01 April 2009

ထွက်ခွာခွင့်


တကယ်တော့ ဒီအဖွဲ့အကြောင်းကို ကျနော်ကြားဖူးထားတာတော့ အတော်ကြာနေပါပြီ။ ပထမဆုံးစ,ကြားဖူး တုန်းက အထူးအဆန်းမို့ အတော်လေး စိတ်ဝင်စားမိခဲ့တယ်၊ ဒီအဖွဲ့ရဲ့ ခံယူချက်၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ရင် လူတွေက အမြဲတမ်း ငြင်းခုံ၊ သဘောထား ကွဲရလေ့ ရှိပါတယ်၊ သူတို့ကို နားလည်ထောက်ခံတဲ့ လူတွေရှိ သလို ဆန့်ကျင်ရှုတ်ချတဲ့ လူတွေလည်း အများကြီးပါပဲ၊ ကျနော်လည်း ကြား,ကြားချင်းတုန်းက စိတ်ထဲမှာတမျိုး ကြီးဖြစ်ခဲ့ဖူးတယ်၊ ဒီအဖွဲ့က တခြားတော့ မဟုတ်ပါဘူး၊ Association of Dying in Dignity လို့ခေါ်တဲ့ ဂုဏ် သိက္ခာရှိစွာဖြင့် သေဆုံးရေး ကူညီမှုအဖွဲ့ဖြစ်ပါတယ်။

Exit လို့လည်းခေါ်တဲ့ ဒီအဖွဲ့က လူ့လောကမှာ ဆက်မနေချင်တော့တဲ့ လူတွေကိုယ့်ကိုကိုယ် အဆုံးစီရင်ရာမှာ ကူညီတဲ့အဖွဲ့ ဖြစ်ပါတယ်၊ ဒီလို အဖွဲ့မျိုးက ကမ္ဘာပေါ်မှာ များများစားစား မရှိပါဘူး၊ ဥရောပတိုက်မှာတော့ ဆွစ်ဇာလန် နိုင်ငံက အဖွဲ့ကအထိုက်အလျောက် နာမည်ကြီးပါတယ်၊ ပြင်သစ်၊ ဂျာမနီစတဲ့ အိမ်နီးချင်းနိုင်ငံတွေ ကပါ လာဆက်သွယ်လေ့ ရှိတယ်၊ သူတို့က ကုမရတဲ့ ရောဂါတမျိုးမျိုးကြောင့် သေမယ့်နေ့ကို လက်ချိုးစောင့်နေ ရတဲ့ လူမမာတွေကို ကူညီဖို့ ဖွဲ့ထားတာဖြစ်တယ်၊ ကျနော်သိသလောက် စည်းကမ်းချက်တွေကတော့ လူနာဟာ သက်ကြီးပိုင်းထဲက ဖြစ်ရမယ်၊ ကုမရတော့ဘူးလို့ ဆရာဝန်အားလုံးက တညီတညွတ်တည်း သတ်မှတ်ပြီး လက်လျှော့ထားခြင်း ခံရသူ ဖြစ်ရမယ်၊ ဝေဒနာခံစားနေရသူ ဖြစ်ရမယ်၊ လူနာကိုယ်တိုင်က တောင်းဆိုတာဖြစ် ရမယ်၊ မိသားစုဝင်တွေ ရှိခဲ့ရင် သူတို့ကလည်း သဘောတူညီ ရမယ်၊ စတာတွေ ဖြစ်ပါတယ်၊

ဟိုတလောဆီက ဥရောပကသတင်းစာ တော်တော်များများမှာ စိတ်ဝင်စားဖို့ကောင်းသလို စိတ်မကောင်းဖြစ် စရာလည်းကောင်းတဲ့ သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ကြပါတယ်၊ Chantal Sébire ဆိုတဲ့ ပြင်သစ်အမျိုးသမီး တစ် ယောက်အကြောင်းပါ၊ အသက် ၅၂ နှစ်အရွယ် ဒီအမျိုးသမီးကြီးဟာ Esthesioneuroblastoma ဆိုတဲ့ရောဂါ ဆန်းတမျိုးကို ခံစားနေခဲ့ရတယ်၊ ဒီရောဂါက နှာခေါင်းအတွင်းမှာ ဖြစ်တတ်တဲ့ ကျူမာ (tumor) တမျိုးပါ၊ ဒီကျူ မာက ရင့်ပြီးကြီးထွားလာတဲ့အခါ သူ့ရဲ့တွန်းအားကြောင့် မျက်လုံးကပါ ယောင်ကိုင်းပြူးထွက် လာခဲ့တယ်၊ အဆ မတန် ယောင်ကိုင်းနေတဲ့ အဲဒီမျက်လုံးနဲ့ ပြန့်ကားဖောင်းထွက်လာတဲ့ နှာခေါင်းက ကျောင်းဆရာမဟောင်းဖြစ် တဲ့ အဲဒီအမျိုးသမီးကြီးကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေခဲ့တော့တယ်၊ သိပ်မကြာမီမှာပဲ မျက်စိအလင်းပါ ကွယ် သွားခဲ့ရတယ်၊ ဘဝဟာ အဓိပ္ပါယ် မဲ့သထက် မဲ့ခဲ့ရပြီပေါ့...၊

ဘယ်လိုမှ ကုစားလို့မရတဲ့ ရောဂါကို လွယ်ထားရတဲ့ Chantal (ရှော်န်တားလ်) ဟာလူ့လောကကြီးမှာ ဆက်ပြီး အသက် မရှင်ချင်တော့ဘူး၊ သူဟာ ပြင်သစ်သမ္မတအထိ စာရေးပြီးတော့ သူ့ဘဝကို ဆေးပညာအကူအညီနဲ့ အဆုံးသတ် ဖို့တောင်းဆိုပါတယ်၊ အဲဒီမှာ အာဏာပိုင်အဖွဲ့အစည်းအကြား၊ သတင်းမီဒီယာအကြား အတော် လေးဂယက်ရိုက် သွားတယ်၊ သူ့တောင်းဆိုချက်ကို လိုက်လျောဖို့ သင့်, မသင့်ဆိုတာနဲ့ ပတ်သက်လို့ပေါ့၊ ကံကြမ္မာရဲ့ မျက်နှာသာ ပေးခြင်းမခံရတဲ့ အဲဒီအမျိုးသမီးကြီးက ဆွစ်ဇာလန်နိုင်ငံက Exit အဖွဲ့ကိုပါ ဆက်သွယ် ဖို့ စဉ်းစားခဲ့သေးတယ်၊ နောက်ဆုံးမှာတော့ သူ့ကိုကြပ်မတ်တဲ့ ဆရာဝန်ရဲ့ ဆေးစာကိုသုံးပြီး အားသိပ်မပြင်းတဲ့ အိပ်ဆေးတချို့ကို သူဝယ် လို့ရခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာတော့ သူ့အတွက်လွယ်သွားပြီ၊ အဲဒီအိပ်ဆေးတွေ ကိုပဲ များနိုင်သလောက်အများ ဆုံးသောက်ပြီး သူအပြီးအပိုင် အိပ်ပျော်သွားခဲ့တော့တယ်၊

ဒီဖြစ်ရပ်မတိုင်ခင် နှစ်အနည်းငယ်က အလားတူဖြစ်ရပ်မျိုး ကျနော်တွေ့ဖူးခဲ့တယ်၊ တစ်ရက်မှာ ပျင်းပျင်းရှိတာနဲ့ ရုပ်မြင်သံကြားမှာ ချန်နယ်လ်တွေ ကျနော်ပြောင်းကြည့်နေဖြစ်တယ်၊ အဲဒီမှာ သတင်းမှတ်တမ်းဆန်ဆန် ပြနေ တာတစ်ခုကို သွားကြုံတယ်၊ အသက် ၅၀ ဝန်းကျင်ခန့်ရှိမယ့် လူတစ်ယောက်နောက်ကို ကင်မရာက တချိန်လုံး လိုက်ရိုက်နေတာ၊ အိမ်မှာ သူစာတွေရေးနေတာ ပြတယ်၊ ကော်ဖီဆိုင်ကို သွားပြီး သူငယ်ချင်းတွေနဲ့ စကားပြော နှုတ်ဆက်တာတွေ ပြတယ်၊ သူ့အိမ်နားက လယ်ကွင်းတွေဖက်ကို သွားကြည့်တယ်၊ ညှို့မှိုင်းနေတဲ့ အဝေးက တောင်တန်းတွေကို ကြည့်တဲ့ သူ့မျက်လုံးရီဝေဝေတွေကို အနီးကပ် ရိုက်ပြတယ်၊ အစကနေ ကြည့်ရတာလည်း မဟုတ်တော့ မင်းသားမဟုတ် ဘာမဟုတ်နဲ့ ဒီလူဟာ ဘယ်သူ ပါလိမ့်လို့ ကျနော်တွေးနေမိတယ်၊

နောက်ခံစကားပြောနဲ့ နောက်ထပ်ပြကွက်အနည်းငယ် အပြီးမှာတော့ ကျနော်နဲနဲ ဇတ်ရည်လည်သွားခဲ့ပြီ၊ သူ့နာမည်က Jean Aebischer ဖြစ်ပြီးတော့ ကင်ဆာရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တစ်ဦးဖြစ်တယ်၊ ကင် ဆာဆဲလ်တွေက ဦးနှောက်ထဲအထိပါ ပြန့်နှံ့နေပြီးတော့ ဆရာဝန်တွေကပါ လက်လျှော့ထားရတဲ့ လူတစ် ယောက်ပါ၊ အဆိုးဆုံးကတော့ သူဟာ အနှေးနဲ့အမြန် ကိုမာ(coma)ရမယ်လို့ သိထားရတာပါပဲ၊ ဘယ်တော့လဲ ဆိုတာသာ အတိအကျ မသိရတာ... ကိုမာရပြီး သတိလစ်မှာကတော့ သေချာနေပြီ၊ ပြီးရင်တော့ အပြီးအပိုင် ထွက်သွားဖို့ပဲပေါ့၊

Jean (ရောန် လို့အသံထွက်ပါတယ်) က သူ့ဘဝရဲ့ နောက်ဆုံးနေ့တွေမှာ ကိုမာနဲ့ မျောနေပြီး အောက်စီဂျင် တန်းလန်း၊ ဒရစ်ပ်ပိုက်တန်းလန်းနဲ့ အသက်မရှင်ချင်ဘူး၊ အသက်အားဖြင့် ၅၈ နှစ်ပဲ ရှိသေးတဲ့သူဟာ လော လောဆယ်မှာတော့ ဘယ်လိုရောဂါ လက္ခဏာမှ မခံစားရသေးဘူး၊ ကျနော်နေတဲ့ နေရာကနေ တစ်နာရီ လောက် ကားမောင်းသွားရတဲ့ နေရာမှာ သူနေပါတယ်၊ ခက်တာကသူ ကိုမာရပြီး သတိလစ်သွားတဲ့နောက် အဲဒီလိုဘဝနဲ့ ဘယ်လောက်ကြာကြာ ဆက်ပြီးနေ,နေရမယ် ဆိုတာ ဘယ်သူမှ ကျိန်းသေမပြောနိုင်ဘူး၊ ပြန် ကောင်းလာဖို့ ဆိုတာတော့ ဒီဘဝမှာ သူမမျှော်လင့်နိုင်တော့ဘူး၊ ဒီတော့ Jean ကသူ့ဘဝမှာ အရေးအကြီးဆုံး လို့ ဆိုရမယ့် ဆုံးဖြတ်ချက်ကို ချလိုက် တယ်၊ အဲဒီကတော့ Exit အဖွဲ့ကိုဆက်သွယ်ဖို့ပဲ၊

အဖွဲ့ရဲ့ ဆရာဝန်တွေနဲ့ သူသေချာ တိုင်ပင်တယ်၊ ဆရာဝန်တွေက သူ့ကို စဉ်းစားချိန်တွေ အများကြီးပေးတယ်၊ အကြိမ်ကြိမ်တွေ့ဆုံကြပြီး ဆွေးနွေးကြတယ်၊ Jean ကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး၊ ဒီလိုနဲ့ ဒီလော ကကြီးထဲက သူထွက်သွားမယ့် နေ့ရက်နဲ့အချိန်ကို သူကိုယ်တိုင်ပဲရွေးချယ်လိုက်တယ်၊ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ၊ ၆ ရက်နေ့...၊ အဲဒီနေ့ မတိုင်ခင်မှာတော့ သူလုပ်စရာ ရှိတာတွေကို အပြီးလုပ်တယ်၊ မှာစရာရှိတာမှာ၊ တွေ့ရမယ့် လူတွေနဲ့တွေ့ စသဖြင့်ပေါ့၊ အားလုံးကို နှုတ်ဆက်တယ်၊ ဆောင်းတွင်းကာလရဲ့ အေးစက်စက် ညှို့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ Jean ရဲ့နောက်ဆုံးနေ့ရက်တွေဟာ အုံ့မှိုင်းခြောက်သွေ့ပြီး လွမ်းဆွတ်ဖွယ်ရာ ကောင်း လှတယ်၊

နောက်ဆုံးတော့ သူကိုယ်တိုင်ရွေးချယ်ထားတဲ့ နေ့ဟာ သူ့ဆီကို ရောက်လာတော့တယ်၊ Exit အဖွဲ့က သူနာပြု ဆရာမတစ်ယောက် သူ့အိမ်ကို ရောက်လာတယ်၊ Jean နဲ့သူ့ရဲ့ လက်တွဲဖော်က ဆရာမကို စောင့်နေကြတယ်၊ ဆရာမရဲ့ လာခြင်းဟာ ကောင်းသောလာခြင်းလို့ ပြောလို့မရသလို မကောင်းသောလာခြင်းလို့လည်း ပြောလို့မရ ပြန်ဘူး၊ မှတ်တမ်းကားဖြစ်လို့ ဘယ်လိုတီးလုံးမှ နောက်ခံမပါဘူး၊ အရာရာဟာ ခြောက်သွေ့တိတ်ဆိတ်ပြီးတော့ ကြည့်နေတဲ့ ကျနော်ကိုယ်တိုင်တောင် မှိုင်းဝေလေးလံလာပြီး အသက်ရှူရတာ မဝဘဲဖြစ်လာတယ်၊ လောကထဲ ကမကြာမီ အချိန်ပိုင်းအတွင်း ထွက်သွားတော့မယ့် လူတစ်ယောက်၊ သူ့ကို ထွက်သွားစေမယ့် သူနာပြုဆရာမ၊ ဘေးမှာက အဲဒီလူကို ချစ်မြတ်နိုးတဲ့ အမျိုးသမီး...၊ သုံးယောက်လုံးက ဘယ်လိုခံစားချက်မှ မပါတဲ့ မျက်နှာသေ တွေနဲ့ မိနစ်တွေကို ဖြတ်သန်းနေကြတယ်၊

ဆရာမက Jean ကို သေချာပြီလားလို့ မေးတယ်၊ Jean ကသေချာပြီလို့ ပြန်ဖြေတယ်၊ ဒီတော့ ဆရာမက ရှင်းပြ တယ်၊ သူ့ကို သောက်ဆေးရည် နှစ်ခုပေးမှာဖြစ်ကြောင်း၊ ပထမတစ်ခုက ဆေးရည်ခန္ဓာကိုယ်တွင်း ပျံ့နှံ့ရာမှာ ထိရောက်လျင်မြန်စေဖို့ ဖြစ်ပြီး ဒုတိယတစ်ခုကတော့ အိပ်ဆေးရည်ပဲ ဖြစ်ကြောင်း၊ ပထမဆေးရည်ပြီးလို့ ၁၅ မိနစ်ကြာရင် ဒုတိယဆေးရည်ကို သောက်ရမှာဖြစ်ကြောင်း၊ အဲဒါသောက်ပြီးတာနဲ့ မိနစ်အနည်းငယ်အတွင်းမှာ သူအိပ်ပျော်သွားမှာ ဖြစ်တယ်လို့ ရှင်းပြတယ်၊ Jean ကသူ့ကို ကူညီမယ့် ဆေးပုလင်းလေး နှစ်ခုကို အနီးကပ် သေချာကြည့်တယ်၊ ပြီးတော့ သောက်တော့မယ်လို့ ဆရာမကို ပြောလိုက်တယ်၊

ပထမဆေးကို သောက်တယ်၊ `အင်း..အဝင်မဆိုးပါဘူး’ လို့ သူပြောတယ်၊ အဲဒီအချိန် သူ့ညီရောက်လာတယ်၊ Jean ကငါသွားတော့မယ်လို့ ပြောပြီးသူတို့နှစ်ယောက် ဖက်ပြီးနှုတ်ဆက်ကြတယ်၊ တည်တည်ငြိမ်ငြိမ် ပါပဲ၊ ပြီးတော့ ဆိုဖာပေါ်ပြန်ထိုင်တယ်၊ ဆရာမက ဒုတိယဆေးကိုပေးတယ်၊ Exit အဖွဲ့ရဲ့ စည်းကမ်းအရ လူနာကိုယ် တိုင် သူ့လက်နဲ့သူ သောက်ရမှာ ဖြစ်လို့ Jean ကယူသောက်လိုက်တယ်၊ ပြီးတော့ ပြန်ထိုင်တယ်၊ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေကြတယ်၊ တစ်မိနစ်လောက်အကြာမှာ ဆရာမက ကုတင်ပေါ်မှာ လှဲချင်လားလို့ မေးတော့ Jean ကကောင်းသားပဲဆိုပြီး အခန်းထဲသွားကြတယ်၊ ဘယ်သူမှ ဘာစကားအပိုမှ မပြောကြဘူး၊ တိတ်ဆိတ်ခြင်းသက်သက်အောက်မှာ လူတိုင်းဟာ ကိုယ်လုပ်ရမယ့်တာဝန်ကို ကိုယ်လုပ်နေကြသလိုပဲ၊ ကုတင် ပေါ်လှဲပြီး မကြာခင်မှာဘဲ Jean ရဲ့မျက်လုံးတွေ စဉ်းလာတယ်၊ သူ့အမျိုးသမီးက ခါးတဝက်လောက်အထိ စောင် ခြုံပေးလိုက်တယ်၊ အဲဒီမှာ သူအားရပါးရ တစ်ခါသန်းတယ်၊ ပြီးတော့ ပြောတယ်၊ ` ငါ့ဘဝကို ဒီလိုနည်းနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူးကွာ ’ ...တဲ့၊ အဲဒီစကားကို လေးလေးပင်ပင်ပြောပြီး သူ အပြီးအပိုင် အိပ်ပျော်သွားတော့တယ်၊ သူ့ရဲ့ ခွင့်ပြုချက်နဲ့ ကင်မရာက သူနောက်ဆုံးမျက်စိမှိတ်ချိန်အထိ မှတ်တမ်းတင်ထားခဲ့တယ်၊ တချိန်လုံး ဘေးနားမှာ ထိုင်ပြီးသူ့ကို ထွေးပွေ့ထားခဲ့တဲ့ အမျိုးသမီးက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ပြီး အိကနဲ ကျိတ်ငိုချလိုက်တယ်၊ သူနာပြုဆရာမက လက်ကောက်ဝတ်မှာ သွေး ခုန်နှုန်းစမ်းပြီး လူတစ်ယောက်ရဲ့ ထွက်ခွာမှုကို အတည်ပြုပေးလိုက်တော့တယ်၊

တကယ်တော့ Jean က သေရမှာ မကြောက်ပါဘူး၊ သူက ဝေဒနာခံစားရမှာကိုပဲ ကြောက်တာ၊ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာတာ၊ ဘာမှလည်း မလုပ်နိုင်ဘဲ သူတပါးအပေါ်ပဲ မှီခိုနေရတာ၊ ပြန်လည်း ကောင်းမလာနိုင် သေလည်းမသေနိုင်ဘဲ ဒီလိုပဲ တတိတိနဲ့ လုံးပါးပါးရမယ့်အဖြစ်၊ သူ့ကိုကြည့်ပြီး ချစ်ခင်သူတွေ ကဝမ်းနည်းကြေကွဲ နေရမယ့်အဖြစ်... ဒါတွေကို သူက မလိုလားတာပါ၊

ဒီ documentary ကိုကြည့်ပြီး လူတွေကြားထဲမှာတော့ အငြင်းပွားစရာတွေ အများကြီး ကျန်ခဲ့ပါတယ်၊ ဒီမှတ် တမ်းဟာ အိမ်နီးချင်းနိုင်ငံတွေ အထိပါ ပျံ့နှံ့သွားပြီးတော့ ဆွေးနွေးကြ၊ ငြင်းကြခုံကြနဲ့ပေါ့၊ မှန်တယ်လို့ပြောတဲ့ သူနဲ့ မှားတယ်လို့ ပြောတဲ့သူနဲ့၊ လုပ်သင့်တယ်ဆိုတဲ့ သူနဲ့၊ မလုပ်သင့်ဘူး ဆိုတဲ့သူနဲ့... ဂယက်ကတော့အတော် လေးရိုက်ခတ် ကျန်ခဲ့တယ်၊ Exit အဖွဲ့ပေါ်မှာ ဝေဖန်ရှုတ်ချ မှုတွေကလည်း ပြင်းပြင်းထန်ထန်ပေါ့၊ ဒီအဖွဲ့စတင် တည်ထောင်ကတည်းက ပြစ်တင်ဝေဖန် ခံခဲ့ရတာ ဒီနေ့ထက်ထိပါပဲ၊ ဒါပေမယ့် လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အတော်လေးအရေးပေးတဲ့ ဆွစ်ဇာလန်လို နိုင်ငံမှာတော့ ဒီအဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်း ဒီလိုကိစ္စ မျိုးတွေကို တရားဝင် ကူညီပေးလျက်ပါ၊ ဒါဟာ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဘဝဖြစ်ပြီးတော့ ကိုယ့်အတွက်အသက် သာဆုံး ထွက်ပေါက်ကို ကိုယ်တိုင်ရွေးချယ်တာဖြစ်လို့ ဥပဒေကြောင်းအရ တားမြစ်စရာ မရှိပါဘူး-တဲ့၊

စိတ်ဓါတ်ပြင်းထန်သူတချို့ကပြောပါတယ်၊ “ ဝင်လာခွင့်ကို ငါတို့မရွေးချယ်ခဲ့ရဘူး၊ ထွက်ခွာခွင့်ကိုတော့ အနည်း ဆုံး ငါတို့ရွေးချယ်ခွင့် ရသင့်တာပေါ့၊ ညှိုးရော်ခံစားပြီး အလိုမတူဘဲ လူးလှိမ့်ထွက်သွားရတာနဲ့စာရင် ကိုယ့်သ ဘောနဲ့ကိုယ်ရွေးချယ်တဲ့ ထွက်ပေါက်ကနေပဲ အေးအေးသက်သာထွက်သွားချင်တယ် ” တဲ့၊ စဉ်းစားစရာပါပဲ၊ ထွက်ခွာခွင့်ဟာ ဒီလောကမှာ ကျနော်တို့ရရှိတဲ့ များစွာသော ရွေးချယ်ခွင့်တွေထဲက တစ်ခုဟုတ်ရဲ့လား? ဝင်လာဖို့ကို ရွေးခွင့် မရခဲ့တဲ့ ကျနော်တို့ဟာ ထွက်သွားဖို့ကိုကော တကယ်ပဲ ရွေးခွင့် ရသင့်ပါရဲ့လား? ဒါက တော့ ထွက်ပေါက်ရှိရာဆီ သွားကြတဲ့ လမ်းတလျှောက်မှာ ဖြတ်သန်းကြုံတွေ့ခဲ့တာတွေရယ်၊ တစ်ဦးချင်းစီရဲ့ ရုပ်ခံစားမှု၊ စိတ်ခံစားမှု တွေနဲ့အတူ ကိုယ်ပိုင်ပြဌာန်းမှု ရှုထောင့်တွေပေါ်မူတည်လို့ မြင်ထောင့်တွေဟာလည်း ကွဲပြားသွားမှာ သေချာပါတယ်။ ။


ညီလင်းသစ်
၁ ဧပြီ၊ ၂၀၀၉

13 comments:

ဇနိ said...

ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်...
ကျနော့်အမြင်အရပြောရရင် - ဝေဒနာကြောင့် မချိမဆန့် ခံစားရတာတွေကို သက်သာစေချင်လို့ဆိုပြီး အသက်ရှင်နေတဲ့သူကို သက်သက်သာသာနဲ့ အသက်ထွက်သွားအောင် ကူညီတာလည်း သူ့အသက်ကို သတ်တယ်လို့ မြင်မိပါတယ်။
အမြင်ပေါင်းစုံရှိမယ်ဆိုတာကို နားလည်မိပါတယ်။

khin oo may said...

အံသြစရာဘဲ။ အမြင်ကတော့ခက်တယ်။ case by case ဖြစ်လိမ့်မယ်။

Yu Wa Yi said...

စိတ်ဝင်စားဖို့ ကောင်းတယ်။ ခုမှကြားဖူးတယ် ကိုညီလင်းသစ်ရေ။ နောက်မှထပ်လာဖတ်ပါဦးမယ်။

Phyo Evergreen said...

ဖတ်ရတာ ဗဟုသုတရသည်..။ Euthanasia နဲ့ဆင်သလိုဘဲ..။ ကျွန်တော်လည်း ဝေဒနာတော့မခံစားချင်ဘူးဗျ...။ Jean လိုကြိုသိထားရင်တော့ကောင်းမယ်..။ ရွေးချယ်မှုတွေနဲ့ ထွက်ခွာချင်သည်.. ဖြစ်နိုင်မယ်ဆိုရင်..ပြီးတော့နောက်ဆံတင်း စရာတွေမရှိဘူးဆိုရင်..။

ရွာသားလေးဝိုင်တီယူ said...

စိတ်ဝင်စားဖို့ကောင်းသလို ငြင်းခုံဖို့သိပ်ကောင်းတဲ့ အကြောင်းအရာပဲ။ ကျနော်တော့ တွေးတော နေတုန်းပဲ...ဝေမျှပေးတာကျေးဇူး

Nyi Linn Thit said...

ကိုဇနိရေ...အမြင်ပေါင်းစုံ ရှိတာတော့အမှန်ပဲဗျို့...။

မခင်ဦးမေပြောသလို...တကယ်ကို case by case ပါပဲ။

လာသာ လာခဲ့ပါ မယုဝရီရေ...။ ဖြေးဖြေးပေါ့.... :)

ကိုဖြိုးရေ...Euthanasia သဘောပါပဲဗျာ၊ တခုပဲရှိတာက ဒီရွေးချယ်မှုက လူနာကိုယ်တိုင် ရွေးချယ်တာဖြစ်ပြီး တော့ နောက်ဆုံးမိနစ်၊ စက္ကန့်ပိုင်းအထိ စိတ်ပြောင်းလို့ မလုပ်တော့ဘူးဆိုရင် သူ့မှာရပ်ပိုင်ခွင့် ရှိပါတယ်၊ By force မဟုတ်တဲ့ ကိုယ်ပိုင်ရွေးချယ်မှု စစ်စစ်ပါပဲ...။

ရွာသားလေးဝိုင်တီယူ...ကျေးဇူးပါခင်ဗျာ၊ ဒီကိစ္စအပေါ် လူအားလုံး တသဘောတည်း ကျဖို့တော့ မလွယ်လှပါ ဘူး၊ ကိုယ်မြင်တဲ့ ရှုထောင့်ကနေ ကိုယ်တွေးရတာ ကောင်းသလို အဲဒီလူရဲ့နေရာမှာ ကိုယ့်ကိုယ်ကို ခဏလေးပဲဖြစ်ဖြစ် ထားပြီးမေးခွန်းတချို့မေးကြည့်ရ တာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်...။

khin oo may said...

ထပ်လာဖတ်သွားတယ။်

ကလိုစေးထူး said...

ကိုညီလင်းသစ် စာရေးတာ တော်တော်လေးကို စိတ်ရှည်လက်ရှည် ရှိတာပဲ။ :)

JulyDream said...

အခုမှပဲ အဲဒီလိုအဖွဲ့မျိုးအကြောင်းကို အသေအချာ သိခွင့်ရတော့တယ်။ ဆွေးနွေး ငြင်းခုံနေကြအုံးမယ့် အကြောင်းအရာတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေအုံးမှာပါ။ ဒီလိုပဲ အဲဒီအဖွဲ့ကလည်း ကိုယ့်လမ်း ကိုယ်လျှောက်နေအုံးမှာပါ။

ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Nyi Linn Thit said...

မခင်ဦးမေ...ထပ်ပြီး ကျေးဇူးတင်ပါတယ် :D

ကိုကလိုစေးထူးရေ.....ဒီစကားကို ကျနော်က ပြောရမှာပါဗျာ :)

JulyDream...ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ လူအမျိုးမျိုး စိတ်အထွေထွေရှိတဲ့ လောကထဲ ဒီလိုအဖွဲ့မျိုးတွေလည်း ဆက်ရှိနေမှာ အသေအချာပါပဲ။

မေငြိမ်း said...

အင်းး
အလုပ်တွေ ပိနေတာ.. ခုမှဖတ်ရတယ်..
အမကတော့ Jean နေရာမှာဆိုရင် coma ရတဲ့ထိတော့ နေချင်သေးတယ်.. coma က ဘာမှ သိတော့တာ မဟုတ်ဘူးလေ..ကိုယ်က အဲဒီအချိန်မှာ ထွက်သွားချင်ကြောင်း လက်မှတ်ထိုးထားခဲ့..။ မကောင်းဘူးလား..။ အမကကျတော့ exit အဖွဲ့ကို ထောက်ခံတယ်ဗျ..။ အမအကြောက်ဆုံးကလည်း ဝေဒနာခံစားပြီး ဘယ်တော့ သေရမလဲဆိုတာကို စောင့်နေရမယ့် အဖြစ်မျိုးကိုပဲလေ...

ငြိမ်း said...

ပို့စ်အဟောင်းတွေပြန်ဖတ်ရင်းမန့်ချင်လာလို့၊
ငြိမ်းလေ..ရွေးချယ်ခွင့်မရှိဘဲလူ့ဘဝထဲရောက် လာခဲ့ရပေမယ့် ထွက်ခွာချိန်မှာတော့ ရွေးချယ် ခွင့်ရှိချင်တယ်။ ငြိမ်းဖာသာမစွမ်းနိုင်တော့တဲ့ အချိန်၊ အခြားသူအပေါ်မှီခိုအားထားနေရတဲ့ အချိန်ကျရင် Jean လို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် (ဘယ်သူ့ပယောဂမှ မပါဘဲ) ထွက်သွားချင်တယ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလက်မခံချင်ပေမယ့် ငြိမ်းမှာ စာအဆာမပြည့်သေးတာမို့ လက်လှမ်းမီသရွေ့လေ့လာတုန်း၊ ရှာဖွေဖတ်ရှုနေတုန်းပါ။ သိနားလည်သူများ ရှင်းပြပေးစေချင်ပါတယ်။

Thandar Lwin said...

အဲ ..ကျမ အတွေးကလဲ အပေါ်က ဆရာမ ဒေါ်မေငြိမ်းလိုဘဲ ။
ကိုညီလင်း စိတ်ရှည် လက်ရှည်ရေးထားတဲ့ ပို့စ်တွေက ကျမကို စိတ်အဆာပြေစေတယ် ။ဖြည်းဖြည်းချင်း စဉ်းစားပြီး ဖတ် ။ ဖတ်ရင်း နဲ့ စသ်းစားဆိုတော့ ကွန်မန့်တွေ မပေးဖြစ်ခဲ့တော့ဘူးပေါ့ ။