဖတ်ရတဲ့သူလည်း သုတရသတွေရပါတယ်။ အဓိက ကအဲဒါပါပဲကိုညီလင်းသစ်ရေ။ အဲသလိုကိုယ်ရေးချင်တာလေးရေးလိုက်ရမှ စားချင်စိတ်လေးပြန်ဝင်လာတာ။ ဘာပဲဖြစ်ဖြစ် စားတော့စားလိုက်ပါရှင်။
ဒါနဲ့ ဒီနေ့ ဘလော့ဂ်တွေ မကျော်ရဘူး။ ထူးဆန်းနေတာပြောချင်လို့ ။

ThuHninSee said...

ဒီမှာလည်း တူတူပါပဲ။ ကျွန်မကတော့ အစိုးရ စရိတ်နဲ့ ကျောင်းပြန်တက်နေပါတယ်။ အသက်ကြီးတဲ့သူတွေ အဖို့က အလုပ်ရှာရလဲမလွယ်၊ ကျောင်းပြန်တက်ဖို့လဲ မလွယ်ဘူးနော်။