18 March 2011

လုကာ


လုကာဆိုတာက ကျနော်နဲ့ဆို လုပ်ဖော်ကိုင်ဖက်လည်းဟုတ်၊ အထက်အရာရှိလည်း ဟုတ်ပါတယ်၊ ကျနော်လုပ်ရတဲ့ ပရောဂျက် တွေအားလုံးက သူ့ဆီကပဲ လာလေ့ရှိတယ်၊ ဆွစ်လူမျိုး၊ အသက်က ၄၃ နှစ်ရှိပြီ၊ အရပ်အမောင်း အနေတော်၊ မျက်နှာ ခပ်ပြည့်ပြည့်၊ ဆံပင်အနက်ရောင်ဖျော့ဖျော့နဲ့...၊ အနီးစပ်ဆုံး ပြောရရင်တော့ ပြင်သစ် ရုပ်ရှင်သရုပ်ဆောင် Alain Chabat နဲ့ ခပ်ဆင်ဆင် တူပါတယ်၊

၂၀၀၇ မှာ သူနဲ့ ကျနော် စပြီး ဆုံစည်းပါတယ်၊ အခုလက်ရှိ အလုပ်အတွက် အင်တာဗျူး လာဖြေတော့ သူနဲ့ စကားပြော ဖြစ်တယ်၊ သူက ဌာနရဲ့ ဒါရိုက်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူတာဝန်ယူနေတဲ့ ပရောဂျက်တွေက ဒါရိုက်တာရဲ့ ပရောဂျက်တွေထက်တောင် များပါတယ်၊ အင်တာဗျူးနေ့က ဒါရိုက်တာက ခဏပဲလာပြီး ကျနော်နဲ့ စကားပြောတယ်၊ မေးခွန်းလေး တစ်ခုနှစ်ခုလောက် မေးပြီး ပြန်ထွက်သွားရော၊ ကျန်တဲ့အချိန်မှာတော့ လုကာနဲ့ ကျနော်နဲ့ပဲ စကားပြောဖြစ် ပါတယ်၊ ပြောတယ်ဆိုတာကလည်း ကျနော်ဘာတွေ သင်ခဲ့လဲ ဆိုတာကို အခြေခံလောက်ပဲ မေးပြီး သူလုပ်ချင်တဲ့ ပရောဂျက်တွေကိုပဲ ရှင်းပြသွားတာပါပဲ၊ ကျနော်တောင် စိတ်ထဲက ကြိတ်ပြီး ပြုံးမိသေးတယ်၊ လစာကိစ္စ၊ အခြေခံ စည်းမျဉ်း၊ ခံစားခွင့် စတာတွေ ဘာမှ မပြောဘဲ နှစ်ပေါင်းများစွာ အတူတွဲလုပ်လာသူတွေလို ပရောဂျက်တွေကို ရှင်းပြနေ လို့လေ...၊ ဒါပေမယ့် နောက်ပိုင်းမှာ နားလည်သွားတော့လည်း ဒါဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုပါပဲ၊ ကျနော် အလုပ်,လုပ် တဲ့ နေရာက သိပ္ပံနဲ့နည်းပညာကျောင်း ဆိုတော့ အင်တာဗျူးတွေမှာ ပရောဂျက်တွေ အကြောင်းပဲ ပြောကြတာ များပါတယ်၊ တခြား ခံစားခွင့်တို့၊ လစာတို့က Human Resources နဲ့ပဲ ဆွေးနွေးရလေ့ ရှိပါတယ်၊ အင်တာဗျူးမေးတဲ့ လူတွေကိုယ်တိုင်လည်း ဒီအကြောင်းတွေကို မသိကြတာ များပါတယ်၊

ဒီလိုနဲ့ ကျနော်တို့ အလုပ်အတူ စလုပ်ကြတော့ ရုံးခန်းတစ်ခုထဲမှာ သူနဲ့ကျနော် မျှနေပါတယ်၊ အခန်းအလယ်မှာ ကျနော်တို့နှစ်ယောက်ရဲ့ စားပွဲနှစ်လုံးက မျက်နှာချင်းဆိုင်...၊ စားပွဲနှစ်လုံးကို ထိထားတဲ့ နေရာမှာ ပန်းအိုးကြီးတစ်လုံး ထားထားတယ်၊ ပန်းအိုးထဲမှာ ဘာမှန်း မသိရတဲ့ ခပ်ရွယ်ရွယ် သစ်ပင်တစ်ပင်လည်း ရှိတယ်၊ ဘာအပင်မှန်းလဲ မသိသလို ဘာပန်းမှ ပွင့်တာလည်း မတွေ့ပါဘူး၊ ဒီသစ်ပင်က ကျနော်တို့ နှစ်ယောက်ရဲ့ no man's land ပေါ့လေ...၊ ရုံးခန်းထဲမှာ ကျနော်ရော သူပါ မရှိကြတာ များပါတယ်၊ ကျနော်က ရုံးခန်းနဲ့ကပ်လျက် ဓါတ်ခွဲခန်းထဲ ရောက်နေတတ် သလို လုကာကလည်း တချိန်လုံး အစည်းအဝေးတွေ၊ ဆင်န်မနာတွေနဲ့ အပြင်မှာပဲ၊ ပြီးတော့ သူက ၈၀% ပဲ အလုပ်,လုပ်တာဆိုတော့ တစ်ပတ်မှာ ၄ ရက်ပဲ လာလေ့ရှိတယ်၊

လုကာရဲ့ဘွဲ့က environmental engineer ပါ၊ ဆိုတော့ သူလုပ်သမျှ အလုပ်တွေအားလုံးက ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ပဲ ဆက်စပ် ပါတယ်၊ သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကျနော်ကလည်း ဒါတွေပဲ လုပ်ရပါတယ်၊ ရေအရင်းအမြစ်နဲ့ ဆိုင်တာတွေ၊ စိုက်ခင်းတွေမှာ ပိုးသတ်ဆေး သုံးစွဲမှုတွေ၊ မြေလွှာ ညစ်ညမ်းမှုတွေ အစရှိသဖြင့်ပေါ့၊ ကျနော်တို့က ဒါတွေကို ထိန်းသိမ်းကြပ်မတ်တဲ့ သူတွေတော့ မဟုတ်ပါဘူး၊ ဒီလို ပတ်ဝန်းကျင် ပျက်စီး ယိုယွင်းတာကို ကာကွယ်နိုင်မယ့်နည်းလမ်း ရှာနေကြတာပဲ ဖြစ်ပါတယ်၊ ဒီလိုလုပ်တဲ့နေရာမှာလည်း အာဏာပိုင် အဖွဲ့အစည်းတွေက အမြဲတမ်းတော့ အသာတကြည်နဲ့ လိုက်လျောတာမျိုး မဟုတ်ဘူး၊ ဒါပေမယ့် လုကာက စကားပြောကောင်းသူ တစ်ယောက်ဆိုတော့ သူ ရအောင် စည်းရုံးနိုင်လေ့ ရှိတယ်၊

ဒီလိုနဲ့ ကျနော်တို့နေတဲ့ မြို့ကလေးမှာ auto-sampler အလိုအလျောက် ရေနမူနာ ယူနိုင်တဲ့စက် ၅ လုံးကို သူ့ရဲ့ အားထုတ်မှုနဲ့ တပ်ဆင်လို့ ပြီးပါပြီ၊ သဘာဝ မြစ်ချောင်းတွေနဲ့ ရေဆိုးမြောင်းတွေမှာ တပ်ထားတဲ့ ဒီစက်တွေက လိုအပ်တဲ့ ရေပမာဏကို ၂၄ နာရီ ယူပေးနိုင်တယ်၊ ဒီရေတွေကိုမှ ကျနော်တို့ရဲ့ lab ထဲမှာ ဓါတ်ခွဲပါတယ်၊ ကျနော်တို့ ရှာတာတွေကတော့ အများကြီးပါပဲ၊ ဥပမာ တစ်ခုနှစ်ခုလောက် ပြောရရင် အိမ်သုံးဆေး...၊ နေထိုင်မကောင်းလို့ ပါရာစီတမော သောက်လိုက်ရင် ကျနော်တို့ နေကောင်းသွားမယ်၊ ဒါပေမယ့် ဒီဆေးကို ခန္ဓာကိုယ်က ၆၅% လောက်ပဲ စုပ်ယူပြီးတော့ ကျန်တာက တပိုတပါးသွားရင်းနဲ့ မိလ္လာစက်ရုံ၊ အဲဒီကမှ တဆင့် ကန်ထဲ၊ မြစ်ထဲကို ရောက်သွားတယ်၊ ဒီလို ဆေးတွေက ရေမှာ လုံးလုံးပျော်ဝင်နေတော့ ဘယ်လိုစစ်စစ် မရပါဘူး၊ နောက်ပြီး သူ့အလိုလို ကြေပျက်နိုင်စွမ်း လည်း နည်းပါးတော့ မြစ်ချောင်းအင်းအိုင်တွေ ထဲမှာ ဒီလိုအိမ်သုံးဆေး၊ ပိုးသတ်ဆေး၊ စတာတွေ များသထက် များလာတယ်၊ နောက်ဥပမာ တစ်ခုက သန္ဓေတားဆေး...၊ အမျိုးသမီးတွေ သောက်တဲ့ သားဆက်ခြား သန္ဓေတားဆေးတွေထဲမှာ အက်စ်ထရိုဂျင် ဆိုတဲ့ မ ဟော်မုန်း ပါဝင်ပါတယ်၊ အဲဒီ ဟော်မုန်းကလည်း သူ့အလိုလို မကြေပျက်ဘဲ ရေထဲမှာ ဒီလိုပဲ အကြာကြီး ရှိနေတတ်တယ်၊ အကျိုးဆက်က အချို့နေရာတွေမှာ အဲဒီ မ ဟော်မုန်း ကြောင့် ငါးအထီးတွေက သူ့အလိုလို လိင်ပြောင်းပြီး ငါးအမတွေ ဖြစ်သွားတဲ့ သာဓကတွေလည်း တွေ့ရပါတယ်၊ လောလောဆယ် လူအတွက် ဘာမှ မဖြစ်သေးပေမယ့် နောက် ၁၀ နှစ်၊ အနှစ် ၂၀ အကြာမှာ ဘယ်လို ဆိုးကျိုးတွေ ဖြစ်မလဲ ဘယ်သူမှ မပြောနိုင်ပါဘူး၊

ထားပါတော့လေ..၊ လုကာ အကြောင်းပဲ ဆက်ရအောင်၊ လုကာဆီမှာ ကျနော် သဘောကျတဲ့ အချက်တခုကတော့ လူတဖက်သားကို ပေါ့ပါးလွတ်လပ် စေခြင်းပါပဲ၊ တခါတလေ စားသောက်ဆိုင်မှာ တဝိုင်းထဲ လူ လေးငါးယောက် လောက်ထိုင်နေပြီး ဘယ်သူမှ ဘာပြောရမှန်း မသိတဲ့အခါ တိတ်ဆိတ်ပြီး အနေကျဉ်းကျပ်တာမျိုး ကြုံဖူးကောင်း ကြုံဖူး ပါလိမ့်မယ်၊ လုကာက အဲဒီနေရာမှာ အင်မတန် ထူးချွန်တဲ့ ice breaker ပါပဲ၊ အဲဒီလို အခြေအနေကို ဖောက်ထွက်ဖို့ သူ့မှာ ပြောစရာတခုခု အမြဲရှိနေတတ်တယ်၊ 'အင်း..ဒီနေ့ နေသာတယ်နော်' ဆိုတာမျိုး နဲနဲကြောင်တဲ့ စကားမျိုးတွေနဲ့ အခြေအနေကို အတင်းအဖတ်ဆယ်တာ မဟုတ်ဘဲ တဝိုင်းလုံးကလူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတခု သူ ချက်ချင်း ကောက်ပြောလိုက်နိုင်တယ်၊ ဒီလိုဖြစ်ရပ်မျိုး သူနဲ့အတူ မကြာခဏ ကျနော်ကြုံဖူးပါတယ်၊ အမြဲတမ်းလည်း သူကပဲ ဝိုင်းကို ထိန်းထားလေ့ ရှိတယ်၊ ကျနော်သာ သူ့နေရာမှာ ဆိုရင် ဝိုင်းထဲက တခြားလူတွေနည်းတူ ဒီလိုပဲ ဆက်ထိုင်နေဖြစ်မှာပဲ၊ ကိုယ့်ရဲ့ လက်တကမ်း ပတ်ဝန်းကျင်လေးကို စိုပြေစေချင်ပေမယ့် နဂိုကလည်း စကားခပ်နည်းနည်း ဆိုတော့ ကျနော့်လိုလူတွေနဲ့သာဆိုရင် စားပွဲဝိုင်းက ခြောက်ကပ်နေမှာ သေချာတယ်၊

သူ့ရဲ့ အားသာချက် နောက်တခုက ဘာသာစကားပါပဲ၊ သူက ပြင်သစ်၊ ဂျာမန်၊ အီတာလျံနဲ့ အင်္ဂလိပ် လေးမျိုးစလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်၊ သူ့အဖေက အီတာလျံဆိုတော့လည်း ပိုပြီး လွယ်ကူတာပေါ့လေ၊ ဂျာမန်စကား ကတော့ ဆွစ်ဂျာမန်၊ ဂျာမနီနဲ့ သြစတြီးယားမှာ အလုပ်လုပ်ခဲ့လို့ ပြောဖြစ်ခဲ့တာလို့ သူ တခါက ပြောဖူးပါတယ်၊ သူ အင်္ဂလိပ်စကား ပြောရင်တော့ ဂျာမန်လေယူလေသိမ်းနဲ့ ပြောတတ်လို့ နားထောင်နေမကျရင် နဲနဲတော့ ပြုံးမိနိုင်ပါတယ်၊ ဒီ စကား ၄ မျိုးနဲ့ ဆိုတော့လည်း စကားဝိုင်း တော်တော်များများက သူနဲ့ မလွတ်တော့ဘူးပေါ့လေ လို့ ကျနော်တွေးမိတယ်၊

လုကာက ကျောင်းသားဘဝတုန်းကတော့ အတော့်ကို ပေါက်ကရတွေ လုပ်ခဲ့တယ်လို့ တခါတလေမှာ သူပြောလို့ သိရတယ်၊ သူ စာတမ်းရေးနေတဲ့ အချိန် တုန်းက သူအလုပ်လုပ်တဲ့ lab တံခါးဝမှာ 'သတိ၊ ဓါတ်ရောင်ခြည် အန္တရာယ် ရှိသည်' ဆိုတဲ့ စာတန်းကို နောက်ပြီး ကပ်ထားခဲ့တယ်၊ အားလုံးက အကြောင်းသိတွေဆိုတော့ ရယ်မောရင်းနဲ့ပဲ ဒီစာတန်းကို မေ့သွားကြတယ်၊ တနေ့ အဲဒီ ဓါတ်ခွဲခန်းထဲမှာ ဘုံဘိုင်က ရေလျှံကျလို့ ရေကြီးတော့ မီးသတ်သမားတွေ ရောက်လာကြတယ်၊ အဲဒီအချိန် သူက အိမ်မှာ အိပ်နေတယ်၊ တံခါးဝက စာတန်းလည်း မြင်ရော မီးသတ်သမားတွေက မဝင်ရဲတော့ဘူး၊ လုကာ သူငယ်ချင်း တွေက ရှင်းပြလည်း ဘယ်သူမှ မဝင်ကြဘူး၊ သူတို့က ဒီလိုစာတန်းမျိုးတွေကို အပျော်အပြက်လို့ ဘယ်တုန်းကမှ သဘောမထားတာကိုး၊ နောက်ဆုံး စာတန်းတာဝန်ခံ ကိုယ်တိုင်ရှင်းပါ ဆိုတော့မှ လုကာက အိမ်ကနေ ကမန်းကတန်း ရောက်လာရတယ်၊ ပြီးတော့ စာတန်းကိုလည်း ဖြုတ်၊ သူကိုယ်တိုင်လည်း ဦးဆောင်ဝင်၊ တချိန်တည်းမှာလည်း အမြှုပ် ထွက်မတတ် တောင်းပန်လိုက်ရတယ်၊ ဒါပေမယ့် မီးသတ်သမားတွေကလည်း ဓါတ်ရောင်ခြည် အန္တရာယ်ဆိုတဲ့ စာတန်းလည်း မြင်ရော ဘာလုပ်ရမှန်းမသိ၊ ကာကွယ်တဲ့ ဝတ်စုံလည်း အဆင်သင့်မပါ၊ ဖရိုဖရဲနဲ့ ဖြစ်သွားလို့ ဒီကိစ္စကို သူတို့အတွက်လည်း လေ့ကျင့်ခန်းဆင်းတယ်လို့ သဘောထားပြီး ကျေအေးလိုက်တယ်၊ နောက်တခါ ဒါမျိုးဆိုရင်တော့ ဒဏ်ငွေ ၅၀၀၀ ဆိုလားပဲ ကြိမ်းသွားတယ်၊ လုကာ ကံကောင်းသွားတယ်၊

အခု အလုပ်လုပ်တဲ့ အချိန်အထိလည်း တွေ့တဲ့လူကို ပြုံးရွှင်၊ နောက်ပြောင်လေ့ ရှိတုန်းပါပဲ၊ သူ့အထက်အရာရှိ ဆိုလည်း တမျိုး၊ ရွယ်တူ လုပ်ဖော်ကိုင်ဖက်ဆိုလည်း တမျိုး၊ ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့ ဟာသလေးတွေနဲ့ နောက်တုန်း၊ တဟားဟား အော်ရယ်တုန်း..၊ ဆိုတော့ သူ့ကို ဌာနတခုလုံးက ချစ်ကြပါတယ်၊ ကျနော်တို့ ဌာနရဲ့ အတွင်းရေးမှူး ရုံးခန်းမှာ အားလုံးရဲ့ မွေးနေ့တွေကို ကပ်ထားတယ်၊ တစ်ယောက်မွေးနေ့ကို တစ်ယောက် သိနေကြ တော့ ကိုယ့်မွေးနေ့ကျရင် ကိတ်မုန့်လေးဘာလေး ယူလာပြီး အတူစားကြလေ့ ရှိပါတယ်၊ မနှစ်တုန်းက သူ့မွေးနေ့မှာ လုကာက အစည်းအဝေးတွေနဲ့ ရှုပ်နေပြီး ဘာစားစရာမှ ယူမလာဘူး၊ ဒါပေမယ့် ကျနော်တို့ အားလုံးက သူ့အတွက် ကိတ်မုန့်တစ်လုံးကို ကျောင်းထဲက ဆိုင်မှာ အမြန်ပြေးဝယ်ပြီး သူ့ကိုယ်စား ကျင်းပ ပေးလိုက်တယ်၊ သူ့ မွေးနေ့လက်ဆောင် ကိုတော့ အစောကြီးကတည်းက သူမသိအောင် ပိုက်ဆံဝိုင်းစုပြီး ပြင်ဆင်ထားတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ လေထီးခုန်ခွင့် လက်မှတ်လေးပါ၊ သင်တန်းဆရာနဲ့ နှစ်ယောက်အတူတွဲပြီး ခုန်ရတဲ့ အပျော်လေထီးခုန် လက်မှတ်ပေါ့၊ အားလုံး အဆင်သင့်ဖြစ်တော့ သူ့ကို စားသောက်ခန်းထဲကို ခေါ်လိုက်တယ်၊ လူတွေအများကြီးနဲ့ ကိတ်မုန့်ကိုလည်း တွေ့ရော သူက ဟာ..နိုး..နိုး..နိုး ဆိုပြီး အံ့သြသွားတယ်၊ ပြီးတော့ သူ့အတွက် မွေးနေ့လက်ဆောင် စာအိတ်လေး ထဲက လေထီးခုန် လက်မှတ်လည်း တွေ့ရော တဟားဟားနဲ့ အော်ရယ်ပါလေရော..၊ လုကာက လေယာဉ်မောင်း သင်တန်းလည်း လောလောလတ်လတ် ဆင်းထားပြီး အားလပ်ချိန်မှာ လေယာဉ်တွေ ငှားပြီး လိုက်မောင်းနေတာကို အားလုံးက သိထားတာကိုး၊ အဲဒီအချိန် တစ်ယောက်က 'ခင်ဗျား လေထီးခုန်တာ ဒီတကြိမ်ပဲ ဖြစ်ပါစေလို့ ကျနော်တို့ ဆုတောင်းပါတယ်'လို့လည်း နောက်လိုက်ရော အားလုံးကဝိုင်းရယ်၊ သူကလည်း တဟားဟားနဲ့ ရယ်နေတာ တော်တော်နဲ့ကို အတောမသတ်နိုင်ဘူး...။ ။


ညီလင်းသစ်
၁၈ မတ်၊ ၂၀၁၁

19 comments:

လပြည့်ရိပ် said...

ကိုလုကာ က စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ။ တော်ရုံတန်ရုံ ဝိုင်းမှာတိတ်ဆိတ်နေရင် ဖောက်ထွက် ထိန်းနိုင်တာ ကောင်းတဲ့ လူမှုရေးတစ်မျိုးပဲ။ ကျွန်မဆိုလည်း မလုပ်နိုင်ဘူး။ သူများငြိမ်နေရင်လိုက်ငြိမ်နေလိုက်တာ။ သူ့ပုံကြည့်ရတာ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်ပုံပေါက်တယ်။ ဂျာမနီမှာလည်း အဲလို လူမျိုးတွေ ရှိတယ်။ အမြဲတမ်းသွက်လက်ပြီး ဖြတ်လတ်နေတာလေ။ ဥရောပလူမျိုးတွေရဲ့ စတိုင်ထင်ပါရဲ့။ အလုပ်ထဲမှာ အဲလိုလူမျိုးရှိတာ ကိုညီလင်း ကံကောင်းတာပေါ့။ သူ့ဆီက ပညာတင်မဟုတ်ဘူး အတွေးအခေါ်ပါသင်လို့ ရလောက်တယ်။

Nyi Linn Thit said...

ဟုတ်တယ် လပြည့်ရေ..၊ အဲဒါ တခုတော့ မဆိုးဘူး ပြောရမှာပဲ၊ သူက အမြဲတမ်း ပျော်နေတတ်တဲ့ လူမျိုးပဲ၊ တချို့ဟာတွေက နမူနာ ယူချင်စရာပါပဲ..။

Iora said...

ပျော်ပျော်နေတတ်တဲ့သူနဲ့ စကားပြောရင်..ကိုယ်လည်းအလိုလိုပျော်လာရော..
အိုင်အိုရာ.

ချစ်ကြည်အေး said...

ကိုညီလင်းသစ်ရဲ့ လုကာကို ဖတ်ရတာ ကျမ ကာရိုက်တာနဲ့တောင် တချို့နေရာတွေ တူနေသေးတယ် Ice Breaking လုပ်တဲ့နေရာတွေမှာ၊ ပျော်ပျော်နေတတ် နောက်တတ်တဲ့ နေရာတွေမှာ....တပတ်ကို ၄ရက်ပဲ အလုပ် လုပ်ရတဲ့ နေရာမှာ....:)

ကိုညီလင်းသစ်ရဲ့ အလုပ်အကြောင်းက စိတ်ဝင်စားစရာပဲ...ပတ်ဝန်းကျင် ထိမ်းသိမ်းရေး သိတ်လိုအပ်တယ်ဆိုတာ လတ်တလော ကမ္ဘာမှာ ပို ထင်သာမြင်သာ ရှိလာတယ်...

အလုပ်နဲ့ ပတ်သက်တာလေးတွေ ဖတ်ချင်ပါသေးတယ်...

Mon Petit Avatar said...

Tu as de la chance de traviller avec un homme franc et joyeux comme Lucas.

မောင်မျိုး said...

လုကာ ဆိုလို့ မင်းသား လုကာကိုသွားသတိရမိတယ်း)

ဒိထဲက လုကာက စိတ်ဝင်စားစရာပဲ အဲ့တာလည်း ပါရမီတစ်မျိုးပဲ လူတွေစိတ်ဝင်စားအောင် တမင်လုပ်တာမဟုတ်ပဲ ပျော်ရွှင်အောင်ပြောင်းလဲ ပေးနိုင်တာ တော်ရုံလူ မတတ်နိုင်တဲ့ ကိစ်စမျိုးပဲ အဲ့လိုမျိုးပြောတဲ့သူတွေကြုံဖူးတယ် တစ်ချို့က တကယ်လေးစားဖို့ကောင်းပြီး တစ်ချို့ကတော့ စိတ်မ၀င်တစားနဲ့ နားထောင်နေရတာမျိုးလည်းကြုံဖူးတယ် ။

ကျနော် အစ်ကို့ပို့စ်တွေဖတ်ရင် ဘာသာစကား ၄-၅ မျိုးတတ်တဲ့သူတွေမျိုးတွေကို တွေ့တွေ့သွားတယ် လေးစားဖို့ကောင်းလိုက်တာ တော်လိုက်တာများ အားကျတယ် ။ ကျနော်လည်း အစ်ကိုနဲ့ တူတဲ့ အခါမျိုးရှိတယ် သူများတိတ်ရင် ကိုယ်လည်းလိုက်တိတ်နေလို့ အမြဲတမ်းတော့မဟုတ်ဘူး ကိုယ်နဲ့ သိပ်မခင်တဲ့သူတွေ ၀ိုင်းထဲပါလာရင် ပိုဆိုး လုံးဝကိုမပြောတော့ဘူး ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပါရာစီတမောတို့လို ဆေးတွေဟာလည်း သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတယ်ဆိုတာ ခုမှ သိရတယ်... ပြီးတော့ ဟော်မုန်းဆေးတွေကြောင့် ငါးတွေ အမအဖြစ် ပြောင်းသွားတယ်ဆိုတာလည်း စိတ်ဝင်စားမိတယ်
ကိုညီလင်းသစ်ရေ ဖြစ်နိုင်ရင် အဲဒီအကြောင်းလေးတွေ ပိုစ့်တစ်ပုဒ်လောက်ကျယ်ကျယ်ပြန့်ပြန့် ရေးပါဦးလို့ တောင်းဆိုပါရစေ။ ဗဟုသုတလည်းရ သိထားသင့်တယ်လည်း ထင်ပါတယ်။
ကိုယ်တိုင်ကတော့ စကားနည်းပြီး ဟာသတွေ များများမပြောတတ်တဲ့ မဖော်ရွေသူမို့ (ကိုယ့်ကိုယ်ကိုတော့ သိတယ် ဟီး) လုကာလို လူမျိုးတွေရဲ့ အရည်အချင်းကို သဘောကျမိတယ်.. ဘာသာစကား ၄မျိုးတောင် ပြောတတ်တယ်တဲ့လား။ ချီးကျူးမိပါတယ်..
ကျွန်မမှာ ကိုယ်ရောက်နေတဲ့နေရာမှာ ၃နှစ်ရှိပြီ သူတို့ဘာသာစကားကို ခုထိ မတတ်သေးဘူး။ သင်ယူချင်စိတ်မရှိတာရယ် စိတ်ဝင်စားမှု မရှိတာရယ်ကြောင့်ပါဘဲ
အဲ အပျင်းထူတာကိုလည်း ချန်ထားလို့ မရပြန်ဘူး။ ဒါတော့ ထိပ်ဆုံးက ဖြစ်လိမ့်မယ်

Anonymous said...

သူများကို မထိခိုက်တဲ့ဟာသလေးတွေနဲ့ သူများရယ်လာအောင်လုပ်နိုင်တာမျိုး သဘောကျတယ်။ အဲလိုမျိုး ကျမသူငယ်ချင်းထဲမှာ ရှိတယ်။ သူရှိနေရင် ပါးစပ်မပိတ်ရဘူး။ ရယ်ရပြုံးရလို့ လူလည်း ပေါ့ပါးလွတ်လပ်နေတာပဲ။ တချို့ကျတော့လည်း ကိုယ့်ဟာကိုယ် ဟာသထုတ်၊ (ရယ်စရာ မကောင်းလို့ သူများမရယ်ခင်) ကိုယ့်ဟာကိုယ်ရယ်နဲ့ စိတ်ပျက်စရာ။

စူးနွယ်လေး

Nyi Linn Thit said...

မ,အိုင်အိုရာ ...
ဟုတ်တယ်နော်၊ အဲဒီလို လူတွေနဲ့ စကားပြောရင် အပျော်တွေက ကူးစက်ပြီး ကိုယ်လည်း ပျော်မိတယ်..၊

အမချစ်ကြည်အေး ...
ဒါဆိုသေချာပြီ၊ အမတို့ နှစ်ယောက်ကို တွဲပေးလိုက်လို့ ကတော့ မြန်မာတွေရော၊ အနောက်တိုင်းသားတွေပါ အားလုံးပျော်ကုန်ကြမှာ..၊း) ကျနော့် အလုပ်အကြောင်း လည်း ရေးပါဦးမယ်..၊

Mon Petit Avatar ...
Tu as raison. C'est agréable de travailler avec un homme pareil.

မောင်မျိုး ...
ဒါတောင် လုကာက ကျနော်မြန်မာလို တယ်လီဖုန်း ပြောနေတာ ကြားရင် ဒီစကားတော့ ငါ ဘယ်တော့မှ တတ်မယ် မထင်ပါဘူးကွာ-လို့ နောက်နေတတ်သေး တယ်၊ ဒီနိုင်ငံမှာကိုက တရားဝင် ရုံးသုံးဘာသာစကား ၄ မျိုးရှိတော့ လူတွေက တခြားစကားတွေကို အနည်းဆုံး တီးမိခေါက်မိတော့ ရှိနေကြတဲ့ သဘောပါပဲ၊ တကယ် ကျွမ်းကျွမ်းကျင်ကျင် ပြောကြတာတော့ သိပ်အများကြီး မရှိပါဘူး..၊

မချော ...
မချောလည်း “ဆိတ်ငြိမ်သူများ” အသင်းဝင် ပါပဲလား၊း)
သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုလို့ တကယ်ကို ဝမ်းသာပါတယ်၊ ကျနော်က ဖတ်သူတွေ ပျင်းနေမှာစိုးလို့ သိပ်မရေးတာပါ၊ ကဲ-အခုတော့ တွန်းအားတခု ရပြီ၊း)

မစူးနွယ် ...
ဟုတ်တယ်နော်၊ သူများ ရယ်အောင် ပြောနိုင်ဖို့ကလည်း သိပ်တော့ မလွယ်ဘူး၊ ပါရမီပါတဲ့ သူတွေကျတော့လည်း ဟာသ မပြောလည်း သာမန် စကားတွေကိုက ရွှင်မြူး၊ လန်းဆန်း နေတော့တာ...။း)

Angelhlaing(May everybody be happy and healthy! said...

အရမ်းကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် အတွက် ဝမ်းသားဂုဏ်ယူပါတယ်အကိုရေ။ မသိသေးတဲ့ ဗဟုသုတလေးတွေအတွက်လဲ ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Shinlay said...

ပျော်ပျော်ပါးပါး အလုပ်လုပ်ရတာပေါ့။
ကျမလည်းအခုအလုပ်မှာမှဒီလိုပေါ့ပါးပျော်ရွှင်စွာနေတတ်တဲ့ ဆရာတွေနဲ့ တွေ့ ရတယ်။ အလုပ်လုပ်ရတာ ပိုပြီး
ပျော်လာတယ်။

Anonymous said...

What a wonderful and happy working atmosphere you have! It's a kind of blessing.Write about your acamedic work life pls.BTW don't forget to write about"chit ko twe"...:D

Gyidaw

Anonymous said...

ရေနဲ့ပတ်သက်တဲ့ အကြောင်းလေးတွေ စိတ်ဝင်တစား ဗဟုသုတ အနေနဲ့သိရတာ ကျေးဇူးတင်တယ်နော် အစကဒါမျိုးတွေ မသိရဘူးလေ နောက်လည်း အဆင်ပြေရင် လုပ်ငန်းခွင်နဲ့ပတ်သက်တာလေးတွေ ရေးဦးပေါ့ မပျင်းရပါဘူး ဖတ်လို့ကောင်းပါတယ် ...

ကိုယ့်ဘ၀ရဲ့  အရေးကြီးဆုံးတွေထဲမှာ လုပ်ဖော်ကိုင်ဖက်ကောင်းကောင်း ကိုယ်နဲ့အတူရှိဖို့ဟာလည်း တကယ်လိုအပ်ပါတယ် .. ညီလင်းတယောက် လုကာလိုလူမျိုးနဲ့တွဲလုပ်ရတာ သိပ်ကံကောင်းတာပေါ့ ...

mie nge

rose said...

ကိုညီလင်းရေ... စိတ်ဝင်တစားနဲ့ အဆုံးထိ ဖတ်သွားတယ်။ ဖတ်ရတာ မ၀ဘဲ ဆက် ဖတ်ချင်နေ သေးတယ်။ (ဦး) လုကာ အကြောင်းရော၊ ကိုညီလင်းရဲ့ အလုပ်ခွင် အကြောင်း၊ သဘာဝ ထိန်းသိမ်းရေး အကြောင်း အဲ့ဒါလေးတွေ အဆင်ပြေရင် ဆက် ရေးပေးဦးနော် :D

sonata-cantata said...

တို့များ(ကိုဧရာနဲ့မသီတာ)ကတော့ လုကာနဲ့ ပြောင်းပြန်တောင် ဖြစ်နေမလားပဲ...
အနားရှိတဲ့လူကို မလိုအပ်တဲ့ ဖိအားတွေ ပေးမိတယ်။ ကိုယ်ရောက်သွားတဲ့ ပတ်ဝန်းကျင်က ရှဲကနဲ အေးခဲသွားတတ်တယ်။
သူ့အကျိုးပေးနဲ့ သူပေါ့လေ...

rose of sharon said...

ဒီလိုလူမျိုးနဲ့ အလုပ်တွဲလုပ်ရတာကောင်းတာပေါ့...

Nyi Linn Thit said...

Angelhlaing ...
စာလာဖတ်တဲ့အတွက်၊ ကွန်မန့်လေး ထားခဲ့တဲ့အတွက် ကျေးဇူးပါ ညီမရေ...၊

မ,ရှင်လေး ...
အလုပ်,လုပ်ရတာ ပျော်တဲ့အခါ စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ အလုပ်လည်း အများကြီးတွင်တယ်နော်..၊

ဂျီးဒေါ် ...
အလုပ်အကြောင်းလည်း ဆက်ရေးပါ့မယ်၊ ကျနော့် အကြောင်းလည်း ရေးမယ် (လို့ စိတ်ကူးတာပဲ)၊
'ချစ်ကိုယ်တွေ့' ဟုတ်လား၊ ခေါင်းစဉ်တောင် ရွေးပြီး ထားတဲ့ သဘောပေါ့...ဟားဟား၊

မ mie nge ...
ဖတ်ရတာ မပျင်းဘူး ဆိုတော့လည်း ရေးဖို့ စာရင်းတို့ ထားလိုက်ပါပြီဗျာ..၊း)

ရိုစ့်ရေ ...
စိတ်ဝင်စားတာ သိရလို့ ဝမ်းသာပါတယ်ဗျာ၊ ဆက်လည်း ရေးဖို့ ကြိုးစားပါ့မယ်..၊

မသီတာ ...
ရှဲကနဲ အေးခဲသွားတယ်ဆိုတာလည်း တမျိုးတဖုံ အေးချမ်းသွားခြင်းပါပဲ..နော၊း) stress တွေနဲ့ ပူလောင် ပြင်းပြလာနေတဲ့ လောကကြီးမှာ ဒီလိုလူမျိုးတွေ အများကြီး ရှိရင်လည်း ကောင်းတာပေါ့..၊

rose of sharon ...
အနည်းဆုံးတော့ အထက်အရာရှိရဲ့ ဖိအားပေးတာ သိပ်မခံရဘူးပေါ့လေ...၊း)

ကောင်းမွန်ဝင်း said...

ကိုညီလင်းသစ်ရေ

မင်္ဂလာပါ။
လာအားပေးသွားတာ ကျေးဇူးတင်ပါတယ်နော်။

ဘ၀ အကြောင်း၊ သဘာဝအကြောင်း ပညာရပ်ဆိုင်ရာလေးနဲ့ .... ဒါမျိုးလေးကြိုက်တယ်။

Nyi Linn Thit said...

မကောင်းမွန်ဝင်း ...
ဟုတ်ကဲ့..ဝမ်းသာပါတယ်ဗျာ၊ ကျပ်တည်းခက်ခဲတဲ့ အခြေအနေမှာ လာလည်လို့လည်း ကျေးဇူးတင်ပါတယ်။