12 February 2011

မတည်မြဲခြင်းတရားထဲမှ ဘလော့ဂိုစဖီးယား


ဒီရက်ပိုင်းမှာ malware နဲ့ဆက်နွယ်ပြီး ဘလော့ဂ်နဲ့ ဘလော့ဂိုစဖီးယား အကြောင်း နဲနဲတွေးဖြစ်ပါတယ်၊ ဒီကိစ္စကို အားတက်သရော အကူအညီပေးကြသူတွေရဲ့ အဆိုအရနဲ့ ကျနော်နားလည်မိသလောက်ကတော့ ဒီမဲလ်ဝဲဆိုတာ လင့်ခ်အသေတွေ များနေတဲ့ ပြဿနာပါပဲ၊ ဆက်ပြီး မရေးတော့တဲ့ ဘလော့ဂ်တွေ၊ ဝက်ဘ်ဆိုဒ်တွေကို စစ်တဲ့စက်က မဲလ်ဝဲဆိုပြီး ပြတော့ လူတွေလည်း လန့်ကုန်ရော...၊ အခုခေတ်မှာက trojan, malware, adware, spam ဆိုတာတွေက ကိုယ့်ကွန်ပြူတာကို ကောင်းကောင်းဒုက္ခ ပေးနိုင်တာကိုး၊ ဒါနဲ့ပဲ စစ်ကြ၊ ဆေးကြ လုပ်ကြရတော့တယ်...၊

ဒါပေမယ့် ကျနော်တွေးနေမိတာ ၂ ချက်ရှိပါတယ်၊ ပထမအချက်က ဂူးဂဲလ်ရဲ့ စပန်းမ်တွေ၊ ဝက်ဘ်ဆိုဒ်အသေတွေ စစ်တဲ့စက်က ဒီလို လင့်ခ်အသေတွေ ချိတ်ထားမိရုံနဲ့ ကိုယ့်ဘလော့ဂ်ကို တကယ်ပဲ ပိတ်ပစ်တာလား ဆိုတာပါ၊ ဒီလိုဆိုရင် သူတို့ပိတ်ရမယ့် ဘလော့ဂ်တွေ၊ ဆိုဒ်တွေက အများကြီး ဖြစ်နေလိမ့်မယ်၊ အခုခေတ်မှာ အားလုံးလိုလိုက ဒီလို အပြန်အလှန် လင့်ခ်တွေ ချိတ်ထားကြတာကိုး၊ ဒီလို ချိတ်ထားတဲ့ လင့်ခ်တွေထဲမှာ သေနေတဲ့လင့်ခ်က အမြဲလိုလို ပါနေမှာပဲ၊ ဒါကတစ်ချက်...၊

ဒုတိယတချက်က ကျနော်တို့ အဲဒီ Sucuri ဆိုဒ်မှာ သွားစစ်လိုက်တယ်၊ ဆိုဒ်ဘား လင့်ခ်တွေနဲ့ ကွန်မန့်တွေကို ဖြုတ်လိုက်တယ်၊ အစိမ်းရောင် အမှန်ခြစ်ကလေး တက်လာတယ်၊ အားလုံး အိုကေ၊ မဲလ်ဝဲ မရှိတော့ဘူး၊ ဒါပေမယ့် ဒါက အဲဒီဆိုဒ်ရဲ့ စစ်ဆေးချက်...၊ လက်တွေ့မှာ ဂူးဂဲလ် ရဲ့မဲလ်ဝဲစစ်စက်နဲ့ အဲဒီစက်တို့ တကယ်ပဲ တူရဲ့လား၊ ဂူးဂဲလ်ရဲ့ မဲလ်ဝဲ test procedure နဲ့ အဲဒီအဖွဲ့ရဲ့ ပရိုစီဂျာက အတူတူပဲလား၊ မတူဘူးဆိုရင် သူတို့က clean ဆိုပေမယ့် ဂူးဂဲလ်က တစ်ခုခု တွေ့ချင် တွေ့နေဦးမှာလား...၊ အဲဒီဆိုဒ်မှာတော့ သူတို့နဲ့ ဂူးဂဲလ်၊ ဘလော့ဂါ အတူတူပဲဆိုတာ မတွေ့မိပါဘူး၊ ကျနော် မျက်စိ ရှမ်းတာလည်း ဖြစ်နိုင်ပါတယ်၊

ဒါတွေနဲ့ ဆက်စပ်ပြီး ဘလော့စပေါ့ရဲ့ help center တွေ၊ ဖိုရမ်တွေထဲ နဲနဲ မွှေနှောက် ကြည့်မိတယ်၊ တနေ့တနေ့ ဘလော့ဂ် အပိတ်ခံရလို့ တက်လာတဲ့ ကွန်ပလိန်းတွေ မနည်းဘူး၊ ငါ ဘလော့ဂ်ရေးလာတာ ၁၀ နှစ် မက,တော့ဘူး၊ ငါ့ကို ဘာဖြစ်လို့ ပိတ်တာလဲ-တို့၊ မနေ့ကပဲ ဘလော့စပေါ့မှာ ပထမဦးဆုံး ဘလော့ဂ်စ,ဖွင့်ပြီး ပို့စ် ၂ ခု တင်တယ်၊ ဒီနေ့မနက် ငါ့ဘလော့ဂ်ကို ပိတ်ပစ်လိုက်တယ်-တို့၊ ငါ့ဘလော့ဂ်မှာ ဘာကြော်ငြာမှ မတင်ဘူး၊ ဒါပေမယ့် မင်းတို့ရဲ့ spam robot က ဘာဖြစ်လို့ ပိတ်ရတာလဲ-တို့... တကယ့်ကို အစုံပါပဲ၊ ဒီကြားထဲ တစ်ယောက်က ရီရသေးတယ်၊ ငါက ဖေဖော်ဝါရီ ၂၉ မှာ မွေးတာကွ၊ အဲဒါ ပရိုဖိုင်းလ်မှာ ထည့်ဖို့လုပ်တော့ မင်းတို့ရဲ့ ဘလော့ဂါ ပလက်ဖောင်းက ဒီရက်မရှိဘူးဆိုပြီး လုပ်တယ်၊ ဘာသဘောလဲကွ-တဲ့၊ တော်တော် ဒေါပွနေပုံပဲ...၊ ကျနော် ပြောချင်တာက နောက်ခံ အကြောင်းတွေက အမျိုးမျိုးတွေ ရှိပေမယ့် အပိတ်ခံရတာ၊ အဟက်ခ်ခံရတာမှာတော့ သိပ်မကွာဘူး ဆိုတာပါ၊

ဒါတွေက ကိုယ့်ရဲ့ သဘောမပါဘဲ ရပ်လိုက်ရတဲ့ ဘလော့ဂ်တွေ...၊ တခြားဖက်မှာလည်း အရေးအသားကောင်း၊ ဧည့်သည် လည်းများပေမယ့် ရပ်လိုက်ကြတဲ့ ဘလော့ဂ်ကောင်းတွေလည်း အများကြီးပါပဲ၊ ကျနော်ဘလော့ဂ် ရေးနေတဲ့ ဒီ ၄ နှစ်အတွင်းမှာ ဒီလိုမျိုးတွေ တွေ့ခဲ့ရတယ်၊ အင်မတန်ကောင်းတဲ့ ဘလော့ဂ် ဖြစ်ပေမယ့် အမျိုးမျိုး တိုက်ခိုက်ခံရလို့ စိတ်ညစ်ပြီး ရပ်လိုက်တာ၊ ကိုယ်ရေးကိုယ်တာ အကြောင်းနဲ့ ရပ်လိုက်တာ၊ ဘလော့စပေါ့ကို ပိတ်ထားတဲ့ နိုင်ငံကို ရောက်သွားလို့ မရပ်ချင့်၊ ရပ်ချင်နဲ့ ရပ်လိုက်ရတာ၊ စာဆက်ရေးနေပေမယ့် စိတ်ကုန်သွားလို့ ပတ်ဘလစ်ရှ် မလုပ်တော့တာ... တကယ့်ကို အများကြီးပါ၊ ဝမ်းသာစရာ အကြောင်းတွေလည်း ရှိပါသေးတယ်၊ တချို့က အဝေးမှာ ရောက်နေတာတောင် မိဘက ခွင့်မပြုလို့ မနည်းကို အပေးအယူလုပ်၊ အတိုက်အခံလုပ်ပြီး ရေးရတယ်၊ တချို့ကလည်း ဟိုး အရင်ကတည်းက ရေးခဲ့ပြီး အမှတ်မရှိလို့ တတိယအကြိမ်တောင် ပြန်ရေးနေပြန်ရေား) ...၊

ဆိုတော့ အထက်မှာ သုံးသပ်၊ တွေးဆမိသလို ဒီမဲလ်ဝဲနဲ့ ပတ်သက်ပြီး ပထမတော့ ကျနော်ဘာမှ မလုပ်ဘဲ ထားမလို့ပါ၊ ကျနော်ရဲ့ ပို့စ်တွေ တော်တော်များများနဲ့ ဓါတ်ပုံတွေအားလုံးက back-up ရှိပါတယ်၊ ဒါပေမယ့် ဘလော့ဂိုစဖီးယားထဲက ဘလော့ဂ်လေးတစ်ခုအနေနဲ့ အသိုင်းအဝိုင်းမှာ ကိုယ့်ကြောင့် သူများတွေပါ အနှောင့်အယှက်ဖြစ်မှာ စိုးတာနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လိုအပ်တာတွေ လုပ်လိုက်ပါတော့တယ်၊ နောက်တစ်ခုက ၄ နှစ်ထဲ ရောက်လာတော့ ဒီဘလော့ဂ်လေးကို ကျနော် နဲနဲ သံယောဇဉ် ဖြစ်လာတာလည်း ပါတယ်၊ ဟုတ်တယ်၊ သူ့မျက်နှာစာမှာ အတိုက်ခိုက်ခံရသည် လို့ စာတန်းနီကြီး မမြင်ချင်ပါဘူး၊ ကျနော့်မှာ facebook အကောင့်တစ်ခု ရှိပေမယ့် မသုံးဘဲ ပစ်ထားတာ ကြာနေပြီ၊ ဖွင့်ထားတာလည်း ကြာပါပြီ၊ မကြာခဏ ဆိုသလိုလည်း အားစိုက်ပြီး အပ်ပ်တူဒိတ် ဖြစ်အောင်လုပ်ဖို့ စဉ်းစားတယ်၊ ဒါပေမယ့် ကျနော် ဘယ်လိုမှ မ'ငြိ'ဘူး၊ တွစ်တာတို့ ဖလစ်ကာတို့ဆိုလည်း အတူတူပဲ၊ ဖလစ်ကာဆို ဓါတ်ပုံအသိုင်းအဝိုင်းမို့ စိတ်ဝင်စားစရာ တွေ၊ ပညာယူစရာတွေ အများကြီး ရှိပေမယ့် လောလောဆယ်တော့ မရောက်ဖြစ်သေးပါဘူး၊ နောက်ဆုံးတော့ ဒီဘလော့ဂ် မှာပဲ မြဲနေခဲ့တယ်၊ ဒါပေမယ့် မတည်မြဲခြင်းထဲက ဘလော့ဂိုစဖီးယားမို့ သူက (မှားပြီး) ပိတ်လိုက်တဲ့နေ့၊ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် ရပ်ချင်တဲ့နေ့ အထိပေါ့ ။ ။


ညီလင်းသစ်
၁၂ ဖေဖော်ဝါရီ၊ ၂၀၁၁

12 comments:

မေဓာဝီ said...

အဟဲ .. မိဘခွင့်မပြုလို့ အပေးအယူ အတိုက်အခံလုပ်ပြီး ရေးရတဲ့သူက ကျမ ဖြစ်မယ်ထင်တယ်။ :)
ကျမလဲ ဖေ့စ်ဘုတ်တွေ တွစ်တာတွေ မငြိဘူး။ ဘလော့မှ ဘလော့ပဲ။ ပြီးတော့ ၀ါသနာအရ ရေးချင်လို့သာ ရေးနေတာ နည်းပညာလဲ မကျွမ်းကျင် ဘာမှလဲ back up လုပ်မထားမိဘူး။

ကိုညီလင်းသစ် ပြောသလိုသာဆိုရင် ဘလော့စပေါ့ကြီးက စိတ်မချရပါလား ... ပိတ်ချင် ပိတ်သွားနိုင်တာပဲနော်။ ဘယ်အရာမှ မမြဲဘူးဆိုတာ ပိုပြီး သဘောပေါက်သွားပါပြီ။

baby taster said...

ဒါဆိုလည်း သံယောဇဉ်မထားတော့ပါဘူး
ပိတ်ချင်တဲ့နေ့ ပိတ်သွားပါစေတော့း)

အပြုံးပန်း said...

ဟုတ်ပါတယ်လေ၊
ရေးချင်တာ တခုပဲသိတာ၊
ပိတ်ချင်လဲ ပိတ်ပါစေတော့၊
တခြားဟာလည်း (မပိတ်အောင်) လိုက်ပြီး မလုပ်တတ်ဘူး၊
အစွဲမထားသင့်တာကို သိရတာပေါ့၊

PAUK said...

ဟုတ်တယ်..
ဖဘတို့ တွစ်တာတို့လဲ သိပ်မတွယ်တာဘူး.။
(မနက်ဖန်တော့ မသိသေးဘူး..ဟိ)

Shinlay said...

ဖြစ်သမျှအကြောင်းအကောင်းပဲပေါ့။

ကောင်းမွန်ဝင်း said...

တရား ရစရာပါပဲ။
အဲလိုမတွေးလို့လည်းမဖြစ်။
တွေးတဲ့အတိုင်းဖြစ်မလာလို့ကလည်း မပြောနိုင်။
မီသတ်နိုင်ဘာဘူးလေ။

မောင်မျိုး said...

း) ဆင်ဆာမလွတ်ဘူးနော် စီစစ်ရေးက ဖြုတ်ချမှာမကြောက်ဘူးလား တတိယံမိပြီးတော့ ဘာမိ ရှိသေးလဲဗျ ။ အမှန်တော့ ကျနော်က နည်းပညာပိုင်းမကျွမ်းဘူး အစ်ကိုရ ဘလော့က ခဏခဏပျက်လိုက် ကိုယ့်ပါသာ ဖျက်တဲ့ အခါနဲ့ ဒီတစ်ခါတော့ ရေးထားတာတွေပျောက်ကုန်မှာကြောက်တာနဲ့ လိုက်စစ်ကြည့်လိုက်တော့ အနီရောင်ပြနေတာနဲ့ လင့်တွေဖြုတ်လိုက်ရတာ ။ .com , net တွေ စိတ်မချလို့ ဘလော့စပေါ့ပဲရေးနေမှပဲ စိတ်မချရဘူးဆိုတာ သိတော့ အင်း တရားသဘောနဲ့ပဲမှတ်သွားတော့တယ် မမြဲခြင်းတရားတွေပေါ့ ဘလော့နဲ့ပက်သက်တဲ့ ဖန်သားပြင်နောက်ကွယ်က သံယောဇဉ်ကြိုးတွေပျက်တောက်သွားမှာတော့ စိုးမိတယ်ဗျာ .။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မဆိုရင် အခုဘလော့ဟာ ၆ကြိမ်မြောက် ရွေ့ပြောင်းထားတဲ့ ဘလော့အသစ်ပါ။
ဒါလည်း အမှတ်မရှိဘဲ ရေးနေတုန်းပါဘဲ။
ခရီးထွက်နေတုန်း ဘလော့တွေ malware ကပ်ငြိနေတယ်လို့ ကြားလိုက်ရတယ်. စိတ်ထဲ စဉ်းစားမိတယ်.. အဲလိုဖြစ်ပြီး ဘလော့ပျက်သွားရင် ငါ ဆက်မရေးတော့ဘူးလို့
ဒါပေမဲ့ တကယ်ရော ဟုတ်ရဲ့လား ကိုယ့်ကိုယ်ကို မသေချာဘူး။ ၆ကြိမ်မြောက် အသစ်လုပ်လာပြီး ၇ကြိမ်မြောက်ထပ်လုပ်ဖို့ ၀န်လေးမယ် မထင်ဘူးနော်း)

Nyi Linn Thit said...

မမေဓာဝီ ...
ဟုတ်ပါတယ်ဗျာ၊ အဲဒါ မမေဓာဝီပါပဲး)၊ အမြဲရှိတဲ့ မမြဲခြင်းတရားကတော့ အသေအချာပဲဗျို့...၊

မ,baby taster ...
ပုံမှန်အားဖြင့် ဆိုရင်တော့ ဖြစ်စရာ အကြောင်းမရှိလှပါ ဘူး၊ ဒါပေမယ့် အမှားအယွင်းဆိုတာ နေရာတိုင်းမှာ ရှိတတ်တာကို ပြောချင်တာပါဗျာ၊

အပြုံးပန်း ...
ကျနော်တို့အားလုံးလည်း လုပ်တတ်သလောက်လေး လုပ်ကြရတာပါပဲ၊ ဒါ့ထက်ပိုလာရင်တော့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့...နော့၊

ပေါက် ...
တူတာတော့ တူနေပြီဗျို့....၊း)

မ,ရှင်လေး ...
အဲဒီလိုပဲ ပြောရမှာ ထင်ပါတယ်ဗျာ....၊

မ,ကောင်းမွန်ဝင်း ...
အမှန်ပါပဲ၊ မဖြစ်နိုင်ဘူးရယ်လို့ ဘယ်အရာမှ တထစ်ချ ပြောလို့မရတဲ့ အနေအထားကိုး.....၊

မောင်မျိုး ...
ထိခါမှ ထိရောပဲ ညီရေ့...ဟားဟား၊ အမှန်တော့ အပြီးသတ် လုံးဝ ပျောက်ဆုံး ပျက်ဆီးသွားမယ်လို့တော့ မဖြစ်နိုင်ပါဘူး၊ ကျနော် ဆိုလိုတာက အကယ်၍ သူတို့က မှားပြီး ပိတ်ရင်တောင်မှ စာရေး ရှင်းပြပြီး ပြန်ဖွင့်လို့ ရပါလိမ့်မယ်၊ စစ်ဆေးတာက အလိုအလျောက် အလုပ်,လုပ်တဲ့ ပရိုဂရမ်တွေနဲ့ ဆိုတော့ မှားတာတော့ ရှိနိုင်တာ ပါပဲ၊ ဘလော့စပေါ့ ပလက်ဖောင်းအနေနဲ့ကတော့ ခိုင်မာတယ်လို့ ပြောလို့ရမယ် ထင်တယ်၊ နောက်ဆုံး စာကြောင်းကိုတော့ သဘောတူတယ်ဗျို့...၊း)

မချော ...
ဘလော့ဂ်နာမည်ကို ဖီးနစ်လွင်ပြင်လို့တောင် ပြောင်းရတော့မယ် ထင်တယ်၊ ပြန်ထလာတာ ၆ ကြိမ်တောင် ရှိပြီဆိုတော့..း)၊ ဒီအတိုင်းဆို ၇ ကြိမ် ဟာလည်း ထမင်းစားရေသောက်လောက်ပဲ ဖြစ်မှာပါပဲ။

rose of sharon said...

ဘလော့စပေါ့ ပိတ်သွားရင်တော့ တခုခုထပ်စဉ်းစားရမှာဘဲ... မရေးရရင် မနေနိုင်ပေါင်

MieMie said...

ဖတ်လို့ရနေသေးသရွေ့ တော့ လာဖတ်နေဦးမယ် ညီလင်းရေ ... ဒီဘလော့က ကိုယ်စစချင်း ဘလော့တွေ စဖတ်ဖြစ်ကတည်းက ရောက်ခဲ့တဲ့ဘလော့မို့လို့ .. ခုနောက်ပိုင်း ရောက်ဖြစ်နေတဲ့ ဘလော့ရယ်ဆိုလို့ သုံး လေးခုလောက်ဘဲရှိတော့တယ် ဖေ့စ်ဘွတ်ထဲလည်း အချိန်ပေးရသေးတယ် .. ဘောလုံးပွဲလည်းကြည့်ရသေးတယ် .. ပို့စ်တွေဖတ်လို့ရအောင် အခက်အခဲတွေကြားထဲကနေ ကျိုးစားအားထုတ်မှု တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်

mie nge

Nyi Linn Thit said...

rose of sharon ...
ဘလော့စပေါ့ကတော့ တော်ရုံနဲ့ မပိတ်နိုင်ပါဘူး၊ သူ့ရဲ့ ပရိသတ်အားက နည်းတာမှ မဟုတ်ဘဲလေ..၊ ကျနော်တို့လည်း မရေးရင် မနေနိုင်တာကလွဲလို့ ပါပဲ :)

မ,mie nge ...
ကျနော့် ဘလော့ဂ်မှာ ဘော်လုံးနဲ့ ဖေ့စ်ဘွတ်ခ် အကြောင်းရေးမယ်လေ၊ ဒါဆို တစ်ချက်ခုတ်၊ သုံးချက်ပြတ်ပေါ့...နော၊ :D မမီးငယ်ကလည်း ကျနော့်ရဲ့ ရှားရှားပါးပါး တာရှည်ခံစာဖတ်သူပါပဲ၊ ဟိုးအရင် ပို့စ်တွေပြန်ကြည့်တိုင်း ကွန်မန့်တွေကို သတိထားမိတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။