ကျနော် အင်မတန်လိုချင်ခဲ့တဲ့ lens တစ်ခုကိုဝယ်တော့မယ်လို့ ဆုံးဖြတ်ချက်ချတော့ မဝယ်ခင် နောက်ဆုံး အဆင့်အနေနဲ့ သေချာအောင် field test ဓါတ်ပုံအချို့ရိုက်ဖြစ်ပါတယ်၊ မြို့ထဲက ကင်မရာရောင်းတဲ့ဆိုင်ကို သွားပြီး အဲဒီလို lens မျိုးတစ်ခုငှား၊ ပြီးတော့ အိမ်းနားတဝိုက် အနီးအဝေး လျှောက်ရိုက်ကြည့်ပါတယ်၊ လူ၊ သစ်ပင်၊ ရေကန်၊ တိမ်၊ တောင်တန်း စသဖြင့် အမျိုးအစားစုံအောင် စမ်းကြည့်တယ်၊ ဝယ်ချင်တဲ့ မှန်ဘီလူး က pro lens ဖြစ်လို့ ဈေးတော်တော်ကြီးပါတယ်၊ ဒါပေမယ့် Lens ငှားခက တကယ် ဝယ်မယ့် lens ရဲ့ ၄% လောက်ပဲ ပေးရတာမို့ စမ်းကြည့်ရတာ တန်ပါတယ်၊ မဟုတ်ရင် ဝယ်ပြီးကာမှ တခုခုအဆင်မပြေဘူးဆိုရင် ဆုံးရှုံးမှုက တော်တော်ကြီးပါလိမ့်မယ်၊ ပြီးတော့ ကျနော့်ကိုယ် ကျနော်သိတယ်၊ အဲဒီလို အမှားမျိုးလုပ်မိရင် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာတဲ့အထိ မပြေပျောက်နိုင်ဘဲ တနုံ့နုံ့နဲ့ ဖြစ်နေမှာပါ၊
အထူးသဖြင့် ဒီ lens ကိုဝယ်ဖို့အတွက် နေ့လည်စာကို အလုပ် ကင်န်တင်းမှာ မစားဘဲ အိမ်ပြန် စပါဂက်တီ စားပြီး ပိုက်ဆံစုခဲ့ရတာမို့ အတိမ်းအစောင်း မခံချင်ပါဘူး၊ အလုပ်နဲ့အိမ်က လမ်းလျှောက်ရင် ၅ မိနစ်ပဲ ကြာတဲ့ခရီးမို့ တော်သေးတယ်၊ အဲဒီရက်တွေမှာ routine က နေ့လည် ၁၂ နာရီဝန်းကျင် အိမ်ကို ပြန်၊ ရေနွေးတည်၊ ဆူရင် spaghetti ခေါက်ဆွဲချောင်းတွေထည့်၊ တပြိုင်နက်တည်း ခရမ်းချဉ်သီးဆော့စ်ကို တည်၊ စောင့်နေရင်း တီဗီသတင်း ခဏကြည့်၊ ခေါက်ဆွဲ နဲနဲပျော့တာနဲ့ စား၊ ပန်းကန်ဆေး၊ အလုပ်ကိုပြန်...၊ ဒါပါပဲ၊ နောက်ဆုံးတော့ ကျနော်အဲဒီလို လုပ်နေတာကို သိသွားတဲ့ မအိမ်သူနဲ့ ကျနော့်ညီမက နဲနဲသနား သွားတယ်ထင်ပါရဲ့၊ ကျနော့်ရဲ့မွေးနေ့လက်ဆောင်အဖြစ်ဆိုပြီး သူတို့လည်း တစိတ်တပိုင်း contribute လုပ်ပါတယ်၊ ဒါနဲ့ပဲ အဲဒီ lens က ကျနော့်လက်ထဲ ရောက်လာခဲ့တော့တယ်၊
ဒီပုံက အငှားမှန်ဘီလူးနဲ့ စမ်းရိုက်ကြည့်တာတွေထဲက တစ်ပုံပါ၊ အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ရာသီဥတု ကကိုယ့်ဖက် သိပ်မပါပြန်ဘူး၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ငှားထားပြီးမှတော့ ရိုက်ရုံပဲရှိတော့တာပေါ့...။
အဲဒီ lens အကြောင်း နဲနဲသိချင်ရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်၊
ညီလင်းသစ်
၁၇ အောက်တိုဘာ၊ ၂၀၁၀