ဘလော့ဂ်ဒေး အတွက် ဘလော့ဂါတွေ ကြားမှာအမှတ်တရ ပို့စ်တွေ ရေးကြ၊ တဂ်ကြတဲ့အခါ ညီငယ် မောင်မျိုးက ကျနော့်ကိုလည်း ချမ်းသာ မပေးခဲ့ပါဘူး၊ ပြီးတော့ တခြား ဘလော့ဂ် မောင်နှမတွေ ကလည်း သူတို့ရဲ့ ပို့စ်တွေမှာ ဆက်ပြီးတဂ်ကြ၊ တိုက်တွန်းကြတာနဲ့ ရေးလိုက်ပါပြီ၊ ကိုယ့်ရဲ့ ဘလော့ဂ်သစ်ပင်လေး ရှင်သန်ရာ ဘလော့ဂင်း ဥယျာဉ်ကြီးထဲမှာ နေ့လေးတစ်နေ့ သတ်သတ်မှတ်မှတ်နဲ့ အခြားသော သစ်ပင် ပိုင်ရှင်တွေက ဥယျာဉ်ကြီး သာယာစေဖို့ ရေလောင်းပေါင်းသင် ဝိုင်းလုပ်နေကြချိန်မှာ ကိုယ်ကလည်း မြက်လေး တစ်ပင်နှစ်ပင်လောက် ဝင်ပြီး နှုတ်လိုက်တယ် လို့ပဲ ဆိုရမလား မသိ...၊ နောက်ကွယ်က ခင်မင်ရင်းနှီးမှုတွေကို မြင်နေရတာကြောင့် အခုလို ဝိုင်းကြပါ၊ ဝန်းကြပါ လို့ခေါ်တာဟာ အတင်းအဓမ္မ လုပ်အားပေး ဆိုတာမျိုး မဟုတ်တာတော့ သေချာပါတယ်၊း)
ကျနော် လိုက်ဖတ်ကြည့်မိသလောက် ဘလော့ဂ်ဒေးအတွက် ပို့စ်တွေမှာ ဘလော့ဂါ အားလုံးလိုလိုက ဘလော့ဂ်ဆိုတာကြီးကို သူတို့ ဘယ်တုန်းက၊ ဘယ်လိုနည်းနဲ့ သိလာခဲ့တယ်လို့ ရေးကြတယ်၊ တချို့ဆို ပထမဆုံး ဖတ်မိတဲ့ ပို့စ်က ဘယ်ဟာပါ ဆိုတာတောင် တိတိကျကျနဲ့ မှတ်မိနေကြတယ်၊ တကယ့်ကို အားကျဖို့ ကောင်းပါတယ်၊ ဒါပေမယ့် ကျနော့်မှာကျတော့ အဲဒီလို ပြောအားမရှိ ဖြစ်နေခဲ့တယ်၊ ဘယ်အချိန်က ဘယ်လိုနည်းနဲ့ ဘလော့ဂ်ကို သိသွားသလဲလို့ မမှတ်မိတော့ဘူး၊ အပြင်းအထန် ဦးနှောက်မုန်တိုင်း ဆင်ကြည့်ပေမယ့်လည်း ဘာမှ ထွက်မလာဘူး၊ ဒီတော့လည်း ချစ်သူတွေကြားမှာ ပြောကြသလို 'ကိုယ်မင်းကို ဘယ်အချိန်က စချစ်သွားမှန်း မသိပေမယ့် သတိထားမိတဲ့ အချိန်မှာ အရမ်းမြတ်နိုးနေခဲ့ပြီ ဆိုတာ ယုံပါ' ဆိုတဲ့ အတိုင်းပဲလို့ သာသာထိုးထိုးလေး ပြောရတော့မယ် ထင်ပါရဲ့ဗျာ...၊
အဖြစ်နိုင်ဆုံးကတော့ သတင်းဆိုဒ်တွေ လိုက်ဖတ်ရင်းနဲ့ အဲဒီမှာပေးထားတဲ့ ဘလော့ဂ်လင့်ခ်တွေကို နှိပ်မိရင်း အမှတ်မထင် သိသွားတာပါပဲ၊ အဲဒီတုန်းက သတိထားမိ၊ ဖတ်မိတဲ့ ဘလော့ဂ်တွေက ကိုမောင်လှ ဘလော့ဂ်၊ ကိုရန်အောင် ဘလော့ဂ်နဲ့ စေတန်ဂေါ့ဒ် ဘလော့ဂ်တွေပါ၊ ပြီးတော့ တရက်မှာ စေတန်ဂေါ့ဒ် ပြုစုထားတဲ့ ဘလော့ဂ်လုပ်နည်းလေး ဖတ်မိရာကနေ ကိုယ်လည်း တစ်ခုလောက် စမ်းကြည့်ဦးမယ်ဆိုပြီး လုပ်ဖြစ်သွားတယ်၊ မြန်မာစာကိုလည်း အဲဒီတချိန်တည်းမှာပဲ ကျင့်ပြီးရိုက် ကြည့်တယ်၊ ပထမဦးဆုံး တင်လိုက်တဲ့ ပို့စ်လေး ကမ္ဘာ့ကွန်ယက် ကြီးထဲ တက်လာတော့ ပျော်လိုက်တာ..၊ အဲဒီတုန်းက ၂၀၀၇ အောက်တိုဘာလမှာပါ၊
ဒီလိုနဲ့ ဝမ်းသာအားရနဲ့ သုံးလေးပုဒ်လောက် ရေးလိုက်တယ်၊ ပြီးလည်း ပြီးရော ဘာဆက်ရေးရမှန်း မသိတော့ဘူး၊ တကယ်ကို မသိတော့ တာ..၊ အသစ်တို့ထုံးစံ ကျနော့်ဆီကို ဘယ်သူမှ လာမလည်ကြပါဘူး၊ ကျနော်ကလည်း ဘလော့ဂ်တွေ အများကြီး မသိဘူး၊ စီဘောက်စ် တွေမှာ နှုတ်ဆက်ရ ကောင်းမှန်းလည်း မသိသလို ကွန်မန့်လည်း မချန်ဖြစ်ပါဘူး၊ အဲဒီတုန်းက ကျနော့်စိတ်ထဲမှာ တခြားဘလော့ဂ်တွေဆီ သွားပြီး ကျနော်ကတော့ ဘယ်သူပါ၊ ကျနော့်ဆီလည်း လာလည်ကြပါဦးလို့ မိတ်ဆက်ရမှာ အင်မတန် ဝန်လေးနေခဲ့တယ်၊ မာနကြီးတာ၊ ကြီးကျယ်တာမျိုးတော့ လုံးဝ မဟုတ်ရပါဘူး၊ ဘယ်လိုပြောရမလဲ၊ တမျိုးပဲ၊ လူမသိ၊ ရောင်းမစွံတဲ့ ပစ္စည်းကြီးကို အတင်းလိုက် ထိုးရောင်းနေရသလို ခံစားမှုမျိုးလို့ ပြောရမယ် ထင်တယ်၊ အမှန်တော့ ကြောင်တာပါ၊ အခုကျမှ ပြန်တွေးကြည့်တော့ အတော်အခြေအမြစ် မရှိတဲ့ အတွေးအခေါ် ပါပဲ၊ တကယ်တော့ ဘလော့ဂါ အသစ်တစ်ယောက်က ဘလော့ဂ်ရပ်ဝန်းထဲမှာ ရှိနှင့်နေတဲ့ လူတွေကို လိုက်နှုတ်ဆက် တာဟာ အင်မတန် သင့်လျော်တဲ့ ကိစ္စပါ၊ ရပ်ကွက်ထဲ အသစ်ပြောင်းလာသူက အိမ်နီးချင်းတွေကို ဖိတ်ပြီး အိမ်တက် လုပ်သလိုမျိုး၊ ရုံး ဝန် ထမ်း အသစ်က အခြားဝန်ထမ်းတွေကို လိုက်ပြီး နှုတ်ဆက်သလိုမျိုး၊ တိုင်းပြည်ကို အသစ်ရောက်လာတဲ့ သံတမန်က အဲဒီတိုင်းပြည်ရဲ့ အကြီးအကဲကို Courtesy call ပေးသလိုမျိုးပဲ မဟုတ်လား၊ ဒါဟာ မင်္ဂလာတပါး ပါပဲ...၊ အခုနေသာ ဘလော့ဂ်အသစ်တစ်ခု လုပ်ဖြစ်ရင် တော့ ကျနော် အားလုံးကို Courtesy call လိုက်ပေးမိမယ် ထင်တယ်..၊း)
အဲဒီလို အီလည်လည်ကြီးနဲ့ တန့်နေတုန်းမှာ ဖြစ်သွားတဲ့၊ အခုထက်ထိလည်း ကျနော်မှတ်မိ နေသေးတဲ့ အဖြစ်အပျက်လေးတစ်ခုကို ကြုံလို့ ပြောပြချင်ပါတယ်၊ အဲဒီတုန်းက အခုလိုပဲ တဂ်ဂိမ်းတစ်ခု ရေးနေကြတဲ့ အချိန်ပါ၊ အကြောင်းအရာက သရဲခြောက်ခြင်းနဲ့ ပတ်သက်တာ တခုခု..၊ ကျနော် ဖတ်မိတာက ကိုရန်အောင်ရဲ့ ပို့စ်တစ်ခုပါ၊ အဲဒီပို့စ်ရဲ့ အဆုံးမှာ သူက 'ကဲ ဒီစာကို ခင်ဗျားက ဖတ်နေတယ်ဆိုရင် ခင်ဗျားကိုလည်း ဆက်ပြီး တဂ်လိုက်ပြီဗျာ၊ ရေးသာရေးပေတော့' လို့ ရေးလိုက်တယ်၊ ဒါဟာ ကျနော့်လို လူလည်းမသိ၊ ဘာဆက်ရေးရမှန်း လည်း မသိသူ အတွက် လှလှလေး ဖွင့်ထားတဲ့ တံခါးတစ်ချပ်ပဲ မဟုတ်လား၊ ဒါနဲ့ 'ပဟေဠိဖွက်တဲ့ သရဲတစ်ကောင်' ဆိုတဲ့ ပို့စ်ကို ကျနော် အားကြိုးမာန်တက် ရေးတယ်၊ ပြီးတော့ တင်တယ်၊ ဘယ်သူမှ လာမဖတ်ကြဘူး၊ လူတစ်ယောက်ကို ဒေါနဲ့မာန်နဲ့ သူ့မှာရှိတဲ့ အဆိပ်တွေ အကုန်သုံးပြီး ကိုက်လိုက်ပြီးတဲ့အခါ အားကုန်သွားပြီး မလှုပ်ချင်တော့တဲ့ မြွေတစ်ကောင်လို ကျနော်လည်း စိတ်ညစ်၊ လက်ပန်းကျသွားပြီး ဘလော့ဂ်ကို ပစ်ထားလိုက်တော့တယ်၊ အတော်ကြီးကြာမှ ပြန်လာကြည့်တော့ ကွန်မန့်လေး ၂ ခု ရောက်နေခဲ့ တယ်၊ မလေး(အိမ့်ချမ်းမြေ့)နဲ့ အမမေငြိမ်း တို့ဆီက...၊ နာမည်ကြီး ၂ ယောက်ဆီက အသိအမှတ်ပြုမှုလေး ရလိုက်တော့ ကျနော်ပျော်ပါတယ်၊ အားလည်းတက်ပြီး နည်းနည်းစီ ဆက်ရေးဖြစ်ခဲ့တယ်၊ သူတို့ကတော့ သိမယ် မထင်ပါဘူး၊ ရေးဖို့ indirectly တဂ်ခဲ့တဲ့ ကိုရန်အောင်၊ ကွန်မန့်ပေးသွားတဲ့ မလေး နဲ့ အမမေငြိမ်း တို့ကို ကျေးဇူးတင် ပါတယ်၊ နောက်ပိုင်းတော့လည်း တဖြေးဖြေးနဲ့ ဘလော့ဂ်ရပ်ဝန်းထဲမှာ ကူးလူးဆက်နွယ်မှုတွေ ဖြစ်ခဲ့တယ် ပေါ့ဗျာ၊ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘလော့ဂ်တွေ၊ ခင်မင်စရာ ကောင်းတဲ့သူတွေကိုလည်း သိလာခဲ့ရတယ်၊
ဒီလိုနဲ့ တဂ်ပို့စ်ရေးဖို့ ပျင်းတဲ့ ကျနော့်ကို မရမက တဂ်တတ်တဲ့ ညီငယ် မောင်မျိုး (အင်မတန် ရိုးသားတဲ့၊ ရယ်မြူးစရာ ကောင်းတဲ့ ပို့စ်လေး တွေ ရေးတတ်တဲ့ ညီငယ်)၊ ပြောင်မြောက်တဲ့ စကားလုံးတွေ သုံးတတ်တဲ့ မသီတာ-ကိုဧရာ (သူတို့ကို စသိတုန်းက တခြားလူတွေလိုပဲ ကျနော်လည်း ဘာသာရေးဘလော့ဂ်ပဲ ထင်နေခဲ့တာ)၊ အင်မတန် စာရေး ကောင်းသူလို့ အားလုံးက တညီတညွတ်တည်း လက်ခံထားကြတဲ့ ကိုကလိုစေးထူး၊ ရှေးဟောင်း မြန်မာ ကဗျာတွေနဲ့ ပါဠိတွေကို ထုံးလိုခြေ၊ ရေလိုနှောက်တဲ့ မမေဓာဝီ (သူက တခါတခါလည်း ရယ်စရာတွေ ကို အတည်ကြီးနဲ့ ရေးတတ်ပါသေးတယ်)၊ ညွတ်နူးပျော်ဝင် စေလောက်တဲ့ အက်ဆေးတွေ အရေးကောင်းတဲ့ မသက်ဝေ (ဝတ္ထုတိုတွေ ဆိုရင် လည်း အဆုံးသတ်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားစေတဲ့ twist တွေကို ရေးနိုင်သူပါ)၊ လန်းဆန်းသွက်လက်တဲ့ စာတွေရေးတဲ့ မချစ်ကြည်အေး (ဂီယာနံပါတ်တစ်နဲ့ ခဏခဏ ပြန်ထွက်ရတဲ့ ဘုရားဖူး ကားကြီးနဲ့လည်း ခေါ်သွားတတ်သူပါ)၊ Sense of humour အပြည့်နဲ့ ပို့စ်တွေ ရေးတတ်တဲ့ ကိုတီဇက်အေ (သူ့ရဲ့ မိသားစုတွေ လေယာဉ်ပျံနောက်ကျတဲ့ ပို့စ်ဆိုရင် အခုပြန်တွေးရင်တောင် ရယ်ချင်နေမိတုန်း ပါပဲ)၊ သီချင်းတွေကို အံ့သြလောက်အောင် သိနေတဲ့ ပေါက် (သူ့ဆီ ဖတ်တဲ့အခါ ဘယ်ကမ္ဘာကျော် အဆိုတော် ဘယ်တော့ အသစ်ထွက်မလဲ လို့ သိရတယ်)၊ ဂျစ်ပစီမိုးတိမ်တို့ နားခိုရာ ကိုညိမ်းနိုင် (ကျနော်ကောက်သိမ်းချင်မိတဲ့ ကဗျာတွေလည်း ထွက်ကျတတ်သူပါ)၊ စကားပြောရ တာ ဝါသနာပါလို့ ဘလော့ဂ်ရေးပါတယ် ဆိုတဲ့ မ,ကောင်းမွန်ဝင်း (တခါတလေ သူက အသံတိတ်နေပေမယ့် ဂျပန်ဆူနာမီလို အရေးကြီးချိန် မှာတော့ အချိန်နဲ့တပြေးညီ သတင်းတွေ တင်ပေးခဲ့သူ)၊ အပြင်းစား ကဗျာတွေနဲ့ ပန်းချီတွေရဲ့ ဖန်တီးရှင် မပန်ဒိုရာ၊ ပို့စ်တိုင်းကို စေတနာ အပြည့်နဲ့ ရေးတဲ့ အစိမ်းရောင်လွင်ပြင်က မချော (သူက Yellowstone Park အကြောင်း ပြောပြပြီး ကြည့်လို့ မဝခင်မှာ တူရကီက မြေထဲပင်လယ် အသုပ်ကို ချကျွေးနိုင်လောက်အောင် ဗဟုသုတ စုံသူပါ)၊ မိုးဇက်တို့ ဘီသိုဗင်တို့ရဲ့ ဂီတမှာ ပျော်ဝင်သူ မစူးနွယ်လေး (မဖတ်ရတာ ကြာနေတဲ့ အဆောင်နေ ကျောင်းသူဘဝကိုလည်း အရေးကောင်းသူ)၊ ပြေပြစ်ချောမွေ့တဲ့ ဝတ္ထုတွေ အရေးကောင်းသူ ရိုစ့် (သူက ရယ်သံကို စာတွေထဲမှာ 'ခစ် ခစ်'လို့လည်း အသံဖလှယ် တတ်ပါတယ်)၊ အဖေကို ချစ်လွန်းတဲ့ Sharon ရဲ့ မရိုစ့် (ခင်ပွန်းနဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာကိုလည်း ပို့စ်တွေမှာ ပေါ်အောင်ရေးသူပါ)၊ ငှက်ကြည့် ဝါသနာပါသူ မအိုင်အိုရာ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ရင်ခုန်သူ တစ်ယောက်ပါ)၊ အာရပ်တိုင်းပြည်က လူနေမှုတွေ အကြောင်း တစေ့တစောင်း ပြောတတ်သူ ကို N/A (သားကို ချစ်တဲ့ အဖေတစ်ယောက်)၊ ကော်ဖီခါးခါး ကြိုက်တဲ့ မမိုးငွေ့ (သူက အိန်ဂျယ်လ်ကိုလည်း အတော်ရင်ခုန်သူပါ)၊ အင်္ဂလိပ်လို ပို့စ် ရေးပြီး ကျနော့်ဆီမှာ ပြင်သစ်လို ကွန်မန့်တွေ ပေးဖူးတဲ့ Mon Petit Avatar (သူ့ရဲ့ ခရီးသွား ပို့စ်တွေက စိတ်ဝင်စားဖို့ ကောင်းသလို အစားအသောက်ပို့စ်တွေ တင်ပြီးတိုင်း 'ဝလာတော့မှာပဲ' လို့ ရေးတတ်တာလေးက နှစ်ခြိုက်စရာ)၊ အစားအသောက်တွေကို မျိုးစုံ ချက်တတ် တဲ့ မဘေဘီ (သူတင်တဲ့ အစားအသောက် ပုံတွေ ကြည့်တိုင်း 'ခံတွင်းထဲမှာ မိုးရွာပြီ ဘေဘီ' လို့ ပြောချင်မိတယ်)၊ စကားလုံး စီးဆင်းမှု ချောမွေ့လှတဲ့ မဇွန်မိုးစက် (သူစီးခဲ့တဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ လေယာဉ်ပေါ်က အဖြစ်အပျက်တွေကို အသေးစိတ် မှတ်မိနေတဲ့ ဦးနှောက် ပိုင်ရှင်ပါ)၊ အတွန်းအတိုက်တွေ ကြားမှာ ခေါင်းမော့ ရင်ကော့ ပန်းပန်လျက်ရှိနေတဲ့ မငယ်နိုင်၊ မျှတတဲ့ အတွေးတွေနဲ့ ပို့စ်ရေးတဲ့ မအိမ်သူ (သူ့ရဲ့ ဝါခေါင်မိုး ဘလော့ဂ်မှာ ကမ်ဘောဒီးယားအကြောင်း စိတ်ဝင်စားစရာတွေ အပြည့်နဲ့ပါ)၊ တောင်တန်းတွေကို ချစ်တတ်တဲ့ အမြဲစိမ်းဖြိုး (သူ့ရဲ့ ခရီးသွားဆောင်းပါးတွေ ဖတ်ရတာ ကိုယ်ကိုယ်တိုင် ကျောပိုးအိတ် တစ်လုံးနဲ့ ခရီးသွားရသလို ပေါ့ပေါ့ပါးပါး ရှိလှတယ်)၊ အေးချမ်းတိုးတိတ်တဲ့ စာလေးတွေ ရေးတဲ့ မ,ရှင်လေး၊ အခက်အခဲတွေကို လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ လပြည့်ရိပ်၊ အစ တစ်ကြောင်းဖတ်မိတာနဲ့ အဆုံးထိကို တထိုင်တည်း ဖတ်မိသွားစေတဲ့ ဝတ္ထုတွေရဲ့ မှော်လက်ပိုင်ရှင် ကိုမြစ်ကျိုးအင်း (ဇတ်ရုံတစ်ရုံ အကြောင်း ကကြီးကနေ အ,အထိ ခရေစေ့တွင်းကျ သူသိပုံက တကယ့်ကိုပဲ လက်ဖျားခါချင်စရာ)၊ ဝတ္ထုတွေ ကဗျာတွေကို မအားတဲ့ကြားက ကြိုးစားရေးရှာတဲ့ ညီမအိန်ဂျယ်လ်လှိုင် (သူက ချစ်စရာကောင်းတဲ့ 'ကောင်းသောနေ့လေး ဖြစ်ပါစေအကို' လို့လည်း နှုတ်ဆက်တတ်သူပါ)၊ ပန်းတွေကို ဗိသုကာပညာနဲ့ ထုဆစ်တတ်တဲ့ မ,အပြုံးပန်း (သူရေးတဲ့ ပို့စ်တိုတိုလေးတွေက ခဏလေးနဲ့ ပွင့်ပေမယ့် အချိန်အကြာကြီး မွှေးနေတဲ့ ပန်းကလေးတွေလို)၊ ကွန်နက်ရှင် အခက်အခဲကို ရင်ဆိုင်ပြီး ဖတ်ရခက်သူတွေ အတွက် စာကောင်းပေမွန်တွေ ကြိုးစားတင်ပေးတဲ့ မရွှေစင်ဦး (သူ့ရဲ့ တောင်ရောက်မြောက်ရောက် စီးရီးစ်ပို့စ်တွေက တကယ်ပဲ တောင်ကနေမြောက်အထိ လက်ရှိဖြစ်နေ တဲ့ အကြောင်းတွေ ဗဟုသုတ ရပါတယ်)၊ ဒီမိုးဒီရေထဲမှာ ချီတက်ဆဲ၊ ချီတက်မြဲ မခင်ဦးမေ (ပို့စ်အသစ်တွေနဲ့ အမြဲတမ်း up to date ဖြစ်နေတဲ့ လူသိအများဆုံး ဘလော့ဂ်ပါ) စတဲ့ မောင်နှမတွေနဲ့ သိကျွမ်းခဲ့ရတယ်၊ အခြားစိတ်ဝင်စားစရာ ဘလော့ဂ်တွေလည်း သွားရင်းလာ ရင်း မြင်းတပြေး အနေအထားနဲ့ သိခဲ့ရတာ တကယ့်ကို အများကြီးပါ၊ အချိန် အခက်အခဲတွေကြောင့် အဝေးကနေပဲ ငေးကြည့်နေခဲ့ ရတယ်၊
တကယ်တမ်း နေ့စဉ်ဘဝမှာ ကျနော့်အတွက် ပို့စ်တွေအများကြီး လိုက်ဖတ်ဖို့ရာ အချိန် သိပ်မရှိလှ ပါဘူး၊ ဖတ်ဖို့ အကြွေးတင်နေတဲ့ ပုံနှိပ်ဝတ္ထုတွေ၊ ဓါတ်ပုံပိုင်းဆိုင်ရာ ဆိုဒ်တွေ၊ စာအုပ်တွေ၊ အိမ်မှုကိစ္စတွေကြားမှာ တခါတခါ ဘလော့ဂ်လေးက အိပ်ပျော်သွားလေ့ ရှိပါတယ်၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ စ,ရေး ကတည်းက ဒီနေ့အထိ အကြာကြီး နားနေတာမျိုးတော့ မရှိစေခဲ့ ဖူးသေး ပါဘူး၊ အဲဒီလို အခြေအနေမှာ ကျနော်ကသာ ပုံမှန်မရောက်ပေမယ့် ကျနော့်ဆီကို အမြဲလိုလို လာလည်နေကြတဲ့ တခြားဘလော့ဂါတွေ၊ စာဖတ်သူတွေ အကြောင်းလည်း ပြောဖို့ လိုပါလိမ့်မယ်၊ ဘလော့ဂ်စ,ရေးတဲ့ အစောပိုင်း ကာလတွေကတည်းက ဒီနေ့အထိ ပုံမှန်လာလည်ပြီး ကွန်မန့်လေးတွေ ချန်ထားတတ်သူက မမီးငယ် ပါ၊ နောက်ပြီးတော့ တရင်းတနှီး လာလည်ကြသူတွေ ဖြစ်တဲ့ နာမည်လှလှနဲ့ မ,စည်းစိမ်၊ ကွန်မန့်တွေကို တလေးတနက် ပေးတတ်သူ တောင်ငူသား၊ အကြိုက်နဲ့ တွေ့တဲ့အခါ ခြေရာချန်ဖို့ ဝန်မလေးတဲ့ Vista၊ စကားလုံးတိုင်းကို ထိရှခံစား တတ်တဲ့ မစိုးမြနန္ဒာသက်လွင်၊ ကွန်မန့်မှာ တခါတလေ စိတ်ဝင်စားစရာ မေးခွန်းတွေ မေးတတ်တဲ့ ကို Raymond ကျော်မင်းနိုင်၊ ဘလော့ဂ် ကို အကြိမ်ပေါင်းများစွာ လာလည်တတ်တဲ့ အမြဲအားပေးတတ်သူ ဂျီးဒေါ်၊ ကျနော် သွားလည်ချင်လှတဲ့ ယောနယ်ကို ရောက်ဖူးလို့ အားကျရသူ အဝါရောင်မြေက (မ)စော၊ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ရေးတတ်တဲ့ လက်တွေ့နဲ့ မကင်းကွာသူ မစန်းထွန်း၊ ချစ်စရာ ကွန်မန့်လေးတွေရဲ့ ပိုင်ရှင် ညီမ blackroze၊ သိုးဆောင်း စကားလုံးတွေနဲ့ သတိတရ နှုတ်ဆက်တတ်တဲ့ မချောစု၊ ကွန်မန့်မှာ 'ခင်မင်လျက်'လို့ လက်မှတ်ထိုးတတ်တဲ့ မ,ဆောင်းနှင်းရွက်၊ စာတွေကို သေချာဖတ်ပြီး ကွန်မန့်ပေးတတ်တဲ့ မမေသိမ့်သိမ့်ကျော်၊ ကွန်မန့်မှာကော စီဘောက်စ်မှာပါ ရင်းရင်းနှီးနှီး နှုတ်ဆက်တတ်တဲ့ မဒမ်ကိုး၊ ပို့စ်သစ်တွေရဲ့ ထိပ်ဆုံးမှာ လာလာမန့် တတ်တဲ့ ညီ၊ အခုနောက်ပိုင်းမှာ ကွန်မန့်တွေ ရေးလေ့ရှိတဲ့ AA တို့ကိုလည်း သတိတရ ဖော်ပြချင်ပါတယ်၊ ဒါတွေက ဒီပို့စ်ရေးနေခိုက်မှာ ခေါင်းထဲရောက်လာတဲ့ နာမည်တွေပဲ ဖြစ်ပါတယ်၊ ခြေရာမချန်ခဲ့ဘဲ အမြဲတမ်း တိတ်တိတ်ကလေး လာဖတ်နေတဲ့ သူတွေလည်း အများကြီးပါပဲ၊ ဘယ်သူဘယ်ဝါရယ်လို့ မပြောနိုင် ပေမယ့် သူတို့ကိုလည်း တခုတ်တရ အမှတ်ရမိကြောင်း ပြောပါရစေ..၊
ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်ရဲ့ ရည်ရွယ်ချက်က ကိုယ်သိတဲ့၊ ဖတ်တဲ့ အခြားဘလော့ဂ်တွေ အကြောင်း ပြောကြဖို့ ဆိုတဲ့အတွက်သာ ရေးလိုက်ရပေမယ့် အမှန်ပြောရရင် အခုလို နာမည်တွေနဲ့ ရေးရတာ ကျနော် မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပါပဲ၊ အကြောင်းက ကျနော် မဖော်ပြ မိတဲ့သူတွေ တစ်ယောက်မက ကျန်နေမှာ အသေအချာပါပဲ၊ ကိုယ်ခင်မင်လို့ ပုံမှန်လာလည်နေတဲ့ ဘလော့ဂ်က အခြားလူတွေကို သတိရပြီး ကိုယ့်ကိုတော့ မေ့နေခဲ့တယ် ဆိုရင် တချို့က ဘယ်လိုမှ မခံစားရပေမယ့် တချို့ကတော့ စိတ်မှာ မြူတမှုန်စာပဲ ဖြစ်ဖြစ် အစက်ထင်ကောင်း ထင်သွားနိုင် ပါတယ်၊ ဒါ့ကြောင့် အဲဒီလို ချွတ်ချော်ပြီး နာမည်ကျန်ခဲ့တဲ့ သူတွေရှိခဲ့ရင် ကျနော် အနူးအညွတ် ကြိုပြီး တောင်းပန်ပါတယ်၊ ဒါဟာ လေးစားသမှု မရှိတာ၊ တန်ဖိုးမထားတာမျိုး မဟုတ်ဘဲ ကျနော့်ရဲ့ မှတ်ဥာဏ် ချို့ယွင်းမှု သက်သက်ပါပဲ၊ နာမည်ပါသူတွေက အင်္ဂလိပ် ခေတ်ကလို ကြက်သရေဆောင် ရွှေစလွယ်ရမင်း (KSM) လက်မှတ် ရမှာ မဟုတ်သလို နာမည်မပါသူတွေကလည်း သမဝါယမ ခေတ်ကလို ပြည်သူ့ဆိုင်မှာ သကြားနဲ့ရေနံဆီ မရဘဲ ကျန်ခဲ့မှာမျိုး မဟုတ်ပါဘူး၊ ဒါဟာ မပြည့်စုံတဲ့ ဦးနှောက်တစ်လုံးက ဝင်ကစားတဲ့ တဂ်ဂိမ်းတစ်ခု သက်သက် ဆိုတာထက် မပိုပါဘူးဗျာ...၊
နာမည်နဲ့တကွ ရေးမိတဲ့သူတွေကိုလည်း နာမည်တွေဟာ Order of appreciation အလိုက် မဟုတ်ဘဲ ခေါင်းထဲမှာ ပေါ်လာတဲ့အတိုင်း ခပ်သွက်သွက်ပဲ ချရေးထားတာ ဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်၊ ပြီးတော့ ကွင်းစကွင်းပိတ်ထဲက မှတ်ချက်လေးတွေကလည်း တစ်ယောက်စီကို categorize ခွဲခြား သတ်မှတ်တာမျိုး မဟုတ်ဘဲ ရှိရင်းစွဲ အပြန်အလှန် ခင်မင်မှု ကြိုးနှစ်စကို ပိုပြီးခိုင်မြဲအောင် သုံးလွန်းတင် လိုက်တဲ့ အတို့အထိလေး သက်သက်ပါပဲ၊ အခန့်မသင့်လို့ စိတ်နဲ့ မတွေ့ခဲ့ရင်တော့ ကျနော့်ရဲ့ အားနည်းချက် ဖြစ်တဲ့အကြောင်း တဆက် တည်းပဲ တောင်းပန်ပါရစေ...၊
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ဒီအချိန် အထိတော့ ဘလော့ဂ်ရပ်ဝန်းမှာ ကျနော် သစ္စာရှိစွာ နေထိုင်တုန်းပါပဲ၊ အချိန်ရရင် ရသလို ဘလော့ဂ်တွေဆီ လှည့်လည်သွားလာ နေတုန်းပါပဲ၊ စာလာဖတ်တဲ့ အယောက်တိုင်းကို ကျေးဇူးတင်ပြီး ဝမ်းသာအားရ ကြိုဆိုဆဲပါပဲ၊ ကွန်မန့်တွေကိုလည်း တန်ဖိုးထားသလို တစ်ခုချင်းစီကို တတ်နိုင်သလောက် ကြိုးစားပြီး ပြန်နေလျက်ပါပဲ၊ တခြားသော ဘလော့ဂါတွေမှာ အချင်းချင်း အပြင်မှာတွေ့ကြတယ် ဆိုရင် ကျနော် အမြဲတမ်း အားကျမိပါတယ်၊ တခါတခါမှာ ကျနော်လည်း အဲဒီလို ကိုယ်ရင်းနှီးတဲ့ ဘလော့ဂါတွေ၊ စာဖတ်သူတွေကို လက်ဖက်တရိုး၊ အကြမ်းတစ်အိုးနဲ့ အပြင်မှာ ဆုံဖူးချင်မိတယ်၊ တခါတလေ လပေါင်းများစွာ ကြာတဲ့အထိ မြန်မာ တစ်ယောက်နဲ့မှ မဆုံဖြစ်တဲ့ အရပ်မှာ နေထိုင်ရတဲ့ အတွက်ကြောင့်လားတော့ မသိပါဘူး၊ ဘလော့ဂ် ရပ်ဝန်းလေးက ကျနော့်အတွက်တော့ တဝဲလည်လည် ဖြစ်ရတဲ့ ချည်တိုင်ပါပဲ၊ မမြင်ရတဲ့ ကြိုးတွေနဲ့ ကျနော်တို့ အချည်ခံရတဲ့အခါ ဖြေဖို့ ပိုပြီးခက်တယ် မဟုတ်လား...။ ။
ညီလင်းသစ်
၂၈ သြဂုတ်၊ ၂၀၁၁
စာကြွင်း။ ။ နာမည်တွေရဲ့အောက်မှာ ဘလော့ဂ်လင့်ခ်တွေတော့ မထည့်ပေးဖြစ် လိုက်ဖူးဗျာ၊ အမှန်တော့ သူတို့အားလုံးဟာ ကျနော်က မိတ်ဆက်ပေးစရာ မလိုတဲ့ လူသိများပြီးသား ဘလော့ဂ်တွေပါပဲ၊ စိတ်ဝင်စားရင်တော့ ဆိုဒ်ဘားမှာ အဲဒီဘလော့ဂ်လိပ်စာတွေ အားလုံးနီးပါး ရှိပါတယ်..။