နောက်တနေ့ မနက်ကျတော့ အိမ်ရှင်လင်မယားနဲ့ မနက်စာစားရင်း ဘာတွေလုပ်ကြမလဲလို့ တိုင်ပင်ကြတယ်၊ ကျနော်တို့က လူကြီး လေးယောက်နဲ့ ကလေးတစ်ယောက် ဖြစ်နေလို့ အစီအစဉ်ကို မျှမျှတတ ဖြစ်အောင် ဆွဲကြတယ်၊ အထူးသဖြင့် ၄ နှစ်အရွယ် သားက One for all ဆိုတာကို နားလည်မှာ မဟုတ်လို့ ကျနော်တို့ လူကြီးတွေကပဲ သူ့အတွက် All for one လုပ်ရင်း တနေ့တာကို စတင်ဖို့ ဆုံးဖြတ် လိုက်တယ်၊ ကျနော်တို့ရဲ့ All for one က တခြားတော့ မဟုတ်ပါဘူး၊ Darmstadt မြို့က တိရိစ္ဆာန်ရုံလေးကို ပထမဦးဆုံး သွားလည်ဖို့ ပါပဲ၊
တိရိစ္ဆာန်ရုံလေးက ခပ်သေးသေးပါ၊ မြွေတွေ၊ ကင်းတွေ၊ ပင့်ကူတွေထားတဲ့ vivarium တစ်ခုရယ်၊ ငါးတွေ၊ ဖားတွေ စတဲ့ ရေနေ သတ္တဝါတွေ ထားတဲ့ aquarium တစ်ခုရယ်..၊ ပြီးတော့ မျောက်ကလေး၊ သမင်ကလေး စတဲ့ အကောင်ငယ်လေးတွေ ထားတဲ့ ခြံတချို့ရယ်.. ဒါလောက်ပါပဲ၊ ဒါပေမယ့် ကလေးတွေအတွက်ကတော့ ပျော်စရာကောင်းတဲ့ နေရာတစ်ခုပါ၊ ကျနော့်တဦးတည်း အနေနဲ့ ဆိုရင် လှောင်အိမ်တွေထဲမှာ ပိတ်လှောင်ထားတဲ့ တိရိစ္ဆာန်တွေကို မမြင်ချင်ပါဘူး၊ အထူးသဖြင့် သဘာဝ အတိုင်းဆို ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ်နဲ့ နေတတ်တဲ့ အကောင်မျိုးတွေ မစို့မပို့ နေရာလေးတွေမှာ ကျဉ်းကျပ်နေတာ မြင်ရတိုင်း စိတ်မကောင်းပါဘူး၊ ဒါကလည်း အရွယ်ရောက်လာပြီးမှ ဖြစ်လာတဲ့ ယေဘုယျ အမြင်ပါ၊ ကလေးဘဝတုန်းကတော့ တိရိစ္ဆာန်ရုံဟာ ပျော်စရာပဲပေါ့၊ ဒါပေမယ့် တဖက်က ပြန်ကြည့်တော့လည်း လူတွေ စီမံဖန်တီးထားတဲ့ ဝန်းကျင်မှာ တိရိစ္ဆာန်တွေ ပိုပြီးအသက်ရှည်တာ သိရလို့ စိတ်သက်သာရာ ရနိုင်တာပါပဲ၊ အထူးသဖြင့် ရှားပါးမျိုးစိတ်တွေ ဆိုရင် အခုလို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးမတုံးအောင် ကာကွယ်ထားတာဟာ လုပ်သင့်တဲ့ လုပ်ရပ်ပါပဲ၊ အကောင်းဆုံးကတော့ တိရိစ္ဆာန်တွေကို သူ့သဘာဝအတိုင်း လွှတ်ထားပြီး လူက အဝေးကနေ စောင့်ရှောက်၊ မှတ်တမ်း တင်ကြတဲ့ ဆာဖာရီလိုမျိုး အနေအထားပါ၊ ဒါပေမယ့် ဒီလိုလုပ်ဖို့က ပြုပြင်ထိန်းသိမ်းခ၊ နေရာ အကျယ်အဝန်းအပြင် တခြား ကြီးမားတဲ့ အကန့်အသတ်တွေလည်း အများကြီးမို့ သိပ်တော့ မလွယ်ပါဘူး၊
တိရိစ္ဆာန်ရုံမှာ ကျနော် ဓါတ်ပုံတွေ အများကြီး မရိုက်ဖြစ်ပါဘူး၊ အပေါ်မှာ ရေးထားသလို အပြည့်အဝ သက်သောင့်သက်သာ မရှိတဲ့ စိတ်အခြေခံနဲ့ မို့လား မသိပါဘူး၊ ကင်မရာကို မျက်နှာရှေ့ ဆွဲကပ်လိုက်ဖို့ လက်တွေက လေးနေခဲ့တယ်၊ အဲဒီလို အခြေအနေမှာ ဒီမြင်းကျား တစ်ကောင်က ကျနော့်အရှေ့မှာ အကြာကြီး မြက်လာစားတယ်၊ မြင်းကျားရဲ့ ကိုယ်ပေါ်က အစင်းတွေက ကျနော့်ကို ဖမ်းစားလိုက်တယ်၊ မြင်းကျားတွေရဲ့ ကိုယ်ခန္ဓာပေါ်က အဖြူနဲ့ အနက်စင်းတွေက လူတွေရဲ့ လက်ဗွေရာ လိုပါပဲ၊ တစ်ကောင်စီမှာ သီးသန့်ဒီဇိုင်း တစ်ခုစီ ရှိကြ ပြီးတော့ တစ်ကောင်နဲ့ တစ်ကောင်ဟာလည်း မတူကြပါဘူး၊ ရာဇဝတ်မှု ကျူးလွန်တဲ့ မြင်းကျားသာ ရှိခဲ့ရင်တော့ ဥပဒေ ဘက်တော်သား မြင်းကျားရဲတွေဟာ ဒီအစင်းကျား တွေကို အခြေခံပြီး အမှုကို စုံစမ်းဖော်ထုတ်ကြမှာ အသေအချာပါ၊း) ကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနေတဲ့ မေးခွန်းလေး တစ်ခုရှိပါတယ်၊ အားလုံးလည်း မေးဖူးကြ မှာပါ၊ အဲဒါက မြင်းကျားဟာ အဖြူပေါ်မှာ အနက်စင်းလား? အနက် ပေါ်မှာ အဖြူစင်းလား? ဆိုတာပါ၊ အရင်တုန်းကတော့ လူတော်တော်များများက မြင်းကျားရဲ့ အောက်ခံအရောင်ဟာ အဖြူဖြစ်ပြီးတော့ အဲဒီ အပေါ်မှာ အနက်စင်းတွေ ရှိနေတာလို့ ထင်ခဲ့ကြပါတယ်၊ တချို့မြင်းကျားတွေရဲ့ ဝမ်းဗိုက်က အဖြူရောင်သက်သက်ပဲ ရှိနေတာကိုး၊ ဒါပေမယ့် မျိုးရိုးဗီဇကို လေ့လာကြတဲ့ အခါမှာတော့ မြင်းကျားရဲ့ အရောင်ဒီဇိုင်း pattern ဖွဲ့စည်းပုံဟာ သန္ဓေသား ဘဝမှာ ကတည်းက စ,တယ်လို့ သိလာကြတယ်၊ သန္ဓေသား ဘဝရဲ့ pigment activation ဆိုတဲ့ အဆင့်မှာ စပြီး ဖြစ်ပေါ်တဲ့ မူလအရောင်က အနက်ရောင်ပါ၊ အဲဒီမှာ မြင်ကျားရဲ့ ဗီဇက selective pigmentation ဖြစ်လို့ အနက်ရောင် ကျန်ခဲ့တဲ့ နေရာတွေဟာ အဖြူအစင်းကျားတွေ ဖြစ်လာခဲ့တာပါ၊
မြင်းကျားဟာ သူနဲ့ တမိသားစုထဲ ဖြစ်တဲ့ မြင်းလောက် မမြန်ပေမယ့် ခံနိုင်ရည် အလွန်ရှိတယ်၊ အဲဒါကြောင့် မြင်းကျားတွေကို မြင်းတွေလိုပဲ အိမ်မွေးတိရိစ္ဆာန် လုပ်ဖို့ လူတွေက အမျိုးမျိုး ကြိုးစားခဲ့ကြဖူး ပါတယ်၊ ဒါပေမယ့် မြင်းကျားတွေဟာ မြင်းတွေလို စိတ်မတည်ငြိမ်တဲ့ အပြင် stress များလာရင်လည်း အကြောက်လွန်ပြီး လုပ်ချင်ရာ လုပ်တတ်လို့ ကိုင်တွယ်ရ ခက်ခဲပါတယ်၊ ဒါရိုက်တာတစ်ယောက် (Steven Spielberg လို့ထင်တာပဲ) က သူ့ရဲ့ ဇတ်ဝင်ခန်းတစ်ခု အတွက် မြင်းကျားကို သင်ပေးဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ သင်မရလို့ နောက်ဆုံးမှာ မြင်းအဖြူကိုပဲ ဆေးအနက်ကြား မှုတ်ပြီး သုံးလိုက်ရတယ်လို့ တခါတုန်းက ဖတ်ဖူးတယ်၊ အရိုင်းဆန်တဲ့ မြင်းကျားကို သင်လို့မရပေမယ့် မြို့ပြရဲ့ ကားတွေ တဝီဝီကြားက zebra crossing လို့ခေါ်တဲ့ မျဉ်းကျား ပေါ်မှာတော့ ကျနော်တို့ ကြိုက်သလောက် ကူးလူး၊ ဖြတ်သန်းလို့ ရသားပဲ မဟုတ်လား...၊
ဒီဟာကတော့ အဲဒီမှာ ရိုက်ဖြစ်တဲ့ ရှားရှားပါးပါး နောက်တစ်ပုံပါပဲ၊ ဒီကမ္ဘာလိပ်တွေရဲ့ မူလဇာတိက ပစိဖိတ် သမုဒ္ဒရာထဲက ဂါလာပါးဂေါ့စ် (Galàpagos) ကျွန်းစုတွေက ဖြစ်ပါတယ်၊ အရွယ်ရောက်ပြီးတဲ့ တချို့အကောင်တွေဆို ကီလို ၄၀၀ ကျော် (ပေါင် ၈၈၀ ခန့်) အထိ ရှိနိုင် ပြီးတော့ အသက်အားဖြင့်လည်း နှစ်ပေါင်း ၁၀၀-၁၅၀ လောက်အထိ ရှည်ကြတယ်၊ ကမ္ဘာ့အကြီးဆုံး လိပ်မျိုးနွယ် ပါပဲ၊ သူတို့ဇာတိ သဲသောင်ပုံစံမျိုးဖြစ်အောင် သဲမွမွ ခင်းပေးထားပါတယ်၊ ကျနော် အတော်ကြာကြာ ရပ်ကြည့်ဖြစ်တဲ့ အချိန်အတွင်းမှာလည်း ထုံးစံအတိုင်း နှေးတိနှေးကွေး ပါပဲ၊ လိပ်တွေကို ကြည့်ရတာ တမျိုးတော့ ကောင်းပါတယ်၊ ကိုယ်ပါ သူတို့နဲ့ ရောယောင်ပြီး ငုတ်တုတ်မေ့သွားလို့ အင်မတန် stress နည်းတယ်..၊း)
တိရိစ္ဆာန်ရုံကနေ ပြန်ထွက်လာတော့ မွန်းလွဲစ, ပြုပြီ၊ အိမ်ရှင် လင်မယားက သူတို့ဝယ်လိုက်တဲ့ အိမ်ကို လိုက်ပြချင်တာနဲ့ Darmstadt မြို့စွန်မှာ ရှိတဲ့ အပေါ်ဓါတ်ပုံထဲက ရွာလေးတစ်ခုဆီကို ကျနော်တို့ လာခဲ့ကြတယ်၊ အိမ်က ရှေးဟောင်းအိမ်ဆိုတော့ အတော်လေး ဟောင်းနွမ်း၊ ယိုယွင်းနေပါပြီ၊ ဓါတ်ပုံထဲက အနီရောင် ထုပ်တန်းတွေနဲ့ အိမ်ပါပဲ၊ အဲဒီတစ်အိမ်လုံးကို သူတို့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ပြန်ဆောက်ကြမယ် ဆိုပဲ၊ တိုင်သက်သက်လောက်ပဲ ချန်ထားပြီး အခင်း၊ အကာ၊ အမိုး အားလုံးကို တဖြည်းဖြည်းချင်း ပြန်ဆောက်သွားမယ်လို့ ကျနော်တို့ကို ရှင်း ပြတယ်၊ အိမ်ဒီဇိုင်းကတော့ ပြင်သစ်အနောက်ဖက်၊ နော်မန်ဒီ ကမ်းခြေဖက်တွေမှာ အတွေ့ရများတဲ့ အိမ်တွေနဲ့ ဆင်ပါတယ်၊ နံရံမှာ အလျားလိုက်၊ ဒေါင်လိုက်၊ ကန့်လန့်ဖြတ် ထုပ်တန်းတွေကို တမင်ဖော်ထားတဲ့ ပုံစံပါ၊ ရွာကလေး ကိုယ်၌ကတော့ အီတလီတောင်ပိုင်းက ရွာ လေးတွေနဲ့ နည်းနည်းဆင်တယ်၊ အထူးသဖြင့် ကားနှစ်စင်း လွတ်တယ်ဆိုရုံ ရှောင်နိုင်တဲ့ လမ်းကျဉ်းကလေးတွေပါ၊
အဲဒီအိမ်ကို ကြည့်ပြီး ရွာလယ်ဖက်ကို လျှောက်ခဲ့ကြတယ်၊ ရွာထဲမှာ ပွဲလုပ်နေတာ ကြုံပါတယ်၊ တိမ်ညို၊ တိမ်မည်းတွေ အုံ့ဆိုင်းပြီး ပုံမှန်ထက် ပိုအေးနေတဲ့ ရာသီဥတုအောက်မှာ ရွာသားတွေက ရှေးရိုးရာ ဝတ်စုံတွေနဲ့ အကမပျက်ပါဘူး၊ ဖိနပ်တွေကို ကြည့်,ကြည့်ပါဦး၊ သစ်သားတုံးကို ထွင်းထားတဲ့ ရှေးခေတ် ခုံဖိနပ်တွေနဲ့ပါ၊ ကျနော်ရပ်နေတဲ့ နောက်ဖက် ခပ်လှမ်းလှမ်းမှာ ရိုးရာဂီတ တမျိုးကို ဆောင်းဘောက်စ်တွေနဲ့ ဖွင့်ထားပြီး ခပ်ပျော်ပျော်ပဲ ကနေကြတယ်၊ ကောက်ရိတ်သိမ်း အကတမျိုးလို့ ထင်ရတာပဲ၊ ကြည့်နေတဲ့ လူကလည်း ဘယ်လောက်မှ မရှိ ပါဘူး၊ ကိုယ့်ရွာသား အချင်းချင်းပဲ သိုင်းကြ၊ ဝိုင်းကြတဲ့ပုံ...၊ မြန်မာပြည် ကျေးလက်တွေက တောအလှူတွေကို ကျနော် ဖြတ်ကနဲ စိတ်ရောက် သွားမိသေးတယ်၊
ချစ်စရာ ဒီစာခြောက်ရုပ်လေးကြောင့် ကောက်ရိတ်သိမ်းပွဲလို့ ကျနော် ယူဆလိုက်တာပါ၊ လမ်းပေါ်မှာ ကောက်ရိုးထုံးတွေ အပြင် ရွှေဖရုံ သီးတွေ၊ ပြောင်းဖူးတွေ၊ ပန်းသီးတွေကိုလည်း အလှဆင်ထားတာကိုး..၊ စာခြောက်ရုပ်ရဲ့ နောက်ခံ အနီက ကုန်တင်ကား နံရံပါ၊ ရေပိုက်ခေါင်းတွေ၊ လယ်ယာသုံး မော်တာတွေ၊ ရေစုပ်စက်တွေ လာရောင်းတဲ့ ကား ဖြစ်ပါတယ်၊ ခပ်လှမ်းလှမ်းမှာတော့ ခြံထွက် အသီးအနှံတွေ ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ 'ပျားရည်စစ်စစ်တွေ ရပြီ' လို့ ဆိုင်းဘုတ်ရေးထားတဲ့ ဆိုင်လေးတစ်ဆိုင်ကို တွေ့မိတယ်၊ အညာကျေးလက်က တောဘုရားပွဲတွေမှာ လယ်ယာလုပ်ငန်းခွင်သုံး ပစ္စည်းတွေ လာရောင်းကြတဲ့ မြင်ကွင်းကို အမှတ်ရမိတယ်..၊
ရွာကလေးက ပြန်ထွက်လာတော့ မိတ်ဆွေလင်မယားက သူတို့ရဲ့ စိုက်ပျိုးရေးခြံကို ခေါ်သွားတယ်၊ အပေါ် ဓါတ်ပုံထဲက စိုက်ခင်းပါပဲ၊ သူတို့ လက်ရှိနေ,နေတာက တိုက်ခန်းမှာဆိုတော့ အခုလို စိုက်ပျိုးဖို့အတွက် မြေကွက်ငှား ရပါတယ်၊ မီတာ ၁၈၀ ပတ်လည်ကို တစ်နှစ်စာ ယူရို ၁၂၀ ပေးရတယ်၊ အဲဒီမြေတွေကို လယ်သမားတစ်ယောက်က ပိုင်ပါတယ်၊ သူက ဒီမှာ ဘာမှမစိုက်မယ့် အတူတူ စိုက်ချင်ပျိုးချင်တဲ့ လူတွေကို အခုလို ပြန်ငှားတယ်၊ ရေလောင်းဖို့ အတွက်လည်း ရေတိုင်ကီပုံးတွေ ချထားပေးတာ တွေ့ရတယ်၊
ကျနော်တို့ လာတဲ့ ရည်ရွယ်ချက်က စိုက်ခင်းကြည့်ဖို့အပြင် မုန်လာဥလည်း နှုတ်ဖို့ဆိုတော့ မုန်လာဥနီတွေ နှုတ်ကြတယ်၊ သားမှာ မုန်လာဥနှုတ်တမ်း ကစားနည်းတစ်ခု ရှိတယ်၊ သစ်သားပြားပေါ်မှာ အပေါက်လေးတွေ ဖောက်ထားပြီးတော့ သစ်သားမုန်လာဥလေးတွေ ထည့်ထားတယ်၊ အံစာတုံးကိုခေါက်၊ ကျတဲ့ နံပါတ်အလိုက် မုန်လာဥတွေ ဖော်ရတဲ့ ကစားနည်းပါ၊ အခုသူက လက်တွေ့မုန်လာဥ နှုတ်ရတော့ အတော်လေးပျော်ပြီး စိတ်ရှိလက်ရှိ လိုက်ဆွဲနှုတ်နေလို့ မုန်လာပင်လေးတွေပဲ ပြတ်ပါလာပြီး မုန်လာဥက မြေကြီးထဲမှာ ကျန်ခဲ့တယ်..၊
သူတို့အားလုံး မုန်လာဥတွေ နှုတ်နေချိန်မှာ ကျနော်ကတော့ မြို့ကြီးသား လုပ်နေတယ်၊ လက်ကို မြေကြီးပေမှာ စိုးလို့ ဝင်မနှုတ်ပါဘူး၊း) အမှန်တော့ မြေကြီးကိုင်လိုက်၊ ကင်မရာ ပြန်ကိုင်လိုက် လုပ်ဖို့ အဆင်မပြေလို့ပါ၊ ဒါနဲ့ အနီးတဝိုက်မှာ ဓါတ်ပုံ လျှောက်ရိုက်နေလိုက်တယ်၊ အပေါ်က ပုံထဲက ဖရုံသီးတွေလို အသီးအနှံတွေ လိုက်ရှာရင်းပေါ့၊
မုန်လာဥပြီးတော့ တခါ အာလူး ဆက်လာပြန်တယ်၊ သူက မူလအစီအစဉ်ထဲမှာ မပါဘူး၊ ဟိုရောက်မှ အာလူးတွေလည်း ဖော်သင့်နေပြီဆိုပြီး တပါတည်း တူးကြပြန်ရော..၊ ဒီတခါ ပေါက်တူး၊ ငန်းပြား စတာတွေနဲ့ ဖော်လို့ သားကလည်း ပိုတောင် ပျော်နေသေးတယ်၊ သူ့ကိုယ်သူ တောင်သူဦးကြီး တစ်ယောက်လို့ မှတ်နေပုံပါပဲ၊ ဒါပေမယ့် ပေါက်တူးကို ခပ်ဆွဆွ ပေါက်ရမယ့်အစား အပျော်လွန်ပြီး အားနဲ့ပေါက်လို့ သူ့အာလူးတွေက ထက်ပိုင်းပြတ်တွေ ဖြစ်ကုန်ရော..၊ ဘာပဲဖြစ်ဖြစ် အာလူးဆိုတာ အပင်ပေါ်မှာ သီးတာမဟုတ်ဘူးလို့ ၄ နှစ်သားမှာ သူသိသွားရင် တော်လောက်ပါပြီ၊း)
အိမ်ပြန်ရောက်တော့ ညစာကို အိမ်ရှင်က အဲဒီစိုက်ခင်းထဲက ခူးလာတဲ့ အာလူး၊ ဂေါ်ဖီ၊ ပိန်း၊ စတာတွေ ရောပြီး ဟင်းချိုပျစ်ပျစ် လုပ်ကျွေးတယ်၊ ဆလပ်ရွက်တွေကိုတော့ အသုပ်,သုပ်လိုက်တယ်၊ အဲဒီရက်က စက်တင်ဘာလရဲ့ အဆိုးဆုံး ရာသီဥတုလို့ ပြောရ လောက်အောင် မှုန်မှိုင်းပြီး အတော်လည်း အေးတော့ လတ်လတ်ဆတ်ဆတ် ခြံထွက် ဟင်းချိုဟာ စားပွဲပေါ်မှာ 'မောင်ကျန် တတို့' ဆိုပြီး ပွဲ အတောင်းခံရဆုံး ပါပဲ....။ ။
(ဆက်ပါဦးမယ်)
ညီလင်းသစ်
၅ အောက်တိုဘာ၊ ၂၀၁၁

















