30 July 2011

၂၇ နှစ်မှာ...


ဒီရက်ပိုင်းတွေမှာ အတော်လေး အလုပ်များနေတာနဲ့ ဘလော့ဂ်မှာ ဘာမှ မရေးနိုင်ဘူး ဖြစ်နေခဲ့တယ်၊ တကယ်ဆို အခုအချိန်က နွေရာသီဆိုတော့ မြို့မှာ အတော်လေး လူရှင်းပါတယ်၊ ကုန်တိုက်တွေမှာ ဈေးဝယ်သွားတဲ့အခါ ကားပါကင်မှာ ကားရပ်စရာ နေရာတွေ အပြည့်နဲ့..၊ အလုပ်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေ အများစုက ခွင့်နဲ့ အားလပ်ရက် သွားနေကြလို့ ခြောက်ကပ်ကပ်...၊ အဲဒီလို အချိန်မှာမှ ကျနော်က တစ်ယောက်တည်း အလုပ်များနေခဲ့ ရတာ..၊ အမှန်က တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့လေ...၊ ကျနော်နဲ့ အတူတွဲလုပ်တဲ့ ကျောင်းသား ၂ ယောက် ၃ ယောက်လောက်ကို သူတို့ပရောဂျက်တွေ အတွက် ကူပေးနေရတာပါ...၊ ၂ ယောက်က ရေထဲမှာ လုပ်ရတဲ့ ပရောဂျက်ဆိုတော့ ကျနော့်ရဲ့ မာလိန်မှူး အခန်းကဏ္ဍက မရှိမဖြစ်ပေါ့..၊ ဒီရက်ပိုင်း ရာသီဥတု နည်းနည်းဆိုးတော့ မော်တော်မောင်းဖို့ မဖြစ်နိုင်လို့ နားရမလား ကြံကာရှိသေး နောက် တစ်ယောက်က lab ထဲမှာ ဓါတ်ခွဲတာနဲ့ ဆိုင်တဲ့ ပရောဂျက်စ,လို့ သူ့ကို တခါ ပြပေးရပြန် ပါတယ်၊ ဒီလိုနဲ့ ဓါတ်ခွဲခန်း များစွာက တံခါးတွေပိတ်၊ ရုံးခန်းတွေ တိတ်ဆိတ်နေကြတဲ့ အဆောက်အဦးထဲ မှာ ကျနော်တို့လို လူနည်းစု ကတော့ တိုးတိုးတိတ်တိတ် အလုပ်တွေ ရှုပ်နေခဲ့ကြတယ်...၊

ပြီးခဲ့တဲ့ ရက်တွေတုန်းက သတင်းတွေမှာ နာမည်ကြီး အဆိုတော် အေမီဝိုင်းဟောက်စ် (Amy Winehouse) ဆုံးသွားတဲ့ အကြောင်း ကျနော်တို့အားလုံး ဖတ်ကြ၊ ကြားကြရ ပါတယ်၊ သူ့သီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေဒီယိုမှာ နားထောင်ဖူးတာက လွဲလို့ သူ့ကို ကျနော် ကောင်းကောင်း မသိပါဘူး၊ သူ့ရဲ့ နာရေးနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမှတ်မထင် ဖတ်မိတယ်၊ အသက် ၂၇ မှာ ဆုံးသွားတဲ့ သူ့လိုပဲ ဒီအသက် အရောက်မှာ ဆုံးသွားကြတဲ့ အခြားနာမည်ကြီး ဂီတပညာရှင်တွေကို ဆက်စပ်ရေးထားတာပါ၊ Nirvana အဖွဲ့က Kurt Cobain, The Doors အဖွဲ့က Jim Morrison, Rolling Stones အဖွဲ့ကို စပြီး တည်ထောင်ခဲ့တဲ့ Brian Jones, နာမည်ကြီး ဂစ်တာသမား Jimi Hendrix အစရှိတဲ့ ဂီတသမားတွေဟာ အေမီဝိုင်းဟောက်စ်လိုပဲ အသက် ၂၇ ဝန်းကျင်မှာ ကွယ်လွန်ခဲ့ ကြတယ်၊ အားလုံး လိုလိုက အရက်၊ မူးယစ်ဆေးနဲ့ ဆက်နွယ်ပြီး သေဆုံးခဲ့ကြတာပါပဲ...၊

၂၇ နှစ်ဆိုတဲ့ အသက်အရွယ်ဟာ ဘဝရဲ့ အသန်မာ၊ အဖြတ်လတ်ဆုံး အရွယ်၊ အလုပ်တွေ အများကြီး လုပ်နိုင်တဲ့ အရွယ်၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာကြံ့ခိုင်တဲ့ အရွယ်ပါ၊ ဒီလိုအရွယ်မှာ ရောဂါဘယကြောင့် မဟုတ်ဘဲ မူးယစ်ဆေးရဲ့ သားကောင်အဖြစ်နဲ့ သေဆုံးကြ ရတာ နှမြောဖို့ ကောင်းတယ်၊ တောက်ပအောင်မြင်တဲ့ ဘဝတစ်ခုကို ထားခဲ့ပြီး၊ လူတော်တော်များများမှာ မရှိတဲ့ အရည်အချင်း တွေကို ထားခဲ့ပြီး ထွက်သွားခဲ့ကြရတာ...၊ ကိုယ့်သဘောနဲ့ ကိုယ် ဖိတ်ခေါ်ခဲ့တဲ့ မူးယစ်ဆေးက အဆုံးတိုင် ဝါးမြိုသွားတာမို့ ခပ်စိမ်းစိမ်း တွေးကြည့်မယ် ဆိုရင် ဘယ်သူမပြု မိမိမှုပဲလို့ ပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ၊ အနုပညာသမားနဲ့ ယစ်မူးစေတဲ့ အရာ တစ်ခုမဟုတ်တစ်ခု ဆက်စပ်နေ တတ်ကြတာတော့ ကျနော်တို့အားလုံး အသိပဲ မဟုတ်လား...၊

ဒါနဲ့ တဆက်တည်း ကျနော့်အသက် ၂၇ မှာ ဘာတွေလုပ်နေ၊ ဖြစ်နေခဲ့လဲလို့ တွေးကြည့်မိတယ်၊ သေခြင်းနဲ့ရှင်ခြင်းကြားက အပြောင်း အလဲမျိုး မဟုတ်ပေမယ့် ၂၇ နှစ်ဆိုတဲ့ အသက်မှာ ကျနော့်ရဲ့ ဘဝတစ်ဆစ်ချိုးလို့ ပြောလို့ရတဲ့ အပြောင်းအလဲတစ်ခုတော့ ဖြစ်ခဲ့တယ်၊ အထိုက်အလျောက် အောင်မြင်နေတဲ့ ဘဝတစ်ခုကို မြန်မာပြည်မှာ ထားခဲ့ပြီး ဒီနိုင်ငံကို ရောက်လာခဲ့တယ်၊ ကိုယ်တိုင် ရွေးချယ် လိုက်တဲ့ ရွေးချယ်မှုကပဲ ကိုယ်မြတ်နိုးစွာ ပြုစုပျိုးထောင် ခဲ့ရတဲ့ ဘဝတစ်ခုကနေ ဆွဲခေါ် ထုတ်သွားခဲ့တယ်၊ လူတိုင်းကတော့ ကိုယ်စိုက်တဲ့အတိုင်း ရိတ်ရမှာပဲ မဟုတ်လား..၊ ကျနော့်အသက် ၂၆ နှစ်လောက်မှာ ဗင်းဆင့်ဗန်ဂိုးရဲ့ အတ္ထုပတ္တိအကြောင်း ဖိတ်မိတယ်၊ အဲဒီမှာ ဗန်ဂိုးက အသက် ၂၇ နှစ် ဝန်းကျင်လောက် ရောက်မှ ပန်းချီ စ,ဆွဲတယ်လို့ ဖတ်ရတော့ 'ကြည့်စမ်း..ငါလည်း နောက်တစ်နှစ်လောက် နေမှ ပန်းချီစ,ဆွဲရင်တောင် နိုင်ငံကျော်လောက်တော့ ဖြစ်လာနိုင်သေးတယ်၊ သိပ် အချိန်မနှောင်းသေးဘူး' လို့ ခပ်ကြောင်ကြောင် တွေးခဲ့ မိဖူးသေးတယ်၊ အခုတော့လည်း ၂၇ ကို ကျော်ဖြတ်လာခဲ့တာပဲ ၁၀ စုနှစ် တစ်ခုနီးပါး ကြာခဲ့ ပါပြီ၊ ဘဝရဲ့ ကင်းဗတ်ပေါ်မှာ ကိုယ့်ရဲ့ကောက်ကြောင်းကိုပဲ ပီပြင်အောင် အနိုင်နိုင် ခြစ်နေရတုန်း၊ တချို့နေရာတွေမှာ လိုက်လျောညီထွေရှိအောင် ဘယ်လိုဆေးစပ်ရမလဲလို့ အခုထိ သဘောမပေါက်နိုင်ဘဲ ရှိတုန်း၊ အနီးအဝေး သဘောတွေ ကြားမှာ ယောင်ယောင်ကန်းကန်းနဲ့ တမ်းတ လွမ်းမောလို့ ရပ်ကြည့်ကျန်ရစ် နေတုန်း....။ ။


ညီလင်းသစ်
၂၉ ဇူလိုင်၊ ၂၀၁၁

15 July 2011

ဗုဒ္ဓဟူးနေ့ကြောင့် ဖြစ်သောပို့စ်


ဒီရက်ပိုင်းမှာ အတော်လေး အလုပ်တွေများနေပါတယ်၊ အလုပ်မှာ အပြီးသတ်ရမယ့် ဖိုင်တွေရှိနေသလို ကျနော်တခါက ရေးဖူးတဲ့ ရေငုပ်သင်္ဘော ပရောဂျက်ကလည်း စ,နေပြီဆိုတော့ တပြိုင်တည်း လုပ်စရာတွေက ပြုံဝင်လာသလိုပဲ..၊ ရင်းနှီးနေကျ ဘလော့ဂ်တချို့ကိုတောင် မြန်မြန်သွား၊ ဖတ်၊ ပြန် လုပ်နေရတယ်၊ တခါတလေလည်း ကွန်မန့်ကို စိတ်နဲ့ပဲ ရေးခဲ့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပို့စ်တင်တာ ကိုတော့ အဆက် မပြတ်သွားစေချင် တာကြောင့် ကြိုးစားပြီး တင်ပါဦးမယ်...၊

ပြီးခဲ့တဲ့ ပို့စ်မှာ နာနိုအရုပ်လေးတွေ အကြောင်းပြောရင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ကလေးတွေ ကျောင်းပိတ်လေ့ ရှိတဲ့အကြောင်း ရေးလိုက်တော့ ကွန်မန့်မှာ မ,ကောင်းမွန်ဝင်း နဲ့ ကိုညိမ်းနိုင် က ဒီအကြောင်းကို စိတ်ဝင်စားပြီး (၁၆ မှတ်တန်) အကျယ်ချဲ့၍ ရှင်းပါ ဆိုတာနဲ့ ဒီပို့စ်လေး ထပ်ဖြစ်လာရ ပြန်ပါတယ်၊ ဒီအတိုင်းဆိုလည်း သိပ်တော့မဆိုးဘူး၊ ကျနော်က တစ်ပုဒ်ရေးလိုက်၊ စိတ်ဝင်စားသူ တစ်ယောက်ယောက်က ကွန်မန့်မှာ ပြန်မေးလိုက်၊ ဒါကို ကျနော်က ပို့စ်အသစ်တစ်ပုဒ်ရေးပြီး ပြန်ရှင်းလိုက်နဲ့ အတော်လေး ခရီးရောက်နိုင်တယ်၊း) ကြားဖူးတဲ့ အရက်သမား ဟာသလေးတောင် သတိရမိသေးတယ်၊ 'တကယ်တမ်းမှာ ကျနော်အရက်သောက်တာက ပထမဦးဆုံး တစ်ရက်တည်းဗျ၊ အဲဒီမှာ နဲနဲများသွားလို့ နောက်နေ့ ထပ်ချရင်း ပြန်ဖြေ၊ ဖြေတာများပြီး ခေါင်းကိုက်လို့ နောက်နေ့ ထပ်ဖြေ၊ ထပ်ဖြေနဲ့ ဒီနေ့အထိ ရောက်လာတာပါပဲဗျာ...' တဲ့...၊

ဗုဒ္ဓဟူးနေ့အကြောင်း ပြန်ကောက်ရရင်တော့ ဆွစ်ဇာလန်မှာ မူလတန်းကျောင်းတွေက ဗုဒ္ဓဟူးနေ့မှာ ပိတ်ပါတယ်၊ ဒါပေမယ့် ဒါက ယေဘုယျပြောတာပါ၊ မြန်မာနိုင်ငံထက် ၁၅ ဆနီးပါး ပိုငယ်တဲ့ ဒီနိုင်ငံလေးမှာ မတူကွဲပြားတဲ့ အချက်တွေ အများကြီး ပေါင်းစုနေတဲ့ သာဓကတွေထဲ ပညာရေးဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်၊ ပြည်နယ် ၂၆ ခုရှိတဲ့အလျောက် ပညာရေးစနစ်ကလည်း ၂၆ မျိုး ရှိပါတယ်၊ အရေးကြီးတဲ့ အခြေခံကျတဲ့ ပြဌာန်းချက်တွေကိုတော့ ဗဟိုအစိုးရက တိုက်ရိုက်ချမှတ်ပေမယ့် သာမန်ကိစ္စတွေကို ပြည်နယ် အာဏာပိုင်တွေကပဲ ဆုံးဖြတ်ပါတယ်၊ ဒီလိုနဲ့ ကျောင်းစာသင်ချိန်တွေ၊ ကျောင်းအားလပ်ရက် ပိတ်ချိန်တွေက ပြည်နယ်တခုနဲ့တခု ကွဲပြားတတ်တယ်၊ ထားပါတော့၊ ဒီပို့စ်ရဲ့ ရည်ရွယ်ရင်းကလည်း အဲဒီလို ကွဲပြားနေတာတွေကို လိုက်ကောက်ပြီး စုစည်းတင်ပြဖို့ မဟုတ်ပါဘူး၊ ကျနော့်ရဲ့ တိုက်ရိုက်ပတ်ဝန်းကျင် အကြောင်းကိုပဲ အဓိက ပြောချင်တာပါ..၊

ဒီနိုင်ငံမှာ အသက် ၄ နှစ်က စပြီး ကလေးတွေ မူကြိုသွားကြပါတယ်၊ မူကြိုက ၄ နှစ်နဲ့ ၅ နှစ် နှစ်နှစ်သတ်မှတ်ထား ပေမယ့် မတက် မနေရတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မိသားစုဘဝနဲ့ ကျောင်းသားဘဝ အကူးအပြောင်းကို ချောမွေ့ညင်သာ စေဖို့အတွက် ကလေးတွေကို မူကြိုထားဖို့ တိုက်တွန်းကြလေ့ ရှိတယ်၊ မူလတန်းကတော့ အသက် ၆ နှစ်ကနေ ၁၁ နှစ်၊ ၁၂ နှစ်အထိ စုစုပေါင်း ၆ တန်း ရှိပါတယ်၊ ဒီမှာလည်း ပြည်နယ်အလိုက် တချို့နေရာတွေမှာ ၅ တန်း၊ တချို့နေရာ တွေမှာ ၇ တန်း ကွဲပြားတတ်ပြန်ရော..၊ ဒီ အခြေခံပညာ မူလအဆင့် ၆ တန်း ပြီးရင်တော့ ဒုတိယအဆင့် ၃ တန်း ရှိပါတယ်၊ ကျနော်တို့ မြန်မာပြည်က ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းနဲ့ ခပ်ဆင်ဆင် တူပါတယ်၊ ဒီအဆင့်မှာတော့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေဖက် သွားမယ့် သူတွေနဲ့ အဆင့်မြင့်ပညာ တက္ကသိုလ်ဝင်တန်းတွေကို ဆက်သွား မယ့် သူတွေကို အဓိက ခွဲလေ့ရှိပါတယ်၊ တီးမိခေါက်မိရုံ ပြောဖို့ ရည်ရွယ်တာမို့ အသေးစိတ်တော့ မရေးတော့ပါဘူး..၊

နဲနဲ ဇောင်းပေးပြောချင်တာက ကျောင်းအချိန်ဇယား ကိစ္စပါ၊ ပြောခဲ့သလို မူလတန်း ကျောင်းတွေက အများအားဖြင့် ဗုဒ္ဓဟူးနေ့ (အနည်းဆုံး နေ့တဝက်ဖြစ်ဖြစ်) ပိတ်ရတဲ့အထဲ ကျောင်းတက်ကျောင်းဆင်း ချိန်တွေက မိဘတွေအတွက် အတော်လေး ကသီလင်တ နိုင်တဲ့ အချိန်တွေပါ၊ ဥပမာ- မူကြိုပထမနှစ်မှာ မနက် ၈ နာရီခွဲမှာ အတန်း စ,တယ်၊ ၁၁ နာရီခွဲမှာ ပြီးပြီ၊ ဆိုတော့ ကလေးကို ကျောင်းပို့၊ ကျောင်းကြို ကိစ္စတွေအပြင် နေ့လယ်ပိုင်းတွေမှာ ထိန်းဖို့လည်း လိုလာပါတယ်၊ မြန်မာပြည်မှာ ဆိုရင်တော့ ဘာအရေးလဲ၊ အိမ်မှာ ဦးလေး၊ အဒေါ်၊ အဖိုး၊ အဖွား၊ အမျိုးအဆွေတွေ တစ်ယောက်မဟုတ် တစ်ယောက် ရှိနေမှာပဲ၊ လူတိုင်းက ကိုယ့်ကိစ္စ၊ ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတဲ့ ဒီလိုနေရာမှာတော့ ရွေးစရာက သိပ်များများစားစား မရှိပါဘူး၊ ကလေးကို နေ့ခင်းပိုင်းမှာ အပ်ထားဖို့ ကလေးထိန်း ရှာရင်ရှာ၊ ဒါမှမဟုတ် ရပ်ကွက်ထဲက အမေတွေ သူ့ကလေး၊ ကိုယ့်ကလေး တစ်ယောက်တလှည့်ထိန်း..၊ ဒါပဲ ရှိတယ်၊ အဲဒီလို လုပ်ဖို့အတွက် ကလေးအမေတွေက အလုပ်ကို ၁၀၀% လုပ်တဲ့သူ နည်းပါတယ်၊ ကျနော့် ပတ်ဝန်းကျင်မှာ သားသည်မိခင်တွေက ၆၀% ကနေ ၈၀% လောက်အထိပဲ အလုပ်,လုပ်ကြတယ်၊ ဒါမှ ဗုဒ္ဓဟူးနေ့မှာ ကလေးကို အိမ်မှာ ထိန်းနိုင်မှာကိုး..၊ တချို့တွေ ကျတော့ ခုနပြောတဲ့ နည်းလမ်း ၂ ခုစလုံး အဆင်မပြေတဲ့အခါ အလုပ်ကနေ ယာယီထွက်ပြီး အိမ်ရှင်မပဲ လုပ်နေတဲ့ သူတွေလည်း ရှိပါတယ်၊ မူလတန်း အတန်းနဲနဲ ကြီးသွားတဲ့အခါ ကျောင်းချိန်တွေက မနက် ၇ နာရီခွဲ ကနေ ညနေ ၃ နာရီခွဲ၊ ၄ နာရီလောက် ဖြစ်သွားတော့မှ အဲဒီ မိခင်တွေ အလုပ်ပြန်ရှာ ကြရပါတယ်၊ ဒီနည်းကလည်း စီးပွားရေးတွေ ကျပ်သထက် ကျပ်လာနေတဲ့ အခုခေတ်ကြီးထဲမှာ သိပ်တော့ မလွယ်ပါဘူး၊ ဥရောပမှာတော့ အဖေ့လုပ်စာကို တမိသားစုလုံး ထိုင်စားတဲ့ခေတ်က ဟိုးနောက်ဖက် တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပြီပဲလေ..၊

ဗုဒ္ဓဟူးနေ့ ကျောင်းပိတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ ပင်ပန်းမှာ စိုးလို့ပါပဲ၊ ကလေးဆိုင်ရာ လေ့လာသတ်မှတ်ချက် တွေအရ ကလေးတွေက တနင်္လာကနေ သောကြာနေ့အထိ ၅ ရက်ဆက်တိုက် စာသင်တဲ့အခါ သူတို့အရွယ်နဲ့စာရင် ခန္ဓာကိုယ်ရော၊ စိတ်ပါ အရမ်းပင်ပန်းတယ်လို့ ဆိုပါတယ်၊ ဒါ့ကြောင့် မူကြို ပထမနှစ်မှာ မနက်ပိုင်း ၄ ရက်ပဲ စ,တက်ခိုင်းတာ ဖြစ်ပါတယ်၊ ဒုတိယနှစ် ၄ ရက်မှာတော့ နေ့လယ်ပိုင်းပါ တိုးလာပြီ၊ မူလတန်းမှာတော့ ဒီ ၄ ရက်အပြင် ကျောင်းတက်ချိန် နဲနဲစောလာတာ၊ ကျောင်းဆင်းချိန် နောက်ကျတာ အစရှိသဖြင့် တဖြည်းဖြည်း တိုးလာပါတယ်၊ ဒီက ကလေးတွေ ကံကောင်းပုံများတော့ ကျောင်းတက်ချိန်က နည်းရတဲ့အထဲ ကျောင်းပိတ်ရက် တွေကလည်း တပုံတခေါင်းကြီး၊ အများအားဖြင့် မူလတန်း ကလေးတစ်ယောက်မှာ တစ်နှစ်စာ ကျောင်းပိတ်ရက် ၁၃ ပတ်၊ ၁၄ ပတ်လောက် ရှိပါတယ်၊ ရယ်ဖို့ကောင်းတာ တခုက ကလေးတွေကို ကျောင်းမှာ နဲနဲလက်လွှတ်ရလို့ မိဘတွေခမျာ အလုပ် ဖြောင့်ဖြောင့် လုပ်မယ် မကြံသေးဘူး၊ အဲဒီ ကျောင်းပိတ်ရက်တွေကို ဘယ်လို ရှင်းရမလဲလို့ ခေါင်းခြောက်ကြရ ပြန်ရော၊ ဟုတ်တယ်လေ...၊ ပုံမှန်ဆို လူတစ်ယောက်က တစ်နှစ်စာခွင့် ၅ ပတ်ပဲ ရတာကိုး၊ ဆိုတော့ အဖေနဲ့အမေ ခွင့်တွေကို တစ်ယောက်တလှည့်စီ သီးသန့်ယူဦးတော့ ၁၀ ပတ်ပဲ ရှိသေးတယ်၊ ကျန်တဲ့ ၃ ပတ်၊ ၄ ပတ်မှာ ကလေးတွေကို ဘယ်ချောင် သွားထိုးထားရမလဲ..၊ ကျနော် ငယ်ငယ်တုန်းကတော့ နွေရာသီ ကျောင်းပိတ်ရက်ဆို အဖေနဲ့အမေက ကျနော်တို့ မောင်နှမ ၃ ယောက်ကို ဒီလိုပဲ ထားခဲ့လိုက်တာပဲ၊ မနက်ကတည်းက ချက်ပြုတ်ပြီး 'နေ့လယ်စာ ဒါနဲ့ ဒီဟာနဲ့ တွဲစား' လို့ မှာတဲ့ပြီး အလုပ်ထွက်သွားကြတာပဲ၊ ကျနော်တို့ကလည်း တနေကုန် ပြေးလွှား၊ ခုန်ပေါက် ကျန်ရစ်နေခဲ့ တာပဲ၊ အင်းလေ.. အိမ်မှာကလည်း လူကြီးသူမက မရှိဘူးဆို အနည်းဆုံး သုံးလေးယောက်တော့ ကျန်နေတတ်တာကိုး..၊

သားက ရှေ့လမှာ ၄ နှစ် ပြည့်မှာ ဖြစ်ပေမယ့် သူ့ကို နောက်တစ်နှစ်မှပဲ ကျောင်းထားဖြစ်ပါလိမ့်မယ်၊ ဒီမှာ ကျောင်းဖွင့်ရက်က သြဂုတ်လ နောက်ဆုံးအပတ်မှာ ဆိုတော့ သားကို ဒီနှစ် မူကြိုထားလိုက်ရင် အတန်းထဲမှာ ၄ နှစ် ပြည့်ကာစ,နဲ့ သူအငယ်ဆုံး ဖြစ်နေမှာ သေချာတယ်၊ ဆရာမတွေနဲ့ တိုင်ပင်ကြည့်တော့ အဲဒီလို စောစောကျောင်းထား လိုက်ရင် ကလေးခမျာ စာသင်သားဘဝ တလျှောက်လုံး သူများထက် နဲနဲ ပိုပင်ပန်းပြီးတော့ လိုက်နေရတဲ့ သာဓကတွေ ပြောပြပါတယ်၊ အစောကြီးကတည်းက ၄ နှစ် ပြည့်ထားတဲ့ ကလေးနဲ့ ကျောင်းဖွင့်ခါနီး ရက်ပိုင်းအလိုမှ ၄ နှစ်ပြည့်ပြီး ကျောင်းလာတက်တဲ့ ကလေးမှာ ဖွံ့ဖြိုးမှု အပိုင်း အနည်းနဲ့အများတော့ ကွာမှာပါပဲ၊ တဖက်ကလည်း အဲဒီလို ၁ နှစ်နီးပါး နောက်ကျပြီးမှ ကျောင်းထားဖို့ ရွေးချယ်လို့ ရနေတာနဲ့ ဒီလိုပဲ ဆုံးဖြတ်ဖြစ်သွားတယ်၊ အဲဒီတုန်းကတောင် စဉ်းစား မိသေးတယ်၊ အဖေ ပြောပြဖူးတာတော့ သူတို့ငယ်ငယ်က မောင်နှမတွေထဲမှာ ကျောင်းကို စောပြီး တက်ရအောင် မွေးသက္ကရာဇ်တွေ ရှေ့တိုးတဲ့လူနဲ့..၊ စစ်ပြီးလို့ ကျောင်းပြန်တက်တော့ စာကြေအောင်ဆိုပြီး မွေးသက္ကရာဇ်ကို နောက်ပြန်ဆုတ် ဒီအတန်းပဲ ပြန်တက်တဲ့လူနဲ့..၊ အမျိုးမျိုးပါပဲ၊ အခုလည်း ဘာထူးလဲ၊ ခေတ်တွေ စနစ်တွေ နိုင်ငံတွေသာ ကွာသွားတယ်၊ ပညာရေးဆိုတဲ့ စီးကြောင်းထဲမှာ လူဟာ အလိုက်သင့်အလျားသင့် နေဖို့ကို ကြိုးစားနေရတုန်း....။ ။


ညီလင်းသစ်
၁၅ ဇူလိုင်၊ ၂၀၁၁

11 July 2011

ရိုက်ကွင်းပေါ်က လူဆိုးနဲ့သူခိုး


ပြီးခဲ့တဲ့ ပို့စ်က Illustration ဓါတ်ပုံနဲ့ ပတ်သက်ပြီး ညီမ လပြည့်ရိပ် က ကွန်မန့်မှာ စိတ်ဝင်တစား မေးထားလို့ ပုံနဲ့တကွ ဖြေဆို လိုက်ပါတယ်၊ အမှန်တော့ အဲဒီ အရုပ်လေးတွေက ကစားစရာ ကုမ္ပဏီတစ်ခုက ရောင်းတမ်းဝင် ထုတ်ထားတာ မဟုတ်ပါဘူး၊ ဒီနိုင်ငံက နာမည်ကြီး Super market တွေထဲက တစ်ခုဖြစ်တဲ့ Migros က သူတို့ရဲ့ marketing အတွက် သက်သက် ရည်ရွယ်ပြီး အကန့်အသတ်နဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်၊ အဲဒီ အကောင်လေးတွေကို နာနို (Nano) အရုပ်လေး တွေလို့ နာမည်သတ်မှတ်ပါတယ်၊ သူတို့ရဲ့ မိသားစုတွေကိုတော့ Nanomania လို့ ခေါ်ကြတယ်၊ အောက်ကပုံကတော့ Nanomania collection အပြည့်အစုံ ဖြစ်ပါတယ်၊ အရွယ်အစားကို AA size ဓါတ်ခဲ တွေနဲ့ ယှဉ်ကြည့် နိုင်ပါတယ်...၊


Photobucket
ဒီနှစ် နှစ်ဆန်းပိုင်းလောက်မှာ အဲဒီ Migros ကုန်တိုက်တွေက တစ်ပတ်တခါ ပို့တဲ့ အခမဲ့ ကြော်ငြာ မဂ္ဂဇင်းထဲမှာ ဒီအကြောင်း စ,ပြီး ပါလာတယ်၊ ဗုဒ္ဓဟူးနေ့တိုင်း သူတို့ရဲ့ ကုန်တိုက်တွေမှာ ဒီအရုပ်လေးတွေ ရနိုင်တယ်၊ ၂၀ ဖရန့်ဖိုး ဝယ်တိုင်းမှာ နာနိုအရုပ်တစ်ရုပ်ကို ငွေရှင်းကောင်တာက ပေးပါလိမ့်မယ်၊ ၁၀၀ ဖိုးဈေးဝယ်ရင် ၅ ရုပ်ပေါ့၊ ဒီ မဂ္ဂဇင်း ကြော်ငြာနဲ့အတူ မြို့တွေမှာလည်း ပိုစတာတွေ လိုက်စိုက်တယ်၊ သူတို့က ဒီ မားကက်တင်းနဲ့ ပတ်သက်ပြီး အသေအချာကို တွက်ချက်ထားခဲ့တာ..၊ အကြောင်းက ဒီမှာ ဗုဒ္ဓဟူးနေ့တိုင်း မူလတန်းကျောင်းတွေ အားလုံးလိုလို နေ့တဝက်၊ ဒါမှမဟုတ် တနေကုန် ပိတ်ပါတယ်၊ ဆိုတော့ ကလေးတွေကို အိမ်မှာထိန်းဖို့ အိမ်ရှင်မတွေလည်း အဲဒီနေ့မှာ အလုပ် မလုပ်တတ်ကြဘူး၊ ဈေးဝယ်ထွက်ရင်လည်း ကလေးတွေကိုပါ ခေါ်သွားကြလေ့ ရှိတယ်၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ၊ ကလေးတိုင်းလိုလိုက ဒီအရုပ်ကြော်ငြာ တွေ့တာနဲ့ လိုချင်ကြပြီ၊ သူတို့ မိဘတွေကို ပူဆာကြပြီ၊ ဒါတွေ ရဖို့ကလည်း ပိုက်ဆံတပြားမှ အပိုကုန်စရာ မလိုတာကိုး..၊ ပုံမှန် တပတ်စာ ဝယ်နေကျအတိုင်း ဝယ်ပြီးရင် ကျသင့်ငွေအလိုက် အရုပ်လေးတွေ ရနိုင်တော့ အဲဒီနေ့မှာ ဈေးဝယ်ဖို့ ကလေးတွေက ဖိအားပေးတာတွေ ဖြစ်လာတယ်...၊


Photobucket
အရုပ်တွေကိုလည်း ထူးထူးဆန်းဆန်း နာမည်တွေ ပေးထားသေးတယ်၊ တိရိစ္ဆာန်မိသားစုကို Animalos, လူဆိုးသူခိုး အပေါင်းအသင်း တသိုက်ကို Banditos, ပန်းရောင် ကောင်မလေးအဖွဲ့ကို Pinkies အစရှိသဖြင့် ပိုပြီးအသက်ဝင်အောင် လုပ်လိုက်တယ်၊ အပေါ်ပုံက နာနို ၆ ကောင်က မိသားစု ၆ စုထဲက သင့်တော်ရာ ဆွဲထုတ်ထားတာပါ၊ ဒါပေမယ့် ဒီ နာနိုလေးတွေ အတွက် တကယ်တမ်းမှာ ပိုက်ဆံ တပြားမှ ကုန်စရာ မလိုတာတော့ မဟုတ်ပါဘူး၊ သိတဲ့အတိုင်း မားကက်တင်းဆိုတာ အမြဲတမ်း မြှုပ်ကွက်တွေနဲ့ပါပဲ..၊ သူတို့က ဒီအရုပ်တွေကို တခါတည်း ဖြန့်ချိတာ မဟုတ်ဘဲ ၃ လအတွင်းမှာ ဗုဒ္ဓဟူးနေ့တိုင်း အသစ် ၂ မျိုး ၃ မျိုး တိုး,တိုးသွားတာ ဆိုတော့ အားလုံး လိုချင်ရင် သူတို့ ရဲ့ ကုန်တိုက်တွေမှာ အပတ်စဉ် ဈေးဝယ်ဖို့သာ ပြင်ထားပေရော့...၊ ပြီးတော့ အဲဒီအကောင်လေးတွေကို ထည့်ဖို့ သေတ္တာဗူး၊ နာနိုတွေ အကြောင်း ဇတ်လမ်းဆန်ဆန် စာကြောင်းတိုလေးတွေပါတဲ့ စာအုပ် စ,တာတွေကိုလည်း ရောင်းသေးတယ်၊ ကျနော်တို့က အဲဒီကုန်တိုက် တွေမှာ ပုံမှန်လိုလို ဝယ်နေကျဆိုတော့ ဘာမှမပြောင်းလဲပေမယ့် သူတို့ရဲ့ ပြိုင်ဖက် ကုန်တိုက်တွေမှာ ဝယ်နေကျ လူတွေခမျာ သူတို့ရဲ့ ကလေးတွေ ပူဆာလွန်းလို့ Migros ကို ဗုဒ္ဓဟူးနေ့တိုင်း အချိန်လုပြီး ဈေးလာဝယ်တာမျိုးတွေတောင် ဖြစ်သွားသေးတယ်..၊


Photobucket
အပေါ်ပုံကတော့ နာနိုမိသားစုကို ဘယ်လိုရိုက်ခဲ့လဲဆိုတာ ပြတဲ့ Setup shot ပါ၊ Flash ၂ ခုကို Radio-frequency remote နဲ့ မီးပွင့်စေပါတယ်၊ Manual mode မှာထားပြီး ဘယ်ဖက် ဖလက်ရှ်က ပါဝါ 1/16 နဲ့ ညာဖက် ဖလက်ရှ်က ပါဝါ 1/8 ထားပြီး ရိုက်တယ်၊ နာနိုအရုပ်တွေက အရောင်စုံမို့ ကလေးတွေ အမြင်မှာ လှပေမယ့် ဘာမှတော့ အထွေအထူး ကစားလို့ မရပါဘူး၊ ကြမ်းပြင်ပေါ်မှာ လှိမ့်ချင်လှိမ့် ဒါမှမဟုတ် တစ်ရုပ်ပေါ်တစ်ရုပ်ဆင့်ပြီး ကစား.. ဒါပါပဲ၊ နာနိုတွေ အတော်လေး ရေပန်းစားလာတော့ ထုံးစံအတိုင်း ဝေဖန်သံတွေလည်း ညံလာခဲ့သေးတယ်၊ Migros က သူတို့ ရောင်းအား မြှင့်တင်ရေးအတွက် ကလေးတွေ အကြိုက်ကို ဗန်းပြပြီး ခုတုံးလုပ်တယ် ဆိုပြီးတော့...၊ တီဗီမှာ Migros ရဲ့ တာဝန်ခံ တွေကို ဖိတ်ပြီး အချေအတင် စကားစစ်ထိုးပွဲတွေတောင် လုပ်လိုက်သေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတချီ မှာတော့ Migros က မြိုးမြိုးမြက်မြက်ကလေး စားလိုက်ရတာတော့ သေချာတယ်..၊


Photobucket
အပေါ်က ပုံကတော့ ပြီးခဲ့တဲ့ ပို့စ်က ပုံအတွက် မှတ်တမ်းတင် Setup shot ပါ၊ နာနိုအရုပ်လေးတွေက တွေ့တဲ့အတိုင်း ကက်ပ်ဆူးလ် ဆေးတောင့်တွေနဲ့ တူပြီးတော့ ပလပ်စတစ်နဲ့ လုပ်ထားပါတယ်၊ အထဲမှာတော့ သံခဲလိုမျိုး အလေး ပါတဲ့အတွက် မျက်နှာပြင်ညီတွေမှာ ထောင်ထားလို့ ရပါတယ်၊ နာနိုတွေနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဖက်က လူတွေကလည်း အော်လိုက်သေးတယ်၊ ဒီအရုပ်တွေကို ထုတ်လုပ်ဖို့ စွမ်းအင်တွေ အများကြီး ကုန်သလောက် ကလေးတွေအတွက် ကစားစရာ အစစ်မဟုတ်လို့ မကြာခင်မှာပဲ အမှိုက်ပုံးတွေထဲ ရောက်သွားကြမယ်၊ အဲဒီအခါ Recycle လုပ်ဖို့ပဲဖြစ်ဖြစ်၊ အပြီးသတ် ဖျက်ဆီးဖို့ပဲ ဖြစ်ဖြစ် တခါထပ်ပြီး စွမ်းအင်တွေ သုံးစွဲရဦးမယ် ပေါ့လေ၊ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်၊ ဒါပေမယ့် စီးပွားရေးသမား အများစု အဖို့တော့ စီးပွားရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ယှဉ်လာရင် ဘယ်ဟာကို ဦးစားပေးမလဲဆိုတာ တရေးနိုး ထ,မေး.. အဖြေက အမြဲ တသမတ်တည်း ဖြစ်နေမှာပဲ မဟုတ်လား....။ ။


ညီလင်းသစ်
၁၀ ဇူလိုင်၊ ၂၀၁၁

07 July 2011

လူဆိုးနှင့်သူခိုး အရှုပ်တော်ပုံ


Photobucket

မနေ့တုန်းက ကျောင်းကအပြန်မှာ သားကတလမ်းလုံး ဂျီတိုက်လာခဲ့သည်၊ ပြဿနာက သူတို့ကျောင်းဝင်းထဲက ရေကူးကန် ကလေးက စ,သည်၊ ပူအိုက်တဲ့ နွေရာသီ ရောက်လာပြီဆိုတော့ နေ့လယ်ပိုင်း ကလေးတွေ ရေကစားစေဖို့ ကျောင်းဝင်း ထဲက သစ်ပင်ရိပ်မှာ လေမှုတ်သွင်းရသည့် ပလပ်စတစ် ရေကန်လေး ၂ ခု ချထားပေးသည်၊ ဒါပေမယ့် နေက ကောင်းကောင်း မပူသေးတာကြောင့် ကလေးတွေက ကန်ထဲကို ဆင်းခွင့် မရသေး၊ တနေ့က တပြိုက်နှစ်ပြိုက် ရွာလိုက်သည့် မိုးရေအချို့သာ ကန်ထဲမှာ ရှိသည်၊ နေ့ခင်းပိုင်းတွေမှာ ဆရာမတွေက တားမြစ်ထား၍ ကန်ထဲကို မဆင်းရသည့်အတွက် သားက ညနေပိုင်း သူ့အမေလာကြိုသည့် အချိန်မှာ အမေအားကိုးဖြင့် ဆင်းဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်၊ အမေကလည်း သဘောမတူ၊ မိဘရောက်လာသော်လည်း ကျောင်းဝင်းထဲမှာ ကျောင်းစည်းကမ်းသည်သာ အတည်ဖြစ်သည်၊ သူ့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြနေသည့်ကြားကပင် ဖိနပ်မချွတ်၊ ဘောင်းဘီမချွတ်ဘဲ လှစ်ကနဲ ပြေးဆင်းလိုက်သည်၊ ပြီးတော့ သဘောတကျဖြင့် ရယ်မောပြီးတောင် နေလိုက်သေးသည်၊ သည်တော့ သူ့အမေက ဆူတော့သည်၊ အဆူခံရတော့ စူပုပ်ပုပ်ဖြင့် ဂျီကျချင်သည်၊ ဒါက ကျောင်းလေးရှေ့ကို ကျနော်ရောက်သွားသည့် အချိန်မှာ ဖြစ်နေသည့် သူတို့သားအမိ၏ အခြေအနေ...၊

ကျနော်က ထိုအခြေအနေကို ဝင်ထိန်းဖို့ ကြိုးစားသော်လည်း သိပ်မအောင်မြင်၊ ကျနော့်စက်ဘီးနောက်မှာ သူထိုင်လိုက် နေကျ ဆွဲအိမ်လေးထဲ ဝင်ထိုင်ဖို့ ပြောလည်း မဝင်၊ သူ့စက်ဘီးစီး ခမောက်လေးကို ဆောင်းဖို့ ပြောလည်း မရ၊ မဆောင်းသည့် အပြင် ခမောက်ကိုတောင် သူက လွှင့်ပစ်လိုက် သေးသည်၊ ဒါကတော့ ကျနော်တို့ သတ်မှတ်ထားသော ဘောင်ကျော်သွားခဲ့ပြီ ဖြစ်သည်၊ ကျနော်က 'ဒီလို အပြုအမူတွေကို ကျနော်တို့ မကြိုက်တာ သူအသိပင်ဖြစ်ကြောင်း၊ အခုလို ရိုင်းစိုင်းတဲ့ အမူအကျင့် အတွက် အဖိုးအခ ပေးရမှာ ဖြစ်ကြောင်း၊ အဲဒါကတော့ ဒီနေ့ည သူ့ကို ပေးကြည့်မယ်လို့ ပြောထားတဲ့ 'My neighbour Totoro' ကို ကြည့်ခွင့်မပေးတော့ကြောင်း' ပြောလိုက်သည်၊ ပုံမှန်ဆိုလျှင် ဒီလို ဒဏ်ပေးခံရ မည့်အကြောင်း ကြားလျှင် သားက ငိုမဲ့မဲ့ ဖြစ်သွားတတ်သော်လည်း ဒီတခေါက်မှာတော့ ကျနော့်ကိုသာ စူပုပ်ပုပ်နှင့် ပြန်ကြည့်နေခဲ့သည်၊ ပြီးတော့ မဝင်ချင့် ဝင်ချင်နှင့် စက်ဘီးနောက်မှာ ဆွဲသည့် သူ့လှည်းကလေးထဲ ဝင်ထိုင်သည်၊

ဒါပေမယ့် သူ့ဒေါသက အိမ်ရောက်သည်အထိ ပြေပုံမရပါ၊ ကျနော်က စက်ဘီးတွေကို စက်ဘီးထားသည့် အခန်းက တန်းမှာချိတ်နေတုန်း အိမ်တံခါးဝမှာ သူ့အမေကို ကလန်ကဆန် လုပ်သည့်အနေဖြင့် သူ့ဖိနပ်တွေကို ချွတ်ပြီး လွှင့်ပစ်ပြန်သည်၊ ကလေးတစ်ယောက် အသက် ၄ နှစ်အရွယ်ကို ရောက်သည့်အခါ မိဘနှင့် အားပြိုင်မှု စ,လေ့ရှိသည်ဟု ဆိုသည်၊ မိဘ၏ အခွင့်အာဏာနှင့် သူ၏ လုပ်ပိုင်ခွင့်တို့အကြား နယ်နမိတ်ကို ရှာဖွေလေ့ ရှိသည်၊ ထိပ်တိုက် ရင်ဆိုင်မှုလေးများ ဖြစ်လာသည့်အခါ စိတ်ဆိုးပေါက်ကွဲခြင်းဖြင့် ၄င်းတို့၏ လူသားဆန်မှုကို ပြလေ့ရှိပါသည်၊ ယခု သားက စိတ်ပညာရှင်များ သတ်မှတ်ထားသည့် အချက်များအတိုင်း တသေဝေမတိမ်း လူသားဆန်နေခြင်းပဲ ဖြစ်သည်၊ သို့သော် ကျနော်တို့က သူ့ကို ယဉ်ကျေးသော လမ်းပေါ်မှ လူသားကလေးပဲ ဖြစ်စေချင်သည် မဟုတ်လား၊ သို့နှင့် ကျနော်က 'သူ၏ ရင့်သီးသော ဒုတိယ အပြုအမူအတွက် ဒုတိယ အဖိုးအခကို ထပ်ပြီး ပေးရလိမ့်မည် ဖြစ်ကြောင်း' ပြောလိုက်သည်၊ အိမ်ထဲရောက်တော့ လက်ဆေးပြီးတာနှင့် နံရံကို မျက်နှာမူပြီး ခုံတစ်လုံးပေါ်မှာ ထိုင်ခိုင်းသည်၊ အနားမှာ မီးဖိုချောင်သုံး timer ကို ၃ မိနစ်ချိန်ပြီး ချထားလိုက်သည်၊ ခုံပေါ်မှာ နံရံကို မျက်နှာမူထိုင်...၊ လုပ်ခဲ့တာတွေ မှန်လားမှားလား ပြန်စဉ်းစား၊ ၃ မိနစ် မပြည့်မချင်း မထရ...၊ ဒီလို ထိုင်ခုံမှာ ထိုင်စေသည့် ဒဏ်ပေးနည်းအတွက် ထိုင်ရမည့်ကြာချိန်ကို အသက် ၁ နှစ်၊ ၁ မိနစ်ဟု ကလေး စိတ်ပညာစာအုပ်တွေက ဆိုသည်၊ သားက ၄ နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် ကျနော်က ချစ်ခြင်းအားဖြင့် ၃ မိနစ်သာ ထိုင်စေခဲ့သည်၊

သတ်မှတ်ချိန် timer သံပတ်မြည်တော့ သူ ကျနော့်ကို လှမ်းကြည့်သည်၊ ကျနော် သူ့ဆီကို အသာလျှောက်သွားပြီး သူ့အရှေ့မှာ ထိုင်လိုက် သည်၊ ပြီးတော့ ...

'နာရီ ၃ မိနစ်မြည်သံ သားကြားလိုက်လား' ဟု မေးလိုက်သည်၊ သူ ခေါင်းညိတ်ပြသည်၊ ကျနော့်ကို ကြည့်သည့် မျက်ဝန်းထဲမှာ စိတ်ဆိုးပြေသွားတာ မြင်လိုက်ရသည်၊

'သားကို ဘာဖြစ်လို့ အခုလို ဒဏ်ပေးရလဲ၊ မှတ်မိလား'

'..... ..... .....'

'ညနေတုန်းက ကျောင်းမှာ ပြောနေတဲ့ကြားက ရေကန်လေးထဲကို ခုန်ဆင်းတာ ကောင်းလား'

သူ ခေါင်းခါသည်၊

'စက်ဘီးခမောက်ကို လွှင့်ပစ်တာ၊ အိမ်ရောက်တော့ ဖိနပ်တွေ လွှင့်ပစ်တာ ကောင်းလား'

ခေါင်းခါပြန်သည်၊ မျက်နှာပေးကတော့ တကယ့်ကိုပဲ နောင်တကြီးစွာ ရသွားသည့် ပုံစံ...၊

'သားကို ဆုံးမတယ် ဆိုတာက ချစ်လို့ကွ၊ သား မကျေနပ်တာရှိရင် ပြန်မေးလို့ရတယ်၊ အပြန်အလှန် ဆွေးနွေးလို့ ရတယ်၊ ဒါပေမယ့် မိဘကို အဲဒီလို ရိုင်းစိုင်းတဲ့ အမူအကျင့်တွေနဲ့ ကလန်ကဆန် ပြန်မလုပ်ရဘူး၊ ကြားလား...၊ သားရဲ့ အကျိုးအတွက်ပဲ ပြောနေတာ၊ မိဘ စကား နားမထောင်ဘဲ ထင်ရာစိုင်းပြီး သား ကြီးလာတဲ့အခါ လူဆိုးကြီး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ'

'.... .... ....'

'သား..လူဆိုး ဖြစ်ချင်လား'

'နိုး...သား လူဆိုး မဖြစ်ချင်ဘူး' ဟု စိုးရိမ်တကြီးဖြင့် သူ ပြာပြာသလဲ ပြန်ဖြေသည်၊ ကျနော်က

'အိုကေ..ဘာမှ မစိုးရိမ်နဲ့၊ သား လိမ်လိမ်မာမာနေရင် ဘာမှ မဖြစ်ဘူး၊ သွား...၊ သွား ကစားတော့' ဟု သူ့ ခေါင်းလေးကို နမ်းပြီး ပြောလိုက်တော့ သားက ပျော်ရွှင်စွာနဲ့ ပြေးထွက်သွားသည်၊

သူ့ အခန်းထဲဝင်၊ ဒူးဒူးကို ဆွဲယူပြီး ရင်ခွင်ထဲပိုက်ကာ ကုတင်ရှေ့မှာ ခဏထိုင်နေသည်၊ ခဏကြာတော့ ကွန်ပြူတာရှေ့မှာ ရှိနေသည့် သူ့အမေဆီကို လျှောက်သွားသည်၊ မအိမ်သူက သူ့ကို ဆီးပွေ့လိုက်ပြီး ပေါင်ပေါ်မှာ ချီလိုက်သည်၊ သားက ...

'မာမွန်...'

(မေမေကို ပြင်သစ်လို မာမွန် (maman)ဟု ခေါ်ပါသည်)

'ဘာလဲသား...'

'ပါပါးက သားကို သူခိုးလို့ ပြောတယ်'

အဲဒီစကားကို တဖက်ခန်းမှာ ထိုင်နေသည့် ကျနော်ကြားတော့ မျက်လုံးပြူးသွားသည်၊ ရယ်လည်း ရယ်ချင်သွားသည်၊ အဲဒါမှ ပြဿနာ...၊ ချက်ချင်းဆိုသလိုပဲ သဘောပေါက်လိုက်သည်၊ သားမှာက ကစားစရာ အရုပ်သေးသေးလေးတွေ ရှိသည်၊ တိရိစ္ဆာန် မိသားစု၊ လူစွမ်းကောင်း မိသားစု၊ စက်ရုပ်မိသားစု၊ လူဆိုးမိသားစု၊ အစရှိသဖြင့်...၊ အဲဒီထဲကမှ လူဆိုး မိသားစုမှာ ပါးစပ်ကို အဝတ်စည်းထားသည့် ကောင်တွေနှင့် မျက်လုံးမှာ မျက်ကွင်းအဝတ် စွပ်ထားသည့် ကောင်တွေ ပါသည်၊ တခါမှာတော့ သားက အဲဒီပုံစံ ၂ မျိုးရဲ့ ခြားနားချက်ကို မေးသည်၊ ကျနော်က အလွယ်ဖြင့် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ပါတာ.. ဒါမှမဟုတ် ပါးစပ်မှာ အဝတ်စည်းထားတာက လူဆိုး၊ မျက်လုံးမှာ မျက်ကွင်း အဝတ် ဖုံးထားတာက သူခိုးဟု ပြောထားဖူးသည်၊ သားက လူဆိုးနဲ့သူခိုးဟု ရွတ်ကြည့်သည်၊ ကြာတော့ ကြာနေပြီ၊ အခု သားက လူဆိုးနှင့်သူခိုးကို ရောထွေးပြီး ကျနော်ပြောသည့် လူဆိုးအစား သူခိုးဟု ခပ်တည်တည်ဖြင့် ပြောချလိုက်ခြင်း ဖြစ်သည်၊ သူက ပြင်သစ်စကားထဲမှာ သူခိုးဆိုသည့် မြန်မာစကားကို ညှပ်ပြီး ပြောခြင်းဖြစ်သည်၊

ကျနော်တို့ သားအဖ ဇတ်လမ်းကို နားမလည်လိုက်သည့် မအိမ်သူက ...

'ဟင်..ဟုတ်လို့လား၊ ပါပါးက သားကို အဲဒီလို ပြောလား'

'ဟုတ်တယ်၊ သူခိုးလို့ ပြောတယ်'

'ပါပါးက ဘာဖြစ်လို့ အဲလို ပြောရလဲ၊ သားက ဘယ်သူ့ဆီက ဘာတွေ ယူထားလို့လဲ...'

အဲ.. ဇတ်လမ်းကတော့ ရှုပ်သထက် ရှုပ်သွားပြီ၊ သားဆီက ဘာသံမှ ထွက်မလာ၊ သူလည်း အခုမှ ပိုပြီး နားရှုပ်သွားမှာ သေချာသည်၊ အဖေ့အကြောင်း အမေ့ကို သာသာထိုးထိုးလေး တိုင်ကာမှ အမေက ယခု စစ်လား၊ ဆေးလား လုပ်နေပြီ၊ ပြီးတော့ သူ့စကား အမှားကို သူ့ဟာသူလည်း သိပုံမရ...၊ မအိမ်သူက ...

'ပြောလေ သား၊ ဘာဖြစ်လို့ အဲဒီလို သူခိုးလို့ ပြောရသလဲ' ဟု ထပ်မေးပြန်သည်၊

ကျနော် မနေနိုင်တော့ပါ၊ သူတို့ သားအမိဆီ ထ,သွားလိုက်ပြီး ...

'သား သူခိုး ဆိုတာ သေချာရဲ့လား' ဟု ရယ်ကျဲကျဲဖြင့် မေးလိုက်သည်၊

သားက သူ့အမေ ပေါင်ပေါ်ကနေ မျက်လုံး အဝိုင်းသားဖြင့် ကျနော့်ကို ပြန်ကြည့်နေသည်၊ ကျနော်က ဆက်ပြီး

'သူခိုးအပြင် လူဆိုး ဆိုတာလည်း ရှိသေးတယ်လေ' ဟု ထောက်ပေးလိုက်သည်၊

အဲဒီတော့မှ သားလည်း ဝမ်းသာအားရ ဖြစ်သွားသည်၊ လူဆိုး ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့် သူ့မျက်နှာက တိမ်ညစ်တအုပ် နောက်မှ ဘွားကနဲ ပေါ်လာသည့် သော်တာလမင်းလို ဝင်းဝင်းပပ...၊

'အား...ဟုတ်တယ်၊ လူဆိုး လူဆိုး....၊ သူခိုး မဟုတ်ဘူး'

သူ့အမေက သူ့ကို ချစ်စနိုးဖြင့် လက်ညှိုးထိုးရင်း ...

'ကောင်လေး တစ်ယောက်တော့ လူဆိုးနဲ့သူခိုး မှားသွားပြီဟေ့...' ဟု အော်ရယ်သည်၊

သားကလည်း ကျနော့်ကို တဆင့်ပြန် လက်ညှိုးထိုးရင်း ရှက်ရယ်, ရယ်သည်၊ ကျနော့်ကြောင့်ပါ ပေါ့လေ၊ ကျနော်ကကော....၊ ကျနော်က လက်ညှိုး ဆက်မထိုးပေမယ့် သူတို့ သားအမိကို ကြည့်ပြီး ရယ်နေခဲ့သည်၊

သားက စိတ်ဆိုးလွယ်သော်လည်း စိတ်ပြေလွယ်သည်၊ သူ့အမေက သူ့ကို 'မီးဖိုပေါ်က နွားနို့' ဟု တခါတရံ ချစ်စနိုး စ,တတ်သည်၊ ပြင်သစ် စကား မီးဖိုပေါ်ကနွားနို့ (Soup au lait) ဆိုသည်မှာ စိတ်ဆိုးလွယ်၊ စိတ်ပြေလွယ်သူတွေကို ခေါ်ခြင်း ဖြစ်ပါသည်၊ နွားနို့က မီးပူတာနှင့် ပြိုက်ကနဲ ဆူပြီး ဝေကျသလို မီးဖိုပေါ်မှ ချလိုက်သည်နှင့် အေးပြီး ချက်ချင်း ပြန်ကျသွားတတ်သည် မဟုတ်လား၊ ပြီးတော့ 'အဲဒါက အဖေနဲ့တူတာ' ဟု ကျနော့်ကို စ,တတ်သေးသည်၊ ထိုအခါမျိုးတွင် ကျနော်က ...

'သြော်.. ကိုယ်တို့ အရှေ့တိုင်းသားတွေက သွေးနွေးတယ်လေ၊ ခံစားလွယ်တယ်ပေါ့' ဟု ခပ်ပြုံးပြုံးဖြင့် ချေပ,ရသည်၊

သေချာသည်က ကျနော်တို့၏ စိတ်ကူးစိတ်သန်းများ၊ အမူအကျင့်များသည် အားလုံးမဟုတ်တောင် ရာခိုင်နှုန်း အတော်များများ သားဆီမှာ စုနေပါလိမ့်မည်၊ ဖြစ်နိုင်လျှင်တော့ စု,နေသော ထိုအရာများကို ကောင်းသော စိတ်ထားအမွေများသာ ဖြစ်စေချင်ပါသည်။ ။


ညီလင်းသစ်
၆ ဇူလိုင်၊ ၂၀၁၁