07 February 2011

လူရိုင်းတို့ရဲ့ ဧည့်သည်


ကျနော်သွားခဲ့ဖူးတဲ့ ခရီးတွေအကြောင်း တခါတခါ ပြန်တွေးမိရင် ဒီအကြောင်းလေးက ရံဖန်ရံခါ ခေါင်းထဲ ရောက်,ရောက်လာတတ်ပါတယ်၊ တချို့နေရာတွေက ဘဝမှာ အကြိမ်ပေါင်းများစွာ ပြန်သွားလို့ ရပေမယ့် တချို့နေရာတွေ အတွက်တော့ မဖြစ်နိုင်ပါဘူး၊ ကျနော်ပြောပြမယ့် အဲဒီခရီးက နောက်တစ်ကြိမ်ပြန်သွားဖို့ မဖြစ်နိုင်တဲ့ ခရီးပါပဲ၊ ဒီခရီးကို သွားခဲ့မိလို့ ပြန်တွေးတိုင်း ကျေနပ်ရပေမယ့် တခါတခါတော့လည်း ငါ,အဲဒီကို တကယ်ပဲ သွားခဲ့တာမှ ဟုတ်ရဲ့လား-လို့ ကိုယ့်ဟာကိုယ် ဇဝေဇဝါနဲ့...၊ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ် လောက်က ဆိုပေမယ့် အဝေးကြီး နောက်မှာ ကျန်နေခဲ့သလိုပဲ၊ ခရီးရဲ့ မှတ်တမ်းမှတ်ရာတွေ၊ ဓါတ်ပုံတွေ လည်း ဘယ်မှာ ပြန်ရှာရမလဲ မသိတော့ဘူး၊ ကျနော် အလည်သွားခဲ့တဲ့ နေရာက လူအချို့ နေခဲ့ဖူးတဲ့ အိမ် တစ်အိမ်ပါ၊ တကယ်တော့ အိမ်တစ်အိမ်ဆိုတာထက် ဂူတစ်လုံးဆိုရင် ပိုမှန်ပါလိမ့်မယ်၊ ပိုပြီး တိတိကျကျ ပြောရရင် ကျောက်ခေတ်နှောင်းပိုင်းက ကျောက်ခေတ်လူသားတွေ နေခဲ့တဲ့ ပြဒါးလင်း ဂူကိုပါပဲ...၊


၁၉၉၇-၉၈ တဝိုက်လောက်က ကလောမြို့ကို ကျနော်မကြာခဏ ရောက်နေဖြစ်တယ်၊ အဲဒီမှာနေတဲ့ ထွန်းထွန်းဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လောလောလတ်လတ် အသိအကျွမ်းဖြစ်ပြီးကာစ၊ လူကလည်း အလုပ်မရှိ အားနေတဲ့အချိန်၊ ရာသီဥတုကလည်း ကျနော်ကြိုက်တဲ့ ခပ်အေးအေးဒေသ ဆိုတော့ ဘာပြော ကောင်းမလဲ၊ ရန်ကုန်နဲ့ ကလောက အိမ်ဦးနဲ့ ကြမ်းပြင်ပဲ၊ ထွန်းထွန်းကလည်း Trekking ဝါသနာပါတော့ ကျနော်တို့ ကလောတဝိုက်က ပလောင်ရွာများစွာကို သွားလည်ဖြစ်တယ်၊ ပြီးတော့ ပင်းတယ သွားလိုက်၊ အင်းထဲဆင်းလိုက်၊ တောင်ကြီးတက်လိုက်၊ ကလောမှာ ပြန်အိပ်လိုက်၊ ပလောင်တွေဆီ သွားလိုက်နဲ့...၊ ကလောတစ်ခေါက်သွားရင် ကျနော့်မှာ ရန်ကုန်ကို တော်တော်နဲ့ကို မပြန်နိုင်ဘူး၊ ဒီလိုနဲ့ တစ်နေ့မှာ ဂူတွေ အကြောင်းပြောကြရင်း ပြဒါးလင်း (ပဒလင်း၊ ပဒတ်လှိုင် လို့လည်းခေါ်ပါတယ်) အကြောင်းက ပါလာတယ်၊ ကျနော်တို့က မနုဿကျော်ဝင်း၊ ဒေါက်တာခင်မောင်ညွန့် တို့ရဲ့လက်ချာတွေ၊ ဦးအောင်သော်ရဲ့ ပြဒါးလင်း တူးဖော်မှုစာတမ်း၊ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာစုတွေ နဲ့ ဒီဂူကို ရင်းနှီးနေခဲ့တယ်၊ ရောက်နေတာက လည်း ကလောမှာဆိုတော့ ရွာငံနားမှာရှိတဲ့ ပြဒါးလင်းနဲ့လည်း သိပ်မဝေးဘူး၊ ဒီလိုနဲ့ သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ သွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်၊ သွားမှာက လေးယောက်...၊ ကျနော်ရယ်၊ ထွန်းထွန်းရယ်၊ ကလောမှာပဲ နေတဲ့ ကိုစံခါး (သူ့နာမည် အမှန်က ရှန်ကာ၊ ဂေါ်ရခါးကပြား)၊ ပြီးတော့ ရန်ကုန်က ကျနော်နဲ့ ပါလာတဲ့ ကိုပေါက်၊ ကိုပေါက်က တိုက်ကြီးဇာတိ၊ သူက ပြဒါးလင်းမှ မဟုတ်ပါဘူး၊ အမဲလိုက်တာ ဝါသနာပါ လို့ တောထဲတောင်ထဲ သွားနေရရင် ပျော်နေတဲ့လူ...၊ သွားမယ်သာ ပြောတာ၊ ကျနော်တို့မှာ ဘာမှမပြည့်စုံ ဘူး၊ ကျနော်တို့က ရှေးဟောင်းကလည်း မဟုတ်၊ ဘူမိကလည်း မဟုတ်၊ သစ်တောကလည်း မဟုတ်၊ စိတ်ဝင်စားလွန်းလို့သာ သွားကြမှာ၊ ဆေးဝါးမရှိ၊ လမ်းလျှောက်ဖိနပ် မရှိ၊ မိုးကာမရှိ၊ သံလိုက်အိမ်မြှောင် မရှိ၊ တောတက်မယ့် လူတစ်ယောက် ရှိသင့်တဲ့ဟာ တခုမှ မရှိဘူး၊ ဒါတွေဝယ်ဖို့ ပိုက်ဆံလည်း မရှိဘူး၊ ဒီတော့ ထွန်းထွန်းကပဲ ဟိုလိုက်ငှား၊ ဒီလိုက်ငှား လုပ်ရတော့တယ်၊


အထိုက်အလျောက် အဆင်သင့်ဖြစ်တော့ အောင်ပန်းဈေးနေ့ကို စောင့်တယ်၊ သွားရမှာက အောင်ပန်း-ရွာငံ ဈေးကားကိုစီး၊ ရွာငံမှာ တညအိပ်၊ နောက်တစ်နေ့မှာ ပြဒါးလင်းကို ခြေကျင်လျှောက်...၊ ဒီလိုနဲ့ ဈေးနေ့ ရောက်လာတော့ ကလောကနေ အောင်ပန်းကို သွားလိုက်တယ်၊ ဟိုမှာ စောနေသေးတော့ ဈေးလက်ဖက် ရည်ဆိုင်မှာ ထိုင်နေရသေးတယ်၊ ဆိုင်ရှေ့က ဖြတ်လျှောက်သွားကြတဲ့ ပအိုဝ့်တွေ၊ ပလောင်တွေကို ငေး ကြည့်ရင်း လူရိုင်းတို့ရဲ့ အငွေ့အသက်တွေ ရှိရာဆီ သွားမယ့်ခရီးအတွက် ကျနော် စိတ်လှုပ်ရှားနေခဲ့တယ်၊ ရှေ့မှာ ဘာမှ ကြိုမမြင်နိုင်ဘူး မဟုတ်လား...၊


ဈေးကွဲချိန်မှာ ရွာငံပြန်တဲ့ ဒိုင်နာကားကို စီးရတယ်၊ တစ်စီးတည်းသောကား..၊ ခေါင်မိုးပေါ်က ယောင်္ကျား တွေနေရာ၊ ကားထဲမှာက ခြင်းတောင်းကြီးတွေ နဲ့အတူ မိန်းမတွေ ထိုင်ကြတယ်၊ ရွာငံသွားတဲ့လမ်းက အောင်ပန်း ပင်းတယလမ်းကနေ တဝက်လောက်မှာ ဘယ်ဖက်ကို ခွဲထွက်သွားတာပါ၊ ဒိုင်နာကား ခေါင်မိုး ပေါ်က ဝက်ခြံထဲ မှာ ခြေတွဲလောင်းချထိုင်ရင်း အောင်ပန်းကနေ ရွာငံသွားခဲ့တဲ့ လမ်းမြင်ကွင်းကို ဘာနဲ့မှ မလဲနိုင် ပါဘူး၊ လမ်း တဖက်တချက်က စိုက်ခင်းတွေက အရမ်းလှတယ်၊ ပို့စကဒ်တွေထဲက ရှုခင်းမျိုးတွေနဲ့ ဆင်တယ်၊ တောင်ကုန်း ပြေပြေလေးတွေပေါ်မှာ စိုက်ခင်းအစိမ်း တထပ်၊ မြေနီတထပ်နဲ့၊ တခါတရံ ကုန်းထိပ်မှာ သစ်ပင် တစ်ပင်တလေ ရှိတတ်တယ်၊ ဒါမှမဟုတ် တရုတ်ပြည်လုပ် ရောင်စုံ မျက်နှာသုတ်ပုဝါ ခေါင်းပေါင်း၊ ဝတ်စုံအမည်းတွေနဲ့ ရိုးတံရှည် ပေါက်တူးကိုင် ပအို့ဝ် တောင်သူတွေ လည်းရှိတတ်တယ်၊ လေက လတ်ဆတ်တယ်၊ အဲဒီမြင်ကွင်းလေးကို ပြန်မြင်ယောင်တိုင်း ရင်ဘတ်ထဲမှာ နူးညံ့တဲ့ နာကျင် လွမ်းဆွတ်မှုလေးတခု ဖြတ်သန်း၊ တွန်းတိုက်သွားလေ့ ရှိပါတယ်...၊


ရွာငံရောက်တော့ တခုတည်းသော တည်းခိုခန်းမှာ တည်းကြတယ်၊ နာမည်တော့ မေ့နေပြီ၊ ဒါမှမဟုတ် နာမည် မရှိတာလည်း ဖြစ်နိုင်ပါတယ်၊ ကျေးလက်တို့ရဲ့ ထုံးစံအတိုင်း ရွာမှာဧည့်သည် ရောက်တာနဲ့ နာရီပိုင်း အတွင်း တရွာလုံး သိနှင့်ပြီးပြီ၊ ဘယ်သူတွေလဲ၊ ဘာလာ လုပ်ကြတာလဲ၊ ဒါဟာ ဒီနေရာမှာတော့ ကျနော်တို့ အတွက် ကောင်းသွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ညနေစောင်းလောက်မှာ ရွာလူကြီးဆိုတဲ့ လူတစ်ယောက် ကျနော်တို့ကို လာတွေ့တယ်၊ ကျနော်တို့ ပြဒါးလင်း သွားမယ့်ခရီးမှာ သူလမ်းပြ လုပ်ပေးနိုင် တယ်ဆိုတာ လာပြောတာပါ၊ လမ်းပြခ,က မှတ်မှတ်ရရ ကျပ် ၂၀၀၀...၊ ဒါနဲ့ စကားစမြည် ပြောကြရင်း ခရီး စဉ်ကို ရေးဆွဲကြတယ်၊ နေ့တဝက်လောက် လျှောက်ရမှာ ဖြစ်ကြောင်း၊ လူသွားလမ်း ရှိလို့ တောထွင်ပြီး သွားစရာ မလိုကြောင်း၊ ဂူမှာ ညအိပ်ရမှာ ဖြစ်ကြောင်းနဲ့ လမ်းမှာစားမယ့် နေ့လယ်စာ၊ ဟိုမှာစားမယ့် ညစာ၊ နောက်တစ်နေ့ လမ်းမှာစားမယ့် နေ့လယ်စာတို့ကို သူကပဲ စီစဉ်ပေးမယ့် အကြောင်း၊ ဒါတွေဝယ်ဖို့ လိုအပ် တဲ့ ငွေကြေး အနည်းငယ်သာ သူ့ကို ပေးထားစေလိုကြောင်း အဲဒီလူက ပြောတယ်၊ အိုကေ ပေးမယ်..၊ ဒါနဲ့ ကျနော်တို့က 'ဒါဆို ကျနော်တို့ဖက်ကကော ဘာပြင်ဆင်ရမလဲ' ဆိုတော့ 'အရက်သာဝယ်'တဲ့၊ တောထဲဆို တော့ ဒါဟာ ဆေးဖြစ်ဝါးဖြစ်ပါတဲ့၊ ဒါနဲ့ အဲဒီမှာ သောက်ကြတဲ့ ဒေသထွက် 'ရွှေသမင်' ဆိုတဲ့ အရက်တစ်လုံး ဝယ်လိုက်တယ်၊ ဒါဟာ ပြဒါးလင်းခရီးအတွက် ကျနော်တို့ရဲ့ နောက်ဆုံး ပြင်ဆင်မှုပါပဲ၊ အို..ဂူအောင်းလူသား တို့.., အသင်တို့၏ နေရပ်သို့လာရန် ကျွန်ုပ်တို့ကား အဆင်သင့် ဖြစ်ခဲ့ပြီ...၊


နောက်တစ်နေ့ မနက် ၆ နာရီမှာ ကျနော်တို့ စ,ထွက်တယ်၊ အောင်ပန်းက ဝယ်လာတဲ့ မုန့်ကြွပ်ကို ရေနဲ့ မျှောချပြီး မနက်စာ,စားလိုက်တယ်၊ ညအိပ်ခရီး ဆိုပေမယ့် ကျနော်တို့အားလုံး အင်္ကျီအပိုတထည်စီ နဲ့ ပေါ့ပေါ့ပါးပါး ပါပဲ၊ ကိုပေါက်ကတော့ မုဆိုးပီပီ လက်နက်တစ်ခုခု မပါရင် တောမတက်တတ်လို့ သူ့ကို ဓါးမြှောင်တစ်ချောင်း ပေးထားလိုက်တယ်၊ လမ်းခရီးက အဆင်ပြေ ချောမွေ့ပါတယ်၊ လမ်းမှာ ဝါးရုံတောတွေ အများကြီး ဖြတ်ခဲ့ရတာ မှတ်မိတယ်၊ ဒါပေမယ့် လူသွားလမ်းက ရှိပြီးသားဆိုတော့ အေးအေးလူလူ လျှောက် လို့ရတယ်၊ ပြီးတော့ တောင်ခါးပန်းတွေကို ပတ်ပြီး မြေပြန့်ဖက်ကို ဆင်းတာဖြစ်လို့ မပင်ပန်းပါဘူး၊ အကောင် ပလောင်ဆိုလို့ တထွာလောက် ရှည်တဲ့ ကင်းခြေများ တစ်ကောင်နဲ့ မြက်လျှောလိုလို မြွေတစ်ကောင်ပဲ တွေ့တယ်၊ လမ်းမှာ ကျနော်တို့ရဲ့ လမ်းပြကြီးယူလာတဲ့ ကောက်ညှင်းထုပ်တွေကို နေ့လယ်စာအဖြစ် စားကြ တယ်၊ မြန်မြန်စားပြီး များများဆက်လျှောက် ရပြန်တယ်၊


ဒီလိုနဲ့ နေ့လယ် ၂ နာရီထိုးဖို့ ၁၀ မိနစ်အလိုမှာ ကျနော်တို့ ပြဒါးလင်းဂူကို ရောက်ပါတယ်၊ ဂူ ၁ နဲ့ ဂူ ၂ ဆိုပြီး နှစ်ခုရှိရာမှာ ဂူ ၁ ကို အရင်ရောက်တယ်၊ ရောက်ခါနီး နာရီဝက် အလိုလောက်မှာ လမ်းပြကြီးက ရောက်တော့မယ်လို့ ဆိုကတည်းက ကျနော် ရင်တွေခုန်နေခဲ့ပြီ၊ စပြီး တွေ့ရတာက သစ်ပင်တွေ၊ ခြုံနွယ်တွေ အောက်က ထိုးထွက်နေတဲ့ ဂူရဲ့အမိုးစွန်း...၊ ကျနော်တို့အားလုံး မပြေးရုံတမယ် ခြေလှမ်းတွေ ခပ်သွက်သွက် လှမ်းလိုက်ကြတယ်၊ ဂူက နဲနဲ အမြင့်မှာရှိလို့ နီးလာပေမယ့် ဂူထဲကို မမြင်ရသေးဘူး၊ အဲဒီမှာ ဘွားကနဲ တွေ့လိုက်ရတာက အုတ်တံတိုင်းကြီး...၊ ဟုတ်တယ်၊ ရှေးဟောင်းသုတေသနက ခတ်ထားခဲ့တဲ့ အုတ်တံတိုင်းကြီး၊ ဝင်ဖို့ သံပန်းတံခါး တစ်ခုရှိပေမယ့် သော့ခတ်ထားတယ်၊ သော့ကို တောင်ကြီးမြို့ ရှေးဟောင်းက ထိန်းသိမ်းထားတယ်လို့ လမ်းပြကြီးက ပြောတယ်၊ ပထမတော့ ကျနော်တို့ စိတ်ညစ်သွား တယ်၊ ဂူထဲကို ဘယ်လို ဝင်ကြမလဲ၊ ဒီအထိ ရောက်လာပြီးမှ လှည့်ပြန်ဖို့ကတော့ လုံးဝ စိတ်မကူးဘူး၊ တောင်ကြီးမှာ အစောကြီးထဲက သော့သွားတောင်းရင်လည်း ရမှာ မဟုတ်ပါဘူး၊ ကျနော်တို့က အဖွဲ့အစည်း ကမှ မဟုတ်တာ...၊ ဒါပေမယ့် အရမ်းကို စိတ်ဝင်စားလွန်းလို့သာ ရောက်အောင် လာခဲ့တာ၊ ရောက်မယ်၊ မြင်မယ်၊ ခံစားမယ်၊ ရည်ရွယ်ချက်က ဒါပဲ၊ ဖျက်လိုဖျက်ဆီး လုပ်ကြမယ့် သူတွေမှ မဟုတ်တာ..၊ ဒီလိုတွေး ပြီး ကျနော်တို့ အားလုံး လိပ်ပြာသန့်စွာနဲ့ အုတ်တံတိုင်းကို ကျော်ဝင်ခဲ့ကြတယ်၊


ဂူက မနက်ပါဘူး၊ မိုးဗြဲဒယ်ကို ဒေါင်လိုက်ထောင်ထားသလို ခပ်ပက်ပက် ပုံစံ...၊ ပေ ၃၀-၄၀ လောက်ပဲ နက် မယ်၊ ဒါပေမယ့် ဒီဂူထဲမှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ နဲ့ ၁၂,၀၀၀ ကြားမှာ ကျောက်ခေတ်လူသားတွေ တကယ်ကို နေထိုင် သွားခဲ့ကြတယ်၊ ရှေးဟောင်းက ဒီဂူထဲမှာ ကျောက်လက်နက်တွေ အများကြီး တွေ့ခဲ့ တယ်၊ ကျောက်ဓါး၊ ကျောက်ပုဆိန်လို အသွားချွန် ကိရိယာတွေ၊ ကျောက်တင်းပုတ်လို ဟာတွေအပြင် တိရိစ္ဆာန်အရိုးနဲ့ လူအရိုးတွေပါ တွေ့ခဲ့တယ်၊ သုတေသနပြုချက်တွေ အရတော့ ကျောက်ခေတ်နှောင်းပိုင်း၊ ကျောက်ခေတ်သစ်လို့ သတ်မှတ်ပါတယ်၊ ဂူအတွင်းပိုင်းကို ကြည့်နေရင်းနဲ့ ဘယ်ဖက် ဂူနံရံကိုလည်း မော့ကြည့်လိုက်ရော... ကျနော်အတွေ့ချင်ဆုံး အရာတွေကို တွေ့လိုက်ရတော့တယ်၊ နံရံဆေးရေး ပန်းချီ...၊


ဟုတ်ပါတယ်၊ စာတွေထဲမှာ ဖတ်ဖူး၊ မြင်ဖူးနေခဲ့တဲ့ ကျောက်ခေတ်လူရိုင်းတို့ရဲ့ ပန်းချီ၊ နွားသားအမိပုံ၊ ငါးပုံ၊ လက်ချောင်းပုံ၊ နေမင်းပုံ၊ သမင်ပုံ အစရှိသဖြင့်...၊ ဒါတွေကို ၁၀ ပေလောက်အမြင့်မှာ ဆွဲထားတယ်၊ ဆေးနီ ကိုသုံးပြီး တစ်ကြောင်းမျဉ်းနဲ့ ဆွဲထားတယ်၊ နံရံအောက်ခြေမှာ ပဲ့ကျနေတဲ့ ကျောက်တုံးအပိုင်းအစတွေ ရှိလို့ အဲဒီပေါ်တက်ပြီး ပန်းချီတွေကို အနီးကပ် ကြည့်ဖြစ်တယ်၊ နေဒဏ်လေဒဏ်ကြောင့် အတော့်ကို မှိန်နေပါပြီ၊ ကျနော့်ခေါင်းထက်မှာ အနီးဆုံးရှိနေတဲ့ ပုံလေးတစ်ပုံရဲ့ အနားစွန်းလေးကို လက်ညှိုးထိပ်နဲ့ ဖွဖွလေး ထိထား ကြည့်မိတယ်၊ ကျနော် ကြက်သီးမွှေးညှင်းတွေ ထ,သွားသလိုပဲ၊ ဒီပုံကို လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ယောင်္ကျား၊ မိန်းမ၊ လူငယ်၊ လူကြီး ဘယ်သူမှန်းမသိနိုင်တဲ့ ကျောက်ခေတ်လူသားတစ်ယောက် ဆွဲသွားခဲ့တယ်၊ တစ်ယောက်ထက်လည်း ပိုချင်ပိုမယ်၊ အခု ကျနော်ရပ်နေတဲ့ နေရာမှာ ရပ်ကောင်း ရပ်နေခဲ့လိမ့်မယ်၊ ကျောက်ခေတ်သစ်ဆိုတော့ အဝတ်အစားက ဘယ်လိုဝတ်ကြလဲ၊ ဟောဟိုက အလယ်ခေါင်မှာ မီးဖိုကြီးတစ်ခု လည်း ရှိချင်ရှိမှာပေါ့၊ ဒီအထဲမှာ ဘယ်နှစ်ယောက်လောက်များ နေခဲ့ကြသလဲ၊ စာတွေ့သာ သိခဲ့ရတဲ့ လွန်ခဲ့ တဲ့ နှစ်တစ်သောင်းက ပုံရိပ်တွေကို အတွေးတွေနဲ့ ကျနော် လိုက်ဖမ်းနေမိတယ်၊ အကြာကြီးပါပဲ...၊ ကျနော် လူရိုင်းတို့ရဲ့ 'အိမ်' ကို တကယ်ပဲ ရောက်နေခဲ့ပြီ...၊


ဂူ ၁ မှာ တစ်နာရီကျော်လောက် နေပြီးမှ ကိုက် ၂၀၀ လောက်အကွာမှာ ရှိတဲ့ ဂူ ၂ ဖက်ကို ဆက်ထွက်လာ ခဲ့တယ်၊ အဲဒီ ဂူ ၂ အဝလည်းရောက်ရော... လူတွေ အများကြီး တွေ့လိုက်ရတယ်၊ ယောင်္ကျားတွေ၊ မိန်းမ တွေ၊ ကလေးငယ်တွေ...၊ မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ အယောက် ၂၀ ဝန်းကျင်ပဲ၊ ရုတ်တရက် ဆိုတော့ ကျနော်တို့လည်း လန့်သွားတယ်၊ ဒါပေမယ့် တော်သေးတယ်၊ ကျောက်ခေတ်လူသားတွေတော့ မဟုတ်လို့...၊ နောက်မှ သိရတာက သူတို့က သိပ်မဝေးတဲ့ ရွာကနေလာကြတာ၊ ရွာနာမည်က 'အရေးမဆို' ရွာတဲ့၊ အဲဒီရွာက ဘုန်းကြီးက ဒီဂူထဲမှာ လာပြီးတရားထိုင်တော့ သူတို့ကလည်း ဝေယျာဝစ္စ လုပ်ပေးရ အောင် လိုက်လာခဲ့ကြတာ၊ ကျနော်တို့ကိုလည်း သူတို့က အထူးအဆန်းလို ကြည့်လို့၊ တရားထိုင်ဖို့လည်း မဟုတ်၊ ဘာလည်းမဟုတ်နဲ့ ဒီအထိတောင်လာတယ် ဆိုတော့ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့...၊ ဒါပေမယ့် ရိုးသားတဲ့ တောသူတောင်သားတွေပီပီ အင်မတန်ကို သဘောကောင်းကြတယ်၊ အဲဒီနေ့ ညစာကို ကျနော်တို့အတွက် သူတို့ကပဲ ချက်ပေးခဲ့တယ်၊


ဒီဂူ ၂ ကတော့ တော်တော်ကြီးပါတယ်၊ ပေ ၈၀၀ လောက်နက်ပြီးတော့ အထဲမှာလည်း ဂူအခန်းငယ်တွေ ၉ ခန်းတောင် ရှိတယ်၊ ဒါပေမယ့် နှစ်နေရာ၊ သုံးနေရာလောက်မှာ ဂူရဲ့အမိုးက ပေါက်နေတော့ အဲဒီကဝင်တဲ့ အလင်းနဲ့ အထဲမှာ အတော်အတန် လင်းပါတယ်၊ ဂူဝမှာ စေတီတစ်ဆူ တည်ထားတယ်၊ အထဲမှာတော့ ဂူအမိုးကနေ ကျောက်စက်ရေတွေ တစက်စက်နဲ့ စီးကျတဲ့ နေရာတွေ အများကြီးပဲ၊ ဒီရေတွေကြောင့် ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက်မိုးမျှော်တွေလည်း အများကြီးတွေ့ရတယ်၊ ဂူထဲမှာ စိမ့်ပြီးအေးနေတယ်၊ ဒီဂူထဲမှာတော့ ကျောက်ခေတ်လူသားတွေ နေခဲ့တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်၊


'အရေးမဆို' ရွာသားတွေက ထမင်းချက်ပေးတော့ ကျနော်တို့နဲ့ လမ်းပြကြီးလည်း အေးအေးဆေးဆေး 'ရွှေသမင်' ဖမ်းထွက်နေ လိုက်တယ်၊ ပြီးတော့ မမှောင်ခင်မှာ ထမင်းအမြန်စားပြီး ညကို စောင့်နေလိုက် တယ်၊ သစ်ပင်ဝါးပင်တွေနဲ့မို့ ညနေစောင်းတာနဲ့ ညက ချက်ချင်းမှောင်သွားတယ်၊ ရွာသားတွေကိုလည်း ဖယောင်းတိုင်လေးတွေနဲ့ ခဏလားပဲ တွေ့လိုက်ရတယ်၊ အားလုံး အလျှိုအလျှို ပျောက်ကုန်ကြတယ်၊ အဲဒီမှာ ကျနော် ဒုက္ခရောက်တော့တာပဲ၊ ကျနော့်မှာ မီးခြစ်လည်းမရှိဘူး၊ ဖယောင်းတိုင်လည်း မရှိဘူး၊ အိပ်မယ့် နေရာကို ညနေက ကြည့်ထားတာ၊ အခုတော့ မမှတ်မိတော့ဘူး၊ ဒါနဲ့ ဂူအတွင်းထဲကို နဲနဲဝင်လိုက် ပြီး အမှောင်ထဲမှာ အကြာကြီး ရပ်နေလိုက်ရတယ်၊ မျက်စိက အမှောင်ကို ကျင့်သားရတော့မှ တရွေ့ရွေ့နဲ့ ဆက်ဝင်သွားပြီး ဘယ်ဖက်က ဂူအခန်းငယ်လေးဖက်ကို သွားလိုက်တယ်၊ ကျနော်မှတ်ထားခဲ့တာလည်း ဒီလိုနေရာပဲ၊ သေချာအောင် အသံခပ်အုပ်အုပ်နဲ့ ခေါ်ကြည့်တော့ ထွန်းထွန်းက ပြန်ထူးတယ်၊ သူ့မှာလည်း ဘာမီးမှ မရှိဘူး၊ ကိုပေါက်က ဒီလိုနေရာရောက်မှ ဒီအတိုင်းပြန်သွားရင် မတန်ဘူးဆိုပြီး ဂူအတွင်းထဲ ဝင်သွားပြီး တရားသွားထိုင်တယ်-တဲ့၊ လမ်းမှာတုန်းကတော့ အမဲလိုက်ချင်နေတာလည်း သူပဲ၊ ကိုစံခါးက ဓါတ်မီးယူပြီး အတွင်းထဲ သွားကြည့်နေတယ်၊ ဒါနဲ့ ကျနော် လည်း အိပ်ဖို့ဆုံးဖြတ်ပြီး မြေကြီးပေါ် ဟိုစမ်းဒီစမ်း လုပ်တော့ ထွန်းထွန်းရဲ့ ခြေထောက်ကို သွားဆွဲမိလို့ သူရော၊ ကျနော်ပါ လန့်သွားသေးတယ်၊ အထဲမှာက ကိုယ့်လက်ကို ကိုယ်မမြင်ရလောက်တဲ့အထိ ပိန်းပိတ် အောင်ကို မှောင်ပါတယ်၊ ကျနော့်လက်က ဝါးကပ်တစ်ချပ်ကို စမ်းမိတယ်၊ ဒါနဲ့ အဲဒီပေါ်မှာပဲ အပိုပါလာတဲ့ အင်္ကျီကိုခြုံပြီး အိပ်လိုက်ရတယ်၊ ကျနော် ထူးထူးဆန်းဆန်း ချက်ချင်းပဲ အိပ်ပျော်သွားတာ မိုးလင်းမှပဲ နိုးတော့တယ်၊


နောက်တစ်နေ့မနက် ရွာသားတွေကို နှုတ်ဆက်ပြီး ပြန်ထွက်တော့ နေတောင် အတော်မြင့်နေခဲ့ပြီ၊ အပြန်မှာ တော့ တောင်ကြောတွေ ပေါ်ကို တည့်တည့်တက်ရလို့ ပိုပင်ပန်းပါတယ်၊ ခေါင်းမူးပြီး အသက်ရှူမဝ ဖြစ်တာ ခဏခဏပဲ၊ ကိုစံခါး ယူလာတဲ့ ဂလူးကို့စ်အမှုန့်တွေကို ခပ်များများစားလိုက်မှ နဲနဲသက်သာတယ်၊ မွန်းတိမ်း ပိုင်းလောက် ရွာငံပြန်ရောက်တော့ လမ်းပြဦးလေးကြီးက သူ့အိမ်မှာ အမှတ်တရ ညစာ,စားဖို့ ကျနော်တို့ကို ဖိတ်လို့ သွားဖြစ်တယ်၊ ရွာမှာက တခြားစားသောက်ဆိုင် မရှိလို့ အတော်ပဲ ဖြစ်သွားတယ်၊ သူ့အမျိုးသမီးနဲ့ ကလေးနှစ်ယောက်ကပါ ကျနော်တို့အနား လာထိုင်ရင်း စကားတွေ ပြောဖြစ်ကြတယ်၊ ဖော်ရွေပြီး ချစ်စရာ ကောင်းတဲ့ မိသားစုလေးပါပဲ၊ အဲဒီညက အားလုံး ဗိုက်လေးလေးနဲ့ အိပ်လိုက်ကြတာ နောက်တစ်နေ့မနက် ၅ နာရီထွက် တဲ့ အောင်ပန်းကားကို လွတ်သွားတော့မလို့၊ တည်းခိုခန်းက လာနှိုးမှ ကျနော်တို့အားလုံး ကတိုက်ကရိုက်နဲ့ ဝုန်းဒိုင်းကြဲပြီး ထပြေးရတယ်၊ မျက်နှာတောင် မသစ်နိုင်ဘူး၊


ဒီပို့စ်လေးကို ရေးနေရင်းနဲ့ကို ဒီအကြောင်းတွေက တကယ်ပဲ ဖြစ်ခဲ့တာလားလို့ ခဏခဏ တွေးနေမိသေး တယ်၊ တချို့အဖြစ်အပျက်တွေက ပြက်ပြက်ထင်ထင် မှတ်မိနေသလောက် တချို့ဟာတွေကိုတော့ အတော် လေးကို စဉ်းစားယူရပါတယ်၊ အဲဒီတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေနဲ့ ဂူမြေပုံကြမ်းကတော့ ရန်ကုန်မှာပဲ ကျန်နေခဲ့ပြီ၊ တချို့လူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၈၀၀ လောက်က ထွန်းကားခဲ့တဲ့ ဂရိတို့ရဲ့ ယဉ်ကျေးမှုဆီ ကို သွားလည် ကြတယ်၊ တချို့က နှစ်ပေါင်း ၅၀၀၀ လောက်က တည်ဆောက်ခဲ့တဲ့ အီဂျစ်တို့ရဲ့ အံ့မခန်း ပိရမစ်တွေဆီကို သွားလည်ကြတယ်၊ ကျနော်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ လောက်က ဆွဲခဲ့တဲ့ တစ်ကြောင်းမျဉ်း နံရံပန်းချီလေးတွေကို ကြည့်ဖို့ လူရိုင်းတို့ရဲ့ အရပ်ကို အလည်သွားခဲ့ဖူးပါတယ်...။ ။



ညီလင်းသစ်
၆ ဖေဖော်ဝါရီ၊ ၂၀၁၁

19 comments:

rose said...

အတွေ့အကြုံလေး ဝေမျှပေးတာ ကျေးဇူးပါ ကိုညီလင်းရေ... ရို့စ်တော့ အဲ့ဒီလို တောင်တက်တာ၊ ခရီးသွားတာ မလုပ်ဖူးဘူး။ အိမ်ကလည်း ပေးမလွှတ်ဘူးလေ။ သွားချင်လိုက်တား)

baby taster said...

အတွေ့အကြုံလေး လာဖတ်တယ်
တောင်တော့ တက်ချင်တယ်
ဒါပေမဲ့ ၀လို့ တက်နိုင်မှာ မဟုတ်ပါဘူးလေ

ko 9 said...

ကျောက်ဆည်ဘက်ကဝင်တာကပိုကောင်းတယ်ဗျ။
အေ၇းမဆိုကကျောက်ဆည်နယ်ထဲေ၇ာက်နေပြီ။

စူးနွယ်လေး said...

စိတ်ဝင်စားစရာပဲ..မရောက်ဖူးဘူး..အခုဆို ရွာငံကနေ ကားလမ်းပေါက်ရင်ပေါက်နေမှာနော်..ရွာငံတော့ရောက်ဖူးတယ်...မန္တလေးဖြတ်လမ်းမို့လို့...

iora said...

အဲဒီ ဂုထဲကို ၂ ခါရောက်ဖူးတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က။ ဆည် ထဲကို သပ်သပ် water birds and wetland survey အတွက် ၁ ခေါက် သွားဘူးပါတယ်။
၃ ခေါက်စလုံး နိုင်ငံခြားသား တွေနဲ့ ပါ။ wildlife sanctuary (ဘေးမဲ့တော)အဖြစ်သတ်မှတ် ပြီး သားငှက်များ ကိုထိန်းသိမ်းကာကွယ်တားပါတယ်။ ကိုညီလင်းသစ် သူငယ်ချင်း လိုက်ချင်တဲ့ သမင် က Eld's Deer ခေါ် ရွှေသမင်ပါ၊ ကျမတို့  နိုင်ငံမှာဘဲ ရှိတာမို့ လို့  အထူးကာကွယ်ထားပါတယ်။ Smithsonian Institute ကသုတေသနလာတွဲလုပ်နေတာ ၁၅ နှစ်လောက်တောင် ရှိနေပါပြီ။
ဖတ်ရင်းနဲ့  ကျမမေ့နေတာလေးတွေ ပြန်သတိရလာလို့  ကျေးဇူးတင်ရပါတယ်။
Iora

Nyi Linn Thit said...

မရိုစ့် ...
အဆင်ပြေရင်တော့ တက်သာတက်ဗျို့၊ :)အမြင့်ရောက်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းနဲ့ စိတ်ခံစားမှုက တက်ရတာ တန်ပါတယ်...၊

(မ) baby taster ...
ဝ,လည်း တောင်ကုန်းနိမ့်နိမ့်လေးတွေကို ဖြည်းဖြည်းချင်း တက်လို့ရပါတယ်၊ အဲဒီလိုမှ မဟုတ်ရင်လည်း Cable car နဲ့ပေါ့၊ တောင်ပေါ်မတက် နိုင်ပေမယ့်လည်း တောင်ပေါ်ရောက်ဖို့ အဓိကပါပဲ..၊း)

Ko 9 ...
ဟုတ်မယ်ဗျ၊ ကျနော်တို့ကိုလည်း ပြောကြတယ်၊ အဲဒီတုန်းက ကလောရောက်နေခဲ့တာနဲ့ ဒီလိုပဲ သွားခဲ့ လိုက်တာပါ..၊

မ,စူးနွယ် ...
အရင်တခေါက်ပြန်တော့ အဲဒီကားလမ်းဖောက်ထားတဲ့ အကြောင်း သိခဲ့ရတယ်၊ အချိန်မရတာနဲ့ ပြန်မသွားခဲ့ရ ဘူး၊ ကျနော်တို့ သွားခဲ့တဲ့ အချိန်ကနဲ့စာရင် ရွာငံကအခု ဆို အများကြီး ပြောင်းလဲနေလောက်ပြီ..၊

iora ...
၂ ခေါက်တောင် ရောက်ဖူးတယ်ဆိုတော့ ကောင်းတာ ပေါ့၊ ကျနော်လည်း ထပ်သွားပြီး ဓါတ်ပုံဗီဒီယို အပြည့်အစုံနဲ့ မှတ်တမ်းတင်ချင်သေးတယ်၊ ဖြစ်မယ် မထင်တော့ပါဘူးဗျာ၊ အခုနောက်ပိုင်း Eco tour လုပ်တဲ့ အေဂျင်စီတွေက ပြဒါးလင်းကို ဧည့်သည်ပို့ပေးနေတယ် လို့သိရတယ်၊ ကျနော်တို့လိုက်တဲ့ 'ရွှေသမင်'က အဲဒီ ဒေသထွက် အရက်ရဲ့ တံဆိပ်ကိုပြောတာပါ၊ :)
ဒါပေမယ့် ရှားပါး Eld's deer အကြောင်း မမျှော်လင့်ဘဲ သိလိုက်ရလို့ ကျေးဇူးပါပဲဗျာ၊

Iora said...

sorry, sorry..မျက်စိရှမ်းသွားလို့ ပါ။ :) အလုပ်လုပ်ရင်းဖတ်ခဲ့လို့ ပါ။ ကျမမှာလည်း ဘာဓါတ်ပုံမှမကျန်ခဲ့ဘူး။ မကျန်ဆို ရိုက်မှမရိုက်ခဲ့ဘဲကို၊ ကျမလည်း အဲဒီပန်းချီ တွေကိုသိပ်စိတ်ဝင်စားမိပါတယ်။

မေငြိမ်း said...

ညီလင်းရေ.. စိတ်ဝင်စားစရာကောင်းသလို တကယ်တန်တဲ့ ခရီးပါပဲ..။ အမလည်း ကလောကို ခဏခဏ ရောက်ပေမဲ့ ကလောမြို့မှာ တညလောက်အိပ်ပြီး တောင်ကြီး အင်းလေးသာ တက်ဖြစ်တာပဲ..။ နောက်ပိုင်း ပြန်ဖြစ်တဲ့အခါ တကူးတကတောင် သွားချင်မိတယ်။ ဒီစာဖတ်ရင်း အမ ပုဂံရောက်တဲ့အခါ အရာရာကို ဖွဖွလေး ထိကြည့်မိ တာကို သတိသွားရတယ်...။ တချိန်က ပုဂံဆိုတာကို မြင်တွေးကြည့်ရင်း သဗ္ဗညုဘုရားပေါ်မှာ.. ဓမ္မရံကြီးမှာ.. ကန်တော့ပလ္လင်မှာ.. အပယ်ရတနာမှာ... တနေကုန်သွားခဲ့တဲ့ နေ့တွေကို ပြန်သတိရသွားတယ်..။ ဒီ post လေးအတွက် လည်း ကျေးဇူးပါ ညီလင်းရေ...

ဆောင်းနှင်းရွက် said...

ဖတ်လိုက်ရတာ
ဗဟုသုတ တကယ် ရတယ် ကိုညီလင်းသစ်ရေ ..
အဲ့လို နေရာမျိုးတွေ
သွားကြည့်ချင်တယ် ...း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Shinlay said...

မျှဝေပေးတာကျေးဇူးပါ။
သွားကြည့်ချင်စိတ်ဖြစ်သွားတယ်။

Phyo Evergreen said...

ဒီပို့စ်လေးအတွက်ကျေးဇူးတင်တယ်.. ဗဟုသုတရတယ်..။ ပြီးတော့ ကျွန်တော်ကခရီးသွားဆောင်းပါးပုံစံမျိုးလေးတွေ သဘောကျတယ်..။ မရောက်ဖြစ်ရင်တောင် စိတ်ကူးနဲ့သွားလည်တာမျိုး...။ "ရင်ဘတ်ထဲမှာ နူးညံ့နာကျင်တယ်ဆိုတာ ဘာများပါလိမ့်..." ..။ ဘာဘဲပြောပြောရှမ်းပြည်ကိုလွမ်းမိသွားပြန်ပြီ..။

မေဓာဝီ said...

ရှားတောင့်ရှားပါး အတွေ့အကြုံပဲနော်။
ဓာတ်ပုံတွေပါ ကြည့်ရရင် သိပ်ကောင်းမယ်။ ၉၇-၉၈ ဆိုတော့ အတော်ကြာပြီပဲ။ ခုရော အဲဒီအတိုင်းပဲ ရှိနေအုံးမလားမသိဘူး။

မောင်မျိုး said...

အတွေ့ကြုံလေးက စိတ်ဝင်စားစရာပဲ အစ်ကိုဂူထဲမှာ ခြေတောက်ကြီးစမ်းမိတာ မြင်ယောင်ပြှီး ကျနော်ပါ ကြက်သီးထမိသွားတယ်း)

ကောင်းမွန်ဝင်း said...

အနှစ် ပဲ။rich ပဲ။
ဖတ်ရတာအရသာရှိတယ်။

ကျွန်မလည်း ၉၅/၆/၇တွေမှာ ကလောတောင်ကြီးအင်းလေးပလောင်ရွာဓနုရွာတွေအခေါက်ခေါက် သွားခဲ့ရတဲ့ ဘ၀ကိုပြန်မြင်ယောင်မိတယ်။

ပြဒါးလင်းကိုတော့ မရောက်ဘူးခဲ့ပါဘူး။


အငွေ့အသက်အချို့နဲ့ မြင်းကွင်းတွေကို လွမ်းတောင်လွမ်းလာတယ်။

ရင်ဘတ်ထဲမှာတော့ မနာကျင်ပါဘူး။ ဗိုက်ဆာဆာနဲ့ ဒေသထွက်ရိုးရာအစားအစာတွေ ဗိုက်ကားအောင်စားခဲ့ရတာပဲရှိပါတယ်။
း(
ခင်မင်လေးစားလျှက်

Nyi Linn Thit said...

မ Iora ...
ရပါတယ်ဗျာ..၊ အဲဒီလို ရှမ်းသွားတာလည်း ခပ်ကောင်း ကောင်းပါပဲ၊ ကျနော်တို့ သမင်တွေအကြောင်း သိလိုက်ရ တာပေါ့...နော့။ :))

အမမေငြိမ်း ...
ပုဂံကတော့ ကျနော့်အတွက်လည်း forever Bagan ပါပဲ၊ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်နှခေါက်ပဲသွားသွား ရတဲ့ စိတ်ခံစားမှု ဒီဂရီက ဘယ်တော့မှ ကျမသွားဘူး..၊

ဆောင်းနှင်းရွက်ရေ ...
ကျေးဇူးတင်ပါတယ်ဗျာ....၊

မ,ရှင်လေး ...
ဒီလိုဆိုတော့လည်း ဝမ်းသာပါတယ်ဗျာ၊ ကျေးဇူး...၊

ကိုဖြိုး ...
ဘားနတ်ရှော ပြောတာကတော့ ပါးနပ်တဲ့သူတွေဟာ ကုလားထိုင် ပေါ်ကနေ ခရီးသွားတတ်ကြတယ် ဆိုလား ပဲ၊ ကိုဖြိုးက စိတ်ကူးထဲမှာ သွားတာလည်း ကြိုက်တယ် ဆိုလို့ပါ၊ အင်း.. ရင်ဘတ်ထဲမှာ နူးညံ့နာကျင်တယ် ဆိုတဲ့ အဓိပ္ပါယ်ကတော့ ကိုဖြိုးရဲ့ နောက်ဆုံးစာကြောင်း လေးပါပဲ..၊း)

မမေဓာဝီ ...
ကျနော်လည်း အဲဒီဓါတ်ပုံတွေကို အရမ်းပြန်လိုချင်နေ ခဲ့တာပဲဗျ၊ နေဦး..စတိုခန်းထဲမှာ သွားရှာကြည့်ဦးမယ်၊ ၉၇-၉၈ ကနဲ့စာရင်တော့ အခုဆို အများကြီးကို ပြောင်းလဲ နေလောက်ပြီ ထင်ပါတယ်ဗျာ...၊

မောင်မျိုး ...
ဟုတ်တယ်ဗျ၊ ထွန်းထွန်းက ခြေထောက်ဆင်းပြီး အိပ်နေတာလား၊ ကန့်လန့်လား၊ အတည့်လား..ဘာဆို ဘာမှကို မမြင်ရတာဗျ၊ ကျနော်လည်း လန့်သွားတာပဲ၊
တော်သေးတယ်၊ မြွေ မဟုတ်လို့....၊ :)

မ,ကောင်းမွန်ဝင်း ...
ကျနော်လည်း ရှမ်းပြည်ကို ချစ်တဲ့သူတွေထဲမှာ ပါ,ပါတယ်၊ အင်း...တချို့က အလွမ်းတွေနဲ့ ရင်ပြည့်တယ်၊ တချို့က တော့ အစားတွေနဲ့ ဗိုက်ပြည့်တာပေါ့ဗျာ...ဟားဟား။

PAUK said...

မရောက်ဖူးဘူး..။
စိတ်ဝင်စားတယ်..။
ပြဿနာက မြန်မာပြည်ပြန်တိုင်း ကိုယ့်မြို့ကနေ
ဘယ်မှ မသွားဖြစ်ဖူး.။
၈တန်းလောက်ကထင်တယ်
ပိတ်ချင်းမြှောင်ရယ်လို့မဖြစ်ခင်က စက်ဘီးနဲ့ ဝက်ဝံရွာထိသွားပြီးစက်ဘီးကို ရွာမှာအပ်ခဲ့ပြီး.. လမ်းလျှောက်ဆင်းဖူးတယ်.။
ဂူထဲဝင်တော့ ရင်ဘတ်အထိ ရေရွှဲရွှဲစို..။
အပြန်တော့ အသားကုန်ပင်ပန်းတယ်။

linn said...

် ၉၅ - ၉၆ လောက်က ကျောင်းကသူင
ယ်ချင်းတွေနဲ့ တောင်ကြီးမှာ ၉ ရက်လည်ခဲ့ဖူးတယ်...ရှမ်းပြည်ကို တအားကြီုက်တယ် ရှမ်းစာတွေလည်းကြိုက်တယ် ..တခါမှ အဲနေရာကိုမရောက်ဖူးဘူး နာမည်တော့ကြားဖူးမိသလိုဘဲ ဖတ်ပြီးစိတ်ဝင်စားတယ်
ခုလို အတွေ့အကြုံတွေ ဖတ်ရတာမျိုး ကြိုက်တယ် နောက်လည်း အဆင်ပြေရင်ရေးပါဦးနော် .. ပြီးခဲ့တဲ့နှစ်ပတ်ကဘဲ ကျမသမီးအတန်းထဲကခလေးတွေနဲ့အတူ ဂျော့ဝါရှင်တန်နေခဲ့ဖူးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၄၆ နှစ်က
Morris - Jumel Mansion ဆိုတဲ့အိမ်ကြီးကို အလည်ရောက်ခဲ့သေးတယ် ကျမအတွက်အဲဒါပထမဆုံးရောက်ဖူးတာပေါ့ အဲလိုနေရာမျိုးတွေရောက်ဖူးခဲ့တာလည်း တကယ့်ကို ဂုဏ်ယူစရာပါ .. ညီလင်း လည်း နှစ်ပေါင်းတသောင်းလောက်ကနေရာရောက်ခဲ့ဖူးတာဆိုတော့ ပိုပြိး ဂုဏ်ယူစရာပေါ့ ...ဒီမှာနေတာကြာနေပေမယ့်အဲနေရာတွေရှိမှန်းအစက မသိခဲ့ဘူး .. ၇န်ကုန်မှာနေခဲ့ပေမယ့် ဗိုလ်ချုပ်ပြတိုက်တောင် ခုထိမရောက်ဖူးခဲ့သေးတာလည်း ကိုယ့်ကိုယ်ကို ဘယ်လိုအပြစ်တင်ရမှန်းတောင်မသိတော့ဘူး .. တချိန်ချိန်တော့ ရောက်နိုင်ပါစေလို့ မျှော်လင့်ချင်တယ် ...

mie nge

An Asian Tour Operator said...

စိတ်ဝင်စားစရာ အတွေ့ အကြုံပေပဲ။ စာရေးသူနဲ့ အတူ trekking လိုက်ထွက်ရသလိုမျိုး ခံစားရပါတယ်။ စကားမစပ် ရွှေသမင် Eld's deer ရွှေစက်တော်ဘေးမဲ့ တောလိုမျိုး ရွက်ပြတ်တောတွေ မှာပို အတွေ့ များတယ်လို့ မှတ်ဖူးတယ်။

Amber said...

Nice experienced. Wish to go there to explore.