25 September 2008

အသိအမှတ်ပြုမှု



ဒီနေ့ သတင်းစာကို ဟိုဟိုဒီဒီ လျှောက်လှန်နေရင်းနဲ့ သတင်းတိုလေးတစ်ပုဒ် ကိုအမှတ်မထင်မြင် လိုက်တယ်၊ ကော်လံ ၂ ကော်လံစာနဲ့ စာကြောင်းရေ ၇ ကြောင်းလောက်ပဲ ရှိတဲ့အဲဒီသတင်းလေး ကဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဗုံးထောင်ထားတယ်လို့ သတင်းအမှားကို ပေးတဲ့အ တွက် လူတစ်ယောက် အရေးယူခံရ တဲ့သတင်းပါ၊

ဖြစ်တာက မနေ့က၊ ဇူးရစ်ခ်(Zurich) မြို့မှာ...၊ အသက် ၅၉ နှစ်အရွယ် လူတစ်ယောက်က ကုန် တိုက်ကြီး တစ်ခုအတွင်းမှာ ဗုံးရှိပါတယ် ဆိုပြီး ရဲဌာနကို အကြောင်းကြားသတဲ့၊ ဒီတော့ ရဲက လည်းထိတ်ထိတ် ပြာပြာနဲ့ ကုန်တိုက်ထဲမှာ ရာနဲ့ချီပြီး ရှိနေတဲ့ လူတွေကို ဘေးကင်းရာကို ထွက်ခိုင်းတယ်၊ ပြီးတော့မှ သူတို့ရထားတဲ့ သတင်းဟာ သတင်းအမှားဆိုတာ သိသွားတော့ အဲဒီ သတင်းပေးတဲ့ အမျိုးသားကို အရေးယူဖို့ ပြင်တယ်၊ အများပြည်သူ ထိတ်လန့်စေမှု ပေါ့လေ၊ ဇတ်လမ်းက ဒါပါပဲ၊ ဒါဖြင့် အဲဒီလူက ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလို လုပ်ကြံဖန်တီးထားတဲ့ သတင်းကို ပေးရတာလဲ၊ သူ့အဖြေက ရှင်းရှင်းလေးပါပဲ၊ အဲဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ပြီး သူဟာမွေး နေ့နှုတ်ခွန်းဆက်စကား တွေကို စောင့်နေခဲ့ပါတယ်-တဲ့၊ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းစွာနဲ့ပဲ ဘယ် သူတဦး တစ်ယောက်ကမှ သူ့မွေးနေ့ကို သတိမရကြဘူး၊ ဒါနဲ့ စိတ်ပျက်ကြေကွဲ မှုတွေရဲ့အဆုံး သူ ဟာအခုလို သတင်းမှားကို ထုတ်လွှင့်လိုက်တယ်၊ ဒီနည်းအားဖြင့် ဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ကြောင်း၊ သူဟာ သက်ရှိထင်ရှား ရှိနေတဲ့ မွေးနေ့ရှင်တဦး ဖြစ်ကြောင်း လူတွေသိစေဖို့ ရည်ရွယ်ပါတယ်-တဲ့၊

‘ အသိအမှတ်ပြုမှု ’...၊ ဒီစကားလုံးလေးဟာ တိုတောင်းကျစ်လစ် လှပေမယ့် သူပါဝင်ပတ်သက်နေ တဲ့နယ်ပယ်ကဏ္ဍကတော့ ကျယ်ပြောလွန်းလှတယ်၊ အသိအမှတ်ပြုမှုဟာ ကျနော်တို့ရဲ့ လူနေမှု ဘဝတွေထဲမှာ အရေးပါလှတဲ့ အမူအကျင့်တရပ် ဖြစ်ပါတယ်၊ လူဟာ အထီးတည်းနေတဲ့ သတ္တဝါ မဟုတ်တဲ့အတွက် တဦးနဲ့တဦး အပြန်အလှန် အသိအမှတ်ပြုမှုဟာ အရေး ကြီးတယ်၊ လူမှု ဆက်ဆံရေး နယ်ပယ်မှာ ဖြစ်စေ၊ နိုင်ငံရေးနယ်ပယ်မှာ ဖြစ်စေ၊ စီးပွားရေးနယ်ပယ်မှာ ဖြစ်စေ ဒီ အသိအမှတ်ပြုမှုဟာ အောင်မြင်ရေး လမ်းစရဲ့ ပထမဦးဆုံးသော တခါးပေါက်လည်း ဖြစ်ပါတယ်၊ တကယ်တော့ အသိအမှတ်ပြုမှု ဆိုတဲ့စကားစုရဲ့ နောက်ကွယ်မှာ လေးစားခြင်း၊ ခင်မင်ခြင်း၊ ယုံကြည်အားထားခြင်း၊ ချစ်ခြင်း စတဲ့ စိတ်သဘောထား၊ ခံစားမှုတွေဟာ ကြောင်းကျိုးဆက်နွယ်ပြီး ပါလာလေ့ ရှိတယ်၊ ဒါ့ကြောင့်လည်း ခင်မင်ခြင်း၊ ချစ်ခြင်းဟာ နွေးထွေးတဲ့ နေချင့်စဖွယ် အိမ်လေး တစ်လုံးဆိုရင် အဲဒီအိမ်ထဲကိုဝင်ရောက်ဖို့အတွက် အသိအမှတ် ပြုမှုဆိုတဲ့ တံခါးပေါက်ကို အရင် ဦးဆုံးခေါက်ဖို့ လိုပါလိမ့်မယ်၊

အသိအမှတ်ပြုမှု ရဲ့ဆန့်ကျင်ဖက်ကတော့ ဥပေက္ခာပါ၊ လူမှုပတ်ဝန်းကျင်မှာ အခြေခံအဆင့် ဖြစ်တဲ့ အသိ အမှတ်ပြုခြင်းကို သိသိကြီးနဲ့ ရှောင်လွှဲလိုက်တယ် ဆိုရင်တော့ အဲဒါကို ဥပေက္ခာပြုခြင်းလို့ သတ်မှတ်ရမှာပါပဲ၊ ဒီအဆင့်ကို ရောက်ခဲ့ပြီဆိုရင်တော့ ရင်ကြားစေ့ ဖျန်ဖြေရေး ဆိုတာ တော်တော့်ကို ခဲယဉ်းသွားပြီ လို့ပဲဆိုရမှာပါ၊ ဒီနေ့ဖြစ်နေတဲ့ နိုင်ငံနဲ့ချီတဲ့ အကျပ်အတည်းတွေမှာ ဖြစ်စေ၊ တဦးတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ဘဝ အခက်အခဲ တွေမှာဖြစ်စေ သူ့ရဲ့ယုံကြည်ချက်ကို ကိုယ်ကအသိအမှတ်မပြုလို့၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကို သူကအသိအမှတ် မပြုလို့ စတဲ့အသေးဆုံး အချက်လေးတွေကစပြီး နောက်ဆုံးမှာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဖက် ဖြစ်သွားကြတဲ့ သာဓကတွေ အများကြီးရှိပါတယ်၊

လူ့လောကထဲမှာ နေတဲ့လူသားတစ်ယောက်ဟာ သူနဲ့မျိုးတူ အခြားလူသားတွေရဲ့ အသိအမှတ် ပြုခြင်းကို ခံယူ လိုတာက သဘာဝကျပါတယ်၊ ဒီစိတ်ဟာ ကျနော်တို့ဆီမှာ ကလေးဘဝ ကတည်း က ဖြစ်တည်၊ ကိန်းအောင်းနေ ခဲ့တာ ဖြစ်ပါတယ်၊ လူမှန်းသိတတ်စ ကတည်းက အဖေ အမေရဲ့ အသိအမှတ်ပြုမှုကို အငိုနဲ့အရယူခဲ့သလို ကြီးလာတော့လည်း ကစားဖော်တွေရဲ့ အသိ အမှတ်ပြုမှုကို လိုချင်တာပါပဲ၊ ဒါ့ကြောင့်လည်း ကလေးတွေကစားကြ တဲ့အခါ နဲနဲငယ်သေးတဲ့ ကလေးတစ်ယောက်က အကြီးတွေနဲ့ အတူတူဝင်ကစား ချင်တယ်ဆိုရင် အကြီးတွေက ထမင်းချိုး ဟင်းချိုး ဆိုပြီး သူ့ကိုပါဝင်ခွင့် ပေးလိုက်လေ့ရှိတယ်၊ ဒီကလေးဟာ ငယ်သေးတဲ့အတွက် ကောင်း ကောင်း မကစားနိုင်ပေမယ့် သူ့ရဲ့ပါဝင်ခွင့်ကို ကလေးကြီးတွေက ဒီနည်းနဲ့ အသိအမှတ်ပြု ရပါ တယ်၊ ရဲရင့်တည်ကြည်ပြီး လူတောတိုးရဲတဲ့ လူတစ်ယောက်ဖြစ်ဖို့ရာမှာ သူ ငယ်စဉ် ကလေးဘဝ တုန်းက သူ့မိဘ၊ သူ့ပတ်ဝန်းကျင်က သူ့ကို ဘယ်လောက်နေရာပေးခဲ့လဲ၊ သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လောက်အသိအမှတ်ပြုခဲ့လဲ ဆိုတဲ့ပေါ်မှာလည်း မူတည်နေလေ့ ရှိပါတယ်၊

ဂရုမစိုက်တာ၊ အသိအမှတ်မပြုတာဟာ ရန်စခံရတာ၊ အမုန်းခံရတာထက် ပိုဆိုးပါတယ်၊ တစုံတယောက်ကို မုန်း တယ်ဆိုရင်တောင် ယုတ်စွအဆုံး သူ့အပေါ်မှာ ခံစားချက်တစုံတရာ ရှိပါသေးတယ်၊ နှစ်လိုဖွယ်ရာခံစားမှုမဟုတ် သည့်တိုင် အမုန်းဟာ ဥပေက္ခာထက်စာရင် မျှော်လင့်နိုင်စရာ လမ်းစလေးတွေ ရှိသေးတယ်၊ နားလည်မှုဆိုတဲ့ လေပြေလေးသာ ညင်ညင်သာသာ တိုက်ခတ်မယ်ဆိုရင် အမုန်းဟာ သစ်ရွက်ပါးပါးလေး တစ်ရွက်လိုပါပဲ၊ လေ အဝေ့မှာ မြောက်ကနဲ လွင့်ပြီး အချစ်ဖက်အခြမ်းနဲ့ သိမ်မွေ့စွာ ပြန်ကျလာနိုင်ပါတယ်၊ အသိအမှတ်မပြုခြင်းက တော့ဒီလို မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ ကိုယ့်ရဲ့ ယုံကြည်ချက် ဆိုတာတွေကို တဖက်သားက ဂရုလည်းမစိုက်၊ စိတ်လည်းမဝင်စားတဲ့ နောက်တော့ သူနဲ့ကိုယ်နဲ့ကြားမှာ နားလည်မှု တည် ဆောက်ဖို့၊ သူနဲ့ ခင်မင်ရင်းနှီးလာဖို့ ဆိုတာ မလွယ်နိုင်ပါဘူး၊ ပတ်ဝန်းကျင်က အသိအမှတ်ပြုခြင်း မခံရတဲ့ လူတစ်ယောက်ဟာ အဲဒီပတ်ဝန်းကျင်မှာ ရှင်လျက်နဲ့ သေနေသလိုပဲ၊ အဲဒီအခါ လူစွမ်းလူစ ကျဆင်းလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ယုတ်လျော့လာ ပါတော့တယ်၊

ဒီလိုအရေးကြီးလှတဲ့ လူ့ပတ်ဝန်းကျင်ဆိုင်ရာ အမူအကျင့်ကို နေ့စဉ်ဘဝမှာ တခါတလေ ကျနော်တို့ အမှတ်မဲ့စွာ ဖြတ်သန်းမိတတ် ပါတယ်၊ အနောက်တိုင်း ထုံးစံမှာတော့ အပြုအမူလေးတခု၊ ချီးမွမ်းစကားလေးတခု၊ သေးငယ် တဲ့လုပ်ဆောင်ချက်လေး တခုကအစ ‘ Thank you ’ ဆိုတဲ့ အသိအမှတ်ပြုစကားနဲ့ တုံ့ပြန် တတ်ကြတယ်၊ အခြေအနေနဲ့ အချိန်အခါကို လိုက်လို့ တဖက်သားအပေါ်မှာ မိမိရဲ့ နှစ်သက်ကျေနပ်မှု၊ အပြန်အလှန် လေးစား မှု၊ လူအချင်းချင်း ဂရုတစိုက်ရှိမှု စတာ တွေကိုပေါ်လွင်စေတဲ့ ဒီစကားစုလေးဟာ သာမန် ကျေးဇူးတင်ပါတယ် ဆိုတဲ့အဓိပ္ပါယ်ထက် နက်ရှိုင်းကျယ်ဝန်း တတ်ပါတယ်၊ အသိအမှတ်ပြုမှုကို ရိုးရိုးလေးနဲ့ ဖော်ပြတာ ပါပဲ၊

မြန်မာ့ဓလေ့မှာတော့ သားနဲ့အဖေကြားမှာ၊ ဇနီးနဲ့ခင်ပွန်း ကြားမှာ၊ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ကြား မှာ ‘ ကျေးဇူးတင်တယ် ’ လို့ပြောဖို့ကျတော့ အတန်ငယ် သူစိမ်းဆန်ကောင်း ဆန်နေနိုင်ပါတယ်၊ ဒါပေမယ့် မိမိ ရဲ့ အသိအမှတ်ပြုမှုကို ဖော်ထုတ်ဖို့ တခြား နည်းလမ်းတွေ ရှိပါတယ်၊ ဥပမာ-ညစာထမင်းဝိုင်းမှာ ခင်ပွန်းက ဇနီးသည်ကို ‘ ဒီညစာ အတွက် ကျေးဇူးတင်တယ်ကွာ ’ ဆိုရင် ထောင့်တောင့်တောင့်နဲ့ သူစိမ်းဆန်သယောင်ရှိ ပေမယ့် ‘ မင်းဒီနေ့ ချက်တဲ့ ချဉ်ရည်ဟင်းက အတော့်ကို ထမင်းမြိန်စေတာပဲ၊ ငါးသလဲထိုး ကြော်လေးနဲ့ တွဲလိုက် တော့ ကိုယ်ဖြင့် ဘယ်လိုစားလို့ကောင်းမှန်း မသိဘူးကွာ ’ ဆိုရင် ခင်ပွန်းရဲ့ အသိအမှတ်ပြုမှုဟာ ဇနီးသည်ရဲ့ နှလုံးသားကို နူးညံ့ကျေနပ်စေမှာပါ၊ ထို့အတူ...ပုံမှန်အချိန်ထက် နဲနဲစောပြန် လာတဲ့သားကို အဖေကမသိလိုက် မသိဖာသာ နေမယ့်အစား ‘ ဟော...သားတောင် ပြန်လာပြီ၊ ကောင်းတယ်ကွာ...ဒီညချမ်းကတော့ အဖေတို့ မိသားစုတွေ စုံစုံညီညီရှိမယ့် ညချမ်း ပဲဟေ့ ’ လို့ ပြောနိုင်ပါတယ်၊ သားအပေါ်မှာထားတဲ့ အဖေ့ရဲ့အလေးဂရုပြုမှု ဟာ လှလှပပ ပေါ်လွင် စေတာပေါ့၊ ဒ်ီလိုမျိုး စကားလေးတွေက ပြောရမှာ ဘာမှအပန်းမကြီးသလို၊ လူတိုင်းလည်း ပြောနိုင်ပါတယ်၊ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ်ဖြစ်ထွန်း ရှင်သန်ရာ ကိုယ့်ရဲ့ ဥယျာဉ်လေးပါပဲ၊ ကိုယ့် ပတ်ဝန်းကျင်က အပင်ကြီးငယ်တွေ စိုစိုပြေပြေရှိဖို့ဆိုတာ ကိုယ်,ကိုယ်တိုင်က ရေလောင်း ပေါင်းသင်ပေးဖို့ လိုတာပေါ့၊

တခုတော့ ရှိပါတယ်၊ ဒီလို အသိအမှတ်ပြုတဲ့ စကားတွေကို နှလုံးသားဗလာကျင်းပြီး ဝတ်ကျေတန်း ကျေပြောရင်တော့ အပြောခံရသူက ဒါကိုဘာမှခံစားရမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်ကလည်း စိတ်မပါတဲ့ အရာတခုကို ထုံးတမ်းစဉ်လာလို လုပ်နေရတဲ့အတွက် စိတ်ညစ်ညူးမိနိုင်ပါတယ်၊ ဘယ်သူ့အတွက်မှ မကောင်း ပါဘူး၊ အကောင်းဆုံးကတော့ ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်ရဲ့ ပြုမူပုံလေးတွေကို သတိကပ်ပြီးကြည့်မယ်ဆိုရင် ကိုယ့်နှလုံးသား ကနေ အဲဒီလုပ်ရပ်အပေါ် အသိအမှတ်ပြုတဲ့ တကယ့်စကားလေးတစ်ခွန်း သူ့အလိုလို ထွက်ကျလာပါလိမ့်မယ်၊

သူ့မွေးနေ့ကို လူတွေအသိအမှတ်ပြု စေချင်လွန်းလို့ ဗုံးသတင်းအမှားကို ပေးခဲ့တဲ့ ဇူးရစ်ခ်မြို့က လူအကြောင်း ဖတ်ရင်းနဲ့ ကျနော်လည်း အတွေးတွေ သီနေခဲ့မိတယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အသိအမှတ် ပြုမှုတွေ များလာတာနဲ့အမျှ ကျနော်တို့ရဲ့ တခုတည်းသော ကမ္ဘာကြီး ဟာလည်း တဖြည်းဖြည်း ပြန်လည်ကျန်းမာ လာပါလိမ့်မယ်၊ ကျနော့်ရဲ့ ဒီပို့စ်လေးကို လည်း ဒီစာကြောင်းရောက်တဲ့အထိ အသိအမှတ် ပြုပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား ။ ။


ညီလင်းသစ်
၂၅ စက်တင်ဘာ၊ ၂၀၀၈

9 comments:

Dr. Yi Yi Win said...

“ဂရုမစိုက်တာ၊ အသိအမှတ်မပြုတာဟာ ရန်စခံရတာ၊ အမုန်းခံရတာထက် ပိုဆိုးပါတယ်” ဆိုတာကလေ မှန်သင့်သလောက်မှန်တယ်လို့ တော့ပြောနိုင်ပါတယ်။
ကိုယ့်ကိုရန်စနေပြီ(သိအောင်တစ်မျိုး၊ မထိတရိနဲ့ တစ်မျိုး) ဆိုရင်တော့ ဒါ ကိုယ့်ကိုသူ
အာရုံစိုက်နေလို့ ပဲကိုးနော်။ ဒါဟာ သူကိုယ့်အကြောင်းမတွေးပဲမနေနိုင်လို့ ဖြစ်ရတာမို့ ရင့်
ကျက်တည်ငြိမ်မှုအားနည်းသေးတဲ့ငယ်ရွယ်သူတွေမှတော့ ဒါကပိုကောင်းသလိုပါပဲ။

ဒါပေမယ့် တကယ့်တကယ်သာ ရင့်ကျက်တည်ငြိမ်သွားပြန်ရင်လည်း လူတွေအာရုံစိုက်ခံရ
ခြင်းထက် ဥက္ခေပြုခံရခြင်းက ပိုအေးချမ်းတယ်ဆိုတာသိလာနိုင်ပါတယ်။ ဥပမာ ကျွန်မတို့ 
ဘာသာတရားမှာဆိုရင် ဥပေက္ခာတရားဟာ သူတော်ကောင်းတရားတစ်မျိုးအဖြစ်ဘုရား
ဟောထားပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း မိမိရဲ့ဇနီး၊ သား၊ နဲ့ မိဖဆွေမျိုးတွေကို
ဥပေက္ခာပြု ကျောခိုင်းပြီးတောထွက် တရားအားထုတ်ခဲ့မှ ဘုရားအဖြစ်ကိုရောက်ခဲ့ရတာပါ။

ဒီလောကီလူ့ ဘောင်မှာကတော့ ကိုယ့်ကို အသိအမှတ်ပြုခံရတာကို မကြိုက်တဲ့လူမရှိသ
လောက်နည်းမှာပါ။ ဒီသီတင်းလေးကိုကြားရတော့စိတ်မကောင်းတော့ဖြစ်မိသား။ ဒီလူ
ဟာ သူ့ မွေးနေ့ မှာ လူတွေကို အလန့် တကြားဖြစ်စေခြင်းအားဖြင့် သူ့ မွေးနေ့ မှန်းသိစေ
ခဲ့ရလောက်အောင် သူ့ မှာအရင်းနှီးဆုံး ဆွေမျိုးသားချင်း၊ မိဖညီအစ်ကို၊ မိတ်ဆွေတစ်ဦး
လောက်မှရှိမနေခဲ့လို့ လား။ ဒါမှမဟုတ် သူကိုယ်တိုင်က လူတွေကို ဒီလိုလုပ်ရတာပျော်တဲ့
စိတ်အခံရှိနေခဲ့လို့ လား မဆိုနိုင်ပေဘူး။ ကျွန်မတို့ ယဉ်ကျေးမှုမှာကတော့ မွေးနေ့ ကိုအ
သိအမှတ်ပြုရမယ်ဆိုတာမျိုးက အစကတည်းက ရှိနေခဲ့တာမဟုတ်တော့ အသိအမှတ်လာ
ပြုနေရင်တောင်မှ အိုးတို့ အန်းတန်းဖြစ်နေရဦးမယ်။ ကျွန်မငယ်စဉ်ကတော့ ကျွန်မရဲ့ဖခင်
ကကျွန်မမွေးနေ့ မှာ အထိမ်းအမှတ်သဖွယ်လေးဖြစ်ချင်သပဆိုရင် ကျွန်မသဘောအတိုင်း
လှူချင်တဲ့ပုဂ္ဂုလ်ကို လှူနိုင်အောင်စီစဉ်ပေးခဲ့တယ်။ ဒီတော့ကျွန်မက လူသူအရောက်နည်း
တဲ့ ဘုန်းတော်ကြီးကျောင်းသေးသေးလေးမှာပဲ ဘုန်းကြီးအတွက် ဆေးဝါးတို့ အသုံးအ
ဆောင်တို့ သွားလှူဖြစ်ခဲ့တယ်။ ဘုန်းကြီးရဲ့ဆုပေးတဲ့ သာဓုခေါ်သံလိုမျိုးဟာ တကမ္ဘာလုံးက
ဝိုင်းကောင်းချီးပေးတာထက် ပိုပြီးပီတိဖြစ်စေခဲ့ဖူးတယ်လေ။ အသိအမှတ်ပြုမှုကိုလိုအပ်သူ
အသိမှတ်ပြုမှုကိုရရှိပါစေ၊ ဥပေက္ခာကို လိုအပ်သူ ဥပေက္ခာကိုရရှိနိုင်ပါစေလို့ သာ ဆန္တပြု
လိုက်ပါရစေ ကိုညီလင်းသစ်ရေ။

ညီလင်းသစ် said...

ဟုတ်ပါတယ်...ကိလေသာကို ကြိုးစားပယ်ဖြတ် နေသူတွေ အဖို့တော့ ဥပေက္ခာတရားက ကျင့်ကြံအားထုတ်ဖို့ သင့်လျော်မှာပါ မယုဝရီရေ...။

ဘုန်းကြီးရဲ့ သာဓုခေါ်သံက မယုဝရီရဲ့ သဒ္ဒါတရားကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုလိုက် ခြင်းပါပဲ၊ ရေများ ရာမိုးရွာမယ့်အစား တကယ်လိုအပ်တဲ့နေရာမှာ လှူရ တာအင်မတန် မွန်မြတ်ပါတယ်။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကိုညီလင်းသစ် ရဲ့ Post ရော၊ မမယုဝရီရဲ့ Comment ရောက Make Sense ဖြစ်လိုက်တာ။

နန္ဒာ့နဲ့ Related ဖြစ်နေသလိုပဲ။ ဒီ Myanmar Blogs လောကထဲ နန္ဒာဝင်လာတာ 6 Months ရှိပြီ။

စဝင်ကထဲက အခုအချိန် အထိ ''အသိအမှတ်ပြုမှု့ (ACKNOWLEDGEMENTS)''ကို ရရှိသလို ''အတိုက်အခိုက်(ATTACK,CRITICIZE)'' ခံ နေရတာလဲ အခုအထိပါပဲ။

မမယုဝရီ ပြောသလို ကိုယ့်ကို Dislike ဖြစ်တဲ့သူက အမြဲ (ATTENTION) အာရုံစိုက်နေလို့ပဲ လို့ယူဆထားလိုက်တော့တယ်..,

မခံခြင်စိတ်ရှိပြီး Sensitive ဖြစ်တတ်တဲ့ လူငယ်တယောက်ဖြစ်တဲ့ နန္ဒာ့အနေနဲ့ Maturity ဆိုတာလက်ကိုင်ထားပြီး Totally ဥပေက္ခာ (Ignore) ထားလိုက်ပါတယ်။

Blog လုပ်ပြီး Lesson တခု ရလိုက်တာကတော့ ''အသိအမှတ်ပြုမှု့''ဟာ လူတိုင်းနဲ့ မတန်ဘူး ဆိုတာပဲ။

Unless Peoples who aware how to take actknowledgement and how to respect it as well as who can appreciate it and how to value it.

Otherwise I won't give my actknowledges and my valueable times as I treasure my times very much!!

ကိုညီလင်းသစ် ရေးထားတဲ့

''လူဟာ အထီးတည်းနေတဲ့ သတ္တဝါ မဟုတ်တဲ့အတွက် တဦးနဲ့တဦး အပြန်အလှန် အသိအမှတ်ပြုမှုဟာ အရေး ကြီးတယ်''

ကိုကြိုက်သလို...

မမယုဝရီ ရေးသွားတဲ့

''ကိုယ့်ကိုရန်စနေပြီ(သိအောင်တစ်မျိုး၊ မထိတရိနဲ့ တစ်မျိုး) ဆိုရင်တော့ ဒါ ကိုယ့်ကိုသူ
အာရုံစိုက်နေလို့ ပဲကိုးနော်။''

''ဒါပေမယ့် တကယ့် တကယ်သာ ရင့်ကျက်တည်ငြိမ် သွားပြန်ရင်လည်း လူတွေ အာရုံစိုက် ခံရခြင်းထက် ဥက္ခေပြု ခံရခြင်းက ပိုအေးချမ်းတယ် ဆိုတာ သိလာနိုင်ပါတယ်။''

ကိုနှစ်သက်မိတယ်။

အသိအမှတ်ပြုမှု့နဲ့ ထိုက်တန်တဲ့ ကိုညီလင်းသစ် ရေးတဲ့ မှတ်သားစရာ Post ကို အချိန်ပေးပြီး အသိအမှတ်ပြု သွားပါတယ်... Keep On!!

Cheers,
SMNTL

khin oo may said...

သေချာဖတ်သွားပါတယ်။
နောက်တာ မဟုတ်ဘူးနော်.တကယ်ပြောတာပါ. မနက် က kmsl ကစနေနေ.ရုံးသွားရမယ် .ဘယ် သူ ကစိတ်ကောင်း မလဲ နော.်။ ဘယ် သူ က စနေ ရုံးသွား ချင် ပါ့မလဲ. ။ Flu ကလဲ ဖြစ်ပြီး ကာစ. ။ အလုပ် ကလည်းပင်ပန်းတယ်။ အဲဒါနဲ. မနက် သူ သွားခါနီး မောင်ရယ်ပိန် သွားလိုက်တာ. ကြည်.စမ်း ပင်ပန်း လို့ထင်တယ်။ weight ချိန် ကြည့်ရ အောင် လာ.လာ. ဆိုပြီး. ဟုတ်ပါ. ပိန် သွားတယ်။ ဘာ ညာ နဲ့ ပြော ပေးလိုက် တာ အား ရှိသွားပြီး ရုံး သွားလေရဲ့.။

ညီလင်းသစ် said...

နန္ဒာပြောတာလည်း မှန်ပါတယ်၊ အလွဲသုံးစား ပြုမှုတွေ များလာလို့လည်း Favour ကို right လို့မထင်နဲ့ဆိုတဲ့ စကားက ပေါ်လာရတာပေါ့၊ လောကကြီးကိုက ဆန့်ကျင်ဖက်တွေနဲ့ ရံခွတည်ဆောက်ထားတာ ဆိုတော့ လည်း.......အင်း......

မခင်ဦးမေရေ...တခါတခါမှာ အဲဒီလိုအားဆေးလေးတွေ က Brand ကြက်ပေါင်းရည်ထက်တောင် ပိုပြီးအားရှိစေ တာ မဟုတ်လားဗျာ၊ :D

Anonymous said...

အဲဒီလူကိုယ်စား စိတ်မကောင်းလိုက်တာ ၀မ်းနည်းစရာကြီးနော်..

ရွှေအိမ်စည် said...

စာအုပ်လေးထဲမှာပါတဲ့ ဒီဆောင်းပါးလေးက ဒီကတည်းက ရှိနေတာပါပဲလား။
အသိအမှတ်ပြုမှု ဆိုတာ တိုတိုလေးပေမယ့် တကယ်တာသွားလွန်းတဲ့ အရာလေးတစ်ခုပဲလေ။
ဒီဆောင်းပါးရေးတဲ့ သူရဲ့ စိတ်နေစိတ်ထားကိုလဲ မှန်းဆလို့ရတယ်။
အကို လူချစ်လူခင် ပေါတာ အဲလို စိတ်ထားလေးကြောင့်ထင်တယ်။
ရီဗျူးမှာ အကျယ်ရေးပြီးတဲ့ အတွက် ဒီမှာတော့ ဆောင်းပါးကိစ္စ ထပ်မပြောတော့ပါ။

ညီလင်းသစ် said...

ဟုတ်ပါတယ် ညီမသူသူ...၊ ဒီဆောင်းပါးလေးကို အဲဒီကတည်းက ရေးထားခဲ့ပြီးတော့ စာမူ တောင်းခံရချိန်မှာ ပေးလိုက်တာပါ..၊ ရီဗျူးမှာ သေသေချာချာနဲ့ 'အသိအမှတ်ပြု' သုံးသပ်ပေးထားတာ အတွက် ဒီမှာလည်း ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေနော်..။

ဇွန်မိုးစက် said...

တလောက ရလာတဲ့ Certificate of Appreciation ကို မြင်ရချိန်မှာ အကိုရေးခဲ့တဲ့ ဟောဒီဆောင်းပါးလေးကို အရင်ဆုံး သတိရမိတယ်ဆိုတဲ့အကြောင်း လာပြောတာ။း)