ဒီဖက်လတွေမှာ ပို့စ်တွေကသာ ပုံမှန်တက်မလာပေမယ့် blog-cation ကျတော့ သွားဦးမယ်လို့ ဆိုတော့ လာဖတ်နေကျ မောင်နှမတွေက မျက်မှောင်များကြုတ်ချင် မလားပဲ...၊ လက်ကသာ ချမရေးဖြစ်ပေမယ့် အတွေးထဲမှာ စာစီနေခဲ့တဲ့ ပို့စ်တွေက အများကြီး ရှိနေခဲ့ဖူးပါတယ်၊ အရင်ကဆို အဲဒီလို အတွေးထဲမှာ နေရာယူထားတဲ့ ပို့စ်တွေက စာမျက်နှာပေါ် မရောက်မချင်း လူက နေမထိ၊ ထိုင်မသာနဲ့...၊ အခုကျတော့ တချို့ပို့စ်လေးတွေက ခေါင်းထဲမှာ တွယ်ကပ်ပြီး ကျန်နေသေးပေမယ့် အများစုကတော့ ချမရေးဖြစ်တာ နည်းနည်းကြာတာနဲ့ ပျောက်ကုန်ကြတယ်၊ နောက်တစ်ချက်က ဘလော့ဂ်နဲ့ ပတ်သက်ရင် သိပ်ပြီး တဖွဲ့တနွဲ့ နိုင်တာမျိုး၊ သိပ်ပြီး formal ဆန်လွန်းတာမျိုး ခဏခဏ မရေးဖို့ ကိုယ့်ကိုယ်ကို သတိပေးရမယ်လို့ ကျနော်တွေးနေမိတယ်၊
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်ဝန်းကျင်က ရေးခဲ့တဲ့ ပုံစံမျိုး ပြန်ရေးချင်တယ်၊ ခေါင်းထဲ ပေါ်လာတာကို ပေါ့ပေါ့ပါးပါးပဲ ချရေးလိုက်တာမျိုးပေါ့..၊ တကယ်ပါ..၊ ကျနော့်တစ်ဦးတည်းအတွက် ပြောရရင်တော့ ဘလော့ဂ်ဟာ ဝက်ဘ်ဆိုဒ်တွေလိုမျိုး မူတို့၊ ပေါ်လစီတို့၊ သွားမယ့်လမ်းကြောင်းတို့... အဲဒါမျိုးတွေနဲ့ ပိမနေသင့်ဘူး၊ အနည်းဆုံး ကျနော့်ဘလော့ဂ်ကိုတော့ အဲဒါမျိုးတွေနဲ့ ပြန်ပြီး ပိတ်မနေစေချင် ပါဘူး၊ တခါတလေမှာ ပို့စ်တစ်ပုဒ်အတွက် အချိန်၊ အချက်အလက်၊ ဖွဲ့စည်းပုံ စတာတွေနဲ့ သေသေချာချာ ပြင်ဆင်ပြီး ရေးရတာမျိုး ရှိပေမယ့် ပို့စ်တစ်ပုဒ် တင်မယ်ဆိုတိုင်း အဲဒီလမ်းကြောင်းထဲ ကျ,ကျနေမယ် ဆိုရင်တော့ မဟုတ်သေးဘူးလို့ တွေးမိတယ်၊ ကျနော် ၁၀ တန်းတုန်းက လှည်းတန်းခုံးကျော်တံတားနားက (အခုမီးပွိုင့်ခုံးကျော် မဟုတ်ပါဘူး) ဦးအောင်ဖေညွန့်ရဲ့ ရူပဗေဒ ကျူရှင်မှာ တက်ခဲ့ဖူးပါတယ်၊ သင်တာကတော့ ကျနော်တို့က ကိုတူးလို့ ခေါ်ကြတဲ့ ဆရာကြီးရဲ့သားပါ၊ ဆရာကိုတူးက သူကိုယ်တိုင် Physics ကို စိတ်ဝင်စားသလို ကျောင်းသားတွေကိုလည်း စိတ်ဝင်စားလာအောင် လက်တွေ့သင်ခန်းစာတွေနဲ့ သင်တယ်၊ ဓါတ်ခဲတွေ၊ မီးသီးတွေ၊ ဝါယာကြိုးတွေ၊ သုံးမြှောင့်ဖန်တုံးတွေ၊ ကြေးမုံခုံး၊ ကြေးမုံခွက်တွေနဲ့ လက်တွေ့ပြပြီး သင်တာပါ၊ ဆရာက စာသင်ကောင်းသလို စကားပြောလည်း ပြတ်လို့ ကျောင်းသားအားလုံးက ချစ်ကြောက်ရိုသေကြတယ်၊ Physics ကို စိတ်ဝင်စားတာရော၊ ဆရာ့ကို ကြောက်တာရော ပေါင်းပြီး ကြိုးစားတော့ ကျနော်က အတန်းထဲမှာ ဆရာက အားထားပြီး ခဏခဏ စာမေးတဲ့ အုပ်စုထဲ ပါသွားတယ်၊ တစ်ရက်မှာ ဆရာက ကျနော့်ရဲ့ လေ့ကျင့်ခန်း စာအုပ်ကိုယူပြီး ပုစ္ဆာတိုင်းကို သပ်သပ်ရပ်ရပ်နဲ့ တွက်ထားတာ ချီးမွမ်းတယ်၊ အဲ.. နောက် ၂ ပတ်လောက်လည်း နေရော ပုစ္ဆာတစ်ပုဒ်ကို ဘေးနားက သူငယ်ချင်းတွေ တွက်လို့ပြီးပေမယ့် ကျနော် မပြီးသေးလို့ “ကျောင်းသားဆိုတာ ပုစ္ဆာကို ဒိုးကနဲဒေါက်ကနဲ ချက်ချင်းတွက်နိုင် နေရမယ်၊ စိမ်ပြေနပြေ လုပ်ပြီးမှ သပ်သပ်ရပ်ရပ်နဲ့ တော်တာမျိုးကတော့ကွာ.....ဟင်း” လို့ ဆူတယ်၊ တခါတလေမှာ မလိုအပ်ဘဲ အချိန်ယူလွန်းတဲ့ ကျနော့်ကို ဆရာက တဝက်တပြက်ပဲ ဆုံးမခဲ့ပေမယ့် ကျနော်တခါတည်း မှတ်သွားခဲ့တယ်၊ ဒါပေမယ့် ပြောရရင်တော့ အဲဒီ အမူအကျင့်ဟာ နှစ် ၂၀ ကျော်လာပြီးပေမယ့် ဆက်ပြီးရှိနေတုန်းပါပဲ၊ ကျနော့် ဘလော့ဂ်ရဲ့ ဟိုးထိပ်ဆုံးက ဘန်နာမှာ “စိတ်ကူးတွေ၊ ခံစားမှုတွေကို ရက်လုပ်ရာ ရက်ကန်းအိမ်ကလေး” လို့ တင်စားပြီး ရေးထားခဲ့တယ်၊ စိတ်ကူးရက်ထည်တွေ ဒီဇိုင်းဆန်းဆန်းလေး ဖြစ်စေဖို့ တခါတလေမှာ သိပ်ပြီး အာရုံစိုက်မိ ပြန်ရင်လည်း အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လိုပဲ ကိုယ့်ဟာနဲ့ကိုယ်ရှုပ်ပြီး လွန်းအိမ်ကလေးတွေ ဒိုးဒိုးဒေါက်ဒေါက် ပြေးဖို့ ခက်ပေမပေါ့လို့ တွေးနေမိတယ်...၊
ရှေ့လာမယ့် ရက်တွေမှာတော့ အဲဒီလို ချည်ခင်အထွေးကြီးကို ရှင်းတာပဲဆိုဆို၊ blog-cation ပဲခေါ်ခေါ် ဘလော့ဂ်ကနေ ခွင့်ယူပြီး ခရီးရှည်ကြီးတစ်ခု ထွက်ဖို့ရှိပါတယ်၊ ကျနော့်ရဲ့
အာရုံတွေပျံသန်းနေခဲ့ဖူးရာ နေရာတစ်ခုဆီကို သွားမှာပါ၊ ခရီးသွားနေတုန်းမှာတော့ စီဘောက်စ်ကို ယာယီသော့ပိတ်သွား ပါတယ်၊ ဒီအတောအတွင်း လာလည်ကြတဲ့ စာဖတ်သူ မောင်နှမ အားလုံးလည်း အုံ့အုံ့သည်းသည်း စိတ်မိုးတိမ်ညိုတွေ ကင်းလွတ်တဲ့၊ ကြည်စင်ဝင်းမွတ် သီတင်းကျွတ်ကာလ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက် ပါတယ်၊ မကြာခင်မှာ ဆုံကြသေးတာပေါ့....။ ။
ညီလင်းသစ်
၈ အောက်တိုဘာ၊ ၂၀၁၃