ပြီးခဲ့တဲ့ တပတ်တုန်းက ဥရောပရဲ့ တံခါးဝနိုင်ငံလို့ ဆိုကြတဲ့ တူရကီနိုင်ငံကို သွားလည်ဖြစ်ပါတယ်၊ ဒီက ကလေးတွေရဲ့ အောက်တိုဘာလ ကျောင်းပိတ်ရက် ၂ ပတ်ထဲက ပထမတပတ်မှာ သွားလည်ဖြစ်တာပါ၊ ဒီခရီးစဉ်အတွက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကြိုပြီးစီစဉ်ထားခဲ့တယ်၊ အခုခေတ်က သိကြတဲ့အတိုင်း ခရီးစဉ်တွေ၊ လေကြောင်းလိုင်းတွေ တော်တော်များများမှာ စောစောစီးစီး ဘွတ်ကင်လုပ်ထားရင် ဈေးကပုံမှန်ထက် သက်သာလေ့ရှိပါတယ်၊ အမှန်တော့ မအိမ်သူက မော်ရိုကို,ကို သွားချင်တယ်၊ ဒါပေမယ့် ကျနော်က အဲဒီနိုင်ငံကို လောလောဆယ် သိပ်ရင်မခုန်ဘူး၊ မော်ရိုကိုက အလှအပတွေ၊ စိတ်ဝင်စားစရာတွေ ရှိတဲ့ နိုင်ငံတခုပါ၊ I fell in love with you watching Casablanca ဆိုတဲ့ သီချင်းကလေးလိုပေါ့၊ ဒါပေမယ့် အဲဒီက ဈေးသည်တွေ၊ tourism ထဲမှာ အလုပ်လုပ်နေကြသူတွေ အများစုက ဧည့်သည်တွေအပေါ် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်လာတာတွေ၊ ဈေးရောင်းဈေးဝယ်မှာ ရန်လိုတာတွေ သိပ်များလာလို့ နောက်ပိုင်းမှာ အတော်လေးနာမည် ပျက်လာခဲ့တယ်၊ အခုနောက်ပိုင်းတော့ သူတို့အစိုးရပိုင်းကပါ တင်းတင်းကျပ်ကျပ် ပြန်ပြီး ထိန်းသိမ်းလာလို့ အရင်လို လူမြင်တာနဲ့ အမဲဖျက်မယ့် စတိုင်တွေ သိပ်မရှိတော့ဘူးလို့ ပြောတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်က ဒီနှစ်ပိုင်းထဲမှာ အဲဒီကိုသွားဖို့ စိတ်မဝင်စားတာနဲ့ နောက်ဆုံးတော့ တူရကီကို ရွေးဖြစ်သွားခဲ့ပါတယ်…၊

တူရကီကို သွားတယ်ဆိုပေမယ့် လူသိများထင်ရှားတဲ့ Istanbul မြို့တော့ မဟုတ်ပါဘူး၊ တောင်ဖက်ခြမ်းမှာ ရှိတဲ့ Side ဆိုတဲ့ မြို့ကလေးပါ၊ ဒီမြို့ကလေးက ပင်လယ်ကမ်းစပ်မှာ ရှိတဲ့အလျောက် အပန်းဖြေခရီးအတွက် လာကြသူတွေက ကလေးတွေနဲ့ မိသားစုတွေ များပါတယ်၊
ဒီတခါတော့ All inclusive ပုံစံခရီးစဉ်ကို ကျနော်တို့ ရွေးချယ်ဖြစ်ပါတယ်၊ All inclusive ဆိုတဲ့အတိုင်း အသွားအပြန် လေယာဉ်လက်မှတ်၊ တပတ်စာဟိုတယ်၊ အစားအသောက် စတာတွေ အကုန်ပါ,ပါတယ်၊ ဟိုးအရင်က all inclusive ဆိုရင် မနက်စာ၊ နေ့လယ်စာ၊ ညစာ စတာတွေပဲ ပါပြီး drinks ကတော့ ကိုယ့်ဟာကိုယ် ပေးရတာများပါတယ်၊ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဟိုတယ်အများစုက all inclusive ရဲ့ဈေးကို နည်းနည်းပိုမြှင့်ပြီး drinks တွေကိုပါ ထည့်လာကြတယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေ အကုန်ပါပြီးတော့ မနက် ၁၀ နာရီကနေ ည ၁၂ နာရီအတွင်း ကြိုက်တာကို ကြိုက်သလောက် သောက်ခွင့်ရှိပါတယ်၊ ယစ်ရွှေရည်မင်းသားတွေအတွက် ဆိုရင်တော့ ပွဲတော်ပါပဲ…၊

တူရကီ အသံထွက်နဲ့ “ဆိဒေ” (Side) လို့ ခေါ်ကြတဲ့ မြို့ကလေးက မြေထဲပင်လယ်ကမ်းစပ်မှာ ရှိပြီးတော့ ပူနွေးမျှတတဲ့ အပူချိန်နဲ့ သာသာယာယာရှိပါတယ်၊ ကျနော်တို့ ရောက်သွားတဲ့ အောက်တိုဘာလမှာ နေ့အပူချိန် ၂၇ ဒီဂရီနဲ့ ညအပူချိန် ၂၂ ဒီဂရီဆိုတော့ အနေတော်ပါပဲ၊ လာကြတဲ့ ဧည့်သည်အများစုကတော့ ဂျာမန်တွေနဲ့ ရုရှားတွေ များတယ်၊ ကျနော်တို့တည်းတဲ့ ဟိုတယ်မှာဆိုရင် ၉၈ ရာခိုင်နှုန်းက ဂျာမန်တွေပါ၊ တူရကီဝန်ထမ်းတွေကလည်း အင်္ဂလိပ်စကားပြော အတော်လေးညံ့ပေမယ့် ဂျာမန်စကားကိုတော့ သွက်သွက်လက်လက် ပြောနိုင်ကြတယ်၊ ဧည့်သည်များတဲ့ ပင်လယ်ကမ်းခြေတွေရဲ့ ထုံးစံအတိုင်း ဟိုတယ်အသီးသီးက ဝန်ဆောင်မှုအနေနဲ့ သူတို့ဟိုတယ်အရှေ့က ကမ်းခြေကို ထီးတွေစိုက်ပြီး အပိုင်စားယူထားကြတယ်၊
Side မြို့ထဲကို တရက်မှာ သွားလည်ရင်းနဲ့ အေဒီ ၂ ရာစုမှာ ရောမတွေ ဆောက်ခဲ့တဲ့ amphitheater ကဇာတ်ရုံကိုလည်း သွားကြည့်ဖြစ်ပါတယ်၊ လူတသောင်းခွဲ ဆန့်တဲ့ ရောမခေတ် ကဇတ်ရုံက Side မြို့လေးမှာတော့ အထင်ရှားဆုံး tourist attraction ဖြစ်သလို ဒီနေ့အထိလည်း အဲဒီမှာ ရံဖန်ရံခါ ပြဇတ်တွေ က,ဖို့ သုံးနေတုန်းပါပဲ၊
Side မြို့ဟာ ရောမခေတ်တုန်းက ထင်ရှားတဲ့ ကုန်သွယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့တယ်လို့ ဆိုတယ်၊ ဒီနေ့ခေတ် Side မြို့ကလေးကတော့ ညောင်ဦးမြို့သာသာလောက်ပဲ ရှိပြီး လူဦးရေ ၄၀၀၀ ဝန်းကျင်လောက် ရှိပါတယ်၊ တိုးရစ်တွေ အလာများတဲ့မြို့ဖြစ်လို့ တမြို့လုံးက စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဆိုင်တွေနဲ့ အလုပ်ဖြစ်ကြတယ်၊ တူရကီဟာ အစ္စလမ်မစ်နိုင်ငံ ဖြစ်ပေမယ့် အလယ်အလတ်ကျတဲ့ သဘောထားရှိပါတယ်၊ အမျိုးသမီးတွေအဖို့ ပုဝါမခြုံမနေရ ဆိုတာမျိုးမရှိသလို လူတွေကလည်း ကျနော်မြင်ရသလောက် လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ် ရှိပုံပါပဲ၊
Amphitheater ကဇတ်ရုံနဲ့အတူ ထင်ရှားတဲ့ ရှေးဟောင်းနေရာတခုက Apollo temple ပါ၊ ရှေးဟောင်းတူရကီဟာ ကျနော်တို့ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့ Alexander The Great ရဲ့ သိမ်းပိုက်ခံနယ်မြေပါ၊ နောက်တော့ ရောမခေတ်မှာ ရောမတွေရောက်လာ ခဲ့တယ်၊ အေဒီ ၂ ရာစုလက်ရာ အပိုလိုကျောင်းတော်ဟာ အဲဒီရောမခေတ်ရဲ့ ကြီးကျယ်ခမ်းနားခဲ့ပုံကို ဒီနေ့ထက်ထိ ပြောပြနေတုန်းပါပဲ၊
တူရကီမှာ ဈေးဝယ်တဲ့အခါတော့ အင်မတန်မှ သတိထားဖို့ လိုပါတယ်၊ အဝတ်အစား၊ အသုံးအဆောင်၊ ရေမွှေး စတာတွေအားလုံးမှာ အတုတွေ ပေါလို့ပါ၊ နာမည်ကြီးတံဆိပ် ဂျင်းဘောင်းဘီအတုတွေ၊ ရေမွှေးအတုတွေ၊ တလက်ကို ၁၀ ယူရိုနဲ့ ရောင်းနေတဲ့ ရေဘင်မျက်မှန်တွေ၊ တခုကို ၃ ယူရိုနဲ့ ရောင်းနေတဲ့ Beats နားကျပ်တွေ… အများကြီးပါပဲ၊ ဈေးကလည်း နေရာတကာမှာ ဆစ်ဖို့လိုပါတယ်၊ တချို့ စားသောက်ဆိုင်မှာဆိုရင် menu မှာ ရေးထားတဲ့ ဈေးကိုတောင် ဆစ်ဖို့လိုတဲ့အထိ ဈေးဆစ်ခြင်းဓလေ့နဲ့ ယဉ်ပါးလှတဲ့ တိုင်းပြည်ပါပဲ၊
တူရကီကော်ဖီက ကော်ဖီဆို ခပ်ပြင်းပြင်းမှ ဆိုသူတွေအတွက် အံကိုက်ပါပဲ၊ အက်စ်ပရက်ဆို ပမာဏလောက်ပဲရှိတဲ့ ကော်ဖီကိုမှ အနယ်တွေအများကြီးနဲ့ သောက်ကြတာမျိုး…၊ ခွက်ကလေးရဲ့ အောက်ခြေ သုံးပုံတပုံလောက် အနယ်တွေပြည့်နေတဲ့ တူရကီကော်ဖီက ကျနော့်အတွက်တော့ တခုတ်တရ မှာသောက်စရာပါ…၊
တူရကီကော်ဖီတင် ကောင်းတာမဟုတ်ပါဘူး၊ တူရကီဘီယာကလည်း ပေမှီဒေါက်မှီ အထဲကပါပဲ၊ မြေထဲပင်လယ် ရာသီဥတုနွေးနွေးနဲ့ လိုက်ဖက်တဲ့အထဲမှာ တူရကီဘီယာအေးအေးလည်း ပါတာပေါ့…၊
ဟိုတယ်မှာကျွေးတဲ့ ဘူဖေး အစားအသောက်တွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ကံကောင်းတယ်လို့ ဆိုရမှာပါ၊ All inclusive ပုံစံတွေမှာက အစားအသောက်တွေကို အမယ်စုံသထက် စုံအောင် ပြင်ဆင်ပြီး ဘူဖေးကျွေးလေ့ ရှိပါတယ်၊ ဒါပေမယ့် တရက်ကို ၃ နပ်နဲ့ တပတ်လုံး စားရတဲ့အခါ နှစ်ရက်သုံးရက်လောက်မှာပဲ ဟင်းပွဲတွေကထပ်ပြီး အသစ်အဆန်းမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်၊ ဒါပေမယ့် ကျနော်တို့တည်းခဲ့တဲ့ Melas Resort မှာတော့ ဟင်းပွဲတွေ တနေ့နဲ့တနေ့ မထပ်ရအောင် အားထုတ်ထားသလို တူရကီဟာ အာရှ၊ ဥရောပ ပေါင်းကူးဖြစ်တဲ့ အလျောက် ထမင်းရော၊ ပေါင်မုန့်ပါ ပုံစံအမျိုးမျိုးနဲ့ ပြင်ဆင်ထားတဲ့အတွက် အဆင်ပြေပါတယ်၊
ကျနော် သဘောကျမိတာ တခုက အချိုပွဲတွေပါ၊ အာရပ်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း အုန်းနို့၊ သကြား၊ ခရင်မ် စတာတွေနဲ့ လုပ်တဲ့ မုန့်အချိုတွေဟာ အတော့်ကိုစုံလင်ပါတယ်၊ လူက အသက်ပဲ ကြီးလာလို့လား မသိဘူး၊ ခုတလော အချိုပွဲတွေ သိပ်ကြိုက်နေတယ်၊ ကိုလက်စထရောတွေ ဘာတွေကို အခုလိုခရီးမှာ မေ့ထားတယ်…၊
တူရကီမှာ ရိုးရာအနေနဲ့ ရာကီ (Raki) ကို သောက်ကြလေ့ ရှိပါတယ်၊ ရာကီက စမုန်စပါးကနေ ချက်ထားတဲ့ အရက်တမျိုးပါ၊ သူ့ကို aperitif နှုတ်မြိန်စာ စားတဲ့အချိန်မှာ သောက်ကြသလို ညစာတွေ၊ ဘာတွေ စားပြီးချိန်မှာလည်း ခံတွင်းရှင်းအရက် အနေနဲ့ သောက်ကြတယ်၊ ရာကီကို ကြိုက်တဲ့လူက ကြိုက်သလို မကြိုက်တဲ့လူဆိုရင်လည်း လုံးဝမကြိုက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် စမုန်စပါးရဲ့ ရှတတ အရသာက ခံတွင်းကို ရှင်းစေတာတော့ အမှန်ပါပဲ…၊

ဒီခရီးကိုသွားဖို့ နီးလာတဲ့အချိန်မှာ တူရကီရဲ့ အိမ်နီးချင်း ဆီးရီးယားနဲ့ အီရတ်မှာ IS အစွန်းရောက်တွေက အတော်လေးကို လှုပ်ရှားလာချိန်နဲ့ တိုက်ဆိုင်နေတယ်၊ ဒီနေ့ထက်ထိ မပြီးသေးတဲ့ ကိုဘာနီမြို့ တိုက်ပွဲတွေ ဖြစ်နေသလို အမေရိကန်သတင်းထောက်၊ အင်္ဂလိပ်သတင်းထောက်၊ ပြင်သစ်ခရီးသွား စတာတွေကိုလည်း ပြန်ပေးဆွဲပြီး သတ်ဖြတ်မှုတွေက ရှိနေပြန်တယ်၊ ဒါ့အပြင် မသွားခင်ရက်ပိုင်းမှာ တူရကီမှာရှိတဲ့ ကာဒ့်မျိုးနွယ်စုတွေက ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး တူရကီအစိုးရအပေါ် ဆန္ဒပြတာတွေကလည်း ဖြစ်နေပြန်တယ်၊ ဆိုတော့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကြားမှာ ဒီခရီးကို သွားရမလား၊ ဖျက်ပဲ ဖျက်လိုက်ရမလား ဆိုပြီး ကျနော်တို့ ဝေခွဲမရ ဖြစ်လိုက်သေးတယ်၊ နောက်ဆုံးတော့လည်း အရေးအကြောင်းဆို အကူအညီရအောင် ဆွစ်ဇာလန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ကျနော်တို့ ကိုယ်ရေးအချက်အလက်တွေ၊ သွားမယ့်မြို့၊ နိုင်ငံ စတာတွေဖြည့်ပြီး ထွက်လာခဲ့လိုက်တယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အခြား ခရီးသွားအေဂျင်စီတွေကတော့ ဆီးရီးယားနဲ့ နယ်နမိတ်ချင်း ကပ်နေတဲ့ တူရကီ အရှေ့ပိုင်းက မြို့တွေကို မသွားဖို့ သတိပေးထားတာကလွဲရင် တခြားနေရာတွေနဲ့ ပတ်သက်ပြီး အထွေအထူး ပြောမထားတာနဲ့ပဲ သွားဖို့ဆုံးဖြတ်ခဲ့တာပါ၊ တကယ်တမ်း ရောက်သွားတော့လည်း အားလုံးက အေးအေးဆေးဆေးပါပဲ၊ ကမ္ဘာ့သတင်းတွေမှာ ကြားနေမြင်နေရတာတွေနဲ့ ဆန့်ကျင်ဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့…၊ တကယ်တော့ အန္တရာယ်ရှိတဲ့ ဒေသတွေနဲ့ Side က ကီလိုမီတာ ရှစ်ရာကျော်၊ ကိုးရာနီးပါး ဝေးတာလည်း ပါ,ပါတယ်၊ Side ရဲ့ကမ်းခြေက ငပလီတို့၊ ငွေဆောင်တို့လောက်တောင် မလှပါဘူး၊ သဲတွေက ဖြူလွလွ သဲသောင်ပြင်မျိုး မဟုတ်ဘဲ ပုံမှန်ပါပဲ၊ ဘာပဲဖြစ်ဖြစ် တပတ်လုံးလုံး ဘာမှမလုပ်ဘဲ ပင်လယ်ကမ်းခြေမှာ စားလိုက်၊ အိပ်လိုက်၊ စာဖတ်လိုက်နဲ့ အနားယူခဲ့ရတော့ လူတွေပြောကြလေ့ ရှိတဲ့ Dolce far niente ဆိုတဲ့ အီတာလျံစကားလေး အတိုင်းပါပဲ၊ ချိုမြိန်သာယာစွာ ပျင်းရိခြင်း-တဲ့…။ ။