20 February 2013

ဖိုမဝင် မိတ်ဆွေများဆီသို့...


သူတို့တွေနဲ့ သိတာ ကြာပါပြီ၊ တချို့ကိုဆိုရင် အတော့်ကိုကြာပြီ..၊ စာကြောင်းလေး တစ်ကြောင်းနှစ်ကြောင်း၊ Smiley လေး တစ်ခုနှစ်ခုနဲ့ အစပြုခဲ့တယ်၊ တချို့က ကျနော်ရေးသမျှ ကောင်ကောင်းဆိုးဆိုး စကားလေးတစ်ခွန်း၊ ထင်မြင်ချက်လေးတစ်ခုတော့ လာပေးတတ်ကြတယ်၊ တချို့က တခါတလေ ပျောက်လိုက်၊ တခါတလေ ပေါ်လိုက်နဲ့ လာလာလည်တယ်၊ တချို့တွေကတော့ တိုးတိုးတိတ်တိတ်နဲ့ လာအားပေးလေ့ ရှိပါတယ်...၊

သူတို့တွေကို ကျနော်သိခဲ့တာ ဒီနေ့ဒီအချိန်အထိတော့ ဇော်ဂျီရဲ့ ကျေးဇူးနဲ့လို့ပဲ ဆိုရမှာပါ၊ ဇော်ဂျီဖောင့်ကို အသုံးပြုပြီးတော့ ရေးထားတဲ့ စာကြောင်းလေးတွေက တဆင့် ရင်းနှီးခင်မင်ခွင့် ရခဲ့တယ်၊ မြားနတ်မောင်ဆိုတဲ့ ချာတိတ်ကလေးဟာ သူ့လက်ထဲက မြားကလေးနဲ့ ပစ်လိုက်တိုင်း နှလုံးသားနှစ်ခု ပေါင်းစည်းသွားတယ်လို့ ဆိုရင် အွန်လိုင်းပေါ်က ဇော်ဂျီဟာလည်း သူ့ရဲ့ ဆေးကြိမ်လုံးနဲ့ တို့ပြီး တူညီတဲ့ ရင်ဘတ်တွေကို နီးစပ်စေတယ်လို့ ကျနော် ဆိုချင်ပါတယ်၊ ဟုတ်ပါတယ်၊ များသောအားဖြင့် ဖြူသလား မည်းသလားတောင် မသိရတဲ့ ရင်ဘတ်တွေပါ...၊

အခုတော့ အဲဒီရင်ဘတ်တွေ ရှိရာဆီ ကျနော် သွားတော့မယ်၊ တခါက ရေးခဲ့သလိုပဲ ဒီခရီးစဉ်လေးကို 'ဇော်ဂျီဖြင့်သာ ဆုံခဲ့ဖူးသည့် ဖိုမဝင် မိတ်ဆွေများဆီသို့' လို့ ကျနော့်ဘာသာ နာမည်ပေးထားပါတယ်၊ ဒီနေ့အထိ ဘယ်ဘလော့ဂါကိုမှ ကိုယ်တိုင်ကိုယ်ကျ မဆုံဖူးသေးတဲ့ ကျနော့်အတွက်တော့ ဒီခရီးလေးက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်၊ ဆိုရရင် ဘလော့ဂ်ရေးသူမှ မဟုတ်ပါဘူး၊ စာဖတ်သူတွေနဲ့ ဆုံဖြစ်ရင်လည်း ဝမ်းသာစရာကောင်းမှာ အသေအချာပါ၊ ခြင်္သေ့ကျွန်းကလေးရဲ့ ခပ်စွေစွေ ရွာတတ်တဲ့ မိုးစက်တွေကို ရှောင်ရှားရင်း ဖြစ်ဖြစ်၊ တချက်တချက် သာတတ်တဲ့ နေရောင်ခြည်တန်းတွေ အောက်မှာဖြစ်ဖြစ် ရင်းရင်းနှီးနှီး၊ ခင်ခင်မင်မင်ပေါ့...၊ စင်ကာပူမှာ ကျနော်ရှိတုန်း ဆက်သွယ်ရ လွယ်ကူအောင် prepaid SIM ကဒ်တစ်ခုကိုလည်း ဝယ်ထားခဲ့တယ်၊ နံပါတ်က 8623 1409 ပါ၊ ဖေဖော်ဝါရီ ၂၂ ကနေ ၂၇ အတွင်း ဒီနံပါတ်မှာ ကျနော်ရှိနေမှာပါ၊ ဇော်ဂျီအားကိုးနဲ့ပဲ တချိန်လုံး ဆုံခဲ့ရပေမယ့် ကျွန်းကလေးပေါ်က မိတ်ဆွေတွေဟာ သူယောင်မယ်တွေ မဟုတ်ကြောင်း၊ အပြင်လောကမှာ တကယ်သက်ရှိထင်ရှား ရှိနေကြတဲ့ လူသားတွေဖြစ်ကြောင်း ဘလော့ဂ်ရေးတဲ့ ညီလင်းသစ်က တကယ်အရောက်သွားမယ့် ညီလင်းသစ်ကို ဒီခရီးလေးမှာ သက်သေပြပါ လိမ့်မယ်၊ တနည်းအားဖြင့်တော့ ကျနော့်အတွက် ဒီခရီးစဉ်လေးဟာ A Trip from Virtuality to Reality လို့ပဲ ဆိုချင်ပါတော့တယ်။ ။


ညီလင်းသစ်
၂၀ ဖေဖော်ဝါရီ၊ ၂၀၁၃

17 February 2013

တွယ်ငင်တိုးရစ် သုံးဆယ့်ရှစ်...


ဘာလိုလိုနဲ့ တစ်နှစ်တော့ ရောက်လာခဲ့ပြန် ပါပြီ...၊ မနှစ်က ဒီလိုရက်ရဲ့ မနက်ခင်းမှာ ရန်ကုန်လေဆိပ်ကို ရောက်တာမှတ်မိတယ်..၊ အဲဒီလို မရောက်,ရောက်အောင် ချိန်ပြီးသွားခဲ့တာမို့ အမှတ်တရ ပါပဲ..၊ ဒီတစ်နှစ်မှာတော့ မနှစ်ကလို ချိန်သားကိုက် မဟုတ်ပေမယ့် အဲဒီလိုပဲ အမှတ်တရဖြစ်မယ့် (ဖြစ်မယ်လို့ မျှော်လင့်ထားမိတဲ့) ခရီးလေးတစ်ခုတော့လည်း သိပ်မကြာခင်မှာ ရှိပါတယ်၊ ကိုယ် လူ့လောကကို ရောက်လာတဲ့ ရက်တစ်ရက်ကို အမှတ်တရအဖြစ် ချစ်ခင်လေးစားရသူတွေနဲ့ ဆုံစည်းဖို့ စီစဉ်နိုင်တဲ့ အတွက် ကျနော် ကျေနပ်မိပါတယ်..၊း)

ပြက္ခဒိန် တစ်စောင်စာတိတိ ကွာသွားတဲ့ အတွင်းသဏ္ဍန်ကတော့ ကြီးရင့်လာသလားဆိုတာ ကိုယ့်ဟာကိုယ် မသေချာပါဘူး၊ လွန်ခဲ့တဲ့ ၂ နှစ်က ရိုက်ဖူးတဲ့ ဟောဒီကိတ်မုန့်လေး လိုမျိုးတော့ ဒီတစ်ခေါက် မရိုက်ဖြစ်ပါဘူး၊ စိတ်အခြေကလည်း ပြောရရင် အဲဒီတုန်းကလိုပဲ ကော်ဖီသောက်တဲ့ အခြေအနေမှာ ပါပဲ..၊း) ပုထုဇဉ်ပီပီ နှစ်တွေအလိုက် တိုးနှောင်ရစ်တွယ်တဲ့ သံယောဇဉ်တွေ အကြောင်းကိုပဲ ကျနော် တွေးနေမိပါတယ်...။ ။


ညီလင်းသစ်

10 February 2013

ကတ်ကြေးတစ်ကိုက်...




ဘယ်နှစ်လှမ်းမြောက်မှန်း မသိတော့သော ခြေလှမ်းတို့ကို အသာရပ်လိုက်ရင်းမှ ခန္ဓာကိုယ်ကို ဘယ်ညာတဖက်ဆီသို့ အသာအယာကလေး ဆက်ပြီး သူ လှုပ်ယိမ်းနေလိုက်သည်၊ အပြင်မှာ မှောင်ပြီ ဖြစ်သော်လည်း အခန်းလေးထဲမှာ မီးပိတ်ထားဆဲ ဖြစ်သည်၊ တဖက်က ထမင်းစားခန်းမှ မီးရောင်တချို့ နယ်ကျွံလျက် ဝင်ရောက်နေခြင်း ကြောင့်သာ အခန်းလေးထဲက ပရိဘောဂ၊ ပစ္စည်း များကို မသဲမကွဲ မြင်နေရခြင်း ဖြစ်သည်၊ စားပွဲပေါ်မှ နာရီဆီသို့ အမှတ်တမဲ့ လှမ်းကြည့်မိတော့ ည ၇ နာရီခွဲကို ညွှန်ပြနေသည့် လက်တံတို့ကို မပီဝိုးတဝါး တွေ့ရသည်၊ မှန်ပြူတင်းတံခါး၏ အပြင်ဖက် ချုပ်ညရီထဲမှာ မာကျူရီ မီးတိုင်တွေက အလင်းတွေ ဖြာကျလျက် ညဦးကို တစွန်းတစ ရက်ဖောက်စ ပြုနေခဲ့ပြီ၊ လမ်းပေါ်မှာတော့ လူသူလေးပါး ကင်းရှင်းလျက်...၊

သူရှိနေရာ အခန်းကလေးထဲမှာ သူ့အပြင် အခြားအသက်ရှူသံလေး တစ်ခုက တရှူးရှူးနှင့် ဖြေးဖြေးနှင့် ပုံမှန်လေး ထွက်ပေါ်လျက် ရှိပါသည်၊ အသံလာရာဆီသို့ သူ ငုံ့ကြည့်လိုက်သည်၊ ကြမ်းပြင်ပေါ် တစွန်းတစ ကျနေသည့် တဖက်ခန်းမှ မီးရောင်ဖြင့် သားရဲ့ မျက်နှာလေးကို သူ တွေ့နေရသည်၊ သူ့လက်ပေါ်မှာ အပူအပင် ကင်းမဲ့စွာဖြင့် အိပ်ပျော်နေသော မျက်နှာကလေး...၊ စောစောတုန်းကတော့ ဗိုက်ဆာနေ၍ထင့်၊ မျက်နှာတွေ နီရဲလာအောင်ပင် တဝါးဝါး အော်ငိုနေခဲ့ သေးသည်၊ သားမေမေက နို့တိုက်ဖို့ ပြင်ဆင်နေသည့် ကြားကပင် သားက တစ်စက္ကန့်လေးမျှ ဆက်ပြီး စောင့်ဆိုင်းလိုခြင်း အလျှင်းမရှိ၊ သူ့အတွက်က တစ်စက္ကန့်သည် တစ်ကမ္ဘာအလား ကြာလွန်းလှပုံပင်၊ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျသည့်အထိပင် အော်ဟစ်ငိုယို နေခဲ့သည်၊ အခုတော့လည်း ဗိုက်ကလေး ပြည့်သွားသည့်အခါ စောစောက ဒေါသူပုန်တွေ ထနေခဲ့သည့် သားကလေးက တရှူးရှူးဖြင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ခံစားလို့..၊

လက်အနေအထားကို ပြောင်းလိုက်သည့်အခါ သူ့လက်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည့် သားက အနည်းငယ် လူးလွန့်သွားခဲ့သည်၊ နိုးများ နိုးသွားမလားဟု စိုးရိမ်မိသွားကာ တကျွတ်ကျွတ်ဖြင့် သူ စုတ်သပ်ကာ ချော့မိသည်၊ သို့သော် ဒါက သူ့စိုးရိမ်မှု သက်သက်သာ ဖြစ်သည်၊ ကလေးက မနိုးပါ၊ သူ့မှာသာ တကျွတ်ကျွတ်ဖြင့် 'အေးအေး..အိုအို' လုပ်ရင်း လက်နှစ်ဖက်ကို ခပ်ဆဆလေး ဆက်လွှဲကာ အသာချော့သိပ် နေဖြစ်သည်၊ အနေအထား ပြောင်းသွားသော သားရဲ့လက်ကလေးကို သူ့ဗိုက်ပေါ် အသာလေး ပြန်တင်ပေး လိုက်သည်၊ ဗိုက်ပေါ်မှ အင်္ကျီလေးကို ခပ်သာသာ ပြန်ဆွဲချပေးရင်း သူ့စိတ်က လွန်ခဲ့သော လေးလနီးပါး ခန့်က ဆေးရုံပေါ်မှ မွေးခန်းထဲကို ပြန်ရောက်သွားခဲ့သည်၊

ညနေဖက်ကြီး ဗိုက်နာလာသည့် ဇနီးသည်ကို ဆေးရုံလိုက်ပို့တော့ မီးယပ်ဆရာဝန်က ဒီညပဲ မွေးဖို့ အဆင်သင့် ဖြစ်နေပြီဟု ဆုံးဖြတ်ကာ ဆေးရုံတက်စေသည်၊ မွေးလူနာခန်း တစ်ခုမှာ လိုအပ်တာတွေ ပြင်ဆင်ရင်း အဆင်သင့် ဖြစ်တော့ သူတို့ကို မွေးခန်းထဲကို ပို့လိုက်သည်၊ ဤနိုင်ငံ မှာက မီးဖွားမည့် လူနာအမျိုးသမီး၏ ခင်ပွန်းပါ မွေးခန်းထဲကို လိုက်ခွင့် ပေးထားပါသည်၊ သို့နှင့် သူလည်း မွေးခန်း ဆိုတာကြီးထဲ ဒုတိယအကြိမ် ပြန်ရောက်ခဲ့ရသည်၊ ပထမတစ်ကြိမ်က အကြိုဆို ခံရသူ အနေနှင့် ဖြစ်ပေမယ့် ယခုတစ်ခေါက်ကတော့ ကြိုဆိုသူ နေရာက...၊ ဇနီးသည်၏ ဘေးမှာ အသာထိုင်နေရင်း အချိန်ကျဖို့ကို စောင့်ဆိုင်းနေခဲ့သည်၊ သူနာပြု ဆရာမလေးတွေနှင့် သားဖွား ဆရာမ တချို့က သူတို့ကို လာကြည့်လိုက်၊ တဖက်ခန်းက အခြားမွေးလူနာတွေကို သွားကြည့်လိုက် ဖြင့် ဝင်ချည်၊ ထွက်ချည် ရှိနေကြသည်၊ သို့နှင့် သန်းခေါင်ကျော်လာသည့် အခါမှာ တော့ သားကလေးက အပြင်ထွက်ချင်ကြောင်း အချက်ပြလာခဲ့ တော့သည်၊

မရှေးမနှောင်းမှာပဲ သားကို မွေးပေးဖို့ စောစောကတည်းက လာကြည့်ခဲ့သော သားဖွားဆရာမ တစ်ယောက် ရောက်လာခဲ့သည်၊ ဆရာမလေးကို ကြည့်ရင်း သူပြုံးမိသည်၊ 'ကလေး မွေးတဲ့အခါ သားဖွားဆရာမပဲ လာမွေးပေးတယ် ဆိုရင် အဲဒါ သတင်း ကောင်းပဲ၊ သဘောက အခြေအနေ အားလုံးကောင်းတယ်၊ ဘာမှရှုပ်ထွေးမှု မရှိလို့ မီးယပ်ဆရာဝန်ကြီးတွေ လာစရာ မလိုဘူးဆိုတဲ့ အဓိပ္ပါယ်လေ..'တဲ့၊ သူ့ကို ဘယ်သူများ ပြောသွားတာပါလိမ့်၊ ဆရာမလေးကတော့ လုပ်စရာ ရှိတာတွေကို တစ်ခုချင်း အေးအေးဆေးဆေး လုပ်နေခဲ့သည်၊ လူသားကလေး တစ်ယောက်ကို ကြိုဆိုရမည့် သူတစ်ယောက်လို မဟုတ်ဘဲ ရုံးစားပွဲမှာ စာရွက်စာတမ်းတွေနှင့် အလုပ်ထိုင်လုပ် နေသည့်နှယ်၊ သူ့မှာသာ စိတ်လှုပ်ရှားနေ ခဲ့သည်၊ ဇနီးသည်ကို အကဲခတ်ကြည့်တော့ သူလည်း စိတ်စောနေပုံ ရသည်၊ နဖူးမှာ ချွေးသီးလေးများပင် စို့လို့..၊ သူ့လက်ထဲက တစ်ရှူးပုဝါလေးဖြင့် ချွေးများကို သုတ်ပေးလိုက်သည်၊ ကိုယ်ဝန်ရင့်လာသည့် အချိန်မှာ မိဘလောင်းတွေကို မီးဖွားခြင်းနှင့် ဆိုင်သည့် သိစရာ အချက်အလက်များကို ရှင်းပြသည့် ဆွေးနွေးပွဲ သင်တန်းတစ်ခု သူတို့ တက်ခဲ့ရသည်၊ အဲ့သည် သင်တန်းမှာ ပြောဆိုကြသော အကြောင်းအရာ အများစုက သဘာဝကျစွာပင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနှင့်သာ အဓိက သက်ဆိုင်သောကြောင့် အခြားသော ကိုယ်ဝန်ဆောင်တွေ၏ ယောက်ျားများ နည်းတူ သူလည်း မျက်လုံး ပေကလပ်ဖြင့် လိုက်ပြီး နားထောင်နေ မိသည်၊ ယောက်ျားတွေနှင့် သက်ဆိုင်သည့် အကြောင်းများ ရောက်တော့ သူ ခါးမတ်သွားရင်း နားစွင့်ထားမိသည်၊ သူတို့လို ခင်ပွန်းသည်တွေ လုပ်နိုင်သည့် ရှားရှားပါးပါး အချက်အနည်းငယ်က ကိုယ့်ဇနီးဘေးမှာ ထိုင်ပြီး အားပေးခြင်းနှင့် ချွေးသုတ်ပေးခြင်းတို့ ဖြစ်သည်-တဲ့...၊

သူ့လို အမျိုးသား တစ်ဦးအတွက်ကလည်း မွေးခန်းထဲမှာ လုပ်စရာ များများစားစား သိပ်မရှိလှပါ၊ မွေးမည့် ဇနီးသည်၊ သားဖွားဆရာမ၊ ကူညီသည့် သူနာပြုဆရာမ၊ အားလုံးမှာ လုပ်စရာ ကိုယ်စီနှင့်..၊ အားပေးရုံ၊ ချွေးသုတ်ရုံသာ တတ်နိုင်သည့် သူ့အတွက် အခုလို လာထိုင်ခွင့်ရသည့် အဖြစ်ကပင်လျှင် စိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့ပြီ၊ ဇနီးသည်ကို အသက်မှန်မှန် ရှူဖို့ ပြောလိုက်၊ မစိုးရိမ်ဖို့ အကြောင်း၊ မကြာခင် အဆင်ပြေသွားမည့် အကြောင်း အားပေးလိုက်၊ လိုအပ်လျှင် ချွေးသုတ်ပေးလိုက်၊ နည်းနည်းလေး အားစိုက်ညှစ်ဖို့ ပြောလိုက်နှင့် သူလည်း တတ်နိုင်သလောက် ပါဝင်ခဲ့သည်၊ သို့နှင့် သိပ်မကြာလိုက်ခင်မှာပဲ သူ မျှော်လင့်ခဲ့ရသော အချိန်က ချောမွေ့စွာပဲ ရောက်လာခဲ့ ပါသည်၊ နီရဲနေသော လူသားသေးသေးလေးကို မြင်လိုက်ရချိန်နှင့် 'အူဝဲ' ဆိုသော အသံလေး ကြားလိုက်ချိန်က တဆက်တည်းလိုလိုပင် ဖြစ်လေသည်၊ သားကို မြင်လိုက်ရချိန်၌ အိပ်မက်ကမ္ဘာနှင့် တကယ့်အဖြစ်မှန်တို့ အကြား တိမ်မျှင်တိမ်စိုင်တို့ ထူထပ်လှသည့် တောင်ထိပ်ပေါ်မှာ လမ်းလျှောက်နေရသလို သူခံစားရလေသည်၊

ကလေးကို အပြင်ရောက်ရောက်ချင်း မိခင်၏ ရင်ဘတ်ပေါ်သို့ ချက်ချင်းပင် တင်ပေးပါသည်၊ မိခင် ဗိုက်ထဲမှာ လပေါင်းများစွာ နေခဲ့သည့် ကလေးတစ်ယောက်အတွက် ပြင်ပကမ္ဘာနှင့် ထိတွေ့လိုက်ရ ချိန်မှာ အလိုအပ်ဆုံးက အမေ၏ ရင်ငွေ့နွေးနွေးနှင့် စကားသံတို့သာ ဖြစ်သည်ဟု ဆိုသည်၊ စင်စစ် လူသားကလေးတစ်ယောက် မြေကမ္ဘာကို ရောက်ရှိလာသည့် ဖြစ်စဉ်ထဲတွင် မိခင်နည်းတူ ကလေးလည်း ပင်ပန်းရသည်၊ မောပန်းသည့် ခရီးကြမ်း၊ အေးစက်သော ပြင်ပလေ၊ သူ့ကို ကိုင်တွယ်ထိတွေ့သော လက်များ..၊ ဒါတွေကို တပြိုင်တည်း ကြုံလိုက်ရသော ကလေးတစ်ယောက် အတွက် ယခုလို အမေ့ရင်ဘတ်ပေါ်မှာ အမောဖြေဖို့၊ လုံခြုံနွေးထွေးစေဖို့ အရေးကြီးပါသည်၊ ခဏကြာတော့မှ ချက်ကြိုးဖြတ်ဖို့ ပြင်ဆင် ကြသည်၊

'ဒီနေရာလောက်က ဖြတ်နော်'ဟု သူနာပြု ဆရာမလေးက ချက်ကြိုးကိုပြပြီး သူ့လက်ထဲကို ကတ်ကြေးတစ်လက် လာထည့်ပေးသည်၊ ကတ်ကြေးကို တခါမှ မကိုင်ဖူးသူ တစ်ယောက်လို လှမ်းကိုင်ရင်း သူ စိတ်လှုပ်ရှားနေခဲ့သည်၊ ချက်ကြိုးဖြတ်ရာမှာ ဖခင်များ ဆန္ဒရှိပါက ပေးဖြတ်သည်ဟု သင်တန်းမှာတုန်းက သူမှတ်ခဲ့ရသည်၊ ယခုတော့ သူ့လက်ထဲမှာ ကတ်ကြေးတစ်လက် ရောက်နေပြီ၊ သူ့ဘဝမှာ ကတ်ကြေးပေါင်းများစွာ ကိုက်ခဲ့ဖူးပါသည်၊ ထမင်းစားဝိုင်းက နံနံပင်ကို၊ အမေစက်ချုပ်သည့် ပိတ်စတွေကို၊ စာသင်ခန်းထဲက စက္ကူပေါင်း များစွာကို၊ အစရှိသဖြင့်..၊ ပစ္စည်းအစုံကို ကတ်ကြေးအစုံဖြင့် သူ ဖြတ်ခဲ့ဖူးသည်၊ အခုလို ခံစားရတာမျိုး မရှိခဲ့၊ ယခုတော့ မွေးခန်းထဲက ကုတင်ဘေးမှာရပ်ရင်း လက်ထဲမှာ ကတ်ကြေးတစ်လက်နှင့် သူ့မှာ မောပန်းနေ သလိုလို၊ လက်ချောင်းတွေက အားမရှိတော့ သလိုလို၊ တစုံတခုကိုပဲ စိုးရိမ်နေ သလိုလို..၊

'ကျနော် ညှပ်လိုက်ရင် သူ နာသွားမှာလား...'

သူ့အမေးကို အရှေ့က ဆရာမလေးက နားလည်သည့် အပြုံးတစ်ခုဖြင့် ပြန်ဖြေပါသည်၊

'မစိုးရိမ်ပါနဲ့ရှင်၊ မနာပါဘူး၊ ရှင့်သားက သိလိုက်မှာတောင် မဟုတ်ပါဘူး၊ ကျမတို့ ဒီမှာ ဖော့ဆက်နဲ့ ပိတ်ထားတဲ့ နေရာအတွင်းမှာ ရဲရဲသာ ညှပ်ချလိုက်ပါ'...၊

အနည်းငယ် စိတ်ပေါ့ပါးစွာဖြင့် ချက်ကြိုးပေါ်သို့ ကတ်ကြေးကို သူ တင်လိုက်သည်၊ ကလေး၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ချက်ကြိုးသည် အတော်ပင် ကြီးမားပါသည်၊ လုံးပတ်က သူ့စိတ်ထင် အနည်းဆုံး လက်နှစ်လုံးခန့်တော့ ရှိလိမ့်မည်၊ အသက်ကို ခပ်ပြင်းပြင်း တချက်ရှူသွင်းရင်း ဟ,ထားသော ကတ်ကြေးကို သူ ဖိညှပ်ချလိုက်သည်၊ ချက်ကြိုးက ပလတ်စတစ် ကြိုးစတစ်စလို ချက်ချင်း တိကနဲ ပြတ်ကျမသွားပါ၊ ကတ်ကြေးအသွားက ချက်ကြိုးထဲမှာ တအိအိ မြုပ်ဝင်သွားနေတာကို သူ့လက်ကနေ ခံစားလို့ ရနေသည်၊ နောက်ထပ် နည်းနည်းလေး အားစိုက်လိုက်သည့် အခါမှာ 'ရွှပ်' ဆိုသောအသံနှင့်အတူ ချက်ကြိုးတစ်ခုလုံး ပြတ်သွားတော့သည်၊ သူ့ ရင်ထဲမှာလည်း အမျိုးအမည် ဖော်ပြရခက်သည့် ခံစားမှုများစွာ ဖြတ်သန်းတွန်းတိုက် သွားခဲ့သည်၊ အဲ့သည် 'ရွှပ်' ဆိုသော အသံက တကယ်တော့ သားကလေးကို ဟောဒီလောကထဲ ဖြည်ချလိုက်သည့်အသံ..၊ ထိုအသံလေးထဲမှာ စိန်ခေါ်မှုတွေ ပါသည်၊ အားထားမှုတွေ ပါသည်၊ တာဝန်ယူမှုတွေ ပါသည်၊ ကျေနပ် ပီတိဖြစ်ခြင်းတွေလည်း ပါ,ပါသည်၊ စင်စစ် ချက်ကြိုးဆိုတာက ကလေးတစ်ယောက် လူ့လောကထဲ ရောက်သည့် အချိန်ကစလို့ ဘာမှ အသုံးမဝင်တော့..၊ ချက်ကြိုးကတဆင့် မိခင်အပေါ် တချိန်လုံး မှီခိုနေရသည့် အဖြစ်မှ သူ့ခွန်သူ့အားဖြင့် စားသောက်ရှင်သန်ရမည့် အဖြစ်ကို သားလေး ကူးပြောင်းတက်လှမ်းဖို့ ကတ်ကြေးတစ်ကိုက်ဖြင့် ဖေးမခေါ်ယူခွင့် ရသည့်အတွက် သူ ကျေနပ်ပါသည်၊ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ မိခင်တစ်ယောက်တည်းက အချိန်ပြည့် တာဝန်ယူခဲ့ရာက ယခုအချိန်မှစ၍ သူကပါ ဖခင်တစ်ယောက် အနေနှင့် ခွဲဝေမျှခံဖို့ ဤကတ်ကြေးတစ်ကိုက်က သတိပေးလိုက်ခြင်းလည်း ဖြစ်ပါသည်၊

မွေးခန်းထဲမှာ ရှိနေရာမှ သား၏ အိပ်ခန်းထဲသို့ သူ ရုတ်တရက် ပြန်ရောက်လာခဲ့သည်၊ သားက သူ့လက်ပေါ်မှာ တရှူးရှူးနှင့် အိပ်ပျော်နေဆဲ၊ ဒီတခါတော့ ပုံစံ မပျက်ယွင်းအောင် တတ်နိုင်သလောက် သတိထားချီပွေ့လျက် အိပ်ရာပေါ်သို့ ချလိုက်သည်၊ အိပ်မောကျသွား၍ ထင်သည်၊ လူးလွန့်တာမျိုး မရှိတော့၊ နို့ဝသွားသော မျက်နှာလေးကို ကြည့်နေရင်းမှ သား၏ ချက်ကလေးကို အင်္ကျီပေါ်မှနေ၍ သူ အသာလေး လက်ညှိုးဖြင့် ထိကြည့်မိသည်၊ မွေးခန်းထဲက ကတ်ကြေးတစ်လက် အကြောင်း စဉ်းစားမိသည့်အခါ ရင်သည် ယခုထက်တိုင် ပူနွေးရဆဲ ဖြစ်သည်၊ တကယ်တော့ သားကလေးသည် သူ တဝက်စိုက်ပျိုးခဲ့သော သစ်ပင်ပေါက်ကလေး ဖြစ်ပါသည်၊ တသက်စာ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဟူသော စကားရှိ၏ ယခု ဤသစ်ပင်လေး ကိုလည်း သူတို့က တသက်စာအတွက် စိုက်လိုက်ခြင်း ဖြစ်သည်၊ သို့သော် စိတ်ချမ်းသာဖို့၊ အရိပ်ရဖို့၊ အသီးစားရဖို့ ဆိုသည်မှာ မသေချာသော၊ မမျှော်ကိုးသော အကြောင်းအရာများ ဖြစ်သည်၊ သေချာသည်ကတော့ ချစ်ခြင်းမေတ္တာ သက်သက်ဖြင့်သာ စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်။ ။


(“သက်တံ့ဆယ်စင်း” စာအုပ်ထဲမှာ ပါခဲ့တဲ့ ကျနော့်ရဲ့ ဝတ္ထုတိုလေးပါ၊ တချို့လည်း ဖတ်ပြီးသား ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မဖတ်ရသေးတဲ့ သူတွေအတွက်ရယ်၊ အမှတ်တရဖြစ်အောင်ရယ် ဆိုပြီး တင်လိုက်ပါတယ်...)


ညီလင်းသစ်
၁၀ ဖေဖော်ဝါရီ၊ ၂၀၁၃

04 February 2013

ဘိလပ်မြို့တော်သို့ (၃) ...


လန်ဒန်မှာ ကျနော်တို့ သွားလာသမျှ အချိန်တိုင်းအတွက် စီးဖြစ်တာကတော့ Underground ရထားတွေပါပဲ၊ ကျနော်တို့ တည်းခဲ့တဲ့အိမ်က zone 6 ထဲမှာပါတော့ မြို့ ပြင်ဖက် နည်းနည်းကျတယ်လို့ ဆိုရမှာပေါ့၊ အဲဒီကနေ မြို့ထဲသွားတိုင်း အနည်းဆုံးတော့ ရထားတစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်စီးရတယ်၊ အချိန်အားဖြင့် ၄၅ မိနစ်ကနေ တစ်နာရီလောက်တော့ ကြာပါတယ်၊ မှတ်မှတ်ရရ ရောက်တဲ့နေ့မှာ တက္ကစီ တစ်ခါပဲစီးခဲ့တယ်၊ ဒါတောင် အဲဒါက ရထားမောင်းသူတွေ သပိတ်မှောက်တာနဲ့ တိုးသွားလို့...၊ အပြင်သွားမယ့် နေ့ဆို မနက် ၉ နာရီခွဲ နောက်ပိုင်းမှ ရထားစီးရအောင် အချိန်တွက်ပြီး ထွက်တယ်၊ ၉ နာရီခွဲ နောက်ပိုင်းဆိုရင် ရထားခတွေက တဝက်နီးပါး သက်သာပါတယ်၊ ပြီးတော့ ရုံးချိန်အမီ သွားတဲ့သူတွေလည်း မရှိတော့လို့ ရထားတွေလည်း ချောင်ပါတယ်၊ ညနေမှာတော့ ၄ နာရီကနေ ၇ နာရီအတွင်းဆို မနက် rush hour လိုပဲ ရထားခတွေ ဈေးကြီးတယ်၊ ဒါကိုတော့ ကျနော်တို့ မရှောင်နိုင်တော့ဘူး၊ ကလေးတစ်ဖက်နဲ့မို့ ည ၇ နာရီ ကျော်တဲ့အထိ စောင့်ဖို့ မကြိုးစားတော့ဘူး၊


ကြာလာတော့ အဲဒီလို နေ့တိုင်းရထားစီးရတာကို သားက စိတ်ပျက်လာတော့တယ်၊ သူ နားမလည်နိုင်တာက နေရာတကာ နှစ်ထပ်ဘတ်စ်ကား အနီကြီးတွေ တွေ့နေရဲ့သားနဲ့ ကျနော်တို့က ဘာဖြစ်လို့ မြေကြီးအောက်မှာ သွားတဲ့ရထားကိုပဲ တချိန်လုံး စီးနေကြတာလဲ ဆိုတာပါ၊ အပြင်ထွက်တာနဲ့ ဘတ်စ်ကားနဲ့ သွားမှာလားလို့ အမြဲမေးတယ်၊ ကျနော်တို့ကလည်း ဘတ်စ်ကားနဲ့ဆို သုံးလေးဆင့် ပြောင်းစီးရမယ့်အပြင် မီးပွိုင့်တွေ၊ ယာဉ်ကြောတွေကြောင့် အချိန်တွေ ပိုကြာမယ်လို့ အမြဲပြန်ဖြေရတယ်၊ ပြီးတော့လည်း ခြေလှမ်းတွေက ဘူတာရုံကိုပဲပေါ့၊ အမှန်တော့ သားက မြို့ ပြရဲ့ လူနေမှုဘဝကို ကောင်းကောင်းနားမလည်သေး တာပါ၊ သူက ၅ လအရွယ်ကတည်းက နေ့ကလေးထိန်းကျောင်း သွားနေရတယ် ဆိုပေမယ့် အိမ်ကနေဆို ၁၀ မိနစ်ပဲ လမ်းလျှောက်ရတဲ့ အကွာအဝေးပါ၊ အခု တက်နေတဲ့ မူကြိုကလည်း ၁၀ မိနစ်ပဲ လမ်းလျှောက်ရတယ်၊ တခါတလေမှာ မြို့ထဲကိုသွားရင်လည်း tram နဲ့ ၁၅ မိနစ်ဆို ရောက်ပြီ၊ ဆိုတော့ အခုလို ထောင်သောင်းချီတဲ့ လူအုပ်ကြီးနဲ့ အချိန်အကြာကြီး သွားရတာက သူ့အတွက် စိတ်ညစ်စရာ ဖြစ်ပုံပါပဲ၊ ကျနော်တို့ ကတော့ ခရီးသွားတယ်ဆိုတာမှာ ရသမျှ အတွေ့အကြုံအားလုံးဟာ ကိုယ့်အတွက် အမြဲတမ်း ပျော်စရာ၊ သာယာကြည်နူးစရာပဲ ဖြစ်လိမ့်မယ်လို့ မထင်ထားနဲ့ဆိုပြီး သူ့ကို စကားလုံးတွေ အမျိုးမျိုး ပြောင်းသုံးပြီး ဖျောင်းဖျတာပါပဲ၊ စူပုပ်ပုပ် ဖြစ်နေတဲ့ သူ့မျက်နှာကို မသိချင် ယောင်ဆောင်ပြီးတော့ပေါ့...၊


တော်တော်ကြာ မြေအောက်ထဲ ဆင်းရပြန်ပြီ၊ တော်တော်ကြာ ပြန်တက်ရပြန်ပြီ၊ ဖြစ်ချင်တော့ လူတွေကလည်း နေရာတကာမှာ အပြည့်ပဲ...၊ ခရစ်စမတ်နဲ့ နှစ်သစ်ကူးအကြား ကာလဟာ လန်ဒန်ရဲ့ လူအရှုပ်ဆုံး အချိန်တွေထဲမှာ ပါမယ်ထင်ပါရဲ့၊ ဒါပေမယ့် underground ရထားတွေက အချိန်မှန်လို့ သွားရလာရတာ အဆင်ပြေ ချောမွေ့ပါတယ်...၊


တစ်ရက်မှာတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ စားသောက်ဆိုင်လေး တစ်ခုကို ရောက်သွားခဲ့တယ်၊ Rainforest cafe တဲ့...၊ ဆိုင်က ပစ်ကပ်ဒီလီလမ်းနဲ့ ရီးဂျင့် လမ်းမကြီး ဆုံတဲ့နားမှာ ရှိပါတယ်၊ တကယ့်မြို့လယ်ခေါင်ပေါ့၊ ဒါပေမယ့် ဆိုင်ထဲဝင်လိုက်တာနဲ့ မိုးသစ်တော တစ်ခုရဲ့ အလယ်မှာ ရုတ်တရက် ပစ်ချခံလိုက်ရ သလိုပဲ၊ ရေစီးသံတွေ၊ ငှက်အော်သံတွေ၊ စိုထိုင်းထိုင်း ဖြစ်နေတဲ့ ခံစားမှုတွေ၊ အုံ့ဆိုင်းဆိုင်း သစ်ပင်တွေက တမုဟုတ်ချင်း လွှမ်းမိုးသွားတယ်၊ ဆိုင်က မြေအောက်ထဲမှာ နှစ်ထပ်ရှိပါတယ်၊ မြေညီထပ်က အမှတ်တရ ပစ္စည်းရောင်းတာနဲ့ ဧည့်ကြို...၊ ကျနော်တို့က reservation လုပ်ဖို့ ဖုန်းကြိုဆက်တော့ အခုကာလမှာ reservation လက်မခံပါဘူး၊ frist come, first served ပါတဲ့...၊ ဒါနဲ့ ရောက်သွားတော့ လက်မှတ်လေးတစ်စောင် ပေးပြီး မိနစ် ၂၀ ကြာတဲ့အခါ အောက်ထပ်ကို ဆင်းသွားပါလို့ ဆိုတယ်၊ အချိန်စေ့လို့ အောက်ထပ်ကို ဆင်းသွားတော့ အဲဒီလက်မှတ်လေးကို ယူထားလိုက်ပြီး ၁၀ မိနစ်လောက် စောင့်ပါလို့ ဆိုပြန်တယ်၊ လူတွေကတော့ ဝင်လိုက်၊ ထွက်လိုက်နဲ့ပေါ့၊ စောင့်ဆိုင်းခြင်းရဲ့ အဆုံးမတော့ ဒုတိယမြောက် မြေအောက်ထပ်မှာ စားပွဲလေးတစ်လုံး ရပါတယ်၊ စားပွဲထိုးဝန်ထမ်း လူငယ်လေးတစ်ယောက် ရောက်လာတယ်၊ ကာကီအင်္ကျီ၊ ဘောင်းဘီနဲ့...၊ ကျနော်က ဟောဒီ မိုးသစ်တောထဲမှာ ခင်ဗျားတို့ရဲ့ adventures အတွက် တာဝန်ယူမယ့် ဂိုက်ပါလို့ မိတ်ဆက်တော့ ကျနော် သဘောကျသွားတယ်၊ စားသောက်ဆိုင်မှာ စားတဲ့ပုံစံထက် ဆာဖာရီထွက်ရင်း စခန်းချတဲ့ ပုံစံမျိုးရအောင် လုပ်ထားတာပဲကိုး...၊


အသုံးလည်းဝင်၊ သဘောကျစရာလည်း ကောင်းတဲ့ အချက်က အစားအသောက်စာရင်းမှာ Nut free, Egg free, Dairy free အစရှိသဖြင့် ရေးထားတာပါ၊ မတည့်တဲ့ သူတွေအတွက် စိတ်ရှင်းရှင်းနဲ့ စားနိုင်တာပေါ့၊ ကျနော်ကတော့ အသီးအရွက်တွေ လှိုင်လှိုင်နဲ့ ကြော်ထားတဲ့ ခေါက်ဆွဲကြော်ကို ခပ်ဖြေးဖြေးစားရင်း ကျောက်စက်ရေကျသံတွေ အောက်မှာ ကော့စ်မိုပိုလီတန် မြို့ ကြီးကို မေ့နေခဲ့တယ်...၊


ဟောဒါ ကျနော်သိတဲ့ လန်ဒန်ပါပဲ...၊ အုတ်နီခဲအကွက်လေး တွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် အိမ်လေးတွေ ရှိတတ်တဲ့ နေရာပေါ့...၊ အမြဲလိုလို မိုးရွာရင်ရွာ၊ မရွာရင် အုံ့မှိုင်းနေတတ်တဲ့ မြို့မှာ ရာသီဥတု ကြည်လင်တဲ့ နေ့ကလေးတစ်နေ့လည်း ရှားရှားပါးပါး ကျနော်တို့ လက်ဆောင်ရလိုက် ပါသေးတယ်၊ တည်းခိုရာအိမ်နဲ့ မဝေးတဲ့ ရပ်ကွက်ထဲက လမ်းတွေပေါ်မှာပဲ လမ်းလျှောက်ထွက်ဖြစ် ခဲ့တယ်...၊


တစ်ညနေမှာတော့ Shrek musical လည်း သွားကြည့်ဖြစ်ပါတယ်၊ လန်ဒန်မှာ သဘောကျစရာတစ်ခုက အခုလို musical တွေ၊ ပြဇတ်တွေ၊ အော်ပရာတွေ အမြဲလိုလို ရှိနေတာပါပဲ၊ ဟိုအရင် တစ်ခေါက်ကတော့ Lion King musical ကျနော် ကြည့်ဖြစ် ပါတယ်၊ ကြည့်စရာတွေ များတာမှန်ပေမယ့် ဈေးတွေကြီးတာကိုလည်း ထည့်ပြောမှ ပြည့်စုံမှာပါ၊ ဟုတ်ပါတယ်၊ သီရေတာမှာ တင်ဆက်တာတွေ အတော်များများက ဈေးအတော်ကြီးပါတယ်၊ ဒါပေမယ့် ဈေးဘယ်လောက်ကြီးကြီး အားလုံးလိုလိုက ရုံပြည့်ရုံလျှံ ပါပဲ၊ အခု Shrek ကတော့ လျှော့ဈေးချတာနဲ့ ကြုံလို့ သားကိုလည်း ပြချင်တာနဲ့ ကြည့်ဖြစ်သွားတာ...၊ လက်မှတ်တစ်စောင်ကို ၃၅ ပေါင် ပေးရပါတယ်၊ မူလဈေးက ၆၅ ပေါင်ပါ၊ musical တို့ထုံးစံ အသံပညာ အမျိုးမျိုးနဲ့ သီချင်းတွေကို ဆိုသွားတာ တော်တော် နားထောင်လို့ ကောင်းပါတယ်၊ သရုပ်ဆောင်သူတွေကလည်း မူလကာတွန်း ဇတ်ကောင်တွေရဲ့ စရိုက်ကို မသွေဖီဘဲ သရုပ်ဆောင်သွား နိုင်ပါတယ်၊ သားကတော့ နဂါးအရုပ်ကြီးကို သဘောကျလို့ မဆုံးဘူး...၊


ကျနော့်ရဲ့ နှစ်သစ်ကူး ညစာပါ...၊း) နှစ်သစ်ကူးနဲ့ ကြုံကြိုက်ပေမယ့် လန်ဒန်ရဲ့ နာမည်ကြီး countdown ကို မသွားဖြစ်ပါဘူး၊ အစ်မဝမ်းကွဲ ချက်တဲ့ မုန့်ဟင်းခါးကို စားပြီး အိမ်မှာပဲ နွေးနွေးထွေးထွေး နေဖြစ်တယ်၊ London Eye နားမှာ နှစ်သစ်ကူးကို စောင့်နေကြတဲ့ လူတွေကို ည ၁၁ နာရီခွဲမှာ အင်တာဗျူးလုပ်နေတာ တီဗီကနေ တွေ့လိုက်တယ်၊ အားလုံးလိုလိုက နေ့လယ် ၃ နာရီလောက် ကတည်းက နေရာဦးထားပြီး စောင့်နေကြတာလို့ ဆိုတယ်၊ ဒီလောက် ချမ်းချမ်းစီးစီးထဲမှာကို...၊ အိမ်မှာပဲနေပြီး နံနံပင်၊ ငရုတ်သီးမှုန့်၊ ပဲကြော် နိုင်းချင်းနဲ့ မုန့်ဟင်းခါးပူပူလေး စားရတဲ့ အရသာနဲ့ ဘယ်လဲနိုင်မလဲကွယ်...၊း)


အပြန်ကျတော့ EasyJet က သုံးနာရီနီးပါးလောက် နောက်ကျပါလေရော..၊ အလာတုန်းက တစ်မိနစ်မလွဲဘဲ အချိန်မှန်လို့ ကျနော့်မှာ တအံ့တသြနဲ့ ဖြစ်မိသေးတယ်၊ အခုလို နောက်ကျတာ တွေ့မှပဲ 'ဟူး.. တော်သေးတယ်၊ ကုမ္ပဏီ မမှားဘူး' လို့ သက်ပြင်းချပြီး သက်သာရာ ရတော့တယ်၊း) ဆိုတော့ Gatwick လေဆိပ်မှာပဲ တဝဲလည်လည်ပေါ့...၊


Costa ကော်ဖီ အက်စ်ပရက်ဆို double shot နဲ့ နေ့လယ်ခင်းကို ဆွဲဆန့်ပစ်လိုက်တယ်၊ မဟုတ်ရင်လည်း ကျနော်တို့မှာ တခြားရွေးချယ်စရာမှ မရှိဘဲကိုး...၊ EasyJet ရေ... အဆုံးတော့ မင်းရောက်လာရမှာ ပါလေ...၊


သားကလည်း နေ့လယ်ခင်းကို လက်ညှိုးလေးနဲ့ ပွတ်,ပွတ်ဆွဲပြီး သူ့နည်းသူ့ဟန်နဲ့ ဆွဲဆန့်တယ်၊ စကရင်တွေဟာ ကလေးတွေအတွက် မကောင်းတာမှန်ပေမယ့် ဒီလိုအခြေအနေမှာ အသုံးဝင်တာတော့ အမှန်ပါပဲ...၊


လန်ဒန်ပြန် အမှတ်တရ ပစ္စည်းပါ...၊း) Fish and chips တော့ မဟုတ်ဘူး၊ မြန်မာ့ ဘာလချောင်...၊ တရုတ်တန်းက တရုတ်ပစ္စည်း၊ ယိုးဒယားပစ္စည်း၊ ဗီယက်နမ်ပစ္စည်းတွေ ကြားမှာ ခပ်တင်းတင်း ရှိနေခဲ့တာပေါ့..၊ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ ပဲလေ..၊ A taste of Burma ဆိုပဲ..၊ နိုင်ငံနဲ့ကို ချီပစ်လိုက်တာ...၊ အဲဒါကြောင့်လား မသိဘူး၊ ၁၈၀ ဂရမ်ပါတဲ့ ပုလင်းလေးတစ်ခုကို သုံးပေါင်ခွဲ ပေးရပါတယ်၊ ဘာပဲဖြစ်ဖြစ် အိုလံပစ်လို နိုင်ငံတကာ အားကစားပွဲကြီးမှာ ဟိုးအနောက်က နှစ်သိမ့်ဆုနဲ့ ပန်းဝင်လာတဲ့ မြန်မာ့အားကစားမယ်လေးကို ဝမ်းသာအားရ အားပေးချင်တဲ့ စိတ်မျိုးနဲ့ အဲဒီဘာလချောင်တွေကို ကျနော် ဝယ်ခဲ့ပါတယ်...၊

တကယ်ဆို လန်ဒန်လို မြို့ ကြီးမှာ လည်ပတ်စရာ၊ စားစရာ၊ ကြည့်စရာတွေဆိုတာ ဘယ်ကုန်နိုင်ပါ့မလဲ၊ ဒါပေမယ့် ကျနော်တို့ရဲ့ ခရီးစဉ်က မိသားစုနဲ့ ဆုံတွေ့တာရယ်၊ ၅ နှစ်အရွယ် ကလေးတစ်ယောက် စိတ်ဝင်စားနိုင်မယ့် အရာတွေကို အထိုက်အလျောက် ဦးစားပေးထား တာရယ်ကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ်၊ နှစ်သစ်ကူး အမှတ်တရ ဘိလပ်မြို့တော် ခရီးစဉ်လေးမှာ လိုက်ပါအားပေးကြတဲ့ ညီအစ်ကို၊ မောင်နှမ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၎ ဖေဖော်ဝါရီ၊ ၂၀၁၃