23 April 2009

ဘာသာစကား၊ အကြားအာရုံနှင့် စုံသောအသံများ


ဘာသာစကားများအကြောင်း ကျနော်စဉ်းစားမိသည့်အခါ အမြဲလိုလိုပင် အံ့သြခြင်း ဖြစ်ရသည်၊ လူတစ်ဦးနှင့် တစ်ဦးကြားမှာ ဆက်သွယ်ရေးအတွက်သုံးသည့် ဘာသာစကားတစ်ခု၏ ကြွယ်ဝမှုက တကယ့်ကို မယုံနိုင်စရာ၊ အကြောင်းအရာပေါ်လိုက်လို့ သံတူကြောင်းကွဲ၊ ကြောင်းတူသံကွဲတွေ များစွာရှိတတ်သည်၊ စကားလုံးမထပ် အောင် အမျိုးမျိုး ပြောင်းသုံးနိုင်သည်၊ စကားကို တန်ဆာဆင် ပြောနိုင်သည်၊ တဲ့တိုးပြောနိုင်သည်၊ စကားကြီး ဆယ်မျိုး ပြောနည်းဖြင့် ပြောနိုင်သည်၊ ပြောရလျှင် ဘာသာစကား၏ သိမ်မွေ့နက်ရှိုင်းမှုကို ဘာသာစကားဖြင့် ပြန်ရှင်းပြဖို့ပင် ခပ်ခက်ခက်...၊

တိရိစ္ဆာန်လောကမှာတော့ ရှင်းသည်၊ မကြိုက်ပါက ခွေးဆိုလျှင် မာန်ဖီပြမည်၊ ဆင်ဆိုလျှင် နားရွက်တွေ ကားပြီး ရှေ့တိုးနောက်ဆုတ် လုပ်မည်၊ ခလောက်မြွေဆိုလျှင် အမြီးကို တဆတ်ဆတ် လှုပ်၍ သတိပေးမည်၊ ဆိုလိုသည် မှာ သင်္ကေတနှင့် ဖော်ပြပုံသည် တသမတ်တည်း ဖြစ်သည်၊ လူတွေအတွက် ဘာသာစကားမှာတော့ ဒီစကား တစ်ခုတည်းကိုပင် အဖိ၊ အဖေါ့၊ အပျော့၊ အမာ၊ မျက်နှာထိ မျက်နှာထားကိုလိုက်လို့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွဲပြားသွားတတ်လေသည်၊ ဒီကြားထဲ စကားလုံး ရွေးချယ်ပုံကလည်း အရေးကြီး လိုက်သေးသည်၊ ကျနော်ပြော ချင်တာက စကားကို အသေးစိတ် တွက်ချက်ရွေးချယ်၍ ပြောမည်ဆိုလျှင် ကျွမ်းကျင်မှု၊ နှံ့စပ်မှုပေါ် မူတည်၍ လှပသိမ်မွေ့ နိုင်သလို ရှုပ်ထွေးခက်ခဲမှုလည်း ဖြစ်နိုင်ပါသည်၊ သို့သော် ထိုမျှလောက်လည်း မလိုပါ၊ ကျနော်တို့ အားလုံး နေ့စဉ်သုံး စကားများကို စာတမ်းရေးသလို မဟုတ်ဘဲ ပေါ့ပါးသွက်လက်စွာ ပြောတတ်ကြပါသည်၊

ကျနော် နေထိုင်ရာ ဆွစ်ဇာလန် နိုင်ငံမှာတော့ ဘာသာစကား၏ ရိုက်ခတ် အရေးပါမှုကို နေ့စဉ်လိုလို ထိတွေ့ ဆက်ဆံရလေသည်၊ ဒီနိုင်ငံမှာ တရားဝင် ရုံးသုံးဘာသာစကားက ၄ မျိုးရှိပါသည်၊ ဂျာမန်၊ ပြင်သစ်၊ အီတာလျံ နှင့် ရိုမော့န်ခ်ျ (Romanche) ဘာသာတို့ ဖြစ်ပါသည်၊ လူဦးရေ၏ ၆၅% ခန့်က ဂျာမန်စကားပြောပြီး ၂၁% ခန့် က ပြင်သစ်စကား ပြောကြသည်၊ ၇% နီးပါးခန့်က အီတာလျံစကား ပြောပြီး ရိုမော့န်ခ်ျကတော့ ပြောသူ ၁% ပင် မပြည့်ပါ၊ ဒါပေမယ့် သူကလည်း တရားဝင် ရုံးသုံးဘာသာအဖြစ်က တပြားမှမလျှော့...၊ ဒီစကားက ဂျာမန်၊ ပြင် သစ်၊ အီတာလျံတို့ကို နည်းနည်းစီ ရောသမမွှေပြီး ဒေသသုံး ဒိုင်ယာလက်ခ်တချို့ ပေါင်းထည့်ထားတာမျိုး ဖြစ် သည်၊ ကျနော့်မိတ်ဆွေ ဆွစ်လူမျိုးများထဲမှာတော့ ရိုမော့န်ခ်ျ ပြောတတ်သူ တစ်ဦးတစ်ယောက်မှ မတွေ့ဖူးပါ၊

ဒီမှာပြောသည့် ဂျာမန်စကားကလည်း တစ်မျိုးဖြစ်သည်၊ ဆွစ်ဂျာမန်ဟု ခေါ်သည့်ထိုစကားသည် ဂျာမနီမှာပြော သည့် ဂျာမန်စကားနှင့် လုံးဝနီးပါး ခြားနားသည်၊ ထိုထက်ပိုသည်က ဆွစ်ဂျာမန်စကားသည် ဒိုင်ယာလက်ခ် အပြောသက်သက် ပုံစံသာရှိ၍ အရေးပုံစံ (written form) မရှိခြင်းဖြစ်သည်၊ ဒီတော့ ကျောင်းတွေမှာ standard ဂျာမန်စကားကို သင်ပြီး အပြင်မှာတော့ ဆွစ်ဂျာမန်စကား ပြောကြသည်၊ ဂျာမနီမှ ဂျာမန်တစ်ယောက် ဒီကိုလာ သောအခါ သူ့ဂျာမန်စကားကို ဆွစ်ဂျာမန်တို့ နားလည်ပြီး ၄င်းတို့ပြောသည့် ဆွစ်ဂျာမန်စကားကိုမူ ထိုဂျာမန်နား မလည်နိုင်ပါ၊ ပြင်သစ်ဘာသာကတော့ အချို့နေရာတွင် လေယူလေသိမ်း အနည်းငယ်ကွဲသည်မှအပ ဆွစ်ဇာ လန်မှာ ပြောသည့်စကားနှင့် ပြင်သစ်ပြည်မှာ ပြောသည့်စကား အတူတူပင်ဖြစ်သည်၊ အီတာလျံစကားလည်း ဆွစ်အီတာလျံနှင့် အီတလီမှအီတာလျံ အတူတူနီးပါးပင် ဖြစ်သည်၊ ထိုသို့သော ဘာသာစကား ခြားနားမှုများ ကြောင့် အရွယ်အားဖြင့် မြန်မာပြည်ထက် ၁၅ ဆခန့် ငယ်ပြီး လူဦးရေလည်း ၇ သန်းကျော်ကျော်သာ ရှိသော အနှီ ဆွစ်ဇာလန်နိုင်ငံသည် တစ်ပုဒ်တည်းသော အမျိုးသားသီချင်းကို အဆိုပါ ဘာသာ ၄ မျိုးဖြင့် ထားပေးရလေ သည်၊

ဆွစ်ဂျာမန်ကလေးတွေက မူလတန်းအဆင့် ၃ တန်းသို့ ရောက်သည်နှင့် ပြင်သစ် သို့မဟုတ် အီတာလျံ တစ်ခုခု ကို ဒုတိယဘာသာအဖြစ် သင်ကြရပြီး၊ ကျန်ဆွစ်ပြင်သစ်နှင့် ဆွစ်အီတာလျံ ကလေးတွေကလည်း ထိုဘာသာ ၃ ခုတွင် မိခင်ဘာသာစကား မဟုတ်သည့် နှစ်ခုအနက် တစ်ခုကို မသင်မနေရ ရွေးချယ်ရလေသည်၊ ထို့ကြောင့် ဆွစ်လူမျိုးအများစုသည် အနည်းဆုံး ဘာသာစကား ၂ မျိုး သို့မဟုတ် ၃ မျိုးကို ပြောတတ်ကြသည်၊ သို့သော် ကျနော်မြင်ရသလောက် ဆွစ်ပြင်သစ်တွေဂျာမန်စကား ပြောနိုင်တာထက် ဆွစ်ဂျာမန်တွေက ပိုပြီးပြင်သစ်စကား ပြောနိုင်ကြသည်၊ ပထမအချက်မှာ ဆွစ်ဂျာမန်တွေက စည်းစနစ်၊ ဇွဲနဘဲအရာမှာ တယူသန်၊ တလမ်းသွား ပိုကျ ပြီး အစွမ်းကုန် ကြိုးစားပြောကြသောကြောင့် ဖြစ်သည်၊ ဒုတိယအချက်မှာ ဂျာမန်စကားက ထောင့်တောင့် တောင့် ကြမ်းတမ်းတမ်း ဖြစ်၍ ဆွစ်ပြင်သစ်အများစုမှာ ပြောရန်စိတ်မပါသောကြောင့် ဖြစ်သည်၊

ဤနိုင်ငံလေးမှာ ၃ နာရီခန့် ရထားစီးမည်ဆိုလျှင် နိုင်ငံ၏တဖက်နယ်စပ်မှ အခြားတဖက်နယ်စပ်သို့ ရောက်ပါ လိမ့်မည်၊ ပြင်သစ်စကားပြော အပိုင်းဖြစ်ပါက ရထားပေါ်တွင် ပြင်သစ်စကားဖြင့် ပထမကြေညာပြီးမှ ဂျာမန် စကားဖြင့် ထပ်ဆင့်ကြေညာသည်၊ ခရီးသွားတစ်ယောက်သည် ပြင်သစ်စကား အရင်ကြားရမည့်အစား ဂျာမန်စကားကို ပထမကြားရပါက ဂျာမန်စကားပြောသည့် အပိုင်းသို့ရောက်လာပြီ ဖြစ်ကြောင်း သိနိုင်ပါသည်၊ မည်သို့ပင်ဖြစ်စေ ဆွစ်ဂျာမန်ပိုင်းကို ရောက်ဖြစ်သည့်အခါ ကြားနေကျ ပြင်သစ်စကား နေရာမှာ ဂျာမန်စကား ကြားရသောကြောင့် အခြားနိုင်ငံတစ်ခုကို ရောက်သလို ကျနော် မကြာခဏ ခံစားရသည်၊ ဈေးဝယ်သည့်အခါ ကုန်ပစ္စည်းများ ပေါ်မှာရှိသည့် စကား ၃ မျိုးအနက်မှ ကိုယ်နှင့်သက်ဆိုင်သည့် စကားကို ရှာဖွေဖတ်ရှုရခြင်းအား အစပိုင်းတွင် ကျနော်အထူးအဆန်း ဖြစ်နေခဲ့ဖူးသည်၊ မကြာခဏ ကြုံရသည့် နောက်ထပ်တစ်ခုမှာ ဆွစ်လူမျိုး အချင်းချင်း အင်္ဂလိပ်လို ပြောနေကြခြင်းဖြစ်သည်၊ ဆွစ်ဂျာမန်တွေက ပြင်သစ်လို ကြိုးစားပြောချင်သော်လည်း ဆွစ်ပြင်သစ်တွေက ဂျာမန်လိုပြန်မပြောချင်၊ ပြန်မပြောနိုင်သည့်အခါ ၄င်းတို့အချင်းချင်း နောက်ဆုံး၌ အင်္ဂလိပ် လိုသာ ပြောကြတော့သည်၊ သို့သော် ဘာသာစကား ကွဲပြားသော်လည်း သူတို့ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင် ကြပါသည်၊

လူတစ်ယောက် ဘာသာစကား တစ်ခုကို ပြောဖို့အတွက် အရင်ဦးဆုံး လိုအပ်သည်မှာ မည်သည့်အရာနည်းဟု တစုံတယောက်က မေးလာခဲ့မည်ဆိုလျှင် ထိုစကားကို ကြားနိုင်သော အကြားစွမ်းရည် ဖြစ်သည်ဟု ကျနော်ဖြေ မိမည် ထင်ပါသည်၊ မှန်ပါသည်၊ စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်ဘူးဆိုလျှင် ထိုစကားကို မှန်ကန်စွာပြော နိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်၊ ကျနော် မြန်မာပြည်မှာ ဧည့်သည်များနှင့်မကြာခဏ ခရီးသွားစဉ် အခါက မြန်မာစကားအကြောင်း သူတို့ကို ပြောဖြစ်တိုင်း ထိုအချက်ကို ကျနော်သတိပြုမိသည်၊ ဥပမာ- ကျနော် က ‘ငပိ’ ဟုပြောသည့်အခါ သူတို့က ‘နပိ’ ဟုကြားကြသည်၊ ကျနော်က ထိုစကားနှစ်ခုကို သေသေချာချာ အသံ ထွက်ပြသော်လည်း သူတို့ကမူ အတူတူပဲ ကြားရသည်ဟု ဆိုသည်၊ ကျနော်တို့၏ မိခင်ဘာသာနှင့် ဘာဆိုဘာမျှ နီးစပ်ခြင်း မရှိသော စကားတစ်ခုကို မှန်ကန်စွာ ကြားနိုင်ဖို့ ဆိုသည်မှာ အမြဲတမ်းတော့ မလွယ်ကူနိုင်ပါ၊ ကွဲပြား သော စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်သည်မှာ အသာထားဦး၊ အမြဲတသမတ်တည်း ရှိနေသော အသံတစ် ခုကိုပင် ကျနော်တို့အားလုံး ကြားပုံကြားနည်းချင်း မတူကြပါ၊

ထို့ကြောင့်ပင် တစ်ကောင်တည်းသောကြက်၏ တစ်သံတည်းသော တွန်သံကိုပင် မြန်မာက ‘အောက်အီးအီး အွတ်’ ဟုကြားစဉ် အင်္ဂလိပ်က ‘ကော့က ဒူးဒယ်လ်ဒူး’ (cock-a-doodle-do)ဟု ကြား၏ ပြင်သစ်တို့ကမူ ‘ကော်ကော်ရီကို’ (cocorico) ဟုကြားကြသည်၊ တစ်ကောင်တည်းသောကြောင်က ကျနော်တို့ရှေ့တွင် ‘ညောင်’ ဟုအော်၍ ဆွစ်တို့ရှေ့တွင်မူ ‘မြဦး’ (Miaou) ဟုအော်လေသည်၊ အကယ်၍သာ တိရစ္ဆာန်များ စကားပြောတတ် ပါက ကျနော်တို့အားလုံး မှားကြသည်ဟု ပြောကောင်းပြောနိုင်ပါသည်၊ စင်စစ် အသံတစ်သံတည်းကိုထိုသို့အမျိုး မျိုးကြားကြခြင်းမှာ ကျနော်တို့ မိခင်ဘာသာစကား၏ အသံဖွဲ့စည်းပုံစနစ်များကြောင့် ဖြစ်ပါသည်၊

ဘာသာစကား အသီးသီးတွင် အသံထွက်အလိုက် သတ်မှတ်နိုင်သော Frequency range များရှိကြသည်၊ အကျသံ၊ အလေးသံများသော ဘာသာစကားများက frequency အနိမ့်ပိုင်းမှာ ရှိကြပြီး အတက်သံ၊ နှာခေါင်းသံ၊ စူးရှသံများသော စကားများက အမြင့်ပိုင်းမှာ ရှိကြသည်၊ Frequency ကွဲပြားသော စကားကို ပြောသောလူနှစ် ယောက်သည် အသံတစ်သံကို ကြားပုံချင်းလည်း မတူညီနိုင်ပါ၊ ၄င်းတို့၏ အကြားအာရုံက သက်ဆိုင်ရာ မိခင် ဘာသာစကား၏ ဖွဲ့စည်းပုံကိုသာ အသားကျနေသောကြောင့် ထိုဖွဲ့စည်းပုံ frequency range အတွင်းမှမဟုတ် သောအသံများကို ကြားသောအခါ နားစည်မှ ပေးပို့သော သတင်းအချက်အလက်ကို ဦးနှောက်မှ ကွဲလွဲစွာ ဘာသာပြန်တတ်ပါသည်၊ ဥပမာ- ပြင်သစ်စကားသည် frequency range ၁၂၅ Hz မှ ၂၀၀၀ Hz အတွင်းသာ ရှိသည်၊ ဆိုလိုသည်မှာ အလေးဆုံး၊ အကျဆုံးအသံသည် ၁၂၅ ဟာ့ဇ်မှာရှိပြီး အတက်ဆုံးအသံသည် ၂၀၀၀ ဟာ့ဇ်ဝန်းကျင်ခန့်မှာ ရှိသည်၊ အင်္ဂလိပ်စကားမှာမူ ၁၂၅ မှ ၁၂၀၀၀ ဟာ့ဇ်အတွင်း ရှိသောကြောင့် frequency range ပိုမို ကျယ်ဝန်းပါသည်၊ အကျိုးဆက်အနေဖြင့် အင်္ဂလိပ်တွေ ပြင်သစ်စကား ပြောသောအခါ လေသံသိပ် မဝဲဘဲ သွက်သွက်လက်လက် ပြောနိုင်ပြီး ပြင်သစ်တွေ အင်္ဂလိပ်စကား ပြောသောအခါ အလွန်ဝဲသောလေသံ ဖြင့် အာလေးလျှာလေး ပြောကြလေသည်၊ ထို့ကြောင့် ဘာသာစကားတစ်ခုသည် အလွန်နိမ့်သော အကျသံများ ဖြင့်ဖွဲ့စည်းထားသလို မြင့်သောအတက်သံများလည်း ပါဝင်သည် ဆိုပါစို့၊ ထိုစကားကို ပြောသောလူမျိုးများသည် အခြားစကားများကို မှန်ကန်စွာ ကြားတတ်ကြပြီး အသံထွက်လည်း မှန်ကန်စွာ ထွက်နိုင်ကာ အတတ်မြန်ကြ လေသည်၊ စကင်ဒီနေးဗီးယား နိုင်ငံများ၊ ရုရှား၊ ပိုလန် စသောနိုင်ငံများမှ လူများသည် အခြားလူမျိုးများထက် language ပိုင်းတွင် ပိုပြီး တတ်လွယ်ကြသည်၊

တကယ်တော့ ကျနော်တို့အားလုံးတွင် အင်မတန် အာရုံခံစားမှု ကောင်းသောအကြားစနစ်များ မွေးကတည်းက ပါလာခဲ့ပါသည်၊ စကားပြောတတ်ကာစ ကလေးတစ်ယောက်သည် ၂၀ ဟာ့ဇ်မှ ၂၀ ၀၀၀ ဟာ့ဇ်အတွင်း အသံ များအားလုံးကို မှန်ကန်စွာ ကြားနိုင်ပါသည်၊ အင်မတန်မှ ကျယ်ပြန့်သော frequency range ဖြစ်သည်၊ သို့သော် ထို range မှာကြီးလာသည်နှင့်အမျှ ကြားနေကျ သက်ဆိုင်ရာ မိခင်ဘာသာစကားအလိုက် ကျဉ်းမြောင်းပြောင်း လဲသွားကာ ကျနော်တို့၏ အကြားအာရုံမှာလည်း စူးရှမှု နည်းပါးသွားတော့သည်၊

စင်စစ် စကားတစ်ခုကို မှန်ကန်စွာ ကြားပြီဟု ဆိုသည့်တိုင်အောင် ထိုစကားအတိုင်း မှန်ကန်စွာ အသံပြန်ထွက် နိုင်ဖို့ အမြဲတမ်း မလွယ်ကူပြန်ပါ၊ ကျနော်ပြင်သစ်ဘာသာကို ပထမဆုံး စသင်ခဲ့သည်မှာ မြောက်ဥက္ကလာပရှိ ဘုန်းကြီးကျောင်းတွင် ဖြစ်ပါသည်၊ ထိုကျောင်းတွင် ကံကောင်းထောက်မစွာ အင်မတန်စာသင်ကောင်းသော ဆရာမနှစ်ယောက်နှင့် သင်ကြားခဲ့ရသည်၊ သို့တိုင် ကျောင်းစ,တက်သည်မှ ခြောက်လကြာသည်အထိ ကျနော် တို့မှာ စကားပြောနိုင်ဖို့ဝေးလို့၊ အသံထွက်ကိုပင် မှန်အောင်မထွက်နိုင်သေးပါ၊ အင်္ဂလိပ် အသံထွက် များနှင့်ယဉ်ပါး ခဲ့သော ကျနော်၏လျှာကြွက်သားများက ခပ်လေးလေး ပြင်သစ်အသံတို့ကြားမှာ တဝဲလည်လည် ဖြစ်နေခဲ့ရ သည်၊ ခက်ခဲသော သဒ္ဒါစနစ်၊ များမြောင်လှသော ချွင်းချက်များ၊ ခန့်မှန်းရခက်သော အသံထွက်များ၊ အရာရာ တိုင်းကို အထီးအမ ခွဲခြားထားသော Gender စနစ်တို့ကြောင့် လှော်တိုင်းမရောက်သော ပြင်သစ် ပင်လယ်မှာ ကျနော်အတော်စိတ်ရှည်ရှည်ဖြင့် ရွက်စုံလွှင့်ခဲ့ရသည်၊

တခါတုန်းက ဖတ်ခဲ့ရသော အင်တာဗျူးတစ်ခုကို သတိရမိပါသည်၊ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ် လုပ်သော အစိုးရအဖွဲ့၏ စကားပြန်တစ်ယောက်ကို မေးမြန်းထားခြင်းဖြစ်သည်၊ ထိုသူမှာ ဘာသာစကား ၅၃ မျိုး ပြောတတ်သည်ဟု ဆိုသည်၊ သူ၏အဆိုအရ ဘာသာစကား သင်ယူတာများလာလေလေ စကားအသစ်အတွက် ပေးရသောအချိန် နည်းလာလေလေဖြစ်သည်၊ ပထမစကားကို ၃ နှစ်သင်ရသည် ဆိုလျှင် နောက်ထပ်စကားကို ၁ နှစ်ခွဲလောက်သင်လျှင် တတ်နိုင်သည်၊ နောက်ထပ်စကားကို ၁ နှစ်၊ နောက်တစ်ခုကို ခြောက်လ စသဖြင့်...၊ သူစကားသင်ယူ နည်းမှာ စိတ်ဝင်စားစရာ ကောင်းပါသည်၊ သူက ဘာသာစကားတစ်ခုကို ဖတ်နိုင်ဖို့ အရင်ဆုံး ကြိုးစားသည်၊ ထိုအတွက် ယေဘုယျအားဖြင့် ၃ လခန့်ကြာသည်၊ “ ခင်ဗျား စကားတစ်ခုကို ဖတ်နိုင်ပြီဆိုရင် အဲဒီစကားကို ခင်ဗျားတတ်ပြီလို့ ဆိုနိုင်တယ်ဗျ၊ ဒီလို ဖတ်တတ်ဖို့က အကြမ်းဖျဉ်း ပြောရရင် ၃ လလောက်တော့ ကြာမယ်ဗျာ၊ အဲဒါနောက်ပိုင်းမှာတော့ ခင်ဗျားလုပ်ရမှာက အဘိဓါန်ကောင်းကောင်း တစ်အုပ်ရှာပြီး အဲဒီစကားနဲ့ ရေးထားတာတွေကို ရနိုင်သလောက်သာ ရှာပြီးဖတ်ပေတော့...” တဲ့၊ ဖြစ်နိုင်ပါသည်၊ သို့သော် ထိုစကားကို သွက်သွက်လက်လက် ပြောနိုင်ဖို့ဆိုလျှင် စာဖတ်သောအခါ ခပ်ကျယ်ကျယ် အသံထွက်ဖတ်ဖို့တော့ လိုအပ်ပါ လိမ့်မည်၊ ထိုလူကတော့ စကားအသစ် ထပ်သင်ဖို့ ပြဿနာမရှိဘဲ သင်ထားပြီးသမျှကို မေ့မသွားအောင် ပိုပြီး အားထုတ် ဂရုစိုက်နေရပါသည်-တဲ့၊

ယနေ့ကမ္ဘာဟာ ရွာကြီးတစ်ရွာဖြစ်လာပြီး ထိုရွာကြီးဟာလည်း ပြားသထက်ပြားလာသောအခါ ကျနော်တို့ရှေ့မှာ ဘာသာစကားတို့ တိုးဝှေ့တွန်းတိုက် မိကြတာကို တစ်ကြိမ်ထက် တစ်ကြိမ်ဆိုသလို မြင်နေရပါသည်၊ အရောင်စုံ အသွေးစုံ၊ အသံစုံသော စကားတို့က မြန်ဆန်သော ဓါတ်ရထားများသဖွယ် တစ်နေရာမှ တစ်နေရာသို့ လွန်းထိုး သွားလာနေကြသည်၊ သက်ဆိုင်ရာ ရထားတစ်စင်း,စင်းကိုသာ စီးနိုင်မည်ဆိုလျှင် လိုရာခရီးကို ကျနော်တို့ ပိုမို မြန်ဆန်စွာ ရောက်နိုင်ပါသည်၊ လောလောဆယ် ကျနော်ကတော့ ပီဇာရနံ့သင်းသော၊ စပါဂက်တီ ရနံ့သင်းသော ရထားတစ်စင်းကို စီးဖို့ စိတ်စောနေမိသည်။ ။


ညီလင်းသစ်
၂၃ ဧပြီ၊ ၂၀၀၉

13 comments:

Yu Wa Yi said...

နှစ်သစ်မင်္ဂလာပါရှင်။ ဘာသာစကားရဲ့ အံသြဖွယ်ကောင်းပုံကိုကျွန်မလည်းမကြာခဏတွေးမိပါတယ်။
ဘာသာစကားတစ်ခုပြောတတ်ဖို့ ရာအကြားအာရုဏ်က အဓိက ဆိုတာလည်းဟုတ်တယ်ဗျို့ ။ ကျွန်မဆိုရင် ရှမ်းစကားကို အိမ်ကလူပြောနေတာကြားနေပေမယ့် ခုထိတစ်လုံးမှ မမှတ်မိဘူးလေ။ စိတ်၀၀င်စားမှု စိတ်အားထက်သန်မှုကလည်း ဘာသာစကားတစ်ခုခုတတ်မြောက်ဖို့ အဓိက ကျပါလိမ့်မယ်။ ဒါမှမဟုတ်ရင် ဒီစကားပြောတဲ့ အသိုင်းအ၀ိုင်းထဲမှ လုံးလုံးနေလိုက်မှပဲ အလိုလိုတတ်လာမယ်ထင်ပါတယ်။ ကိုညီလင်းသစ်ရေးတာလေးက အသေးစိတ်လေးမို့ ကျွန်မရဲ့အတွေးတွေကိုပြည့်စုံသွားစေတယ်။

Andy Myint said...

Good article. Didnt realise frequency was a big factor in learning language before. Thot it was the numbers of vocabulary. Just like Chinese.

နေညိုရင့် said...

စိတ်ဝင်စားဖို့  ကောင်းတဲ့ ဆောင်းပါးပဲ အကိုရေ။ ဗဟုသုတ အများကြီးရတဲ့ အတွက် ကျေးဇူးပါဗျာ။

ကျွန်တော်လဲ ကျွန်တော့်ညီမဆီမှာ ပြင်သစ်စာ သင်ဖို့  ကြိုးစားဖူးတယ်။ ပြင်သစ်စကားလုံး Consonant တွေ လေ့ ကျင့်တော့ W ကို ဒူပလပ်ဗေ ဆိုလား ထွက်ရတာ မှတ်မိတယ်။ အဲဒီ အသံထွက်ရင် ပါးစပ်ဆိုင်း တီးနေတာလိုလို ဘာလိုလိုနဲ့  ရယ်နေတာနဲ့  မတက်တော့ဘူး။ :D

Mae said...

Swiss German was part of the reason I chose not to work in Berne. It just got me kind of confused... I didn't fancy living there for 5 years by myself, though I suppose it'd be the quickest way to learn the language.

I was much happier when I visited Zurich because there were signs in French.

ဇနိ said...

ပြောသံကို ကွဲကွဲပြားပြား နားက မကြားသေးသရွေ့တော့ ပါးစပ်ကလည်း အသံကွဲပြားအောင် ထွက်နိုင်မှ မဟုတ်သေးဘူးး) အသံကို ကွဲပြားအောင် ကြားနိုင်ရင်တောင်မှ ကွဲပြားတဲ့အသံတွေထွက်တတ်အောင် ထပ်ပြီး လေ့ကျင့်ဖို့ကလည်း လိုသေးတာပဲ

Steve Evergreen said...

ထိုထက်ပိုသည်က ဆွစ်ဂျာမန်စကားသည် ဒိုင်ယာလက်ခ် အပြောသက်သက် ပုံစံသာရှိ၍ အရေးပုံစံ (written form) မရှိခြင်းဖြစ်သည်၊ ဒီတော့ ကျောင်းတွေမှာ standard ဂျာမန်စကားကို သင်ပြီး အပြင်မှာတော့ ဆွစ်ဂျာမန်စကား ပြောကြသည်၊ ဂျာမနီမှ ဂျာမန်တစ်ယောက် ဒီကိုလာ သောအခါ သူ့ဂျာမန်စကားကို ဆွစ်ဂျာမန်တို့ နားလည်ပြီး ၄င်းတို့ပြောသည့် ဆွစ်ဂျာမန်စကားကိုမူ ထိုဂျာမန်နား မလည်နိုင်ပါ၊ ပြင်သစ်ဘာသာကတော့ အချို့နေရာတွင် လေယူလေသိမ်း အနည်းငယ်ကွဲသည်မှအပ ဆွစ်ဇာ လန်မှာ ပြောသည့်စကားနှင့် ပြင်သစ်ပြည်မှာ ပြောသည့်စကား အတူတူပင်ဖြစ်သည်၊ အီတာလျံစကားလည်း ဆွစ်အီတာလျံနှင့် အီတလီမှအီတာလျံ အတူတူနီးပါးပင် ဖြစ်သည်၊

You've better create Swiss Burmese.

Nyi Linn Thit said...

ဘာသာစကား တစ်ခုကို တတ်မြောက်ဖို့က အရင်ဦးဆုံး အဲဒီစကားကို သင်ချင်စိတ်ရှိဖို့ လိုတာပေါ့ မယုဝရီရေ...၊ အဲဒီစကားပြောတဲ့ အသိုင်းအဝိုင်းထဲမှာ နေရင်တော့ တတ်ဖို့ အမြန်ဆုံးပေါ့ဗျာ၊

ကို Andy Myint.. Of course, vocabularies are very important to be able to extend one's linguistic skill after having heard properly that language.

ကိုနေညိုရင့် ပြောမှပဲ ကျနော်လည်း ပြင်သစ်လို W စာလုံး ပြောတိုင်း မျက်စိထဲ စိန်ဗေဒါဆိုင်းဝိုင်းကြီးပဲ မြင်မြင်နေလို့ ရီနေရသေးတယ်၊ ဟုတ်တယ်ဗျ...ပြင်သစ် စကားလုံး တချို့က မြန်မာ့နားမှာ တော်တော့် ကိုထော်လော်ကန့်လန့် နိုင်တယ်၊

Mae...as you might know, most of the Bernois and Zurichois are pretty collaborative in terms of French language. They aren't reluctant to speak in French if they are capable of. However, Swiss German is somewhat uneasy to speak for learners. I totally agree with you. :)

ကို/မ ဇနိ... သိပ်သေချာတာပေါ့ဗျာ...။

Steve...well, they are already complicated with their 4 languages. Let me just stay away from this linguistic complex...lol.

Phyo Evergreen said...

စိတ်ဝင်စားဖို့ကောင်းတယ်..။ ကျွန်တော်လည်း ဒီရောက်စက အင်္ဂလိပ်လိုပြောတာဘဲ တစ်ချို့စကားလုံးတွေ နားမလည်ကြဘူး.. နည်းနည်းတောင် confidence လျော့သွားသလိုဘဲ..။ နောက်ပိုင်းမှ နည်းနည်းအဆင်ပြေလာတယ်..။ Linguistics and phonetics သင်ဖူးတယ်.. မလွယ်ဘူး..သင်ရင်းပြောရင်းနဲ့တောင် ရှုပ်ရှုပ်ကုန်တယ်.။ ဆွဇ်ဇာလန်က တော့ သွားလည်ချင်တဲ့နေရာထဲက တစ်ခုပါ... အခွင့်ကြုံရင်သွားလည်ချင်ပါတယ်..။

Anonymous said...

Good article! really like it! So have you learnt Italien? I think you speak well in Italien by now as it was 2 years already.
Bravo!
Su

Nyi Linn Thit said...

Su ...
LOL.... Nope!!! I learnt it and progressed to some extent. Then, I couldn't continue for a while and my italian is kind of stuck. :D

ဇာနည်(MyWay!) said...

သိပ်ကောင်းတဲ့ ဆောင်းပါလေးပါ။
ကိုညီလင်းသစ်ရေ။
တခြား စိတ်ဝင်စားတဲ့သူတွေ ဖတ်နိုင်အောင်လို့
www.myanmar-network.net မှာ တင်ချင်လို့
ခွင့်တောင်းပါတယ်။

Nyi Linn Thit said...

(ကို/မ) ဇာနည် ...
ဟုတ်ကဲ့..၊ စာနယ်ဇင်းတို့ ထုံးစံ မူရင်း credit နဲ့အတူ ဘယ်နေရာမှာ မဆို တင်လို့ရပါတယ်ခင်ဗျာ၊ ခွင့်ပြု ပါတယ်၊ လာလည်တာလည်း ကျေးဇူးတင်ပါတယ်...။

ကိုကိုးအိမ်(မန္တလေး) said...

အင်္ဂလိပ် အသံထွက် များနှင့်ယဉ်ပါး ခဲ့သော ကျနော်၏လျှာကြွက်သားများက ခပ်လေးလေး ပြင်သစ်အသံတို့ကြားမှာ တဝဲလည်လည် ဖြစ်နေခဲ့ရ သည်၊ ခက်ခဲသော သဒ္ဒါစနစ်၊ များမြောင်လှသော ချွင်းချက်များ၊ ခန့်မှန်းရခက်သော အသံထွက်များ၊ အရာရာ တိုင်းကို အထီးအမ ခွဲခြားထားသော Gender စနစ်တို့ကြောင့် လှော်တိုင်းမရောက်သော ပြင်သစ် ပင်လယ်မှာ ကျနော်အတော်စိတ်ရှည်ရှည်ဖြင့် ရွက်စုံလွှင့်ခဲ့ရသည်၊

တကယ်ပါပဲ.... ပြင်သစ်စကားသင်ရတာ ခက်ပုံကတော့ လက်လန်တယ်ဗျာ....... :)

ခင်မင်စွာဖြင့်
ကိုကိုးအိမ်