19 August 2013

စားကျက်မြေမှာ တစ်ညတာ ...


ပြီးခဲ့တဲ့ သောကြာတစ်ရက်က အဲ့လ်ပ်စ် တောင်တန်းတွေပေါ်က စားကျက်မြေတစ်ခုကို သွားဖြစ်ပါတယ်၊ အိမ်ကနေ တစ်နာရီခွဲလောက် သွားရတဲ့ အဲဒီနေရာက ဆွစ်-အီတာလျံ နယ်စပ်က အယ်လ်ပိုင်း စားကျက်မြေတစ်ခု ဖြစ်သလို တောင်ပေါ် trekking သွားသူတွေ ဖြတ်သွားဖြတ်လာ လုပ်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်၊ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက အဲဒီတောင်ပေါ် စခန်းလေးမှာ ညအိပ်ရပ်နားဖို့အတွက် Yurt လို့ခေါ်တဲ့ မွန်ဂိုရွက်ဖျင်တဲ လေးတွေ ရှိတာပါပဲ၊ ပုံမှန်တည်းနေကျလို အခန်းထဲမှာ မဟုတ်ဘဲ ကွင်းပြင်ထဲက မွန်ဂိုတဲမှာဆိုတော့ တမျိုးလေး စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ တောင်ပေါ်ကို မသွားခင် အင်တာနက်ပေါ်မှာ မွန်ဂိုတဲပုံကို သားကိုပြတော့ သူက ပျော်ပြီး အခုထ,သွားမယ် လုပ်နေလို့ ခဏစောင့်ဖို့ ဖျောင်းဖျနေရသေးတယ်၊ ဒီလိုနဲ့ မူလကြိုတင် မှန်းထားတဲ့ သောကြာနေ့ နေ့လယ်ပိုင်းမှာတော့ ညအိပ်ခရီးအတွက် ပစ္စည်းအချို့ကို ယူပြီး မိတ်ဆွေမိသားစုနဲ့အတူ ကျနော်တို့ တောင်ပေါ် စားကျက်မြေကို ထွက်ခဲ့တော့တယ်...၊


တောင်ပေါ်စခန်းလေးရဲ့ နာမည်က Alpage de la Peule လို့ ခေါ်ပါတယ်၊ ဆိုင်းဘုတ်ပေါ်မှာ ပြင်သစ်၊ ဂျာမန် ၂ ဘာသာနဲ့ ရေးထားတာက ကောက်ရိုးပေါ်က စွန့်စားခန်း/တစ်ညတာ-တဲ့၊


ဒီနေရာက ကားပါကင်ပါ၊ အိမ်ကနေ ဒီနေရာလေးအထိကို တစ်နာရီခွဲလောက် လာရတယ်၊ ကားကို ဒီမှာထားခဲ့ပြီးတော့ တောင်ပေါ်ကို ခြေကျင် ဆက်တက်ရပါတယ်၊ တဆောင်းတွင်းလုံး ခဲနေခဲ့တဲ့ နှင်းတွေက အခုတော့ တောင်ကျချောင်းလေး အဖြစ်နဲ့ တသွင်သွင် စီးဆင်းနေပြန်ရော...၊ ကင်မရာအိတ်တဖက်၊ ထရိုင်ပေါ့ထ်အိတ် တဖက်အပြင် ညမှာအိပ်ဖို့ sleeping bag တွေထည့်ထားတဲ့ ကျောပိုးအိတ်ကို လွယ်လို့ တောင်တက်ခရီးကို အစ,ပြုလိုက်တယ်၊


လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ထူးထူးဆန်းဆန်း နေ့တိုင်းသာနေတဲ့ နေဟာ ဒီနေ့လည်း ခေါင်းပေါ်မှာ လင်းလင်းထိန်ထိန်နဲ့ ရှိနေပြန်တယ်၊ ကားရပ်ခဲ့တဲ့ နေရာကနေ တောင်ပေါ်အထိကို အမြင့် မီတာ ၄၀၀ လောက် ထပ်တက်ရပါတယ်၊ လမ်းခရီးမှာ တက်သူထက် ဆင်းလာတဲ့သူတွေ အများကြီးနဲ့ ဆုံရတယ်၊ အကွေ့အကောက် လူသွားလမ်းလေးအတိုင်း အသက်ရှူမမှားအောင် အာရုံစိုက်ပြီး တစ်လှမ်းချင်းတက်တယ်၊ ကလေးတွေလည်းပါလို့ လမ်းမှာ ၃ ခါလောက် နားရတယ်၊ တောင်တက်ချိန် စုစုပေါင်း ၁ နာရီနဲ့ ၁၀ မိနစ် ကြာပါတယ်၊


နောက်ဆုံးမှာတော့ တောင်ပေါ်စခန်းလေးကို ရောက်သွားပါတယ်၊ အုတ်နဲ့ဆောက်ထားတဲ့ ဟောဒီအိမ်ရှည်လေးထဲမှာ စားသောက်ဆိုင်အပြင် dormitory (စုပေါင်းအိပ်ခန်း)လည်း ရှိပါတယ်၊ ဟိုးတဖက်မှာတော့ မွန်ဂိုတဲ (Yurt) ၂ လုံးရှိတယ်၊ အဲ့လ်ပ်စ် တောင်တန်းပေါ်မှာ ရှိတဲ့ ဒီစခန်းလေးက ၂၀၇၁ မီတာ (၆၇၉၄ ပေ) အမြင့်မှာ ရှိပါတယ်၊


ကျနော်တို့ ညအိပ်တည်းခဲ့တဲ့ မွန်ဂိုတဲလေး ဖြစ်ပါတယ်၊ ဒီလိုတဲမျိုး ၂ လုံးရှိပြီးတော့ ဒီတစ်လုံးမှာ ၁၀ ယောက်တည်းလို့ ရပါတယ်၊ နောက်ထပ်တစ်လုံးကတော့ ပိုကြီးပြီး ၁၅ ယောက်စာ ဖြစ်ပါတယ်၊ အဲဒီနေ့ကတော့ ဒီတဲထဲမှာ ကျနော်တို့အပြင် နယ်သာလန်က တစ်ကိုယ်တော် တောင်တက်သမား တစ်ယောက်လည်း ရှိတယ်၊ ဒီလူက အမှန်ဆို သူ့မှာပါတဲ့ တဲထိုးပြီး ကွင်းပြင်ထဲမှာ အိပ်ချင်တာ...၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန် ၃ နိုင်ငံကို ဖြတ်ကျော်ပြီး လမ်းလျှောက်နေတဲ့ လူပါ၊ ပြင်သစ်မှာ ကြုံသလို ကွင်းပြင်ထဲ တဲထိုးပြီး အိပ်ခဲ့ပေမယ့် အခုဒီဖက်က တောင်ပေါ်မှာတော့ အဲဒီလို ခွင့်မပြုလို့ ဒီမှာလာအိပ်ရတာပါ၊ ပိုက်ဆံပေးပြီး အိပ်ရလို့ သူ့ပိုက်ဆံတွေကို နှမြောနေတယ်...၊


Yurt တဲလေးထဲမှာ ကောက်ရိုးအပြည့် ခင်းထားပြီးတော့ စစ်သုံးစောင်တွေ၊ ခေါင်းအုံးတွေနဲ့ အောက်ခံအခင်းတွေ ထားပေးပါတယ်၊ ဒါပေမယ့် အားလုံးကတော့ စောင်တွေခင်းပြီးမှ အဲဒီအပေါ်မှာ ကိုယ်စီယူလာတဲ့ sleeping bag တွေနဲ့ အိပ်ကြတာပါပဲ၊ ကျနော်သိတဲ့ တကယ့် မွန်ဂိုတဲတွေထဲမှာတော့ အိပ်လည်း ဒီနေရာ၊ ထမင်းဟင်းချက်လည်း ဒီနေရာ၊ တီဗီကြည့်လည်း ဒီနေရာနဲ့ မိသားစုအားလုံး ခွေးတိုးဝက်ဝင် နေကြလေ့ ရှိတာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ မွန်ဂိုတဲလေးက မွန်ဂိုးလီးယား စတက်ပ်မြက်ခင်းတွေပေါ်မှာ မဟုတ်ပေမယ့် ကောက်ရိုးတွေနဲ့ နွေးနွေးထွေးထွေးတော့ ရှိလှပါတယ်၊


တကယ်တော့ ဟောဒီလို တောင်ပေါ်စခန်းတွေက နွေရာသီမှာ နွားတွေ၊ သိုးတွေ လှန်ထားလေ့ရှိတဲ့ စားကျက်မြေတွေပါ၊ ဆွစ်ဇာလန် တစ်နိုင်ငံလုံးမှာ အခုလို စားကျက်မြေ တောင်ပေါ်စခန်းတွေ ရှိပါတယ်၊ နွေရာသီဆိုရင် နွားတွေ၊ သိုးတွေကို မောင်းတင်လာပြီးတော့ စခန်းအနီးက မြက်ခင်းပြင်တွေမှာ လှန်ထားရင်း ပိုင်ရှင်တွေ၊ သူရင်းငှားတွေကလည်း အခုလို စခန်းတွေမှာပဲ နေကြတယ်၊ တစ်နွေတွင်းလုံးမှာ နွားနို့၊ ဆိတ်နို့တွေ ညှစ်ပြီး နို့်အဖြစ် ရောင်းတန်ရောင်း၊ ဒိန်ခဲအဖြစ် လုပ်တန်လုပ်ပြီး မြို့မှာ သွား,သွား ရောင်းကြတယ်၊ ဒါပေမယ့် ဒီဖက်ခေတ်ရဲ့ ကြပ်တည်းလာတဲ့ ဈေးကွက်စီးပွားရေးမှာ အခုလိုလုပ်ကြတဲ့ တောင်သူလယ်သမားတွေအဖို့ အမြတ်ဘယ်လောက်မှ မရကြပါဘူး၊ သူတို့တွေ အတော်လေး ချို့တဲ့ကြတယ်၊ ဒီလိုနဲ့ ဖွံ့ဖြိုးလာတဲ့ ခရီးသွားလုပ်ငန်းနဲ့အတူ တောင်ပေါ်ကို လမ်းလျှောက်ကြတဲ့ ခရီးသွားတွေ များလာတဲ့အခါ ညအိပ်စခန်းလေးတွေ တစထက်တစ ဖွင့်ရင်းနဲ့ တဖက်တလမ်းကနေ ဆွစ်လယ်သမားတွေဟာ ဝင်ငွေရှာလာ ကြတယ်၊ အဲဒီကနေမှ ဆွဲဆောင်မှုကောင်းအောင် တချို့တွေက အခုလို မွန်ဂိုတဲလေးတွေနဲ့ ငှားစားတာမျိုးတွေ လုပ်လာကြတာ ဖြစ်ပါတယ်၊ ဟောဒီ Alpage de la Peule စခန်းကတော့ နှစ်စဉ် ဇွန်လလယ်မှာ တက်လာပြီးတော့ စက်တင်ဘာလလယ်အထိ ၃ လလောက် နေကြလေ့ ရှိတယ်၊ အဲဒါပြီးရင်တော့ ဆောင်းတွင်းတစ်တွင်းလုံး နေသူမရှိဘဲ စခန်းကို ပိတ်ထားလိုက်ရော...၊


ညစာအဖြစ် စားခဲ့တဲ့ Croûte au fromage...၊ ဒီအစားအစာက တကယ်တော့ ဆွစ်ကျေးလက် အစားအစာပါ၊ တောသူတောင်သားတွေ စားကြတဲ့ ဟင်းပွဲလို့ ဆိုကြပါစို့၊ ပေါင်မုန့်ညို အကြမ်းကြီးတွေကို အချပ်လိုက် ဝိုင်အဖြူနဲ့ စိမ်ပါတယ်၊ အဲဒီ အပေါ်မှာမှ ဝက်ပေါင်ခြောက်အလွှာ ခင်းပြီး မီးဖိုပေါ်မှာ အပူပေးထားတဲ့ ဒီန်ခဲအနှစ်တွေ လောင်းချလိုက်တာပါ၊ ပြီးတော့မှ အပေါ်ကနေ ကြက်ဥကြော်နဲ့ အအီပြေ ကြက်သွန်ချဉ်တို့၊ သခွားချဉ်တို့ ဖြူးလိုက်ရင် Croûte au fromage ရပါပြီ၊ လယ်သမားတွေ ဖွင့်ထားတဲ့ တောင်ပေါ်စခန်း ဖြစ်တဲ့အလျောက် ဒီပန်းကန်ထဲက ပေါင်မုန့်အပါအဝင် ဟင်းအမယ်တွေ အားလုံးက ခြံထွက်နဲ့ သူတို့ကိုယ်တိုင် လုပ်ထားတဲ့ အော်ဂဲနစ် အစားအစာ စစ်စစ်တွေပါပဲ...၊း)


အဲ.. အချိုပွဲက အသီးတွေကတော့ သူတို့စိုက်ထားတာ မဟုတ်ပါဘူး၊း) တောင်ခြေက စိုက်ခင်းတွေမှာ ဆင်းဝယ်ထားတဲ့ အေပရီကော့၊ ကီဝီ၊ စပျစ်၊ ငှက်ပျော... စတာတွေပါ၊ ဒီတောင်ကြောကြီး တစ်ခုလုံးမှာ ညအိပ်စခန်းဆိုလို့ ဒီတစ်ခုပဲ ရှိတာဖြစ်လို့ တည်းခိုခနဲ့ ညစာအပါအဝင် half board ရောင်းကြပါတယ်၊ တည်းသူတွေအားလုံးကလည်း တစ်နေကုန်တစ်နေခန်း လမ်းလျှောက်ထားကြသူတွေ ဖြစ်လို့ အားလုံးက ညစာပါ စားကြတယ်၊ ဈေးနှုန်းစိတ်ဝင်စားသူတွေ အတွက် ပြောရရင် တစ်ညတာတည်းခ ကောက်ရိုးမွေ့ရာ၊ ညစာ၊ မနက်ခင်းစာ အတွက် လူကြီးတစ်ယောက်ကို ၄၇ ဒေါ်လာ ကျပါတယ်၊


ဒီတောင်ပေါ် စခန်းလေးက တကယ်တော့ ဥရောပရဲ့ အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ Mont Blanc နဲ့ သိပ်မဝေးတော့ပါဘူး၊ နွေရာသီမှာ Mont Blanc ကို တစ်ပတ်,ပတ်တဲ့ လမ်းလျှောက်ခရီးစဉ်တွေ ရှိပါတယ်၊ Mont Blanc က ပြင်သစ်နိုင်ငံ ပိုင်နက်ထဲမှာ ရှိပေမယ့် ဆွစ်ဇာလန်နဲ့ အီတလီတို့ရဲ့ နယ်နိမိတ်နဲ့လည်း ကပ်နေတယ်၊ ဆိုတော့ Mont Blanc ကို တစ်ပတ်လျှောက်တဲ့ ခရီးစဉ်က ဒီသုံးနိုင်ငံကို ဖြတ်သွားရပါတယ်၊ အများအားဖြင့် တောင်တစ်ပတ် လျှောက်ဖို့ကို ၁၀ ရက်ကြာပြီးတော့ တစ်ရက်ကို ၈ နာရီလောက် လျှောက်ရပါတယ်၊ ဆိုတော့ ဟောဒီ La Peule စခန်းလေးက အဲဒီလို လမ်းလျှောက်သူတွေ ဝင်လိုက်ထွက်လိုက်နဲ့ စည်ကားနေတော့တယ်...၊


ဒီတောင်ပေါ်ခရီးမှာ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်က ကြယ်တွေကို ဓါတ်ပုံရိုက်ဖို့ ဖြစ်ပါတယ်၊ အဲဒါကြောင့် အိမ်ကနေ ထရိုင်ပေါ့ထ်မှအစ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အားလုံး ယူလာခဲ့တယ်၊ ညရောက်တော့ သူများတွေ အိပ်ရာဝင်သွားကြချိန်မှာ ကျနော်က ကြယ်တွေနဲ့အတူ ရှိနေခဲ့တယ်၊ အဲဒီဓါတ်ပုံရိုက်တဲ့ အကြောင်းကို ရှေ့လာမယ့် ပို့စ်မှာ သီးသန့်ရေးဖို့ ရှိပါတယ်...၊


နောက်တစ်နေ့ မနက်မှာတော့ စခန်းကနေ နောက်ထပ်ပိုမြင့်တဲ့ တောင်ပေါ်ကို ကျနော်တို့ ဆက်တက်ကြတယ်၊ လမ်းတွေက မတ်စောက်တဲ့ နေရာတချို့ ရှိပေမယ့် အများအားဖြင့်က ခပ်ပြေပြေနဲ့ မြင့်တက်သွားတာ များပါတယ်၊ သုံးလေးနှစ်အရွယ် ကလေးတွေပါတဲ့ မိသားစုတွေလည်း အများကြီး တွေ့ရတယ်၊ ဒီနိုင်ငံရဲ့ တဝက်ကျော်ကျော်လောက်က တောင်တန်းတွေပေါ်မှာ မေးတင်ထားတာဆိုတော့ ယေဘုယျအားဖြင့် ကလေးရောလူကြီးပါ လမ်းလျှောက်ခြင်းနဲ့ ရင်းနှီးကြတာ များပါတယ်၊ အနောက်ဖက်ကို လှည့်ကြည့်မိတော့ တစ်ညတာ အိပ်စက်ခဲ့တဲ့ မွန်ဂိုတဲနဲ့ တောင်ပေါ်စခန်းလေးက ဟိုးအောက်ဖက် ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့လေရဲ့...၊


တောင်ပေါ်ကို ဆက်တက်လာတယ် ဆိုပေမယ့် သိပ်တော့လည်း ဝေးဝေးသွားဖို့ မရည်ရွယ်ပါဘူး၊ တောင်ပေါ်မှာ ညအိပ်ရုံပဲ အိပ်ပြီး ပြန်ဆင်းလာတယ် ဆိုတာမျိုး မဖြစ်အောင်၊ ကလေးတွေ အတွက်လည်း ကိုယ်လက်လှုပ်ရှားဖြစ်အောင် နောက်ထပ် တစ်နာရီ သာသာလောက် ဆက်လျှောက်ဖြစ်တဲ့ သဘောပါပဲ၊ နွေရာသီဆိုပေမယ့် တစ်နှစ်ပတ်လုံး အရည်မပျော်တဲ့ ရေခဲဂလေစီယာတွေလည်း ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ရှိနေကြတယ်၊ ကျနော်တို့ ခပ်ငယ်ငယ်က သူငယ်ချင်း အချင်းချင်းနောက်ကြသလို ̔ဒီတောင်ကို မောင်ကျော်နိုင်မယ် မထင်ပါဘူး̕ လို့ တစ်ယောက်က ပြောရင် နောက်တစ်ယောက်က ̔ကျော်မနေပါနဲ့ကွာ၊ ကျော်လည်း ဟိုဖက်မှာ နောက်ထပ်တောင်တစ်လုံးပဲ ထပ်တွေ့မှာပဲ̕ လို့ ပြောကြသလို တောင်စဉ်တောင်ဆက်က မြင်ရသလောက် မျက်စိတဆုံး ပါပဲ...၊ အဆင်ပြေတဲ့ တောင်စောင်းလေး တစ်ခုမှာထိုင်ပြီး နေ့လယ်စာအဖြစ် အသင့်ယူလာတဲ့ ပေါင်မုန့်၊ အသားခြောက်နဲ့ အသီးတစ်ချို့ကို စားပြီးတာနဲ့ ကျနော်တို့ တောင်အောက်က ကားရပ်ခဲ့တဲ့နေရာကို ပြန်ဆင်းလာကြ တော့တယ်၊ ဘာပဲဖြစ်ဖြစ် မြို့ပြရဲ့ အလင်းရောင်တွေ၊ ဆူညံသံတွေ ကနေ ကင်းကွာပြီး ကြယ်ရောင်ဆမ်းတဲ့ တောင်တန်းတွေဆီမှာ ခိုလှုံခွင့်ရခဲ့တဲ့ တစ်နေ့နဲ့ တစ်ညတာ အခိုက်အတန့်လေးက အမှတ်တရပါပဲ...။ ။


ညီလင်းသစ်
၁၉ သြဂုတ်၊ ၂၀၁၃

12 August 2013

ကြယ်ကြွေည သန်းခေါင်ယံ


ပြီးခဲ့တဲ့ တနင်္ဂနွေည သန်းခေါင်ယံနဲ့ တနင်္လာနေ့ မိုးသောက်ယံမှာ Perseids meteor ကြယ်တွေ ကြွေမယ့်အကြောင်းကို ဟိုးအစောကြီး ကတည်းက နက္ခတ်တာရာ ပြက္ခဒိန်မှာ ကျနော်မှတ်ထားမိတယ်၊ ဒါပေမယ့် မှတ်သာမှတ်ထားပေမယ့် မျှော်လင့်ချက် ကတော့ သိပ်အကြီးကြီး မထားမိပါဘူး၊ အကြောင်းက သြဂုတ်လဟာ နွေရာသီ ဆိုပေမယ့် တိမ်တွေထူ၊ မိုးတွေရွာချင်လည်း ရွာနေတတ်တာမျိုး မဟုတ်လား၊ အရင်ကလည်း အဲဒီလို မှတ်ထားပြီး သတ်မှတ်ရက် နီးလာတော့ ကောင်းကင်ကို တမော့မော့နဲ့ တိမ်တွေ ကင်းမှ ကင်းပါ့မလားလို့ စောင့်ကြည့်ရင်း ဘာမှ မမြင်လိုက်ရဘဲ ကျော်လွန်သွားတဲ့ ရက်တွေ ရှိခဲ့ဖူးတာကိုး...၊ ဒါပေမယ့် ဒီနှစ် ဥရောပရဲ့ နွေရာသီဟာ အပူလှိုင်းတွေဘာတွေ ဖြတ်တဲ့အထိကို ပူပါတယ်၊ ဒီလိုနဲ့ ကြယ်တွေအများဆုံး ကြွေမယ်ဆိုတဲ့ တနင်္ဂနွေညကို နီးလာတဲ့အထိ ရာသီဥတုကလည်း နေ့ရောညပါ ကြည်ကြည်လင်လင်နဲ့ ရှိနေခဲ့တော့ မျှော်လင့်ချက် ပါးပါးလေး ပြန်တက်လာခဲ့တယ်၊ D-day မတိုင်ခင် ၂ ရက်အလိုမှာ မိုးလေဝသ ခန့်မှန်းချက်ကို ကြည့်တော့ ကောင်းကင်ဟာ စနေကနေ တနင်္ဂနွေညမှာ အကြည်လင်ဆုံး ရှိနေမယ်၊ ဒါပေမယ့် ကြယ်ကြွေညရဲ့ အထွတ်အထိပ်လို့ ဆိုတဲ့ တနင်္ဂနွေကနေ တနင်္လာညမှာတော့ တိမ်စိုင်တချို့ ရှိနိုင်မယ်-တဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် တနင်္လာနေ့မှာ အလုပ်သွားရမှာ ဖြစ်လို့ တနင်္ဂနွေမှာ ညဥ့်နက်သန်းခေါင် နေဖို့ ကျနော့်အတွက် ခဲယဉ်းပါတယ်၊ ဒါနဲ့ပဲ စနေနေ့ညမှာ ကြယ်တွေကို ဓါတ်ပုံထွက်ရိုက်ဖို့ ရွေးချယ်လိုက်တော့တယ်...၊

တကယ်တော့ မူလအစီအစဉ်က ဟိုတလောက ကျနော်တို့သွားခဲ့တဲ့ observatory ရှိတဲ့တောင်ပေါ် ကို သွားဖို့ပါ၊ အဲဒီနေရာမှာ မြို့ ပြရဲ့ ̔အလင်းညစ်ညမ်းမှု̕ တွေ မရှိသလောက် နည်းပါးပါတယ်၊ ဒါပေမယ့် ဖြစ်ချင်တော့ အနီးကပ်မှ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး၊ ကျနော် ခါးမျက်သွားတယ်၊ ဒါနဲ့ပဲ တောင်ပေါ်သွားမယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး အိမ်အနီးက မြင်ကွင်းမှာပဲ ကျေနပ်လိုက်ရ တော့တယ်၊


စနေနေ့ည ၁၁ နာရီ ၃၅ မိနစ်မှာ ဝရန်တာကနေ လှမ်းကြည့်တော့ ကောင်းကင်ဟာ တိမ်တွေလုံးဝ ကင်းစင်ပြီး ကြည်လင်နေခဲ့ပြီ၊ ဒါနဲ့ နေ့လယ်ကတည်းက ဓါတ်ခဲကို အားအပြည့်သွင်းထား၊ မဲင်မိုရီကဒ်ကို ရှင်းထားတဲ့ ကင်မရာကို ထရိုင်ပေါ့ထ်မှာတပ်၊ intervalometer timer ကို ကင်မရာမှာတပ်၊ အနွေးထည်နဲ့ ဓါတ်မီးကိုယူ၊ မအိမ်သူကို တခါတည်း ဂွတ်နိုက်လုပ်ပြီး အိမ်အောက်ကို ဆင်းလာခဲ့တယ်...၊


ဟိုး.. ငယ်ငယ်လေး ကတည်းက ကျောင်းစာတွေထဲမှာ သင်ခဲ့ရတဲ့ နဂါးငွေ့တန်း ဂလက်ဆီကို ကျနော့်ရဲ့ မျက်စိရှေ့တည့်တည့်မှာ ထင်းထင်းကြီးကို တွေ့နေရတယ်၊ ဒါတောင်မှ အိမ်နားမှာ ကားပါကင်က မီးတွေ၊ လမ်းမီးတွေ၊ အိမ်တချို့က မီးတွေနဲ့ လင်းနေလို့ အမှောင်ဆုံးဖြစ်တဲ့ သစ်ပင်ရိပ်တွေမှာ ကပ်သပ်ပြီး နေခဲ့ရတာပါ၊ မြန်မာပြည်မှာ ဆိုရင်တော့ မှောင်ရိပ်ခိုမှုနဲ့ အဆွဲခံရနိုင်ပေမယ့် အခုတော့ မီးမရှိတဲ့ အခိုက်အတန့်ကို ကျေနပ်နေမိတယ်၊ ဂလက်ဆီကို မြင်ကွင်းကနေ ပျောက်သွားမှာစိုးလို့ ကျနော်တော့ လက်နက်နဲ့ငြိမ်းချမ်းရေး မလဲချင်.. အဲ... အလင်းမဝင်ချင် သေးဘူး၊း) ဒီပုံကို တနင်္ဂနွေနေ့ မနက် ၁ နာရီ ၂၅ မိနစ်မှာ ရိုက်ပါတယ်...၊


နက္ခတ်တာရာ ပြက္ခဒိန် အလိုအရ ကြယ်ကြွေမှာကို ကောင်ကင်တခွင်လုံးမှာ မြင်ရမှာဖြစ်ပေမယ့် ကြယ်တွေက Perseus constellation ကနေ ကြွေမယ်လို့ ဆိုတယ်၊ ကျနော်နေတဲ့ အရပ်ကနေ ကြည့်မယ်ဆိုရင် Perseus constellation က မြောက်ဖက်မှာ ရှိပါတယ်၊ ကံဆိုးချင်တော့ အဲဒီမြောက်ဖက်မှာ အဆောက်အဦးတွေက မီးတွေ၊ လမ်းမီးတွေနဲ့ လင်းထိန်နေလို့ ကင်မရာကို ဘယ်လိုမှ လှည့်လို့မရနိုင်ခဲ့ဘူး၊ ဒါနဲ့ပဲ Milky way ရှိတဲ့ တောင်ဖက်အရပ်ကိုပဲ ကင်မရာကို အသေချိန်ထားပြီး ထိုင်ရိုက်နေလိုက် တော့တယ်၊ မနက် ၁ နာရီလောက်က စပြီးတော့ ကြယ်တွေက အရပ်ရှစ်မျက်နှာလုံးမှာ ကြွေပါတယ်၊ တစ်နာရီကို အလုံး ၅၀ ကနေ ၆၀ လောက်အထိ ကြွေမယ်လို့ ပြောထားပေမယ့် ကျနော့်မျက်စိရှေ့ မှာတော့ အဲဒီလောက် မများပါဘူး၊ တချို့ ကြယ်တွေက ခဏလေးနဲ့ မီးလောင်သွားလို့ ကြွေချိန်မြန်တာအပြင် ကျနော်က မြက်ခင်းပေါ်မှာ လှဲမအိပ်ဘဲ ထိုင်ရုံပဲထိုင်နေလို့ ကောင်းကင်တခွင်လုံးကို မြင်ကွင်းက မခြုံမိတာကြောင့်လည်း ပါ,ပါလိမ့်မယ်၊ အင်မတန်လှတဲ့ meteor fireball ကြယ်လုံးကြီး ၃ လုံး ကြွေတာကို မျက်စိနဲ့ မြင်လိုက်ရပေမယ့် ကင်မရာရှိတဲ့ဖက် မဟုတ်လို့ မမိလိုက်ဘူး၊ ကျနော်ရိုက်လို့ ရတဲ့အထဲက ခေါင်းပြတ်၊ အမြီးပြတ်၊ ဟိုတစောင်း၊ ဒီတစောင်း ပုံတွေကို ဖယ်ပြီး အဆင်အပြေဆုံး အပေါ်ကပုံနဲ့ပဲ ဒီတစ်ခေါက် ကျေနပ်လိုက်ရ ပါတယ်...၊

အိမ်ပေါ်ကို ပြန်တက်လာတော့ မနက် ၃ နာရီခွဲ ရှိနေပြီ၊ လုံးဝမည်းမှောင်တဲ့ နေရာကနေ ရိုက်ခဲ့တာ မဟုတ်လို့ ကြယ်တွေက လင်းသင့်သလောက်တော့ မလင်းပါဘူး၊ ဒါပေမယ့် နဂါးငွေ့တန်း ဂလက်ဆီအပါအဝင် Perseids meteor shower ရဲ့ ကြယ်ကြွေမိုး အမှတ်တရအဖြစ် တင်လိုက်ပါတယ်၊ ပုံတွေအားလုံးကို ISO 3200 နဲ့ f/2.8 မှာထားပြီး intervalometer timer နဲ့ စက္ကန့်သုံးဆယ် အလင်းပေးပြီး ရိုက်ပါတယ်...။ ။


ညီလင်းသစ်
၁၂ သြဂုတ်၊ ၂၀၁၃

02 August 2013

၂ မိနစ် ...


ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေက ကျနော်နေတဲ့ မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိပါတယ်၊ ဘူတာကြီးတွေမှာပဲ ရပ်တဲ့ အမြန်ရထားနဲ့ ရှိသမျှဘူတာစဉ် အကုန်ရပ်တဲ့ လော်ကယ်ရထားတို့ တိုက်မိတာ ဖြစ်ပါတယ်၊ ရထားတိုက်တဲ့ နေရာမှာ ရထားသံလမ်းက တစ်လမ်းပဲ ရှိတာဖြစ်လို့ ဒီတစ်လမ်းတည်းပေါ်မှာ ဟိုဖက်ဒီဖက်ကနေ မောင်းလာကြတဲ့ ရထားနှစ်စင်းအဖို့ ခေါင်းချင်းဆိုင် တိုက်မိတာ ဘယ်လိုမှ ရှောင်လွှဲမရတဲ့ ကိစ္စလို့ပဲ ပြောရမှာပါ၊ ပဏာမ စစ်ဆေးချက်တွေအရတော့ လော်ကယ်ရထားရဲ့ အမှားလို့ သိရတယ်၊ ပုံမှန်ဆို ဒီရထားက အက်ဆီးဒင့် ဖြစ်တဲ့နားက ဘူတာမှာ ခရီးသည်တွေ အတင်အချ လုပ်ပြီး မျက်နှာချင်းဆိုင်က လာတဲ့ အမြန်ရထားကို ဘူတာမှာပဲ ရပ်ပြီး စောင့်နေရမှာပါ၊ ရထားနှစ်စင်း လွှဲရှောင်နိုင်ဖို့ သံလမ်း နှစ်ခုရှိတဲ့ နေရာက အဲဒီဘူတာ တစ်ခုပဲရှိပါတယ်၊ အမြန်ရထား ဖြတ်သွားပြီးတော့မှ ဘူတာကနေ ရှေ့ဆက်သွားရလေ့ ရှိတယ်၊ ဒါပေမယ့် အဲဒီနေ့ ညနေကတော့ ဘာ့ကြောင့်မှန်း မသိဘဲ ခရီးသည်တွေ တက်ပြီးတာနဲ့ ရထားဟာ ဆက်ထွက်လာခဲ့တယ်၊ ဘူတာအထွက်မှာ ရှေ့ဆက်မသွားဖို့ တားမြစ်ထားတဲ့ မီးနီပြထားတာ တောင်မှ မလိုက်နာခဲ့ဘူး၊ ထွက်ပြီး ဘူတာကနေ မီတာ ၂၀၀ အကွာလောက်မှာပဲ မျက်နှာချင်းဆိုင်ကနေ အရှိန်နဲ့ လာနေတဲ့ အမြန်ရထားနဲ့ တိုက်မိကြတော့တယ်...၊

ရထားနှစ်စင်း တိုက်မိတဲ့ အခိုက်အတန့် point of impact မှာ လော်ကယ်ရထားက တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ မောင်းနေပေမယ့် အမြန်ရထားကတော့ တစ်နာရီ ကီလို ၁၀၀ နှုန်းလောက်နဲ့ ဝင်လာခဲ့တယ်၊ သူက လမ်းကြောင်းအမှန်ဆိုတော့ ပုံမှန်အရှိန်အတိုင်း မောင်းလာခဲ့တာပါ၊ ရှေ့တူရှူကနေ တရှိန်ထိုး ဝင်လာတဲ့ အမြန်ရထားကိုလည်း မြင်ရော လော်ကယ်ရထား မောင်းသူက အရေးပေါ် ဘရိတ်ကိုဆွဲပြီး သူရှိနေရာခေါင်းတွဲကနေ အနောက်ဖက် လူစီးတွဲတွေဖက်ကို ပြေးထွက်သွားတယ်၊ အမြန်ရထားကလည်း အရေးပေါ်ဘရိတ်ကို ဆွဲတယ်လို့ သိရတယ်၊ ဒါပေမယ့် တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ ၁၀၀ အရှိန်နှစ်ခုက ဘယ်လိုမှ မတူနိုင်ပါဘူး၊ အင်မတန် ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ အမြန်ရထားရဲ့ ခေါင်းတွဲဟာ လော်ကယ်ရထား ခေါင်းတွဲထဲကို ၈ မီတာလောက် ကျွံ့ဝင်သွားတော့တယ်၊ ခရီးသည်တွေဖက်ကို ထွက်ပြေးသွားတဲ့ လော်ကယ်ရထား မောင်းသူက လွတ်သွားပေမယ့် အမြန်ရထား စက်ခေါင်းမောင်းကတော့ နေရာမှာပဲ ဆုံးသွားရှာတယ်၊ ပြင်သစ်ကနေ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့ အသက် ၂၄ နှစ်ပဲ ရှိသေးတဲ့ လူငယ်လေး တစ်ယောက်ပါ၊ ခရီးသည် ၃ ယောက်က ဒဏ်ရာနည်းနည်း ပြင်းပေမယ့် ကျန်တဲ့ အယောက် ၂၀ လောက်က သာမန်ဒဏ်ရာလောက်ပဲ ရကြတယ်၊ ဒါဟာ တလောဆီက ဖြစ်သွားတဲ့ ပြင်သစ်နဲ့ စပိန်နိုင်ငံက ရထားအက်ဆီးဒင့်တွေရဲ့ နောက်ဆက်တွဲ ကံဆိုးမှုလို့ ပြောရမှာပါပဲ၊

ကျနော့်ရဲ့ အိမ်နီးနားချင်း တစ်ယောက်က ရထားစက်ခေါင်းမောင်းပါ၊ မနေ့က သူနဲ့ ဒီအကြောင်းကို စကားပြောဖြစ်ရင်း အကြောင်းတစ်ချို့ ထပ်သိခဲ့ရတယ်၊ စည်းကမ်းချိုးဖောက်တဲ့ လော်ကယ်ရထား မောင်းသူက အသက် ၅၄ နှစ်ရှိပြီ၊ ဒီလို စက်ခေါင်းမောင်းအလုပ်ကို လုပ်ခဲ့တာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီလို့ သိရတယ်၊ သူဟာ လုပ်သက်ရင့်သူ ဖြစ်တဲ့အလျောက် လူချစ်လူခင် များသူလို့ ဆိုတယ်၊ ‘သူက တစ်ယောက်တည်း နေတဲ့လူဗျ၊ အိမ်ထောင်လည်း မရှိဘူး၊ မိဘတွေကလည်း ကွယ်လွန်ကုန် ကြပြီ၊ သူ အမှားလုပ်တာကတော့ လုပ်တာပေါ့လေ၊ ဒါပေမယ့် အခုလို အချိန်မှာ ဟောဒီအဖြစ်ဆိုးကြီးကို သူ တစ်ယောက်တည်း ဘယ်လိုများ ရင်ဆိုင်မလဲလို့ ကျနော် တွေးနေမိတယ်’ လို့ ကျနော့်ရဲ့ အိမ်နီးချင်း ရထားမောင်းသူက ပြောတယ်၊ ဘာပဲဖြစ်ဖြစ် မထွက်ရမှန်းလည်း သိတယ်၊ မီးနီလည်း ပြထားလျက်နဲ့ ထွက်သွားတဲ့ သူ့အမှားက လုပ်ဖော်ကိုင်ဖက် လူငယ်လေး တစ်ယောက်ရဲ့ ဘဝကို ယူပစ်လိုက်တယ်၊ အမှားလုပ်မိတဲ့ အဲဒီ ရထားမောင်းသူ လိုပဲ သေသွားတဲ့ လူငယ်စက်ခေါင်းမောင်းကလည်း အလုပ်ထဲမှာ လူချစ်လူခင် ပေါသူပါပဲ-တဲ့၊ အမြဲတမ်း အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့ နေတတ်သူ တစ်ယောက်လို့ သိရတယ်၊ ကျနော့် အိမ်နီးချင်းက ဆက်ပြောပြတယ်၊ အဲဒီလူငယ်လေး မောင်းတဲ့ရထားက ပုံမှန်ဆိုရင် အဲဒီလမ်းပိုင်းကို ရောက်တဲ့အခါ အမြဲတမ်း ၂ မိနစ် နောက်ကျတယ်၊ အဲဒါဟာ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဘဲ.. နေ့တိုင်းလိုလို ၂ မိနစ် နောက်ကျတယ်၊ ဒါပေမယ့် အဲဒီနေ့ကတော့ သူ့ရထားဟာ ထူးဆန်းစွာနဲ့ပဲ သတ်မှတ်ချိန် အတိအကျ ဝင်လာခဲ့တယ်၊ အကယ်၍များ ထုံးစံအတိုင်း ၂ မိနစ် နောက်ကျခဲ့ရင် တစ်ဖက်က လော်ကယ်ရထားဟာ နောက်ထပ် ဘူတာတစ်ခုကို ရောက်ပြီး အဲဒီမှာ စောင့်နေလို့ ရကောင်းရခဲ့ နိုင်မှာပေါ့၊ ဒါမှမဟုတ် အမှားလုပ်မိတဲ့ စက်ခေါင်းမောင်းက သူ့အမှားကို သဘောပေါက်ပြီး အမြန်ရထားကို ချက်ချင်းဆက်သွယ်လို့ လမ်းမှာရပ်ထားဖို့ ပြောကောင်း ပြောနိုင်ခဲ့မယ်...၊

တကယ်တမ်း ပြောရရင်တော့ စောတာပဲဖြစ်ဖြစ်၊ နောက်ကျတာပဲ ဖြစ်ဖြစ်.. ဒီလိုဖြစ်မယ်လို့ ပြဌာန်းထားတယ် ဆိုရင် အဲဒီအတိုင်းပဲ ဖြစ်သွားရတာ မဟုတ်လား၊ ဆွစ်ဇာလန်က ရထားတွေက အချိန်တိကျ၊ မှန်ကန်တာနဲ့ ပတ်သက်ပြီး နာမည်ကောင်းရလေ့ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်ခါ အချိန်တိကျမှုကတော့ အပြစ်မဲ့တဲ့ လူတစ်ယောက်ရဲ့ အသက်နဲ့ထပ်တူ တန်ဖိုးကြီးလှတယ်လို့ ကျနော် တွေးနေခဲ့မိတော့တယ်...။ ။


ညီလင်းသစ်
၂ သြဂုတ်၊ ၂၀၁၃

29 July 2013

A frame at a time: သနပ်ခါး


ဒီရက်ပိုင်းတွေမှာ ရာသီဥတုက မယုံနိုင်စရာ ကောင်းလောက်အောင် ပူတယ်၊ မနက် ၁၁ နာရီလောက်ဆိုရင်ပဲ အပူချိန်က သိသာနေပြီ၊ နေ့လယ်ပိုင်းတွေမှာတော့ ဘာမှမလုပ်ဘဲ ထိုင်နေရင်းနဲ့ကို အပူရှိန်ကို ခံစားနေရတယ်၊ ရုံးခန်းထဲမှာ ထိုင်နေလည်းပူ၊ ဓါတ်ခွဲခန်းထဲမှာလည်းပူ၊ ဘယ်သွားသွား မလွတ်သလောက်ပါပဲ၊ မိုးလေဝသ သတင်းမှာ အပူလှိုင်းဖြတ်နေတယ်လို့ ကြေညာထားတယ်၊ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းကတော့ အေးလိုက်တာ ဆိုတာ တကယ့်ကို မပြီးနိုင်မစီးနိုင်...၊ ပုံမှန်ဆို ဧပြီလလယ်လောက်မှာ နေရောင်ခြည် နွေးနွေးလေးနဲ့ နွေဦးရာသီ ရောက်လာနေကျပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီမှာတော့ နှင်းတွေအဖွေးသားနဲ့ ဆောင်းတွင်းပဲရှိသေးတယ်၊ တခါ မေလမှာလည်း အေးတုန်း...၊ ပြီးတော့ ဇွန်လမှာပါ မိုးတွေအုံ့၊ မိုးတွေရွာပြီး ဆက်တိုက်ကို အေးနေခဲ့တာ..၊ ဟော.. အခုကျပြန်တော့ နေတွေ ခြစ်ခြစ်တောက်ပူပြီး အိုက်စပ်နေတာ နှစ်ပတ်လောက်တောင် ရှိနေပြီ၊ ဆိုတော့ လူတွေက ဆောင်းတွင်းမှာ အေးတော့လည်း အေးလို့၊ အခု နွေရာသီမှာ ပူတော့လည်း ပူလို့နဲ့ ညည်းတွားကြပြန်ရော...၊း)

ညအချိန်ထိ ခပ်နွေးနွေးရှိနေသေးတဲ့ အပူရှိန်ကို တွန်းလှန်ဖို့ အကောင်းဆုံးအဖော်ကတော့ သနပ်ခါးပါပဲ၊ ခြေဆုံးခေါင်းဆုံး လိမ်းထားတဲ့ သနပ်ခါးရနံ့ သင်းသင်းလေးနဲ့ အိပ်ရာဝင်မှပဲ အေးအေးချမ်းချမ်း အိပ်ပျော်တော့တယ်၊ သားကို သနပ်ခါး လိမ်းပေးရင် ပါးကွက်ပါ ကွက်ပေးမှ သူကကြိုက်တယ်၊ သူ့ပါးပေါ်က သနပ်ခါးကို သွားပွတ်တံနဲ့ ခြစ်ပြီး ပါးကွက်,ကွက်ပေးနေရင်း ကျနော်တို့ငယ်ငယ်က အဖွား သနပ်ခါး လိမ်းပေးခဲ့တဲ့ အချိန်တွေကို သတိရတယ်၊ အဖွားက ကျနော်တို့ကို သနပ်ခါး လိမ်းပေးပြီးရင် မြေးတစ်ယောက်စီရဲ့ ပါးစပ်ထဲကို သနပ်ခါး တစ်တို့တော့ အမြဲခွံ့ တတ်တယ်၊ ̔စားကြဟဲ့...၊ ဝမ်အေးတယ်၊ ကျန်းမာရေး အတွက်ကောင်းတယ်̕ လို့လည်း ပြောသေးတယ်၊ သနပ်ခါးက စားလို့ရတဲ့ အကြောင်း သားကိုပြောပြတော့ သူက မယုံသလိုနဲ့ ကျနော့်ကို ကြည့်တယ်၊ ဒါနဲ့ ကျောက်ပျဉ်ပေါ်က သနပ်ခါးတစ်ကော် ယူစားပြလိုက်တော့ ̔သားသားလည်း စားကြည့်မယ်̕ တဲ့၊ သူ့ပါးစပ်ထဲ သနပ်ခါး နည်းနည်းလောက် ကျနော်ထည့်ပေးလိုက်ပြီး ̔ကောင်းလား̕ ဆိုတော့ ̔အရသာ မရှိဘူး̕ တဲ့၊ ခေါင်းခါတယ်...၊ ဘာပဲဖြစ်ဖြစ် ပူအိုက်လှတဲ့ နွေညတွေထဲမှာ သနပ်ခါးက ကျနော်တို့မိသားစုအတွက် အေးမြခြင်းတွေ ယူဆောင်လာပေးတာတော့ အမှန်ပါပဲ...။





ညီလင်းသစ်
၂၉ ဇူလိုင်၊ ၂၀၁၃

25 July 2013

ခုတလောဆီမှာ...


အားလုံးပဲ မင်္ဂလာပါဗျာ၊ ဒီတစ်ခေါက် ဘလော့ဂ်ရပ်ဝန်းကနေ ပျောက်သွားတာ ဘာလိုလိုနဲ့ အတော်ကြာသွားတယ်၊ နောက်ဆုံးပို့စ်ကို တင်ခဲ့တာ ဇွန်လ ၂၅ ရက်နေ့က ဆိုတော့ တစ်လတောင် ကြာသွားတဲ့ သဘောပေါ့၊ ပျောက်နေတဲ့ အကြောင်းကတော့ ဘာမှ ထူးထူးထွေထွေ မဟုတ်ပါဘူး၊ ထုံးစံအတိုင်း အလုပ်များနေလို့ အချိန်မရတာ၊ အချိန်ရပြန်တော့လည်း စာဖတ်နေတာ၊ တီဗီကြည့်နေတာ၊ အဲဒါတွေ မလုပ်တဲ့ အချိန်ကျတော့လည်း ပျင်းနေတာ... စသဖြင့်ပေါ့၊ ပြီးတော့ ဟိုတလောဆီက အတော်လေး လှုပ်ခတ်သွားတဲ့ သတင်းတွေနဲ့ အဖြစ်အပျက်တွေကလည်း ကျနော့်ရဲ့ စာရေးချင်စိတ်ကို အငွေ့ပျံ၊ ပျောက်ကွယ်စေခဲ့တယ်လို့ ဆိုရမှာပါပဲ၊ အဲဒီမှာ သတင်းတွေ၊ အဖြစ်အပျက်တွေနဲ့ တုံ့ပြန်ပုံတွေကို လိုက်ဖတ်ရင်း ဖေ့စ်ဘွတ်ခ်က စီးချင်းထိုးပွဲတွေ၊ တအုန်းအုန်း တဒိုင်းဒိုင်း ပစ်ခတ်ပေါက်ကွဲနေတဲ့ စကားလုံးမိုင်းတွေ အကြားကို ရောက်သွားခဲ့မိသေးတယ်၊ ဖေ့စ်ဘွတ်ခ်က ပြန်လာတော့ ကျနော့်ရဲ့ ခေါင်းထက်က ကောင်းကင်မှာ ညစ်ညူးနောက်ကျိတဲ့ မီးခိုးတွေနဲ့ အသက်ရှူ မဝဘူး၊ အဲဒီ မီးခိုးတွေ ရှူမိတဲ့အခါ လက်က ကွန်ပျူတာ ကီးဘုတ်ကို မနှိပ်ချင်တော့ဘဲ လေဖြတ်သွားတော့တယ်၊

ဒီအတောအတွင်းမှာ ဘယ်ကိုမှ မရောက်ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ ပျက်ကွက်မှုတွေ အတွက်လည်း တောင်းပန်ရမှာပါပဲ၊ ကျနော်ကသာ မရောက်ဖြစ်ပေမယ့် တချို့မိတ်ဆွေ တွေကတော့ မပျက်မကွက် တံခါးလာလာခေါက်နေ ခဲ့တယ်၊ ကိုယ်က ခင်မင်လို့ လာခဲ့ပေမယ့် ငြိမ်သက်နေတဲ့ စာမျက်နှာချည်းပဲ အကြိမ်ပေါင်းများစွာ တွေ့နေရတဲ့အခါ သူတို့တွေ အနည်းနဲ့အများတော့ စိတ်ပျက်ပြီး ပြန်သွားရမယ်ဆိုတာ ကျနော် နားလည်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုတော့လည်း ကျနော် ပြန်ရောက်လာပြန် ပါပြီ၊ ငြိမ်သက်နေတဲ့ ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်မိ တဲ့အခါ ၅ နှစ်ကျော်လောက် ရေးလာခဲ့တဲ့ ဘလော့ဂ်တစ်ခုဟာ ဒီလမှာ အဆုံးသတ်တော့မှာလားလို့ တွေးမိတော့ ̔နိုး.. အချိန်မကျ သေးဘူး̕ ဆိုပြီး ခေါင်းခါမိတယ်၊ ဘလော့ဂ်ရေးသူတွေ သိကြတဲ့အတိုင်း မရေးတာ ကြာသွားလို့ ပထမဦးဆုံး ပြန်ရေးတဲ့အခါ နည်းနည်းတော့ အိုးတိုးအမ်းတမ်းနဲ့ ကြောင်သလိုလို ဖြစ်တတ်ပါတယ်၊ အဲဒါကို ချေဖျက်ဖို့ အကောင်းဆုံးနည်းကတော့ ဓါတ်ပုံတွေတင်ပြီး အရှိန်ပြန်ယူတာ ပါပဲ၊ ကဲ.. တလောဆီက ရိုက်ထားတဲ့ ဓါတ်ပုံလေးတချို့ တင်လိုက်ပါတယ်၊


ပြီးခဲ့တဲ့ စနေတစ်ရက်က တောင်ပေါ်ကို သွားဖြစ်ခဲ့တယ်၊ အိမ်ကနေ တစ်နာရီသာသာလောက် ကားနဲ့သွားရတဲ့ Moléson ဆိုတဲ့ တောင်တန်းတစ်ခုပါ၊ မတွေ့တာကြာတဲ့ မိတ်ဆွေမိသားစုနဲ့ လမ်းအတူလျှောက်ရင်း၊ စကားပြောရင်းပေါ့၊ တောင်ပေါ်ကို ပထမ Funicular ရထားလေးနဲ့ တက်ရတယ်၊ အပေါ်က ပုံထဲမှာ မြင်ရတဲ့ ရထားလေးပါ၊ တောင်ရဲ့ ပိုမတ်တဲ့ ဒုတိယအဆင့်မှာတော့ ကေဘယ်လ်ကားနဲ့ ဆက်တက်ရတယ်...၊


Moléson (မိုလေဇွန်) က အဲ့လ်ပ်စ်တောင်တန်းကြီးရဲ့ မြောက်ဖက်အစွန် တစ်နေရာက တောင်ကြောတစ်ခုပါ၊ ၂၀၀၂ မီတာ မြင့်ပါတယ်၊ ရထားနဲ့ ကေဘယ်လ်ကားနဲ့ မတက်ချင်ဘဲ လမ်းလျှောက်တက်လာချင်လည်း ရပါတယ်၊ ၂ နာရီခွဲလောက် လျှောက်ရင် အခုနေရာကို ရောက်ပါတယ်၊


ဒါကတော့ တောင်ထိပ်မှာရှိတဲ့ ဟိုတယ်၊ စားသောက်ဆိုင်ပါ၊ ဟိုတယ်ဆိုပေမယ့် သီးသန့်ခန်းတွေ မရှိဘဲ စုပေါင်းအိပ်ခန်း dormitory တွေပဲ ရှိတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုကတော့ နက္ခတ်တာရာတွေ ကြည့်ဖို့ အခန်းလေး လုပ်ထားပေးတာပါပဲ၊ ခေါင်မိုးအနီနဲ့ အခန်းလေးမှာ ဘေးပတ်လည် ဖွင့်လို့ရတဲ့ မှန်ပြူတင်းပေါက်တွေနဲ့ တယ်လီစကုပ်တွေ ရှိပါတယ်၊ အဲဒီကနေ အရပ်ရှစ်မျက်နှာက ကောင်းကင်ကို ကြည့်ရုံပါပဲ၊ ကြယ်တွေကို ဓါတ်ပုံရိုက်ဖို့ တေးထားတဲ့ ကျနော့်အဖို့တော့ မှတ်သားထားရမယ့် နေရာ တစ်ခုပါ၊


တောင်အောက်မှာ ပူအိုက်နေပေမယ့် ဒီနေရာလေးမှာတော့ ချမ်းစိမ့်စိမ့်နဲ့...၊ လူတွေအများကြီး မတွေ့ရဘဲ လမ်းလျှောက်ရတာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ရှိပါတယ်၊ အိမ်ကနေ အသင့်ယူလာတဲ့ အသားညှပ်ပေါင်မုန့်တွေကိုပဲ နေ့လယ်စာအဖြစ် စားခဲ့တယ်...၊


အချိုပွဲအနေနဲ့တော့ စားသောက်ဆိုင်ကနေ Meringue with double-cream မှာစားတယ်၊ ဒီဒေသက ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိလှတဲ့ double-cream နာမည်ကြီးပါတယ်၊ Meringue ဆိုတာကတော့ ကြက်ဥအရည်ကြည် အဖြူရောင်ကို သကြားနဲ့ ခေါက်ထားတဲ့ ဟာပါ၊ ဆွစ်နဲ့ ပြင်သစ် အစားအစာတွေမှာ အချိုပွဲအနေနဲ့ မကြာခဏ တွေ့ရတတ်ပါတယ်၊ ဒီအချိုပွဲက သကြားတွေ၊ ခရင်မ်တွေနဲ့ ဆိုတော့ ခန္ဓာကိုယ်အလေးချိန် တိုးမှာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေသူတွေ အဖို့တော့ အဆင်ပြေမယ် မထင်ဘူး၊ ကျနော်ကတော့ ခရင်မ်ပျစ်ပျစ်မှာ ပါတဲ့ ဝစေတဲ့ Shortening တွေကို အက်စ်ပရက်ဆို တစ်ခွက်နဲ့ မေ့ပစ်လိုက်တယ်...၊


ပြီးတော့လည်း အိပ်ပြန်ဖို့ပဲပေါ့၊ Funicular ရထားအလာကို စောင့်ရင်း စောစောက တက်ခဲ့တဲ့ တောင်ထိပ်ကို နှုတ်ဆက်လိုက်တယ်၊ ဒီနေရာက ဆောင်းတွင်းဆိုရင် နှင်းတွေအပြည့် ဖုံးတတ်တဲ့ နေရာပေါ့၊ အဲဒီအချိန် ဆိုရင်တော့ ရထားစီးစရာ မလိုဘဲ ပုံထဲမှာ မြင်ရတဲ့ chalet အိမ်လေး အရှေ့ကနေ ski နဲ့ တောင်အောက်ကို ပြန်ဆင်းသွားလို့ ရပါတယ်...။

အခုရက်တွေမှာတော့ ကျနော့်ရဲ့ ကောင်းကင်မှာ အစမှာ ပြောခဲ့တဲ့ စကားလုံးမိုင်းတွေက ထွက်လာတဲ့ မီးခိုးမြူတွေ တဖြည်းဖြည်းနဲ့ စဲသွားလို့ အရင်ကလိုပဲ စာတွေ၊ ဓါတ်ပုံတွေ ပုံမှန် ပြန်တင်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်၊ ကျနော် ငြိမ်သက်နေခိုက်မှာ တိတ်တိတ်လေး လာသွားသူတွေရော၊ ကျယ်ကျယ်လောင်လောင်နဲ့ စီဘောက်စ်ကနေ နှုတ်ဆက်သွားသူတွေရော... အားလုံးကို ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၂၅ ဇူလိုင်၊ ၂၀၁၃

25 June 2013

သူ ချစ်ပုံက...


ကျနော့်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ သူနဲ့ကျနော်က ငယ်ငယ်ကတည်းက ဆော့ကစားရင်း သိခဲ့ကြတဲ့ သူငယ်ချင်းတွေ မဟုတ်သလို အထက်တန်းကျောင်းမှာ၊ တက္ကသိုလ်မှာ သိခဲ့ကြသူတွေလည်း မဟုတ်ပါဘူး၊ ကျောင်းတွေကိုယ်စီပြီးလို့ လုပ်ငန်းခွင် အတွက် ပြင်ဆင်တဲ့ သင်တန်းတွေတက်ရင်းမှ သိခဲ့ကြတာ...၊ သူက ကျနော့်ထက် လေးငါးနှစ်လောက် အသက်ပိုကြီးတယ်၊ ဒါပေမယ့် စတွေ့ပြီး နာရီပိုင်းလောက်မှာပဲ သူက ̔နှုတ်မကျိုးသွားခင် မင်းနဲ့ငါလို့ပဲ သုံးရအောင်ကွာ̕ ဆိုပြီး တရင်းတနှီး ပြောလာတယ်၊ အသက်တွေကလည်း မငယ်တော့ဘူးဆိုတော့ ကျနော်တို့ အားလုံးကအချင်းချင်း ခင်ဗျားတွေ၊ ကျနော်တွေ လုပ်နေကြတာကိုး..၊ အဲဒီလို ပြောပြီးတာနဲ့ သူကကျနော့်ကို ဟိုးငယ်ငယ်လေးကတည်းက အတူကစားပြီး ကြီးလာခဲ့သူ တစ်ယောက်လို မင်းနဲ့ငါနဲ့ တရင်းတနှီး ပြောတော့တာပဲ၊ သူက ၅ နှစ်လောက် အသက်ပိုကြီးတာကို သိလို့ ကျနော့်မှာသာ သူ့ကို မင်းတွေ၊ ငါတွေ လုပ်ဖို့ အစပိုင်းမှာ အတော်ခက်လိုက်သေးတယ်၊

ပြောချင်တာက ကျနော့်သူငယ်ချင်းက အင်မတန် ဖော်ရွေတယ်၊ စကားပြောတာလည်း ပွင့်လင်းတယ်၊ ဇာတိက မြင်းခြံသား၊ ၆ ပေ လောက်ရှိတဲ့ သူ့အရပ်နဲ့ လိုက်အောင်ပဲ စကားသံကလည်း ကျယ်ကျယ်လောင်လောင်နဲ့...၊ လူတစ်ယောက်ယောက်နဲ့ ခွန်းကြီးခွန်းငယ် စကားပြောရပြီ ဆိုရင် သူ့မှာ ချက်နဲ့လက်နဲ့ ပြန်ပြောစရာ စကားလုံးက အမြဲရှိတယ်၊ တစ်ဖက်သားရဲ့ ထောက်ကွက်မှာ ကြောင်အ,ပြီး ဘာပြန်ပြောရမှန်း မသိတာမျိုး ဘယ်တုန်းကမှ ကျနော် မတွေ့ဖူးခဲ့ဘူး၊ စကားစစ်ထိုးရုံတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး၊ လက်ပါပြီး ထိုးကြ၊ ကြိတ်ကြမယ်ဆိုလည်း သူကဖြစ်တယ်၊ တဖက်သားက အပြန်အလှန် စကားပြောတတ်သူ မဟုတ်ဘဲ ထိုးမယ်၊ နှက်မယ် တကဲကဲဆိုတဲ့ လူစားမျိုး ဆိုရင် သူကလည်း ဘယ်တော့မှ လက်မနှေးဘူး၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းက လူမိုက်တော့ မဟုတ်ဘူး၊ လူတကာကို လိုက်ပြီး စော်ကား၊ ရန်လိုနေသူလည်း မဟုတ်ဘူး၊ သူ့အရှေ့မှာ မတရားလုပ်နေတာ၊ မမှန်မကန် ဖြစ်နေတာတွေ တွေ့ရင်သာ သူက မနေနိုင်မထိုင်နိုင် ဝင်ဝင်ပါမိတတ်တာ...၊ သူ့ရဲ့ မဟုတ်မခံ စိတ်ဓါတ်ကို ကျနော် သဘောကျတယ်၊ ငါ ကူညီလိုက်ရမလား၊ ဝင်ပြီး ရှင်းပေးလိုက်ရမလားလို့ စဉ်းစားနေစရာ မလိုဘဲ မွေးရာပါအသိနဲ့ စက္ကန့်မဆိုင်း ဝင်ကူညီတတ်တဲ့ အမှန်တရား ချစ်စိတ်ကို ကျနော် လေးစားတယ်၊ အဲ... ဘေးထွက်အကျိုးဆက်ကတော့ ရန်ပွဲတွေ မကြာခဏ ကြုံရတာပါပဲ၊ သူ ဘယ်လိုမှ သည်းမခံနိုင်တဲ့ လူတန်းစား တစ်ရပ်ရှိတယ်၊ ကားစပယ်ယာ...၊

ကားခတွေ ပိုတောင်းတာ၊ ပိုက်ဆံကို ပြန်မအမ်းဘဲ ရူးချင်ယောင်ဆောင်နေတာ၊ ခရီးသည်တွေကို တွန်းတင်၊ ဆွဲချတာ၊ ခရီးသည်တွေအပေါ် တစ်သက်စာ ကျေးဇူးပြုထားသူတွေလို မျက်နှာပေါက်မျိုးတွေနဲ့ မချေမငံ ပြောဆို ငေါက်ငမ်းတာ..၊ အဲဒါမျိုးတွေဆို သူ နည်းနည်းမှ သည်းမခံနိုင်ဘူး၊ ကိုယ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဝင်ပြောလေ့ရှိတယ်၊ အဲဒါဆိုရင်တော့ ပွဲပဲ၊ စပယ်ယာ ဆိုတာကလည်း ဘီးလေးဘီးပေါ်က အာဏာရှင် အသေးလေးတွေ မဟုတ်လား၊ ကိုယ့်ကားလည်း လာစီးသေး၊ အားလုံးက ငြိမ်ခံနေတဲ့ အလယ်မှာ ဟီးရိုးလည်း ဝင်လုပ်သေးဆိုတော့ ငြိမ်မသွားဘဲ လေသံမာမာနဲ့ ပိုပြီး ရင့်သီးလာလေ့ ရှိတယ်၊ တချို့ဆို ဝူးဝူးဝါးဝါး ထ,လုပ်သေးတာ..၊ အဲဒီအခါမျိုးဆို ကျနော့်သူငယ်ချင်းက သူတို့ထက် ပိုပြီး လေသံမာပြ လိုက်တယ်၊ စကားကို လှန်မပြောနိုင်အောင် တရစပ် ဖိပြောလိုက်လေ့ ရှိတယ်၊ ကံကောင်းတာတစ်ခုက သူ့ရဲ့ လေသံနဲ့ သူ့ရဲ့ အရပ်အမောင်း ကြောင့်ပဲလားတော့ မသိဘူး၊ ထိုးကြကြိတ်ကြတဲ့ ရန်ပွဲအဆင့်ကို ရောက်မလာဘဲ စကားများတာနဲ့တင် ပြီးသွားကြတာ များတယ်၊

တစ်ခါမှာ ကျနော်တို့ မန္တလေးကနေ ပြန်လာကြတယ်၊ သူက ဗင်ကားအဖြူလေးကို မောင်းပြီးတော့...၊ လမ်းလည်း သင့်တာနဲ့ သူ့ဇာတိ မြင်းခြံက အိမ်ကိုလည်း ဝင်လည်ကြတယ်၊ သူ့အိမ်ကနေ ခရီးဆက်ဖို့ ထွက်လာတော့ မြင်းခြံမှာ ဘုရားပွဲတစ်ခု ကျင်းပနေတာနဲ့ သွားကြုံတယ်၊ လမ်းမပေါ်မှာလည်း လူတွေ၊ ဈေးဆိုင်တန်းတွေက အပြည့်ပဲ၊ လူတွေကြားထဲကနေ တရွေ့ရွေ့နဲ့ ရှေ့တိုးမောင်းလာရင်း မျက်နှာချင်းဆိုင်ကနေ ကုန်ကားတစ်စင်း မောင်းလာတာ တွေ့ရတယ်၊ ကုန်ကားက သူ့ဖက်အခြမ်းမှာ လမ်းပိတ်နေတော့ ကျနော်တို့ မောင်းလာတဲ့ အခြမ်းကနေ ခပ်တည်တည်နဲ့ မောင်းလာတယ်၊ ကျနော့်သူငယ်ချင်းကလည်း သူ့လမ်းက အမှန်ဆိုတော့ ပုံမှန်ပဲ ရှေ့ဆက်တိုးသွား နေတယ်၊ အဲဒီမှာ ကားနှစ်စီးက မျက်နှာချင်းဆိုင် အနေအထားနဲ့ နီးကပ်လာပြီး ကြားမှာ လူတွေလည်းရှိတော့ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့ဘူး၊ ကားကို ရပ်လိုက်ရတဲ့ အချိန်မှာပဲ ကုန်ကားမောင်းသူက ̔ဟေ့ကောင်... ဒီမှာ ဘုရားပွဲ ကျင်းပနေတာ မင်းမမြင်ဘူးလား၊ မင်း မြန်မာလူမျိုး မဟုတ်ဘူးလား̕ လို့ ဒေါသတကြီးနဲ့ လှမ်းအော်တယ်၊ သူ အော်တာက ကျယ်တော့ ဘေးပတ်ဝန်းကျင်က လူတွေရော၊ ကားနှစ်စင်းကြားက လူတွေပါ အားလုံးကြားကြတယ်၊ တချို့တွေကလည်း တပြိုင်တည်း အေးလေ,ဘုရားပွဲ လုပ်နေတာကို မမြင်ဘူးလား၊ ဒီကောင်ဘာကောင်လဲ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကျနော်တို့ကားဖက်ကို လှမ်းကြည့်ကြတယ်၊ ကုန်ကားမောင်းသူရဲ့ ဒေါသသံနဲ့ အပြောက ကြားရသူတွေကိုပါ ဒေါသတွေ ထွက်လာစေပုံ ပါပဲ၊ ဒီလို အနေအထားမှာ တော်ရုံလူဆို ကယောင်ချောက်ချားနဲ့ မျက်စိသူငယ်၊ နားသူငယ် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်၊ ကားကလည်း လူအုပ်ကြီး အလယ်မှာ ရောက်နေတာ မဟုတ်လား၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းကတော့ အေးအေးဆေးဆေး ပါပဲ၊ ကားတံခါးဖွင့် ဆင်းလိုက်ပြီးမှ ဟိုလူ့ထက် ပိုကျယ်ပြီး ပိုမာတဲ့ လေသံနဲ့ ̔ဟေ့ရောင်...ငါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်၊ အမျိုးဘာသာ၊ သာသနာကို မင်းထက် ပိုပြီး ချစ်တယ်၊ နားလည်လား၊ အခု ဘုရားပွဲလုပ်နေတာ မြင်လို့ ငါ ဖြေးဖြေးလေး မောင်းလာတာ မင်းမမြင်ဘူးလား၊ မင်းကသာ ကိုယ့်လမ်းမှာ ကိုယ်မမောင်းဘဲ ယာဉ်ကြောပြောင်းပြန် မောင်းပြီး ဘုရားပွဲမှာ ကိုးရိုးကားရား လုပ်နေတာ... ̕ လို့ ပြန်ပြောလိုက်တယ်၊ သူ့ စကားသံ အဆုံးမှာ ခုနတုန်းက ကျနော်တို့ဖက်ကို ကြည့်နေကြတဲ့ လူတွေက ကုန်ကားမောင်းသမားကို အေးလေ,ဘုရားပွဲမှာ ကိုးရိုးကားရားနဲ့၊ ဒီကောင် ဘာကောင်လဲ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်ကြပြန်တယ်၊ အဲဒီတော့မှ ကုန်ကားမောင်းသမားလည်း အသာလေး ပြန်ကုပ်သွားပြီး သူ့ကားကို လမ်းဘေးဆင်းရပ်လိုက်ရ တော့တယ်၊

ကျနော်တို့ ဆက်ထွက်လာချိန်မှာ ကျနော့်သူငယ်ချင်း သုံးသွားတဲ့ စကားလုံးတွေကို ကျနော် ပြန်စဉ်းစားနေမိတယ်၊ အမှန်တော့ ကုန်ကားမောင်းတဲ့လူက ကျနော်တို့နဲ့ ဘုရားပွဲကိုလာတဲ့ ရွာသားတွေကို ̔ဘုရားပွဲ၊ မြန်မာလူမျိုး̕ စတဲ့ စကားလုံးတွေနဲ့ မသိမသာလေး တည်ပေးလိုက်တာပါ၊ တကယ်ဆို သူကတောင် အမှားလုပ်နေသေးတာ...၊ ကားနှစ်စီး ပိတ်မိနေတဲ့ သာမန်အခြေအနေလေး တစ်ခုမှာ အဲဒီစကားလုံးမျိုးတွေ မလိုအပ်ပါဘူး၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းက အဲဒီအခြေအနေကို ̔ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ̕ စတဲ့ စကားလုံးတွေနဲ့ ပြန်ဖြည်လိုက်တယ်၊ ဒါ့အပြင် သူက မာန်အပြည့်နဲ့ ပြန်ပြောလိုက်နိုင်လို့ တဖက်သားက အသာလေး ပြန်ငြိမ်သွားရတယ်၊ ဒီနေ့အချိန်မှာ ပြန်စဉ်းစားတော့ အဲဒီတုန်းက ကျနော့်သူငယ်ချင်းက ဟိုလူ့အပေါ်မှာ စိတ်ဆိုးနေတာ ကြောင့်လည်း ပါမယ်ထင်ပါရဲ့၊ ̔အမျိုးဘာသာ၊ သာသနာ̕ ကိုချစ်တယ် လို့ပြောတဲ့ သူ့လေသံက မာန်နဲ့ ဒေါသသံလေး စွက်နေခဲ့တာ ပြန်တွေးမိပြီး ပြုံးမိတယ်၊ အင်း.. ဖြစ်တော့ ဖြစ်တတ်ပါတယ်လေ၊ တခါတလေမှာ ကျနော်တို့လည်း ချစ်တယ်၊ စောင့်ရှောက်မယ် ပြောနေရင်းနဲ့ကို အာဃာတတွေ သင့်ချင်သင့်နေတတ်တာ မဟုတ်လား...။ ။


ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၃

17 June 2013

တိမ်တွေနဲ့အတူ...


အားလုံးပဲ မင်္ဂလာပါဗျာ...၊ ကျနော်လည်း ခြင်္သေ့ကျွန်းကလေး ကနေ ပြန်လာပြီးတဲ့နောက် ခြင်္သေ့တစ်ကောင်လိုပဲ ဂူအောင်းသွားလိုက်တာ အခုမှပဲ ဘလော့ဂ်ကို ပြန်ရောက်ဖြစ်တော့တယ်၊ ပျောက်နေပေမယ့် တကယ်တော့ ဘာမှ အထွေအထူးတော့ မလုပ်ဖြစ်ပါဘူး၊ ထုံးစံအတိုင်း အလုပ်များတယ်၊ ဟိုနားဒီနား ခရီးတိုလေးတွေ သွားတယ်၊ ပြီးတော့ ပျင်းနေတယ်၊ ဒီအတောအတွင်း လာလည်သွားကြတဲ့၊ စီဘောက်စ်မှာ နှုတ်ဆက်သွားကြတဲ့ ညီအစ်ကို၊ မောင်နှတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဘလော့ဂ်မှာ စာမရေးဖြစ်တာဟာ တချို့တွေ ဖြစ်သလို ဖေ့စ်ဘွတ်ခ်မှာ စာတွေလိုက်ဖတ် နေလို့လား ဆိုတော့လည်း မဟုတ်၊ ဒါဖြင့်ရင် ဓါတ်ပုံတွေ ရိုက်ဖြစ်နေတာလား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး၊ ပြောရရင် ကင်မရာကို သေသေချာချာ မကိုင်ဖြစ်တာတောင် အတော်လေး ကြာနေပြီ၊ ကင်မရာကိုင်မယ့်အစား သူများတွေ ရိုက်ထားတဲ့ ပုံတွေကိုပဲ ကျနော် လိုက်ကြည့်ပြီး အားကျနေမိတယ်၊ ဓါတ်ပုံနည်းပညာ ဆိုဒ်တွေကိုလိုက်ဖတ်ပြီး တစ်ခါမှ မလုပ်ဖူးတဲ့ ဓါတ်ပုံနည်းစနစ်တွေကို စမ်းကြည့်ချင်စိတ်တွေ ဖြစ်နေခဲ့တယ်၊ စိတ်ကသာ ရှိနေပေမယ့် တကယ်တမ်းမှာကျ လက်က မလိုက်ဖြစ်ဘူး...၊

မနေ့ကတော့ အိမ်မှာအေးအေးလူလူ ထိုင်နေဖြစ်ပါတယ်၊ ဝရန်တာကနေ လင်းချင်း၊ ကြည်လင်နေတဲ့ ရာသီဥတုကို ကျနော် ကြည့်နေဖြစ်တယ်၊ ဒီနှစ် ဥရောပရဲ့ နွေဦးရာသီက မိုးတွေရွာ၊ နှင်းတွေကျပြီး အတော်ဆိုးခဲ့လို့ အခုလိုရာသီဥတု သာသာယာယာ မရှိတာ ကြာပြီမဟုတ်လား၊ အဲဒီအခိုက်အတန့်မှာပေါ့...၊ ကျနော့်ရဲ့ မြင်ကွင်းထဲကို တိမ်တွေ ဝင်ရောက်လာကြတာ...၊ ကောင်းကင်ပြာထဲမှာ တိမ်ဖြူဖြူတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ရွေ့နေကြတာကို ကျနော် ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေဖြစ်တယ်၊ မောင်သိန်းဇော်ရဲ့ ကဗျာထဲက အဆုံးမရှိ ကျယ်ဝန်းတဲ့ အမှားထဲက တိမ်တွေဟာ ဒီလိုမျိုးပဲလား၊ ကျနော်ကတော့ တရားနဲ့ မဖြေဘဲ ကင်မရာ ကောက်ကိုင်ဖြစ်သွားတယ်၊ တိမ်တွေရဲ့ အရွေ့ကို ဓါတ်ပုံတစ်ပုံထဲနဲ့ ပြမယ့်အစား ပိုပြီးထင်ရှားအောင် Time-lapse ဗီဒီယိုလေးတစ်ခု လုပ်ဖြစ်သွားပါတယ်၊ Time-lapse ဗီဒီယို ဆိုတာကို မရင်းနှီးသူတွေ အတွက် အလွယ်ပြောရရင်တော့ ဓါတ်ပုံတွေ အများကြီးရိုက်ပြီးမှ ပြန်စီထားတဲ့ ဗီဒီယိုပါ၊ တစ်ပုံနဲ့တစ်ပုံ စက္ကန့်ပိုင်းလောက် ခြားပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြန်စီလိုက်တဲ့အခါ still ဓါတ်ပုံတွေကနေ motion ပါတဲ့ ဗီဒီယိုလေးတစ်ခု ဖြစ်သွားတဲ့ သဘောပါပဲ၊

အခု ဗီဒီယို အပိုင်းလေးထဲမှာတော့ ဓါတ်ပုံ ၃၀၄ ပုံကို စီထားပါတယ်၊ မူလ ရိုက်တုန်းကတော့ ၆၄၄ ပုံ ရိုက်ထားခဲ့တာ...၊ နောက်တော့ ဗီဒီယိုဖိုင် အရမ်းလေးမှာ စိုးတာနဲ့ ပုံတစ်ဝက်လောက်ကိုပဲ သုံးဖြစ်သွားတယ်၊ ကောင်းကင်ကို မြစ်တစ်စင်းလို့ တင်စားကြရင် အဲဒီမြစ်ထဲမှာ တိမ်တွေက အခုလိုပဲ မြုပ်ချည်၊ ပေါ်ချည်နဲ့ မျောနေမယ် ထင်ပါရဲ့၊ အဲဒီ မြုပ်ချည်၊ ပေါ်ချည် တိမ်တွေနဲ့အတူ ကျနော်လည်း မြုပ်နေရာကနေ ပြန်ပေါ်လာဖြစ် ပြန်ပါပြီ၊ ၅၁ စက္ကန့်ပဲ ကြာတဲ့ ဗီဒီယိုလေးကို အဆင်ပြေရင်တော့ ကြည့်သွားပါဦးဗျာ... နော။ ။





ညီလင်းသစ်
၁၇ ဇွန်၊ ၂၀၁၃