30 September 2008

ကျနော်နှင့် ထိုနေ့လယ်ခင်းများ



၁၉၉၂ မှာ ကျနော် ၁၀ တန်းအောင်တော့ အစပိုင်းကာလတွေမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ ယောင်ချာချာနဲ့...၊ အဲဒီကာလတွေမှာ တက္ကသိုလ်တက်မယ့် ကျောင်းသားတွေက တောင်လိုပုံလို့၊ စုံစမ်းကြည့်တော့ ကျနော်လည်း နောက် ၂ နှစ်လောက်ကြာမှ တက်ရမယ်လို့ သိရတယ်၊ ဒါနဲ့ ဟို သင်တန်းတက်ရနိုးနိုး ဒီသင်တန်းတက်ရနိုးနိုး ဟိုအလုပ်ဝင်လုပ်ရနိုးနိုး ဒီအလုပ်ဝင်လုပ်ရနိုးနိုးနဲ့ ဖြစ်နေတုန်း ကျနော်တို့ သူငယ်ချင်းတွေ စုပြီးဖွင့်တဲ့ ဗီဒီယိုအခွေအငှားဆိုင်လေးမှာ ထိုင်ဖို့ဖြစ်လာခဲ့ တော့တယ်၊

ဆိုင်ကိုအတူရှယ်ယာထည့် ဖွင့်တဲ့သူငယ်ချင်းအားလုံး နီးပါးက နေ့လည်ဆို အလုပ်လုပ်တဲ့ကောင်နဲ့ သင်တန်းတက်တဲ့ကောင်နဲ့ ဘယ်သူမှ မအားကြဘူး၊ လောလောဆယ် အားနေတာက ကျနော်ဆို တော့ နေ့ပိုင်းဆိုင်ထိုင်ဖို့ ကျနော်ပဲ တာဝန်ယူလိုက်တယ်၊ အဲဒီကာလတွေတုန်းက ကျနော်ကဆံပင် ကိုအရှည်ထားပြီး ကိုယ့်ကိုယ်ကို တေးရေးဆရာတဝက်၊ ကဗျာဆရာတဝက် ရောထားတဲ့ကောင် လို့ စိတ်ကြီးဝင်နေချိန်ပေါ့...၊ ဆံပင်ရှည်ကလည်း ကျောင်းတုန်းကတည်းက ထားချင်နေတာ၊ ဒါပေ မယ့် အိမ်ကရော ကျောင်းကပါ တားမြစ်ထားတာနဲ့ မြိုသိပ် စောင့်စားနေ ခဲ့ရတာ၊ ဆယ်တန်း အောင်စာရင်းလည်းထွက်ရော ဘာပြောကောင်းမလဲ၊ အဲဒီနေ့က ဆံပင်ဒီမိုကရေစီ ရတဲ့နေ့ ဖြစ် သွားရော... ...၊

ဗီဒီယိုအခွေဆိုင်က နေ့ခင်းပိုင်းဆိုရင် ဘယ်သူမှ လာမငှားဘူး၊ ဒီတော့ အထက်မှာ ပြောခဲ့တဲ့ကဗျာ ဆရာနဲ့တေးရေးဆရာကို 50း50 ရောထားတဲ့ ဆံရှည်ကိုယ်တော်ကအကြိုက်ပေါ့၊ ဂစ်တာတစ်လက် ရယ်၊ ဘောပင်တစ်ချောင်းရယ်၊ စာရွက်တစ်ထပ်ရယ်နဲ့ သူ့နေ့လယ်ခင်းတွေကို ပူပူလောင်လောင်ပဲ မျိုချလေ့ ရှိတယ်၊ တခါတလေ သီချင်းလေး တပိုင်းတစ၊ တခါတလေ ကဗျာလေး တပိုဒ်နှစ်ပိုဒ်နဲ့ အဲဒီလို ကျနော်တစ်ယောက်တည်း မွေ့လျော်တဲ့ နေ့လယ်ခင်းတွေကို မျက်စိကျတဲ့ သူတစ်ယောက် ပေါ်လာတယ်၊ ဇော်မင်း…..၊

ဇော်မင်းက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်၊ သူက ဆယ်တန်းကို ကျနော်နဲ့ အတူတူအောင်ပြီး တခါတည်း အဝေးသင် တန်းတက်လိုက်တယ်၊ ပြီးတော့ တဖက်ကလည်း ဟို တယ်ကြီး တစ်ခုမှာ အလုပ်ဝင်လုပ်တယ်၊ ပြောရရင် ဇော်မင်းက တော်တော်ဖြောင့်တယ်၊ အသား ဖြူဖြူ နှာတံပေါ်ပေါ် မျက်လုံးတောက်တောက်နဲ့...၊ ကောင်မလေးတွေ သဘောကျနိုင်တဲ့ ရုပ်ရည် ပိုင်ရှင်ဆိုပါတော့၊ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒါနဲ့ ပြောင်းပြန် ဇော်မင်းက ချစ်သူတစ်ယောက် မှ မရှိရှာဘူး၊ သူ့ဖက်က တဖက်သတ် လိုက်ကြိုက်တဲ့ ကောင်မလေးတွေ တော်တော်များများတော့ ရှိပါတယ်၊ ခက်တာက သူက ချိန်လိုက်တာနဲ့ တဖက်က တခြားတစ်ယောက်နောက်ကို ပါသွားတာ များတယ်၊

သူငယ်ချင်းတွေက သူ့ကို ‘ မင်းက ရူပါပဲ ရှိတာ၊ ဗျူဟာမှ မရှိဘဲကွ ’ လို့စ,လေ့ ရှိပါတယ်၊ အဲဒီအခါ ဇော်မင်းက ‘ ငါကိုယ်နှိုက်က အချစ်ကံခေလွန်းတဲ့ အသည်းကွဲ သမားကြီးပါကွာ ’ လို့ ပြန်ချေပလေ့ ရှိတယ်၊ ဒါပေမယ့် ပျော်ပျော်ပါပဲ၊ တကယ်ကတော့ သူကဒီလောက်ကြီးလည်း အလေးအနက် မဟုတ် ပါဘူး၊ လူငယ် ဘာသာဘာဝ ပါးပါးလေး ဖြတ်သန်းရုံ သက်သက်ပါ၊ တခါမှာတော့ ဇော်မင်း ကို ကျနော် ကဗျာတိုလေးတစ်ပုဒ် ရေးပေးဖူးတယ်၊ ကောင်မလေး တစ်ယောက်ကို ပေးချင်တယ် ဆိုလို့၊ တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကောင်မလေးနဲ့လည်းတွေ့ရော သူကြောက်ပြီး မပေးရဲ တော့ဘူး၊ ကျနော်တို့က ဒီအကြောင်းကိုကြားပြီး ရယ်တော့ သူက ‘ ငါ ပေးမှာပါကွ မင်းတို့က လည်း၊ ငါက အချိန်ယူနေ တာ၊ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တဲ့သဘော ပေါ့ကွာ ’ လို့ပြော တယ်၊ ဒါပေမယ့် ကျနော့် စိတ်ထင် သူ့ဆင်က ချောက်ကမ်းပါးစွန်းမှာ နောက်လှည့် ရပ်နေခဲ့ပုံရ တယ်၊ အဲဒီတစ်လှမ်း ဆုတ်ပြီး ကတည်းက လုံးဝမမြင်ရတော့ဘူး၊

အဲဒီ ဇော်မင်းက နေ့လယ်နေ့ခင်းတွေမှာ ကျနော်သီချင်းတွေ၊ ကဗျာတွေ လက်တည့်စမ်းနေတာကို အကွက်ကောင်း တွေ့သွားတယ်၊ သူက ကျနော့်ကဗျာတွေကို သူကြိုက်ကြောင်း၊ သီချင်းတွေဟာ လည်းသံစဉ်ဟာ နားမှာချက်ချင်း စွဲသွားစေကြောင်း စသဖြင့်ကျနော့်ကို မြှောက်ပေးတယ်၊ ပြီးတော့ မှ သူတွေ့လာတဲ့ ကောင်မလေးတွေကို ပေးဖို့ ဟိုဟာရေးခိုင်း၊ ဒီဟာရေးခိုင်း လုပ်တယ်၊ ကျနော်က လည်း သူပြောတာတွေ မဟုတ်မှန်းသိသိကြီးနဲ့ သဘောတွေကျလို့...၊ သူတောင်းဆိုလာရင် လက် တည့်စမ်းဖို့ အသင့်၊ ကျနော့်မှာ နေ့လယ်ခင်းတွေ လုံလုံလောက်လောက် ရှိတယ်လေ၊ တခါကျ တော့ သူ့အလုပ်က ကောင်မလေးအကြောင်း ကျနော့်ကို ပြောပြပြီး သီချင်းတစ်ပုဒ် ရေးခိုင်းပြန် တယ်၊ အဲဒီကောင်မလေးကို သူဆိုပြချင်လို့ ပါပေါ့လေ၊ အလုပ်မှာ ဂစ်တာမရှိဘာမရှိနဲ့ သူဘယ်လို ဆိုမလဲ တော့မသိဘူး၊ ဖြစ်ချင်တော့ အဲဒီတခေါက်မှာ ကျနော်ကလည်း မုဒ်မဝင်တော့ တော်တော်နဲ့ သီချင်းမပြီးနိုင်ဘူး၊ နောက်ဆုံး မနည်းကို ကြိုးစားပြီး ရေးလိုက်ရတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း ကျနော်တို့ရဲ့ ဇော်မင်းက အဖျားရှူးသွား တာပါပဲ၊

တစ်ရက်မှာတော့ သူက ဆိုပြန်တယ်၊ သူတို့ ရုံးနားမှာ ကောင်မလေးတစ်ယောက်ကို သူတွေ့ပြန်ပြီ တဲ့၊ ကောင်မလေးက ပါဂျဲရိုး အမြဲစီးတယ်တဲ့၊ အဲဒီခေတ်တုန်းက အခုလို ပရာဒိုတို့၊ လင်န်းခရုဆာ တို့ သိပ်မရှိသေးဘူး၊ ပါဂျဲရိုးတွေ ခေတ်စားနေချိန်ပေါ့၊ အဲဒီ ပါဂျဲရိုးပေါ်က ကောင်မလေးကိုသူတော် တော်ကြွေနေပြီ ဆိုတဲ့အကြောင်း၊ ဒီတခါတော့ တကယ်အတည်ဖြစ်ကြောင်း၊ သူ့မှာ သတ္တိတွေရှိနေ ပြီဖြစ်လို့ ကဗျာလေးတစ်ပုဒ်တော့ ပေးချင်ကြောင်း စသဖြင့် ဖွဲ့ကာနွဲ့ကာနဲ့ ပြောပြီး ဇော်မင်းက ကျ နော့်ကို ကဗျာတောင်းပြန်ရော၊ အရင့်အရင် အခေါက်တွေတုန်းကလည်း ဒီလိုပဲပြောပြီး နောက်ဆုံး မှာဘာမှ ဖြစ်မလာတာ ကျနော်တို့ သူငယ်ချင်းအားလုံး အသိပါ၊ ဒါပေမယ့် ဇော်မင်းကိုကျနော်လုံးဝ စိတ်မဆိုးပါဘူး၊ သူမပေးတာက သူ့အပိုင်း၊ သူ့နှလုံးသား ကိစ္စ၊ ကျနော် မထိခိုက်ပါဘူး၊ ကျနော့်အ တွက်က ကဗျာတွေသီချင်းတွေ အဖတ်တင်လို့ ပိုတောင်ကောင်းသေးတယ်၊

ဒါနဲ့ ကဗျာရေးပေးမယ်လို့ သူ့ကိုကျနော် ကတိပေးလိုက်တယ်၊ ဒီတခါတော့ ကျနော် ဇော်မင်းကို နောက်ချင်နေမိတယ်၊ သူ့ကို ကတိပေးထားတဲ့ အတိုင်းလည်း ကဗျာပေးရအောင်၊ ဒီအဖြစ်အပျက် လေးကိုလည်း အမှတ်တရဖြစ်သွားအောင်၊ သူ့ကိုလည်း နောက်ရအောင် ရည်ရွယ်ပြီးကျနော်ကဗျာ တစ်ပုဒ် ချရေးလိုက်တယ်၊ ဒီကဗျာကိုလည်း ထင်တဲ့အတိုင်း သူမပေးဖြစ်ပါဘူး၊ ဒါပေမယ့်ကျနော် တို့ကြားမှာတော့ အမှတ်တရလေး တစ်ခုဖြစ်ခဲ့တယ်၊ အဲဒီတုန်းကနေ့လယ်ခင်းတွေကို အခုပြန် တွေးတော့ လွမ်းမိပြန်တယ်၊ တကယ်ပါပဲ…၊ ပူစပ်ပူလောင် နေ့လယ်ခင်းတွေကို တဝတပြဲ မျိုမျိုချ ပြီး လတ်ဆတ်စိမ်းစိုတဲ့ ပေါ့ပါးပျော်ရွှင်မှုတွေ ပြန်ပြန်အန်ထုတ်ခွင့် ရခဲ့တဲ့ကာလတွေပါပဲ ။ ။


ပါဂျဲရိုးစီးတဲ့ကဗျာ

နောက်ဆုံးပေါ် အဆင်အသွေးနဲ့
ယဉ်ကျေးနေတဲ့ကားထဲမှာ
နင့်ကို တွေ့ပြီးကတည်းက
ငါ့ နှလုံးသား
ရုံးမသွားဘဲ အိုဗာတိုင်ဆင်းခဲ့ရပြီ၊

ပါဂျဲရိုးနဲ့ ငါ
ဘယ်လိုမှ မနီးစပ်တော့လည်း
နင်စီးတဲ့ ပါဂျဲရိုး
တိုးဝှေ့နေတဲ့ ဘတ်စ်ကားထဲကငေး
အဝေးရောက်တဲ့ အထိပေါ့၊

ပါဂျဲရိုးရဲ့ပြတင်း
လတစ်စင်းသာချိန်ကို
ဖူးတွေ့ချင်လို့
မူးမေ့မှာတောင် မကြောက်ဘဲ
အရူးဓလေ့လို
ပြေးလိုက်ဖူးပါရဲ့
ဒါပေမယ့် ဂီယာဆစ်များပြောင်း
အားကောင်းလှတဲ့ ပါဂျဲရိုး
“ နိုး နိုး နိုး ” တဲ့
သရော်သွားလေရဲ့၊

တကယ်တော့
နင်သာ ငါ့ဘေးရောက်ခဲ့ရင်
ပါဂျဲရိုးပေါ်က ချစ်သူ
‘ ၄၅ ’ အလယ်ခုံမှာ
ငယ်ဂုဏ်ညှိုးနေတာ
မမြင်ရက်ပါဘူး
ဒါပေမယ့်
ယှဉ်တွဲကာ အတူရပ်
ကားကျပ်တဲ့အရသာ
ဘဝမှာ ခံစားချင်စိတ်ကလည်း
ဖိမရ
ကဲ...
ဒွိဟတွေနဲ့
မရှင်းတတ်တော့လို့
မိုက်ဇတ်ရိုက်တဲ့ ဒါရိုက်တာ
ပါဂျဲရိုးနဲ့သာ
တိုက်သတ်လိုက်ပါတော့ကွယ်။


ညီလင်းသစ်
၃၀ စက်တင်ဘာ၊ ၂၀၀၈

25 September 2008

အသိအမှတ်ပြုမှု



ဒီနေ့ သတင်းစာကို ဟိုဟိုဒီဒီ လျှောက်လှန်နေရင်းနဲ့ သတင်းတိုလေးတစ်ပုဒ် ကိုအမှတ်မထင်မြင် လိုက်တယ်၊ ကော်လံ ၂ ကော်လံစာနဲ့ စာကြောင်းရေ ၇ ကြောင်းလောက်ပဲ ရှိတဲ့အဲဒီသတင်းလေး ကဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဗုံးထောင်ထားတယ်လို့ သတင်းအမှားကို ပေးတဲ့အ တွက် လူတစ်ယောက် အရေးယူခံရ တဲ့သတင်းပါ၊

ဖြစ်တာက မနေ့က၊ ဇူးရစ်ခ်(Zurich) မြို့မှာ...၊ အသက် ၅၉ နှစ်အရွယ် လူတစ်ယောက်က ကုန် တိုက်ကြီး တစ်ခုအတွင်းမှာ ဗုံးရှိပါတယ် ဆိုပြီး ရဲဌာနကို အကြောင်းကြားသတဲ့၊ ဒီတော့ ရဲက လည်းထိတ်ထိတ် ပြာပြာနဲ့ ကုန်တိုက်ထဲမှာ ရာနဲ့ချီပြီး ရှိနေတဲ့ လူတွေကို ဘေးကင်းရာကို ထွက်ခိုင်းတယ်၊ ပြီးတော့မှ သူတို့ရထားတဲ့ သတင်းဟာ သတင်းအမှားဆိုတာ သိသွားတော့ အဲဒီ သတင်းပေးတဲ့ အမျိုးသားကို အရေးယူဖို့ ပြင်တယ်၊ အများပြည်သူ ထိတ်လန့်စေမှု ပေါ့လေ၊ ဇတ်လမ်းက ဒါပါပဲ၊ ဒါဖြင့် အဲဒီလူက ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလို လုပ်ကြံဖန်တီးထားတဲ့ သတင်းကို ပေးရတာလဲ၊ သူ့အဖြေက ရှင်းရှင်းလေးပါပဲ၊ အဲဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ပြီး သူဟာမွေး နေ့နှုတ်ခွန်းဆက်စကား တွေကို စောင့်နေခဲ့ပါတယ်-တဲ့၊ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းစွာနဲ့ပဲ ဘယ် သူတဦး တစ်ယောက်ကမှ သူ့မွေးနေ့ကို သတိမရကြဘူး၊ ဒါနဲ့ စိတ်ပျက်ကြေကွဲ မှုတွေရဲ့အဆုံး သူ ဟာအခုလို သတင်းမှားကို ထုတ်လွှင့်လိုက်တယ်၊ ဒီနည်းအားဖြင့် ဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ကြောင်း၊ သူဟာ သက်ရှိထင်ရှား ရှိနေတဲ့ မွေးနေ့ရှင်တဦး ဖြစ်ကြောင်း လူတွေသိစေဖို့ ရည်ရွယ်ပါတယ်-တဲ့၊

‘ အသိအမှတ်ပြုမှု ’...၊ ဒီစကားလုံးလေးဟာ တိုတောင်းကျစ်လစ် လှပေမယ့် သူပါဝင်ပတ်သက်နေ တဲ့နယ်ပယ်ကဏ္ဍကတော့ ကျယ်ပြောလွန်းလှတယ်၊ အသိအမှတ်ပြုမှုဟာ ကျနော်တို့ရဲ့ လူနေမှု ဘဝတွေထဲမှာ အရေးပါလှတဲ့ အမူအကျင့်တရပ် ဖြစ်ပါတယ်၊ လူဟာ အထီးတည်းနေတဲ့ သတ္တဝါ မဟုတ်တဲ့အတွက် တဦးနဲ့တဦး အပြန်အလှန် အသိအမှတ်ပြုမှုဟာ အရေး ကြီးတယ်၊ လူမှု ဆက်ဆံရေး နယ်ပယ်မှာ ဖြစ်စေ၊ နိုင်ငံရေးနယ်ပယ်မှာ ဖြစ်စေ၊ စီးပွားရေးနယ်ပယ်မှာ ဖြစ်စေ ဒီ အသိအမှတ်ပြုမှုဟာ အောင်မြင်ရေး လမ်းစရဲ့ ပထမဦးဆုံးသော တခါးပေါက်လည်း ဖြစ်ပါတယ်၊ တကယ်တော့ အသိအမှတ်ပြုမှု ဆိုတဲ့စကားစုရဲ့ နောက်ကွယ်မှာ လေးစားခြင်း၊ ခင်မင်ခြင်း၊ ယုံကြည်အားထားခြင်း၊ ချစ်ခြင်း စတဲ့ စိတ်သဘောထား၊ ခံစားမှုတွေဟာ ကြောင်းကျိုးဆက်နွယ်ပြီး ပါလာလေ့ ရှိတယ်၊ ဒါ့ကြောင့်လည်း ခင်မင်ခြင်း၊ ချစ်ခြင်းဟာ နွေးထွေးတဲ့ နေချင့်စဖွယ် အိမ်လေး တစ်လုံးဆိုရင် အဲဒီအိမ်ထဲကိုဝင်ရောက်ဖို့အတွက် အသိအမှတ် ပြုမှုဆိုတဲ့ တံခါးပေါက်ကို အရင် ဦးဆုံးခေါက်ဖို့ လိုပါလိမ့်မယ်၊

အသိအမှတ်ပြုမှု ရဲ့ဆန့်ကျင်ဖက်ကတော့ ဥပေက္ခာပါ၊ လူမှုပတ်ဝန်းကျင်မှာ အခြေခံအဆင့် ဖြစ်တဲ့ အသိ အမှတ်ပြုခြင်းကို သိသိကြီးနဲ့ ရှောင်လွှဲလိုက်တယ် ဆိုရင်တော့ အဲဒါကို ဥပေက္ခာပြုခြင်းလို့ သတ်မှတ်ရမှာပါပဲ၊ ဒီအဆင့်ကို ရောက်ခဲ့ပြီဆိုရင်တော့ ရင်ကြားစေ့ ဖျန်ဖြေရေး ဆိုတာ တော်တော့်ကို ခဲယဉ်းသွားပြီ လို့ပဲဆိုရမှာပါ၊ ဒီနေ့ဖြစ်နေတဲ့ နိုင်ငံနဲ့ချီတဲ့ အကျပ်အတည်းတွေမှာ ဖြစ်စေ၊ တဦးတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ဘဝ အခက်အခဲ တွေမှာဖြစ်စေ သူ့ရဲ့ယုံကြည်ချက်ကို ကိုယ်ကအသိအမှတ်မပြုလို့၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကို သူကအသိအမှတ် မပြုလို့ စတဲ့အသေးဆုံး အချက်လေးတွေကစပြီး နောက်ဆုံးမှာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဖက် ဖြစ်သွားကြတဲ့ သာဓကတွေ အများကြီးရှိပါတယ်၊

လူ့လောကထဲမှာ နေတဲ့လူသားတစ်ယောက်ဟာ သူနဲ့မျိုးတူ အခြားလူသားတွေရဲ့ အသိအမှတ် ပြုခြင်းကို ခံယူ လိုတာက သဘာဝကျပါတယ်၊ ဒီစိတ်ဟာ ကျနော်တို့ဆီမှာ ကလေးဘဝ ကတည်း က ဖြစ်တည်၊ ကိန်းအောင်းနေ ခဲ့တာ ဖြစ်ပါတယ်၊ လူမှန်းသိတတ်စ ကတည်းက အဖေ အမေရဲ့ အသိအမှတ်ပြုမှုကို အငိုနဲ့အရယူခဲ့သလို ကြီးလာတော့လည်း ကစားဖော်တွေရဲ့ အသိ အမှတ်ပြုမှုကို လိုချင်တာပါပဲ၊ ဒါ့ကြောင့်လည်း ကလေးတွေကစားကြ တဲ့အခါ နဲနဲငယ်သေးတဲ့ ကလေးတစ်ယောက်က အကြီးတွေနဲ့ အတူတူဝင်ကစား ချင်တယ်ဆိုရင် အကြီးတွေက ထမင်းချိုး ဟင်းချိုး ဆိုပြီး သူ့ကိုပါဝင်ခွင့် ပေးလိုက်လေ့ရှိတယ်၊ ဒီကလေးဟာ ငယ်သေးတဲ့အတွက် ကောင်း ကောင်း မကစားနိုင်ပေမယ့် သူ့ရဲ့ပါဝင်ခွင့်ကို ကလေးကြီးတွေက ဒီနည်းနဲ့ အသိအမှတ်ပြု ရပါ တယ်၊ ရဲရင့်တည်ကြည်ပြီး လူတောတိုးရဲတဲ့ လူတစ်ယောက်ဖြစ်ဖို့ရာမှာ သူ ငယ်စဉ် ကလေးဘဝ တုန်းက သူ့မိဘ၊ သူ့ပတ်ဝန်းကျင်က သူ့ကို ဘယ်လောက်နေရာပေးခဲ့လဲ၊ သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လောက်အသိအမှတ်ပြုခဲ့လဲ ဆိုတဲ့ပေါ်မှာလည်း မူတည်နေလေ့ ရှိပါတယ်၊

ဂရုမစိုက်တာ၊ အသိအမှတ်မပြုတာဟာ ရန်စခံရတာ၊ အမုန်းခံရတာထက် ပိုဆိုးပါတယ်၊ တစုံတယောက်ကို မုန်း တယ်ဆိုရင်တောင် ယုတ်စွအဆုံး သူ့အပေါ်မှာ ခံစားချက်တစုံတရာ ရှိပါသေးတယ်၊ နှစ်လိုဖွယ်ရာခံစားမှုမဟုတ် သည့်တိုင် အမုန်းဟာ ဥပေက္ခာထက်စာရင် မျှော်လင့်နိုင်စရာ လမ်းစလေးတွေ ရှိသေးတယ်၊ နားလည်မှုဆိုတဲ့ လေပြေလေးသာ ညင်ညင်သာသာ တိုက်ခတ်မယ်ဆိုရင် အမုန်းဟာ သစ်ရွက်ပါးပါးလေး တစ်ရွက်လိုပါပဲ၊ လေ အဝေ့မှာ မြောက်ကနဲ လွင့်ပြီး အချစ်ဖက်အခြမ်းနဲ့ သိမ်မွေ့စွာ ပြန်ကျလာနိုင်ပါတယ်၊ အသိအမှတ်မပြုခြင်းက တော့ဒီလို မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ ကိုယ့်ရဲ့ ယုံကြည်ချက် ဆိုတာတွေကို တဖက်သားက ဂရုလည်းမစိုက်၊ စိတ်လည်းမဝင်စားတဲ့ နောက်တော့ သူနဲ့ကိုယ်နဲ့ကြားမှာ နားလည်မှု တည် ဆောက်ဖို့၊ သူနဲ့ ခင်မင်ရင်းနှီးလာဖို့ ဆိုတာ မလွယ်နိုင်ပါဘူး၊ ပတ်ဝန်းကျင်က အသိအမှတ်ပြုခြင်း မခံရတဲ့ လူတစ်ယောက်ဟာ အဲဒီပတ်ဝန်းကျင်မှာ ရှင်လျက်နဲ့ သေနေသလိုပဲ၊ အဲဒီအခါ လူစွမ်းလူစ ကျဆင်းလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ယုတ်လျော့လာ ပါတော့တယ်၊

ဒီလိုအရေးကြီးလှတဲ့ လူ့ပတ်ဝန်းကျင်ဆိုင်ရာ အမူအကျင့်ကို နေ့စဉ်ဘဝမှာ တခါတလေ ကျနော်တို့ အမှတ်မဲ့စွာ ဖြတ်သန်းမိတတ် ပါတယ်၊ အနောက်တိုင်း ထုံးစံမှာတော့ အပြုအမူလေးတခု၊ ချီးမွမ်းစကားလေးတခု၊ သေးငယ် တဲ့လုပ်ဆောင်ချက်လေး တခုကအစ ‘ Thank you ’ ဆိုတဲ့ အသိအမှတ်ပြုစကားနဲ့ တုံ့ပြန် တတ်ကြတယ်၊ အခြေအနေနဲ့ အချိန်အခါကို လိုက်လို့ တဖက်သားအပေါ်မှာ မိမိရဲ့ နှစ်သက်ကျေနပ်မှု၊ အပြန်အလှန် လေးစား မှု၊ လူအချင်းချင်း ဂရုတစိုက်ရှိမှု စတာ တွေကိုပေါ်လွင်စေတဲ့ ဒီစကားစုလေးဟာ သာမန် ကျေးဇူးတင်ပါတယ် ဆိုတဲ့အဓိပ္ပါယ်ထက် နက်ရှိုင်းကျယ်ဝန်း တတ်ပါတယ်၊ အသိအမှတ်ပြုမှုကို ရိုးရိုးလေးနဲ့ ဖော်ပြတာ ပါပဲ၊

မြန်မာ့ဓလေ့မှာတော့ သားနဲ့အဖေကြားမှာ၊ ဇနီးနဲ့ခင်ပွန်း ကြားမှာ၊ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ကြား မှာ ‘ ကျေးဇူးတင်တယ် ’ လို့ပြောဖို့ကျတော့ အတန်ငယ် သူစိမ်းဆန်ကောင်း ဆန်နေနိုင်ပါတယ်၊ ဒါပေမယ့် မိမိ ရဲ့ အသိအမှတ်ပြုမှုကို ဖော်ထုတ်ဖို့ တခြား နည်းလမ်းတွေ ရှိပါတယ်၊ ဥပမာ-ညစာထမင်းဝိုင်းမှာ ခင်ပွန်းက ဇနီးသည်ကို ‘ ဒီညစာ အတွက် ကျေးဇူးတင်တယ်ကွာ ’ ဆိုရင် ထောင့်တောင့်တောင့်နဲ့ သူစိမ်းဆန်သယောင်ရှိ ပေမယ့် ‘ မင်းဒီနေ့ ချက်တဲ့ ချဉ်ရည်ဟင်းက အတော့်ကို ထမင်းမြိန်စေတာပဲ၊ ငါးသလဲထိုး ကြော်လေးနဲ့ တွဲလိုက် တော့ ကိုယ်ဖြင့် ဘယ်လိုစားလို့ကောင်းမှန်း မသိဘူးကွာ ’ ဆိုရင် ခင်ပွန်းရဲ့ အသိအမှတ်ပြုမှုဟာ ဇနီးသည်ရဲ့ နှလုံးသားကို နူးညံ့ကျေနပ်စေမှာပါ၊ ထို့အတူ...ပုံမှန်အချိန်ထက် နဲနဲစောပြန် လာတဲ့သားကို အဖေကမသိလိုက် မသိဖာသာ နေမယ့်အစား ‘ ဟော...သားတောင် ပြန်လာပြီ၊ ကောင်းတယ်ကွာ...ဒီညချမ်းကတော့ အဖေတို့ မိသားစုတွေ စုံစုံညီညီရှိမယ့် ညချမ်း ပဲဟေ့ ’ လို့ ပြောနိုင်ပါတယ်၊ သားအပေါ်မှာထားတဲ့ အဖေ့ရဲ့အလေးဂရုပြုမှု ဟာ လှလှပပ ပေါ်လွင် စေတာပေါ့၊ ဒ်ီလိုမျိုး စကားလေးတွေက ပြောရမှာ ဘာမှအပန်းမကြီးသလို၊ လူတိုင်းလည်း ပြောနိုင်ပါတယ်၊ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ်ဖြစ်ထွန်း ရှင်သန်ရာ ကိုယ့်ရဲ့ ဥယျာဉ်လေးပါပဲ၊ ကိုယ့် ပတ်ဝန်းကျင်က အပင်ကြီးငယ်တွေ စိုစိုပြေပြေရှိဖို့ဆိုတာ ကိုယ်,ကိုယ်တိုင်က ရေလောင်း ပေါင်းသင်ပေးဖို့ လိုတာပေါ့၊

တခုတော့ ရှိပါတယ်၊ ဒီလို အသိအမှတ်ပြုတဲ့ စကားတွေကို နှလုံးသားဗလာကျင်းပြီး ဝတ်ကျေတန်း ကျေပြောရင်တော့ အပြောခံရသူက ဒါကိုဘာမှခံစားရမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်ကလည်း စိတ်မပါတဲ့ အရာတခုကို ထုံးတမ်းစဉ်လာလို လုပ်နေရတဲ့အတွက် စိတ်ညစ်ညူးမိနိုင်ပါတယ်၊ ဘယ်သူ့အတွက်မှ မကောင်း ပါဘူး၊ အကောင်းဆုံးကတော့ ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်ရဲ့ ပြုမူပုံလေးတွေကို သတိကပ်ပြီးကြည့်မယ်ဆိုရင် ကိုယ့်နှလုံးသား ကနေ အဲဒီလုပ်ရပ်အပေါ် အသိအမှတ်ပြုတဲ့ တကယ့်စကားလေးတစ်ခွန်း သူ့အလိုလို ထွက်ကျလာပါလိမ့်မယ်၊

သူ့မွေးနေ့ကို လူတွေအသိအမှတ်ပြု စေချင်လွန်းလို့ ဗုံးသတင်းအမှားကို ပေးခဲ့တဲ့ ဇူးရစ်ခ်မြို့က လူအကြောင်း ဖတ်ရင်းနဲ့ ကျနော်လည်း အတွေးတွေ သီနေခဲ့မိတယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အသိအမှတ် ပြုမှုတွေ များလာတာနဲ့အမျှ ကျနော်တို့ရဲ့ တခုတည်းသော ကမ္ဘာကြီး ဟာလည်း တဖြည်းဖြည်း ပြန်လည်ကျန်းမာ လာပါလိမ့်မယ်၊ ကျနော့်ရဲ့ ဒီပို့စ်လေးကို လည်း ဒီစာကြောင်းရောက်တဲ့အထိ အသိအမှတ် ပြုပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား ။ ။


ညီလင်းသစ်
၂၅ စက်တင်ဘာ၊ ၂၀၀၈

23 September 2008

ပန်း

တကယ်တော့ ကျနော်က ရုက္ခဗေဒနဲ့ သိပ်နီးစပ်တဲ့လူတော့ မဟုတ်ပါဘူး၊ ပန်းဆိုရင်ဂေါ်ဖီပန်း လောက်ကိုပဲ စိတ်ဝင်တစားနဲ့ ရှိနေတတ်တဲ့လူမျိုး...၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ အတွက် မိမိနှစ်သက်ရာ ဘာသာရပ်တွေကို နံပါတ်စဉ်တပ်ပြီး ချရေးရတော့ ရုက္ခဗေဒ ဘာသာရပ်ကိုကျနော် နောက်ဆုံးမှ ချရေးဖြစ်တယ်၊ ပန်းတွေကို ကျနော်သေသေချာချာ မသိပေမယ့် အရောင် အသွေးစိုတဲ့ ပန်းလေးတွေကိုတော့လည်း စိတ်ဝင်စားပြန်ပါတယ်၊

သူတို့တွေကို ကျနော်က အရောင်စပ်ဟပ်ပုံ ရှုထောင့်ကနေ ပိုစိတ်ဝင်စားဖြစ်ပါတယ်၊ ဒီတော့လည်း ခရီးသွားတုန်း ဟိုတကွေ့ ဒီတကွေ့ တွေ့မိတဲ့အခါ ဟိုတစ်ပွင့် ဒီတစ်ပွင့် ရိုက်ဖြစ်တယ်ပဲ ဆိုပါတော့ လေ...၊ နေရောင်ခြည်ရတုန်းလေး အလုအယက် ပွင့်ရတဲ့ သူတို့ခမျာ အလှပေါ်အယဉ်ဆင့်ချိန်က သိပ်တော့ မရှည်ကြာလှပါဘူး၊ အချိန်မတိုင်မီ စောစီးစွာ ရောက်လာတတ်တဲ့ ဆောင်းကြိုအအေး ဒဏ်ရဲ့ လက်ကြမ်းကြီးတွေ အောက်မှာ နွမ်းလျော့ မှိန်ဖျော့စွာနဲ့ တိတ်တဆိတ် ထွက်ခွာသွား ရလေ့ရှိပါတယ်၊ ရိုက်ထားတာတွေ အခုပြန်ကြည့်တော့လည်း သူတို့လေးတွေ ပျော်ရွှင်နေတဲ့ အဲဒီခဏတာလေးကို ပါမြင်ယောင် မိပြန်ရော...၊















ပွင့်ချိန်က မကြာပါဘူး၊ ဒါပေမယ့် သူတို့အလှဆုံး ပွင့်သွားခဲ့ကြတယ်...။ ။


ညီလင်းသစ်
၂၃ စက်တင်ဘာ၊ ၂၀၀၈

16 September 2008

စာသင်ခန်း



အရောက်အပေါက်နည်းတဲ့
ခြေသံအချို့တဝက်နဲ့
အခန်းတံခါးကို ဆွဲအဖွင့်
“ ဝမ်းစာတဖက် ပညာတဖက်နဲ့
ဘဝကို စလွယ်သိုင်းပြီး
အရိုင်းစိတ် ဝင်ကုန်ပြီလား ” တဲ့၊
ကျောက်သင်ပုန်းက
သူ့ပါးစပ်ကို
တအားဖြဲပြီး အော်နေတယ်၊

ဘဝရဲ့ခတ်ကွင်းထဲမှာ
ဒုက္ခနဲ့ အလီလီနာကျင်ပျော်ပါးလို့
မီးကျိုးမောင်းပျက် အသိသညာလေးနဲ့
ကတိမ်းကပါး မဖြစ်ခင်
“ မျှော်လင့်ချက်ကိုသာ ချွတ်ချလိုက်ရင်
မိမွေးတိုင်း ဖမွေးတိုင်းကလွဲပြီး
ဘာကျန်မှာလဲ ” တဲ့၊
………………………………
………………………
တိတ်ဆိတ်မှုဟာ ခေါင်းလောင်းထိုးပြီး
ရောက်လာတယ်၊

အမှိုက်စတွေ ရှုပ်ပွကျန်ရစ်... ...
သူ့ရင်ခေါင်းကိုသော့ခတ်ပြီး
သင်ခန်းစာတွေအားလုံး
အိမ်ပြန်သွားတဲ့ ညနေ... ။ ။


(ဝေမိုးအောင်
ဇန်နဝါရီနောက်ဆုံးနေ့၊ ၂၀၀၃)

10 September 2008

မွန်းတည့်ချိန်၏သွားများ (၂)

ကျနော်တို့သွားခဲ့တဲ့ ကျေးရွာလေးနာမည်က Champéry လို့ခေါ်ပြီး၊ တောင်ပေါ်အမြင့်မီတာ တစ်ထောင်ဝန်းကျင်ခန့်မှာ တည်ရှိပါတယ်၊ Switzerland မှာရှိတဲ့ တောင်ပေါ်ရွာလေးတွေရဲ့ ထုံးစံ အတိုင်း ဆောင်းရာသီမှာ Ski စီးသူတွေနဲ့ ပြည့်နေပြီး နွေရာသီမှာတော့ ခရီးကြမ်းစက်ဘီးစီးသူတွေ ရယ်၊ trekking သွားသူတွေရယ်နဲ့ စည်ကားနေတတ်တဲ့ ရွာလေးတစ်ရွာပါပဲ၊ ကျနော်တို့ရောက်တဲ့ အချိန်က Swiss အမျိုးသားနေ့နဲ့လည်း တိုက်ဆိုင်နေတော့ ကျေးလက်အကတချို့နဲ့ ပျော်ပွဲရွှင်ပွဲ တွေလည်း တွေ့ခဲ့ရတယ်၊ အဲဒီတုန်းက ရိုက်ခဲ့တဲ့ပုံအချို့ကို တင်လိုက်ပါတယ်၊ ကြည့်စရာ ရှုစရာပုံ သိပ်မရှိတဲ့ ကျနော့်ဘလောဂ်လေးလည်း နဲနဲ စိုစိုပြေပြေဖြစ်သွားတန်ကောင်းပါရဲ့... ။ ။


Champéry ကျေးရွာ။


ရွာလယ်လမ်းမ...၊ အိမ်တွေမှာထူထားတဲ့ ပြည်နယ်အလံတွေက အမျိုးသားနေ့အထိမ်းအမှတ်အတွက်ပါ၊


သီဆို တီးမှုတ်ဖို့ ပြင်ဆင်နေသော ရွာသားများ...။


ရိုးရာဝတ်စုံကိုယ်စီဖြင့် ကျေးလက်အကဖော်ကျူးနေသည့် champéry ရွာသူရွာသားများ။


တောင်ပေါ်မှာ trekking သွားဖို့အတွက် cable car နဲ့တက်ရပါတယ်၊ ဒီကမှတဆင့် ကိုယ်လျှောက်နိုင်မယ့်လမ်း ကြောင်းကို ရွေးလို့ ၁ နာရီခရီး၊ ၂ နာရီခရီး၊ ၅ နာရီခရီး အစရှိသဖြင့် သွားလို့ရတယ်၊


Cable car ပေါ်ကနေမြင်ရတဲ့ Champéry ရွာမြင်ကွင်း၊ ရွာကနေတောင်ပေါ်ကို အမြင့်မီတာတစ်ထောင်ဝန်း ကျင်လောက်ကွာတယ်၊ ဒါပေမယ့် Cable car နဲ့တက်ချိန်က ၅ မိနစ်ပဲ ကြာပါတယ်။


ဒီလမ်းကြောင်းက ကြာချိန် ၁ နာရီပဲ ရှိပါတယ်၊ ခဲရာခဲဆစ်ကုပ်ကပ် တက်စရာလည်း မလိုဘူး၊ ဒါပေမယ့်အမြင့် ကြောက်တတ်ရင်တော့ ခြေဖဝါးတွေ နဲနဲအေးလာနိုင်တဲ့ ခရီးပါ၊


တောင်ကမ်းပါးယံတွေပြီးရင်တော့ အခုလိုစမ်းချောင်းလေးရဲ့ဘေးမှာလျှောက်ရင်း လွတ်လပ်ကျယ်ပြောတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ သန့်စင်တဲ့လေတွေ တဝကြီးရှူလို့ အဝေးကတောင်တန်းတွေကို ခံစားလို့ရပါပြီ။


ကွင်းပြင်ကျယ်ကြီးထဲမှာ သူလည်း အပူအပင်ကင်းစွာနဲ့ပေါ့၊

တောင်ပေါ်က ကျေးလက်စားသောက်ဆိုင်လေးတစ်ဆိုင်...၊ ဒီဆိုင်က သူတို့ရဲ့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ခြံကထွက်တဲ့ လတ်လတ်ဆတ်ဆတ်ကုန်တွေနဲ့ လုပ်ထားတဲ့အစားအသောက်တွေကို ရောင်းပါတယ်။


မြို့ပြရဲ့မွန်းကျပ်မှုတွေက ကင်းဝေးရာတောင်ပေါ်ရိုးရာ အိမ်ကလေး...၊


ပုဇွန်ဆီရောင်အလှဖြင့်နာမည်ကြီး Les Dents du Midi (မွန်းတည့်ချိန်၏သွားများ)၊ ဒီနေရောင်ကညနေ ၈ နာရီ ၅၃ မိနစ်မှာရိုက်ထားတဲ့ ဝင်လုဆဲဆဲနေရဲ့ နောက်ဆုံးရောင်ခြည်တန်းတွေပေါ့...။

တခါတရံ မြို့ပြရဲ့မွန်းကျပ်မှုတွေက သိပ်ဖိစီးလာပြီဆိုရင် အခုလိုကျေးလက်ကဓါတ်ပုံလေးတွေက ကျနော့်ကို အတော်အတန် အမောပြေစေပါတယ်၊ မာကျောကြံ့ခိုင်တဲ့ တောင်တန်းကြီးတွေကိုကြည့်ရင်း ရှေ့ဆက်လှမ်းဖို့ ကိုယ့်ကိုယ်ကို တည်ဆောက်ယူဖြစ်ပါတယ်။ ။



ညီလင်းသစ်
၁၁ စက်တင်ဘာ၊ ၂၀၀၈

08 September 2008

ကျနော်နှင့် မန္တလေး


တစုံတယောက်က ကျနော့်ကို ‘ခင်ဗျား မန္တလေးကို ကြိုက်လား’ လို့မေးခဲ့မယ်ဆိုပါစို့၊ ကျနော့် အနေနဲ့တော်တော်ကြာကြာ စဉ်းစားပြီးတော့မှ ‘အင်း...ကြိုက်ပါတယ်’ လို့ ခပ်ဖြေးဖြေးပြန်ဖြေမိမယ် ထင်ပါတယ်၊ ဆရာကြီးမြသန်းတင့်ကတော့ ‘ဖုန်ထူခြင်ကိုက် ပူအိုက်စွတ်စိုတာကလွဲလို့ မန္တလေးကို ကျနော်ကြိုက် ပါတယ်’ လို့ပြောခဲ့ဖူးပါတယ်၊ မန္တလေး... ...မြန်မာနိုင်ငံရဲ့နောက်ဆုံး မင်းနေပြည် တော်ဖြစ်ခဲ့ရာမြို့၊ မြန်မာနိုင်ငံရဲ့ဒုတိယမြို့တော် (အဲ..ဒုတိယမြို့တော်ဟောင်း လို့များခေါ်ရမလား ပဲ၊ ရန်ကုန်က မြို့တော်ဟောင်းဖြစ်သွားတော့ သူကကောလက်ရှိ ဒုတိယမြို့တော်ပဲလား၊ ဒါမှ မဟုတ်တဆင့်ကျပြီး တတိယမြို့တော်ဖြစ်သွားလား)...၊ သူနဲ့ပတ်သက်လို့ ဆရာမြကြီး ပြောသွား တာကိုတော့ ကျနော် သဘောတူပါတယ်၊ အဲဒီမြို့က ကျနော့်ကိုစိတ်ခံစားမှုတွေ တော်တော်ပေးနိုင် တဲ့မြို့ပါပဲ၊

ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးတဲ့ကျနော်က မန္တလေးကို အသက် ၂၃ နှစ်ပြည့်တဲ့အထိ မရောက်ဖူး ပါဘူး၊ တကယ်တော့ ကျနော် ၁၀ တန်းအောင်ကတည်းက မန္တလေးကို သွားချင်နေခဲ့တာပါ၊ ဒါပေ မယ့်ကျနော့်အမျိုးထဲမှာ မန္တလေးမှာနေတဲ့လူ တစ်ယောက်မှမရှိတဲ့အပြင် ဘယ်မန်းသားကမှလည်း ကျနော်နဲ့လာပြီး သူငယ်ချင်းမဖြစ်ခဲ့ပါဘူး၊ ဒီလိုပဲသွားပြီး ဟိုတယ်မှာတည်းဖို့ဆိုတာတော့ ဝင်ငွေ ကောင်းကောင်းမရှိတဲ့ ကျနော့်လိုကောင်အတွက် အိပ်မက်တောင် မမက်ခဲ့ဖူးဘူး၊ မန္တလေးနဲ့ကျနော် နဲ့တပြည်ထဲနေပြီး အဝေးကြီးဝေးနေခဲ့ပုံက အဲဒီလို...၊

ဒီလိုနဲ့ ၂၃ နှစ်ကျော်မှပဲ မန်းသားကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ပြီး သူ့ကောင်းမှုနဲ့မှ ရောက်ခဲ့တော့ တယ်၊ နောက်ပိုင်း ကျနော်ဧည့်လမ်းညွှန်အလုပ်,လုပ်တော့မန္တလေးနဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်၊ အဲဒီ လိုကျတော့လည်းရောက်ဖြစ်လိုက်တာ တစ်လထဲမှာပဲ အကြိမ်ပေါင်းများစွာ၊ ဒါပေမယ့်ရောက်တိုင်း လိုလိုမှာ မန္တလေးက ကျနော့်ကိုစိတ်ခံစားမှုမျိုးစုံ ပေးလေ့ရှိတယ်၊ တခါတရံတော့ ကျနော်ဟာအေး အေးလူလူနဲ့ မန္တလေးရဲ့ အငွေ့အသက်မှာ ပျော်ဝင်နေတတ်ပေမယ့် တခါတလေတော့ မန္တလေးမှာ ကျနော်က ကော်တင်ထားတဲ့ပုဆိုး အသစ်စက်စက်ကို ရေမလျှော်ဘဲ ခါးပုံစထုတ်ပြီး ဝတ်ထားရတဲ့ လူလိုပဲ၊ နေရတာ ထောင့်တောင့်တောင့်နဲ့...၊ တခြားမြို့တွေမှာလို တင်းပြည့်ကျပ်ပြည့်မဟုတ်ဘဲ မန္တလေးမှာ ကျနော်ဟာ ပျော်သလိုလို၊ မပျော်သလိုလို၊ တခုခုလိုနေသလိုလို၊ မလို သလိုလို၊ ကြိုက် သလိုလို၊ မကြိုက် သလိုလိုနဲ့...၊ ဈေးသည်က ကိုယ့်ကိုအလေးခိုးထားလိုက်မှန်းသိသိကြီးနဲ့လက် ဆုပ်လက်ကိုင် မပြနိုင်ဘဲ တနုံ့နုံ့နဲ့ အိမ်ပြန်လာရတဲ့ ဈေးဝယ်တစ်ယောက်လိုပဲ ခံစားရလေ့ရှိတယ်၊

မန္တလေးမှာ ကျနော်တို့လို တနယ်သားတွေ ကြုံရတာတစ်ခုကတော့ တက္ကစီပြဿနာပါ၊ ဧည့်သည် တွေနဲ့ ခရီးသွားရတဲ့အတွက် မန္တလေးရောက်ရင် တောင်ခြေက Novotel ဟိုတယ်မှာအများအားဖြင့် တည်းရလေ့ရှိပါတယ်၊ အဲဒီမှာတည်းရတဲ့အတွက် ဧည့်သည်တွေနဲ့ ဟိုတယ်တစ်ခုတည်းဖြစ်လို့ အ လုပ်လုပ်ရာမှာ အဆင်ပြေပေမယ့် မပြေတာက သွားရေးလာရေးပါ၊ တချို့ Tour Program တွေမှာ နေ့လယ်ခင်းကို အားလပ်ချိန်ပေးထားတာ ရှိပါတယ်၊ အဲဒီအခါ ဧည့်သည်တွေက ဟိုတယ်မှာအနား ယူပေမယ့် ကျနော်တို့ကတော့ ရောက်တုန်းရောက်ခိုက် အချိန်အားလေးရတုန်း ဟိုနားဒီနားထွက် လည်ဖို့ ကြံပါတယ်၊ ဒီတော့ စီးစရာက တက္ကစီပေါ့၊ မန္တလေးက တက္ကစီတွေရဲ့ ဈေးနှုန်းဟာတော် တော့်ကိုများပါတယ်၊ ခရီးတိုလေးတစ်ခုကိုပဲ မတန်တဆပေးရတယ်၊ တကယ်တော့သူတို့လည်း မတောင်းချင်ပါဘူး၊ ရန်ကုန်လိုမဟုတ်ဘဲ ဆီကိုအပြင်ကနေဝယ်ရတဲ့အတွက် ဒီလိုမှမတောင်းရင် မ ကာမိလို့ပါလို့ ကားဆရာတစ်ယောက်က ကျနော့်ကိုရှင်းပြ ဖူးပါတယ်၊ ဒီတော့လည်း ရောက်တုန်း ရောက်ခိုက်သွားရအောင် ပေးရတာပါပဲ၊ ဒါပေမယ့် ခက်နေတာက အဲဒီလိုပေးပါ့မယ်ဆိုရင်တောင် တက္ကစီတစ်စီးရဖို့ အတော်ကို မလွယ်တဲ့ကိစ္စပါ၊ စဉ်းစားကြည့်တော့လည်း လူတိုင်းကိုယ်စီက အ နည်းဆုံး စက်ဘီးလေးတစ်စီးတော့ ရှိကြတဲ့မြို့မှာ တက္ကစီရှားတာဟာ သဘာဝကျပါတယ်၊ သက္ကရာဇ် ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ မန္တလေးကျုံးတဝိုက် သဲကြီးမဲကြီးလမ်းလျှောက်နေတဲ့ဧည့်လမ်း ညွှန်တစ်ယောက်ကိုများ အမှတ်တမဲ့တွေ့ဖူးမယ်ဆိုရင် အဲဒါကျနော်ပါပဲ၊

Novotel မှာတည်းတိုင်း ညစာတစ်နပ်ကိုတော့ တောင်ခြေကဆိုင်လေး တစ်ဆိုင်ဆိုင်မှာကျနော်စား လေ့ရှိပါတယ်၊ အဲဒီမှာ ရိုးရိုးစင်းစင်း ထမင်းသုပ်လေးဖြစ်ဖြစ်၊ အာလူးထမင်းလေးဖြစ်ဖြစ် စားရတာ ကိုကြိုက်သလို တခြားသွားဖို့စက်ဘီး၊ ဆိုင်ကယ်မရှိတာလည်း ပါ,ပါတယ်၊ တခါတလေမန်းသား ကားဆရာတွေ စေတနာကောင်းရင်တော့ အကင်တန်းဖက်ကို ရောက်ဖြစ်ပေမယ့် များသောအား ဖြင့်ကတော့ တောင်ခြေပါပဲ၊ တစ်ရက်မှာတော့ ညဖက် ၈ နာရီခွဲလောက် ခြင်္သေ့ကြီးနှစ်ကောင်မျက် စောင်းထိုးက ဆိုင်လေးမှာ ကျနော်တစ်ယောက်ထဲ ထိုင်နေတယ်၊ မြေပဲထမင်းတစ်ပွဲမှာစားရင်း မန္တလေးအကြောင်းကို ကျနော်စဉ်းစားနေမိတယ်၊ ကျနော့်ကိုတွေးစေတဲ့မန္တလေး၊ ငေးစေတဲ့မန္တ လေး၊ အုတ်ကျစ်ကျော်အေးမန္တလေး၊ သီပေါကင်းဝန်တို့ရဲ့မန္တလေး၊ ဒေါ်အမာရဲ့မန္တလေး၊ ဆိုင်ကယ် ကိုခေါင်းထောင်စီးတဲ့မန္တလေး၊ အသားဖြူလာတဲ့မန္တလေး၊ ... ... မန္တလေး၊ ... ... မန္တလေး၊

ထမင်းဆိုင်က ပြန်လာတော့ ကဗျာလေးတစ်ပုဒ် ကျနော်ရေးဖြစ်တယ်၊ ရင်ထဲမှာ နဲနဲတော့ပေါ့သွား သလိုပဲ၊ မန္တလေးအကြောင်းက ပြောမကုန်အောင် ရှိနေမှာပါ၊ သူနဲ့ပတ်သက်ရင်တော့ခပ်လေးလေး စဉ်းစားပြီးမှ `ကြိုက်ပါတယ်’ လို့ခေါင်းညိတ်နေမိ ဦးမယ်ထင်ပါရဲ့ ။ ။


မန္တလေး

ဟိုအရင်တုန်းကတော့
‘သိပ်စကားတတ်တဲ့ကောင်…’ လို့
ညီအစ်ကိုတွေနဲ့ယှဉ်ပြီး အပြောခံရနေကျ
အခုတော့ သူ့မှာ
စကားပီအောင်ကိုပဲ အနိုင်နိုင်ရယ်၊

သူ့ပတ်ဝန်းကျင်မှာ
အသားကင်နံ့တွေ မွှန်ထူနေလည်း
သူကတော့ စတီးလ် ထမင်းချိုင့်လေးကိုပဲ
အာသာငမ်းငမ်း ရှိတုန်း
‘ရွှေသွားတွေမရှိမှတော့ မကိုက်နိုင်ပါဘူး’ တဲ့၊

ဘီးလေးဘီးကို ဂီယာထိုးမစီးနိုင်ပေမယ့်
ဘီးနှစ်ဘီးနဲ့ လေထုညစ်ညမ်းမှုကို သူကာကွယ်နေဆဲ
ဝမ်းမနည်းပါဘူး
အစ,ကတည်းက သူ့အသားကနီစပ်စပ်မှ မဟုတ်ဘဲ-တဲ့၊

တကယ်တော့ သူနေချင်တာက
ဒီလိုမဟုတ်ပါဘူး တဲ့၊
ယဉ်ကျေးမှုကြွေဇလုံထဲ ဝင်စိမ်ရင်း
‘မှန်လှပါဘုရား’ လို့ သွားလေသူကြီးကို
တ, နေချင်သေးတာ၊

အခုတော့
နေ့ချင်းညချင်း ဘောင်းဘီဆွဲချွတ်ပြီး
လုံချည် အတင်းစည်းပေးခံရတဲ့ကောင်လေ၊
ခုန်ပေါက်ပြေးလွှားချင်တိုင်း
ခါးပုံစကို ပြန်ပြန်စမ်းနေရ၊

ရှိသေးတယ်...
သူ့နာမည်နဲ့ ဗြစ်ရည်ကအကောင်းဆုံးပါ ဆိုပြီး
ခဏခဏ နာမည်အလွဲသုံးစားခံရတဲ့ကောင်
လက်တွေ့မှာတော့
အကိုကာလသားတို့ရဲ့ ဥပေက္ခာကို
ခါးစီး ခံနေရသူပါ၊

ဧည့်သည်ပေါင်းစုံ ဝင်,ထွက်နေလည်း
တောမရောက် မြို့မရောက်ကောင်လို့
အကြောင်းသိသူတွေက မေးငေါ့တုန်း၊

အရိုးကွဲအောင်အေးပေမယ့်
အရေစုတ်အောင် ပူတတ်လို့
အပြောင်းအလဲ မြန်လွန်းတဲ့ကောင် တဲ့၊
ဥပုသ်နေ့မနက်ခင်းတိုင်း ဘုရားတော့သွားပါရဲ့
ညနေခင်းကျတော့ ခပ်ထွေထွေရှိပြန်တာမို့
ဗြဟ္မစိုရ်တရားနှစ်ပါး လက်ကိုင်ထားပေမယ့်
‘အစွန်းနှစ်ပါး မလွတ်ဘူး’ လို့ ဝေဖန်ခံရတဲ့ကောင်ပေါ့ ။



ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၀၈

05 September 2008

မြို့ကလေးရဲ့ မိုးတိမ်တိုက်



ဝေးဝေးကစိုက်ခင်းစိမ်းစိမ်းတွေမှာ
လေဟုန်စီးနေတာ ကိုယ့်ဝိညာဉ်ပေါ့၊

တပိုင်းသေညနေခင်းတွေမှာ
အနီရောင်နှင်းဆီတစ်ပွင့်နဲ့
ယစ်မူးပါရစေ ကောင်မလေးရယ်...

လေရိုင်းတွေက သူစိမ်းဆန်သွားတဲ့
မစိမ်းတစိမ်း စိုက်ခင်းထဲမှာ
အရိုးကျွတ်ပေါက်ပြားတစ်လက်ကတော့
အလွမ်းပွင့်ဝေဝေနဲ့ ကြေကွဲနေဆဲ

ဝေါဟာရဆင်းရဲတဲ့ မြို့ကလေးရေ...
မင်းရဲ့ကျေးလက်ယဉ်ကျေးမှုတွေကို
ငါ့ကောင်မလေးအား သွန်သင်ပေးပါ
ဆွံ့အအနွေညတွေရဲ့
ချော်ရည်မျက်ဝန်းတွေ
ခြောက်သွေ့သွားစေဖို့ပေါ့ ။ ။


ညီလင်းသစ်
၅ စက်တင်ဘာ၊ ၂၀၀၈

04 September 2008

စိတ်ကူးနရီ


ကျောင်းသားဘဝကတည်းကနေ အခုထက်ထိအဆက်အသွယ်မပျက်တဲ့ကျနော့်သူငယ်ချင်းတွေထဲမှာ ဝေမိုး အောင်လည်း တစ်ယောက်အပါအဝင်ပါ၊ သူနဲ့ကျနော်နဲ့ ဘယ်တုန်းကတည်းက စ,သိခဲ့ကြတာလည်းလို့ အခုပြန် စဉ်းစားတော့ ခပ်ဝါးဝါးရယ်...၊ ကျနော်မှတ်မိသလောက်ဆိုရင် ၅ တန်းလောက်ကတည်းက စပြီးမျက်မှန်းတန်းမိ နေကြတာဖြစ်မယ်၊ ကျနော်က ကျောင်းဘင်ခရာတပ်ဖွဲ့ထဲလည်း ဝင်ခဲ့ဖူးတော့ အဲဒီမှာသူနဲ့ စ,သိခဲ့တာပဲဖြစ် မယ်၊ သူက ဘင်ခရာထဲမှာ ကျနော့်ထက်စောပြီး ရောက်နေတာကိုး...၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေဖြစ်လာတာကတော့ ၁၀ တန်းရောက်မှပါ၊ အဲဒီကျမှ သူနဲ့ကျနော်နဲ့ တစ်ခန်းထဲ၊ ရှေ့ဆင့်နောက် ဆင့်ထိုင်ဖြစ်ကြတာ...၊

ထားပါ၊ ပြောချင်တာက ကဗျာ...၊ ဒီကောင်နဲ့ကျနော်နဲ့ အတူတူရင်ခုန်ကြတာတွေထဲမှာ ကဗျာလည်းပါတယ်၊ သူရေးတဲ့ မော်ဒန်ကဗျာတွေကို ကျနော်ကြိုက်တာများတယ်၊ ကျနော်က လေးလုံးစပ်နဲ့ နဘေထပ်တွေကြားမှာပဲ ရှိနေတုန်း ဒီကောင်ကကျစ်လစ်တဲ့ စကားလုံးတွေနဲ့ လှပလွန်းတဲ့ နမိတ်ပုံတွေကို သုံးနေပြီ၊ မှတ်မှတ်ရရသူ့ ကဗျာတစ်ပုဒ် ခေါင်းစဉ်က “ မုဆိုးမကျီးကန်း ” တဲ့၊ ခေါင်းစဉ်က ကျနော်တို့သူငယ်ချင်းတွေကြားထဲမှာအတော် လေးကို စိတ်ဝင်စားစရာ ကောင်းနေတော့ အားလုံးကဝိုင်းမေးကြတာပေါ့၊ ပထမတော့ ဒီကောင်ကသိပ်မပြော ချင်ဘူး၊ နောက်ပိုင်းအတင်းမေးကြတော့မှ အဲဒါသူ့အကြောင်းသူရေးထားတဲ့ ကဗျာပါ-တဲ့၊ သူဟာငှက်ဆိုရင် တောင် လှလှပပငှက်တစ်ကောင် မဟုတ်ဘဲ အပုပ်အသိုးနဲ့ စွန့်ပစ်ပစ္စည်းတွေကို ခိုးသုတ်စားရတဲ့ ကျီးကန်းတစ် ကောင်ပါ-တဲ့၊ ဘဝနာလိုက်ပုံများ ကျီးကန်းတောင်မှ လင်မရှိတဲ့မုဆိုးမကျီးကန်း-တဲ့၊ ကျနော်ကတော့သဘော ကျတယ်၊ ဒါပေမယ့်ကျန်တဲ့ကောင်တွေကတော့ သူ့ကိုတွေ့တိုင်းမုဆိုးမကျီးကန်းလို့ပဲ ခေါ်တော့တယ်၊ ဒီကောင့် မှာ နာမည်တွင်တော့မလို့ မနည်းပြန်တောင်းပန်ယူရတယ်၊

နောက် ရှိသေးတယ်၊ ဒီကောင်ထိရှခံစားလွယ်ပုံများ ကျနော်တို့သူငယ်ချင်းတွေ အကြောင်းတိုက်ဆိုင်လို့ ဗျစ် ရည်မှီဝဲကြတဲ့အခါတိုင်း သူ့မှာအမြဲလိုလို ငိုရတယ်၊ နဲနဲလေးရီဝေလာပြီဆိုရင် သူ ကလေးဘဝတည်းက လက်ရှိ ကာလအထိ ကြားဖူး၊ ကြုံဖူးခဲ့တဲ့ ဝမ်းနည်းစရာတွေက ခေါင်းထဲရောက်လာရော...၊ အဲဒီအခါမှာ မျက်ရည်လေး စမ်းစမ်း၊စမ်းစမ်းဖြစ်ရာကနေ မျက်ရည်ပေါက်ပေါက်ကျ၊ ဒီကမှတဆင့် ရှိုက်ကြီးတငင်ငိုပါလေရော၊ သူမှီရုံလေးပဲ မှီလိုက်တဲ့ အဖွားကိုသတိရလို့၊ သူတို့လမ်းထဲက ဦးလေးကြီးတစ်ယောက်က ထမင်းတစ်နပ်စားရဖို့အရေး မိုင် ပေါင်းများစွာ လမ်းလျှောက်သွားရဖူးတဲ့ အကြောင်းကိုသတိရလို့၊ သူမူလတန်းကျောင်းသားဘဝတုန်းက အမြတ် တနိုးကိုင်ခဲ့တဲ့ ခဲတံလေးပျောက်သွားတဲ့ အဖြစ်ကိုပြန်တွေးမိလို့၊ စသဖြင့်ပေါ့လေ...သာမန်အချိန်မှာ ဘယ်လိုမှ သူ မစဉ်းစားတဲ့ အကြောင်းတွေကို ခပ်ထွေထွေလေးနဲ့စဉ်းစားပြီး ငိုတော့တာပါပဲ၊ ပထမပိုင်းတွေတုန်း ကတော့ အားလုံးက လန့်သွားကြတာပေါ့လေ၊ သူ ဘာများ ဖြစ်လို့လဲပေါ့၊ နောက်ပိုင်းတော့ သူ့ကြောင်းကိုအားလုံးကသိ သွားတော့လည်း ရိုးသွားတာပေါ့လေ၊ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က သူ့ကိုနာမည်ကောက်ပေးလိုက်တယ်၊ ဒီ ကောင်က ကဗျာလည်းရေးတယ်၊ ငိုလည်းငိုတယ်ဆိုတော့ ‘ကဗျာငို’ တဲ့...၊

စိတ်ကူးနရီ ဆိုတာကျနော်ကြိုက်တဲ့ သူငယ်ချင်းဝေမိုးအောင်ရဲ့ကဗျာတစ်ပုဒ်ပါ၊ တစ်ရက် ဒီကောင်လှည်းတန်း ကားမှတ်တိုင်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း နေ့လည်ခင်း နေရောင်ခြည်တန်းတွေရဲ့ ပြုစားမှုအောက် မှာ ဗြုန်းဆိုရလိုက်တဲ့ အတွေးစ,လေးပေါ့၊ လှပ,ကျစ်လစ်,သိမ်မွေ့တဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ၊ ခံစားကြည့်ပါဦး။


စိတ်ကူးနရီ

ကျစ်ဆံမြီးရဲ့ သမီးပျိုရေ
ဟောဒီ...ဆည်းဆာရဲ့ စိတ်ကူးပွဲတော်မှာ
ငါ မင်းကိုဖိတ်ခေါ်ပါရစေကွဲ့၊

နူးညံ့တဲ့ မြေလွှာ
ငါ့ရဲ့နံဘေး
စင်္ကြာဝဠာရောင်စဉ်ချည်ပန်းပွင့်တွေနဲ့
ကိုယ့် ဥယျာဉ်ဆီကိုပေါ့
ငါ့မျက်ဝန်းကောင်းကင်ထဲ
ဆည်းဆာရဲ့အလင်းမှော်တွေ
နုသွယ်သွယ်မင့်ခန္ဓာမှာ
ကိန်းဝပ်တောက်ပဖို့
ဟန်တပြင်ပြင်နဲ့
အတွေးတွေကတော့ မင်းလာမယ့်လမ်းအထက်
ဖွေးဖွေးလှုပ်
မိုးကုပ်စက်ဝိုင်းရဲ့အနောက်တံခါးဟာ
ခေါင်းလောင်းထိုးနေပြီပ...၊

ခန္ဓာအနှံ့ တဖျပ်ဖျပ်လူး
ပြေးလွှားဟစ်အော်လို့
မင်းရဲ့ အကြည့်တွေနဲ့ ကြပ်စီးခံရဖို့
နှလုံးသားက ဖိတ်ခေါ်နေပါရဲ့...
ပန်းနုသွေးတွေ နစ်မြုပ်နေတဲ့
မင်းရဲ့ပါးပြင်မှာ
ငွေရည်ပါးကွက်လူးဖို့
ငွေလဝန်းလည်း ရောက်လာမယ်
ဒါဟာ ညဦးရဲ့အိမ်ပြန်လက်ဆောင်ပေါ့၊

လှမ်းခဲ့စမ်းပ
ကျစ်ဆံမြီးရဲ့ သမီးပျိုရေ...။

(ဝေမိုးအောင်)
(2nd December 1995, 2:04 pm)


ညီလင်းသစ်
၎ စက်တင်ဘာ၊ ၂၀၀၈