16 September 2008

စာသင်ခန်း



အရောက်အပေါက်နည်းတဲ့
ခြေသံအချို့တဝက်နဲ့
အခန်းတံခါးကို ဆွဲအဖွင့်
“ ဝမ်းစာတဖက် ပညာတဖက်နဲ့
ဘဝကို စလွယ်သိုင်းပြီး
အရိုင်းစိတ် ဝင်ကုန်ပြီလား ” တဲ့၊
ကျောက်သင်ပုန်းက
သူ့ပါးစပ်ကို
တအားဖြဲပြီး အော်နေတယ်၊

ဘဝရဲ့ခတ်ကွင်းထဲမှာ
ဒုက္ခနဲ့ အလီလီနာကျင်ပျော်ပါးလို့
မီးကျိုးမောင်းပျက် အသိသညာလေးနဲ့
ကတိမ်းကပါး မဖြစ်ခင်
“ မျှော်လင့်ချက်ကိုသာ ချွတ်ချလိုက်ရင်
မိမွေးတိုင်း ဖမွေးတိုင်းကလွဲပြီး
ဘာကျန်မှာလဲ ” တဲ့၊
………………………………
………………………
တိတ်ဆိတ်မှုဟာ ခေါင်းလောင်းထိုးပြီး
ရောက်လာတယ်၊

အမှိုက်စတွေ ရှုပ်ပွကျန်ရစ်... ...
သူ့ရင်ခေါင်းကိုသော့ခတ်ပြီး
သင်ခန်းစာတွေအားလုံး
အိမ်ပြန်သွားတဲ့ ညနေ... ။ ။


(ဝေမိုးအောင်
ဇန်နဝါရီနောက်ဆုံးနေ့၊ ၂၀၀၃)

2 comments:

Dr. Yi Yi Win said...

တစ်ရေးနိုး သတိရလို့ ထလာကြည့်တော့ စာသင်ခန်းထဲတည့်တည့်ရောက်တယ်။ ဒီတော့
တစ်ယောက်တည်း ခဏထိုင်နေခဲ့တယ်။ ကိုယ့်ဘာသာကိုယ်ပဲ ခေါင်းလောင်းထိုးပြီး
ကျောင်းဆင်းပေးလိုက်တယ်။ သိပ်ဆူညံသွားမလားလို့ အားနာမိပြန်တယ်လေ..။
စာသင်ခန်းလေးတော့ သော့မခတ်ထားခဲ့တော့ဘူးနော်။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကဗျာလေး ကောင်းတယ်။

Thanks for sharing!
SMNTL