25 February 2011

ပျော်ရွှင်စွာ ရှုံးနိမ့်ခြင်း


ဒီနေ့ ကျနော်ရှုံးသွားတယ်၊ မရှုံးတဲ့ အချိန်တွေ အတော်ကြီးကြာပြီးမှ အခုတခါ ရှုံးသွားပြန် တယ်၊ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်တဲ့ ဒေါမနစ် (Dominique) နဲ့ ကစားတဲ့ ကြက်တောင်ရိုက်ပွဲမှာ ကျနော် ရှုံးသွားခဲ့ တာပါ၊

ဒေါမနစ်နဲ့ ကျနော်နဲ့က အဓိက ဌာနက တခုတည်းပေမယ့် ဌာနခွဲတော့ မတူပါဘူး၊ သူက ပင်မဓါတ်ခွဲခန်း ဖြစ်တဲ့ central lab မှာ လုပ်တယ်၊ သူနဲ့ကျနော် ကြာသပတေးနေ့တိုင်း ကြက်တောင်ရိုက် ကစားကြတယ်၊ နေ့လယ် ၁၁ နာရီ ခွဲကနေ ၁ နာရီခွဲ လောက်အထိ အားလပ်ချိန်ယူပြီး ကစားပါတယ်၊ ကြက်တောင်ကွင်းက ကျနော်တို့ရဲ့ အလုပ်ကနေ ၁၀ မိနစ်လောက် လျှောက်သွားလိုက်ရင် ရောက်တယ်၊ ကျောင်းရဲ့ အားကစားရုံထဲမှာ ရှိပါတယ်၊ အဲဒီမှာ ကျောင်းသား တွေကော၊ ဝန်ထမ်းတွေပါ လာကစားကြတယ်၊ ဒေါမနစ်က အရင်တုန်းက သူ့ရဲ့ဆရာနဲ့ ကစားနေကျပါ၊ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ဆရာက ခါးနာတဲ့ ဝေဒနာ ခံစားနေရတာနဲ့ မကစား ဖြစ်တော့ဘူး၊ တစ်ရက်မှာ ကျနော်နဲ့ စကားစပ်မိ သွားရင်း စမ်းကစားကြည့်ရာကနေ နောက်တော့ ပုံမှန်နီးပါး တစ်ပတ်တခါ ကစားဖြစ်သွားတော့တယ်၊

ကျနော်တို့က အမြဲတမ်း ၃ ပွဲကစားပါတယ်၊ ဒီနေ့ကစားတော့ ပထမပွဲမှာ ကျနော်နိုင်တယ်၊ အမှတ် အပြတ်အသတ်နဲ့ နိုင်တာပါ၊ ဒုတိယပွဲမှာလည်း ကျနော်ကပဲ လက်ရည်အသာနဲ့ ဦးဆောင်ကစားနေခဲ့ပြန်တယ်၊ ဒါပေမယ့် တဝက်လောက် အရောက်မှာ သူ့ကို တချက်ကြည့်မိရင်း ကျနော့်ခေါင်းထဲ အရင်တုန်းက ပုံရိပ်တွေနဲ့ အတွေးတွေ အစီအရီ ဝင်ရောက်လာခဲ့တယ်၊

ကျနော်တို့ ပထမဦးဆုံး စ,ကစားကြတော့ ဒေါမနစ်ရဲ့ အဆင့်က ကျနော့်ထက် အများကြီး သာပါတယ်၊ ကျနော့်အတွက်တော့ အဲဒီအချိန်ထိ ကြက်တောင်ဆိုတာ ပျော်ပွဲစားထွက်ရင်း မြက်ခင်းပေါ်မှာ ရိုက်ကြတဲ့ ကစားနည်း သက်သက်ပါပဲ၊ ပိုက်မရှိ၊ စည်းမရှိနဲ့လေ..၊ ဒီကြားထဲ လေတိုက်ရင် လွင့်,လွင့်သွားသေးတယ်၊ ဆိုတော့ ကစားကြတဲ့ ပထမဦးဆုံး နေ့ရက်တွေမှာ ကျနော်ကချည်းပဲ အလူးအလှိမ့်ကို ခံရတာပါ၊ ရှုံး တာမှ ပွဲတိုင်းပဲ၊ တခါတလေဆို ဘဲဥကွဲရုံ တစ်မှတ် လောက်ပဲ ရတဲ့ပွဲတွေတောင် ရှိခဲ့တယ်၊ အဆိုးဆုံးက အသက်ရှူ မဝတာပဲ၊ လုပ်နေမကျတဲ့ အားကစားလည်း ဖြစ်ပြန်၊ ပြိုင်ပွဲဆိုတဲ့ stress ကလည်း ရှိနေပြန်တော့ အသက်ကို ပုံမှန်မရှူဘဲ အောင့်,အောင့် ထားမိတယ်၊ ကြာတော့ ပါးစပ်နဲ့ပဲ အသက်ကို အတင်းလုပြီး ရှူနေရတယ်၊ မောလွန်းလို့လည်း နှလုံးခုန်သံတွေက ရင်ဘတ်ထဲက ပေါက်ထွက် လုမတတ်ပါပဲ၊ ဘယ်လောက်များလဲဆို ပွဲပြီးလို့ ရေချိုး၊ အဝတ်စား လဲပြီးတာတောင် ရင်ဘတ်ထဲမှာ တဒိန်းဒိန်းနဲ့ အဲဒီ ရင်ခုန်သံတွေက မပျောက်ချင်သေးဘူး၊ ဘယ်သူမှ မကြားနိုင်လို့ တော်သေးတယ်၊ မဟုတ်ရင် ယောင်္ကျားတွေချည်းပဲ ရှိတဲ့ အဝတ်လဲခန်းထဲမှာ ဘယ့်နှယ့် လာပြီးရင်ခုန်နေရတယ်လို့..၊ တလွဲတွေ အထင်ခံရနိုင်တယ်...၊ :D

ဒီလိုနဲ့ ကျနော်ပထမဦးဆုံး စ,လုပ်တာက ကြက်တောင်ရိုက်ရင်း ဝင်သက်ထွက်သက် မှတ်တာပါပဲ၊ ကြက်တောင်ကို ဘယ်လိုရိုက် ရမလဲဆိုတာ မသင်ခင် အသက်ရှူနည်းကို အရင် သင်နေရတယ်၊ ဖြစ်ပုံများ၊ နဲနဲကြာတော့ တဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်၊ အဲဒီကမှ တဆင့်တက်ပြီး နည်းစနစ်ပိုင်းကို လေ့လာပါတယ်၊ အဲဒီ အားကစား ရုံကြီးထဲမှာ ဆရာနဲ့ သင်ချင်တဲ့ သူတွေအတွက်လည်း ကွင်းတွေသီးသန့် ရှိပါတယ်၊ ကျနော်တို့ နှစ်ယောက် ကစားလို့ပြီးရင် အဲဒီကွင်းတွေ ဘေးနားမှာသွားပြီး အကြောလျှော့ လေ့ကျင့်ခန်း လုပ်ရင်းနဲ့ ဆရာတွေ သင်ပြနေတာကို သွား,သွား လေ့လာပါတယ်၊ ဒီလိုနဲ့ ကြက်တောင်နဲ့ ကျနော် တစထက်တစ ပိုပြီး နေသားတကျ ရှိလာခဲ့တယ်၊ နောက်ပိုင်းမှာ ဒေါမနစ်နဲ့ ကျနော် လက်ရည်တူလာခဲ့တယ်၊ သူများတွေ သင်နေတာ သွားကြည့်၊ ကိုယ့်ဟာကိုယ် ပြန်ကျင့်ရင်းနဲ့ ကျနော် ကစားပါတယ်၊ ကစားရင်း ပြုပြင်၊ ပြုပြင်ရင်း ကစားဆိုပါတော့၊ အဲဒါတွေရဲ့ အကျိုးကျေးဇူးကို ၆ လလောက် အကြာမှာပဲ စပြီး ခံစားရ ပါတယ်၊ ဒေါမနစ်က ကျနော့်အပေါ် ရှုံးပွဲတွေ ဆက်လာရင်းက နောက်ဆုံးမှာ လုံးဝ မနိုင်တော့ဘူး၊ ကစားပွဲတိုင်းကို ကျနော့်စိတ်ကြိုက် ထိန်းပြီး လိုသလို ကစားလို့ရတဲ့ အခြေအနေထိ ရောက်လာခဲ့တယ်၊ ကြာသပတေးနေ့တိုင်း ကျနော်ကပဲ ၃ ပွဲဆက်တိုက် အမြဲနိုင်နေ တော့တယ်၊ အဲဒါဟာ အပတ်စဉ်ဆက်တိုက် ဖြစ်လာတော့ တခါမှာ သူက ပြောပါတယ်၊ 'အရင်တုန်းက ငါတို့နှစ်ယောက် လက်ရည်ညီနေတဲ့ အချိန်က ကစားလို့ တော်တော်ကောင်းခဲ့တာကွ၊ အခုတော့ မင်းက အများကြီး တက်သွားလို့ ငါနဲ့ကစားရတာ ပျင်းတောင် ပျင်းနေမယ်ထင်တယ်'-တဲ့၊

ဒီနေ့ ကစားတဲ့ ဒုတိယပွဲစဉ် တဝက်မှာ ဒီဖြစ်စဉ်တွေနဲ့ အဲဒီစကားလေးက ကျနော့်ခေါင်းထဲ ပြန်ဝင်လာခဲ့တာပါ၊ အရင်တုန်းက ကျနော့်ကို ကြိုက်သလို နိုင်နေခဲ့တဲ့ လူတစ်ယောက်၊ ကျနော့်ထက်လည်း အသက်အရွယ်အားဖြင့် ပိုကြီးပြီး ကြက်တောင်ကိုလည်း ကျနော့်ထက်စောပြီး ကစားခဲ့သူ တစ်ယောက်၊ အခုတော့ သူ့မှာ နိုင်ပွဲမရှိခဲ့တာ လေးငါးလ လောက်တော့ ကြာနေပါပြီ၊ သူလည်း အရင်တုန်းကလို ပြန်နိုင်ချင်မှာပေါ့၊ ပွဲပြီးတိုင်း သူများကိုပဲ Bravo တို့၊ Well done တို့ ပြောနေခဲ့ရတာ..၊ သူလည်း တခါတလေ ပြန်ပြီး အပြောခံချင်မှာပေါ့ လို့ကျနော် တွေးမိပါတယ်၊ ပြီးတော့ ဒေါမနစ်က ရှုံးပေမယ့် ပြိုင်ဖက်ကို ညှိုးတတ်တဲ့၊ အပြစ်ရှာတတ်တဲ့ bad loser မဟုတ်ပါဘူး၊ အလုပ်မှာ လည်း ခဏခဏ တိုင်ပင်ရတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်ပါ၊ ကဲ,ဒီတော့..သူ့ကို တခါတလေများ ဘာဖြစ်လို့ အနိုင် မပေးနိုင်ရမှာလဲ ဆိုပြီး ကစားတဲ့နှုန်းကို ကျနော် မသိမသာ လျှော့ချလိုက်ပါတယ်၊ သူ့နောက်က ၂ မှတ်၊ ၃ မှတ် အကွာလောက်နဲ့ ကျနော်လိုက်ကစားနေလိုက်တယ်၊ ဒီ ဒုတိယပွဲ သူနိုင်သွားတယ်၊ ကျနော်က သူ့ကို လက်ဆွဲ နှုတ်ဆက်ရင်း Bravo လို့ ပြောလိုက်တော့ သူက 'ငါ့အတွက် မင်းလျှော့ကစားပေးတာ ကျေးဇူးတင်ပါတယ်ကွာ'လို့ ပြန်ပြောတယ်၊ သူ ရိပ်မိနေပုံပဲ၊

ကျနော့် လုပ်ရပ်က သူ့အတွက် သိပ်မကောင်းဘူးဆိုတာ ချက်ချင်းပဲ သဘောပေါက်လိုက်တယ်၊ သူ ကျနော့်ကို ရှုံးပေမယ့် သူ့အစွမ်းနဲ့သူ အစွမ်းကုန် ကစားခဲ့တာဖြစ်လို့ ဖြေသာပါတယ်၊ အခု ကျနော် လျှော့ပေးမှ သူက အနိုင်ရမယ့် အဖြစ်ဆိုတော့ သူ့သိက္ခာ၊ သူ့ လူစွမ်းလူစကို စော်ကားရာ၊ သူ့ကို မလေးစားရာ ရောက်နေပြီလို့ ကျနော် နားလည်လိုက်တယ်၊ ဒါပေမယ့် ဒီနေ့မှာမှ ကျနော်ကလည်း သူ့ကို တကယ်ပဲ နိုင်စေချင်နေ ခဲ့တာပါ၊ သူလည်းမသိစေဘဲ သူ့ကို အနိုင်ပေးလို့ရမယ့် နည်းလမ်းကို တတိယနဲ့ နောက်ဆုံးပွဲ အစမှာပဲ ကျနော်တွေ့လိုက်တယ်၊

ကျနော့်ရဲ့ ကစားနှုန်းကို ပြန်တင်လိုက်တယ်၊ ပြီးတော့ ကျနော် သိပ်မကျွမ်းကျင်သေးတဲ့ နည်းစနစ်တချို့ကို အသားပေးပြီး ကစားကြည့်တယ်၊ ဥပမာ- လေထဲမှာ မြောက်နေတဲ့ ကြက်တောင်ကို ရိုက်ချလိုက်ဖို့ အနေတော် ဖြစ်နေပေမယ့် တဖက်က ပိုက်နောက်နားမှာ ဒေါမနစ်က ရပ်နေတဲ့အခါ ကြက်တောင်ကို ပိုက်ကျော်ရုံလေးပဲ ကပ်ပြီး ချပေးလိုက်တယ်၊ ကြက်တောင်က ပိုက်မကျော်ရင် ဒေါမနစ်ပဲ အမှတ်ရမှာ ဖြစ်သလို ကျော်သွားတော့လည်း သူက အဲဒီနားမှာ အဆင်သင့်ဆိုတော့ ကျနော့်ဖက်ကို အလွယ်တကူ ပြန်ရိုက်ချလို့ ရပါတယ်၊ ဆိုတော့ ကျနော်က သူ့ကို အတင်းကြီး လျှော့ပေးနေတာမျိုးလည်း မဖြစ်တော့ဘူး၊ ပြီးတော့ ကျနော် လက်ပြန်ရိုက်ရမယ့် အခြမ်းကို မသိမသာလေး ဖွင့်ပေးထားလိုက်တာမျိုးပေါ့၊ သူက အဲဒီဖက်ကို ချပေးလိုက်တဲ့အခါ ကျနော့်အတွက် လက်ပြန်ရိုက်ရ လို့ ပိုပြီးခက်ခဲမယ်၊ ဒါပေမယ့် ရအောင်ရိုက်နိုင်ရင် ကျနော့်အတွက် လေ့ကျင့်ပြီးသား ဖြစ်လိမ့်မယ်၊ မရရင်လည်း ဒေါမနစ်က အမှတ်ရမှာ ဖြစ်လို့ ကိစ္စမရှိပါဘူး၊ ဒီလိုနည်းတွေနဲ့ ကစားလိုက်တာ ဒီပွဲကိုလည်း သူပဲ နိုင်သွားတော့တယ်၊ ဒီတခါ ကျနော်က ပြုံးပြီး လက်ဆွဲနှုတ်ဆက်ရင်း good job လို့ ပြောတော့ သူက ကျေနပ်တဲ့အပြုံးနဲ့ 'ကျေးဇူးပဲ'တဲ့၊

တကယ်တော့ ကျနော်တို့ ကစားတယ်ဆိုတာက ဘာပြိုင်ပွဲမှ မဟုတ်ပါဘူး၊ ကိုယ်လက်လှုပ်ရှားဖို့ အတွက်ပဲ ရည်ရွယ်တာပါ၊ သူ ဆက်တိုက် ရှုံးနေလို့ ဘာမှ မဖြစ်သလို ကျနော်ချည်းပဲ နိုင်နေတော့လည်း ဘာမှ မထူးခြားပါဘူး၊ အပြင် ပြန်ထွက်လာတာနဲ့ ကျနော်တို့ မေ့လိုက်ကြမှာပါပဲ၊ ဒါပေမယ့် ကစားနေစဉ် ခဏမှာတော့ သူသူကိုယ်ကိုယ် အနည်းဆုံး တခါတလေပဲ ဖြစ်ဖြစ် နိုင်ချင်ကြမှာပါ၊ ကစားကွင်းကနေ အဝတ်လဲခန်းဖက် လျှောက်လာတော့ ကျနော်ပဲ စိတ်ထင် လို့လား မသိဘူး၊ သူ့ရဲ့ မျက်မှာပေါ်မှာ ငါအရင်လို ကစားလို့ ရသေးသားပဲ ဆိုတဲ့ ကျေနပ်အားရတဲ့ အရိပ်အယောင်လေး ဖြတ်ကနဲ တွေ့လိုက်ရသလိုပဲ၊ ကျနော်ကကော...၊ အင်း, ကျနော်ကတော့ ရှုံး သွားခဲ့တယ်၊ ဒါပေမယ့် ပျော်တယ်...။


ညီလင်းသစ်
၂၄ ဖေဖော်ဝါရီ၊ ၂၀၁၁

12 comments:

လပြည့်ရိပ် said...

အလုပ် လုပ်နေရင်းနဲ့ အားကစားလုပ်ဖြစ်တာ ကောင်းတယ်။ ကိုယ်လက်လှုပ်ရှားမှုဖြစ်တာပေါ့။ ကျွန်မက ကြက်တောင်ကို ဘယ်တော့မှ ပိုက်တွေ စည်းတွေနဲ့ မရိုက်ဖူးဘူး... သူငယ်ချင်းတွေနဲ့ ရိုက်တော့ သူပြေးလို့မနိုင်ရင် သူအောက်တာပဲ။ ကိုယ်ပြေးလို့မနိုင်ရင် ကိုယ်အောက်တာပဲ ထားပြီး ကစားတာ... :)

Nyi Linn Thit said...

လပြည့်ရိပ်ရေ ...
ဒါလည်း တမျိုးကောင်းတာပဲ၊ ကြက်တောင်လည်း ရိုက် တတ်ရမယ့်အပြင် အပြေးလည်း သန်ဦးမှ၊ ဒါမှ နိုင်မှာကိုး။ :)

မေဓာဝီ said...

ကိုညီလင်းသစ်က အတော်ဇွဲကောင်းတယ်နော်။ အတုယူစရာပါပဲ။ ဒီပို့စ်ဖတ်ပြီး ဂျူးရေးခဲ့ဖူးတဲ့ ရှုံးသူမရှိလျှင် နိုင်ချင်သည် ဆိုတဲ့ စကားလေး အမှတ်ရမိတယ်။
ကိုညီလင်းသစ်အတွက် ကတော့ အမြဲနိုင်နေ၍ ရှုံးချင်သည်လို့ ပြန်ပြောင်းရမယ် ထင်တယ်။ :)
အမြဲနိုင်နေကျလူက ပညာသားပါပါနဲ့ တမင် အရှုံးပေးမှန်း မသိအောင် ရိုက်ရတာ ပိုခက်မလားဘဲ။

မောင်မျိုး said...

အစ်ကို့စိတ်ဓာတ်လေးက လှလိုက်တာ ။

စူးနွယ်လေး said...

ကိုညီလင်းရေးလို့ကျမလည်းဒီမှာမိတ်ဆွေတယောက်နဲ့တခါကစားဖူးတာသတိရတယ်။ ကိုယ်က ဗမာပြည်မှာ စည်းမပါပိုက်မပါအမှတ်လည်း မပေးတတ်ပဲသာ ကလေးဘ၀က ကစားဖူးတာ။ သူကရိုက်ချလိုက်ရင်အသားကုန်အရှိန်ကပြင်း၊မြန်လွန်းတော့ လိုက်မဖမ်းနိုင်ဘူး။ ကိုယ့်ရိုက်ချက်ကျတော့ လက်မောင်းအားမရှိပဲ နှေးလွန်းတော့ slow motion ဖြစ်နေလို့တယ်။ အပျော်အားကစားလုပ်တာကို သူက ကျမ ဖမ်းနိုင်အောင်ညှာမပေးပဲ ကျမကချည်းကြက်တောင်ကောက်နေရတော့ အဲဒီတခါပြီးကတည်းက သူနဲ့မကစားဖြစ်တော့ဘူး။ ဒီလောက်လက်ရေမညီတော့လည်းကစားရတာမ ကောင်းဘူးလေ။

rose said...

အပီားးး ရို့စ်တော့ အားကစားဆို ဘာမှ မကြိုက်ဘူး။ ငြိမ်ငြိမ်လေးပဲ ထိုင်နေချင်တာ ခိခိး) ကိုညီလင်း ကြက်တောင် မရိုက်တတ်ခင်ကလည်း ကိုဒေါ်မနစ်က ကိုညီလင်းကို လက်တွဲခေါ်ပြီး ရိုက်ခဲ့တာ ဆိုတော့ သူ့ကို အဲ့ဒီလိုလေး ပြန်နိုင်စေတာ အတ္တမဲ့တဲ့ လုပ်ရပ်လေး တစ်ခု ဆိုတော့ ချစ်စရာ ကောင်းတယ်။

Shinlay said...

အားကစားနဲ့ ပတ်သက်ရင်တော့ ကျမက အမြဲရှုံးတာပါပဲ။
တင်းနစ်စရိုက်တော့ ဘောလုံးကောက်နေရတာနဲ ၊ အပြေးမသန်တာနဲ့ စိတ်ပျက်သွားတယ်။ စက်ဘီးစီးပြန်တော့လည်း အမောမခံနိုင်ပြန်ရော။
တဖြေးဖြေးခြင်း အမောခံနိုင်အောင် စကျင့်ရတယ်။
အနိုင်အရှုံး ပေါ်မှာ ပျော်ရွှင်ပါစေ။

နေ၀သန် said...

ကောင်းလိုက်တာ...။ ဒီစာလေးက ပုံမှန်စာလေးလိုဆိုပေမယ့် တစ်ခုခုကို ခံစားလိုက်ရတယ်.. အစ်ကိုညီလင်းသစ်...း)

ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုလင်းသစ်နေရာမှာ ကျွန်မသာဆို
ကိုယ်အမြဲနိုင်နေကျလူတစ်ယောက်ကို အလျော့ပေး အရှုံးခံနိုင်ရဲ့လားလို့ စဉ်းစားမိသွားတယ်
မသေချာဘူး
ကိုယ်တိုင်ကြုံတော့မှ သိမှာဘဲထင်ရဲ့နော်
တခါတလေမှာ ကိုယ့်စိတ်ကိုယ်တောင် ကြိုမသိနိုင်တာတွေက ရှိသေးတယ် မဟုတ်လားနော်
အရှုံးပေးလိုက်တဲ့စိတ်ကလေးကို လေးစားမိပါတယ်..

မောင်လေး said...

ကျွန်တော်ဆိုလည်း ရှုံးကာမှရှုံးရော...သူများလျော့ပေးလို့
နိုင်ရတာမျိုးတော့ခံချင်ဘူးဗျ...၊အဲ့လိုမသိမသာ အလျော့
ပေးရတာလွယ်ဘူးနော်...၊

Anonymous said...

နှစ်ယောက်ချင်းကစားရတဲ့ပွဲတွေကြည့်ရင် လက်ရည်ညီနေမှ ကျမတော့ ကြိုက်တယ် .. တဖက်က ကွာနေရင်မကြည့်ချင်တော့ဘူး .. ဒါပေမယ့် ညီလင်းတို့လို ကစားပွဲမျိုးကျတော့ လည်း တမျိုးပေါ့ နော် ဘာဘဲဖြစ်ဖြစ် ဒေါမနစ်နဲ့ကစားခဲ့တဲ့ ညီလင်းရဲ့ စိတ်ဓါတ်ကိုတော့ သဘောကျမိတယ် ...

ဒါနဲ့စကားမစပ် ကွန်မန့်မှာ အကုန်ဖွင့်ထားပါလား ကျေးဇူးးးးးး

mie nge

Nyi Linn Thit said...

မမေဓာဝီ ...
ကြက်တောင်ရိုက်ကြတာလည်း အမြဲတမ်း ဒီနှစ်ယောက်ပဲ ဆိုတော့ တယောက်တလှည့်စီ နိုင်စတမ်း ဆိုလည်း မဆိုးလှဘူးလို့ ထင်မိတာပါပဲဗျာ..၊

မောင်မျိုး ...
အမတော်ကြေး လာထုတ်လို့ ရပါပြီ ညီရေ.. :D

မစူးနွယ် ...
အဲဒီလောက်ကြီး ကျတော့လည်း တဆိတ် ရက်စက်ရာ ကျလွန်းတာပေါ့လေ...နော့၊

ရိုစ့် ...
အားကစားကို အားမှ ကစားတော့မယ်ပေါ့...ဟုတ်လား၊

မ,ရှင်လေး ...
အားမလျှော့ပါနဲ့ဗျာ၊ တင်းနစ်ချန်ပီယံ တော်တော်များ များလည်း ကလေးဘဝကတည်းက ဘော်လုံး ကောက်တာနဲ့ စခဲ့ရတာပါပဲ၊ စက်ဘီးစီးရင်လည် ကုန်းဆင်းတွေမှာ စ,စီးလေ...၊း)

နေဝသန် ...
ကျေးဇူးတင်ပါတယ်ဗျာ.....၊

မချောရေ ...
သူလည်း နိုင်လို့ပျော်၊ ကျနော်လည်း လေ့ကျင့်ခန်း အသစ်တွေ လုပ်ရလို့ပျော် win-win situation လေးမို့ ပါဗျာ၊ တကယ့်ပြိုင်ပွဲဆိုရင်တော့ ဒီလို မဟုတ်ဖို့ များတယ်..အဟဲ၊

ကိုမောင်လေး ...
ဟုတ်မယ်ဗျ၊ ကျနော်လည်း သဘောတူတယ်၊ ကျားသနားမှ နွားချမ်းသာရမယ့် အဖြစ်ကြီးက သိပ်တော့ မနိပ်လှဘူး၊ မီးကုန်ယမ်းကုန် ပြိုင်ပြီးမှ ရှုံးသွားရတာ ခေါင်းမော့ထွက်လာလို့ ရသေးတယ်လေ..၊

မ mie nge ...
အပြည့်အဝ သဘောတူပါတယ်၊ သူနိုင်ကိုယ်နိုင် အပြိုင် နွှဲတဲ့ ပွဲတိုင်းကို ပရိသတ်က ကြိုက်လေ့ ရှိတယ်၊ ကျနော်တို့ကတော့ ပြိုင်ပွဲလည်း မဟုတ်တော့ ဒီလိုပဲ အေးရာအေးကြောင်းပေါ့..အဟဲ၊ ဒီနေ့မှ ကွန်မန့် setting ပြန်ကြည့်မိရင်း သတိထားမိတာနဲ့ ဖွင့်လိုက်တာ။