ပြီးခဲ့တဲ့ လတုန်းက နွေရာသီအားလပ်ရက်အနေနဲ့ ကျနော် ခွင့် ၂ ပတ်ယူဖြစ်ခဲ့တယ်၊ အဲဒီ ၂ ပတ်ထဲက ပထမအပတ်မှာ မိသားစုနဲ့အတူ တောင်ပေါ်က ရွာလေးတရွာကို သွားလည်ဖြစ်ပါတယ်၊ နာမည်က Nax လို့ခေါ်ပြီး လူဦးရေ တထောင်တောင်မှ မရှိတတ်တဲ့ Alps တောင်တန်းပေါ်က ရွာကလေးပါ၊ ပင်လယ်ရေမျက်နှာပြင် အမြင့် မီတာ ၁၂၈၆ မှာ တည်ရှိပြီးတော့ အိမ်ကနေ တနာရီခွဲလောက် ကားနဲ့သွားရတယ်၊ အဲဒီရွာမှာ တောင်ပေါ်အိမ် chalet လေးတလုံးကို တပတ်စာ ငှားထားပြီး အေးအေးလူလူ သွားနေဖြစ်ခဲ့တဲ့ ခရီးစဉ်လေးတခုအကြောင်း ကျနော် ပြောပြချင်ပါတယ်…၊

ဒီ chalet အိမ်ကလေးကို မနှစ်တုန်းက စ,ငှားဖြစ်ရင်း သဘောကျမိတာနဲ့ ဒီနှစ်မှာလည်း နောက်တခေါက် ထပ်ငှားဖြစ်သွားတယ်၊ ဆွစ်ဇာလန်ရဲ့ တောင်ပေါ်ရွာတွေမှာ လုံးချင်း chalet အိမ်ကလေးတွေ၊ ဒါမှမဟုတ် apartment တွေ ငှားလို့ရပါတယ်၊ အများအားဖြင့် စနေနေ့ကနေ နောက်တပတ် စနေအထိ တပတ်စာ ငှားကြပေမယ့် သောကြာနဲ့ တနင်္လာလို ရုံးပိတ်ရက်ကျတဲ့ long weekend တွေမှာလည်း ငှားလို့ရပါတယ်၊ ဒီအိမ်ကလေးမှာ အိမ်ခန်း ၃ ခန်းနဲ့အတူ ရေချိုးခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ ဧည့်ခန်း စတာတွေပါ,ပါတယ်၊ သဘောကျစရာ ကောင်းတဲ့အချက်ကတော့ အိမ်ဘေးနားမှာ တခြားအိမ်တွေ နီးနီးကပ်ကပ် မရှိသလို အိမ်ရှေ့မှာ ညီညာပြန့်ပြူးတဲ့ မြက်ခင်းပြင်ကျယ်ကျယ်တခု ရှိတဲ့အချက်ပါ၊
Chalet အိမ်ကလေးကို လာဖို့အတွက် Nax ရွာထဲကို ဖြတ်ပြီး နည်းနည်းအမြင့်ကို ထပ်တက်ရပါတယ်၊ အိမ်က ရွာရဲ့ အပေါ်ဖက်မှာ ရှိတဲ့သဘောပေါ့၊ အဲဒီလို ၂ ကွေ့လောက် ထပ်မောင်းတက်ပြီးမှ ဟောဒီ လမ်းကလေးအတိုင်း ဝင်လာခဲ့ရင် အဆုံးလောက်မှာ ရောက်ပါပြီ…၊
တောင်ပေါ်ရွာဖြစ်တဲ့ အတိုင်း မြူခိုးတွေ၊ တိမ်စိုင်တိမ်ခဲတွေက မထင်ရင်မထင်သလို ရောက်ရောက်လာတတ်ပါတယ်၊ ကိုချောပြောတဲ့ “တိမ်တွေနဲ့ တောင်တန်းတွေရဲ့ လင်ခန်းမယားခန်း အနေအထိုင်တွေ” ကို မကြာခဏ တွေ့ရတတ်တဲ့ နေရာပေါ့၊ တောင်ပေါ်ဒေသတွေမှာ ရာသီဥတုက ဘယ်တော့မှ အစိုးမရတတ်ပါဘူး၊ အိမ်ကထွက်လာတုန်းက မြေပြန့်မှာ နေတွေပူနေပေမယ့် တောင်ပေါ်မှာ မိုးတွေရွာ၊ မြူတွေပိတ်ချင်လည်း ပိတ်နေတတ်တယ်၊ ဒါပေမဲ့ ကျနော်တို့နေခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ အလွန်အမင်း အေးနေတာမျိုး ကံကောင်းစွာနဲ့ မကြုံခဲ့ရဘူး…၊ အိမ်ရှေ့ကနေ ကြည့်လိုက်ရင် အောက်ဖက် ခပ်လှမ်းလှမ်းမှာ Nax ရွာကလေးရှိမယ်၊ သူ့ရဲ့ အရှေ့ဖက်မှာတော့ တိမ်တွေက ထွေးပွေ့ထားတဲ့ မြေပြန့်ကိုဆင်းရာ တောင်ကြားချိုင့်ဝှမ်း…၊

မိုးကလေး တဖွဲနှစ်ဖွဲကျတဲ့ ရက်တွေမှာ cheese fondue လုပ်စားဖြစ်တယ်၊ သူက ရိုးရိုးရှင်းရှင်း ရှိလှသလို ခပ်အေးအေးရှိတဲ့ ရာသီဥတုနဲ့လည်း လိုက်ဖက်ပါတယ်၊ ပေါင်မုန့်ခြမ်းတွေ ထည့်ဖို့ သစ်သားဇလုံကလေးရယ်၊ အရည်ပျော်နေတဲ့ ဒိန်ခဲကိုထည့်ဖို့ သံ ဒါမှမဟုတ် မြေနဲ့လုပ်တဲ့ အိုးရယ်၊ ဒိန်ခဲတွေ ပြန်မခဲအောင် မီးအပူပေးထားမယ့် မီးဖိုကလေးရယ်ရှိရင် ရပါပြီ၊ ပေါင်မုန့်ကို တဖဲ့,ဖဲ့ပြီး ခက်ရင်းရှည်ထိပ်မှာ တပ်၊ စားပွဲအလယ်က ဒိန်ခဲအိုးထဲကို နှစ်ပြီးမွှေ၊ ပြီးတော့ ပန်းကန်ထဲမှာ အသင့်ဖြူးထားတဲ့ ငရုတ်ကောင်းမှုန့်နဲ့ တို့ပြီး စားရုံပါပဲ၊ ထုံးတမ်းစဉ်လာအနေနဲ့ ပြောရရင် အဲဒီလို ပေါင်မုန့်ကို ဒိန်ခဲအိုးထဲ ထည့်မွှေနေတုန်း ပေါင်မုန့်က မတော်တဆ အိုးထဲမှာ ပြုတ်ကျသွားခဲ့ရင် အဲဒီပေါင်မုန့်ပိုင်ရှင်က စားပွဲမှာထိုင်နေတဲ့ ကျန်တဲ့သူတွေ ခိုင်းတာကို လုပ်ပေးရပါတယ်၊ ဥပမာ-ကဗျာတပုဒ် ရွတ်ခိုင်းတာမျိုး၊ သီချင်းကလေး တပိုင်းလောက် ဆိုခိုင်းတာမျိုး၊ ပေါင်မုန့်တွေ ထပ်လှီးခိုင်းတာမျိုး စသဖြင့်ပေါ့…၊ အထူးသဖြင့် လူငယ်တွေက ဒီအစဉ်အလာကို လုပ်ကြတာများတယ်၊ စားရင်းသောက်ရင်း ပျော်ပျော်ရွှင်ရွှင် ရှိစေလိုတဲ့ သဘောဖြစ်မှာပါ၊ ကျနော့်ရဲ့ သားကတော့ အဲဒီဓလေ့ကို သိသွားတဲ့နေ့ကစပြီး fondue စားတိုင်း အဲဒီလို အခိုင်းခံချင်လို့ သူ့ ပေါင်မုန့်ကို ခက်ရင်းထိပ်မှာ လျော့တိလျော့ရဲ့ တပ်ပြီး မပြုတ်၊ ပြုတ်အောင် လုပ်လေ့ရှိတယ်၊ ပေါင်မုန့်က ပြုတ်ကျသွားရင် ဟာ.. ကျသွားပြီဆိုပြီး သူ့ကိုဘာများ ခိုင်းမလဲလို့ စားပွဲက လူတွေရဲ့ မျက်နှာကို မျှော်လင့်တကြီးနဲ့ လိုက်ကြည့်တတ်တယ်၊ ဒါတင်မကသေးဘူး၊ သူများတွေရဲ့ ပေါင်မုန့်ကိုလည်း ပြုတ်ကျအောင် မွှေနေချိန်မှာ သူ့ခက်ရင်းနဲ့ လိုက်လိုက်ဖိတယ်၊ fondue စားရင်းနဲ့ သူက ကစားဖို့ပဲ ကြံစည်နေတာ…၊ နောက်တခုက fondue စားရင်း တွဲသောက်ဖို့က အများအားဖြင့် ဝိုင်ဖြူကိုပဲ သုံးရပါတယ်၊ ဝိုင်နီတို့ ဝိုင်ပန်းရောင်တို့ မသောက်ကြပါဘူး၊ ဝိုင်မသောက်တဲ့သူတွေကတော့ ရေနွေးကြမ်းဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် သောက်ကြတယ်၊ စားပြီးရင်လည်း ရေအေး မသောက်သင့်ပါဘူး၊ ဗိုက်ထဲမှာ ပူပူနွေးနွေးရှိနေတဲ့ ဒိန်ခဲက ရေအေးနဲ့ထိတဲ့အခါ မာသွားပြီး အစာမကြေတာ၊ ဗိုက်အောင့်တာ ဖြစ်မှာစိုးလို့ပါ…၊

ကျနော့်ရဲ့ ဖုန်းအော်ပရေတာက တောင်ပေါ် တချို့နေရာတွေမှာ လိုင်းပျောက်တတ်ပါတယ်၊ ဒါပေမယ့် Nax ရွာမှာတော့ ထူးထူးခြားခြား လိုင်းမိနေတယ်၊ ဒါနဲ့ပဲ အင်တာနက်သုံးဖို့ အဆင်ပြေသွားတယ်၊ မြို့ပြလူသားပီပီ တပတ်လုံးလုံး အင်တာနက်မသုံးရဘူး ဆိုရင်လည်း မဖြစ်သေးပြန်ဘူး မဟုတ်လား၊ ဖုန်းကို ကွန်ပျူတာမှာချိတ်ပြီး အင်တာနက်သုံးကြည့်တာ ဒါ ပထမဆုံးအကြိမ် ပါပဲ၊ ဒါနဲ့ စကားမစပ် ဘေးနားက ပုလင်းက သစ်တော်သီးကနေ ထုတ်ထားတဲ့ digestive spirit ပါ၊ တောင်ပေါ်ဒေသတွေမှာတော့ အစာကြေဆေးအနေနဲ့ မှီဝဲကြသလို ချမ်းအေးတဲ့ ရာသီဥတုကို အံတုဖို့ အရည်ဖျော်ထားတဲ့ အနွေးထည်တမျိုးဆိုလည်း မမှားပါဘူး…၊း)
တယ်လီဖုန်းနဲ့ချိတ်ပြီး အင်တာနက်သုံးလို့ရတယ်ဆိုတာကို လှမ်းမြင်သွားတဲ့ ကျနော့်ရဲ့ မြန်မာစာကျောင်းသားလေးကလည်း ချက်ချင်းလိုလို အနားရောက်လာပြီး လတ်တလောသူကြည့်နေတဲ့ Marsupilami ကာတွန်းဇတ်လမ်းလေးတွေ ကြည့်ဖို့ နားပူးနားဆာလုပ်တော့တာပဲ၊ ယူကျုမှာ မိနစ် ၂၀ စာ ဇတ်လမ်းလေးတွေရှိတော့ သူ့အတွက်လည်း အဆင်ပြေပါတယ်၊ အဆင်မပြေတာက ကျနော့်ရဲ့ ဖုန်းဘက်ထရီ…၊ အဖေနဲ့သား အကြားမှာ အနိစ္စသဘောကို သူ ကောင်းကောင်းသဘောပေါက်သွားရတယ်…၊
အဲဒီ တပတ်တာကာလမှာ သားကို မိုနိုပိုလီ ကစားနည်း ကျနော်တို့ သင်ပေးဖြစ်လိုက်တယ်၊ သူက ပိုက်ဆံစက္ကူတွေမြင်တော့ စိတ်ဝင်စားနေတာနဲ့ ရှင်းပြရင်း၊ ရှင်းပြရင်းနဲ့ ကစားနည်းတခုလုံးကို သင်ပေးသလို ဖြစ်သွားရော…၊ အဲဒီအချိန်ကစပြီး မိုနိုပိုလီ ကစားမယ်ချည်းလုပ်နေလို့ ဒီတပတ်တော့ အေးအေးဆေးဆေး စာဖတ်မယ်ဆိုတဲ့ ကျနော့်ရဲ့ အကြံအစည်တွေလည်း မိုနိုပိုလီရဲ့ အရင်းရှင်စနစ်က ဝါးမြိုတာ ခံလိုက်ရတယ်၊ ကျနော်တို့ငယ်ငယ်က ကစားခဲ့တဲ့ မိုနိုပိုလီကိုလည်း ပြန်သတိရမိတယ်၊ မြို့နာမည်တွေက ရန်ကုန်၊ မန္တလေးစတဲ့ မြန်မာနာမည်တွေနဲ့…၊ အခုခေတ် မြန်မာပြည်က ကလေးတွေကော မိုနိုပိုလီဆိုတာ သိကြပါအုံးတော့မလားလို့လည်း တွေးနေမိခဲ့တယ်၊

မိုးလေကင်းစင်တဲ့ အချိန်တွေမှာတော့ ရွာရဲ့ အထက်ပိုင်းက တောင်ပေါ်မှာ လမ်းလျှောက်ဖြစ်ပါတယ်၊ သဘာဝစိမ့်စမ်းရေ ထွက်တဲ့နေရာကနေ တောင်ခြေရွာလေးတွေအထိ တောင်ကျချောင်းရေကို မြောင်းဖောက်၊ သွယ်ယူထားတဲ့ မြောင်းကလေးတွေ ရှိပါတယ်၊ စိုက်ခင်းတွေမှာ သုံးဖို့သွယ်ယူထားတာပါ၊ ထင်းရှူးတောထဲက အဲဒီလို ရေသွယ်မြောင်းလေးတွေတလျှောက်မှာ ကျနော်တို့ လမ်းလျှောက်ကြ ပါတယ်၊ တပေ၊ တပေခွဲသာသာလောက်ပဲ အကျယ်ရှိတဲ့ မြောင်းကလေးတွေက ဘာမှ လှလှပပ မဟုတ်ပေမယ့် သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကျောက်တုံး၊ ပျဉ်ပြားတွေသုံးပြီး သွယ်တန်းထားတာက ကီလိုမီတာပေါင်းများစွာ ရှည်လျားပါတယ်၊ တသွင်သွင်စီးနေတဲ့ တောင်ကျရေသံကို နားထောင်ရင်း၊ ထင်းရှူးရနံ့ကို ရှူရှိုက်ရင်း၊ စိတ်အေးလက်အေး လမ်းလျှောက်ရတာ စိတ်ချမ်းမြေ့စရာ ကောင်းပါတယ်၊

အဲဒီနေ့မှာ ကျနော်တို့နဲ့ အတူပါလာတဲ့ သူငယ်ချင်းတယောက်က မှိုနဲ့ပတ်သက်ရင် အတော်လေး ကျွမ်းကျင်ပါတယ်၊ သူက ဒီလိုအချိန်ဆို မှိုတွေပေါက်နေတတ်ပြီ ဖြစ်ကြောင်း၊ ဟောဒီလို ဟောဒီလို နေရာတွေမှာ ရှိတတ်ကြောင်း၊ ဘယ်မှိုက ဘာအမျိုးအစားဖြစ်ကြောင်း စတာတွေရှင်းပြတာနဲ့ ကျနော်တို့လည်း သူ့အားကိုးနဲ့ မှိုတွေလိုက်နှုတ်ဖြစ် ကြတယ်၊ ကျနော့်ဟာနဲ့ကျနော်ဆို ဘာမှိုမှ ဟုတ်တိပတ်တိ မသိတာနဲ့ ဒီလိုပဲ ကျော်သွားဖြစ်မှာ သေချာတယ်၊ သိတယ်မဟုတ်လား… မြို့ကြီးသားလေ…၊း) အဲဒီနေ့က တကယ်လည်း မှိုတွေအများကြီး တွေ့ပါတယ်၊ အဲ… မှိုတွေ နှုတ်နေရင်း ကိုယ့်ကိုယ်ကို selfie ရိုက်ဖို့မေ့သွားလို့ “မှိုရတဲ့မျက်နှာ” ဆိုတာ ဘယ်လိုမှန်းတော့ မသိလိုက်ရဘူး…၊းD
မှိုနဲ့ပတ်သက်ရင် နကန်းတလုံးမှ မသိဘူးဆိုပေမဲ့ ဟောဒီလို အရောင်တောက်တောက် မှိုတွေဟာ အဆိပ်ရှိတယ် ဆိုတာလောက်တော့ ကျနော်သိပါသေးတယ်၊ ဟင်းချက်စားဖို့ အသုံးမဝင်ပေမယ့် တစိုတပြေနဲ့ လှနေတဲ့မှိုမို့လို့ ဓာတ်ပုံလေးတပုံ ရိုက်ဖြစ်ခဲ့တာ…၊
Chalet ပြန်ရောက်တော့ အဲဒီ မှိုအိတ်စပတ် သူငယ်ချင်းကပဲ နှုတ်လာတဲ့ မှိုတွေကိုတပွင့်ချင်းစီ သေသေချာချာ ရေဆေး၊ အခြောက်ခံရေစစ်၊ ဖြတ်တောက်ပြီး ကြော်ပေးပါတယ်၊ တောထဲက နှုတ်လာတဲ့မှိုကို ရေဆေးသန့်စင်ရတာ အတော်လက်ဝင်မှန်း၊ အတော် နူးညံ့စိတ်ရှည်ရမှန်း အဲဒီတော့မှ သိတော့တယ်…၊
အဲဒီနေ့က ကျနော့်ရဲ့ ညနေစာ…၊ မှိုကြော်၊ ဇုကီနီကြော်၊ အသားကင်၊ အာလူးဟင်း…၊ ကိုယ်ကိုယ်တိုင် နှုတ်လာတဲ့မှိုကို ကြော်စားရတာ လတ်လတ်ဆတ်ဆတ်နဲ့ အတော့်ကို အရသာရှိပါတယ်၊ မှိုဆိုရင် ဈေးဆိုင်ကြီးတွေကပဲ ဝယ်စားဖူးတဲ့ မြို့ကြီးသားတယောက်ဟာ မှိုနှုတ်တာကနေ ပန်းကန်ထဲရောက်တဲ့အထိ ဖြစ်စဉ်တခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လိုက်ရလို့ ကျေနပ်တဲ့စိတ်တွေနဲ့ အဲဒီညနေက ဗိုက်လေးသွားခဲ့တယ်…၊
ဟိုးခပ်လှမ်းလှမ်း တဖက်တောင်ကြောက မီးပွင့်လေးတွေ တပွင့်ချင်း၊ တပွင့်ချင်း လင်း,လင်းလာတာကို ထိုင်ကြည့်ရင်း နေဝင်ရီတရော ညနေခင်းတခုမှာ သူငယ်ချင်းတွေကို ကျနော်သတိရ နေခဲ့တယ်၊ Alps တောင်တန်းပေါ်က အိမ်ကလေးတလုံး အရှေ့ မှာပေါ့…။ ။