28 March 2011

ဂျပ်ဇ်ပွဲတော်


ပြီးခဲ့တဲ့ သောကြာနေ့က ဂျပ်ဇ်ဂီတပွဲတော် တစ်ခုကို ရောက်သွားခဲ့တယ်၊ Cully (Qယီ) လို့ခေါ်တဲ့ ရွာကလေးမှာ ကျင်းပတဲ့ ပွဲတော်ပါ၊ ကျနော်တို့အိမ်ကနေ ၂၅ မိနစ်လောက် ရထားစီးသွားရင် ဒီရွာလေးကို ရောက်ပါတယ်၊ ဒီ Cully Jazz Festival ကို ၁၉၈၃ ခုနှစ်ကတည်းက စပြီး ကျင်းပခဲ့ပါတယ်၊ အစောပိုင်း နှစ်တွေမှာတော့ ဝါသနာပါတဲ့ သူငယ်ချင်း တွေ စုပြီးလုပ်ကြရင်း အခုတော့ ဆွစ်ဇာလန်မှာ အထင်ရှားဆုံး ဂျပ်ဇ်ပွဲတော်တွေထဲက တစ်ခုဖြစ်နေပါပြီ၊

ဒီပွဲတော်ရဲ့ ထူးခြားချက် ၂ ခုရှိပါတယ်၊ ပထမတစ်ခုက ဂျပ်ဇ်ဂီတ အမျိုးအစားကိုပဲ တီးမှုတ်ကြတယ်၊ ရိုးရာဂျပ်ဇ်၊ အာဖရိကန်ဂျပ်ဇ်၊ လက်တင် အမေရိကဂျပ်ဇ်၊ ခေတ်ပေါ်ဂျပ်ဇ်၊ အီလက်ထရိုဂျပ်ဇ် အစရှိတဲ့ ဂျပ်ဇ်စစ်စစ် ဒါမှမဟုတ် ဂျပ်ဇ်နဲ့ နွယ်နေတာ တခုခုကိုပဲ အဓိကထားပါတယ်၊ ဒုတိယတစ်ခုကတော့ အိမ်တွေမှာ ရှိကြတဲ့ စပျစ်ဝိုင်တွေ သိုလှောင်ကြတဲ့ မြေတိုက်ခန်း cellar တွေထဲမှာ တီးမှုတ် ကြခြင်းပဲ ဖြစ်ပါတယ်၊ Cully ရွာကလေးက စပျစ်စိုက်ပြီး ဝိုင်ထုတ်လုပ်တဲ့ ရွာတွေထဲမှာ တစ်ခု အပါအဝင်ဆိုတော့ အိမ်တွေမှာ ဝိုင်တွေကို ဖောက်တဲ့၊ သိမ်းတဲ့ သစ်သားစည်ကြီးတွေ ရှိပါတယ်၊ အဲဒီ စည်ကြီးတွေကို မြေတိုက်ခန်းတွေထဲမှာ ထားလေ့ရှိတယ်၊ အဲဒီမှာက အပူအအေး မျှတလေ့ ရှိတာကိုး၊ ဒီဂျပ်ဇ်ပွဲတော် ကာလမှာတော့ အဲဒီ မြေတိုက်ခန်းတွေထဲမှာ ဝိုင်ပုလင်းတွေကြားကို တိုးဝှေ့၊ ရိုက်ခတ်နေတဲ့ ဂျပ်ဇ် တေးသွားတွေကို ကြားနိုင်ပါတယ်၊ ပွဲတော်ကို ၉ ရက်၊ ၁၀ ရက်ခန့် ကျင်းပကြပါတယ်၊


Photobucket
နေ့စဉ် ဝင်ကြေးပေးရတဲ့ ပွဲ ၅-၆ ပွဲလောက်ရှိပြီးတော့ အခမဲ့က ၁၀ ပွဲ၊ ၁၅ ပွဲလောက် ရှိပါတယ်၊ ပွဲတစ်လျှောက်လုံး အခမဲ့ ပွဲ ၇၀ လောက်ကို ကြည့်နိုင်ပါတယ်၊ ဒါကတော့ လက်မှတ်နဲ့ ပွဲပါ၊ ခုံတွေ ရှိပေမယ့် နံပါတ် မရှိပါဘူး၊ ဦးရာလူ စနစ်ပါပဲ၊ Raaga Trio လို့ အမည်ရတဲ့ အဖွဲ့ပါ၊



Photobucket
ဒီအဖွဲ့က အနောက်ပိုင်း အာဖရိကန် ရိုးရာဂီတနဲ့ ဂျပ်ဇ်ကို ပေါင်းစပ်ထားတဲ့ ဂီတအမျိုးအစားကို တီးတယ်၊ အဲဒီညက instrumental တော်တော်များများ တီးသွားပြီးတော့ အဆိုနဲ့ တွဲထားတာ ၃ ပုဒ်လောက်ပဲ ဆိုတယ်၊ တချို့အာဖရိကန် ဂီတက နားနဲနဲ စိမ်းနေရင် နားထောင်ရတာ ရှောရှောရှူရှူ မရှိပါဘူး၊ သူတို့တီးသွားတဲ့ အများစုကိုတော့ ကျနော်ခံစားလို့ ရပါတယ်၊ အဖွဲ့က သုံးယောက်ထဲနဲ့ စခဲ့လို့ Trio လို့ခေါ်ခဲ့တာ...၊ အခုတော့ ၄ ယောက်ဖြစ်နေပေမယ့်လည်း ဒီလိုပဲ ဆက်ခေါ်နေတုန်းပါပဲ၊ အဖွဲ့သား ၄ ယောက်၊ နိုင်ငံက ၄ နိုင်ငံ...၊ ပုံရဲ့ ဘယ်စွန်က အီတာလျံ ဂစ်တာသမား၊ ဘယ်ဖက် ဒုတိယက မာလီ နိုင်ငံက၊ သူ့ရဲ့ ဘေ့စ်ဂစ်တာကို တခါမှ မမြင်ဖူးဘူး၊ နောက်မှ စုံစမ်းကြည့်တော့ သူကိုယ်တိုင် တီထွင် ထားတဲ့ ဂစ်တာဖြစ်နေတာကိုး၊ အာဖရိက ရိုးရာ ထွင်းအိုးကို အကူးစတစ် (acoustic) ပုံစံရအောင် သူက မွမ်းမံထားတာ၊ Orchestra တွေမှာသုံးတဲ့ double bass အသံနဲ့ ခပ်ဆင်ဆင် တူတယ်၊ တတိယ တစ်ယောက်ကတော့ Burkina Faso က ပါကပ်ရှင်း သမား၊ ပုံရဲ့ ညာဖက် အစွန်ဆုံးက ဆွစ် ဟာမိုနီကာသမား၊ သူ့ရဲ့ ဟာမိုနီကာ solo တွေ တော်တော့်ကို ကောင်းပါတယ်၊ အ သက်မရှူဘဲလည်း အကြာကြီး မှုတ်နိုင်တယ်၊ သီချင်းပေါ် မူတည်လို့ ဟာမိုနီကာတွေ အမျိုးမျိုး ပြောင်းသုံးသွားတယ်၊ ကိုငှက်ကြီးကိုတောင် အမှတ်ရမိသေးတယ်...၊



Photobucket
ခုန အဖွဲ့ပြီးတော့ ဒီအဖွဲ့ဆက်လာတယ်၊ နေရာက ဒီနေရာ ရွက်ဖျင်တဲကြီး ထဲမှာပဲ၊ ဒီလူကတော့ တကယ့်ဆရာကြီးပါပဲ၊ Gilberto Gil လို့ အမည်ရပါတယ်၊ ဘရာဇေးလ်ရဲ့ ဂီတသမိုင်းမှာ မပါမဖြစ် ပုဂ္ဂိုလ်ကြီးပေါ့၊ သူ့နာမည် ကြေညာလိုက်တာနဲ့ ပရိသတ်ရဲ့ လက်ခုပ်သံဟာ တော်တော်နဲ့ကို မစဲတော့ဘူး၊ အခွေပေါင်း ၅၂ ချပ်ထွက်ထားပြီးတော့ ဂရမ်မီ ၇ ဆု၊ ပလက်တီနမ် ဓါတ်ပြား ၅ ချပ်၊ ရွှေတံဆိပ် ၁၂ ဆုနဲ့အတူ ဓါတ်ပြားပေါင်း ၄ သန်းကျော် ရောင်းထားပြီး ဖြစ်ပါတယ်၊



Photobucket
သူ့အလှည့်လည်းကျရော လူတွေဝင်လာလိုက်ကြတာ ခုံလုတဲ့သူနဲ့၊ ရန်ဖြစ်တဲ့သူနဲ့၊ လမ်းလျှောက်စရာနေရာတောင် မကျန်တော့အောင် ကြမ်းပြင်ပေါ်မှာပါ ထိုင်ကြည့်ကြတယ်၊ ဒီည ဖျော်ဖြေသွားတဲ့ အနုပညာရှင်တွေရော၊ အသံဖမ်း အင်ဂျင်နီယာတွေပါ ကောင်းကြတယ်၊ အဲ..နဲနဲ မကောင်းတာက မီးဆလိုက်တွေ ကိုင်တဲ့သူပါ၊ ပထမ တစ်ဖွဲ့တုန်းကတော့ ကောင်းချည်ကောင်းရက်နဲ့ အခု Gilberto အလှည့်လည်းကျရော တချိန်လုံး အဖြူရောင်ပဲ ထိုးပေးထားတယ်၊ မီးက သူ့တကိုယ်လုံးပေါ် ဖြာကျနေတာ အစပိုင်းမှာ ကြည့် ကောင်းပေမယ့် တချိန်လုံး ဒီလိုပဲဆိုတော့ ကြည့်ရတာ 'သေ'လာတယ်၊ အထူးသဖြင့် အနှေးသီချင်း၊ အလွမ်းသီချင်းတွေ ဆိုတဲ့အခါမှာလည်း အခုလိုပဲ မီးဖြူဖြူကြီးဆိုတော့ visual effect က မျက်စိထဲမှာ ထောင့်နေခဲ့တယ်၊ ဘရာဇေးလ် ဂျပ်ဇ်မှာပဲ မျောသွားလို့ တခြားအရောင်တွေ ပြောင်းဖို့ မေ့သွားလားတော့ မသိပါဘူး၊



Photobucket
ဘိုးတော်က ၆၈ နှစ်ကျော်ပြီ၊ ဒါပေမယ့် အသံက ကြည်တုန်း၊ မာတုန်း၊ ဂစ်တာ လက်သံတွေက မြန်တုန်း၊ လက်ချောင်း တွေက ပြေးလို့ကောင်းတုန်း၊ တကယ် အံ့သြစရာပါပဲ၊ သီချင်းတွေက ပေါ်တူဂီ စကားနဲ့ပဲ များပါတယ်၊ ဆိုတာက ဘယ်သံကျကျ alto နဲ့ soprano ကြားက အသံနဲ့ ဆိုပေမယ့် တခါတခါ tenor သံကိုလည်း ဆိုနိုင်သေးတယ်၊ ပရိသတ်ကို အပေးအယူလုပ်ပြီး ဆိုခိုင်းတော့ ကျနော်လည်း နဲနဲ လိုက်အော်ကြည့်တယ်၊ အသံတော်တော်များများ လိုက်ဆိုနိုင်ပေမယ့် နောက်ဆုံး သူ သမားဂုဏ်ပြပြီး အော်လိုက်တဲ့ အမြင့်ဆုံးအသံကိုတော့ ဘယ်လိုမှ မှီအောင် မအော်နိုင်တော့ဘူး၊ သူ့ရဲ့ ညာဖက်က သူ့မိတ်ဆွေရဲ့ ချဲလို (cello) အသံမှာလည်း ကျနော်ဖြင့် အသက်ရှူ ရပ်သွား မလား လို့တောင် စိုးရိမ်မိသေးတယ်၊ နဂိုကတည်းကလည်း ချဲလို တယောသံကြားရင် ရင်ဘတ်က ဟောင်းလောင်းပေါက် ဖြစ်ဖြစ်သွားပြီး ဒူးတွေ ညွတ်ကျ လာတတ်တာကိုး၊ သူ့ ဘယ်ဖက်ကတော့ သူ့သားပါ၊ သူကလည်း အဖေ့ခြေရာကို ကောင်းကောင်းမှီတယ်...၊



Photobucket
အဲဒီ ၂ ပွဲပြီးတော့ ကျနော်တို့ ရွာကလေးထဲကို လျှောက်ကြတယ်၊ ည ၁၂ နာရီ ရှိနေပေမယ့် လမ်းကျဉ်းကလေးတွေ ထဲမှာ လူတွေ အများကြီးပဲ၊ ဂျပ်ဇ်ဂီတ မို့ပဲလားတော့ မသိဘူး၊ မြင်ရသလောက် လူလတ်နဲ့ လူကြီးပိုင်းတွေ များတယ်၊ လမ်းတွေထဲမှာ ဒီလို ဆိုင်းဘုတ်လေးတွေ ဟိုတစ၊ ဒီတစ အများကြီးပါပဲ၊



Photobucket
အိမ်တစ်အိမ်မှာ တီးသံ၊ မှုတ်သံကြားရင် ဝင်သွားလိုက်ရုံပါပဲ၊ အားလုံးက အခမဲ့ကိုး၊ ဒီမှာ မြင်ရတဲ့အတိုင်း နေရာက ခပ်ကျဉ်းကျဉ်းလေးတွေ များပါတယ်၊ ကြိုက်ရင်ဆက်နားထောင်၊ ထိုင်စရာလွတ်ရင် ဝင်ထိုင်၊ ဆန္ဒရှိရင် ဝိုင်တစ်ခွက်လောက် ဝယ်သောက်၊ မကြိုက်ရင် နောက်တစ်နေရာ ဆက်သွား...၊ အင်မတန် လွတ်လပ်ပါတယ်၊



Photobucket
ခုနကလို နာမည်ကြီး ပရိုတွေရှိသလို အခုလို ရွာနီးချုပ်စပ်က၊ ခင်မင်ရာ ဝါသနာပါရာ လူတွေလည်း ပါဝင်ဖျော်ဖြေ ကြပါတယ်၊ ဒီလူတွေဆို ကျနော်တို့တွေ့တာ ၃ နှစ်ဆက်တိုက် ရှိနေပြီ၊ ဒီပုံက ဓါတ်ပုံအနေနဲ့ဆို အတော်ဆိုးတဲ့ ဓါတ်ပုံပါပဲ၊ တစ်ပုံထဲမှာ ကြည့်စရာတွေက များလွန်းပြီး ဗြုတ်စဗျင်းတောင်း၊ တိုလီမုတ်စတွေက တပုံလုံး အပြည့်ပဲ၊ ပုံက composition မကောင်းတဲ့အပြင် angle ကပါ ညံ့သေးတယ်၊ ဒါပေမယ့် ဒါဟာ အရှိတရားသက်သက်၊ ပကတိ အဖြစ်အပျက်ကို ပြတဲ့ပုံ ဖြစ်တဲ့အပြင် ကျနော့်မှာလည်း ဒီတစ်ပုံပဲ ရှိတာမို့ပါ၊ တန်းပေါ်က ဝိုင်ပုလင်းတွေက အဲဒီအိမ်က မိသားစု အစဉ်အဆက် ထုတ်ခဲ့တဲ့ ဝိုင်တံဆိပ်တွေနဲ့ ပုလင်းတွေပါ၊ အနောက်ဖက် တန်းပေါ်က သစ်သားပုံး တွေကတော့ စပျစ်ခူးတဲ့အခါ စပျစ်သီးတွေ ထည့်တဲ့ ပုံးတွေပါ၊ တဖက်ခန်းမှာတော့ လူတရပ်လောက် မြင့်တဲ့ သစ်သား စည်ကြီးတွေ ရှိ ပြီးတော့ ဝိုင်ထည့်ပါတယ်၊ အဲဒီ စည်ကြီးတွေ ကြားမှာပဲ တခါတည်းဖောက်ပြီး ဝိုင်မြည်းနေတဲ့ သူတွေ လည်း အများကြီး...၊ အိမ်ရှင်တွေ ကတော့ အပေါ်ထပ်မှာ နေကြတယ်၊ ဒီလို နေရာလေးတွေကို ကြိုက်တာက ဘာမှ အထူးအထွေ ပြင်ဆင်မထားဘဲ နီးစပ်ရာ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး အဆင်ပြေရာ နေရာမှာ ပျော်ပျော်ပါးပါး ဆိုကြ၊ တီးကြတဲ့ ပုံစံမျိုးမို့ နွေးထွေးတယ်၊ ဖော်ရွေတယ်၊



Photobucket
ပရိုပဲဖြစ်ဖြစ် ဝါသနာရှင်ပဲဖြစ်ဖြစ် ဂျပ်ဇ်တေးသွားမှာ ယစ်မူးတာချင်းတော့ အတူတူပါပဲ...၊ အဲ..ဒီလူတွေက ၄၅ မိနစ် လောက် တီးမှုတ်လိုက်၊ ၁၅ မိနစ်လောက်နားပြီး ဝိုင်လေးသောက်လိုက် ဆိုတော့ ဝိုင်နဲ့ ရီဝေပြီး ဂျပ်ဇ်နဲ့ယစ်မူးတာဆို ပိုမှန်မယ် ထင်တယ်...၊း)

အဲဒီကနေ ပြန်လာတော့ မနက် ၁ နာရီခွဲပြီ၊ ပြန်စရာ ရထားလည်း မရှိတော့လို့ ပွဲက စီစဉ်ပေးတဲ့ shuttle bus နဲ့ပဲ ပြန်လာကြတယ်၊ အခုလို ညဥ့်နက်သန်းခေါင် လျှောက်မသွားတာ အတော်ကြာနေပါပြီ၊ လူက နွမ်းချင်ချင်ပေမယ့် ဂျပ်ဇ် ဂီတကို တဝကြီး နားထောင်လိုက်ရလို့ တန်ပါ တယ်၊ ဘတ်စ်ကား တံခါးပိတ်ပြီး ထွက်လာတဲ့အထိတော့ ပွဲတော်ရဲ့ ခေါင်မိုးမှာ ဂျပ်ဇ်သီချင်းတွေက စည်းချက်ကျကျ ခုန်ပေါက်လို့... ...။ ။


ညီလင်းသစ်
၂၇ မတ်၊ ၂၀၁၁

17 comments:

Anonymous said...

နားထောင်ဖူးချင်တယ်..။
ဒါကတော့ရိုးရာဂျပ်ဇ်ပေါ့နော်..။



ပေါက်
(gilberto gilကို ယူကျုကနေ သွားရှာလာ
နားထောင်နေပြီ..။)

Anonymous said...

ဂျပ်ဇ် တော့ ပျင်းစရာကြီး ဗျို့  :))

mie nge

နေ၀ဿန် said...

စိတ်ဝင်စားစရာကောင်းတယ်.... တကယ့်လက်တွေ့မှာလည်း တစ်ခါတော့ မြည်းစမ်းခံစားကြည့်ချင်သေးတယ်..း))))


ခင်မင်လျက်
နေ၀ဿန်

Mon Petit Avatar said...

Un verre de vin, la musique de jazz, qu'est-ce que nous avons besoin de plus?

သက်ဝေ said...

နားထောင်ချင်လိုက်တာ...
အဲလို လွတ်လွတ်လပ်လပ်ကြည့်ရ နားထောင်ရတဲ့ ပွဲမျိုးကို ကြိုက်တယ်... တီးတဲ့ ဆိုတဲ့သူတွေကလည်း ဟန်ကြီးပန်ကြီးမရှိ နားထောင်ရတာလဲ သက်တောင့်သက်သာဖြစ်... နေရာ လုစရာမလို လက်မှတ်တန်းစီစရာမလို...း))

ဒီမှာတော့ စနေ တနင်္ဂနွေ ညတွေမှာ တချို့နာမည်ကြီးနေရာတွေမှာ အဲလို ပွဲမျိုးလေးတွေ ရှိတတ်တယ်... စိတ်အပန်းပြေစေတာမို့ အချိန်ရရင်တော့ သွားဖြစ်ပါတယ်...

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်...

N/A said...

သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ တီးရ၊ ဆိုရ ပညာသားအင်မတန်ပါတဲ့ဂီတဆိုတော့ ခံစားလို့ရတယ်ဆိုတော့ကာ အင်မတန်ကောင်းမှာ သေချာပါတယ်။ ကြည့်ချင်လိုက်တာ။

Angelhlaing(May everybody be happy and healthy! said...

တစ်ခါလောက်လောက် မြည်းစမ်းချင်ပါတယ်အကို..

မောင်မျိုး said...

သီချင်းသံ ဆူဆူကြီးတွေ မပါပဲ အဲ့လို တူရိယာကြီးပဲ တီးခတ်တဲ့ ပွဲမျိုး တစ်ခါလောက်တော့ ခံစားကြည့်ချင်သား ။

အဖြူရောင်နတ်သမီး said...

အဲဒီပွဲမျိုးနဲ့ ကြုံဖူးချင်လိုက်တာ..
ဓာတ်ပုံထဲမှာ စိတ်ဝင်စားစရာတွေ အများကြီးတွေ့နေရတယ်..။
ကိုညီတို့ကတော့ ကံကောင်းတယ်ကွာ...

Baby taster said...

ကျမလည် သံဇဉ်လေးတွေ ပိုကြိုက်တယ်
အေးအေးဆေးဆေး ဒီလိုပွဲမျိုးတွေကြိုက်တယ်
တချို့ ကျောင်းသားတွေ ရန်ပုံငွေပွဲတွေ လုပ်ရင်တော့
သွားဖြစ်ပေမယ့် ရှားပါတယ်။

မောင်လေး said...

အဲ့လို လွတ်လွတ်လပ်လပ် နားထောင်ရတဲ့ပွဲမျိုးကို သိပ်သဘောကျတာ...၊ဒီမှာတခါတလေတော့ နားထောင်
ဖြစ်ပါတယ်...။မြေအောက်ခန်း ဝိုင်ပုလင်းတွေကြားမှာ....
ဟားးးးးမိုက်တယ်ဗျာ.....:D

Nyi Linn Thit said...

ပေါက် ...
တယ်မြန်ပါလား၊ Gilberto ကို နားတောင် ထောင်နေပြီ၊း)

မ mie nge ...
ဟုတ်တယ်ဗျ၊ မကြိုက်တဲ့ သူတွေအတွက် ဆိုရင်တော့ ပျင်းဖို့ကောင်းတာ အမှန်ပါပဲ..၊

နေဝဿန် ...
တခါလောက် မြည်းစမ်းဖူးတော့လည်း ဘာလဲဆိုတာ သိရတာပေါ့လေ..၊

Mon Petit Avatar ...
Non..rien d'autres de plus..! :)

မသက်ဝေ ...
ဒီလို ပွဲမျိုးလေးတွေ နေရာအတော်များများမှာ လုပ်လာ ကြတာ သတိထားမိတယ်၊ ကြိုဆိုသင့်တဲ့ performance တစ်ခုပါပဲလေ...နော၊

N/A ...
ပညာသား ပါတာတော့ အမှန်ပဲဗျို့..၊ သိတဲ့အတိုင်း တီးဖို့ရော ဆိုဖို့ပါ တော်ရုံနဲ့ မလွယ်ပါဘူး..၊

Angelhlaing ...
အခွင့်ကြုံတဲ့အခါ စမ်းသာနားထောင်ကြည့်ပါ ညီမရေ..၊

မောင်မျိုး ...
ရော့ခ်နဲ့ မက်တယ်လ်တွေလည်း ကြိုက်သလို အခုလို ခပ်ငြိမ့်ငြိမ့်လေးတွေလည်း ကျနော်ကြိုက်ပါတယ်၊ အင်း, အသက်လည်း ကြီးလာတာ ပါမယ်ထင်တယ်..၊း)

အဖြူရောင်နတ်သမီး ...
ဟုတ်ကဲ့၊ စိတ်ဝင်စားစရာ ကောင်းတာတော့ အမှန်ပါဗျာ၊

မဘေဘီ ...
ဒီလိုပွဲတွေကတော့ အေးရာအေးကြောင်း ကြိုက်တတ် သူတွေအတွက် အတော်ပါပဲ..၊

(ကို)မောင်လေး ...
ဟုတ်တယ်ဗျ၊ ဂီတကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့် ရတဲ့အခါ ပိုပြီး မြူးကြွအသက်ဝင်သလို ခံစားရတယ်..။း)

Shinlay said...

ပွဲလိုက်လည်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

သီချင်းလဲ နားထောင်ချင်တယ်
ဝိုင်လဲ သောက်ချင်တယ်..
စိတ်ဝင်စားဖို့ အတော်ကောင်းမှာ
အထူးသဖြင့် ၀ိုင်မျိုးစုံရဲ့ taste ပေါ့း)

ကောင်းမွန်ဝင်း said...

အဲလိုရွာနဲ့ချီပြီး ပွဲတော်လုပ်တာလား။
စိတ်ဝင်စားစရာပဲနော်။
ကျွန်မကတော့ ဂျာဇ်ဘား သွားတာကြိုက်တယ်။
လူလတ်ပိုင်းနဲ့ အရွယ်ရလာလို့ အိနြေ္ဒရရကချင်ဆိုချင်သောက်ချင်မြူးချင်တယ်ဆိုရင် ဂျာ့ဇ်ဘားကကောင်းသလားလို့။

သီချင်းရှာနားထောင်ခဲ့တယ်။
ကျေးဇူးပါ မျှဝေခြင်းအတွက်

ချစ်ကြည်အေး said...

ကြည့်ရတာ ပျော်စရာကောင်းလိုက်တာ ကိုညီလင်းသစ်ရေ...အဲသလို ညမျိုးလေးမှာ ပါဝင်ဆင်နွှဲခွင့် ရချင်သေးတယ်။

တည...အသံလုံးကြီးကြီး ချိုဩဩ ရှတတ အသံပိုင်ရှင်၊ အသားအရည် ညိုစိမ့်စိမ့်နဲ့ နှုတ်ခမ်းထူထူ အမျိုးသမီးတယောက်....ချဲလို တမျိုးထဲနဲ့ ဘားတခုမှာ ဆိုနေတာ ကြုံဖူးခဲ့ကတည်းက ဂျပ်ဇ်ကို အတော် သဘောကျသွားခဲ့တာ...။ မီးမှောင်ချပြီး အေးအေးဆေးဆေး နားထောင်ကောင်းတဲ့ ဂီတထဲမှာ ဂျပ်ဇ်ပါတယ်....

Nyi Linn Thit said...

မ,ရှင်လေး ...
ဟုတ်ကဲ့၊ လာလာ...လိုက်ခဲ့!

မချော ...
ဟုတ်တယ်ဗျ၊ ဝိုင်မြည်းရတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်၊ တကယ့်ပရိုတွေကတော့ ဝိုင်ကို တငုံ,ငုံ၊ ပါးလုပ်ကျင်း၊ ပြီးတော့ ထွေးပစ်၊ နောက် တခါ တငုံ,ငုံ...ထွေး၊ အဲဒီလို၊ ကျနော်ကတော့ အားလုံး မျိုချပစ်တယ်..ဟားဟား၊

မကောင်းမွန်ဝင်း ...
ကျနော်လည်း အဲဒီလို ဘားတွေကို ကြိုက်တယ်၊ အဲဒီမှာ ဂျပ်ဇ်နဲ့ အတူနေထိုင်ရတာ အပန်းပြေစေတယ်..၊

အမချစ်ကြည် ...
ဟုတ်တယ်နော်၊ မီးရောင် မှိန်မှိန်လေးမှာ သီချင်း ငြိမ့်ငြိမ့်လေးတွေ နားထောင်ရတာ စိတ်အညောင်းပြေ တယ်၊ ချဲလိုနဲ့ ဆိုရင်တော့ ဘာပြောကောင်းမလဲဗျာ...။