29 March 2011

စနေနေ့ ညစာ


သောကြာနေ့ညက ဂျပ်ဇ်ဂီတ ပွဲတော်ကို သွားပြီး နောက်တနေ့ စနေ နေ့လည်မှာတော့ ကျနော် ဟင်းချက်ပါတယ်၊ မရောက်ဖြစ်တာ ကြာနေတဲ့ အာရှဆိုင်ကို သွားတယ်၊ သူတို့ဆိုင်မှာ ကုန်စိမ်း ဝင်တာက ဗုဒ္ဓဟူးနေ့ဆိုတော့ စနေနေ့မှာ ဘာမှတောင် သိပ်မကျန်ချင်တော့ဘူး၊

ကန်စွန်းရွက်တွေ လတ်တာ တွေ့လို့ ခပ်ကြီးကြီး တစ်စည်းကို ဝယ်တယ်၊ မြင်းခွာရွက် တစ်စည်းဝယ်တယ်၊ မုန်ညင်းအသေး ၂ စည်း ဝယ်တယ်၊ သူကတော့ အမြဲလိုလို ဆိုင်မှာ ရှိတတ်ပါတယ်၊ ပုဇွန်ခြောက် တစ်ထုပ်၊ အသင့်စားလို့ရတဲ့ ပုဇွန်ငရုတ်သီးထောင်း ပုလင်းလေးလည်း ဝယ်တယ်၊ ဒါလေးက အရေးပေါ်ကာလတွေမှာ အသုံးတည့်လေ့ ရှိတယ်လေ၊ ဆားငန်စေ့ အထုပ်ကြီးတစ်ထုပ်လည်း ဝယ်တယ်၊ ပုဇွန်ဝယ်တယ်၊ ခရုဆီ တစ်ပုလင်းလည်း ဝယ်တယ်၊ အိမ်ရောက်မှ အရင်ပုလင်းတောင် မကုန်သေးတာ သွားတွေ့တယ်၊ ဒါတွေဝယ်ပြီးတော့ နောက်ထပ် ဘာဆက်ဝယ်ရမှန်း မသိတော့ဘူး၊ ဈေးခြင်းတောင်းကြီး ဆွဲပြီး ဆိုင်လေးထဲမှာ ပတ်နေတယ်၊ တစ်ပတ်...၊ နှစ်ပတ်...၊ သုံးပတ်...၊ ရပ်လိုက် တော့ ဘီယာပုလင်းတွေ ထားတဲ့ စင်ရှေ့ရောက်နေတယ်၊ တရုတ်ဘီယာ၊ ယိုးဒယားဘီယာ၊ အိန္ဒိယဘီယာ၊ ဂျပန်ဘီယာ၊ အားလုံးကို ကြည့်ပြီးမှ တံတွေးတချက် မျိုပြီး ပြန်လှည့်ထွက်လိုက်တယ်၊ ဒီဟာတွေ အားလုံး ဈေးကြီးပါတယ်၊ မြန်မာပြည် က ဘီယာ တမျိုးမျိုး ဆိုရင်တော့ အကြွေးတင်သွားလည်း ဘာအရေးလဲ၊ ဝယ်ပစ်လိုက်မှာပေါ့...၊ ဟုတ်ဖူးလား..၊

အသီးအရွက်တွေထားတဲ့ စင်ရှေ့ကို ဘယ်နှကြိမ်မြောက်မှန်းမသိ၊ ပြန်ရောက်လာ ပြန်တယ်၊ မြန်မာလို ဘယ်လိုခေါ်မှန်း မသိတဲ့ အရွက်တွေ ကို လိုက်ကြည့်နေမိတယ်၊ ဘယ်လောက်ပဲ ကြည့်ကြည့် နာမည်တွေတော့ ထွက်မလာပါဘူး၊ ဆိုင်ရှင် ဗီယက်နမ်က ငါဘာကူညီရမလဲ-လို့ လာမေးတယ်၊ နေပါစေဗျာ၊ ဒီလိုပဲ ကောင်းနိုးရာရာ လိုက်ကြည့်နေတာပါ-လို့ပဲ ဖြေလိုက်တယ်၊ ဒါ အမှန်ပါပဲ၊ ဈေးဝယ်သာ ကမန်းကတန်း ထွက်လာတာ၊ ဘာချက်မလဲ၊ ဘာဝယ်မလဲ မပြင်ဆင်လာ တဲ့ လူတစ်ယောက်အဖို့တော့ ဟိုဟာလိုက်ကြည့်၊ ဒီဟာလိုက်ကြည့် လုပ်တာ အကောင်းဆုံးပဲ မဟုတ်လား၊

ဆိုင်ရှင် ဗီယက်နမ်က ကောင်တာမှာ သွားပြန်ထိုင်နေတယ်၊ ကျနော်လည်း ရှိတဲ့နေရာမှာပဲ မတ်တပ်ရပ်နေပြီး တဆိုင်လုံး ကို ၃၆၀ ဒီဂရီ လှည့်ပြီး ကြည့်ပါတယ်၊ စင်တွေကြားမှာ ဟိုဝင်ဒီထွက် ပတ်ခဲ့ပြီးပြီလေ၊ နောက်ဆုံးတော့ နံနံပင် တစ်စည်း ယူလိုက်ပြီး ဝယ်ခြမ်းခြင်း အမှုကို လက်စသတ်လိုက်ပါတော့တယ်၊ အဲဒီနေ့က ပုဇွန်ကို ဆီပြန်ချက်၊ ကန်စွန်းရွက်ကြော်၊ မြင်းခွာရွက် သုပ်ပြီး မုန်ညင်းကို ဟင်းချိုချက်လိုက်တယ်၊ အစပ်အဟပ်ကော တည့်ရဲ့လားတော့ မသိပါဘူး၊ ဟင်းသီးဟင်းရွက် နောက်တစ်ခွက်လောက် ထည့်ချင်ပေမယ့် ဆိုင်မှာ ကျန်တာတွေက ခပ်နွမ်းနွမ်းတွေပဲမို့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရတယ်၊ ဒါတွေ ချက်ပြီးလို့ အချိန်မရှိတော့တာနဲ့ ငါးပိထောင်းတောင် မလုပ်လိုက်နိုင်ဘူး၊ ငရုတ်သီးစိမ်းကိုပဲ ဒီအတိုင်း ကိုက်စားလိုက်တယ်၊ ကဲ, ဒီအထိတောင် ရောက်လာပြီးမှပဲဗျာ...၊ အားပေးသွားပါဦး...နော၊ ထမင်းတွေ အများကြီး ချက်ထားပါတယ်...။


Photobucket
ပုဇွန်ဆီပြန်


Photobucket
ကန်စွန်းရွက်ကြော်


Photobucket
မြင်းခွာရွက်သုပ်


Photobucket
မုန်ညင်းရွက်ဟင်းချို


ညီလင်းသစ်
၂၉ မတ်၊ ၂၀၁၁

28 March 2011

ဂျပ်ဇ်ပွဲတော်


ပြီးခဲ့တဲ့ သောကြာနေ့က ဂျပ်ဇ်ဂီတပွဲတော် တစ်ခုကို ရောက်သွားခဲ့တယ်၊ Cully (Qယီ) လို့ခေါ်တဲ့ ရွာကလေးမှာ ကျင်းပတဲ့ ပွဲတော်ပါ၊ ကျနော်တို့အိမ်ကနေ ၂၅ မိနစ်လောက် ရထားစီးသွားရင် ဒီရွာလေးကို ရောက်ပါတယ်၊ ဒီ Cully Jazz Festival ကို ၁၉၈၃ ခုနှစ်ကတည်းက စပြီး ကျင်းပခဲ့ပါတယ်၊ အစောပိုင်း နှစ်တွေမှာတော့ ဝါသနာပါတဲ့ သူငယ်ချင်း တွေ စုပြီးလုပ်ကြရင်း အခုတော့ ဆွစ်ဇာလန်မှာ အထင်ရှားဆုံး ဂျပ်ဇ်ပွဲတော်တွေထဲက တစ်ခုဖြစ်နေပါပြီ၊

ဒီပွဲတော်ရဲ့ ထူးခြားချက် ၂ ခုရှိပါတယ်၊ ပထမတစ်ခုက ဂျပ်ဇ်ဂီတ အမျိုးအစားကိုပဲ တီးမှုတ်ကြတယ်၊ ရိုးရာဂျပ်ဇ်၊ အာဖရိကန်ဂျပ်ဇ်၊ လက်တင် အမေရိကဂျပ်ဇ်၊ ခေတ်ပေါ်ဂျပ်ဇ်၊ အီလက်ထရိုဂျပ်ဇ် အစရှိတဲ့ ဂျပ်ဇ်စစ်စစ် ဒါမှမဟုတ် ဂျပ်ဇ်နဲ့ နွယ်နေတာ တခုခုကိုပဲ အဓိကထားပါတယ်၊ ဒုတိယတစ်ခုကတော့ အိမ်တွေမှာ ရှိကြတဲ့ စပျစ်ဝိုင်တွေ သိုလှောင်ကြတဲ့ မြေတိုက်ခန်း cellar တွေထဲမှာ တီးမှုတ် ကြခြင်းပဲ ဖြစ်ပါတယ်၊ Cully ရွာကလေးက စပျစ်စိုက်ပြီး ဝိုင်ထုတ်လုပ်တဲ့ ရွာတွေထဲမှာ တစ်ခု အပါအဝင်ဆိုတော့ အိမ်တွေမှာ ဝိုင်တွေကို ဖောက်တဲ့၊ သိမ်းတဲ့ သစ်သားစည်ကြီးတွေ ရှိပါတယ်၊ အဲဒီ စည်ကြီးတွေကို မြေတိုက်ခန်းတွေထဲမှာ ထားလေ့ရှိတယ်၊ အဲဒီမှာက အပူအအေး မျှတလေ့ ရှိတာကိုး၊ ဒီဂျပ်ဇ်ပွဲတော် ကာလမှာတော့ အဲဒီ မြေတိုက်ခန်းတွေထဲမှာ ဝိုင်ပုလင်းတွေကြားကို တိုးဝှေ့၊ ရိုက်ခတ်နေတဲ့ ဂျပ်ဇ် တေးသွားတွေကို ကြားနိုင်ပါတယ်၊ ပွဲတော်ကို ၉ ရက်၊ ၁၀ ရက်ခန့် ကျင်းပကြပါတယ်၊


Photobucket
နေ့စဉ် ဝင်ကြေးပေးရတဲ့ ပွဲ ၅-၆ ပွဲလောက်ရှိပြီးတော့ အခမဲ့က ၁၀ ပွဲ၊ ၁၅ ပွဲလောက် ရှိပါတယ်၊ ပွဲတစ်လျှောက်လုံး အခမဲ့ ပွဲ ၇၀ လောက်ကို ကြည့်နိုင်ပါတယ်၊ ဒါကတော့ လက်မှတ်နဲ့ ပွဲပါ၊ ခုံတွေ ရှိပေမယ့် နံပါတ် မရှိပါဘူး၊ ဦးရာလူ စနစ်ပါပဲ၊ Raaga Trio လို့ အမည်ရတဲ့ အဖွဲ့ပါ၊



Photobucket
ဒီအဖွဲ့က အနောက်ပိုင်း အာဖရိကန် ရိုးရာဂီတနဲ့ ဂျပ်ဇ်ကို ပေါင်းစပ်ထားတဲ့ ဂီတအမျိုးအစားကို တီးတယ်၊ အဲဒီညက instrumental တော်တော်များများ တီးသွားပြီးတော့ အဆိုနဲ့ တွဲထားတာ ၃ ပုဒ်လောက်ပဲ ဆိုတယ်၊ တချို့အာဖရိကန် ဂီတက နားနဲနဲ စိမ်းနေရင် နားထောင်ရတာ ရှောရှောရှူရှူ မရှိပါဘူး၊ သူတို့တီးသွားတဲ့ အများစုကိုတော့ ကျနော်ခံစားလို့ ရပါတယ်၊ အဖွဲ့က သုံးယောက်ထဲနဲ့ စခဲ့လို့ Trio လို့ခေါ်ခဲ့တာ...၊ အခုတော့ ၄ ယောက်ဖြစ်နေပေမယ့်လည်း ဒီလိုပဲ ဆက်ခေါ်နေတုန်းပါပဲ၊ အဖွဲ့သား ၄ ယောက်၊ နိုင်ငံက ၄ နိုင်ငံ...၊ ပုံရဲ့ ဘယ်စွန်က အီတာလျံ ဂစ်တာသမား၊ ဘယ်ဖက် ဒုတိယက မာလီ နိုင်ငံက၊ သူ့ရဲ့ ဘေ့စ်ဂစ်တာကို တခါမှ မမြင်ဖူးဘူး၊ နောက်မှ စုံစမ်းကြည့်တော့ သူကိုယ်တိုင် တီထွင် ထားတဲ့ ဂစ်တာဖြစ်နေတာကိုး၊ အာဖရိက ရိုးရာ ထွင်းအိုးကို အကူးစတစ် (acoustic) ပုံစံရအောင် သူက မွမ်းမံထားတာ၊ Orchestra တွေမှာသုံးတဲ့ double bass အသံနဲ့ ခပ်ဆင်ဆင် တူတယ်၊ တတိယ တစ်ယောက်ကတော့ Burkina Faso က ပါကပ်ရှင်း သမား၊ ပုံရဲ့ ညာဖက် အစွန်ဆုံးက ဆွစ် ဟာမိုနီကာသမား၊ သူ့ရဲ့ ဟာမိုနီကာ solo တွေ တော်တော့်ကို ကောင်းပါတယ်၊ အ သက်မရှူဘဲလည်း အကြာကြီး မှုတ်နိုင်တယ်၊ သီချင်းပေါ် မူတည်လို့ ဟာမိုနီကာတွေ အမျိုးမျိုး ပြောင်းသုံးသွားတယ်၊ ကိုငှက်ကြီးကိုတောင် အမှတ်ရမိသေးတယ်...၊



Photobucket
ခုန အဖွဲ့ပြီးတော့ ဒီအဖွဲ့ဆက်လာတယ်၊ နေရာက ဒီနေရာ ရွက်ဖျင်တဲကြီး ထဲမှာပဲ၊ ဒီလူကတော့ တကယ့်ဆရာကြီးပါပဲ၊ Gilberto Gil လို့ အမည်ရပါတယ်၊ ဘရာဇေးလ်ရဲ့ ဂီတသမိုင်းမှာ မပါမဖြစ် ပုဂ္ဂိုလ်ကြီးပေါ့၊ သူ့နာမည် ကြေညာလိုက်တာနဲ့ ပရိသတ်ရဲ့ လက်ခုပ်သံဟာ တော်တော်နဲ့ကို မစဲတော့ဘူး၊ အခွေပေါင်း ၅၂ ချပ်ထွက်ထားပြီးတော့ ဂရမ်မီ ၇ ဆု၊ ပလက်တီနမ် ဓါတ်ပြား ၅ ချပ်၊ ရွှေတံဆိပ် ၁၂ ဆုနဲ့အတူ ဓါတ်ပြားပေါင်း ၄ သန်းကျော် ရောင်းထားပြီး ဖြစ်ပါတယ်၊



Photobucket
သူ့အလှည့်လည်းကျရော လူတွေဝင်လာလိုက်ကြတာ ခုံလုတဲ့သူနဲ့၊ ရန်ဖြစ်တဲ့သူနဲ့၊ လမ်းလျှောက်စရာနေရာတောင် မကျန်တော့အောင် ကြမ်းပြင်ပေါ်မှာပါ ထိုင်ကြည့်ကြတယ်၊ ဒီည ဖျော်ဖြေသွားတဲ့ အနုပညာရှင်တွေရော၊ အသံဖမ်း အင်ဂျင်နီယာတွေပါ ကောင်းကြတယ်၊ အဲ..နဲနဲ မကောင်းတာက မီးဆလိုက်တွေ ကိုင်တဲ့သူပါ၊ ပထမ တစ်ဖွဲ့တုန်းကတော့ ကောင်းချည်ကောင်းရက်နဲ့ အခု Gilberto အလှည့်လည်းကျရော တချိန်လုံး အဖြူရောင်ပဲ ထိုးပေးထားတယ်၊ မီးက သူ့တကိုယ်လုံးပေါ် ဖြာကျနေတာ အစပိုင်းမှာ ကြည့် ကောင်းပေမယ့် တချိန်လုံး ဒီလိုပဲဆိုတော့ ကြည့်ရတာ 'သေ'လာတယ်၊ အထူးသဖြင့် အနှေးသီချင်း၊ အလွမ်းသီချင်းတွေ ဆိုတဲ့အခါမှာလည်း အခုလိုပဲ မီးဖြူဖြူကြီးဆိုတော့ visual effect က မျက်စိထဲမှာ ထောင့်နေခဲ့တယ်၊ ဘရာဇေးလ် ဂျပ်ဇ်မှာပဲ မျောသွားလို့ တခြားအရောင်တွေ ပြောင်းဖို့ မေ့သွားလားတော့ မသိပါဘူး၊



Photobucket
ဘိုးတော်က ၆၈ နှစ်ကျော်ပြီ၊ ဒါပေမယ့် အသံက ကြည်တုန်း၊ မာတုန်း၊ ဂစ်တာ လက်သံတွေက မြန်တုန်း၊ လက်ချောင်း တွေက ပြေးလို့ကောင်းတုန်း၊ တကယ် အံ့သြစရာပါပဲ၊ သီချင်းတွေက ပေါ်တူဂီ စကားနဲ့ပဲ များပါတယ်၊ ဆိုတာက ဘယ်သံကျကျ alto နဲ့ soprano ကြားက အသံနဲ့ ဆိုပေမယ့် တခါတခါ tenor သံကိုလည်း ဆိုနိုင်သေးတယ်၊ ပရိသတ်ကို အပေးအယူလုပ်ပြီး ဆိုခိုင်းတော့ ကျနော်လည်း နဲနဲ လိုက်အော်ကြည့်တယ်၊ အသံတော်တော်များများ လိုက်ဆိုနိုင်ပေမယ့် နောက်ဆုံး သူ သမားဂုဏ်ပြပြီး အော်လိုက်တဲ့ အမြင့်ဆုံးအသံကိုတော့ ဘယ်လိုမှ မှီအောင် မအော်နိုင်တော့ဘူး၊ သူ့ရဲ့ ညာဖက်က သူ့မိတ်ဆွေရဲ့ ချဲလို (cello) အသံမှာလည်း ကျနော်ဖြင့် အသက်ရှူ ရပ်သွား မလား လို့တောင် စိုးရိမ်မိသေးတယ်၊ နဂိုကတည်းကလည်း ချဲလို တယောသံကြားရင် ရင်ဘတ်က ဟောင်းလောင်းပေါက် ဖြစ်ဖြစ်သွားပြီး ဒူးတွေ ညွတ်ကျ လာတတ်တာကိုး၊ သူ့ ဘယ်ဖက်ကတော့ သူ့သားပါ၊ သူကလည်း အဖေ့ခြေရာကို ကောင်းကောင်းမှီတယ်...၊



Photobucket
အဲဒီ ၂ ပွဲပြီးတော့ ကျနော်တို့ ရွာကလေးထဲကို လျှောက်ကြတယ်၊ ည ၁၂ နာရီ ရှိနေပေမယ့် လမ်းကျဉ်းကလေးတွေ ထဲမှာ လူတွေ အများကြီးပဲ၊ ဂျပ်ဇ်ဂီတ မို့ပဲလားတော့ မသိဘူး၊ မြင်ရသလောက် လူလတ်နဲ့ လူကြီးပိုင်းတွေ များတယ်၊ လမ်းတွေထဲမှာ ဒီလို ဆိုင်းဘုတ်လေးတွေ ဟိုတစ၊ ဒီတစ အများကြီးပါပဲ၊



Photobucket
အိမ်တစ်အိမ်မှာ တီးသံ၊ မှုတ်သံကြားရင် ဝင်သွားလိုက်ရုံပါပဲ၊ အားလုံးက အခမဲ့ကိုး၊ ဒီမှာ မြင်ရတဲ့အတိုင်း နေရာက ခပ်ကျဉ်းကျဉ်းလေးတွေ များပါတယ်၊ ကြိုက်ရင်ဆက်နားထောင်၊ ထိုင်စရာလွတ်ရင် ဝင်ထိုင်၊ ဆန္ဒရှိရင် ဝိုင်တစ်ခွက်လောက် ဝယ်သောက်၊ မကြိုက်ရင် နောက်တစ်နေရာ ဆက်သွား...၊ အင်မတန် လွတ်လပ်ပါတယ်၊



Photobucket
ခုနကလို နာမည်ကြီး ပရိုတွေရှိသလို အခုလို ရွာနီးချုပ်စပ်က၊ ခင်မင်ရာ ဝါသနာပါရာ လူတွေလည်း ပါဝင်ဖျော်ဖြေ ကြပါတယ်၊ ဒီလူတွေဆို ကျနော်တို့တွေ့တာ ၃ နှစ်ဆက်တိုက် ရှိနေပြီ၊ ဒီပုံက ဓါတ်ပုံအနေနဲ့ဆို အတော်ဆိုးတဲ့ ဓါတ်ပုံပါပဲ၊ တစ်ပုံထဲမှာ ကြည့်စရာတွေက များလွန်းပြီး ဗြုတ်စဗျင်းတောင်း၊ တိုလီမုတ်စတွေက တပုံလုံး အပြည့်ပဲ၊ ပုံက composition မကောင်းတဲ့အပြင် angle ကပါ ညံ့သေးတယ်၊ ဒါပေမယ့် ဒါဟာ အရှိတရားသက်သက်၊ ပကတိ အဖြစ်အပျက်ကို ပြတဲ့ပုံ ဖြစ်တဲ့အပြင် ကျနော့်မှာလည်း ဒီတစ်ပုံပဲ ရှိတာမို့ပါ၊ တန်းပေါ်က ဝိုင်ပုလင်းတွေက အဲဒီအိမ်က မိသားစု အစဉ်အဆက် ထုတ်ခဲ့တဲ့ ဝိုင်တံဆိပ်တွေနဲ့ ပုလင်းတွေပါ၊ အနောက်ဖက် တန်းပေါ်က သစ်သားပုံး တွေကတော့ စပျစ်ခူးတဲ့အခါ စပျစ်သီးတွေ ထည့်တဲ့ ပုံးတွေပါ၊ တဖက်ခန်းမှာတော့ လူတရပ်လောက် မြင့်တဲ့ သစ်သား စည်ကြီးတွေ ရှိ ပြီးတော့ ဝိုင်ထည့်ပါတယ်၊ အဲဒီ စည်ကြီးတွေ ကြားမှာပဲ တခါတည်းဖောက်ပြီး ဝိုင်မြည်းနေတဲ့ သူတွေ လည်း အများကြီး...၊ အိမ်ရှင်တွေ ကတော့ အပေါ်ထပ်မှာ နေကြတယ်၊ ဒီလို နေရာလေးတွေကို ကြိုက်တာက ဘာမှ အထူးအထွေ ပြင်ဆင်မထားဘဲ နီးစပ်ရာ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး အဆင်ပြေရာ နေရာမှာ ပျော်ပျော်ပါးပါး ဆိုကြ၊ တီးကြတဲ့ ပုံစံမျိုးမို့ နွေးထွေးတယ်၊ ဖော်ရွေတယ်၊



Photobucket
ပရိုပဲဖြစ်ဖြစ် ဝါသနာရှင်ပဲဖြစ်ဖြစ် ဂျပ်ဇ်တေးသွားမှာ ယစ်မူးတာချင်းတော့ အတူတူပါပဲ...၊ အဲ..ဒီလူတွေက ၄၅ မိနစ် လောက် တီးမှုတ်လိုက်၊ ၁၅ မိနစ်လောက်နားပြီး ဝိုင်လေးသောက်လိုက် ဆိုတော့ ဝိုင်နဲ့ ရီဝေပြီး ဂျပ်ဇ်နဲ့ယစ်မူးတာဆို ပိုမှန်မယ် ထင်တယ်...၊း)

အဲဒီကနေ ပြန်လာတော့ မနက် ၁ နာရီခွဲပြီ၊ ပြန်စရာ ရထားလည်း မရှိတော့လို့ ပွဲက စီစဉ်ပေးတဲ့ shuttle bus နဲ့ပဲ ပြန်လာကြတယ်၊ အခုလို ညဥ့်နက်သန်းခေါင် လျှောက်မသွားတာ အတော်ကြာနေပါပြီ၊ လူက နွမ်းချင်ချင်ပေမယ့် ဂျပ်ဇ် ဂီတကို တဝကြီး နားထောင်လိုက်ရလို့ တန်ပါ တယ်၊ ဘတ်စ်ကား တံခါးပိတ်ပြီး ထွက်လာတဲ့အထိတော့ ပွဲတော်ရဲ့ ခေါင်မိုးမှာ ဂျပ်ဇ်သီချင်းတွေက စည်းချက်ကျကျ ခုန်ပေါက်လို့... ...။ ။


ညီလင်းသစ်
၂၇ မတ်၊ ၂၀၁၁

23 March 2011

လူလေးရဲ့ကျောင်းဆင်းချိန်


ကျောင်းကလေးရှေ့ကိုရောက်တော့ ညနေ ၅ နာရီ ဝန်းကျင်ခန့်ပင် ရှိဦးမည်၊ ပတ်ဝန်းကျင် တခုလုံးက လင်းလင်းချင်းချင်း ရှိတုန်း၊ ဒီနေ့ မနက်ကတည်းက သာနေတဲ့ နေက ကျောင်းဝင်းလေးထဲမှာ ဆည်းဆာရဲ့ ရှေ့ပြေးဆေးရောင်စုံကို စုတ်ချက်ခပ်နုနုနဲ့ ဟိုတကွက် ဒီတကွက်တော့ ခြယ်သ,စ ပြုနေခဲ့ပြီ၊ ကျောင်းရှေ့ ခပ်လှမ်းလှမ်းမှ မြက်ပင်စိမ်းစိမ်း တွေကလည်း ဆောင်းရဲ့ လက်ဖဝါး အေးစက်စက်တွေနဲ့ ဝေးကာ နေရောင် ခြည်ရဲ့ နွေးထွေးသော ပွတ်သပ်ကြည်စယ် မှုကြောင့်ထင့်...၊ အမြင်မှာ စိမ်းရင့်လတ်ဆတ် နေကြသည်၊ နေထိုင်ကောင်းရုံ မပူမအေး ရာသီဥတုလေးကြောင့် ညနေခင်းသည် အလုပ်သိမ်းလာသည့် သနပ်ခါး မပြယ့်တပြယ်နှင့် လုံမပျို တစ်ယောက်လို ဖျော့တော့လှပနေဆဲ ရှိပါသည်၊ လေထုထဲမှာ တော့ ဆူညံ၊ ဆော့ကစား နေကြသော ကလေးတို့၏ အသံများ...၊

ကျောင်းကလေးကို မမြင်ရမီ ဟိုးအဝေးကပင် ထိုပြေးလွှား ဆော့ကစား နေသံများကို ကြားနေရသည်၊ တနေကုန် ကစားနည်း မျိုးစုံဖြင့် ကစားပြီးသော်လည်း ကလေးတို့ကတော့ အားအင်အပြည့်ဖြင့် လန်းဆန်း နေကြဆဲ၊ ကျောင်းရှေ့ ကစားကွင်းလေးထဲမှာ လျှောစီးသူ၊ သံတန်းတွေပေါ် တွယ်တက်နေသူ၊ သစ်သား ရထားတွဲ တွေပေါ်မှာ ခုန်ပေါက်နေသူ၊ ဘော်လုံးကန်သူ၊ စိန်ပြေးတမ်း ကစားသူ၊ စက်ဘီးစီးနေသူများဖြင့် လွတ်လပ်စွာ အော်ဟစ်ပျော်ရွှင် နေကြသည်၊ စင်စစ် ကျောင်းကလေးက အသက် ၂ နှစ်မှ ၄ နှစ်အရွယ် ကလေးတွေကို ထားသည့် နေ့ကလေးထိန်း ကျောင်းကလေး ဖြစ်သည်၊ ကျနော်တို့ လုပ်သည့်အလုပ်မှ ဝန်ထမ်း သားသမီးတွေအတွက် သီးသန့်ဖွင့်ထားသော ကျောင်းဖြစ်ပါသည်၊

ထိုနေ့ကလေးထိန်း ကျောင်းကလေး၌ သား တက်နေသည်မှာ ယခုဆိုလျှင် ၂ နှစ်ခွဲပင် ကျော်ခဲ့ပြီ ဖြစ်သည်၊ အလုပ်မှာ ဝန်ထမ်းသားသမီးများအတွက် ဤကဲ့သို့သော ကျောင်းမျိုး ၂ ကျောင်း ရှိသည်၊ သို့သော် ကျောင်းအပ်ချင်သော ကလေးများက ကျောင်းက ပေးနိုင်သောနေရာထက် အမြဲပင် ပိုများနေလေ့ရှိသည်၊ ဒါကို ကြိုသိသောကြောင့် မအိမ်သူ သားကိုယ်ဝန် ၃ လသား အရွယ်ကပင် သားကို ဤကျောင်းမှာ ကြိုတင် ကျောင်းအပ်ခဲ့သည်၊ သို့သော် သားလေးမွေးလာပြီး ကျောင်းတက်ရမည့် အရွယ်သာ ရောက်လာသည်၊ waiting list ထဲမှာပဲ စောင့်နေရတုန်း...၊ နောက်ဆုံးတော့ မအိမ်သူ မီးဖွားခွင့် စေ့၍ အလုပ်ပြန်တက်တော့ အိမ်နှင့် သိပ်မဝေးသည့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာပဲ သားကို တက်စေရ တော့သည်၊ ထိုကျောင်းမှာ ၅ လလောက် တက်ပြီးမှ ယခုကျောင်းလေးမှာ သား နေရာရခဲ့ခြင်း ဖြစ်ပါသည်၊

ပုံမှန်ဆိုလျင် ကျနော်က သားကို မနက်ပိုင်း ကျောင်းပို့သူဖြစ်ပြီး မအိမ်သူက ညနေပိုင်း ကြိုသည့်တာဝန် ယူသည်၊ သားက အင်္ဂါ၊ ကြာသပတေး၊ သောကြာ တစ်ပတ်မှာ ၃ ရက် ဤကျောင်းလေးသို့ လာရသည်၊ မနက်ပိုင်း ၈ နာရီခွဲ ဝန်းကျင်လောက်မှာ ကျနော်က သူ့ကိုလိုက်ပို့၊ သူ့အတွက် အထွေအထူး မှာစရာ တခုခု ရှိလျှင် ဆရာမတွေကိုမှာပြီး ထားခဲ့သည်၊ သားက ကျောင်းမှာပဲ နေ့လယ်စာစား၊ တရေးအိပ်၊ တနေကုန်နေ ပြီး ညနေ ၅ နာရီခွဲလောက်မှာ သူ့အမေက လာကြိုသည်၊ အလုပ်စောစောပြီးလျှင် ကျနော်ကပါ သူတို့ဆီသို့ သွားပြီး အတူ အိမ်ပြန်ကြသည်၊ မဟုတ်လျှင်တော့ သူတို့နှစ်ယောက်က ကြိုပြန်နှင့်သည်၊ ဒီနေ့တော့ အလုပ် နဲနဲပါးသည်မို့ သားကို ကျနော်လာကြိုခဲ့ခြင်း ဖြစ်သည်၊ ကျနော့် ရုံးခန်းမှ ၅ မိနစ်ခန့်လျှောက်လျှင် သား၏ ကျောင်းကလေးသို့ ရောက်ပါသည်၊

ခါးသာသာ မြင့်သည့် ကျောင်းဝင်း သံတခါးလေးကို တွန်းဖွင့်ပြီး ဝင်သွားတော့ ဆူညံအော်ဟစ်သံတွေထဲ ကျနော်ပါ လုံးလုံး ကျရောက်၊ နစ်မြုပ်သွားတော့သည်၊ ၁၅ ယောက်ခန့် ရှိနိုင်သော ကလေးတွေကြားမှာ သားကလေးကို ရှာကြည့်သည်၊ နေရောင်ခြည်တို့ ရှိသော်လည်း အအေးဓါတ်လေးလည်း ရှိသေးသော ကြောင့် ကလေးတိုင်းက အနွေးထည် ကိုယ်စီနှင့်၊ အချို့က သိုးမွေးဦးထုပ်ပါ ဆောင်းထားကြသေးသည်၊ ရုတ်တရက် မှတ်မိဖို့ မလွယ်ပါ၊ ထိုအခိုက် ... ...

" ပါပါး ... ..." ဟု ညာဖက်မှ အော်ခေါ်သံ ကြားလိုက်ရသည်၊

လှည့်ကြည့်လိုက်တော့ သုံးဘီး စက်ဘီးလေးကို အပြင်းနင်းလာသည့် သားကလေး၊ ကျနော်တို့ ငယ်စဉ်က စီးခဲ့သည့် 'ဗိုလ်အုန်းသီး' စက်ဘီးထက် အနည်းငယ်ပိုကြီးသည့် သုံးဘီးစက်ဘီးကို သားက ကျနော်ရှိရာဆီ ပြုံးရယ်ရင်း အားကုန် နင်းလာနေသည်၊ သို့နှင့် ပြန်ပြုံးပြရင်း သူအလာကို ရပ်စောင့်နေလိုက်သည်၊ ဒါပေမယ့် ရှေ့ ခြေတစ်လှမ်းအကွာလောက် အရောက်မှာ သားက ညာဖက်ကို ရုတ် တရက် ကွေ့ချလိုက်ရာ ကျနော် ထိတ်ကနဲ စိုးရိမ် သွားမိသည်၊

"သား..ဖြေးဖြေး ..." ၊

ကျနော် လှမ်းအော်ပြီး သတိပေးမိသည်၊ သြော်.. ဒီကလေးဟာလေ..၊ သူများတွေကို တိုက်မိပြုမိကုန်ရင် ဒုက္ခ...၊ ဒါပေမယ့် သားကတော့ အော်ဟစ်ရယ်မောကာ လာရာလမ်းအတိုင်း နောက်ကြောင်းပြန် လှည့်ထွက်သွား တော့သည်၊ ဖအေကို သူဘယ်လောက် စီးတတ်နေပြီလဲ လာကြွားချင်တာပဲ ဖြစ်ရမည်၊ ကျနော် ပြုံးလိုက်ရင်း အသာခေါင်းယမ်းကာ ခပ်လှမ်းလှမ်းမှ နေ့ကလေးထိန်း ဆရာမလေးဆီကို လှမ်းသွား လိုက်သည်၊ ဆရာမလေးက ကျနော်ဝင်းတံခါးက ဝင်လာတာ မြင်ကတည်းက သားရဲ့ တနေ့တာ အစီရင်ခံစာ ရီပို့ထ် စာရွက်ကို ကိုင်ရင်း အသင့်စောင့်နေခဲ့ပါသည်၊ အနားရောက်တော့ ...

"ကောင်းသော ညနေခင်းပါရှင်" ဟု လှမ်းနှုတ်ဆက်သည်၊

"မင်္ဂလာပါ...၊ ဘယ်လိုလဲ၊ ဒီနေ့ အဆင်ပြေရဲ့လား?" ဟု ပြန်မေးလိုက်သည်၊

ညနေပိုင်းမှာ ကလေးတွေကို မိဘလာကြိုသည့်အခါ ဆရာမ တစ်ယောက်ယောက်က ကလေးရဲ့ တနေ့တာ ဖြတ်သန်းမှု အကြောင်းကို အစီရင်ခံလေ့ ရှိပါသည်၊ မနက်ပိုင်း ဘယ်လိုကစားနည်းနဲ့ ကစားသလဲ၊ ဘယ်သူ နဲ့ ကစားသလဲ၊ စုပေါင်း သီချင်းဆို၊ ကဗျာရွတ်ချိန်မှာ ပါဝင်သလား၊ နေ့လယ်စာ ဘယ်လောက်စားသလဲ၊ နေ့ခင်းကော အိပ်သလား၊ ဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ထသလဲ၊ ကျောင်းအဆောက်အဦး အပြင် ထွက် ကစား ကြသလား အစ ရှိသည်တို့ ဖြစ်ပါသည်၊ ထိုအချက်တွေကို စောင့်ကြည့်ရေး တာဝန်ကျသည့် ဆရာမ တစ်ယောက်ယောက်က မနက်ကတည်းက ကလေးတစ်ယောက်စီအတွက် စာရွက်တစ်ရွက်စီပေါ်မှာ ရေးမှတ်လေ့ရှိသည်၊ ညနေပိုင်း မှာ မိဘတွေကို ထိုစာရွက်မှာ ရေးထားသည်များ ဖတ်ပြခြင်း ဖြစ်ပါသည်၊ အများအားဖြင့် ထွေထွေထူးထူး ပြောစရာ သိပ်မရှိလှပါ၊ မနက်ပိုင်းမှာ ကိုယ်က ဂရုတစိုက် မှာခဲ့သည်များ ရှိလျှင်တော့ စာရွက်မှာ ရေးမှတ် ထားပြီး ထိုအကြောင်းကို ညနေပိုင်း ရီပို့ထ်မှာ အသေအချာ ပြန်ပြောလေ့ ရှိသည်၊

ဤနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းများ ရှားတာလည်း သိပ်တော့ မထူးဆန်းလှ...၊ ကျောင်းတစ်ကျောင်း ဖွင့်ဖို့အတွက် လိုအပ်ချက်များက များလွန်းလှသည်၊ အဆောက်အဦးကို အဖွဲ့ပေါင်းစုံမှ လာစစ်မည်၊ ကျောင်း ပတ်ဝန်းကျင်ကို မကြာခဏ လာစစ်မည်၊ အကျယ်အဝန်း၊ ပြူတင်းပေါက် အရေအတွက်၊ အခန်း အရေအတွက်၊ မီးဖိုချောင်၊ အိမ်သာ၊ ကလေး ကစားကွင်း အစရှိသဖြင့် ကလေးတို့နှင့် သက်ဆိုင်သည်များ အားလုံးကို တင်းကျပ်သော စည်းကမ်းများဖြင့် စစ်ဆေးလေ့ ရှိသည်၊ ထို့အပြင် ဝန်ထမ်းဆရာမတို့သည် ကလေးအထူးပြု ဘာသာရပ် တခုခု သင်ကြားဖူးခြင်း ရှိ/မရှိလည်း စစ်သည်၊ သို့နှင့် နေ့ကလေးထိန်းကျောင်း ဖွင့်ရန် လက်ရှောင်သူတွေ များလာပြီး ဖွင့်သည့် ကျောင်းများမှာလည်း နေရာလွတ် မရှိတတ်တော့ချေ...၊

ယခုလည်း ဆရာမက သားကလေးရဲ့ တနေ့တာကို ပြန်ပြောနေခြင်း ဖြစ်သည်၊ အားလုံး အဆင်ပြေပါသည်၊ မနက်ပိုင်းမှာ အိမ်ဆောက်တမ်း ကစားသည်၊ ပြီးတော့ အရုပ်ကလေးတွေ puzzle ဆက်တာလည်း ကစား သည်၊ ထမင်းတစ်ပန်းကန် စားသည်၊ ပန်းဂေါ်ဖီကြော် ထပ်တောင်းသည်၊ နေ့လယ် အိပ်ချိန် ၁ နာရီခွဲ ကြာ သည်၊ ဒါပဲဖြစ်သည်၊ အစီရင်ခံတာ နားထောင်နေတုန်း ရှေ့နားမှာ ကလေးအဖေ တစ်ယောက် ဖြတ် လျှောက်သွားလို့ လှမ်းပြီး ခေါင်းဆတ် ပြုံးပြဖြစ်သည်၊ အလုပ်မှာ ဌာနပေါင်းစုံ ရှိသည့်အလျောက် ကလေး မိဘတွေ အားလုံး တဦးနှင့်တဦး ကောင်းစွာ မသိပေမယ့် ကလေးတွေကို အကြောင်းပြုပြီး တစ်ယောက်နှင့် တစ်ယောက် မျက်မှန်းတော့ တန်းမိနေကြသည်၊ ဒီနိုင်ငံက ဒေသခံတွေရဲ့ ကလေးတွေ ရှိသလို တာဝန်နှင့် အလုပ်လာလုပ် နေသော နိုင်ငံခြားသားတွေရဲ့ သားသမီးတွေလည်း ပါသည်၊ ကလေးတွေကတော့ အဖြူ၊ အညို၊ အမည်း၊ အရောင်စုံ၊ အသွေးစုံ၊ စကားအစုံ...၊ ကျောင်းကလေးက ပန်းပေါင်းစုံ ပွင့်သော ဥယျာဉ်ကြီး လိုပင်...၊

ထိုအခိုက် သားကလေးက အနား ပြန်ရောက်လာတာမို့ အတော်ပဲ ဖြစ်သွားသည်၊ ဆရာမကို ကျေးဇူတင် စကားပြောပြီး သူ့ဖက်ကို တဆက်ထဲ လှည့်ကာ ...

"သား, ဒီမှာ ခဏစောင့်နေ၊ အထဲမှာ ပစ္စည်းတွေ သွားယူပြီးရင် ပြန်ကြမယ်"ဟု လှမ်းပြောလိုက်သည်၊

သားက "နိုး..နိုး..နိုး မပြန်ဘူး"ဟု ပြင်သစ်လို တဝက်၊ မြန်မာလို တဝက် ပြန်ဖြေရင်း ပြုံးစိစိဖြင့် ထွက်ပြေး သွားပြန်သည်၊ ရော်..ဒီကလေးဟာ...၊ တကယ့် အဆော့မက်လေး..၊

သို့နှင့် ကျောင်းရှေ့ကွက်လပ်ထဲမှာ သူဆက်ကစားနေတုန်း ကျောင်းအဆောက်အဦးထဲသို့ ကျနော် ဝင်ခဲ့ လိုက်သည်၊ မနက်တုန်းက ကျောင်းအလာမှာ ယူလာခဲ့သည့် သူ့ရဲ့စောင်လေးကို ပြန်ယူဖို့ ဖြစ်သည်၊ သားက သူ့စောင်လေးကို 'ဒူးဒူး' ဟုခေါ်သည်၊ ပြင်သစ်စကား နူးညံ့သော ဒူး (doux) မှ ကလေးအခေါ် ဒူးဒူး ဖြစ်လာခဲ့သည်၊ ဒီနိုင်ငံက ကလေးတော်တော်များများမှာ ဒူးဒူး တစ်ခုစီတော့ ရှိကြပါသည်၊ အများအားဖြင့် ဒူးဒူးတို့က နာမည်နှင့်လိုက်စွာ မွေးပွဝက်ဝံလေးများ၊ ခွေးရုပ်လေးများ၊ သိုးရုပ်လေးများ စသည်တို့ ဖြစ်ကြ သည်၊ ကလေးတို့၏ အိပ်ရာထဲမှာ ထားပေးတတ်သော ထိုအရုပ်ကလေးများထဲမှ တစ်ခုက ကလေး၏ ဒူးဒူး ဖြစ်လာတတ်ပြီး ဘယ်သွားသွား ယူသွားကြလေ့ ရှိ သည်၊ ဒူးဒူးကို အလိုအပ်ဆုံး အချိန်ကတော့ အိပ်ချိန်မှာ ဖြစ်သည်၊ ထိုအရုပ်လေးကို ဖက်ပြီးမှ သူတို့လေးတွေ စိတ်လုံခြုံမှု ရှိစွာဖြင့် အိပ်ပျော်သွားကြလေ့ ရှိပါသည်၊ သားကလေးအတွက် နောင်အခါ ဒူးဒူး ဖြစ်လာမည့် တစ်ချောင်းထိုး သိုးမွေးစောင်လေးကို သူမွေးစဉ်က ကျနော်တို့ လက်ဆောင်ရခဲ့သည်၊ စောင်က အပေါက်လေးများ ပါသည့်အတွက် သူကိုယ်သူ ပြန်ပတ်ပြီး အသက်ရှူမဝ ဖြစ်မှာလည်း မစိုးရိမ်ရတော့ လသားအရွယ်လေးကတည်းက သူ့အပေါ်ခြုံပေးခဲ့လေ့ ရှိပါ သည်၊ သဘာဝ ကျစွာပဲ ထိုစောင်လေးက သူ့ရဲ့ ဒူးဒူး ဖြစ်လာတော့သည်၊ အခု ၃ နှစ်ခွဲအချိန်ထိ ဘယ်သွား သွား မခွဲမခွာ...၊ အခြားကလေးတွေက လက်တကိုင်စာ ဒူးဒူး အရုပ်လေးတွေဖြင့် ပြေးလွှားနေချိန်မှာ သား က သူ့ထက် ၂ ဆမျှ ပိုကြီးသော ဒူးဒူးကြီးကို လက်ထဲမှာ ပွေ့လိုက်၊ ပခုံးပေါ်မှာ ခြုံလိုက်နှင့်၊ တစ်ယောက်ထဲ ရှုပ် နေတတ်သည်၊ ကြာတော့လည်း လက်ညောင်းလာပြီး မြေပေါ်မှာပဲ တရွတ်ဆွဲ လျှောက်တော့သည်၊ သည်တော့ သူ့ရဲ့ သိုးမွေးစောင်လေးက မကြာခဏ ဖုံအလိမ်းလိမ်း...၊

အင်မတန်မှ အရေးကြီးသော အဆိုပါ ဒူးဒူးကို သူ့ကျောပိုးအိတ်လေးထဲ အသေအချာထည့်ပြီး ကျောင်းဝင်း ထဲသို့ ကျနော် ပြန်ထွက်လာခဲ့သည်၊ သားကို တခါလိုက်ရှာရ ပြန်သည်၊ ဝင်းထဲက ကလေးတွေအပေါ် ၂ ခါ လောက် မျက်လုံး အစုန်အဆန် ကစားလိုက်တော့ ခြံထောင့်က သစ်သားအိမ်လေးမှာ မုန့်ရောင်းတမ်း ကစားနေတာ တွေ့လိုက်သည်၊ ထိုနေရာသို့ ကျနော် အသာပဲ လျှောက်သွားလိုက်သည်၊ သားက ကျနော့်ကို မြင်တော့ သူ့ဆီက မုန့်တွေ လာဝယ်စားဖို့ပင် ဝမ်းသာအားရ ခေါ်နေသေးသည်၊ သူ့ဆီများ လာကစားတယ် ထင်နေသလား မသိ၊ ကျနော်က ...

"သားသား ... လာကွာ၊ သွားကြရအောင်.."ဟု ခေါ်လိုက်သည်၊

သူက 'ခဏနေပါဦး'ဟု ပြင်သစ်လို ပြန်ဖြေ သည်၊ ဒီအတိုင်းဆို ကျနော်တို့ တော်တော်နှင့် အိမ်ပြန်ရောက်မည့်ပုံ မပေါ်၊ သို့နှင့် လေသံကို နဲနဲမြှင့်ကာ..

"ကဲ..ဒီလောက် ကစားရရင်တော်ပြီလေ၊ သားကို အကြာကြီးပဲ ကစားခွင့်ပေးထားတာ၊ လာခဲ့..၊ အိမ်ရောက် မှ ဆက်ကစား၊ မဟုတ်ရင် ပါပါး တစ်နှစ်သုံး ရီ(ရေ) ရမှာလား"ဟု ကျနော် မေးလိုက်သည်၊ သူက ...

"ရီ..."ဟု ကစားနည်း နောက်တစ်မျိုး တွေ့သွားဟန်ဖြင့် ဝမ်းသာအားရ ပြန်ဖြေသည်၊

"ကဲ, ရီပြီ၊ ... တစ် ... ..."

နေရာမှ မရွေ့ဘဲ ပြုံးစိစိနှင့် ကြည့်နေသည်၊

"နှစ် ... ...."

ကျနော် အသံကို ထပ်မြှင့်လိုက်သည်၊ သူက ခြေတစ်လှမ်း ရှေ့ကိုလှမ်းရင်း ပြုံးစိစိနဲ့ ရှိနေဆဲ..၊ ဘယ်တော့ 'သုံး' လာမလဲဟု ကျနော့်ကို စ,ချင်သည့် မျက်နှာပေးနှင့် သားက ကြည့်နေသည်၊ ကျနော်ကလည်း အသာ ပြန်စိုက်ကြည့်ရင်း အမှတ်စဉ် ဆက်ရေလိုက်သည်၊

"နှစ်... ... ဒုတိယ အကြိမ်"

" နှစ်...ခွဲ... ... ..."

'ခွဲ' ကို သံရှည်ဆွဲပြီး ရေလိုက်ရင်း ကျနော် ရယ်ချင်စိတ်ကို လွှတ်ချပေးလိုက်တော့သည်၊

"ဟား..ဟား..ဟား..."

သားကလည်း တပြိုင်နက် ...

"လာဘီ..."

တဟုန်တိုး ပြေးလာရင်း ကျနော့်အပေါ် ခုန်တက်လိုက်တော့သည်၊ ကျနော်က အသာအယာ ပြန်ပွေ့ရင်း သူ့တင်ပါးလေးကို မနာအောင် ခပ်ဖွဖွ အသာရိုက်တော့ သူက ကျနော့်အနွေးထည်မှ ခေါင်းစွပ်ကို ကျနော့် ခေါင်းပေါ်သို့ ဆွဲယူစွပ်လိုက်သည်၊ ပြီးတော့ 'ရိုး...ရို့...ရို့' ဟု အော်လျှက် သူ့လက်လေးကို လက်ခလယ်နှင့် လက်သူကြွယ်ပူးကာ ကျနော့်မျက်နှာရှေ့ လာယမ်းပြသည်၊ သို့နှင့် ကျနော်က ခေါင်းစွပ်ကြီးစွပ်လျှက် ရက်ပ်ပါ ဟန်ဆောင်ပြီး ကျောင်းဝင်းထဲက ထွက်လာတော့ သားက ကျနော့် လက်ပေါ်မှနေ၍ သူ့သူငယ်ချင်း တွေကို လည်ပြန်ကြည့်ကာ ပါလာတော့သည်၊

သားက ၅ လသား အရွယ်ကတည်းက နေ့ကလေးထိန်းကျောင်း တက်ခဲ့ရသည်၊ မနက်အိပ်ရာထ ကစား ချင်ရင်တောင် သူ့မှာ အချိန် မရပါ၊ ကတိုက်ကရိုက်နှင့် ကျောင်းသွားဖို့ လောဆော်ခံရမြဲ ဖြစ်သည်၊ ဒါပေမယ့် မဆိုစလောက် တကြိမ်တခါလောက် ငိုသည်ကလွဲလို့ သားက ကျောင်းပျော်သည်ဟု ပြောရမည်ဖြစ်သည်၊ မြန်မာပြည်မှာ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ် မိသားစု သိုင်းဝိုင်းစွာဖြင့် စောင့်ကြည့် ချစ်ခင်ခြင်း ခံရသည့် ကလေးတို့ အကြောင်းကို တွေးမိတော့ သားအတွက် စိတ်မကောင်းလှ၊ ဟိုမှာတော့ အိမ်မှာ တစ်ယောက် မဟုတ် တစ်ယောက် အမြဲရှိနေကြသည်လေ၊ သူ့ရဲ့ ကလေးဘဝ ရှားရှားပါးပါး အချိန်လေးတွေကို အတင်းပဲ ကုန်ဆုံးစေမိ နေပြီလား၊ ခေါင်းဖော် အသက်ရှူနိုင်ဖို့ ယက်ကန်လှုပ်ရှား နေရသည့် လူ့အသိုင်းအဝိုင်း စီးကြောင်းထဲမှာ သားကလေး မွန်းကျပ်မျောပါ နေပြီလား၊ တခါတရံတော့ တွေးမိပါသည်၊

အခြားတဖက်က ကြည့်ပြန်တော့လည်း နေ့ကလေးထိန်းကျောင်းက သားကို လူမှုဘဝအကြောင်း များစွာ သင်ပေးသည်၊ အခုအရွယ် ကတည်းက ပြဿနာကို ဘယ်လိုရှင်းရမလဲ၊ အနိုင်ကျင့် ဗိုလ်ကျခံရရင် ဘယ်လို လုပ်မလဲ၊ ကိုယ့်ထက်ငယ်တဲ့ ကလေးငယ်တွေနဲ့ ဘယ်လို ဆက်ဆံမလဲ အစရှိသည့် ပေါင်းသင်းဆက်ဆံ နည်းတို့မှာ အဖိုးမဖြတ်နိုင်သော သင်ခန်းစာများ ဖြစ်သည်၊ ထိုသင်ခန်းစာများမှာ မိဘ၊ မောင်နှမ အသိုင်းအဝိုင်းထဲမှာ သင်ယူ၍ မရနိုင်ပါ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မတူကွဲပြားသော အခြား ကလေးများစွာနှင့် အတူနေထိုင်ရင်း၊ ထမင်းစားရင်း၊ ကစားရင်းဖြင့် ကြုံတွေ့လာမည် ဖြစ်သော သီးသန့် အခြေအနေ တစ်ခုစီ၊ တစ်ခုစီကသာ သားကို ထုဆစ်၊ သင်ကြား ပေးသွားလိမ့်မည် ဖြစ်ပါသည်၊ ကလေးတွေ ကတော့ ကြီးပြင်း လာကြမည်ပဲ ဖြစ်သည်၊ တချို့က ကံကောင်း စွာ၊ တချို့က မကောင်းတကောင်း၊ တချို့က ကံဆိုးစွာ...၊ ဖြစ်နိုင်လျှင်တော့ ကလေးများ အားလုံးကို တနေ့တာ ကျောင်းဆင်းချိန်မှာ ကြောက်ရွံ့ခြင်း ကင်းစွာ၊ လွတ်လပ်ရွှင်မြူးစွာ ရယ်မောခွင့်ရသူလေးများပဲ ဖြစ်စေချင်ပါသည်၊ ကောင်းကင်ကို စိတ်မှတ်မဲ့ လှမ်းကြည့်လိုက်တော့ ပုဇွန်ဆီရောင်ဖြင့် တောက်ပလင်းဖြာ၊ လှပနေဆဲ၊ ဒါပေမယ့် တချို့နေရာတွေ မှာတော့ တိမ်စိုင်၊ တိမ်မျှင်တွေကလည်း ရှိနေသည်လေ....။ ။


ညီလင်းသစ်
၂၃ မတ်၊ ၂၀၁၁

20 March 2011

နွေဦးကမ်းခြေ


ဟိုတခါ ပြောပြခဲ့ဖူးတဲ့ ကန်စပ်ကိုပဲ ဒီနေ့ ထပ်သွားဖြစ်ပါတယ်၊ ဒီနေ့ မနက် အိပ်ရာထတော့ ဘာအစီအစဉ်မှ မရှိဘူး၊ မနက်စာ စားနေတုန်း အပြင်ကိုကြည့်တော့ ကောင်းကင်ပြာနောက်ခံမှာ နွေးထွေးပုံရတဲ့ နေရောင်ခြည်တန်းတွေကို သတိပြုမိတယ်၊ ကြည့်စမ်း...၊ နွေဦးတောင် ရောက်လာခဲ့ပြီပဲ၊ ဒီနေ့ဟာ နွေဦးရာသီရဲ့ ပထမဆုံး နေ့ပါပဲ..၊ လရောင်ဆမ်းတဲ့ ညတွေကို အိပ်စက်ခြင်းသက်သက်နဲ့ ကုန်ဆုံးပစ်ရတာ နှမြောစရာ ကောင်းသလိုပဲ နေရောင်လွှမ်းတဲ့ နေ့တွေမှာလည်း အိမ်ထဲမှာ ငုတ်တုတ်ထိုင်နေရမှာ နှမြောစရာပဲ မဟုတ်လား..၊ ပြီးတော့ နေရောင်ခြည်ဆိုတာက ဒီအရပ်မှာ ရှားပါးကုန်ကိုး၊ ဒါနဲ့ပဲ အပြင်ကို လမ်းလျှောက်ထွက်ကြဖို့ ပြင်ဆင်ကြတယ်၊ ဘယ်မှလည်း ဝေးဝေးလံလံ မသွားချင်တာနဲ့ ဟိုတခါ သွားခဲ့တဲ့ နေရာလေးကိုပဲ ပြန်သွားဖို့ ဆုံးဖြတ်ကြ ပါတယ်၊ ဒီလိုနဲ့ပဲ ဟောဒီပုံလေးတွေ ဖြစ်လာခဲ့တော့တာ ပါပဲ....၊


Photobucket
ကမ်းစပ်ရောက်တော့ ဘယ်သူမှကို မရှိဘူး၊ တကယ် တစ်ယောက်ဆိုတစ်ယောက်မှကို မရှိတာ၊ ဒီလို နေရောင်ခြည်တွေ နဲ့ဆို လူတွေတော့ ရောက်နေကြမှာပဲလို့ ထင်ထားခဲ့တော့ အံ့သြသွားမိတယ်၊ ဒီတခါတော့ ကမ်းခြေလေးရဲ့ ဟိုးတဖက် အစွန်းကို သွားလိုက်တယ်၊ အဲဒီမှာ နောက်ဖက်က ခင်တန်းလေးနဲ့ စည်းခြားအောင်လို့ သစ်တုံးကြီးတွေ ချထားတယ်၊ အဲဒီ သစ်တုံးကြီးတွေရှေ့၊ ကျောက်စရစ်ခဲ မွမွလေး တွေပေါ်မှာပဲ ထိုင်ဖြစ်သွားတယ်..၊



Photobucket
အို..ချစ်သောနွေဦး၊
သင်၏ အဖူးအငုံတို့ဖြင့် လောကအား ပုတ်နှိုးပါလော့၊
လေထုအား မွှေးမြပါစေလော့၊
ကကြိုးက,ကွက် သစ်တို့ဖြင့်
သင်၏ရင်ခွင်တေးသွားကို ဆိုညည်းပါလော့၊
ထိုလတ်ဆတ်ခြင်းတို့ကို သောက်သုံးရန်
ငါ..အရောက် လာခဲ့ပါမည်..၊



Photobucket
အပြင်ထွက်မယ်လုပ်တော့ ၁၀ နာရီခွဲ ကျော်နေပြီ၊ စတိုခန်းထဲမှာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဝယ်ထားခဲ့တဲ့ ရယ်ဒီမိတ် ဘာဘီကျူး မီးဖိုလေး ရှိတာ သတိရသွားတယ်၊ အပြင်ထွက်ပြီး မကြာခင် ပြန်လာစားရမယ့်အတူတူ နေရာမှာပဲ ဘာဘီကျူးလုပ်ဖို့ စဉ်းစားလိုက်တယ်၊ ရေခဲသေတ္တာ အအေးခန်းထဲမှာ ဝက်အူချောင်း တစ်ထုပ်တွေ့တာနဲ့ last minute ဘာဘီကျူး လုပ်ဖြစ်သွားပါတယ်..၊ :-)



Photobucket
သားနဲ့ မအိမ်သူကတော့ ခဲလုံးတွေ၊ သဲတွေနဲ့ ကစားနေချိန်မှာ ကျနော်က ဝက်အူချောင်း မီးကင်ပါတယ်၊ ကင်မရာခလုတ် ကို တချပ်ချပ် နှိပ်လိုက်၊ ဝက်အူချောင်းကို တဖတ်ဖတ်လှန်လိုက်...၊



Photobucket
ဒီလို ရယ်ဒီမိတ် မီးဖိုတွေက နဂိုကမှ မကောင်းရတဲ့ကြားထဲ ပြီးခဲ့တဲ့ နွေရာသီက ဝယ်ထားတဲ့ ဒီမီးဖိုက အတော်တောင် ခြောက်နေခဲ့တော့ မီးအား မကောင်းပါဘူး၊ မီးမွှေးတုန်းက ထည့်ထားတဲ့ လောင်စာတောင့်တွေကတော့ တဟုန်းဟုန်း တောက်လောင်ပြီး မီးသွေးကျတော့ ဘာမီးမှလည်း မရှိ၊ ပူလည်း ကောင်းကောင်းမပူ..၊ တကယ်တော့ မီးသွေးလည်း မဟုတ်ပါဘူး၊ မီးသွေးနဲ့ဆင်တဲ့ အညံ့စား အမှုန့်တွေကို ကော်ရည်နဲ့လုံးထားတဲ့ အလုံးတွေ..၊ ဝက်အူချောင်းလေး ၈ တောင့်ကို ၄၅ မိနစ်လောက်ကြာအောင် ကင်လိုက်ရတယ်၊ ဝက်အူချောင်းပြီးလို့ ဆီဆမ်း၊ ဆားနယ်ထားတဲ့ ခရမ်းသီး အပြားတွေကို ဆက်ကင်ဖို့လုပ်တော့ မီးမရှိတော့တာနဲ့ ရပ်လိုက်ရတယ်..၊



Photobucket
ဝက်အူချောင်းကိုပဲ မုန်ညင်းဆော့စ်ရယ်၊ ခရမ်းချဉ်သီးဆော့စ်ရယ် နယ်ပြီး ပေါင်မုန့်ထဲမှာ ညှပ်စားလိုက်တော့တယ်..၊ နေ့လယ်စာကို ဆင်းန်ဒဝစ်ခ်ျလေး တကိုက်၊ နွေဦးတကိုက်နဲ့ ရောစားလိုက်တော့လည်း စားဖြစ်တာပါပဲ...၊



Photobucket
မီးမွှေးတုန်းကလည်း မီးခြစ်,ခြစ်ချင်တယ်ဆိုလို့ သူ့ကိုပဲ ပေးခြစ်ခဲ့ရတယ်၊ အခုလည်း မီးကို ငြှိမ်းချင်ရပြန်ပြီ၊ မီးပွားတွေ တဖွားဖွား ပေါက်နေ တဲ့ မီးသွေးတုံးတွေလည်း မဟုတ်လို့ အန္တရာယ် ကြီးကြီးမားမား မရှိတာနဲ့ ငြှိမ်းစေသတည်းပေါ့လေ..၊ ဒါနဲ့ပဲ သားက ဝမ်းသာ အားရနဲ့ ရေတွေ သွား,သွားခပ်ပြီး ငြှိမ်းလိုက်တာ အောက်ခံ အလူမီနီယံ ခွက်ထဲက ရေတွေ လျှံကျ လာတာတောင် ဆက်ငြှိမ်း ချင်နေသေးလို့ မနဲတားပြီး ပြန်လာခဲ့ရတော့တယ်...။


ညီလင်းသစ်
၂၀ မတ်၊ ၂၀၁၁

18 March 2011

လုကာ


လုကာဆိုတာက ကျနော်နဲ့ဆို လုပ်ဖော်ကိုင်ဖက်လည်းဟုတ်၊ အထက်အရာရှိလည်း ဟုတ်ပါတယ်၊ ကျနော်လုပ်ရတဲ့ ပရောဂျက် တွေအားလုံးက သူ့ဆီကပဲ လာလေ့ရှိတယ်၊ ဆွစ်လူမျိုး၊ အသက်က ၄၃ နှစ်ရှိပြီ၊ အရပ်အမောင်း အနေတော်၊ မျက်နှာ ခပ်ပြည့်ပြည့်၊ ဆံပင်အနက်ရောင်ဖျော့ဖျော့နဲ့...၊ အနီးစပ်ဆုံး ပြောရရင်တော့ ပြင်သစ် ရုပ်ရှင်သရုပ်ဆောင် Alain Chabat နဲ့ ခပ်ဆင်ဆင် တူပါတယ်၊

၂၀၀၇ မှာ သူနဲ့ ကျနော် စပြီး ဆုံစည်းပါတယ်၊ အခုလက်ရှိ အလုပ်အတွက် အင်တာဗျူး လာဖြေတော့ သူနဲ့ စကားပြော ဖြစ်တယ်၊ သူက ဌာနရဲ့ ဒါရိုက်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူတာဝန်ယူနေတဲ့ ပရောဂျက်တွေက ဒါရိုက်တာရဲ့ ပရောဂျက်တွေထက်တောင် များပါတယ်၊ အင်တာဗျူးနေ့က ဒါရိုက်တာက ခဏပဲလာပြီး ကျနော်နဲ့ စကားပြောတယ်၊ မေးခွန်းလေး တစ်ခုနှစ်ခုလောက် မေးပြီး ပြန်ထွက်သွားရော၊ ကျန်တဲ့အချိန်မှာတော့ လုကာနဲ့ ကျနော်နဲ့ပဲ စကားပြောဖြစ် ပါတယ်၊ ပြောတယ်ဆိုတာကလည်း ကျနော်ဘာတွေ သင်ခဲ့လဲ ဆိုတာကို အခြေခံလောက်ပဲ မေးပြီး သူလုပ်ချင်တဲ့ ပရောဂျက်တွေကိုပဲ ရှင်းပြသွားတာပါပဲ၊ ကျနော်တောင် စိတ်ထဲက ကြိတ်ပြီး ပြုံးမိသေးတယ်၊ လစာကိစ္စ၊ အခြေခံ စည်းမျဉ်း၊ ခံစားခွင့် စတာတွေ ဘာမှ မပြောဘဲ နှစ်ပေါင်းများစွာ အတူတွဲလုပ်လာသူတွေလို ပရောဂျက်တွေကို ရှင်းပြနေ လို့လေ...၊ ဒါပေမယ့် နောက်ပိုင်းမှာ နားလည်သွားတော့လည်း ဒါဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုပါပဲ၊ ကျနော် အလုပ်,လုပ် တဲ့ နေရာက သိပ္ပံနဲ့နည်းပညာကျောင်း ဆိုတော့ အင်တာဗျူးတွေမှာ ပရောဂျက်တွေ အကြောင်းပဲ ပြောကြတာ များပါတယ်၊ တခြား ခံစားခွင့်တို့၊ လစာတို့က Human Resources နဲ့ပဲ ဆွေးနွေးရလေ့ ရှိပါတယ်၊ အင်တာဗျူးမေးတဲ့ လူတွေကိုယ်တိုင်လည်း ဒီအကြောင်းတွေကို မသိကြတာ များပါတယ်၊

ဒီလိုနဲ့ ကျနော်တို့ အလုပ်အတူ စလုပ်ကြတော့ ရုံးခန်းတစ်ခုထဲမှာ သူနဲ့ကျနော် မျှနေပါတယ်၊ အခန်းအလယ်မှာ ကျနော်တို့နှစ်ယောက်ရဲ့ စားပွဲနှစ်လုံးက မျက်နှာချင်းဆိုင်...၊ စားပွဲနှစ်လုံးကို ထိထားတဲ့ နေရာမှာ ပန်းအိုးကြီးတစ်လုံး ထားထားတယ်၊ ပန်းအိုးထဲမှာ ဘာမှန်း မသိရတဲ့ ခပ်ရွယ်ရွယ် သစ်ပင်တစ်ပင်လည်း ရှိတယ်၊ ဘာအပင်မှန်းလဲ မသိသလို ဘာပန်းမှ ပွင့်တာလည်း မတွေ့ပါဘူး၊ ဒီသစ်ပင်က ကျနော်တို့ နှစ်ယောက်ရဲ့ no man's land ပေါ့လေ...၊ ရုံးခန်းထဲမှာ ကျနော်ရော သူပါ မရှိကြတာ များပါတယ်၊ ကျနော်က ရုံးခန်းနဲ့ကပ်လျက် ဓါတ်ခွဲခန်းထဲ ရောက်နေတတ် သလို လုကာကလည်း တချိန်လုံး အစည်းအဝေးတွေ၊ ဆင်န်မနာတွေနဲ့ အပြင်မှာပဲ၊ ပြီးတော့ သူက ၈၀% ပဲ အလုပ်,လုပ်တာဆိုတော့ တစ်ပတ်မှာ ၄ ရက်ပဲ လာလေ့ရှိတယ်၊

လုကာရဲ့ဘွဲ့က environmental engineer ပါ၊ ဆိုတော့ သူလုပ်သမျှ အလုပ်တွေအားလုံးက ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ပဲ ဆက်စပ် ပါတယ်၊ သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကျနော်ကလည်း ဒါတွေပဲ လုပ်ရပါတယ်၊ ရေအရင်းအမြစ်နဲ့ ဆိုင်တာတွေ၊ စိုက်ခင်းတွေမှာ ပိုးသတ်ဆေး သုံးစွဲမှုတွေ၊ မြေလွှာ ညစ်ညမ်းမှုတွေ အစရှိသဖြင့်ပေါ့၊ ကျနော်တို့က ဒါတွေကို ထိန်းသိမ်းကြပ်မတ်တဲ့ သူတွေတော့ မဟုတ်ပါဘူး၊ ဒီလို ပတ်ဝန်းကျင် ပျက်စီး ယိုယွင်းတာကို ကာကွယ်နိုင်မယ့်နည်းလမ်း ရှာနေကြတာပဲ ဖြစ်ပါတယ်၊ ဒီလိုလုပ်တဲ့နေရာမှာလည်း အာဏာပိုင် အဖွဲ့အစည်းတွေက အမြဲတမ်းတော့ အသာတကြည်နဲ့ လိုက်လျောတာမျိုး မဟုတ်ဘူး၊ ဒါပေမယ့် လုကာက စကားပြောကောင်းသူ တစ်ယောက်ဆိုတော့ သူ ရအောင် စည်းရုံးနိုင်လေ့ ရှိတယ်၊

ဒီလိုနဲ့ ကျနော်တို့နေတဲ့ မြို့ကလေးမှာ auto-sampler အလိုအလျောက် ရေနမူနာ ယူနိုင်တဲ့စက် ၅ လုံးကို သူ့ရဲ့ အားထုတ်မှုနဲ့ တပ်ဆင်လို့ ပြီးပါပြီ၊ သဘာဝ မြစ်ချောင်းတွေနဲ့ ရေဆိုးမြောင်းတွေမှာ တပ်ထားတဲ့ ဒီစက်တွေက လိုအပ်တဲ့ ရေပမာဏကို ၂၄ နာရီ ယူပေးနိုင်တယ်၊ ဒီရေတွေကိုမှ ကျနော်တို့ရဲ့ lab ထဲမှာ ဓါတ်ခွဲပါတယ်၊ ကျနော်တို့ ရှာတာတွေကတော့ အများကြီးပါပဲ၊ ဥပမာ တစ်ခုနှစ်ခုလောက် ပြောရရင် အိမ်သုံးဆေး...၊ နေထိုင်မကောင်းလို့ ပါရာစီတမော သောက်လိုက်ရင် ကျနော်တို့ နေကောင်းသွားမယ်၊ ဒါပေမယ့် ဒီဆေးကို ခန္ဓာကိုယ်က ၆၅% လောက်ပဲ စုပ်ယူပြီးတော့ ကျန်တာက တပိုတပါးသွားရင်းနဲ့ မိလ္လာစက်ရုံ၊ အဲဒီကမှ တဆင့် ကန်ထဲ၊ မြစ်ထဲကို ရောက်သွားတယ်၊ ဒီလို ဆေးတွေက ရေမှာ လုံးလုံးပျော်ဝင်နေတော့ ဘယ်လိုစစ်စစ် မရပါဘူး၊ နောက်ပြီး သူ့အလိုလို ကြေပျက်နိုင်စွမ်း လည်း နည်းပါးတော့ မြစ်ချောင်းအင်းအိုင်တွေ ထဲမှာ ဒီလိုအိမ်သုံးဆေး၊ ပိုးသတ်ဆေး၊ စတာတွေ များသထက် များလာတယ်၊ နောက်ဥပမာ တစ်ခုက သန္ဓေတားဆေး...၊ အမျိုးသမီးတွေ သောက်တဲ့ သားဆက်ခြား သန္ဓေတားဆေးတွေထဲမှာ အက်စ်ထရိုဂျင် ဆိုတဲ့ မ ဟော်မုန်း ပါဝင်ပါတယ်၊ အဲဒီ ဟော်မုန်းကလည်း သူ့အလိုလို မကြေပျက်ဘဲ ရေထဲမှာ ဒီလိုပဲ အကြာကြီး ရှိနေတတ်တယ်၊ အကျိုးဆက်က အချို့နေရာတွေမှာ အဲဒီ မ ဟော်မုန်း ကြောင့် ငါးအထီးတွေက သူ့အလိုလို လိင်ပြောင်းပြီး ငါးအမတွေ ဖြစ်သွားတဲ့ သာဓကတွေလည်း တွေ့ရပါတယ်၊ လောလောဆယ် လူအတွက် ဘာမှ မဖြစ်သေးပေမယ့် နောက် ၁၀ နှစ်၊ အနှစ် ၂၀ အကြာမှာ ဘယ်လို ဆိုးကျိုးတွေ ဖြစ်မလဲ ဘယ်သူမှ မပြောနိုင်ပါဘူး၊

ထားပါတော့လေ..၊ လုကာ အကြောင်းပဲ ဆက်ရအောင်၊ လုကာဆီမှာ ကျနော် သဘောကျတဲ့ အချက်တခုကတော့ လူတဖက်သားကို ပေါ့ပါးလွတ်လပ် စေခြင်းပါပဲ၊ တခါတလေ စားသောက်ဆိုင်မှာ တဝိုင်းထဲ လူ လေးငါးယောက် လောက်ထိုင်နေပြီး ဘယ်သူမှ ဘာပြောရမှန်း မသိတဲ့အခါ တိတ်ဆိတ်ပြီး အနေကျဉ်းကျပ်တာမျိုး ကြုံဖူးကောင်း ကြုံဖူး ပါလိမ့်မယ်၊ လုကာက အဲဒီနေရာမှာ အင်မတန် ထူးချွန်တဲ့ ice breaker ပါပဲ၊ အဲဒီလို အခြေအနေကို ဖောက်ထွက်ဖို့ သူ့မှာ ပြောစရာတခုခု အမြဲရှိနေတတ်တယ်၊ 'အင်း..ဒီနေ့ နေသာတယ်နော်' ဆိုတာမျိုး နဲနဲကြောင်တဲ့ စကားမျိုးတွေနဲ့ အခြေအနေကို အတင်းအဖတ်ဆယ်တာ မဟုတ်ဘဲ တဝိုင်းလုံးကလူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတခု သူ ချက်ချင်း ကောက်ပြောလိုက်နိုင်တယ်၊ ဒီလိုဖြစ်ရပ်မျိုး သူနဲ့အတူ မကြာခဏ ကျနော်ကြုံဖူးပါတယ်၊ အမြဲတမ်းလည်း သူကပဲ ဝိုင်းကို ထိန်းထားလေ့ ရှိတယ်၊ ကျနော်သာ သူ့နေရာမှာ ဆိုရင် ဝိုင်းထဲက တခြားလူတွေနည်းတူ ဒီလိုပဲ ဆက်ထိုင်နေဖြစ်မှာပဲ၊ ကိုယ့်ရဲ့ လက်တကမ်း ပတ်ဝန်းကျင်လေးကို စိုပြေစေချင်ပေမယ့် နဂိုကလည်း စကားခပ်နည်းနည်း ဆိုတော့ ကျနော့်လိုလူတွေနဲ့သာဆိုရင် စားပွဲဝိုင်းက ခြောက်ကပ်နေမှာ သေချာတယ်၊

သူ့ရဲ့ အားသာချက် နောက်တခုက ဘာသာစကားပါပဲ၊ သူက ပြင်သစ်၊ ဂျာမန်၊ အီတာလျံနဲ့ အင်္ဂလိပ် လေးမျိုးစလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်၊ သူ့အဖေက အီတာလျံဆိုတော့လည်း ပိုပြီး လွယ်ကူတာပေါ့လေ၊ ဂျာမန်စကား ကတော့ ဆွစ်ဂျာမန်၊ ဂျာမနီနဲ့ သြစတြီးယားမှာ အလုပ်လုပ်ခဲ့လို့ ပြောဖြစ်ခဲ့တာလို့ သူ တခါက ပြောဖူးပါတယ်၊ သူ အင်္ဂလိပ်စကား ပြောရင်တော့ ဂျာမန်လေယူလေသိမ်းနဲ့ ပြောတတ်လို့ နားထောင်နေမကျရင် နဲနဲတော့ ပြုံးမိနိုင်ပါတယ်၊ ဒီ စကား ၄ မျိုးနဲ့ ဆိုတော့လည်း စကားဝိုင်း တော်တော်များများက သူနဲ့ မလွတ်တော့ဘူးပေါ့လေ လို့ ကျနော်တွေးမိတယ်၊

လုကာက ကျောင်းသားဘဝတုန်းကတော့ အတော့်ကို ပေါက်ကရတွေ လုပ်ခဲ့တယ်လို့ တခါတလေမှာ သူပြောလို့ သိရတယ်၊ သူ စာတမ်းရေးနေတဲ့ အချိန် တုန်းက သူအလုပ်လုပ်တဲ့ lab တံခါးဝမှာ 'သတိ၊ ဓါတ်ရောင်ခြည် အန္တရာယ် ရှိသည်' ဆိုတဲ့ စာတန်းကို နောက်ပြီး ကပ်ထားခဲ့တယ်၊ အားလုံးက အကြောင်းသိတွေဆိုတော့ ရယ်မောရင်းနဲ့ပဲ ဒီစာတန်းကို မေ့သွားကြတယ်၊ တနေ့ အဲဒီ ဓါတ်ခွဲခန်းထဲမှာ ဘုံဘိုင်က ရေလျှံကျလို့ ရေကြီးတော့ မီးသတ်သမားတွေ ရောက်လာကြတယ်၊ အဲဒီအချိန် သူက အိမ်မှာ အိပ်နေတယ်၊ တံခါးဝက စာတန်းလည်း မြင်ရော မီးသတ်သမားတွေက မဝင်ရဲတော့ဘူး၊ လုကာ သူငယ်ချင်း တွေက ရှင်းပြလည်း ဘယ်သူမှ မဝင်ကြဘူး၊ သူတို့က ဒီလိုစာတန်းမျိုးတွေကို အပျော်အပြက်လို့ ဘယ်တုန်းကမှ သဘောမထားတာကိုး၊ နောက်ဆုံး စာတန်းတာဝန်ခံ ကိုယ်တိုင်ရှင်းပါ ဆိုတော့မှ လုကာက အိမ်ကနေ ကမန်းကတန်း ရောက်လာရတယ်၊ ပြီးတော့ စာတန်းကိုလည်း ဖြုတ်၊ သူကိုယ်တိုင်လည်း ဦးဆောင်ဝင်၊ တချိန်တည်းမှာလည်း အမြှုပ် ထွက်မတတ် တောင်းပန်လိုက်ရတယ်၊ ဒါပေမယ့် မီးသတ်သမားတွေကလည်း ဓါတ်ရောင်ခြည် အန္တရာယ်ဆိုတဲ့ စာတန်းလည်း မြင်ရော ဘာလုပ်ရမှန်းမသိ၊ ကာကွယ်တဲ့ ဝတ်စုံလည်း အဆင်သင့်မပါ၊ ဖရိုဖရဲနဲ့ ဖြစ်သွားလို့ ဒီကိစ္စကို သူတို့အတွက်လည်း လေ့ကျင့်ခန်းဆင်းတယ်လို့ သဘောထားပြီး ကျေအေးလိုက်တယ်၊ နောက်တခါ ဒါမျိုးဆိုရင်တော့ ဒဏ်ငွေ ၅၀၀၀ ဆိုလားပဲ ကြိမ်းသွားတယ်၊ လုကာ ကံကောင်းသွားတယ်၊

အခု အလုပ်လုပ်တဲ့ အချိန်အထိလည်း တွေ့တဲ့လူကို ပြုံးရွှင်၊ နောက်ပြောင်လေ့ ရှိတုန်းပါပဲ၊ သူ့အထက်အရာရှိ ဆိုလည်း တမျိုး၊ ရွယ်တူ လုပ်ဖော်ကိုင်ဖက်ဆိုလည်း တမျိုး၊ ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့ ဟာသလေးတွေနဲ့ နောက်တုန်း၊ တဟားဟား အော်ရယ်တုန်း..၊ ဆိုတော့ သူ့ကို ဌာနတခုလုံးက ချစ်ကြပါတယ်၊ ကျနော်တို့ ဌာနရဲ့ အတွင်းရေးမှူး ရုံးခန်းမှာ အားလုံးရဲ့ မွေးနေ့တွေကို ကပ်ထားတယ်၊ တစ်ယောက်မွေးနေ့ကို တစ်ယောက် သိနေကြ တော့ ကိုယ့်မွေးနေ့ကျရင် ကိတ်မုန့်လေးဘာလေး ယူလာပြီး အတူစားကြလေ့ ရှိပါတယ်၊ မနှစ်တုန်းက သူ့မွေးနေ့မှာ လုကာက အစည်းအဝေးတွေနဲ့ ရှုပ်နေပြီး ဘာစားစရာမှ ယူမလာဘူး၊ ဒါပေမယ့် ကျနော်တို့ အားလုံးက သူ့အတွက် ကိတ်မုန့်တစ်လုံးကို ကျောင်းထဲက ဆိုင်မှာ အမြန်ပြေးဝယ်ပြီး သူ့ကိုယ်စား ကျင်းပ ပေးလိုက်တယ်၊ သူ့ မွေးနေ့လက်ဆောင် ကိုတော့ အစောကြီးကတည်းက သူမသိအောင် ပိုက်ဆံဝိုင်းစုပြီး ပြင်ဆင်ထားတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ လေထီးခုန်ခွင့် လက်မှတ်လေးပါ၊ သင်တန်းဆရာနဲ့ နှစ်ယောက်အတူတွဲပြီး ခုန်ရတဲ့ အပျော်လေထီးခုန် လက်မှတ်ပေါ့၊ အားလုံး အဆင်သင့်ဖြစ်တော့ သူ့ကို စားသောက်ခန်းထဲကို ခေါ်လိုက်တယ်၊ လူတွေအများကြီးနဲ့ ကိတ်မုန့်ကိုလည်း တွေ့ရော သူက ဟာ..နိုး..နိုး..နိုး ဆိုပြီး အံ့သြသွားတယ်၊ ပြီးတော့ သူ့အတွက် မွေးနေ့လက်ဆောင် စာအိတ်လေး ထဲက လေထီးခုန် လက်မှတ်လည်း တွေ့ရော တဟားဟားနဲ့ အော်ရယ်ပါလေရော..၊ လုကာက လေယာဉ်မောင်း သင်တန်းလည်း လောလောလတ်လတ် ဆင်းထားပြီး အားလပ်ချိန်မှာ လေယာဉ်တွေ ငှားပြီး လိုက်မောင်းနေတာကို အားလုံးက သိထားတာကိုး၊ အဲဒီအချိန် တစ်ယောက်က 'ခင်ဗျား လေထီးခုန်တာ ဒီတကြိမ်ပဲ ဖြစ်ပါစေလို့ ကျနော်တို့ ဆုတောင်းပါတယ်'လို့လည်း နောက်လိုက်ရော အားလုံးကဝိုင်းရယ်၊ သူကလည်း တဟားဟားနဲ့ ရယ်နေတာ တော်တော်နဲ့ကို အတောမသတ်နိုင်ဘူး...။ ။


ညီလင်းသစ်
၁၈ မတ်၊ ၂၀၁၁

13 March 2011

ဒဏ်ရာ...


ဒီစနေ၊ တနင်္ဂနွေမှာ အိမ်ကို ဧည့်သည်ရောက်နေတာနဲ့ အလုပ်များနေခဲ့တယ်၊ ဧည့်သည်က ကျနော်တို့ မြန်မာပြည်မှာ ကတည်းက ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ၊ အခုသူက သြစတြီးယားမှာ နေ,နေတယ်၊ မတွေ့တာလည်း ကြာနေတော့ တွေ့ကြရအောင်ဆိုပြီး သောကြာနေ့က သူရယ်၊ သူ့သမီးလေးရယ် ရောက်လာခဲ့တယ်၊ ၂ ညအိပ်၊ ၃ ရက် ခရီးပေါ့၊ သူ့ သမီးလေးက ၆ နှစ် ကျော်ကျော်တော့ ရှိ နေပြီ၊ ဒီကလေးမလေးက ဆွစ်ဂျာမန်၊ သြစတြီးယန်း ဂျာမန်၊ စတင်းန်ဒတ် ဂျာမန်နဲ့ အင်္ဂလိပ်စကား ၄ မျိုးပြောတယ်၊ သူက မြန်မာပြည်မှာ မွေးခဲ့တော့ မြန်မာစကားလည်း အတော်လေး ပြောနိုင်ခဲ့သေးတယ်၊ အခုတော့ အားလုံးနီးပါး မေ့သွားပြီ...၊

သူ့အမေ ပြောပြချက်အရ သူက ကျနော်နဲ့သားကို တွေ့ဖို့ စိတ်လှုပ်ရှား နေခဲ့တယ်ဆိုပဲ..၊ အဓိက,ကတော့ ကျနော်တို့နှစ်ယောက် မြန်မာစကားပြောတာကို သူက နားထောင်ချင်လွန်းလို့-တဲ့၊ သူ့အမေရဲ့ လက်ပ်တော့ပ်ထဲမှာ ရှိတဲ့ ဗီဒီယိုအပိုင်းအစ တချို့ကိုလည်း ကျနော့်ကို ဖွင့်ပြသေး တယ်၊ မြန်မာပြည်မှာ သူနေခဲ့တုန်းက ရိုက်ခဲ့တာတွေပါ..၊ အဲဒီထဲမှာ သူက မြန်မာကလေးတွေနဲ့ 'တပြား နှစ်ပြား ပဲလင်ပြား' တို့၊ 'ဗြောင်နောင်နောင် ဗေဗေဂျိ' တို့တောင် ကစား နေခဲ့သေးတာ..၊ အခုတော့ ဝိုးတဝါးပဲ နားလည်တော့တယ် ဆိုတော့ သူ သိပ်စိတ်ကောင်း ပုံတော့ မရဘူး၊ သူ့အဖေကလည်း မြန်မာပါပဲ၊ ဒါပေမယ့် လင်မယားကွဲသွားတော့ အဖေက ဟိုမှာပဲ နေခဲ့တယ်၊ သူက အမေနဲ့ ဒီမှာ လိုက်နေတာပါ၊ သူ့အဖေနဲ့ လူမျိုးတူဖြစ်တဲ့ ကျနော့်ကိုတော့ အတော်လေး ခင်တွယ် သွားရှာတယ်၊

သားနဲ့ ကစားတော့ သူတို့နှစ်ယောက်ကြားမှာ စကားမတူပေမယ့် ကလေးတို့သဘာဝ တစ်ယောက်ပုံကို တစ်ယောက် ကြည့်ပြီး ကစားကြတာ အဆင်ကိုပြေလို့၊ တူတူပုန်းတမ်း၊ စိန်ပြေးတမ်း၊ တမျိုးပြီးတမျိုး ကစားရင်း ဟုတ်နေတာပဲ၊ တခါတခါတော့ မပြောမဖြစ်ရင် သူက သားကို အင်္ဂလိပ်လိုပြော၊ သားက နားမလည်တော့ ကျနော်က မြန်မာလို စကားပြန် ပြ၊ သားက သူ့ကိုတခါ ပြင်သစ်လို ပြန်ပြော၊ ကျနော်က တခါ အင်္ဂလိပ်လို စကားပြန်ပြနဲ့ သုံးယောက်သား လုံးလည်ချာလည် လိုက်လို့...၊ ရီတော့ ရီရသား...၊

စနေနေ့မှာ သူတို့ကို သိပ်မဝေးတဲ့ ကစားကွင်းတစ်ခုကို လိုက်ပို့ဖြစ်ပါတယ်၊ သူတို့နဲ့အတူ အဖော်လိုက် ကစားပေးနေရင်း နဲ့ ကစားကွင်းထဲက ခုံတန်းလေးတခု ဘေးမှာ ကျနေတဲ့ ဒီပန်းသီးလေးဆီကို ဘာရယ်မဟုတ် မျက်စိရောက်သွားခဲ့တယ်၊ တယောက်ယောက်က စားနေရင်းတန်းလန်း လက်ကနေ ပြုတ်ကျသွားခဲ့ပုံ ရတယ်၊ တဝက်တပျက် ကိုက်ရာနဲ့အတူ ဖုန်အလူးလူး၊ သဲအလူးလူး...၊ စိတ်ကလည်း ချက်ချင်းဆိုသလိုပဲ ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကို တမုဟုတ်ချင်း ပြန်ရောက်သွားခဲ့တယ်၊ ကျနော် ပထမဆုံး ပန်းသီး စ,စားဖူးတာ ၆ နှစ်ဝန်းကျင်လောက်မှာပါ၊ ဒိထက် စောရင်လည်း စောနိုင်ပေမယ့် မှတ်မိတဲ့ ပထမဆုံးပန်းသီးက ၆ နှစ်သားမှာ ဘဝထဲကို ဝင်လာခဲ့တာ၊ ပြေလည်တဲ့ အဒေါ်တစ်ယောက်က ပေးခဲ့တဲ့ အဲဒီတရုတ်ပန်းသီး နီနီကို မစားရက်လို့ တနေကုန် လက်ကမချဘဲ အရိပ်တကြည့်ကြည့်နဲ့ ရှိနေခဲ့တယ်၊ စ,စား တော့လည်း အသားတွေကို မစားရက်သေးလို့ အခွံချည်းသက်သက် သွားနဲ့ပတ်လည် ခြစ်ပြီး အရင်စားဖြစ်တယ်၊ နဲနဲလေး အရွယ်ရောက်လာတော့ သူငယ်ချင်းတစ်ယောက်ကိုတောင် နောက်ဖြစ်သေးတယ်၊ ငါလည်း တခါတခါ ဆေးရုံတက်ချင် တယ်-လို့၊ ဆေးရုံကို လူမမာမေး လာကြတဲ့သူတွေက ပန်းသီးတွေ ယူယူလာတာ မြင်ဖူးထားတာကိုး...၊ ဒီမှာတော့ ပန်းသီး ပေါင်းစုံက မစားချင်မှ အဆုံးပါပဲ၊ အခု ဒီပန်းသီး လေးကတော့ အဆုံးထိတောင် အစားမခံခဲ့ ရဘူး၊ တဝက်တပျက်နဲ့ အစွန့်ပစ်ခံ ပန်းသီးကလေး...၊ ဒီလိုနဲ့ အဲဒီပန်းသီးလေးကို ဓါတ်ပုံရိုက်ဖြစ်သွားပြန် ပါတယ်...၊


အစွန့်ပစ်ခံ (၁)
Photobucket

ပန်းသီးလေးကို ကောက်လိုက်တော့ သားက ကျနော်စားမလို့ ကောက်တာလို့ ထင်သွားလား မသိပါဘူး၊ ခပ်လှမ်းလှမ်းက လှမ်းပြောတယ်၊ 'ပါပါး, အဲဒီ ပန်းသီး မစားရဘူး၊ မြေကြီးပေါ်မှာကျနေတာ ညစ်ပတ်တယ်'တဲ့၊ 'မစားပါဘူးကွာ၊ ဓါတ်ပုံ ရိုက်မလို့ပါ'လို့ သူ့ကို ပြန်ရှင်းပြပြီး ကလေးကစားတဲ့ မြင်းရုပ်ခုံကလေးပေါ်မှာ ပန်းသီးလေးကိုတင်ပြီး ရိုက်ဖြစ်ပါတယ်၊


အစွန့်ပစ်ခံ (၂)
Photobucket

ဒဏ်ရာဆိုတာက ဘယ်သူမဆို ရနိုင်ပါတယ်၊ မြင်သာထင်သာ ရှိတဲ့ အပြင်ပန်း ဒဏ်ရာတွေက လိုက်ဖက်တဲ့ ဆေးဝါးတွေ နဲ့ အချိန်မီ ကုနိုင်ပေမယ့် ရင်တွင်းဒဏ်ရာတွေ ဆိုရင်တော့ သိနိုင်ဖို့တောင် တခါတခါမှာ မလွယ်ဘူး မဟုတ်လား...။ ။


ညီလင်းသစ်
၁၃ မတ်၊ ၂၀၁၁

09 March 2011

ဝင်ရိုးစွန်းမှာ ပျော်ကြသူများ


(Photo credit: here )

သူတို့ထဲမှာ အသက်ငယ်သူတွေပါသလို အသက်ကြီးသူတွေလည်း ပါသည်၊ အမျိုးသားတွေ ပါသလို အမျိုးသမီးတွေ လည်းပါသည်၊ အိမ်ထောင်ရှင်တွေ ရှိသလို လူပျိုအပျိုတွေလည်း ရှိသည်၊ စိတ်ဓါတ်ပြင်းထန်သူများ ပါသလို နှလုံးသား နူးညံ့သူများလည်း ပါလိမ့်မည်၊ အရာရာကို ပျော်ရွှင်ရယ်မောပစ်လိုက်ဖို့ အမြဲအဆင်သင့် ဖြစ်နေသူများ ရှိနိုင်သလို တိုးတိတ်စွာ ရှက်ရွံ့တတ်သူတို့လည်း ရှိလိမ့်မည်၊ စကားများများ ပြောတတ်သူတို့ ပါသလို နှုတ်နည်းသူများလည်း အသေအချာကို ပါဝင်ပါလိမ့်မည်၊ သူတို့အားလုံးသည် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာပါ ကွဲပြားကောင်း ကွဲပြား ကြသူများ ဖြစ်ကြသည်၊ သူတို့သည် အဖွဲ့အစည်းတခုခုမှ မဟုတ်ကြ၊ သို့သော် တဦးနှင့်တဦး အပြန်အလှန်၊ နားလည် ဖေးမတတ်သူများ ဖြစ်ကြသည်၊

စင်စစ် သူတို့ထဲမှ အများစုမှာ တစ်ယောက်နှင့်တစ်ယောက် ကောင်းစွာမသိကြ၊ ထိုသို့ မသိကြသလို တစ်ယောက်နှင့်တစ်ယောက် လည်း မမြင်ဖူးကြ၊ မမြင်ဖူးသည်ကို အသာထားလို့ အချို့မှာ နာမည်အရင်းကိုပင် မသိကြပေ၊ အကြောင်းမှာ သူတို့အားလုံး တကွဲတပြားစီ နေထိုင်ကြပြီး နေရာ အသီးသီးကလည်း ကွာလှမ်းသောကြောင့် ဖြစ်ပါသည်၊

သို့သော် သူတို့အားလုံးမှာ တူညီကြသည့် အချက်တစ်ချက်တော့ ရှိသည်၊ မည်သူတဦးတယောက်၏ တိုက်တွန်းချက်မှ မပါဘဲ ၄င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှု သက်သက်ဖြင့်သာ ပြုလုပ်ကြသည့် အလုပ်ဟုမမည်၊ တာဝန်ဟု မဆိုနိုင်သည့် ဆောင်ရွက်မှုတစ်ခု ဖြစ်သည်၊ ယင်းမှာ အခြားတော့ဖြင့်မဟုတ်၊ ကွန်ပြူတာတစ်လုံးရှေ့ထိုင်ကာ ကီးဘုတ်ပေါ် တချောက်ချောက် နှိပ်တတ်ကြခြင်းပင် ဖြစ်ပါသည်၊

ဟုတ်သည်၊ ထိုသူတို့အားလုံးသည် ကွန်ယက်များ ထွန်းကား၊ ပေါကြွယ်လှသော ၂၁ ရာစုထဲ၌ ကွန်ယက်တစ်ခု အတွင်း အပြန်အလှန် ချိတ်ဆက်၊ ယှက်နွယ် မိနေကြသူများ ဖြစ်ကြသည်၊ ကိုယ့်သဘောနှင့်ကိုယ် အငြိခံနေကြသော ထိုကွန်ယက်အတွင်း ၄င်းတို့ ပြောချင်သည်များကို လွတ်လပ်စွာ ဖွင့်ဟ၊ လွှင့်တင်လေ့ ရှိကြသည်၊ ဝေမျှချင်သည်များကို စေတနာ ဗရပွဖြင့် ဝေမျှကြသည်၊ နှစ်သက်ရာ သီချင်းများ၊ ဓါတ်ပုံများကို တင်ပြ၊ ခံစားလေ့ ရှိကြသည်၊ ထိုသို့သော အရာများကို လုပ်ဆောင်ရန်အတွက် သူတို့အားလုံးတွင် ကိုယ်ပိုင်စာမျက်နှာ တစ်ခုတော့ အသီးသီး ရှိကြသည်၊ ထိန်းချုပ်၊ ကွပ်ကဲမှု လုံးဝမရှိသလောက် နီးပါးလွတ်လပ်သည့် အဆိုပါ ကွန်ယက်၏ စာမျက်နှာများတွင် ၄င်းတို့ ဘာတွေကို ရေးကြ၊ ပြောကြပါသနည်း...၊

သူတို့ပြောသည့် အကြောင်းအရာတွေကတော့ မျိုးစုံပင်ဖြစ်ပါသည်၊ အိမ်မှ ကြွေဘေစင်နှင့် အိမ်သာကို ပုံမှန် မတိုက်ချွတ် မိသဖြင့် ထုံးဓါတ် limescale တွေတက်နေသည့် အကြောင်း ဖြစ်ချင်ဖြစ်မည်၊ ညနေပိုင်း အင်္ကျီနှင့် လုံချည် လဲပြီး ခြံထဲဆင်းသွားသည့်အခါ ခွေးပုကြီး တစ်ကောင် တုံးလုံးကြီးခွေနေတာ မြင်မိသည့် အကြောင်း ဖြစ်ချင်ဖြစ်မည်၊ အဆင်မပြေသော နေ့တစ်နေ့၌ ကျူးလစ်ပန်းအိုးလေးတစ်အိုး လက်ဆောင်ရသည့်အကြောင်း ဖြစ်ချင်ဖြစ်မည်၊ လုပ်ငန်း တာဝန်ဖြင့် တောထဲတောင်ထဲ လျှောက်သွားတုန်းက တစ္ဆေ၊ သရဲတွေနှင့် နပန်းလုံးခဲ့သည့်အကြောင်း ဖြစ်ချင် ဖြစ်မည်၊ ပင်နီစူလာမှာ ဘီးကုပ်တွေ၊ နှုတ်ခမ်းနီတွေ သွား,သွားဝယ်သည့်အကြောင်း ဖြစ်ချင်ဖြစ်မည်၊ လွမ်းမောဖွယ်ရာ စာသင်နှစ်တွေဆီ ပြန်လည် လွမ်းဆွတ်နေတတ်သည့် မဟုတ်မခံ ဆရာမလေးတစ်ယောက် အကြောင်း ဖြစ်ချင်ဖြစ်မည်၊ မင်္ဂလာဆောင် ဓါတ်ပုံတွေကို အပိုင်းလိုက်ခွဲပြီး ပြတာမျိုး ဖြစ်ချင်ဖြစ်မည်၊ အမြဲစိမ်း ဆိုပေမယ့် အမြဲပျောက်နေသူတစ်ယောက်၏ ခရီးသွားဆောင်းပါးတွေ ဖြစ်ချင်ဖြစ်မည်၊ မြင်တာနှင့် မော်နီတာကြီး တစ်ခုလုံး ချက်ချင်း ကောက်ဝါးလိုက်ချင်အောင် အရသာရှိပုံရမည့် ဟင်းဓါတ်ပုံတွေ ဖြစ်ချင်ဖြစ်မည်၊ ကိုယ့်မွေးနေ့ ကိတ်ကို ကိုယ့်ဟာကိုယ် ဓါတ်ပုံရိုက်ပြီး လူတကာကို ဂဏန်းတွက်ခိုင်းတာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်ပါသည်၊ ယခု တင်ပြခဲ့သည်များက အတွေးတဖြတ်၊ စိတ်တမှတ်အတွင်း စဉ်းစားမိသည်တို့သာ ဖြစ်သည်၊ အားလုံးကို ခြုံငုံမိရန် မစွမ်းသာသည် ဖြစ်၍ ကျန်ခဲ့သည်များ ရှိမည်ဖြစ်ပါသည်၊ စင်စစ် ၄င်းတို့ ပြောကြသည့် အကြောင်းအရာများက တစ်ထောင့်တစ်ည ပုံပြင်တွေထက်ပင် သာလွန်များပြားမည်မှာ ယုံမှား သံသယ ဖြစ်စရာပင် မလိုပေ၊

ဘာ့ကြောင့် သူတို့ သည်လိုရေးကြ၊ ပြောကြသနည်းဟု ဤနေရာတွင် စောကြောမိစရာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်၊ ထိုသူတို့ကတော့ ရေးချင်၍ရေးသည်ဟုသာ ဖြေကြလိမ့်မည်ထင်သည်၊ စင်စစ် ဤဖြစ်ရပ်မှာ တောင်တက်သမား တစ်ယောက်အား 'ခင်ဗျား ဘာဖြစ်လို့ တောင်တွေကို လိုက်,လိုက်တက်နေတာလဲ' ဟု မေးသည်နှင့် တူပါသည်၊ ငွေကုန် ကြေးကျလည်းများသော၊ အသက် အန္တရာယ်လည်း နီးသော၊ ပင်ပန်းဆင်းရဲလည်း ခံရသော တောင်တက်ခြင်းအတွက် တောင်တက်သမားတွင် အဖြေ များများစားစား မရှိနိုင်သည့်နည်းတူ ထိုသူတို့ကလည်း ခပ်မဆိတ်ပင် နေကြပါလိမ့်မည်၊

သူတို့ထံတွင် တွေ့ရသည့် စိတ်ဝင်စားစရာ နောက်တချက်မှာ အဆိုပါကွန်ယက်အတွက် အာရုံဝင်စားမှုပင် ဖြစ်သည်၊ လေ့လာဆန်းစစ်သူတို့၏ အဆိုအရ ကွန်ယက်တွင်း 'ငြိ' မိပြီဆိုလျှင် ထိုအကြောင်းက အချိန်တော်တော်များများကို လွှမ်းမိုး သွားတတ်သည်၊ သူတို့ထဲမှ အချို့သည် စားလည်းသည်စိတ်၊ သွားလည်း သည်စိတ် ဖြစ်သည်အထိ စွဲလမ်း၊ ယစ်မူးမိ ကြသည်၊ ဤသို့ဖြင့် ကော်ဖီဆိုင်မှာ စာထိုင်ဖတ်နေခိုက် တဖက်ဝိုင်းမှ ဆဲရေးသံ ကြားသည့်အခါ ဤအကြောင်းကို ကွန်ယက်မှာ ပြောဖို့ ချက်ချင်းစဉ်းစားမိသည်၊ တနင်္ဂနွေမနက်တိုင်း ကျန်းမာရေးအတွက် အပြေးလေ့ကျင့်ရင်း ဥယျာဉ်ကြီးထဲမှ ပန်းကလေးများကို ဓါတ်ပုံရိုက်ပြီး ကွန်ယက်မှာတင်ဖို့ ကြိုးစားမိသည်၊ သူငယ်ချင်းတွေနှင့် ထမင်းစားသည့်အခါ ဘယ်သူမှ ဘာမျှမထိခင် ဟင်းပန်းကန်တွေကို ကွန်ယက်မှာတင်ဖို့ ဓါတ်ပုံ ရိုက်ချင်မိသည်၊ ထမင်းဟင်း ချက်ပြီးသည့်အခါ မည်သူမျှ မတို့မထိခင် ကွန်ယက်အတွက် ကင်မရာ ပြေးဆွဲမိသည်၊ အလှူအိမ်သွားသွား၊ မင်္ဂလာဆောင်သွားသွား ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ တဝိုင်းလုံးက စားသောက်ဖွယ်ရာတွေကို လှည့်ပတ်ဓါတ်ပုံ ရိုက်မိ ပြန်သည်၊ အစွဲလမ်း လွန်သူအချို့မှာ မိမိ၏ စာမျက်နှာလေး၌ ဘာမှ မတင်နိုင်သည့်အခိုက် အကြီးအကျယ် စိတ်ထိခိုက်ကာ မိမိ သရဲဖြစ်သွားသည်ဟုပင် ထင်မှတ်မှားလျက် ကွန်ယက်တွင်းမှာ အော်တိုဆပ်ဂျက်ရှင်း နည်းဖြင့် လှည့်လည် သွားလာခြောက်လှန့်ဖို့ပင် ကစင့်ကလျားနှင့် ဆောက်တည်ရာမရ ဖြစ်ကြလေသည်၊

သို့သော် အရင်းစစ်ရပါမူ ထိုသူတို့၏ စွဲလမ်း ရူးသွပ်မှုတို့မှာ ဖြူစင်၊ သန့်ရှင်းသည်ဟုပဲ ပြောရမည် ဖြစ်ပါသည်၊ မှန်သည်၊ သူဌေးရူး၊ မင်းသားရူး၊ လင်တရူး၊ မယားတရူး၊ အာဏာရူး စသည့် အရူးများနှင့် စာလျှင် အခြားမည်သူ့ကိုမျှ မထိခိုက်စေသည့် သိမ်မွေ့၊ ညင်သာသော ချစ်စရာ ရူးသွပ်ခြင်းတမျိုးပင် ဖြစ်သည်၊ ထိုကဲ့သို့သော ရူးသွပ်ခြင်းများက ပီတိပေါ်မှာ အခြေခံလေ့ ရှိသည်၊ ခင်မင်ရင်းနှီးမှုပေါ်မှာ အုတ်မြစ်ချလေ့ ရှိ ပါသည်၊ ဆိုရပါမူ ထိုသူတို့ ဖန်တီးလိုက်သော စာတစ်ပုဒ်၊ ဓါတ်ပုံတစ်ပုံ၊ သီချင်းတပိုင်း စသည်တို့သည် ဝင်ရိုးစွန်း ဒေသများတွင် တွေ့ရသော ရေခဲတောင် (iceberg) များနှင့် အလားသဏ္ဍန် တူပါသည်၊ ရေပေါ်တွင် မြင်ရသည့် အပိုင်းအစလေးက သေးငယ်သော်လည်း ထိုအပိုင်း ကလေး ပေါလောပေါ်လာစေရန် ရေအောက်မှ ကြီးမားလှသော ထုထည်အတွက် ပြင်ဆင်ရသည်၊ ရေပေါ်မှ ရေခဲတောင်ထွတ်ကလေး ကွဲအက်၊ ပြတ်ထွက်သွားခြင်း မရှိစေရန် ရေအောက်မှ ထုထည်ကို ခိုင်ခန့်သည်ထက် ခိုင်ခန့်စေရပါသည်၊

သို့သော် ထိုသို့သော ရေခဲတောင်လေးများ မျောပါနေသည်ကို မြင်ရသည့်အခါ ရေအောက်မှ ထုထည်တို့အတွက် အားထုတ်ခဲ့ရမှုများကို သူတို့ မေ့သွားကြသည်၊ အရွယ်အစားစုံ ရေခဲတောင်များ မျောပါနေသည့် ပင်လယ်ပြင်မှာ ရေခဲတောင်လေးများ လိုက်ကြည့်ရတာကိုက သူတို့အတွက် အမောပြေစရာ ဖြစ်သည်၊ သို့နှင့် အများသူငါတို့ ပူနွေးသော ရာသီဥတုမှာ၊ နွေးသမပိုင်း ဒေသမှာ၊ အီကွေတာ ဒေသမှာ အခြားအကြောင်းအရာများဖြင့် အဆင်ပြေပြေ ဇိမ်ကျနေခိုက် ထိုသူတို့ကတော့ ဝင်ရိုးစွန်းဒေသမှာပဲ ရေခဲတောင်တွေကို ဆက်လက်ထုဆစ်ဖို့ ကြိုးပမ်းနေဆဲ ရှိတော့သည်၊ စင်စစ် သူတို့သည် ဝင်ရိုးစွန်းမှာ ပျော်ကြသူများ ဖြစ်ပါသည်...။ ။


ညီလင်းသစ်
၉ မတ်၊ ၂၀၁၁

N.B. ဘလော့ဂိုစဖီးယားအတွင်းက ညီအစ်ကို၊ မောင်နှမတွေကို ချစ်သောစိတ်နဲ့ ဒီပို့စ်ကို ရေးပါတယ်...။ :D

06 March 2011

စိန်ခေါ်ခံရတဲ့အခါ...


ပြီးခဲ့တဲ့ ပို့စ်မှာပါတဲ့ ဗီဒီယိုကလစ်ပ်လေးကို လုပ်တုန်းက ကြုံခဲ့တာလေးတခု ပြောပြချင်လို့ပါ၊ ဒီ ဗီဒီယိုကို ဗုဒ္ဓဟူး၊ သို့မဟုတ် ကြာသပတေးမှာ တင်မယ်လို့ စဉ်းစားထားခဲ့တယ်၊ အဲဒီအတွက် အင်္ဂါနေ့ကတည်းက တည်းဖြတ်တာကို စ,လုပ် ပါတယ်၊ ပုံတွေထည့်၊ ဖြတ်စရာရှိတာဖြတ်၊ ဗီဒီယို အတိုအရှည်ကို ချိန်ညှိ အစရှိသဖြင့်ပေါ့..၊ ဗုဒ္ဓဟူးနေ့ညမှာတော့ ကျန်နေသေးတဲ့ နောက်ခံတီးလုံး၊ စာတန်း၊ အချောသတ် rendering စတာတွေကို လုပ်ပြီးတော့ ယူကျူကို တင်လိုက် ပါတယ်၊ ချောချောမွေ့မွေ့ပါပဲ၊ အဲ..ယူကျုမှာ ဗီဒီယိုကို ပြန်ကြည့်တဲ့ အထိပေါ့လေ၊


Photobucket
(အရင်ဗီဒီယိုနဲ့ အတူတူပဲမို့ မတင်တော့ဘဲ screenshot ပဲ ယူလိုက်ပါတယ်၊ စိတ်ဝင်စားလို့ ကြည့်ချင်ရင်တော့ ဒီယူကျုလင့်ခ်   မှာ သွားကြည့်လို့ ရပါတယ်..)


အဲဒီမှာ ကျနော့်ရဲ့ ဗီဒီယိုက အခုလိုဘေးမှာ အနက်ရောင်ဘားတွေနဲ့ လာပေါ်နေတယ်၊ ဒီလို အနက်ရောင်ဘားတွေက pixel aspect ratio လို့ခေါ်တဲ့ ပုံအချိုးအစား မညီတဲ့အခါ ပေါ်လာတတ်တာမျိုးပါ၊ အများဆုံး တွေ့ရတတ်တဲ့ 4:3 နဲ့ 16:9 ratio အကူးအပြောင်းမှာ ဖြစ်လေ့ရှိ တယ်၊ ကျနော်သုံးတဲ့ ကင်မ်ကော်ဒါက 16:9 wide screen ပါ၊ ယူကျုရဲ့ default ratio ကလည်း 16:9 wide screen ပါပဲ၊ ဒီလို အနက်ရောင်လိုင်းကြီး ပေါ်စရာ အကြောင်းမရှိပါဘူး၊ ဒါနဲ့ သေချာအောင် နောက်တခါပြန်ပြီးတော့ upload လုပ်တယ်၊ ဒီတခါတော့ သေသေချာချာကို 16:9 ratio wide screen ဆိုတာကို ရွေးတယ်၊ ပြီးတော့ အားလုံးကို စစ်ဆေးပြီး တင်လိုက်တယ်၊ မိနစ် ၄၀ လောက်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေရတယ်၊ ရပြီဆိုတာနဲ့ မျှော်လင့်တကြီးနဲ့ ကြည့်လိုက်တော့ ခုနက အတိုင်းပါပဲ၊ အပေါ်အောက် ဘေးနှစ်ဖက်မှာ အနက်ရောင်ဘားကြီးနဲ့..၊ နဲနဲတော့ မောသွားမိတယ်၊ ဘာ့ကြောင့်များပါလိမ့်၊ ခုန တင်ထားခဲ့တဲ့ ဗီဒီယို setting ကို ယူကျုက overwrite မလုပ်လို့များလားလို့ ကျနော်တွေးမိသွားတယ်၊ ဒါနဲ့ စိတ်ရှင်းရအောင် အဲဒီ ဗီဒီယို ၂ ခုလုံးကို ဖျက်ပစ်လိုက်ပြီးတော့ ၃ ကြိမ်မြောက် ထပ်ပြီး တင်ကြည့်ပါတယ်၊ မိနစ် ၄၀ ထပ်စောင့်တယ်၊ ဘာမှ မထူးဘူး၊ ဒီတခါတော့ တော်တော်မောသွားပြီ၊ ဒါဟာ ဆော့ဖ်ဝဲကြောင့် ဖြစ်တာပဲလို့ နဲနဲရိပ်မိတာနဲ့ Adobe Premiere Elements ဆော့ဖ်ဝဲထဲမှာ လိုက်ရှာကြည့်တော့မှ သွားတွေ့တယ်၊

ကင်မ်ကော်ဒါရဲ့ ပုံထွက်က 16:9 ဖြစ်ပေမယ့် ဒီ ဗီဒီယိုပရောဂျက်က 4:3 ratio နဲ့ လုပ်ထားမိတာကိုး၊ ကျနော့် အမှားပါ ပဲ၊ ဗီဒီယိုတစ်ခုကို လုပ်ရင် ဟိုးအစကတည်းက pixel aspect ratio ကို လိုက်ဖက်အောင် ရွေးရမှာ ကျနော်က မလုပ်ခဲ့မိဘဲကိုး..၊ ဒီတော့ ဆောဖ်ဝဲက 4:3 ratio နဲ့ fix လုပ်ထားလိုက်တာ..၊ ကောင်းပြီ၊ အမှားကို တွေ့တော့ ဒါကို ဘယ်လိုပြန်ပြင်ရမလဲလို့ ဆော့ဖ်ဝဲရဲ့ help menu ထဲမှာ လိုက်ရှာ ကြည့်တယ်၊ ဘာမှ ထွေထွေထူးထူး ရှင်းမပြထားပါ ဘူး၊ ခေါင်းနဲနဲ မူးလာလို့ နာရီကိုကြည့်တော့ မနက် ၂ နာရီခွဲ...၊ မဖြစ်ချေဘူးဆိုပြီး အားလုံးကို ဒီအတိုင်း အသာထား ပြီး အိပ်လိုက်တယ်၊ နောက်တစ်နေ့ ကြာသပတေးနေ့ တနေ့လုံး ဒီအကြောင်းပဲ ကျနော် စဉ်းစားနေဖြစ်ပါတယ်၊ အားလုံး အဆင်သင့်ဖြစ်နေတဲ့ ဗီဒီယို ပရောဂျက်တစ်ခုရဲ့ ပုံထွက် display ratio ကို ဘယ်လိုပြောင်းရမလဲ-လို့...၊ အလုပ်,လုပ်ရင်း အချိန်နဲနဲရတိုင်း အင်တာနက်မှာ လိုက်ရှာကြည့်တယ်၊ ကျူတိုရီယယ်လ်တွေ၊ ဖိုရမ်တွေ၊ လိုက်ဖတ် ကြည့်တယ်၊ အိမ်မှာလည်း ဆက်ရှာကြည့်ပါတယ်၊ အဖြေက သိပ်တော့ အားရစရာ မရှိပါဘူး၊ အားလုံးလိုလိုက တညီတညွတ်တည်း ပြောကြတယ်၊ အဲဒီအဆင့်မှာ ပြောင်းလို့မရတော့ပါ-တဲ့၊ ပြောင်းလို့ရသေးတယ်လို့ ပြောတဲ့လူက လည်း အပို ဆော့ဖ်ဝဲတွေ၊ plug-in တွေ ထပ်ပြီး ဒေါင်းလုပ်,လုပ်ပြီး အဆင့်ဆင့်ပြောင်းရမယ်-တဲ့၊ ရှုပ်ထွေးခက်ခဲတဲ့ နည်းလမ်းပါပဲ၊

ကွန်ပြူတာရှေ့ ကျနော် ခဏငိုင်သွားမိတယ်၊ ဒီအခြေအနေမှာ ကျနော့်အတွက် ရွေးစရာလမ်းက ၂ ခုပဲ ရှိပါတယ်၊ ဒီအတိုင်းပဲ ဘလော့ဂ်မှာ ပတ်ဘလစ်ရှ် လုပ်မလား? အားလုံးကို အစကနေ ပြန်လုပ်မလား? နာရီကိုကြည့်တော့ ည ၁၁ နာရီခွဲ...၊ ဒီအတိုင်းထားလိုက်ရင်တော့ အိပ်ရေးဝမယ်၊ ဒါပေမယ့် အဲဒီ ဗီဒီယိုကို ကြည့်မိတိုင်း မှန်ကြည့်တိုင်း အခါခါ သေရတဲ့ ဗျည်းနွဲ့လို ဖြစ်နေမှာပဲ၊ ဘာလုပ်မယ်ဆိုတာ ယတိပြတ် ဆုံးဖြတ်ပြီးတာနဲ့ ပထမဦးဆုံး မှားနေတဲ့ ဗားရှင်းနဲ့ ဗီဒီယိုကို ဖွင့်တယ်၊ ဗီဒီယို ကလစ်ပ် တစ်ခုချင်းစီရဲ့ ကြာချိန်တွေ၊ နောက်ခံတီးလုံး ကြာချိန်၊ စာသားတွေ အားလုံးကို စာရွက်တစ်ရွက်ပေါ်မှာ ရေးချထားလိုက်ပါတယ်၊ အဲဒါကတင် ၁ နာရီလောက် ကြာသွားတယ်၊ ပြီးတော့မှ နောက်ထပ် ဗီဒီယို ပရောဂျက်အသစ် တခု လုပ်ပါတယ်၊ ဒီတခါတော့ pixel aspect ratio ကို 16:9 wide screen ကို သေသေချာချာ ရွေးလိုက်တယ်၊ အားလုံးကို အစကနေ တခုမကျန် ပြန်လုပ်ရပြန်တယ်၊ ပြီးသွားတော့ ၃ နာရီ ထိုးခါနီးပြီ၊ ဘယ်တတ်နိုင် မလဲ၊ နောက်အကျဆုံး ကြာသပတေးကနေ သောကြာအကူးမှာ ဒီ ဗီဒီယိုကို တင်မယ်လို့ ကျနော် ဆုံးဖြတ်ထားခဲ့တာကိုး...၊ နောက်ထပ် ယူကျုကို upload တင်တာ၊ ဘလော့ဂ်ကို ပြင်ဆင်ပြီး ပတ်ဘလစ်ရှ်လုပ်တာ၊ အားလုံးပြီးသွားတော့ မနက် ၄ နာရီ...၊ မျက်လုံးတွေ ကျိန်းစပ်နေခဲ့ပေမယ့် ကျနော် ကျေနပ်ပါတယ်၊ ဘာ့ကြောင့် ဖြစ်တာလဲဆိုတာ ရှာတွေ့ခဲ့ပြီး နဂိုမူလထဲက ရည်ရွယ်ထားတဲ့အတိုင်း လုပ်နိုင်ခဲ့လို့...၊


Photobucket
(ဒါကတော့ ဗီဒီယို တည်းဖြတ် work station ရဲ့ screenshot ပါ)


ကျနော်နဲ့ အလုပ်အတူ တွဲလုပ်တဲ့ အထက်အရာရှိရဲ့ နာမည်က လုကာ-ပါ၊ အသက် ၄၀ လောက်ရှိပြီး ဖော်ဖော်ရွေရွေ နဲ့ သဘောကောင်းတယ်၊ ကျနော်တို့ အစည်းအဝေး လုပ်ကြတဲ့အခါ ပြဿနာတွေကို ဆွေးနွေးရင် သူက ပြုံးစစနဲ့ နောက်လေ့ ရှိပါတယ်၊ "တကယ်တော့ ပြဿနာဆိုတာ မရှိပါဘူး၊ စိန်ခေါ်မှုတွေပဲ ရှိတယ်"...တဲ့၊

သူ့ရဲ့ စကားအတိုင်း ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ဝန်းကျင်မှာ စိန်ခေါ်မှုတွေက များလှပါတယ်၊ နည်းပညာတွေက တိုးတက်ဆန်းပြား လာတာနဲ့အမျှ ဒါတွေကို လိုက်မှီနိုင်ဖို့၊ အပြောင်းအလဲ မြန်လှတဲ့ ဒီနေ့လို ခေတ်ကြီးထဲ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ အံဝင်ခွင်ကျ ဖြစ်ဖို့၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေက ထွေးရောယှက်တင်နဲ့ ကမ္ဘာဟာ ပြားသထက် ပြားလာတဲ့အခါ ကိုယ့်အပေါ်ပါ ပိကျလာတဲ့ ဖိအားပေါင်းစုံကို ကြံ့ကြံ့ခံနိုင်ဖို့၊ ... ....ဖို့၊ .... ......ဖို့၊

ဝန်ထမ်းလည်း ဝန်ထမ်းအလျောက်၊ ကျောင်းသားလည်း ကျောင်းသားအလျောက်၊ အိမ်ရှင်မလည်း အိမ်ရှင်မ အလျောက်၊ အစရှိသဖြင့် အယောက်တိုင်းဟာ နေ့စဉ်နဲ့အမျှ စိန်ခေါ်ပွဲတွေ နွှဲနေရတာပါပဲ၊ ဒီအပေါ်မှာ တုံ့ပြန်ပုံကတော့ အမျိုးမျိုးရှိမှာပါ၊ တခါတလေမှာ ကိုယ်က အလဲထိုး၊ တခါတလေတော့ ကိုယ့်ကိုအလဲထိုး၊ တခါတခါကျတော့ အမှတ်နဲ့နိုင်၊ တခါတခါကျတော့လည်း ဒိုင်ပွဲရပ်..၊ ကိုယ့်ရဲ့  ရှင် သန်ရာအလိုက် ရွေး ချယ်မှုအပေါ် မူတည်လို့ စိန်ခေါ်မှုတွေက အနည်းအများ ရှိမှာဖြစ်သလို အဲဒီစိန်ခေါ်မှုတွေအပေါ် ရင်ဆိုင်တုံ့ပြန်ရင်းနဲ့ပဲ  ရွေးချယ်မှု တွေကလည်း ပိုပြီး ပြတ်သားလာမှာပါ၊ သေချာတာကတော့ အမိဝမ်းက ထွက်လာကတည်းက အဆုတ်နဲ့ အသက်ရှူတတ်အောင် စိန်ခေါ်ခံခဲ့ရတဲ့ ကျနော်တို့ဟာ အဲဒီအသက်ရှူ ရပ်တဲ့နောက်ဆုံး အချိန်အထိလည်း ဆက်ပြီး စိန်ခေါ်ခြင်းတွေနဲ့ ကြုံနေရဦးမှာပါပဲ၊ ကိစ္စတော့ မရှိပါဘူး၊ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့ အခါကျတော့လည်း အသာလေး ဘေးချပြီး ဥပေက္ခာပြု၊ ကျော်လွှားသွားရုံပါပဲ၊ ဘဝဆိုတာက စပေါ့တ်ရိုက်ပြီး တပွဲတိုး ဝင်ဖြေလို့ရတဲ့ စာမေးပွဲ မဟုတ်တော့ သက်လုံကောင်းကောင်း၊ သတိရှိရှိနဲ့ တရံမလပ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ခံနိုင်ရည်ကို မွေးထားဖို့ပဲ လိုတယ်လို့ တွေးနေမိပါတယ်..။ ။


ညီလင်းသစ်
၆ မတ်၊ ၂၀၁၁

04 March 2011

ကန်ဘေးက တနင်္ဂနွေ


ပြီးခဲ့တဲ့ နှစ်ပတ်မှာ တနင်္ဂနွေက ပျော်ရွှင်ခြင်း ပန်းစည်းတွေ တပွေ့တပိုက်နဲ့ ကျနော်တို့ဆီကို ရောက်ချလာခဲ့ပါတယ်..၊ ပြီးတော့ ဆောင်းတွင်းကြီး ဖြစ်နေသေးရဲ့သားနဲ့ နွေဦးရာသီရဲ့ ဝတ်စုံကို ခပ်တည်တည်နဲ့ ကောက်ဝတ်ထားလို့...၊ မှုန်မှိုင်းမှိုင်း ကုတ်အင်္ကျီကြီးတွေနဲ့သာ အမြဲတမ်း နှာရည်တရှုံ့ရှုံ့ ရှိနေတတ်တဲ့ တနင်္ဂနွေကို အခုလို ဂျက်ကက်လေး တထည်နဲ့ အပြန့်သား၊ အစန့်သား လင်းလင်းချင်းချင်း တွေ့လိုက်ရတော့ လူတွေရဲ့ ပျော်ရွှင်မှုတွေဟာ ဘုရားကျောင်းက ခေါင်းလောင်းထိုးသံတွေနဲ့ အပြိုင်...၊ ဘာပြောကောင်းမလဲ၊ တဒေါင်ဒေါင် တဒင်ဒင်နဲ့ကို ဆူညံ ပြုံးပျော်လို့ပေါ့....၊

အဲဒီ နေရောင်နွေးနွေးတွေ အောက်က တနင်္ဂနွေနေ့လေးမှာ ကျနော်တို့ လမ်းလျှောက်ဖြစ်ပါတယ်၊အိမ်ကနေ ရေကန်စပ်ကိုဆင်း၊ အဲဒီကမှ ကန်ဘေးက လူသွားလမ်းလေး အတိုင်း ၁၀ မိနစ်လောက် လျှောက်လိုက်တော့ လာဗီယို (Laviau) ဆိုတဲ့ နေရာလေးကို ရောက်ပါ တယ်၊ အဲဒီနေရာလေးက နွေရာသီဆိုရင် စနေ၊ တနင်္ဂနွေတိုင်းလိုလို အပန်းဖြေ၊ ရေကူးတဲ့ လူတွေနဲ့ စည်ကားတတ်လေ့ ရှိပါတယ်၊ လူနေအိမ်တွေနဲ့ နဲနဲလှမ်းလို့ ဘာဘီကျူး လုပ်စားဖို့လည်း ခွင့်ပြုထားတယ်၊ ဆောင်းဦးဆိုရင်တော့ ရွက်ကြွေတွေနဲ့ လွမ်းစရာကောင်းပါတယ်၊ အနောက်ဖက်မှာလည်း ခင်တန်းလေးတခု ရှိတော့ သာယာတဲ့ နေရာလေး တစ်ခုလို့ပဲ ဆိုပါစို့..၊

အဲဒီမှာ သားက သူ့ရဲ့ကစားစရာတွေကို သဲထဲချပြီး စိတ်ကြိုက်ကစားတယ်၊ မအိမ်သူက သူနဲ့အတူ လိုက်ကစားပေးပြီး ကျနော်ကတော့ စိတ်ကူးတည့်သလို ဗီဒီယိုကလစ် တချို့ ရိုက်ဖြစ်ပါတယ်၊ ဘာမှ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး၊ ရေကန်နား ရောက်ဖြစ်တဲ့ အကြောင်းလေးကို အရေးနဲ့ မပြောဘဲ အပြနဲ့ ပြောကြည့်တဲ့ သဘောပါပဲ၊ နောက်ထပ် ၃ မိနစ် ၂၀ စက္ကန့်လောက်များ အချိန်ရသေးရင် အောက်က ဗီဒီယိုလေးကို အားပေးသွားပါဦး...လို့။ ။





ညီလင်းသစ်
၎ မတ်၊ ၂၀၁၁