02 February 2011

သူ့ကို ပြောပြီးပြီလား


ဒီနေ့ နေ့လယ်စာကို ကင်န်တင်းမှာ Jean-David နဲ့ စားဖြစ်ပါတယ်၊ ဒီလူက ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပါ၊ ကျနော့်အလုပ်မှာ လူအချို့က နားနေခန်းထဲမှာ အိမ်ကယူလာတဲ့ဟာ တစ်ခုခု စားကြသလို တချို့ကလည်း အလုပ်စားပွဲမှာပဲ ဆင်းဒဝစ်ခ်ျလိုမျိုး တစ်ခုခု စားတတ်ကြတယ်၊ ကင်န်တင်းမှာ စားတဲ့သူဆိုလို့ အများဆုံးက ကျနော်နဲ့သူပဲ ရှိပါတယ်၊ အဲဒီမှာ သူကပြောတယ်...၊

မနေ့ညက သူ့သားလေးက သူ့ကိုပြုံးပြီး စိုက်ကြည့်နေတယ်-တဲ့၊ ဒါနဲ့ သူက “ဘာပြုံးတာလဲကွ” လို့ လှမ်းမေးလိုက်တော့ ၇ နှစ်အရွယ် အဲဒီကလေးက “အင်း..အဖေ့လိုလူကို အဖေအဖြစ်ရထားတာ သားတော့ ကံကောင်းတာပဲ”လို့ ပြန်ပြောတယ်-တဲ့၊ ဒါကို ပြောနေတဲ့ သူ့မျက်နှာမှာ ပီတိတွေနဲ့ တဖိတ်ဖိတ်လက်လို့...၊ ကျနော်က သူ့ကို “ဒါ အဖေတစ်ယောက်အတွက် အင်မတန်လှတဲ့ ချီးမွမ်းစကားလေးပဲ” လို့ စကားထောက် ပေးလိုက်တယ်၊ တဆက်ထဲ “ကျနော်လည်း အဲဒီလိုစကားမျိုး မနေ့ညကပဲ လက်ဆောင်ရလိုက်တယ်ဗျ”လို့ ကျနော့်အဖြစ်ကိုပါ ပြန်ပြောဖြစ်တယ်၊ ဟုတ်ပါတယ်..၊ တိုက်တိုက်ဆိုင်ဆိုင် မနေ့ညက သားကလေးက ကျနော့်ကို အဖေတိုင်းကြားချင်ကြမယ့် စကားလေးတစ်ခွန်း ပြောတယ်၊

“ ပါပါး... ပါပါးက သားသားရဲ့ အသဲတုံးကြီး ” တဲ့....၊

အေးလွန်းလို့ ရေတောင်ခဲနေတဲ့ ရာသီမှာ ကျနော် တထိုင်တည်း အရည်ပျော်သွားတယ်၊ ပြီးတော့ သူက အဲဒီစကားကို မြန်မာလို ပြောလိုက်တာ...၊ အမှန်တော့ သူက ကျနော့်ရဲ့ လက်သုံးစကားကိုယူပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်လိုက်တာပါ၊ သား ငယ်ငယ်တုန်းက ဝဝကစ်ကစ်လေးဆိုတော့ ကျနော်ကသူ့ကို “ပါပါးရဲ့ အသဲတုံးကြီး”လို့ မကြာခဏ ခေါ်လေ့ ရှိခဲ့တယ်၊ အခုသူက အဲဒီစကားကိုပဲ subject နဲ့ object ကို ပြောင်းပြန်လှန်ပြီး ပြန်ပြောတာ....၊ ဒီစကား ဘာ့ကြောင့်ပြောတာလဲ ဆိုတဲ့ နောက်ကွယ်ဇတ်လမ်းကဒီလို..၊

မနေ့ညက ၉ နာရီလောက် ကျနော်အိမ်ပြန်ရောက်တော့ သားကို သူ့အမေက သိပ်ထားနှင့်ပြီ၊ ဒါပေမယ့် သားက နဲနဲကြီးလာတော့ ၈ နာရီခွဲမှာ သိပ်လေ့ရှိပေမယ့် ၉ နာရီခွဲလောက်မှ အိပ်ပျော်ချင်ပျော်တာ...၊ အဲဒါ ကျနော့်ရဲ့အသံကြားတော့ သူက ပြေးထွက်လာတယ်၊ သူ့အမေက “ဟင်,ကြည့်စမ်း...အိပ်ရာထဲရောက်ရင် ပြန်မထရဘူးဆိုတာ... ...”လို့ စကားတောင် မဆုံးသေးဘူး သူက “မဟုတ်ဘူး၊ ပါပါးကို ကြိုမလို့”လို့ ပြောလည်းပြော၊ ကျနော့်ပေါ်ကိုလည်း ခုန်တက်လိုက်တယ်၊ ကျနော်က ပြန်ပွေ့ချီလိုက်တာ မြင်တော့ သူ့အမေက မျက်စောင်းတချက်ထိုးပြီး ဘာမှ ဆက်မပြောတော့ဘူး၊ သိပ်မကြိုက်ပေမယ့် ဒီဇတ်ကို ကျနော်ဆက်က ဆိုတဲ့သဘောနဲ့ လွှတ်လိုက်တာပါပဲ၊

ဒါနဲ့ ကျနော်လည်း သားကို အိပ်ရာထဲပြန်ပို့ရင်း ပုံပြင်တစ်ပုဒ် ပြောပြလိုက်ရတယ်၊ တကယ်ဆို သူ့အမေက လည်း ပုံပြောပြထား ပြီးသားပါ၊ ဒါနဲ့တင် မပြီးသေးဘူး၊ သူ့ကို သီချင်းဆို သိပ်ပါဦး ဆိုလို့  ကျနော်လည်း “မိတ္ထီလာကန်တော်အောက်မှာ ကြောင်ကြီးရဲ့ မြီးတံတို” လိုက်ရပြန်တယ်၊ ဒါလည်း မဟုတ်သေးပြန်ဘူး၊ သီချင်းဆုံးတော့ ဆရာလေးက သူနဲ့ ၅ မိနစ် နေပါဦးဆိုလို့ ကုတင်ဘေးမှာ ထိုင်နေရပြန်ရော...၊ ဒါပေမယ့် သူက တော်တော်နဲ့ အိပ်မယ့်ပုံမရှိတော့ ကျနော်က “ကဲ..သားရေ၊ ဒီလောက်ဆို တော်ပြီနော်၊ ပါပါး ဘာမှလည်း မစားရသေးဘူးကွ”ဆိုပြီး ထမယ် အလုပ်မှာ သူက အဲဒီစကား လှမ်းပြောလိုက်တာပါ၊ သားက ၃ နှစ်ခွဲပေမယ့် ကြိုးကွင်းပစ်နည်း ကောင်းကောင်း တတ်နေပါပြီ၊ ကျနော် တခါထဲ ဖင်ထိုင်ရက်ပြန်ကျတယ်၊ အဲဒီမှာတင် နောက်ထပ် ၃ မိနစ်လောက် ထပ်ကြာသွားသေးတယ်၊ လူလည်လေး... ...၊

ကျနော့်စကားဆုံးတော့ Jean-David က ကလေးတွေအနေနဲ့ ဒီလိုမျိုး ခံစားမှုကို express လုပ်တာဟာ ကောင်းကြောင်း၊ သူနဲ့ သူ့မိဘတွေကြားမှာ ဒီလိုမျိုး ဘာမှပြောလေ့ မရှိခဲ့ကြောင်း မှတ်ချက်ချတယ်၊ ကျနော် ကျတော့ရော...၊ ကျနော်လည်း မှတ်မိသလောက်တော့ အဖေအမေနဲ့ ဒီလိုမျိုး ပြောလေ့ မရှိဘူး၊ သူတို့ ကျနော်တို့ မောင်နှမတွေကို ပြောမပြတတ်အောင် ချစ်တာတော့ ယုံမှားသံသယ စိုးစဉ်းမျှ မရှိပါဘူး၊ ကျနော် ဆိုလိုတာက ချစ်ခြင်းဟာ စကားလုံးတွေအဖြစ် မစီးဆင်းခဲ့ဘူး ဆိုတာ သက်သက်ပါ၊ တခြား မိဘနဲ့ သားသမီးတွေ ကြားမှာကော၊ “ချစ်တယ်”ဆိုတာ ပြောဖူးသလား၊ ပြောတတ်ကြသလား၊ ဒါဟာ ကျနော်တို့ ကြီးပြင်းခဲ့ကြတဲ့ မျိုးဆက်နဲ့ ဆိုင်မလား၊ ဒါမှမဟုတ် ဓလေ့ထုံးစံ ကိစ္စ တစ်ခုသက်သက်ပဲလား၊ တကယ်တော့ ချစ်တယ် ဆိုတဲ့ စကားလေး တစ်ခွန်းဟာလည်း အသိအမှတ်ပြုမှု တခုပဲ မဟုတ်လား...၊

ကျနော်တို့ အဖေနှစ်ယောက် အတွက်တော့ မနေ့ညက မြစ်ဖျားခံလာတဲ့ ပီတိမြစ်က ဒီနေ့,နေ့လယ် ထမင်းစားပွဲပေါ် အထိ စီးတုန်း... ...။ ။


ညီလင်းသစ်
၂ ဖေဖော်ဝါရီ၊ ၂၀၁၁

23 comments:

Nyi said...

ကူပျော်သွားပါတယ်
သားလေးစကားတွေသင်ယူနေပြီ

Ree Noe Mann said...

http://soeminhtike.blogspot.com/2010/03/blog-post_1510.html
အပေါ်ကလင့်လေးဖြစ်တဲ့ တောင်ပေါ်သား ဘလောက်လေးမှာလဲ
သားသမီးက မိဘကိုချစ်တယ်ဆိုတဲ့ စကား မပြောဖြစ်တဲ့ အကြောင်း
ကိုရေးထားတယ်။ အတွေးချင်းဆင်နေလို့ ညွှန်းလိုက်ရတာပါ။

PAUK said...

ကျနော့်သမီဲးက ကျနော့်ကိုပြောလေ့ရှိပြီး
ကျနော်တို့ကျ အမေ့ကို ပြောရမှာ ဝန်လေးနေခဲ့တယ်။
ကိုညီလင်းသစ်တို့ကျ သားဆိုတော့ ပိုပျော်မှာပေါ့လေ.။

Soe Mya Nandar Thet Lwin (Borros Roxo) said...

တိုက်ဆိုင်မှု့လို့ ဆိုရမလား။

မေမေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖုန်းစကား ပြောတော့ နန္ဒာ့မေမေက နန္ဒာ့ကို စကားတခွန်းပြောတယ်။


"သမီးကို ငယ်ငယ်တုံးကလို ထွေးပွေ့ ထားချင်လိုက်တာ၊ ဒါမှမဟုတ် မေမေ ဆိုပြီး သမီးကနေ ထွေးပွေ့ ထားတာကို ခံချင်လိုက်တာ" တဲ့။

ဒါနဲ့ နန္ဒာက..,

"အော် မေမေရယ် သမီးနဲ့ မေမေက Atlantic Ocean ပဲခြားတာပါ။ လေယာဉ်ပျံသန်းချိန် ၈နာရီလောက်ပဲ ကြာပါတယ်။ သမီး Easter ကို သေချာပေါက် ပြန်လာပါ့မယ့်"

လို့ အားပေးလိုက်ရတယ်။

နန္ဒာလဲ ကျောင်းပြီးကထဲက မိဘတွေနဲ့ အပေါ်ယံ တွေ့ဆုံကြတာပဲ ရှိကြပြီး မိဘအိမ်ကို သေသေချာချာ ပြန်ပြီး အချိန်ပေး သူတို့နဲ့ မတွေ့ဖြစ်တာ ၂နှစ်နီးပါး ရှိသွားပြီ။

မိဘတွေဟာ သားသမီးတွေ ငယ်ငယ်တုံးက ကြီးပြင်းလာအောင် ကြင်နာယုယခဲ့ကြသလို သူတို့ အသက်တွေ အိုမင်းလာတဲ့အခါ သားသမီးဆီက ကြင်နာယုယမှု့၊ အသိအမှတ်ပြုမှု့ကို ပြန်လိုလား တောင့်တတ်ကြစမြဲပါပဲနော်။

မိဘနဲ့ သားသမီးမှ မဟုတ်ပါဘူး။ သတ္တလောကမှာ လူသားတွေဟာ တဦးနဲ့တဦး အပြန်အလှန် အသိအမှတ်ပြုတတ်မှုဟာ အရေးကြီးပါတယ်။

ဒီပိုစ့်မှာ ဖခင်တယောက်ရဲ့ မေတ္ထာကို နွေးထွေးစွာ ခံစားလိုက်ရတယ်။

ခင်မင်လေးစားစွာ
နန္ဒာ

linn said...

ဒီပို့စ်လေးဖတ်ပြီး သမီးကို မေးကြည့်ဦးမှဘဲ ... ဒီပို့စ်ဖတ်ပြီးမှ စိတ်ကူးပေါ်လာတာ ကျေးဇူးပါ ...သားကလေးဗမာလိုပြောတာ တော်တော်ချစ်စရာကောင်းမှာဘဲနော် ... ကျမသမီးတော့ အိမ်မှာလုံးဝ ဗမာလိုဘဲ ပြောတယ် ... သူမသိတဲ့စာလုံးကျရင် မေးတတ်တယ် ... ကျမသမီးလည်း အိပ်ခါနီးရင် သူနဲ့ဘယ်နှယ်မိနစ်လောက်နေပါဦး ဆိုပြီး အချိန်သိပ်ပြီး တိုးတောင်းတတ်တယ် ...ညီလင်းရေးသမျှပို့စ်တွေထဲမှာ ဒီပို့စ်ဖတ်ရတာ ကျမတော့ အကြိုက်ဆုံးဘဲ ...

mie nge

rose of sharon said...

အဲဒီစကားမျိုးကြားလိုက်ရလို့ ခံစားလိုက်ရတဲ့ ပီတိက ဘာနဲ့မှ နှိုင်းလို့မရဘူးနော် :)

နန်းညီ said...

"အဖေကလည်း အမေ့ကို ချစ်တယ်ပြောပါတယ် .. အမေကလည်း အဖေ့ကို ချစ်တယ် ချစ်တယ်တဲ့.. ကိုယ်ကလည်း သူတို့ကို ပြောပါမယ်.. ချစ်တယ်"
(သုမောင်အသံဖြင့် သီဆိုရန်)

မောင်မျိုး said...

ရှက်ရှက်နဲ့ ၀န်ခံစရာလေးရှိတယ် အစ်ကို ရေ ကျနော်အရင်က ခလေးတွေ ဘာတွေလိုချင်စိတ်မရှိဘူးဗျ ခုတော့ အဆင့်ကျော်ပြီးတွေးလိုက်တာ ယူမယ့် ဇနီး ချစ်ရမယ့် သူမရှိပေမယ့် ကျနော် အစ်ကို့သားလေးကိုတွေ့တော့ သားလေး တစ်ယောက်လောက် လိုချင်တာတော့ အမှန်ပဲ အစ်ကိုနေရာမှာ ကျနော်ဆိုလည်း အရည်ပျော်သွားမှာပါ တကယ် ဒီပို့စ်လေးဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ ။

အဆုံးသတ် နိဂုံလေးကတော့ တွေးစရာလေးနဲ့ ကျနော် တို့က တောသူတောင်သားတွေဆိုတော့ စကားအပိုတွေမပြောတတ်ကြဘူး ဒါမယ့် အမေ ကော အဘ ကော ကျနော်တို့တွေကို တခါမှမရိုက်ဖူးဘူး ပြီးတော့ ချစ်တယ်လေး ဘာလေး ဖွဲ့၂နွဲ့မပြောပေမယ့် သူတို့တွေ ကျနော်တို့ကို အရမ်းချစ်တာ သိသာတယ် ကျနော်ကတော့ နှုတ်က မပြောပေမယ့် အမေ့ကိုတွေ့တိုင်း ဖက်တာပဲ ခုချိန်ထိလည်း အိမ်ကိုပြန်တိုင်း အမေ့နားမှာ အမေ့ကိုဖက်အိပ်တုန်းဗျး) ။

အစ်ကို တို့မိသားစုလေး ခုလို အမြဲ ပျော်ရွှင်ကြည်နူးနိုင်ပါစေဗျာ ပြီးတော့ သားအကြောင်းလည်း မကြာမကြာ ရေးပေးပါအုံး သူဗမာလို ပြောပုံလေးနဲ့ ခပ်လွဲလွဲအကြောင်းလေးတွေပေါ့ မျှော်နေမယ် ။

Nge Naing said...

ပီတိတွေကိ မျှဝေခံစားသွားပါတယ်။ ကျွန်မသားကတော့ မေမေ့ကိုချစ်တယ်လို့ နေ့တိုင်းနီးပါးပြောတဲ့အကြောင်း ပြန်ကြွားလိုက်ဦးမယ်။ သူက စကားကို လောကြီးကြီးနဲ့ ပြောရင် အဖေနဲ့အမေက စကားကို သတိထားပြီး မထစ်အောင်ပြောဖို့ အမြဲသတိပေးရတယ်။ အဲဒါဆိုရင် သားသား သတိထားသည်ဖြစ်စေ မထားသည်ဖြစ်စေ ဘယ်တော့မှ မထစ်တဲ့စကားတခွန်းတော့ ရှိတယ် "မေမေ့ကိုသားသားချစ်တယ်" တွေ့လား သားသား ဘယ်တော့မှ မထစ်ဘူးလို့ ပြောပြတတ်တယ်။
မိဘနဲ့ သားသမီးကြားမှာ နွေးထွေးမှု လိုအပ်တာ အမှန်ပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မတို့လည်း မိဘနဲ့သားသမီးကြား နွေးနွေးထွေးထွေး မနေတတ်တဲ့ ခပ်ရိုးရိုး တုံးတုံး တောသူတောင်သားတွေထဲမှာ ပါပါတယ်.. တကယ်တမ်းတော့ မိဘနဲ့ သားသမီးကြား ရင်းနှီးနွေးထွေးမှုဆိုတာ တကယ်ကို လိုအပ်ပါတယ်နော မပြောရင်မသိ.. ပေမဲ့ စကားလေးတစ်ခွန်းဟာလည်း မိဘတွေ သားသမီးတွေရဲ့ စိတ်ကို ပျော်ရွှင်ကြည်နူးစေနိုင်ပါတယ်. ဖတ်ပြီး ကြည်နူးမိပါတယ်

မေငြိမ်း said...

အစ်မကကျတော့ အဲဒီချစ်တယ်လို့ ပြောဖို့ကို ရှက်ရှက်နေသလိုပဲ..။ သားနဲ့သမီးကတော့ ပြောပါတယ်..နေ့တိုင်းလိုပဲ..။ အစ်မကတော့ သူတို့ကို တခုခု လုပ်ခိုင်းတာမျိုး ချော့တာမျိုးရှိမှပဲ အချစ်ကလေးရေ... လို့ ခေါ်တတ်တယ်..။ အဲလိုဆိုရင်တော့ ပြောကျင့်ရသား..။ အင်း မကြာမကြာ ခေါ်မှထင်တယ်နော်.. ညီလင်း..

သက်ဝေ said...

ကျွန်တော်တို့ ခပ်ငယ်ငယ်တုန်းကတော့ ဖေဖေ မေမေတွေကို ချစ်တယ်လို့ ပြောခဲ့ဖူးတယ်... ဒါပေမယ့် အရွယ်နည်းနည်းရလာတော့ မိဘတွေရဲ့ ကျေးဇူးကို သိပြီး အရင်ကထက် ပိုချစ်လာပေမယ့် ဒီစကားကို နှုတ်က ဖွင့်ပြောဖို့ ဝန်လေးသွားသလိုပဲ...

အခုခေတ်ကလေးတွေကတော့ ပိုပြီး တတ်လဲ တတ်လာကြတယ်... ကြီးပြင်းလာကြရတဲ့ ပတ်ဝန်းကျင်မတူတာလဲ ပါလိမ့်မယ်... သူတို့လေးတွေက အဲဒီလိုစကားမျိုးတွေနဲ့ ကျွန်တော်တို့ကို အရည် မပျော် ပျော်အောင် လုပ်နိုင်စွမ်းရှိကြတယ်...

Nyi Linn Thit said...

Nyi ...
ကျေးဇူးတင်ပါတယ်ဗျာ...၊

Ree Noe Mann ...
ကျနော် သွားဖတ်ကြည့်ပါတယ်၊ ပို့စ်ကောင်းလေး တစ်ပုဒ်ပါပဲ၊ ညွှန်းပေးတာ ကျေးဇူးတင်ပါတယ်ဗျာ...၊

ပေါက် ...
အဖြစ်ချင်းကတော့ တူနေပြီဗျို့၊ ကျနော်ကိုလည်း သားက ပြောပေမယ့် ကျနော်ကျတော့ အမေတို့ကို ပြောဖို့ ဝန်လေးနေခဲ့တယ်..၊

နန္ဒာ ...
မိဘတွေက သားသမီးတွေဆီက အကြင်နာကို လိုအပ်တာ အမှန်ပါပဲ၊ အသက်ကြီးလာလေလေ ပိုပြီး လိုအပ်လာလေလေ...၊ နန္ဒာ့မေမေကို အခုလို အားပေး လိုက်တာ သိပ်ကောင်းတာပေါ့၊ ဒိထက်မက အချိန်တွေ အများကြီးပေးပြီး ဂရုစိုက်နိုင်ပါစေလို့.... ....၊

မ mie nge ...
သမီးက ဗမာလိုပဲ ပြောတယ်ဆိုတော့ သိပ်ကောင်းတာ ပေါ့၊ ကလေးတွေက အများအားဖြင့် သူတို့ရောက်နေတဲ့ နိုင်ငံက စကားကိုပဲ အဓိကပြောကြလေ့ ရှိတာကိုး၊ Carry on sis...! :)

မရိုစ့် ...
ဒါတော့ အဟုတ်ပဲဗျို့၊ လက်တွေ့ လက်တွေ့...၊း)

နန်းညီ ...
အင်း..တော်သေးတယ် ကြိုပြောထားလို့၊ မဟုတ်ရင် ဦးထုပ်နောက်ပြန်ဆောင်း၊ ဘောင်းဘီကို ကျွတ်ကျလု နီးပါးချဝတ်၊ လက်တစ်ဖက်က လက်ညှိုးနဲ့လက်သန်း ကို မျက်နှာရှေ့မှာထောင်၊ နောက်တစ်ဖက်က ဘောင်းဘီခွကြားကို ကိုင်ပြီး Yo..Yo...Yo..လို့ထည့်ပြီး ဆိုမိတော့မလို့...၊ :D

မောင်မျိုး ...
ညီ ဝန်ခံတာမိုက်တယ်၊ ချစ်ရမယ့်သူ မရှိသေးတာရော၊ အိမ်ထောင်အတွက်သာမက သားလေးတစ်ယောက် တောင်ယူဖို့အထိ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေ တာရော၊ ဖခင်တစ်ယောက်ရဲ့ စိတ်တွေ ကိန်းအောင်း ဖြစ်တည်လာတာရော..၊ အင်း..ခဲတစ်လုံးနဲ့ ငှက်သုံး ကောင်ပဲ..ဟားဟား၊ မောင်မျိုးကတော့ အမေရဲ့ အသည်းကျော်လေး ဖြစ်မယ်ထင်ပါရဲ့၊ သားရဲ့ အလွဲလေးတွေ ရေးပါဦးလို့ hint ပေးသွားတော့ ငိုချင်ရက် လက်တို့တော့ ဖြစ်ကုန်ပြီနော်...၊ :D

မငယ်နိုင် ...
Wow...သားက တကယ် smart ဖြစ်တာပဲ၊ အမတို့ ကံကောင်းတာပေါ့၊ အင်း..အမေတော့ တချိန်လုံး အရည်တွေ ပျော်နေတော့မှာပဲ...၊း)

မချော ...
ကျနော်လည်း ပွေ့ဖက်ယုယတာ၊ ချစ်တယ်လို့ ပြောကျင့် မရှိတဲ့ မိသားစုက လာတာပါပဲဗျာ၊ အလေ့အကျင့်ပဲ ထင်ပါရဲ့နော်၊ ခဏခဏ စာလာဖတ်လို့လည်း ကျေးဇူး တင်ပါတယ်ခင်ဗျား...၊ :)

အမမေငြိမ်း ...
ဟုတ်တယ်အမ၊ ကျနော်လည်း အတူတူပဲ၊ သားက ကျနော့်ကို ချစ်တယ်ပြောပေမယ့် ကျနော်ကျတော့ အမေတို့ကို ပြန်ပြောဖို့ ဝန်လေးနေတယ်၊ သားကိုတောင် ပြင်သစ်လိုဆို ပေါ့ပေါ့လေး ပြောလို့ရ တယ်၊ မြန်မာလို ဆိုရင်တော့ မနည်း အားတင်းပြောနေ ရတယ်..၊ ဖြစ်ရပုံများ....၊

အမသက်ဝေ ...
ဟုတ်တယ်နော်၊ အမပြောသလို ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ကြောင့်ပဲ ဖြစ်မယ်ထင်ပါရဲ့၊ ပြောကျင့် မရှိတော့ ကျနော်တို့က အတော့်ကို 'နှုတ်ခိုင်'နေပြီ..၊ :(

အိမ့်ချမ်းမြေ့ said...

ကြည်းနူးစွာ ဝေမျှခံစားသွားပါတယ်..း)

မြန်မာသားသမီးတွေက မိဘကို ချစ်တယ် မပြောပေမယ့်လည်း လုပ်ရပ်တွေနဲ့ သက်သေပြကြပါတယ်လို့ ထင်ပါတယ်..

ဒါပေမယ့်
You are my best Mommy, best Daddy ever (ever က ပါလိုက်သေးတယ်) တို့ Oh.. I love you so much Mommy တို့ တီတီတာတာကလေး ပြောတဲ့အခါမှာတော့ ကိုညီလင်းသစ်လိုပဲ မိဘတွေက ခဏခဏ ဖင်ထိုင်ရက် ပြန်ပြန်ကျကြရမှာပေါ့လေ..း))

Phyo Evergreen said...

ဒါမျိုးကျတော့ ကလေးတစ်ယောက်ချင်းဆီနဲ့ဆိုင်မယ်ထင်တာဘဲ....။ ပြောတတ်တဲ့ကလေးရှိသလို မပြောတဲ့ကလေးလည်းရှိမယ်..။ ပြောလာခဲ့ရင်လည်း မိဘတွေ အရည်ပျော်ကြမှာ ကျိန်းသေဘဲ.. :) ခုဘဲကြည့်ပါလား..။

အနောက်တိုင်းရုပ်ရှင်တွေမှာတော့ မိဘတွေက "I love you, I love you darling, I love you Sweetheart " လို့ပြောတာတွေ့ဖူးပေမယ့် သိပ်ခံစားလို့မရဘူး..။ မြန်မာမိဘတွေကတော့ မလေးပြောသလိုဘဲ လုပ်ရပ်နဲ့ပေါ့..။

ကျွန်တော်လည်း အမေ့ကိုအရမ်းချစ်ပေမယ့် ချစ်တယ်လို့ ပြောရမှာဝန်လေးနေတယ်.. ရှက်နေသလိုလို..။ အမေလည်း ကျွန်တော့်ကို မပြောဘူး... အမေ့လုပ်ပေးခဲ့သမျှတွေကိုပြန်စဉ်းစားမိတိုင်း.... အနားကလူတွေက မင်းအမေက မင်းကိုအရမ်းချစ်တာဘဲလို့ ပြောလာတိုင်း ကြည်နူးရတာဘဲ...။

p.s ။ သားသားပြောတဲ့စကားသံလေး ကြားတယ်တယ်ဗျို့... အရုပ်မပါလဲ..အသံလေးဘဲဖြစ်ဖြစ်ပေါ့...။ မြန်မာလိုပြောတာလေး...။

Phyo Evergreen said...

* ကြားတယ်တယ်မဟုတ်ပါဘူး... ကြားချင်တယ်လို့ပြောတာပါ * ..အိပ်ချင်မူးတူးနဲ့အလောကြီးသွားလို့ပါ...။

Shinlay said...

မိဘနဲ့ သားသမီးအကြားချစ်တယ်လို့ ကျမ မိဘကို
မပြောခဲ့ဘူးထင်တယ်။

rose said...

ကိုညီလင်းသစ်ရဲ့ ဘလော့ဂ်လေးကို ပထမဆုံး အကြိမ် အလည်ရောက်လာပါတယ်။ ဒီပို့စ်လေး ဖတ်ရတာ ကြည်နူးစရာ ကောင်းလိုက်တာ။ “ ပါပါး... ပါပါးက သားသားရဲ့ အသဲတုံးကြီး ” တဲ့လား။ ကိုညီလင်းရဲ့ သားသားက ချစ်စရာလေးနော်။ စကားလည်း တတ်ပါ့။ ပို့စ် အပောာင်းတွေထဲက သားသား ဓာတ်ပုံလေး ရှာကြည့်ပြီး ချစ်ဖို့ ကောင်းလွန်းလို့ ဒီ ဘလော့ဂ်လေးကို သိမ်းထားလိုက်ပြီး) ရို့စ်မှာလည်း ရို့စ်နဲ့ အသက် အရမ်းကွာတဲ့ ဒီနိုင်ငံ ရောက်ပြီးမှ မွေးတဲ့ ရို့စ် ညီမ အငယ်ဆုံးလေး ရှိတယ်။ ဒီမှာ မွေးလို့လား မသိပါဘူး။ အသားကဖြူဆွတ်နေတား)ဒီမှာ ညီမလေး ဓာတ်ပုံလေး တင်ထားသေးတယ်။
http://redroseofburma.blogspot.com/2011/01/blog-post_8853.html

Nyi Linn Thit said...

မလေး ...
စာလာဖတ်တာ ကျေးဇူးတင်ပါတယ်..၊ ဟုတ်ပါတယ်၊ ကျနော်တို့ မြန်မာမိသားစုတွေမှာတော့ ချစ်ခြင်းမေတ္တာ ဟာ 'လူပြောမသန်၊ လူသန်မပြော' ပါပဲ...၊

ကိုဖြိုး ...
ကျနော်သိရသလောက်နဲ့ ဖတ်ခဲ့ရတဲ့ အပေါ်က ကွန်မန့်တွေ အရလည်း ပြောတဲ့သူ ရှားမယ်လို့ နားလည် ရပါတယ်၊ အနောက်တိုင်းမှာ တောင်မှ ကလေးတုန်းက ပြောကြပေမယ့် ကြီးလာတော့ "I love you, mom" လို့ ဆက်ပြောတဲ့သူ အတော်နည်းပါတယ်၊ ပြောပြော၊ မပြောပြော ချစ်ခြင်းဟာ စီးဆင်းနေရင် ပြီးတာပါပဲ...နော့၊ သားရဲ့ မြန်မာသံပါတဲ့ ဗီဒီယိုတွေ့ရင် တင်ပေးမယ်လေ...၊

မ,ရှင်လေး ...
Same to you အမရေ့...၊ :)

မရိုစ့် ...
ညီမလေးရဲ့ ဓါတ်ပုံ ကျနော်လာကြည့်ပါတယ်၊ အရမ်း ချစ်ဖို့ကောင်းတယ်...၊ လာလည်တဲ့အတွက်ရော၊ မျှဝေ တဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်ဗျာ...။

N/A said...

အဖေ့ကိုတော့ ပြောခွင့်မရလိုက်ပါ..
အမေကတော့ ကျွန်တော်သူ့ကိုချစ်မှန်း သေချာသိနေပါတယ်။
သားလေးကတော့ အခုမှစကားစပြောတာ.. ဒီလိုအချိန်လေးရောက်ဖို့ ရင်ခုံစွာနဲ့ပဲ စောင့်ရအုံးမယ်ဗျာ..

အပြုံးပန်း said...

ကြည်နူးဖွယ်ကောင်းတဲ့ ပိုစ့်လေးပါ၊

Nyi Linn Thit said...

N/A ...
ဒီလို အချိန်တွေ အမြန်ဆုံး ရောက်လာပါလိမ့်မယ်ဗျာ၊ ကလေးတွေနဲ့ ပတ်သက်ရင် အချိန်ကုန်တာ အရမ်းမြန် တယ်ဗျ...၊ :)

အပြုံးပန်း ...
ကျေးဇူးတင်ပါတယ်ဗျာ...။

ဆွီတီ said...

တကယ်ကို ကြည်နူးရတယ်..အဖေ၂ယောက်ရဲ့ မြစ်ဖျားခံလာတဲ့ပီတိမြစ်က ကျွန်မရင်ထဲစီးဆင်းတုန်းပါဘဲ..