ဒီဗီဒီ အခွေတွေနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ ကျနော်သဘောကျတာ တစ်ခုရှိပါတယ်၊ အဲဒါက ဇတ်ကားရဲ့ တချို့ဇတ်ဝင်ခန်း တွေကို ဘယ်လို ရိုက် ခဲ့ကြသလဲဆိုတာ မှတ်တမ်းတင်ထားတဲ့ အပိုင်းလေးပါ၊ ဒီဗီဒီတိုင်းမှာတော့ မပါ,ပါဘူး၊ ပါတဲ့ အခွေ တွေမှာဆိုရင် ဘိုးနပ်စ် ခေါင်းစဉ်အောက်မှာ တွေ့ရတတ်ပါတယ်၊ တခါတလေတော့လည်း ဒါရိုက်တာက စကားပြောပြီး ရှင်းပြတာ၊ တခါတခါတော့ ဘေးကနေ ကင်မရာ အပိုတစ်လုံးကနေ လိုက်ရိုက်ထားတာ၊ တခါတခါတော့ ဇတ်ဝင်ခန်းကို ပြနေရင်းနဲ့ နောက်ခံ စကားပြောနဲ့ ရှင်းပြတာ.. စသဖြင့် ပုံစံအမျိုးမျိုး တွေ့ရတတ်တယ်၊ ဒါ့အပြင် တချို့ဇတ်ကားတွေမှာ မိတ်ကပ်ဘယ်လို လိမ်းခဲ့လဲဆိုတာပါ ပြထားတတ်တယ်၊ အထူးသဖြင့် special effect တွေပါတဲ့ အက်ရှင်ကားတွေမှာပေါ့၊ ဒါမှ မဟုတ်လည်း မကောင်းဆိုးဝါးတွေ၊ လူမဟုတ် တိရိစ္ဆာန်မဟုတ် အကောင်တွေကို ဘယ်လို ကွန်ပြူတာနဲ့ ဖန်တီးသလဲဆိုတာ အကြမ်းဖျင်း ရှင်းပြတာမျိုးလည်း ရှိပါတယ်၊ ဒါတွေကို ခြုံငုံပြီး making of လို့ ခေါ်ကြ ပါတယ်၊
အဲဒီလို making of တွေ ပါလာပြီဆိုရင် တတ်နိုင်သလောက် ကျနော်ကြည့်လေ့ ရှိတယ်၊ ဒါတွေကို ဘယ်လိုလုပ်သလဲ ဆိုတာ စိတ်ဝင်စားတာ အဓိကပေါ့လေ၊ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ နောက်တစ်ချက်လည်း ရှိပါသေးတယ်၊ အဲဒါက ဒီဇတ်ဝင်ခန်းကိုပဲ ခုနတုန်းက ရုပ်ရှင် ထဲမှာ နင့်နင့်နဲနဲ ခံစားခဲ့သလောက် making of မှာ ပြန်တွေ့တော့ အမြင် ပြောင်းသွားတာပါ၊ ဇတ်ဝင်ခန်းထဲမှာ ဥပမာ မင်းသားနဲ့ မင်းသမီး သေလုမျောပါး ခွဲရခါနီး ကြေကွဲကြတဲ့ အခန်း ဆိုပါစို့၊ မင်းသားက ညသန်းခေါင် တောအုပ်အလယ်မှာ လဲလို့၊ တကိုယ်လုံးလည်း ရွှံ့တွေဗွက်တွေ ပေလူးနေတဲ့အပြင် ရင်ဘတ်မှာလည်း လူဆိုးတွေပစ်သွားတဲ့ ကျည်ပေါက်ရာတွေနဲ့၊ သူ့ကို မင်းသမီးက ပွေ့လို့...၊ ဒီကြားထဲ မိုးက သူတို့ နှစ်ယောက်အပေါ်ကို သဲကြီးမဲကြီး ရွာနေသေးတယ်၊ နှစ်ယောက်လုံးရဲ့ မျက်ရည်တွေက မိုးနဲ့အပြိုင် ပါးပြင်ပေါ်မှာ..၊ မင်းသားက အသက်ငင်နေလို့ နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်လို့၊ မင်းသမီးက ဝမ်းနည်းလွန်းလို့ ကိုယ်လုံးလေး တုန်ပြီး တသိမ့်သိမ့်ရှိုက် လို့..၊ နောက်ခံ တီးလုံး မတိုးမကျယ်နဲ့ ကံကြမ္မာရဲ့ အရက်စက်ဆုံးအခန်း၊ ဒီလို အခန်းမျိုးကို ကြည့်ရတဲ့အခါ ကျနော်တို့ အနည်းနဲ့အများ ဝမ်းနည်းမိမှာပါ၊ အထူးသဖြင့် ဇတ်လမ်းကို ဟိုးအစကတည်းက ထဲထဲဝင်ဝင် ကြည့်လာခဲ့ရင် ပိုပြီး နက်ရှိုင်းလိမ့်မယ်၊
ပြီးသွားတော့ ဒီအခန်းကိုပဲ making of မှာ ပြန်ကြည့်မယ်၊ အခုတော့ ပြောင်းသွားပြီ၊ မင်းသားက ရွှံ့ထဲမှာ ထိုင်ရင်း ဒါရိုက်တာ ညွှန်ကြား တာကို နားထောင်နေမယ်၊ သူ့ကို မိတ်ကပ်လိမ်းတဲ့သူက လိမ်းလို့၊ မင်းသမီးကလည်း တစ်ယောက် ယောက်ကို ဖုန်းဆက်နေမယ်၊ ရယ်လို့မောလို့၊ ကဲ, စမယ်ဆိုတော့ မင်းသမီးက မင်းသားကို ပွေ့လိုက်ပြီး နှစ်ယောက်လုံး မုဒ်သွင်းမယ်၊ အဲဒီအချိန်မှာ သစ်ပင်ပေါ်က အသင့်စောင့် နေတဲ့ တစ်ယောက်က မီးသတ်ပိုက်ကို ဖွင့်ချလိုက်မယ်၊ ကင်မရာက သူတို့ နဲ့ ၅ ပေအကွာကနေ ရိုက်နေမယ်၊ ဘေးမှာ ထီးမိုးပြီး ဝိုင်းကြည့်နေတဲ့သူတွေ အများကြီး၊ စက်ပစ္စည်းတွေက တပုံတခေါင်းနဲ့ ဓါတ်ကြိုးတွေကလည်း ရှုပ်ပွလို့၊ ခပ်လှမ်းလှမ်းကနေ ဒါရိုက်တာ က မော်နီတာကနေ အသေးစိတ်ကြည့်နေမယ်၊ ကဒ်လို့ အောက်လိုက်တဲ့ အချိန်နဲ့ မရှေးမနှောင်းမှာပဲ ဒါရိုက်တာက ချီးကျူးစကားပြောရင်း သူတို့ကို လှမ်းနောက်လိုက်မယ်၊ ရှူတင် တခုလုံး ဝိုင်းရယ်ကြမယ်၊ မင်းသားရော မင်းသမီးပါ မြေကြီးပေါ်က ထလာကြရင်း ရယ်နေကြမယ်၊ အခုတော့ မိုးလည်း တိတ် သွားသလို သစ်ပင်ပေါ်က မိုးနတ်မင်းလည်း မီးသတ်ပိုက်ကိုင်ရင်း ပြန်ဆင်းလာမယ်၊
ကျနော် ဆိုလိုတာက ဒီဇတ်ဝင်ခန်း တစ်ခုထဲကိုပဲ မြင်ထောင့်ပြောင်းသွားတာကိုပါ၊ အဓိက ကင်မရာက မင်းသားနဲ့ မင်းသမီး နှစ်ယောက်တည်းကိုပဲ ကွက်ပြီးပြတုန်းက ဝမ်းနည်းစရာ ကောင်းသလောက် ဒီကင်မရာကို ကျော်ပြီးလည်း ကြည့်လိုက်ရော ဒါဟာ အလုပ်,လုပ်နေကြတာပါလား ဆိုတာထက် ဘာမှထူးပြီး မခံစားရပါဘူး၊ အကူကင်မရာရဲ့ နေရာကနေ ကြည့်လိုက်တော့မှ ဝမ်းနည်းကြေကွဲခြင်းက ကွက်ကွက်ကလေးပဲဆိုတာ တွေ့ရတယ်၊ အညှိုးတကြီးနဲ့ ရွာချနေတဲ့ မိုးဆိုတာလည်း ၁၀ ပေပတ်လည်ထက် မပိုပါဘူး၊ ဒီစက်ဝိုင်းရဲ့ အပြင်မှာတော့ လူပေါင်းများစွာက လုပ်စရာ ရှိတာတွေကို လုပ်နေကြတယ်၊ ဘယ်သူမှ မင်းသားမင်းသမီးနဲ့အတူ လိုက်ပြီး မငိုကြပါဘူး၊ တခါတခါ ကျနော်တို့ရဲ့ နေ့စဉ်ဘဝမှာလည်း အဓိက ကင်မရာက ပြသလောက်ကလေးပဲ မြင်ရတဲ့အခါ တချို့အဖြစ်အပျက်တွေက လတ်တလော မှာ လှုပ်ရှား၊ ရိုက်ခတ် တတ်လွန်းပါတယ်၊ ငိုစရာပဲ ဖြစ်ဖြစ်၊ ရယ်စရာပဲ ဖြစ်ဖြစ်ပေါ့၊ ဒီကာလရဲ့ အလွန်၊ အချိန်အပိုင်း အခြား တခုကြာတဲ့အခါ အကူ ကင်မရာရဲ့ နေရာကနေ ပြန်ကြည့်တော့မှ အဲဒီတုန်းက ရွာနေခဲ့တဲ့ ဒုက္ခမိုးဟာ ၁၀ ပေ ပတ်လည်ထက် မပိုပါလားဆိုတာ သတိပြုမိ တတ်ပါတယ်၊ အဲဒီမိုးရဲ့ အောက်မှာ သရုပ်ဆောင်သူတွေက ကြေကွဲ သလောက်၊ ဘေးပတ်ဝန်းကျင်မှာ လောက,ကတော့ လည်ပတ်မြဲပါပဲ၊ အဆုံးကြတော့လည်း ဒီရှူတင်သိမ်းပြီး အားလုံးက နောက်ရှူတင်ကို ထွက်သွားကြမှာပဲ မဟုတ်လား..၊ အဲဒါတွေကြောင့်လည်း behind the scene ကိုပြတဲ့ making of တွေကို ကျနော် ကြိုက်မိတာ ထင်ပါတယ်၊
အောက်က ဓါတ်ပုံတွေကတော့ ပြီးခဲ့တဲ့တစ်ပတ်က ကျနော့်ရဲ့ မွေးနေ့ကိတ်လေးကို ရိုက်တုန်းက setup ဓါတ်ပုံတွေပါ၊ ကိတ်မုန့်လေးက သူ့ချည်းပဲ ကြည့်ခဲ့တုန်းက အထိုက်အလျောက် ချစ်စရာကောင်းသလောက် အခုလို making of မှာ လည်းကျရော သူ့ပတ်ဝန်းကျင်က အနုပညာမဆန်တာကို သတိထားမိမှာပါ၊ တကယ်ပါ...၊ တခါတခါ အဓိက ကင်မရာ ရှေ့မှာ သရုပ်ဆောင်ရတာ သိပ်မောလွန်းတဲ့အခါ ဒုတိယ ကင်မရာနောက်ကို ခဏလေးပဲ ဖြစ်ဖြစ် သွားရပ်ပြီး ရှူတင် တစ်ခုလုံးကို ကြည့်,ကြည့်ပါ၊ အနည်းဆုံးတော့ မိုးရွာနေတာ ကွက်ကွက် ကလေးပဲ ဆိုတာ မြင်မိမှာပါ...။ ။
ညီလင်းသစ်
၂၂ ဖေဖော်ဝါရီ၊ ၂၀၁၁
29 comments:
ဟုတ်တယ်နှော်။ မိုးရွာနေတာ ကွက်ကွက်ကလေး။ ပထမဆုံးမော်ဒန်ကိတ်ပိုစ့်မှာကတည်းက နောက်ခံ ဘက်ဂရောင်းကို ဘယ်လိုလုပ်ထားပါလိမ့်လို့စဉ်းစားနေတာ။ ခုမှပေါ်တော့တယ်။ ကိတ်မုန့်လေးက ခုတော့ အကျဉ်းကျလို့ သူ့ခမျာ :-) ပိုစ့်တစ်ခုကို အစအဆုံး ကျောထောက်နောက်ခံ သမိုင်းကြောင်းတွေကအစ ရေးနိုင်တာကို ချီးကျူးမိပါတယ်။
:) မွေးနေ့ကိတ်မုန့်ဖြစ်ရတာ တော်တော်မသက်သာတာပဲ.. မီးတွေဝိုင်းထိုးထားလိုက်တာ ကိတ်မုန့်လေးသနားပါတယ်..
အလွန်ကောင်းတဲ့ ပို့စ်လေးပါပဲ။
ကိတ်၁လုံးနဲ့ ပိုစ့်၃ခုဖြစ်အောင် လုပ်နိုင်တာလဲ ပညာပါပဲရှင်။
ဟုတ်တယ်နော်။
စိတ်ကူး။ ပြင်ဆင်ပုံ။ ဖြတ်သန်းပုံ။ ပြီးမြောက်ခြင်း ဒါတွေက ဆက်စပ်နေပေမယ့် .....
actနဲ့ artကြားထဲက အရာတွေပေါ့နော်။
ရိုက်ထားတဲ့ရှုတင်က မိုက်တယ်း)ဒီကရုပ်ရှင်ရိုက်ကွင်းနား သွားရင်းလာရင်း ကြုံဖူးတယ်
ထရပ်ကားကြီးတွေ အများကြီးနဲ့ ကရိယာအစုံအလင်တင်ပြီး လမ်းတွေပိတ်ပြီးရိုက်တာ ဗျ ... စစချင်းတွေ့လိုက်တော့ အံသြမိတာအမှန်ဘဲ .. မှတ်မှတ်ရရ spider man ကားရိုက်တာ ကြုံဖူးလိုက်တယ်
မင်းသားမင်းသမီး တော့ မတွေ့လိုက်ရဘူး သူတို့က အချိန်တော်တော်ယူတော့ ကိုယ်လည်းစောင့်မကြည့်နိုင်လို့ ပြန်လာခဲ့တယ် ...
mie nge
ဒီပို့စ်မှာ အစ်ကိုပေးချင်တဲ့ မက်ဆေ့က ဘာလဲဆိုတော့ ညီ ရလိုက်သလိုပဲ ဘယ်တော့မှ ကံဆိုးခြင်း ကံကောင်းခြင်းတွေက မစဲတဲ့ မိုးလိုရွာမနေနိုင်ဘူးဆိုတာကိုပေါ့ သူလည်း သူ့အတိုင်းတာကုန်လွန်သွားတဲ့နောက် အရာရာက နေသားတကျ ဖြစ်သွားတတ်တာပဲနော့် ပြီးတော့လည်း ပြီးသွားတာပဲပေါ့ ။
စာရေးကောင်းသလို စိတ်ကူး အိုင်ဒီယာလေးတွေလဲ သိပ်ကောင်းတာဘဲ
ဓာတ်ပုံရိုက်တာကို ဓာတ်ပုံပြန်ရိုက်ပြထားတဲ့ စိတ်ကူးမျိုးက တော်ရုံ စဉ်းစားမိမယ် မထင်ဘူး
ကိတ်မုန့်ပေါ်က အဓိပ္ပါယ်တွေလဲ သဘောကျတယ်
ရလဒ်တခုရဲ့ နောက်ကွယ်က အကြောင်းလေးသိရလို့ 
စိတ်ဝင်တစားဖတ်သွားပါတယ်။
Nice thought.
Thanks for sharing.
Iora
မောင်မျိုးရေးသလိုပါပဲ၊
ကိုညီလင်းသစ်ပေးချင်တာလေးကို
ရလိုက်တယ်၊
ဖတ်လို့ သိပ်ကောင်းပါတယ်၊
(ဒါနဲ့ အဲဒီကိတ်မုန့်ကို စားဖြစ်ရဲ့လား)
ညကတည်းက အသစ်တက်တာ မြင်ပေမဲ့ အေးအေးဆေးဆေးဖတ်ပြီးမှ ကွန်မန့် ပေးချင်တာနဲ့ ခုမှ ရေးလိုက်တာပါ။
ကျမလဲ behind the scence တွေကို စိတ်ဝင်စားလေ့ရှိတယ်။ ဒီက ရုပ်သံမှာ တပတ်တခါ ပြနေတဲ့ human planet အစီအစဉ်မှာ ပြီးခါနီး ၁၀ မိနစ်လောက်ကို behind the lens ဆိုပြီး ပြလေ့ရှိတယ်။ ကြည့်တော့ မိနစ်ပိုင်းလေး ဘာမှ မဟုတ်သလို အခန်းလေးကို ခက်ခက်ခဲခဲ ရိုက်ရတာတွေက ကြည့်လို့ ပိုကောင်းသလို ပိုလဲ စိတ်ဝင်စားဖို့ ကောင်းတယ်။ ရုပ်ရှင်အသိုင်းအ၀ိုင်းနဲ့ နည်းနည်းနီးစပ်ပြီး ရုပ်ရှင်ခြံနားမှာနေတော့ ကိုညီလင်းသစ် ရေးထားသလို မီးသတ်ကားနဲ့ မိုးရွာတာတို့ ပန်ကာကြီးနဲ့ လေတိုက်တာတို့တွေ ငယ်ငယ်က မကြာခဏ ကြည့်ဖူးတယ်။ တခါတလေကျတော့လဲ ကြည့်ရတာ စိတ်မရှည်ဘူး ပျင်းတယ်။
ဒီပို့စ်ကို ဖတ်ပြီး ဦးသုခရေးတဲ့ ချိုတကူးနဲ့ ဂုဏ်ရည်မတူ ဆိုတဲ့ဝတ္ထုလေးတောင် သွားသတိရမိတယ်။
မွေးနေ့ကိတ်ပုံလေးရဖို့ ခုလို တပင်တပန်း ရိုက်ထားတာ ချီးကျူးပါတယ်။ ဒီလိုပြမှလဲ ရိုက်ကူးသူရဲ့ အားထုတ်မှုကို သိနိုင်မှာလေ ... ။
လပြည့်ရိပ် ...
ကိတ်မုန့်လေးကို အကျဉ်းထောင်ထဲမှာ အကြာကြီး မထားပါဘူး၊ ရှူတင်ပြီးပြီးချင်းပဲ အပြင်ထုတ်ပြီး စားပစ် လိုက်တယ်...၊း)
ရွှန်းမီ ...
မွေးနေ့ကိတ်ဆိုတာ တခြား သာမန်ကိတ်တွေနဲ့ မတူဘူး လေ၊ သူက အထိမ်းအမှတ်တွေရဲ့ စတားပဲ၊ ဒီလောက် မီးထိုးတာလောက်တော့ သူကအပျော့ပါ...၊ ;-)
ကိုဇော် ...
ကျေးဇူးတင်ပါတယ်ဗျာ.....၊
နန္ဒာ ...
နောက်ထပ် ၂ ပုဒ်လောက် ဆက်ရေးဦးမလားလို့ စဉ်းစားနေတာ၊ အင်း..ဒီလိုဆိုရင်တော့ ရပ်မှပဲ..၊း)
မ,ကောင်းမွန်ဝင်း ...
ဟုတ်ပါတယ်၊ act နဲ့ art ကြားက always ရှိနေမယ့် authentic အကြောင်းတွေပါပဲဗျာ..၊
မ mie nge ...
ကြုံတောင့်ကြုံခဲ့ အတွေ့အကြုံပါလား၊ အင်း..ပြန်လာတာ လည်း တမျိုးကောင်းပါတယ်၊ တော်ကြာ spiderman ရဲ့ ပင့်ကူမျှင်တွေက ကိုယ့်ကို လာငြိနေမှ ဒုက္ခ... ... ဟားဟား၊
မောင်မျိုး ...
ဟုတ်ပါတယ်ညီရေ၊ အဲဒါပါပဲ၊ အားလုံးဟာ ပြီိးသွားတော့ လည်း ဒီလိုပါပဲဗျာ...၊
မချော ...
ကျေးဇူးပါဗျာ၊ ကင်မရာတစ်လုံးအပေါ် အခြားဘဝတူ ကင်မရာတစ်လုံးရဲ့ အမြင် ဆိုပါတော့...အဟဲ၊
မ,ရှင်လေး ...
ကျနော်ကတော့ effect နဲ့ cause ကို ပြောင်းပြန် လုပ်မိ နေပြီနဲ့ တူတယ်နော်....၊
Iora ...
thanks a lot...!
မ,အပြုံးပန်း ...
ဒါဆိုတော့လည်း ဝမ်းသာရပါတယ်ဗျာ၊ ကိတ်မုန့်ကို အဲဒီနေ့က တဝက်စားလိုက်တယ်၊ ကျန်တဲ့ တဝက်ကို ဆက်စားဖို့ မေ့သွားလို့ မှိုတက်သွားတာနဲ့ မနေ့ကပဲ လွှင့်ပစ်လိုက်ရတယ်... :( (အဲ, ငရုတ်သီးတွေတော့ ဒီအတိုင်း ရှိသေးတယ်)
မမေဓာဝီ ...
ရိုက်ကွင်းတွေကို ခဏခဏ ကြည့်ဖူးတာ ကံကောင်းတာ ပေါ့၊ ကျနော့်မှာ အဲဒီလို အခွင့်အရေး မျိုး
မရခဲ့ဖူးဘူးဗျ၊ ဒီဗီဒီတွေက ပြသလောက်ပဲ ကြည့်နေရ တာ..၊
wow! quel effort pour obtenir une bonne photo!!!
မီးကင်ပြီးသား ကိတ်က ပိုစားကောင်းမှာပေါ့။
ဓါတ်ပုံကောင်းတစ်ပုံရဖို့ မလွယ်ပါလား..။
ဟိုအရင်က လက်ဝတ်ရတနာပုံတွေလဲ အခုလို
ရိုက်ရတာပဲပေါ့.နော်.။
ပုံကိုသေချာကြည့်တယ်
5D Mark II တွေ့တယ် :P
Mon Petit Avatar ...
En fait, ce n'est encore rien par rapport à ceux qui restent dans l'eau pendant 8 heures pour prendre quelques photos d'un oiseau, par exemple. :D
ပေါက် ...
ဒီလို ပြင်ဆင်တာတွေက အလေ့အကျင့်ရသွားတော့ လည်း သိပ်မကြာတော့ ပါဘူးဗျာ၊ ဟုတ်ပါတယ်၊ အရင် လက်ဝတ်ရတနာတွေလည်း ဒီလိုပုံစံမျိုးပဲ ရိုက်ခဲ့တာပါ၊ ဒီ စက္ကူပုံးနဲ့တော့ မဟုတ်ဘူး၊ မီးကလည်း flash အပြင် စတူဒီယို မီးပါ သုံးပါတယ်၊ အခြေခံကတော့ အတူတူ ပါပဲ၊
မစူးနွယ် ...
Waow... မျက်လုံး တယ်ကောင်း ပါလား..၊ :)
ပာုတ်တယ်နော်... ကိုညီလင်း။ Making of ... ကြည့်လိုက်ရင် ရုပ်ရှင်က ပေါ့ရွှတ်ရွှတ် ဖြစ်သွားတယ်။ ရို့စ်လည်း နှစ်သက်တယ် သူတို့ ဘယ်လို ရိုက်ထားလဲ ဆိုတာ ပြတာကိုလေ။ သရဲကား ကြည့်ပြီး ကြောက်နေတုန်း Making of ... ကြည့်လိုက်ရင် အကြောက်ပြေသွားတယ်။ ဒါတော့ ကောင်းတယ် ပီားးး။ သြော်... အဲ့ဒီလို ဓာတ်ပုံ လှလှလေး ရဖို့ အပင်ပန်းခံ အချိန်ပေးပြီး ရိုက်ရတာပေါ့နော်။ အတုယူသွားပါတယ်။
မစူနွယ်လေးရေးသွားတာကို ဖတ်ပြီးတော့မှ ပုံတွေကို သေချာပြန်ကြည့်သွားတယ်။ ” ဟိုက် ရှားပါး ” လို့အော်ချင်သွားတယ်။ ကိုညီလင်းက ပရောဖက်ရှင်နယ်ကြီး ပါလား.. :-)
မိုက်တယ်။ ကောင်းတယ်။
မရိုစ့် ...
အင်း..အဲဒီလို သရဲကားရဲ့ making of ကို ကြည့်နည်း လည်း မဆိုးဘူး၊ အိမ်မက်ထဲထိ ထည့်မမက်တော့ဘူး ပေါ့...၊း)
လပြည့်ရိပ် ...
ပရော်ဖက်ရှင်နယ် မှာတောင်မှ 'ကြီး' ထည့်လိုက်သေး တယ်...ဟုတ်လား..ဟားဟား၊ မပရို ရပါဘူးဗျာ၊ အဝေးကြီး လိုပါသေးတယ်..၊
ခနွဲ ...
ကျေးဇူးပါပဲဗျို့....။
စိတ်ကူးကောင်းတယ်နော်...တင်ပြပုံလေးဆန်းသစ်လို့
မျောသွားတယ်...အတွေးတွေနဲ့..
ကျွန်တော်လည်း making of တွေပြန်ပြရင်သိပ်သဘောကျ
တယ်...၊၂ခါ ၃ခါ ပြန်ကြည့်ဖြစ်တယ်..။ဂျက်ကီချန်းကား
တွေမှာ အက်ရှင်ခန်းတွေဘယ်လိုရိုက်တယ်ဆိုတာပြန်ပြ
တာတွေဆို အတော်စိတ်ဝင်စားစရာ..။
May everybody be happy and healthy ...
လာလည်တာရော၊ ကွန်မန့်အတွက်ပါ ကျေးဇူးပါဗျာ..၊
ကိုမောင်လေး ...
ဟုတ်တယ်ဗျ၊ ဂျက်ကီချန်း ကားတွေရဲ့ အဆုံးမှာ ပါတဲ့ making of တွေကို ကျနော်လည်း အရမ်း သဘောကျ တယ်၊ ဇတ်ဝင်ခန်းကို ပြန်ရိုက်ပြတဲ့အပြင် သူတို့ အမှား လုပ်ထားတာတွေကိုပါ ပြထားတာ ရီရတယ်...။
အစ်ကိုလုပ်ထားတဲ့softboxလေးကိုသဘောကျတယ်ဗျာ။ အဆင်ပြေရင် softboxလုပ်ပုံလုပ်နည်းလေးပါရေးပါ့လား။
ဖိုးလနတ်သား ...
ကျနော်ရေးဖြစ်မှာပါ၊ အဲဒီ softbox ကို လုပ်ကတည်းက ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ ရေးဖို့ ရည်ရွယ်ထား ပါတယ်..။
စဉ်းစားစရာ ရသွားတယ်ဗျာ။ ဒါနဲ့ ..."ဟုတ်ပါတယ်၊ act နဲ့ art ကြားက always ရှိနေမယ့် authentic အကြောင်းတွေပါပဲဗျာ.." ကိုမြင်တော့ ဟိုနေ့က ဘိုဘိုလန်းစင် စီကဖတ်ခဲ့တဲ့ "Burmlish" ကို "ဘာရယ်မဟုတ်" သွားသတိရမိတယ်။
ကိုညီလင်းက စာရေးတာရော၊ ဓါတ်ပုံရိုက်တာရော စနစ်တကျရှိပြီး စိတ်လဲ တော်တော်ရှည်တာပဲနော်...။ ဓါတ်ပုံရိုက်တဲ့အကြောင်းကို စာနဲ့ရေးပြတာရော၊ ပေးချင်တဲ့ message လေးကို ပါးပါးလေး ချပြတာရောကိုလည်း သိပ်သဘောကျသွားတယ်။
ကျွန်တော်လည်း ရုပ်ရှင်တွေအပြီးမှာ ကြည့်ရတတ်တဲ့Making of တွေကို သဘောကျတယ်...
ပြီးအောင် စောင့်ကြည့်တတ်တယ်...
ဒါနဲ့ စကားမစပ် 5D Mark II ကို ဘာနဲ့ ပြန်ရိုက်ထားတာလဲဟင်...း))
ကို Raymond ကျော်မင်းနိုင် ...
လာလည်တာ ကျေးဇူးတင်ပါတယ်ဗျာ...၊
မသက်ဝေ ...
ကော်ဖီကြိုက်တာအပြင် making of ကြိုက်တာလည်း လာတူနေပြန်ပြီ..၊း) 5DmkII ကို 450D နဲ့ ပြန်ရိုက် ထားတာပါ၊ 24-105mm တပ်ပြီးတော့..။
Post a Comment