14 February 2011

ထူးဆန်းသော မဲလ်ဝဲ


ဒီပို့စ်က ပြီးခဲ့တဲ့တစ်ပုဒ်ဖြစ်တဲ့ 'မတည်မြဲခြင်းတရားထဲမှ ဘလော့ဂိုစဖီးယား' ရဲ့ နောက်ဆက်တွဲပါ၊ အဲဒီပို့စ်ကို ရေးပြီးတော့ သူနဲ့ပတ်သက်ပြီး ကွန်မန့်တွေ ရပါတယ်၊ နောက်ထပ် စစ်ကြည့်တော့ အရင့်အရင်က ပို့စ်တွေမှာပါ နောက်မှ လာဖတ်တဲ့ သူတချို့က ကွန်မန့်တွေ ထားသွားတာ ကျနော် သတိထားမိတယ်၊ ပြီးတော့ ကျနော့် ဆိုဒ်ဘားမှာ နောက်ထပ် လင့်ခ်တချို့လည်း ထပ်ချိတ်လိုက်သေးတယ်၊ ဆိုတော့ ဒီနေ့မှာ ဘလော့ဂ်က အပြောင်းအလဲ၊ အလှုပ်အရှား ရှိသွားပြီ၊ ကောင်းပြီ၊ ဒါဟာ မဲလ်ဝ်စစ်ဖို့ အချိန်ကောင်းပဲဆိုပြီး ကျနော် စစ်ပါတယ်၊ မဲလ်ဝဲဆိုပြီး စာကြောင်းနီ ၁၀ ကြောင်း လောက် တက်လာတယ်၊ Iora ရဲ့ ကွန်မန့်၊ ဖြိုး Evergreen ရဲ့ကွန်မန့်၊ ပေါက်ရဲ့ကွန်မန့်၊ Mon Petit Avatar ရဲ့ ကွန်မန့်၊ Ko 9 ရဲ့ကွန်မန့်နဲ့ ကျနော့်နာမည်ပါတဲ့ စာကြောင်းနီတွေ ကိုတွေ့ရတယ်၊ ဘာတွေမှန်းလဲ မသိဘူး၊

ဒါနဲ့ သူတို့ရဲ့လင့်ခ်တွေကို ဆိုဒ်ဘားကနေ အရင်ဆုံး ဖြုတ်လိုက်တယ်၊ ပြန်စစ်တယ်၊ နီနေတုန်းပဲ၊ ဆက်ပြီးတော့ သူတို့ ထားခဲ့တဲ့ နောက်ဆုံးကွန်မန့်တွေကို Spam ထဲ ခဏထည့်ထားလိုက်ပြီး၊ ပြန်စစ်တယ်၊ အဲဒီတော့မှ အစိမ်းရောင် အမှန်ခြစ်ကလေး တက်လာတယ်၊ ဒါပေမယ့် ကျနော်မကျေနပ်ဘူး၊ ဒါဟာ ဘယ်လိုဖြစ်နိုင်မလဲ၊ ဒီလူတွေရဲ့ ဟိုးအရင်က ကွန်မန့်တွေက ရှိနေတုန်းပဲလေ..၊ အခုခဏလေး spam ထဲ ထည့်ထားတာက နောက်ဆုံးကွန်မန့်တွေ ချည်းပဲ၊

ကိစ္စမရှိဘူး၊ ကျနော်က ဒီအကြောင်းကို အသေးစိတ် လိုက်ချင်နေတာဆိုတော့ ဒီလိုအချိန်မျိုးကို စောင့်နေတာ...၊ အိုကေ၊ ပထမဆုံးအနေနဲ့ သေချာသွားအောင် ဆိုဒ်ဘားမှာရှိတဲ့ လင့်ခ်တွေကို တစ်ခုမကျန် အားလုံး ဖြုတ်ပစ်လိုက်တယ်၊ ပြီးတာနဲ့ ဘလော့ဂ်ကို စစ်ကြည့်တယ်၊ မဲလ်ဝဲ ဖရီး၊ ကောင်းပြီ၊ ဒုတိယအနေနဲ့ ဆိုဒ်ဘားမှာ လင့်ခ်တွေကို ၄ ခုတတွဲ ပြန်ထည့်တယ်၊ ၄ ခုထည့်ပြီးတိုင်း တခါပြန်စစ်တယ်၊ မဲလ်ဝဲဖရီး၊ ၄ ခု ထပ်ထည့်တယ်၊ ထပ်စစ်တယ်၊ မဲလ်ဝဲဖရီး၊ ဒီလိုနဲ့ အရင်အတိုင်း လင့်ခ်တွေအားလုံး ပြန်ထည့်လို့ ပြီးသွားတယ်၊ သေချာအောင် ထပ်စစ်တယ်၊ အစိမ်းရောင် အမှန်ခြစ်ပဲ...၊

နောက်အဆင့်မှာ ခုနက spam group ထဲကို ပြန်သွားပြီး တစ်ယောက်ချင်းစီရဲ့ ကွန်မန့်တွေကို Not Spam လို့ ခြစ်ပြီး ပြန်ထုတ်တယ်၊ Iora ရဲ့ ကွန်မန့် ၃ ခုကို အရင်ဆုံး ပြန်ထုတ်တယ်၊ ဘလော့ဂ်ကို ပြန်စစ်တယ်၊ မဲလ်ဝဲဖရီး...၊ ကျနော် အံ့သြသွားတယ်၊ ကိုဖြိုးရဲ့ ကွန်မန့် ၂ ခုကို ဆက်ထုတ်တယ်၊ ဘလော့ဂ်ကို ပြန်စစ်တယ်၊ မဲလ်ဝဲဖရီး...၊ ကြည့်စမ်း, ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ၊ ကျနော် သိလိုက်ပြီ၊ ကျန်တာတွေလည်း ဒီလိုပဲ ဖရီးဆိုတာ၊ တစ်ယောက်ချင်းရဲ့ ကွန်မန့်တွေကို ထည့်ပြီးတိုင်း စစ်တယ်၊ မဲလ်ဝဲဖရီး ပြတာ အဆုံးထိပါပဲ၊ ဒါနဲ့ ကျနော့်ဘလော့ဂ်က ကွန်မန့်တွေအားလုံးလဲ ပြန်ထည့်ပြီး နောက်ဆုံးအနေနဲ့ သေချာအောင်ထပ်စစ်တယ်၊ အစိမ်းရောင် အမှန်ခြစ်နဲ့ မဲလ်ဝဲဖရီး ပါပဲ...၊

ခုနက ဒီကွန်မန့်တွေကို အနီရောင်စာသားနဲ့ မဲလ်ဝဲဆိုပြီး ပြတယ်၊ ကျနော် spam ထဲကို ပို့ထားပြီး စစ်တော့ အိုကေ၊ ဒါနဲ့ မဲလ်ဝ်ပါတယ်ဆိုတဲ့ ဒီကွန်မန့်တွေကိုပဲ ၅ မိနစ်အတွင်းမှာ ပြန်ထည့်တော့ မဲလ်ဝဲဖရီးတဲ့...၊ ဒါ ဘာသဘောလဲ၊ ဒီစစ်ဆေးတဲ့ စနစ်က reliable မဖြစ်တာ၊ သေချာမှု မရှိတာ၊ အားကိုးလို့ မရတဲ့ သဘောလား၊ အိုင်တီနဲ့ ပတ်သက်ရင် ကျနော် များများစားစား မသိပါဘူး၊ ဒါပေမယ့် ဒီလို လင်ခ့်အသေတွေ ချိတ်မိတာနဲ့ မဲလ်ဝဲဆိုတာကိုတော့ အမှန်အတိုင်း ပြောရရင် သိပ်ဘဝင် မကျပါဘူး၊ ယုတ်စွအဆုံး စစ်ဆေးတဲ့ ပရိုဂရမ်က သိပ်ပြီး sensitive ဖြစ်လို့ လင့်ခ်အသေတွေကို မဲလ်ဝဲလို့ ပြတယ်ပဲ ထားဦး၊ အခုဝဲလိုက် အခုပဲ မဝဲလိုက်နဲ့ဆိုတော့....၊ ဟုတ်ပါ့မလား မောင်ကာလုရေ လို့များ ဆိုရလေမလား...၊

အခု ဖြစ်စဉ်ကိုတော့ ကျနော်နားမလည်တာ အမှန်ပါပဲ၊ တစ်ယောက်ယောက်ကများ ရှင်းပြပေးနိုင်တယ် ဆိုရင်လည်း အတိုင်းထက်အလွန် သိချင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘလော့ဂါ ညီအကို မောင်နှမတွေ အစိုးရိမ်လွန်နေမှာ စိုးလို့ ကျနော်တွေ့မိတာ တင်ပြလိုက်တာပါ၊ အကောင်းဆုံးကတော့ တတ်နိုင်သလောက် back-up လုပ်ထားတာပါပဲ၊ ပျော်ရွှင်စွာ ဘလော့ဂင်း နိုင်ကြပါစေဗျာ...။ ။


ညီလင်းသစ်
၁၄ ဖေဖော်ဝါရီ၊ ၂၀၁၁

စကားချပ်။ ။ ဒီနေ့မှာ နှင်းဆီပန်းအကြောင်းလေး ဘာလေး ရေးရမယ့်အစား ဒါကြီးအကြောင်း ရေးနေရတယ်လို့၊ ဖြစ်ပုံများ၊ အင်း...မဲလ်ဝဲတစ်စည်းလောက် လက်ဆောင်ပေးရရင် ကောင်းမယ်နဲ့ တူတယ်...။း)

17 comments:

Myanmar Good Knowledg Co., Ltd said...

ကိုညီလင်းသစ်စစ်လို့ စိမ်းလိုက်မစိမ်းလိုက်ဖြစ်တာကတော့ သံသယဖြစ်စရာပဲလို့ထင်တယ်။
အကြောင်းတော့ ရှိမှာပါပဲ။

ဒီဆော့ဖ်ဝဲလ် ကို ဂျပန်မှာတော့ လူသိမများ၊ သိပ်မသုံးတဲ့ ဆော့ဖ်ဝဲလ်လို့ဆိုကြတယ်။
သဘောက သုံးသူ မရှိသလောက်ပဲတဲ့။
ပြီးတော့ သုံးမယ်ဆိုလည်း ဂျပန်လိုHPရှိတဲ့ ဆော့ဖ်ဝဲလ်တွေကိုပဲသုံးကြတယ်လေ။

ဂျပန်က တခါတလေ အနောက်နဲ့ ဥရောပက ခေတ်စားတာတွေနဲ့ သိပ်မသက်ဆိုင်သလိုဖြစ်နေတာတွေရှိတယ်။
ဥပမာ အိုင်တီနယ်ပယ်လိုမျိုး၊ တယ်လီဖုန်း၊ ဆိုရှယ်နက်ဝပ်ကင်းပိုင်းတွေပေါ့။

သိသာတာက လက်ကိုင်ဖုန်း စစ်စတမ်က တခြားနိုင်ငံတွေနဲ့ သဟဇာတမဖြစ်ဘူး။
ဂူးဂဲကို အသုံးနည်းပြီး ဂျီမေးသုံးသူ အခြားနိုင်ငံထက်စာရင်နည်းတယ်၊ ဖေ့စ်ဘွတ်ကို အိုင်တီသမားတွေတောင်မသိကြဘူး။

ဒီမှာ ဒီနေ့ကတော့ မိန်းကလေးက ယောက်ျားလေးကိုပေးရတာလေ။(ဒါလည်း ဂျပန်ရဲ့ အခြားနိုင်ငံတွေနဲ့ မတူတာတစ်မျိုးပါပဲ)

rose of sharon said...

ဟုတ်တယ်... ကျမလဲ လင့်ခ်တွေ ဖြုတ်ကော်မန့်တွေ စပမ်ထဲထည့် (မသိခင်က ကော်မန့်တွေတောင် ၁၂၀လောက် ဖျက်မိလိုက်တာ နှမျောလိုက်တာ) ပြီးမှ သံသယ ဝင်တာ ... ဘာမှမလုပ်တဲ့ ဘလော့တွေ ခုထိအိုကေနေရက်နဲ့ ဒီတိုင်းထားမိရင်ကောင်းမှာ လို့ နောင်တရမိတယ်...

Maung Myo said...

စိတ်ရှုပ်လိုက်တာဗျာ ဘာကြ်ီးမှန်းလည်းသိတော့ပါဘူး ကျနော်တော့ ပျက်ခါမှပျက်ပဲ အစ်ကိုရေ့ ကွန့်မန့်တွေတော့မဖျက်ဘူးးး)

ဘလော့ဂါက စာရေးဆရာဆိုရင် ကော့မန့်ဆိုတာ စာမူခပေါ့ ။

ညီလင်းသစ် said...

မ,ကောင်းမွန်ဝင်း ...
အင်း...ဂျပန်ကတော့ တကယ့်ကို ဂျပန်ပါပဲ..၊ :) နောက်ဆို ဒီလိုနေ့နဲ့ ကိုက်အောင်ချိန်ပြီး ဂျပန်ကို လာလည်ဦးမှပဲ...၊ :P

rose of sharon ...
ဟုတ်ပါရဲ့ဗျာ၊ ကွန်မန့်တွေ ဖျက်ပစ်လိုက်ရတာ နှမြေစရာကြီး...၊ ရေရှည်ရပ်တည်ဖို့အတွက် လုပ်လိုက်ရတာလို့ပဲ ဖြေရမယ် ထင်တယ်နော်....၊

မောင်မျိုး ...
သိပ်ကောင်းတယ် ညီရေ၊ အဲဒီစာမူခလေးတွေက နောက်တစ်ပုဒ်အတွက် လောင်စာလည်း ဖြစ်တယ်၊ ကျနော်လည်း ဘယ်တော့မှ မဖျက်ဘူး၊ safe side ယူတဲ့ အနေနဲ့ back-up ပဲ လုပ်ထားတယ်၊ ကျန်တာတော့ ကြိုက်သလိုသာလာခဲ့၊ အဆင်သင့်ပဲ..။

Shinlay said...

ကိုညီအချိန်ပေးပြီး လုပ်ထားတာကို စိတ်ဝင်တစား
ဖတ်သွားပါတယ်။ ဘာတွေလဲလို့ ခဏခဏပြန်မေး ဖြစ်ပါတယ်။
ဘာမှန်းမသ်တော့ပါ။??**!!!

PAUK said...

အဟမ်း..
အဟမ်း..
ကော်မန့်ပေးရမှာတောင် ခပ်လန့်လန့် ဖြစ်နေပြီ.။

ညီလင်းသစ် said...

မ,ရှင်လေး ...
ကျနော်လည်း မသိတော့ပါဘူးဗျာ၊ တခါတခါတော့ လည်း ဘာမှမသိတာက ခပ်ကောင်းကောင်းပဲ..၊

ပေါက် ...
မလန့်ပါနဲ့၊ ပေးသာပေးပါ၊ ဘာပဲ ဖြစ်နေဖြစ်နေ ကွန်မန့် ကို ကျနော် ဖွင့်ထားလျက်ပါပဲ..၊ :)

စူးနွယ်လေး said...

ကျမ လင့်ခ်အားလုံးဖြုတ်ပစ်ရမှာနှမြောလို့ မဲလ်ဝဲကိုက်နေတာတွေပဲ လိုက်ဖြုတ်ထားတာ။ ဒါပေမယ့် နောက်နေ့ကျ အရင်နေ့က မကိုက်တဲ့ လင့်ခ်တွေကပါ ကိုက်နေတော့ ပြန်ပြန်ဖြုတ်ပစ်နေရတယ်။ ဒါကြောင့် နေ့စဉ်တခါတော့ စစ်နေရတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ၀ဲဆိုတော့လည်း အကူးမခံချင်ဘူးလေ :)
ဖြုတ်ထားတဲ့လင့်ခ်တွေကိုတော့ browser က favourite အောက်မှာပဲ ထားလိုက်တော့တယ်။

ညီလင်းသစ် said...

မစူးနွယ်ရေ ...
အဲဒီလို ဆိုတော့လည်း စိတ်ရှင်းရတာပေါ့...နော။ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်မန့်ကို profile နဲ့ပေးမိပြန်ရင်လည်း အဲဒီ ဘလော့မှာ မဲဝဲ ပြနေပြန်တယ်.. ကိုယ့် ပရိုဖိုင်းနဲ့ ကိုယ့်ဘလော့ကို ပြန်စစ်တော့ ၀ဲက မရှိဘူးတဲ့။ သူများဘလော့ကျတော့ ဘာလို့သွားပြနေတယ် မသိဘူး
နားမလည်နိုင်ဖြစ်ရတာတော့ အမှန်ပါဘဲ ကိုလင်းသစ်ရေ
ဒါကြောင့် ကော်မန့်တောင် ပရိုဖိုင်းနဲ့ မပေးရဲဘူး ဖြစ်သွားတယ်...
ချစ်သူများနေ့အမီ ဘလော်ဂါတွေအတွက် လက်ဆောင်များ ပေးလိုက်တာလားတော့မသိပါဘုးနော်း)

ညီလင်းသစ် said...

ဟုတ်တယ် မချော ...
ကျနော်လည်း အဲဒါ အံ့သြနေတာ၊ ထားသွားတဲ့ ကွန်မန့် တွေကို ဝဲရှိတယ်ပြပြီးတော့ မူလဘလော့ဂ်ကို ပြန်စစ် ကြည့်တော့ ဘာမှမရှိဘူး၊ ကိုယ့်ကြောင့် သူများ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကျနော်လည်း နောက်ပိုင်း ပရိုဖိုင်းလ်နဲ့ ကွန်မန့် သိပ်မပေးဖြစ်ဘူး၊ ဒီမှာကတော့ ဝဲမကလို့ ဘာပဲဖြစ်ဖြစ်၊ ကွန်မန့်တွေကို ကျနော်မဖျက်ပါဘူး၊

ဇွန်မိုးစက် said...

ညီလင်းသစ်ရေ... အမြင်ချင်းတူနေလို့ အစ်မ ဘလော့ဂ်မှာ လာမန့်သွားတာ ကျေးဇူးနော်။ အမလည်း တစ်ခုချင်းစီ ဖြည်းဖြည်းချင်းစစ်ပြီး ဖြုတ်ကြည့်တာ။ နောက်ဆုံး အစ်မပို့ ၂ခုကို save as draft နဲ့ ကော်မန့်တွေကို spam ထဲ ထည့်လိုက်တော့မှ ကင်းရှင်းကြောင်းပြတယ်။ မဲလ်ဝဲကင်းရှင်းကြောင်း လင့်ခ်တွေပြန်စစ်ကြည့်တော့ result က မတူတဲ့အချိန်မှာ သံသယ၀င်သွားတာပါပဲ။ Sucuri ထက်စာရင် Google နဲ့ blogspot ကို ပိုယုံပါတယ်။ သူတို့ reply ပြန်သလို Terms of Service ကို မချိုးဖောက်ရင် ကိုယ့်ဘလော့ဂ် အဖျက်ခံရမှာ မဟုတ်ပါဘူး။
အစ်မလည်း ညီလင်းသစ်လိုပဲ ဘလော့မောင်နှမတွေ မလိုအပ်ဘဲ အစိုးရိမ်လွန်နေကြတော့မှာပဲလို့ တွေးမိနေတာ။ ညီလင်းသစ်ပို့စ်ကို အစ်မပို့စ်မှာ ချိတ်ထားလိုက်မယ်နော်။ :)

ညီလင်းသစ် said...

မဇွန်မိုးစက် ...
လာလည်တာ ကျေးဇူးပါပဲဗျာ..၊ ကျနော်လည်း ToS ကို မချိုးဖောက်သရွေ့ ဘလော့ဂ် ဘာမှ မဖြစ်ဘူးလို့ ယုံပါတယ်..၊

T T Sweet said...

အစ်မလဲ Sucuri ကို သံတယရှိတယ်။ ဘာလို့လဲ မမေးနဲ့ ပထမနေ့ စ စစ်ကတည်းက စိတ်ထဲမှ တစ်မျိုးကြီး။ ဟုတ်မှ ဟုတ်ပါ့မလားပေါ့။
ခုကိုညီလင်းသစ်နဲ့ ဇွန်တို့ရဲ့ ပို့စ်နဲ့ ကွန့်မန့်တွေ ဖတ်ပြီး အချိန်ရရင် လင့်ခ်တွေပြန်ချိတ်တော့မယ်။

ဘလော့ဂ်စပေါ့က သူ့ရဲ့ terms and conditions တွေ မဖောက်မချင်း ဘလော့ဂ်ကို မပိတ်ပါဘူး ပြောပြီးပြီပဲဗျာ။ဘာပူစရာရှိလဲ။

ညီလင်းသစ် said...

မတီတီဆွိ ...
ဟုတ်ကဲ့အမ..၊ ဆိုးတာက Sucuri က ကျနော့်ကို လုံးဝ အကြောင်းမပြန်တာပဲ၊ ယုတ်စွအဆုံး ဒီလိုတွေ ရှိလိုက်၊ မရှိလိုက် ဖြစ်နေတာ ထုံးစံပဲ၊ ဒါတွေကို သေချာ နားလည်ချင်ရင်၊ ဘလော့ဂ်မှာ ဝဲပျောက်ချင်ရင် သူတို့ကို ပိုက်ဆံပေးပါ၊ လုပ်ပေးမယ် ဆိုရင်တောင် ကျနော်က ပေးချင် ပေးနေမိဦးမှာ..၊ အခုဟာက ဘာမှ မသိရတော့ မယုံဘူး၊ အခုခေတ်ကလည်း ဒီလို အတုအယောင်တွေ ပြ,ပြပြီး ကိုယ့်ရဲ့ product ကို ရောင်းနေကြတဲ့ ခေတ်ကြီးကိုး...၊ ဘလော့ဂ်ကို backup လုပ်ထားပြီးရင်တော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်စရာ မရှိပါဘူး။

အင်ကြင်းသန့် said...

မဇွန်မိုးစက်ဆီကနေ တစ်ဆင့်လာခဲ့တာပါ။ ဒီဝဲကြီးပေါ်ပေါက်လာတော့ ဘာရယ်ညာရယ် မသိဘဲ အရမ်းစိတ်ပူသွားပြီး လင့်တွေအကုန်ဖြုတ်ချပစ်မိတယ်။ ပြန်ချိတ်ချင်တာတောင် စိတ်ကပူနေတုန်းပဲ။ လင့်တွေမရှိပြန်တော့လည်း ဘလော့က အသက်မ၀င်တော့ဘူး။ ခြောက်သွေ့နေသလိုခံစားရတယ်။ ဒါနဲ့ဖြစ်ချင်ရာဖြစ်ပြန်ချိတ်မယ်လို့ ဆုံးဖြတ်နေတုန်း မဇွန်မိုးစက်ရဲ့ ပိုစ့်နဲ့ ကိုညီလင်းသစ်ရဲ့ပိုစ့်တွေကိုဖတ်လိုက်ရတော့ အားရှိသွားပြီ။ တော်ပြီ။ မဲလ်ဝဲကို ဂရုမစိုက်တော့ဘူး။ စွဲချင်စွဲ မစွဲချင်နေတော့။ အကုန်ပြန်ချိတ်ထားတော့မယ်။ ကိုညီလင်းသစ်ကိုလည်း ကျေးဇူးတင်ပါတယ်။

ညီလင်းသစ် said...

မအင်ကြင်းသန့် ...
ကျနော်လည်း သေချာသိလို့တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် လေ့လာကြည့်သလောက်က ယုံကြည်လောက်စရာ သိပ်မတွေ့တာနဲ့ ရဲတင်းတယ်ပဲ ပြောပြော၊ မိုက်တယ်ပဲဆိုဆို ပစ်ထားလိုက်တာပါ၊ အဲဒီ ဝက်ဘ်ဆိုဒ်မှာ သွားပြီးလည်း မစစ်တော့ဘူး၊ ဘလော့ဂ်ကို backup လုပ်လိုက်တယ်၊ ပြီးတော့ အဆုံးစွန်အထိ တွေးထားလိုက်တယ်၊ ဒိနောက်မှာတော့ လင့်ခ်တွေအားလုံးကို ပြန်ချိတ်ပြီး၊ ကွန်မန့်တွေကို လွတ်လွတ်လပ်လပ်ပဲ ဖွင့်ထားလိုက်တော့တယ်၊