06 October 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၂)


နောက်တနေ့ မနက်ကျတော့ အိမ်ရှင်လင်မယားနဲ့ မနက်စာစားရင်း ဘာတွေလုပ်ကြမလဲလို့ တိုင်ပင်ကြတယ်၊ ကျနော်တို့က လူကြီး လေးယောက်နဲ့ ကလေးတစ်ယောက် ဖြစ်နေလို့ အစီအစဉ်ကို မျှမျှတတ ဖြစ်အောင် ဆွဲကြတယ်၊ အထူးသဖြင့် ၄ နှစ်အရွယ် သားက One for all ဆိုတာကို နားလည်မှာ မဟုတ်လို့ ကျနော်တို့ လူကြီးတွေကပဲ သူ့အတွက် All for one လုပ်ရင်း တနေ့တာကို စတင်ဖို့ ဆုံးဖြတ် လိုက်တယ်၊ ကျနော်တို့ရဲ့ All for one က တခြားတော့ မဟုတ်ပါဘူး၊ Darmstadt မြို့က တိရိစ္ဆာန်ရုံလေးကို ပထမဦးဆုံး သွားလည်ဖို့ ပါပဲ၊

တိရိစ္ဆာန်ရုံလေးက ခပ်သေးသေးပါ၊ မြွေတွေ၊ ကင်းတွေ၊ ပင့်ကူတွေထားတဲ့ vivarium တစ်ခုရယ်၊ ငါးတွေ၊ ဖားတွေ စတဲ့ ရေနေ သတ္တဝါတွေ ထားတဲ့ aquarium တစ်ခုရယ်..၊ ပြီးတော့ မျောက်ကလေး၊ သမင်ကလေး စတဲ့ အကောင်ငယ်လေးတွေ ထားတဲ့ ခြံတချို့ရယ်.. ဒါလောက်ပါပဲ၊ ဒါပေမယ့် ကလေးတွေအတွက်ကတော့ ပျော်စရာကောင်းတဲ့ နေရာတစ်ခုပါ၊ ကျနော့်တဦးတည်း အနေနဲ့ ဆိုရင် လှောင်အိမ်တွေထဲမှာ ပိတ်လှောင်ထားတဲ့ တိရိစ္ဆာန်တွေကို မမြင်ချင်ပါဘူး၊ အထူးသဖြင့် သဘာဝ အတိုင်းဆို ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ်နဲ့ နေတတ်တဲ့ အကောင်မျိုးတွေ မစို့မပို့ နေရာလေးတွေမှာ ကျဉ်းကျပ်နေတာ မြင်ရတိုင်း စိတ်မကောင်းပါဘူး၊ ဒါကလည်း အရွယ်ရောက်လာပြီးမှ ဖြစ်လာတဲ့ ယေဘုယျ အမြင်ပါ၊ ကလေးဘဝတုန်းကတော့ တိရိစ္ဆာန်ရုံဟာ ပျော်စရာပဲပေါ့၊ ဒါပေမယ့် တဖက်က ပြန်ကြည့်တော့လည်း လူတွေ စီမံဖန်တီးထားတဲ့ ဝန်းကျင်မှာ တိရိစ္ဆာန်တွေ ပိုပြီးအသက်ရှည်တာ သိရလို့ စိတ်သက်သာရာ ရနိုင်တာပါပဲ၊ အထူးသဖြင့် ရှားပါးမျိုးစိတ်တွေ ဆိုရင် အခုလို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးမတုံးအောင် ကာကွယ်ထားတာဟာ လုပ်သင့်တဲ့ လုပ်ရပ်ပါပဲ၊ အကောင်းဆုံးကတော့ တိရိစ္ဆာန်တွေကို သူ့သဘာဝအတိုင်း လွှတ်ထားပြီး လူက အဝေးကနေ စောင့်ရှောက်၊ မှတ်တမ်း တင်ကြတဲ့ ဆာဖာရီလိုမျိုး အနေအထားပါ၊ ဒါပေမယ့် ဒီလိုလုပ်ဖို့က ပြုပြင်ထိန်းသိမ်းခ၊ နေရာ အကျယ်အဝန်းအပြင် တခြား ကြီးမားတဲ့ အကန့်အသတ်တွေလည်း အများကြီးမို့ သိပ်တော့ မလွယ်ပါဘူး၊


Photobucket

တိရိစ္ဆာန်ရုံမှာ ကျနော် ဓါတ်ပုံတွေ အများကြီး မရိုက်ဖြစ်ပါဘူး၊ အပေါ်မှာ ရေးထားသလို အပြည့်အဝ သက်သောင့်သက်သာ မရှိတဲ့ စိတ်အခြေခံနဲ့ မို့လား မသိပါဘူး၊ ကင်မရာကို မျက်နှာရှေ့ ဆွဲကပ်လိုက်ဖို့ လက်တွေက လေးနေခဲ့တယ်၊ အဲဒီလို အခြေအနေမှာ ဒီမြင်းကျား တစ်ကောင်က ကျနော့်အရှေ့မှာ အကြာကြီး မြက်လာစားတယ်၊ မြင်းကျားရဲ့ ကိုယ်ပေါ်က အစင်းတွေက ကျနော့်ကို ဖမ်းစားလိုက်တယ်၊ မြင်းကျားတွေရဲ့ ကိုယ်ခန္ဓာပေါ်က အဖြူနဲ့ အနက်စင်းတွေက လူတွေရဲ့ လက်ဗွေရာ လိုပါပဲ၊ တစ်ကောင်စီမှာ သီးသန့်ဒီဇိုင်း တစ်ခုစီ ရှိကြ ပြီးတော့ တစ်ကောင်နဲ့ တစ်ကောင်ဟာလည်း မတူကြပါဘူး၊ ရာဇဝတ်မှု ကျူးလွန်တဲ့ မြင်းကျားသာ ရှိခဲ့ရင်တော့ ဥပဒေ ဘက်တော်သား မြင်းကျားရဲတွေဟာ ဒီအစင်းကျား တွေကို အခြေခံပြီး အမှုကို စုံစမ်းဖော်ထုတ်ကြမှာ အသေအချာပါ၊း) ကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနေတဲ့ မေးခွန်းလေး တစ်ခုရှိပါတယ်၊ အားလုံးလည်း မေးဖူးကြ မှာပါ၊ အဲဒါက မြင်းကျားဟာ အဖြူပေါ်မှာ အနက်စင်းလား? အနက် ပေါ်မှာ အဖြူစင်းလား? ဆိုတာပါ၊ အရင်တုန်းကတော့ လူတော်တော်များများက မြင်းကျားရဲ့ အောက်ခံအရောင်ဟာ အဖြူဖြစ်ပြီးတော့ အဲဒီ အပေါ်မှာ အနက်စင်းတွေ ရှိနေတာလို့ ထင်ခဲ့ကြပါတယ်၊ တချို့မြင်းကျားတွေရဲ့ ဝမ်းဗိုက်က အဖြူရောင်သက်သက်ပဲ ရှိနေတာကိုး၊ ဒါပေမယ့် မျိုးရိုးဗီဇကို လေ့လာကြတဲ့ အခါမှာတော့ မြင်းကျားရဲ့ အရောင်ဒီဇိုင်း pattern ဖွဲ့စည်းပုံဟာ သန္ဓေသား ဘဝမှာ ကတည်းက စ,တယ်လို့ သိလာကြတယ်၊ သန္ဓေသား ဘဝရဲ့ pigment activation ဆိုတဲ့ အဆင့်မှာ စပြီး ဖြစ်ပေါ်တဲ့ မူလအရောင်က အနက်ရောင်ပါ၊ အဲဒီမှာ မြင်ကျားရဲ့ ဗီဇက selective pigmentation ဖြစ်လို့ အနက်ရောင် ကျန်ခဲ့တဲ့ နေရာတွေဟာ အဖြူအစင်းကျားတွေ ဖြစ်လာခဲ့တာပါ၊

မြင်းကျားဟာ သူနဲ့ တမိသားစုထဲ ဖြစ်တဲ့ မြင်းလောက် မမြန်ပေမယ့် ခံနိုင်ရည် အလွန်ရှိတယ်၊ အဲဒါကြောင့် မြင်းကျားတွေကို မြင်းတွေလိုပဲ အိမ်မွေးတိရိစ္ဆာန် လုပ်ဖို့ လူတွေက အမျိုးမျိုး ကြိုးစားခဲ့ကြဖူး ပါတယ်၊ ဒါပေမယ့် မြင်းကျားတွေဟာ မြင်းတွေလို စိတ်မတည်ငြိမ်တဲ့ အပြင် stress များလာရင်လည်း အကြောက်လွန်ပြီး လုပ်ချင်ရာ လုပ်တတ်လို့ ကိုင်တွယ်ရ ခက်ခဲပါတယ်၊ ဒါရိုက်တာတစ်ယောက် (Steven Spielberg လို့ထင်တာပဲ) က သူ့ရဲ့ ဇတ်ဝင်ခန်းတစ်ခု အတွက် မြင်းကျားကို သင်ပေးဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ သင်မရလို့ နောက်ဆုံးမှာ မြင်းအဖြူကိုပဲ ဆေးအနက်ကြား မှုတ်ပြီး သုံးလိုက်ရတယ်လို့ တခါတုန်းက ဖတ်ဖူးတယ်၊ အရိုင်းဆန်တဲ့ မြင်းကျားကို သင်လို့မရပေမယ့် မြို့ပြရဲ့ ကားတွေ တဝီဝီကြားက zebra crossing လို့ခေါ်တဲ့ မျဉ်းကျား ပေါ်မှာတော့ ကျနော်တို့ ကြိုက်သလောက် ကူးလူး၊ ဖြတ်သန်းလို့ ရသားပဲ မဟုတ်လား...၊


Photobucket

ဒီဟာကတော့ အဲဒီမှာ ရိုက်ဖြစ်တဲ့ ရှားရှားပါးပါး နောက်တစ်ပုံပါပဲ၊ ဒီကမ္ဘာလိပ်တွေရဲ့ မူလဇာတိက ပစိဖိတ် သမုဒ္ဒရာထဲက ဂါလာပါးဂေါ့စ် (Galàpagos) ကျွန်းစုတွေက ဖြစ်ပါတယ်၊ အရွယ်ရောက်ပြီးတဲ့ တချို့အကောင်တွေဆို ကီလို ၄၀၀ ကျော် (ပေါင် ၈၈၀ ခန့်) အထိ ရှိနိုင် ပြီးတော့ အသက်အားဖြင့်လည်း နှစ်ပေါင်း ၁၀၀-၁၅၀ လောက်အထိ ရှည်ကြတယ်၊ ကမ္ဘာ့အကြီးဆုံး လိပ်မျိုးနွယ် ပါပဲ၊ သူတို့ဇာတိ သဲသောင်ပုံစံမျိုးဖြစ်အောင် သဲမွမွ ခင်းပေးထားပါတယ်၊ ကျနော် အတော်ကြာကြာ ရပ်ကြည့်ဖြစ်တဲ့ အချိန်အတွင်းမှာလည်း ထုံးစံအတိုင်း နှေးတိနှေးကွေး ပါပဲ၊ လိပ်တွေကို ကြည့်ရတာ တမျိုးတော့ ကောင်းပါတယ်၊ ကိုယ်ပါ သူတို့နဲ့ ရောယောင်ပြီး ငုတ်တုတ်မေ့သွားလို့ အင်မတန် stress နည်းတယ်..၊း)


Photobucket

တိရိစ္ဆာန်ရုံကနေ ပြန်ထွက်လာတော့ မွန်းလွဲစ, ပြုပြီ၊ အိမ်ရှင် လင်မယားက သူတို့ဝယ်လိုက်တဲ့ အိမ်ကို လိုက်ပြချင်တာနဲ့ Darmstadt မြို့စွန်မှာ ရှိတဲ့ အပေါ်ဓါတ်ပုံထဲက ရွာလေးတစ်ခုဆီကို ကျနော်တို့ လာခဲ့ကြတယ်၊ အိမ်က ရှေးဟောင်းအိမ်ဆိုတော့ အတော်လေး ဟောင်းနွမ်း၊ ယိုယွင်းနေပါပြီ၊ ဓါတ်ပုံထဲက အနီရောင် ထုပ်တန်းတွေနဲ့ အိမ်ပါပဲ၊ အဲဒီတစ်အိမ်လုံးကို သူတို့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ပြန်ဆောက်ကြမယ် ဆိုပဲ၊ တိုင်သက်သက်လောက်ပဲ ချန်ထားပြီး အခင်း၊ အကာ၊ အမိုး အားလုံးကို တဖြည်းဖြည်းချင်း ပြန်ဆောက်သွားမယ်လို့ ကျနော်တို့ကို ရှင်း ပြတယ်၊ အိမ်ဒီဇိုင်းကတော့ ပြင်သစ်အနောက်ဖက်၊ နော်မန်ဒီ ကမ်းခြေဖက်တွေမှာ အတွေ့ရများတဲ့ အိမ်တွေနဲ့ ဆင်ပါတယ်၊ နံရံမှာ အလျားလိုက်၊ ဒေါင်လိုက်၊ ကန့်လန့်ဖြတ် ထုပ်တန်းတွေကို တမင်ဖော်ထားတဲ့ ပုံစံပါ၊ ရွာကလေး ကိုယ်၌ကတော့ အီတလီတောင်ပိုင်းက ရွာ လေးတွေနဲ့ နည်းနည်းဆင်တယ်၊ အထူးသဖြင့် ကားနှစ်စင်း လွတ်တယ်ဆိုရုံ ရှောင်နိုင်တဲ့ လမ်းကျဉ်းကလေးတွေပါ၊


Photobucket

အဲဒီအိမ်ကို ကြည့်ပြီး ရွာလယ်ဖက်ကို လျှောက်ခဲ့ကြတယ်၊ ရွာထဲမှာ ပွဲလုပ်နေတာ ကြုံပါတယ်၊ တိမ်ညို၊ တိမ်မည်းတွေ အုံ့ဆိုင်းပြီး ပုံမှန်ထက် ပိုအေးနေတဲ့ ရာသီဥတုအောက်မှာ ရွာသားတွေက ရှေးရိုးရာ ဝတ်စုံတွေနဲ့ အကမပျက်ပါဘူး၊ ဖိနပ်တွေကို ကြည့်,ကြည့်ပါဦး၊ သစ်သားတုံးကို ထွင်းထားတဲ့ ရှေးခေတ် ခုံဖိနပ်တွေနဲ့ပါ၊ ကျနော်ရပ်နေတဲ့ နောက်ဖက် ခပ်လှမ်းလှမ်းမှာ ရိုးရာဂီတ တမျိုးကို ဆောင်းဘောက်စ်တွေနဲ့ ဖွင့်ထားပြီး ခပ်ပျော်ပျော်ပဲ ကနေကြတယ်၊ ကောက်ရိတ်သိမ်း အကတမျိုးလို့ ထင်ရတာပဲ၊ ကြည့်နေတဲ့ လူကလည်း ဘယ်လောက်မှ မရှိ ပါဘူး၊ ကိုယ့်ရွာသား အချင်းချင်းပဲ သိုင်းကြ၊ ဝိုင်းကြတဲ့ပုံ...၊ မြန်မာပြည် ကျေးလက်တွေက တောအလှူတွေကို ကျနော် ဖြတ်ကနဲ စိတ်ရောက် သွားမိသေးတယ်၊


Photobucket

ချစ်စရာ ဒီစာခြောက်ရုပ်လေးကြောင့် ကောက်ရိတ်သိမ်းပွဲလို့ ကျနော် ယူဆလိုက်တာပါ၊ လမ်းပေါ်မှာ ကောက်ရိုးထုံးတွေ အပြင် ရွှေဖရုံ သီးတွေ၊ ပြောင်းဖူးတွေ၊ ပန်းသီးတွေကိုလည်း အလှဆင်ထားတာကိုး..၊ စာခြောက်ရုပ်ရဲ့ နောက်ခံ အနီက ကုန်တင်ကား နံရံပါ၊ ရေပိုက်ခေါင်းတွေ၊ လယ်ယာသုံး မော်တာတွေ၊ ရေစုပ်စက်တွေ လာရောင်းတဲ့ ကား ဖြစ်ပါတယ်၊ ခပ်လှမ်းလှမ်းမှာတော့ ခြံထွက် အသီးအနှံတွေ ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ 'ပျားရည်စစ်စစ်တွေ ရပြီ' လို့ ဆိုင်းဘုတ်ရေးထားတဲ့ ဆိုင်လေးတစ်ဆိုင်ကို တွေ့မိတယ်၊ အညာကျေးလက်က တောဘုရားပွဲတွေမှာ လယ်ယာလုပ်ငန်းခွင်သုံး ပစ္စည်းတွေ လာရောင်းကြတဲ့ မြင်ကွင်းကို အမှတ်ရမိတယ်..၊


Photobucket

ရွာကလေးက ပြန်ထွက်လာတော့ မိတ်ဆွေလင်မယားက သူတို့ရဲ့ စိုက်ပျိုးရေးခြံကို ခေါ်သွားတယ်၊ အပေါ် ဓါတ်ပုံထဲက စိုက်ခင်းပါပဲ၊ သူတို့ လက်ရှိနေ,နေတာက တိုက်ခန်းမှာဆိုတော့ အခုလို စိုက်ပျိုးဖို့အတွက် မြေကွက်ငှား ရပါတယ်၊ မီတာ ၁၈၀ ပတ်လည်ကို တစ်နှစ်စာ ယူရို ၁၂၀ ပေးရတယ်၊ အဲဒီမြေတွေကို လယ်သမားတစ်ယောက်က ပိုင်ပါတယ်၊ သူက ဒီမှာ ဘာမှမစိုက်မယ့် အတူတူ စိုက်ချင်ပျိုးချင်တဲ့ လူတွေကို အခုလို ပြန်ငှားတယ်၊ ရေလောင်းဖို့ အတွက်လည်း ရေတိုင်ကီပုံးတွေ ချထားပေးတာ တွေ့ရတယ်၊


Photobucket

ကျနော်တို့ လာတဲ့ ရည်ရွယ်ချက်က စိုက်ခင်းကြည့်ဖို့အပြင် မုန်လာဥလည်း နှုတ်ဖို့ဆိုတော့ မုန်လာဥနီတွေ နှုတ်ကြတယ်၊ သားမှာ မုန်လာဥနှုတ်တမ်း ကစားနည်းတစ်ခု ရှိတယ်၊ သစ်သားပြားပေါ်မှာ အပေါက်လေးတွေ ဖောက်ထားပြီးတော့ သစ်သားမုန်လာဥလေးတွေ ထည့်ထားတယ်၊ အံစာတုံးကိုခေါက်၊ ကျတဲ့ နံပါတ်အလိုက် မုန်လာဥတွေ ဖော်ရတဲ့ ကစားနည်းပါ၊ အခုသူက လက်တွေ့မုန်လာဥ နှုတ်ရတော့ အတော်လေးပျော်ပြီး စိတ်ရှိလက်ရှိ လိုက်ဆွဲနှုတ်နေလို့ မုန်လာပင်လေးတွေပဲ ပြတ်ပါလာပြီး မုန်လာဥက မြေကြီးထဲမှာ ကျန်ခဲ့တယ်..၊


Photobucket

သူတို့အားလုံး မုန်လာဥတွေ နှုတ်နေချိန်မှာ ကျနော်ကတော့ မြို့ကြီးသား လုပ်နေတယ်၊ လက်ကို မြေကြီးပေမှာ စိုးလို့ ဝင်မနှုတ်ပါဘူး၊း) အမှန်တော့ မြေကြီးကိုင်လိုက်၊ ကင်မရာ ပြန်ကိုင်လိုက် လုပ်ဖို့ အဆင်မပြေလို့ပါ၊ ဒါနဲ့ အနီးတဝိုက်မှာ ဓါတ်ပုံ လျှောက်ရိုက်နေလိုက်တယ်၊ အပေါ်က ပုံထဲက ဖရုံသီးတွေလို အသီးအနှံတွေ လိုက်ရှာရင်းပေါ့၊


Photobucket

မုန်လာဥပြီးတော့ တခါ အာလူး ဆက်လာပြန်တယ်၊ သူက မူလအစီအစဉ်ထဲမှာ မပါဘူး၊ ဟိုရောက်မှ အာလူးတွေလည်း ဖော်သင့်နေပြီဆိုပြီး တပါတည်း တူးကြပြန်ရော..၊ ဒီတခါ ပေါက်တူး၊ ငန်းပြား စတာတွေနဲ့ ဖော်လို့ သားကလည်း ပိုတောင် ပျော်နေသေးတယ်၊ သူ့ကိုယ်သူ တောင်သူဦးကြီး တစ်ယောက်လို့ မှတ်နေပုံပါပဲ၊ ဒါပေမယ့် ပေါက်တူးကို ခပ်ဆွဆွ ပေါက်ရမယ့်အစား အပျော်လွန်ပြီး အားနဲ့ပေါက်လို့ သူ့အာလူးတွေက ထက်ပိုင်းပြတ်တွေ ဖြစ်ကုန်ရော..၊ ဘာပဲဖြစ်ဖြစ် အာလူးဆိုတာ အပင်ပေါ်မှာ သီးတာမဟုတ်ဘူးလို့ ၄ နှစ်သားမှာ သူသိသွားရင် တော်လောက်ပါပြီ၊း)

အိမ်ပြန်ရောက်တော့ ညစာကို အိမ်ရှင်က အဲဒီစိုက်ခင်းထဲက ခူးလာတဲ့ အာလူး၊ ဂေါ်ဖီ၊ ပိန်း၊ စတာတွေ ရောပြီး ဟင်းချိုပျစ်ပျစ် လုပ်ကျွေးတယ်၊ ဆလပ်ရွက်တွေကိုတော့ အသုပ်,သုပ်လိုက်တယ်၊ အဲဒီရက်က စက်တင်ဘာလရဲ့ အဆိုးဆုံး ရာသီဥတုလို့ ပြောရ လောက်အောင် မှုန်မှိုင်းပြီး အတော်လည်း အေးတော့ လတ်လတ်ဆတ်ဆတ် ခြံထွက် ဟင်းချိုဟာ စားပွဲပေါ်မှာ 'မောင်ကျန် တတို့' ဆိုပြီး ပွဲ အတောင်းခံရဆုံး ပါပဲ....။ ။

(ဆက်ပါဦးမယ်)


ညီလင်းသစ်
၅ အောက်တိုဘာ၊ ၂၀၁၁

29 comments:

မေဓာဝီ said...

မြင်းကျားအကြောင်း ခုမှသိတယ်။ မြင်းကျားက အဖြူပေါ်မှာ အနက်စင်းလား အနက်ပေါ်မှာ အဖြူစင်းလားလို့ ကိုညီလင်း ရေးထားတာ ဖတ်ရတော့ ပုံကို သေချာပြန်ကြည့်ပြီး ဇဝေဇ၀ါ ဖြစ်နေသေးတယ်။ ငယ်ငယ်က အဲလို တခါမှ မစဉ်းစားခဲ့ဖူးလို့။ :)

တခြားတိုင်းပြည်တွေက မျဉ်းကျားကသာ ကြိုက်သလို ကူးလူးဖြတ်သန်းလို့ ရတာပါ ကိုညီလင်းရယ် ဗမာပြည်က မျဉ်းကျားကတော့ ကြိုက်သလောက် ကူးလူးဖြတ်သန်းလို့ မရပေါင်ရှင်။ လမ်းကူးဖို့ မျဉ်းကျားနား လူရပ်နေရင် ကားတွေက ပိုတောင် အရှိန်တင်လိုက်သေးတယ်။ ကိုယ်တွေ့ ... ။

မုန်လာဥတွေ နှုတ်လိုက် အာလူးတွေ တူးလိုက်နဲ့ ပျော်နေတဲ့ သားသားပုံလဲ တင်အုံးလေ။ သားသားက ကံကောင်းတယ်၊ အသက် ၄ နှစ်ပဲရှိသေးတယ် အတွေ့အကြုံ ဗဟုသုတတွေ အများကြီးရသွားပြီ။ ကျမဆို ခုချိန်ထိ စိုက်ခင်းထဲ တခါမှ မရောက်ဖူးဘူး။ :(

ညီလင်းသစ် said...

မမေ ...
ဟုတ်တယ်ဗျာ..၊ ကျနော်တို့ဆီက မျဉ်းကျားတွေက အခုထိ အရိုင်းဆန်နေတုန်းပဲ ထင်တယ်နော်၊ သူ့ အနားကပ်မိတဲ့ ကားတွေက ဝူးကနဲ အရှိန်မြှင့်ပြီး ထွက်ပြေး ကြတယ် ဆိုတော့...၊း) ကျနော်လည်း စိုက်ခင်းထဲ ကောင်းကောင်း မရောက်ဖူး ပါဘူးဗျာ၊ အခုထိကို ဟုတ်တိပတ်တိ ဘာမှ မစိုက်ဖူးသေးဘူး၊

တောင်ငူသား said...

လိပ်ကလေးနှစ်ကောင်က မင်္ဂလာဆောင်နေတာလား?
မုန်လာဥက အသာလေး ဆွဲနှုတ်လိုက်ရုံပဲလားဗျ
တောင်ငူက အိမ်မှာတော့ ကန်စွန်းဥ တူးဖူးတဲ့ အတွေ့အကြုံရှိတယ်။ မြေကြီးထဲက ကိုယ်တူးတဲ့ထဲက ကန်စွန်းဥ အလုံးကြီးကြီးလှလှများ ထွက်လာရင် တော်တော်ပျော်ဖို့ကောင်းတာပဲဗျ။ ဒါနဲ့ စိုက်ခင်းထဲက သားသားပုံ မပါလာသေးဘူး အကို။ မြေကြီးတွေ အပင်တွေနဲ့ အလုပ်ရှုပ်နေတဲ့ သားသားပုံလေး တစ်ပုံလောက် နောက်ပို့စ်မှာ တင်ပေးပါလား။

(အကိုလာကြည့်သွားပေမဲ့ ကျွန်တော် အပျင်းကြီးတာ လွန်သွားလို့ ဘာမှ မတင်ဖြစ်လိုက်ဘူး)

Anonymous said...

မုန်လာဥနဲ့အာလူးလိုက်တူးချင်တယ်။ အိမ်သစ်လေးကိုလဲ မြင်ယောင်ကြည့် ရင်း ရွာလေးမှာနေချင်စိတ်ပေါက်သွားတယ် ကိုညီလင်းသစ်။
Mon Petit Avatar

Anonymous said...

ကျမဖြင့် ခုချိန်ထိ ဗမာပြည်က စပါးခင်းကို အနီးကပ်မမြင်ဖူးသေးဘူး... စပါးပင်ကို တွေ့ဖူးချင်နေတာ... ဂျုံခင်း ပြောင်းခင်း တခြားအခင်းတွေတော့ ဒီမှာတွေ့ရတယ်လေ...

စူးနွယ်လေး

Myanmar Good Knowledg Co., Ltd said...

ခရီးစဉ်က ပျော်စရာပဲ။
မြင်းကျားအကြောင်းထည့်ရေးထားတာကလည်း စိတ်ဝင်စားစရာနော်။
ကျွန်မလည်း သားပုံလေးမြင်ယောင်နေမိသေးတယ်။
ဒီမှာရွှေဖရုံသီးအခွံကအစိမ်းရောင်များတယ်။
ခုထိ လိမ္မော်ရောင်အခွံမတွေ့ရသေးဘူး။
အဲဒီညက အာလူးမလေးတွေ အကုန်ဂါဝန်ချွတ်တယ်မို့လား။
သိနေတယ်လေ....

San San Htun said...

သားလေးပုံ တင်ပါဗျို့ ...

blackroze said...

မြင်းကျားအကြောင်းအခုမှသေချာသိရတယ်
ကဲ..နောက်ကျန်တဲ့ အပိုင်းလေးတွေလည်း
မြန်မြန်တင်ပါဗျိုး...
သားလေးနဲ့မိသားစုပုံလေးပါတင်ပါလားအကို..

စံပယ်ချို said...

မြင်းကျားအရမ်းလှတယ်...
လိပ်တွေလဲစိတ်ဝင်စားဖို့ကောင်းတာပဲ
ပုံတွေအတွက်ကျေးဇူးပါကိုညီလင်းသစ်ရေ
မိသားစုပုံလေးတွေအားရင်တင်ပါလား
နောက်အပိုင်းတွေလဲစောင့်မျှော်ဆဲပါ
ခင်မင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

မြင်းကျားပုံ က ချစ်စရာကောင်းလိုက်တာ.ဗဟုသုတတွေနဲ့အတူ....ပျော်ရွင်စရာ ခရိးစဉ်လေး စောင့်မျှော်အားပေးလျှက်ပါအကို...:)

Shinlay said...

မြင်းကျားအကြောင်းဖတ်ရတာစိတ်ဝင်စားပါတယ်။
ခရီးထွက်တဲ့အကြောင်းဖတ်ရင်းပျော်သွားပါတယ်။

ညီလင်းသစ် said...

တောင်ငူသား ...
ဟုတ်ပဗျာ၊ မင်္ဂလာဆောင်ဖို့ ကြိုးစားနေကြတာ..၊း) မုန်လာဥ နှုတ်ဖို့က မုန်လာပင်ကို လက်နဲ့ခပ်ဆဆ ဆွဲရင်း နှဲ့ပြီး နှုတ်လိုက်တာပါပဲဗျာ၊ အဆင်ပြေတဲ့ သားပုံ ရှိမလားလို့ ပြန်ရှာလိုက်ဦးမယ်လေ...၊

Mon Petit Avatar ...
မုန်လာဥက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အနားက ရေဘုံဘိုင်မှာ ဆေးပြီး ချက်ချင်းစားလို့ ရတာကိုး..၊း)

မစူးနွယ် ...
အေးဗျာ၊ မြို့ပြက လူတွေအတွက် ဆိုရင်တော့ တကူးတက သွားကြည့်ရမယ့် ပုံပါပဲ၊ ကျနော်ကတော့ တခါလောက် လယ်ထွန်ကြည့် ချင်တယ်...၊း)

မ,ကောင်းမွန်ဝင်း ...
ဒီမှာလည်း ရွှေဖရုံသီး အစိမ်းရောင်တွေ ရတတ်တယ်ဗျ၊ အဲဒီညက ဟင်းချိုကန်ထဲ ဝင်စိမ်မယ့်နောက်တော့ အာလူးမလေးတွေ ဂါဝန်ချွတ်ရပြီ ပေါ့ဗျာ...ဟားဟား၊း)

မစန်းထွန်း ...
ရှာကြည့်ပါ့မယ်ဗျာ...၊

ညီမ blackroze ...
အင်း.. ပရက်ရှာတွေ တယ်များသကိုးး)၊ ကျနော်က ဒီပို့စ်တင်ပြီး ၃ ရက်လောက် အသာနှပ်ဦး မလားလို့....၊

တောင်ကြီးက မစံပယ် ...
ကျေးဇူး တင်ပါတယ်ဗျာ၊ ကျနော် ကြိုးစားကြည့်ပါ ဦးမယ်..နော၊

ညီမအိန်ဂျယ်လ်လှိုင် ...
အားပေးတာ ကျေးဇူး..၊ ကောင်းသောနေ့လေး ဖြစ်ပါစေဗျာ..၊း)

မ,ရှင်လေး ...
ကြားရတယ် ဝမ်းသာမိပါတယ်ဗျာ...၊

စော(အဝါရောင်မြေ) said...

အပင်တွေ စိုက်ဖို့  ကျမလည်း စိတ်ဝင်စားဘူးတယ်။
လုပ်နိုင် မလုပ်နိုင်တော့ မသိဘူး၊ အသီးတွေ အပွင့်တွေ ဖြစ်လာရင် ပျော်လို့ လေ။

Anonymous said...

ကိုညီလင်းသစ် ရေ

စိတ်ဝင်စား စရာတွေကိုဖတ်သွားပါတယ် သားသား ကို မြန်မာပြည် ခေါ်ခဲ့ပါအုန်း ပိုပျော်သွားအောင်

ခင်မင်တဲ့
ရွှေစင်ဦး

Baby taster said...

ငယ်ငယ်က အကြီးတို့ဆီမှာ အဲ့လို စိုက်ခင်းတွေ
ရှိတယ်။ အဲ့ကို ရောက်ရင် သိတ်ပျော်တာပေါ့။
အပင်တွေ လျှောက်နုတ်တာလေ။
မြင်းကျား အကြောင်းလည်း စဉ်းစားမိတယ်။
ဒါပေမဲ့ ကျမတို့ လက်သည်းနီဆိုးရင်တော့
အဖြူကို အရင်အခံဖြစ်ဆုးတာပဲ နောက်မှ အနက်လှိုင်းဖော်တာ။ သာလေးပုံတွေ တင်ပေးတော့
ပိတ်သတ်ကြီး တောင်းဆိုနေပြီး)

ညိမ်းနိုင် said...

ပျော်စရာကြီးပဲဗျ...၊သားသားလေးတော့အတော်ပျော်နေမှာ
ပဲနော်...၊သူ့ပုံလေးတွေတင်မပေးတော့ဘူးလာအစ်ကို...။
မြင်းကျားအကြောင်းကျွန်တော်လည်းခုမှသိတယ်....၊ဒါဖြင့်
မွေးလို့မလွယ်ဘူးပေါ့နော်...၊လှတော့လှသားဗျ....။

မြစ်ကျိုးအင်း said...

စာဖတ်သူပါ အတူရောက်လိုက်ရသလိုပါပဲ။

ကျနော်တော့ ကျေးလက်တွေကို (အလည်သက်သက် အတွက်) အရင်ကထက် ပိုပိုပြီး သဘောကျလာတယ်။

အပိုင်း ၃ မှာ ဘယ်ကို ထပ်ခေါ်သွားမလဲ စောင့်ဖတ်အုံးမယ်ဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းသစ်ရေ
တောတောင် ယာခင်းတွေ သွားရတာ စိတ်ချမ်းသာဖို့ကောင်းတယ်နော်
ရိုးသားတဲ့ ရှုခင်းတွေရယ် အစားသောက်တွေရယ်ကလည်း ဆွဲဆောင်မှု တစ်မျိုးဘဲနော်။ ဓာတ်ပုံတွေ ကြည်လင်ပြတ်သားနေလိုက်တာ အားကျတယ် အဲလို ပုံကောင်းလေးတွေ ရိုက်ချင်လိုက်တာ
ဆက်ရန်ကို မျှော်နေတယ်နော်

Anonymous said...

စာတွေဖတ်တယ်. အရမ်းလှတဲ့ ဓါတ်ပုံတွေလည်း ကြည့်သွားတယ် စောင်မျှော်လျှက်
AA.

8Yar said...

ဗဟုသုတလဲရတယ်။ ဖတ်လို့လဲကောင်းတယ် အစ်ကိုရေ။ နောက်လည်းလာလည်ပါအုံးမယ် ခင်ဗျာ။

rose said...

အသက်သာကြီးလာပေမယ့် တိရစ္ဆာန်ရုံ သွားလည်ရတာ နှစ်သက်တဲ့ အထဲ ရို့စ်လည်း ပါတယ်း) မြင်းကျားကို အဖြူပေါ် အနက်စင်းလို့ ထင်ထားတာ။ သြော်... လက်စသပ်တော့ အနက်ရောင်ပေါ် အဖြူစင်းကိုး။ လိပ်ကြီးတွေက ချစ်စရာကြီးနော်။ လိပ်တွေ နှေးကွေးပုံကို ကြည့်ပြီး ကိုညီလင်းပါ ငုတ်တုတ်မေ့သွားတယ်ဆိုလို့ ပြုံးမိသေး ခိခိး) စိုက်ခင်းလေး ကြည့်ရတာ စိတ်ချမ်းသာစရာနော်။ ဒီမှာလည်း နွေဆို တနိုင်တပိုင် မြေကွက်လေးတွေမှာ စိုက်ကြတယ်။ သားသားသူရိယတော့ သိပ်ပျော်နေမှာပဲနော်။ ကိုညီလင်းနဲ့ ဇနီးလည်း ခရီးထွက်ရတာ စိတ်လက်ပေါ့ပါး ပျော်ရွှင်တာပေါ့။

မောင်မျိုး said...

နောက်တစ်ခါသွားရင် ညီ့ကိုလည်းခေါ် အစ်ကိုရေ့ အားကျလို့ ဓာတ်ခဲတွေ လဲရပေါင်းလည်းများပြီး)


သတိရတယ် အမေ နေမကောင်းလို့ အိမ်ပြန်သွားလိုက်သေးတယ် အစ်ကို မနေ့ကပြန်ရောက်တယ် ။ သားအကြောင်းလေးတွေလည်းရေးပါအုံး သတိရတယ် ၀က်ဝံပေါက်လေးကိုလည်း ။

Anonymous said...

ပုံတွေမိုက်တယ်ဗျ..
N/A

Vista said...

ကျနော်လည်း ငယ်ငယ်တုန်းက စိုက်ခင်းထဲမှာ ပျော်ပျော်ကြီးနေခဲ့ဖူးတယ် ။ အိမ်နောက်မှာ အဖေ က မုန်လာဥနီ ၊ ဂေါ်ဖီထုပ်၊ နံနံပင်တွေ အပျော်စိုက်ထားဖူးတယ် ။ မာလီဦးလေးက ဘယ်အပင်ကိုဘယ်လိုစိုက်ရတယ် ၊နုတ်ရတယ် ဆိုတာသင်ပေးဖူးတာကို ဒီအရွယ်ထိ မမေ့ဘူး။
ကိုညီလင်းသားလေးလည်း ကြီးတဲ့အထိမှတ်မိနေမှာသေချာတယ်။
သဘာဝမှာပျော်တတ်တဲ့ စိတ်ကို အဖေက သင်ပေးခဲ့တာ။

မြသွေးနီ said...

ကိုညီလင်းသစ်...
ပုံတွေ တအားကောင်းတယ်....။
ပျော်စရာ၊ ဗဟုသုတရစရာ ခရီးလေးဖြစ်မှာသေချာတယ်..။
သားသားကို သဘာဝနဲ့ တွေ့ထိပေးတာ အရမ်းသဘောကျတယ်။ အိမ်က သားပြည့်က တစ်နေ့က စာကျက်ရင်း " ကန်စွန်းဥက မြေအောက်ပင်စည်မှာ အဆာသိုလှောင်တယ်တဲ့၊ အမြစ်မှာ အဆာသိုလှောင်တာ မဟုတ်ဘူးလား မေမေ" လို့ မေးလာတော့ ကျွန်မမှာလေ ကန်စွမ်းဥခင်းထဲ ခေါ်ပြလို့ရရင် ခေါ်ပြလိုက်ချင်တဲ့ စိတ်ကို ပေါက်လာတယ်။ တကယ်က ကျွန်မကိုယ်တိုင် စာတွေ့ဘဲ သိခွင့်ရခဲ့တာလေ။ သေချာ ဂဃနဏ မရှင်းပြနိုင်ခဲ့ဘူး။ ကလေးတွေရဲ့ သိချင်စိတ်တွေကို လက်တွေ့နဲ့ ပေါင်းစပ်ပေးလိုက်ရင် သူတို့ တစ်သက်လုံး မှတ်မိသွားတာမျိုး ဖြစ်စေချင်မိတာ..။

ဆက်ရန်ကို မျှော်နေပါသည်ရှင်..။

သက်ဝေ said...

ပြောချင်တာတွေ မေးချင်တာတွေ အကုန်လုံး အပေါ်က မောင်တွေ ညီမတွေ ပြောပြီး မေးပြီး သွားကြပြီ... (အန်တီက အသက်ကြီးပြီဆိုတော့ တခါတလေတော့အချောင်ခိုခွင့် လေး ပေးပါနော်...)
တခုပဲ ထပ်ပြောသွားချင်တယ်... မြင်းကျားတွေ မုန်လာဥနီတွေနဲ့  ပျော်နေတဲ့ သားလေး ဓါတ်ပုံ ကြည့်ချင်တယ် လို့ ... :-))

မဒမ်ကိုး said...

ဖတ်ရတာစိတ်တွေသိပ်လတ်ဆတ်တာပဲအကိုရေ .အာလူးပင်ကိုခုမှမြင်ဖူးတယ် .တောင်ပေါ်သူပေမယ့်သိက္ခာကျထှာ .အားလူးပင်မတွေ့ဖူးလို့
မြင်းကျားအကြောင်းဖတ်ပြီးသဘောကျသွားတယ်
လိပ်ကိုမြင်တော့ ကလေးလိုခဲနဲ့ထုကြည့်ချင်တယ် .
အကို့သားဆော့တာမပြောနဲ့ ဒိုးကန်တောင် လိုက်ကဲချင်စိတ်ပေါက်လာတယ်
း)
ခင်တဲ့

မေသိမ့်သိမ့် ကျော် said...

ပုံတွေက တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ တော်တော်ပျော်စရာကောင်းတဲ့ ခရီးဖြစ်မယ်လို့ ထင်ပါတယ်။


ခင်တဲ့
မေသိမ့်

ဘုန်းဘုန်းတောက် said...

ပုံနဲ့ ရေးထားတာတွေက တကယ်စိတ်ဝင်စားဖို့ ကောင်းတယ် ဒကာတော် ကိုညီလင်းသစ်ရေ။ သားလေးက အမှတ်တမဲ့ကြည့်တော့ ဥရောပ ကလေးလေးပဲ အောက်မေ့နေတာ။ မုန်လာဥနီ အပင်ကို ခုမှပဲ မြင်ဖူးတယ်။ ဘုန်းဘုန်းက တောသားဆိုပေမယ့် ဘုန်းဘုန်းတို့ဘက်မှာ မစိုက်ကြတော့လေ။

မြင်းကျားမှာ အဖြူပေါ်မှာ အနက်စင်းလား၊ အနက်ပေါ်မှာ အဖြူစင်းလားဆိုတာ မတွေးခဲ့ဖူးဘူး။

လိပ်ဆိုတဲ့ သတ္တ၀ါက အတော်ထူးဆန်းတယ်နော်။