24 December 2011

? ? ?


19 December 2011

နောက်ကျသွားခဲ့ပြီ ဆိုရင်...


အခုလို နှစ်ကုန်ပိုင်းရက်တွေ ရောက်လာပြီဆိုရင် ကျနော်အလုပ်,လုပ်တဲ့ နေရာမှာ ကြော်ငြာစာရွက် တမျိုးကို ရံဖန်ရံခါ တွေ့ရတတ်ပါတယ်၊ တခြားဟာ ကြော်ငြာတာတော့ မဟုတ်ပါဘူး၊ လက်ပ်တော့ပ် ကွန်ပြူတာ ပျောက်သွားလို့ ပြန်ပေးရင် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ်လို့ အသိပေးတဲ့ ကြေငြာစာပါ၊ အဲဒီလို လက်ပ်တော့ပ် ပျောက်သွားသူတွေကလည်း အများအားဖြင့် ပီအိပ်ခ်ျဒီ ကျောင်းသားတွေ ဖြစ်နေတာကို တွေ့ရတယ်၊ ပီအိပ်ခ်ျဒီ ကျောင်းသားမှာမှ မကြာခင် စာမေးပွဲဖြေ၊ စာတမ်းဖတ်ရတော့မယ့် နောက်ဆုံးနှစ် ကျောင်းသားတွေ ဖြစ်နေတာပါ၊ ဒါ့ထက် ပိုဆိုးတာကတော့ ၂ နှစ်၊ ၃ နှစ်စာ တပင်တပန်းနဲ့ ပြုစု၊ ရေးသားထားတဲ့ စာတမ်းအားလုံးက အဲဒီ တစ်ခုတည်းသော လက်ပ်တော့ပ်ရဲ့ ဟာ့ဒ်ဒစ်ခ် (hard disk) ထဲမှာ ပါသွားတာပါပဲ၊ အဲဒါကြောင့် ကြော်ငြာသင်ပုန်းတွေမှာ ကပ်ထားတတ်တဲ့ စာရွက်အပိုင်းလေးတွေမှာ လက်ပ်တော့ပ်ကို မနှမြောတဲ့ အကြောင်း၊ ခိုးသွားတဲ့ လူပဲဖြစ်ဖြစ်၊ ကောက်ရတဲ့ လူပဲဖြစ်ဖြစ် ပြန်လာပေးမယ် ဆိုရင် လက်ပ်တော့ပ်အသစ် တစ်လုံးစာ တန်ဖိုးကို ကျေးဇူးဆပ်မှာ ဖြစ်တဲ့ အကြောင်း၊ အဓိက လိုချင်တာက ရေးထားခဲ့သမျှတွေ သိမ်းဆည်းထားတဲ့ အဲဒီ ဟာ့ဒ်ဒစ်ခ်လေးပဲ ဖြစ်ကြောင်း..၊ စသဖြင့် ပါလေ့ရှိပါတယ်၊ တချို့ကလည်း ကွန်ပြူတာ ယူသွားတဲ့လူကို စိတ်မဆိုးပါကြောင်း၊ လက်ပ်တော့ပ်ကို ယူထားလို့ရကြောင်း၊ ဟာ့ဒစ်ခ်ထဲက ဖိုင်လ်တွေကိုသာ ပြန်ကူးပေးစေချင်လို့ USB sticks လေးတွေကို ပို့ပေးချင်ကြောင်း၊ လိပ်စာ သို့မဟုတ် ပို့ပေးရမယ့် နေရာကို ကျေးဇူးပြု၍ ပြောစေလိုကြောင်း စသဖြင့် ရေးထားတာ တွေ့ရပါတယ်..၊

သွားရင်းလာရင်း အဲဒီလို ကြော်ငြာစာရွက်လေးတွေ ဖတ်ရတဲ့အခါ ပျောက်သွားတဲ့ လူအစား ကျနော်ရင်မော မိပါတယ်၊ စာကြောင်းတိုင်းမှာ သူတို့ရဲ့ ပူပင်သောကနဲ့ ထိတ်လန့်စိုးရိမ်မှုကို ခံစားလို့ရတယ်၊ အခုခေတ်မှာ အထိုက်အလျောက် ပေးနိုင်မယ်ဆိုရင် တော်တော်တန်တန် လက်ပ်တော့ပ် တစ်လုံးရနိုင်ပေမယ့် နှစ်တွေနဲ့ ချီပြီး သုတေသနလုပ်၊ ရေးသားထားတဲ့ စာတမ်းအပိုင်းအစတွေကတော့ ဘယ်လိုမှ ပြန်ရေးဖို့ ပြန်လုပ်ဖို့ မဖြစ်နိုင်တော့ သလောက်ပါပဲ၊ ပြီးတော့ စာမေးပွဲကလည်း သိပ်မကြာခင်မှာပဲ လာတော့မှာ...၊ အဲဒီလို ကြော်ငြာတဲ့ ကျောင်းသား ဘယ်နှယောက်လောက် သူတို့ရဲ့ လက်ပ်တော့ပ် ဒါမှမဟုတ် ဟာ့ဒစ်ခ်ကို ပြန်ရသလဲတော့ မသိပါဘူး၊ ဒီကာလက ခရစ္စမတ် ကျောင်းပိတ်ရက်၊ နီးလာတဲ့ စာမေးပွဲတွေနဲ့ ရှုပ်နေတဲ့ အချိန်ဆိုတော့ ကျောင်းဝင်းထဲမှာ လူပေါင်းစုံ ဝင်ထွက်သွားလာ နေတတ်ပါတယ်၊ ယူသွားတဲ့လူက အပြင်က ဆိုရင်တော့ အခုလို ကြော်ငြာထားတာကိုတောင် သိချင်မှ သိတော့မှာပါ...၊

ကျနော်တို့ ဒီနေ့ဖြတ်သန်းနေရတဲ့ ခေတ်ဟာ သတင်းအချက်အလက်ခေတ် ဆိုတာ အားလုံးအသိပါပဲ၊ နေရာတကာမှာ သိချင်တာတွေကို သိနိုင်သလို အဲဒီလို သိလာတာတွေကိုလည်း သိမ်းဆည်းသိုမှီးဖို့ ကိရိယာ၊ အသုံးအဆောင်တွေက မျိုးစုံပါ၊ ကျနော်တို့ရဲ့ မိဘဘိုးဘွားတွေ ခေတ်နဲ့ ယှဉ်မယ်ဆိုရင် ဒီနေ့ခေတ်မှာ ဖတ်စရာ၊ မှတ်စရာ၊ သိမ်းဆည်းစရာတွေက များလွန်းလှပါတယ်၊ ဖုန်းနံပါတ်တွေ၊ အီးမေးလ် လိပ်စာတွေ၊ အီလက်ထရောနစ် ပြက္ခဒိန်က ချိန်းဆိုထားမှုတွေ၊ အလုပ်ဖိုင်လ်တွေ၊ ဓါတ်ပုံတွေ.. ပြောမယ်ဆိုရင် တပုံကြီးပါ၊ အဖေအမေတို့ ခေတ်ကလို ဖုန်းနံပါတ်လေး သုံးလုံးလောက် ခေါင်းထဲမှတ်လိုက်ရင် ပြီးနေတဲ့ ခေတ်မဟုတ်တော့တဲ့အခါ ဦးနှောက်က ထမ်းရတဲ့ ဝန်ဟာလည်း မနိုင်ဝန် ဖြစ်လာခဲ့တယ်၊ အဲဒီအခါ တိုးတက်လာတဲ့ အီလက်ထရောနစ် ကိရိယာတွေထဲမှာ အချက်အလက်တွေ အားလုံးကို မှတ်သားသိမ်းဆည်း ဖြစ်ကြပါတော့တယ်၊

ဒါပေမယ့် အဲဒီ ပစ္စည်းကိရိယာတွေ အားလုံးက သူ့အလိုလို ပျက်စီးတာ၊ လွတ်ကျတာ၊ အခိုးခံရတာ၊ ဗိုင်းရပ်စ်ထိတာ ဒါတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်နိုင်တယ် မဟုတ်လား၊ အဲဒီအခါ စုဆောင်းသိမ်းဆည်း ထားသမျှတွေ အားလုံးဟာ တသက်လုံးမွေးလာတဲ့ကြက် တမနက်နဲ့ ချက်ပစ်လိုက်သလို မိနစ်ပိုင်း အတွင်းမှာ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်၊ ဆန်တိုရိနီ (Santorini) ဆိုတဲ့ ဂရိကျွန်းကလေး တစ်ခုကို အလည်ရောက်တုန်းက အဲဒီလို အဖြစ်မျိုး ကျနော်ကြုံခဲ့ဖူး ပါတယ်၊ ကျနော်တို့တည်းတဲ့ ရွာကလေးကနေ တောင်ကြောရဲ့ အခြားတဖက်က ရွာတစ်ရွာကို သွားလည်ကြတယ်၊ အဲဒီရွာကလေးကို ရောက်တော့ ကမ်းစပ်မှာ လမ်းလျှောက်ရင်း ပင်လယ်ရေပြာပြာတွေက ဆွဲဆောင်လှတာက တကြောင်း၊ တောင်ကြောကြီးပေါ်ကို အတက်အဆင်း လုပ်ခဲ့ရလို့ မောပန်းနေတာက တကြောင်းဆိုတော့ ရေကူးချင်စိတ် ပေါက်လာရော၊ လာတုန်းက ရွာထဲကို လည်ဖို့သက်သက်ပဲဆိုတော့ ရေကူးဖို့ အဝတ်အပို မပါပေမယ့် ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ ဝတ်ထားတဲ့ သရီးကွာတား ဘောင်းဘီနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဆင်းလိုက်တာပေါ့၊ ရေထဲရောက်လို့ ၅ မိနစ်လောက်ကြာမှ တစုံတခုကို စဉ်းစားမိပြီး စိတ်ထဲမှာ ထိတ်ကနဲ ဖြစ်သွားတယ်၊ ကိုယ့်ဘောင်းဘီ အိတ်ထဲကို ကိုယ်ပြန်စမ်းဖို့ အဲဒီအကြိမ်လောက် မဝံ့မရဲ ဖြစ်ရတာ အဲဒီအကြိမ်ပဲ ရှိတယ်၊ မရဲတရဲနဲ့ စမ်းလိုက်တော့ ထင်တဲ့အတိုင်း ဖုန်းက ဆားငန်ရေတွေ တဝကြီး သောက်ပြီးနေခဲ့ပြီ၊ ဘာ back up မှလည်း မလုပ်ထားမိတော့ သွားတာပါပဲ၊ အထက်က ဖြစ်ရပ်တွေမှာလည်း ပူပင်သောက ရောက်ရတဲ့ တခုတည်းသော အကြောင်းအရာက ဟာ့ဒ်ဒစ်ခ်ကို back up မလုပ်ထားမိလို့ ပါပဲ၊

ဒီနေ့ခေတ်လို သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကို ခိုးယူတာ၊ အလွဲသုံးစား ပြုတာတွေ များတဲ့ခေတ်မှာ လုံခြုံရေးဟာ အင်မတန် အရေးကြီးပါတယ်၊ ကိုယ့်ကွန်ပြူတာမှာ နောက်ဆုံးပေါ် ဗိုင်းရပ်စ်ကာကွယ်ရေး စနစ်၊ fire wall စနစ်တွေ တပ်ထားပေမယ့်လည်း ၁၀၀% လုံခြုံမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး၊ ဒါမှမဟုတ်လည်း သူခိုးသူဝှက်ဘေး၊ မီးဘေး စတာတွေနဲ့လည်း ကြုံတွေ့နိုင်တာပဲ မဟုတ်လား၊ အကောင်းဆုံးကတော့ ကိုယ့် ရဲ့ ကွန်ပြူတာ၊ လက်ပ်တော့ပ်ကို back up လုပ်ထားတာ အကောင်းဆုံး ပါပဲ၊ back up နဲ့ ပတ်သက်လို့ မမေ့နိုင်စရာ အဖြစ်တစ်ခုကိုလည်း ကျနော်ကြုံခဲ့ ပါသေးတယ်၊

လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ကွန်ပြူတာတစ်လုံး ဝယ်သုံးတယ်၊ hp အမျိုးအစားပါ၊ အဲဒီတုန်းက hp ကွန်ပြူတာတွေမှာ Operating System (OS) ကို ပြန်ပြီး reinstall လုပ်ဖို့ အပိုစီဒီတွေ မပါ,ပါဘူး၊ ဟာ့ဒ်ဒစ်ခ်ထဲမှာပဲ partition တစ်ခုအနေနဲ့ ထည့်ပေးလိုက်တယ်၊ သုံးစွဲသူက ကိုယ့်ဟာကိုယ် စီဒီထဲမှာ ပြန်ပြီး ကူးထားဖို့ လိုပါတယ်၊ အဲဒီလို ဟာ့ဒ်ဒစ်ခ်ပေါ်က OS ကို စီဒီပေါ်ကို back up လုပ်ပြီး ကူးထားဖို့လည်း ကွန်ပြူတာက ခဏခဏ သတိပေးတယ်၊ ဒါပေမယ့် ကျနော်က စီဒီပေါ်ကို ကူးထားတာက အစင်းရာ၊ အခြစ်ရာတွေ ထင်ပြီး ပျက်ချင် ပျက်နိုင်သေးတယ်၊ သူ့ရဲ့မူလ ဟာ့ဒ်ဒစ်ခ်ထဲမှာ ရှိနေတာကမှ ပိုပြီး စိတ်ချရမယ်၊ ကွန်ပြူတာ တခုခု ဖြစ်သည့်တိုင် အနည်းဆုံးတော့ ဒီ OS ထားတဲ့ partition ရှိရာဆီ လာလို့တော့ ရမှာပဲ၊ အဲဒါကြောင့်သာ hp က ဒီလို ဟာ့ဒ်ဒစ်ခ်မှာ ထည့်ပေးလိုက်တာပေါ့-လို့ ရွှေဥာဏ်တော် စူးရောက်စွာနဲ့ တွေးပါတယ်၊ အဲဒီလို တွေးပြီးသကာလ ခဏခဏ သတိပေးနေတဲ့ မက်ဆေ့ခ်ျကို ဖျက်ပစ်လိုက်တယ်၊ ဒါတင်မကသေးဘဲ ဟာ့ဒ်ဒစ်ခ်ပေါ်က ဖိုင်လ်တွေ၊ ဓါတ်ပုံတွေကိုလည်း ဘာတစ်ခုမှ back up လုပ်မထား ဖြစ်ပါဘူး၊ မိုက်လုံးကြီးခဲ့ပုံက အဲဒီလို...၊ တိုတိုပြောရရင် Anti-virus စနစ် သေသေချာချာ တပ်ထားပေမယ့် တစ်နေ့မှာ ဗိုင်းရပ်စ်ထိပြီး ဟာ့ဒ်ဒစ်ခ် တစ်ခုလုံး သုံးမရအောင်ကို ပျက်စီးသွားခဲ့တယ်၊ reinstall လုပ်ဖို့ စီဒီလည်း မရှိ၊ ဖိုင်လ်တွေ ဓါတ်ပုံတွေလည်း ပျက်စီးနဲ့...၊

အခုတော့ ကျနော် ပျဉ်ဖိုးနားလည် သွားခဲ့ပါပြီ၊ ကျနော့်ရဲ့ နေ့စဉ်ဘဝမှာ back up ဆိုတာက မရှိမဖြစ် အရာ၊ ခေါင်းထဲမှာ အမြဲမြည်နေတဲ့ အချက်ပေးခေါင်းလောင်း ဖြစ်လာခဲ့ပြီ၊ အထူးသဖြင့် သားကလေး မွေးလာပြီးတဲ့ နောက်ပိုင်းမှာ သူ့ရဲ့ဓါတ်ပုံလေးတွေ အပါအဝင် ကျနော် ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေကို တတ်နိုင်သလောက် ထိန်းသိမ်းချင်တဲ့ အတွက် back up ကို အချိန်ပေးပြီး မမေ့မလျော့ လုပ်ဖြစ်ပါတယ်၊ ကွန်ပြူတာတစ်ခု ပျက်စီး၊ ဆုံးရှုံးသွားပြီ ဆိုရင် ဖိုင်လ်တွေ၊ စာရွက်စာတမ်းတွေ အပြင် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုက ဓါတ်ပုံတွေ ဖြစ်ပါလိမ့်မယ်၊ ခရီးသွားတုန်းက ပုံတွေ၊ ကလေးတွေရဲ့ ငယ်ဘဝပုံတွေ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရပုံတွေ၊ မိဘတွေ သက်ရှိထင်ရှား ရှိတုန်းက ပုံတွေ၊ ဒါတွေက ဘယ်လိုမှ ပြန်ပြီး အစားထိုးလို့ မရနိုင်တဲ့၊ 'နင့်'နေအောင် ပေးလိုက်ရမယ့်၊ 'ဟာ'ပြီး ကျန်ခဲ့မယ့် ဆုံးရှုံးမှုတွေ ပါပဲ၊ ဘလော့ဂ်တွေ ဖတ်ရင်းနဲ့လည်း မကြာခဏ ဆိုသလို ဓါတ်ပုံတွေ ပျက်စီးဆုံးရှုံးတဲ့ အကြောင်း ဖတ်ရတိုင်း ကျနော်ကိုယ်ချင်းစာမိ ပါတယ်၊

အလျင်းသင့်လို့ ကျနော် back up လုပ်ပုံကို ပြောပြချင်ပါတယ်၊ ပထမဆုံး ဓါတ်ပုံတွေကို ကင်မရာကနေ ကွန်ပြူတာထဲကို USB ကေဘယ်လ်ကြိုး၊ ဒါမှမဟုတ် HDMI ကြိုးနဲ့ ပြောင်းထည့်ပါတယ်၊ ဖြစ်နိုင်ရင် memory ကဒ်ကို ကျနော်က ခဏခဏ အသွင်းအထုတ် မလုပ်ချင်ပါဘူး၊ USB port ပျက်သွားရင် အသက်ကယ် အနေနဲ့ momory ကဒ်ကနေ တိုက်ရိုက်ကူးလို့ ရသေးတယ်၊ memory ကဒ်က စပြီး ပျက်သွားရင်တော့ အတော်လေး ခဲယဉ်းသွားမယ် မဟုတ်လား၊ ဒါ့ကြောင့်ပါ...၊ ကွန်ပြူတာထဲကို ပုံတွေ ရောက်သွားပေမယ့်လည်း ကင်မရာထဲက ပုံတွေကို မဖျက်ပါဘူး၊ အဲဒီအချိန် ကွန်ပြူတာ ပျက်သွားခဲ့ရင် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်မယ့်ကိန်းပါ၊

ဒုတိယ အနေနဲ့ ဖြစ်နိုင်ရင် external hard disk တစ်ခုနဲ့ ပုံတွေကို ချက်ချင်း back up လုပ်ပါတယ်၊ အချိန်မရရင် တစ်ရက်နှစ်ရက်အတွင်း လုပ်ပါတယ်၊ ဒီ ပြင်ပဟာ့ဒ်ဒစ်ခ်က နောက်တိုးတဲ့ ဖိုင်လ်အသစ်တွေကိုပဲ ရွေးပြီးကူးတဲ့ ဆော့ဖ်ဝဲပါတဲ့ ဟာပါ၊ အဲဒါပြီးတော့ နောက်ထပ် ဟာ့ဒ်ဒစ်ခ် တစ်ခုနဲ့ ဖိုင်လ်အသစ်တွေကို ထပ်ကူးပါတယ်၊ ဒီတခါတော့ ဖိုင်လ်တွေကို ကိုယ့်ဟာကိုယ်ရွေး copy-paste လုပ်ပြီး ကူးပါတယ်၊ ဒီအဆင့်မှာ ဖိုင်လ်တွေ၊ ဓါတ်ပုံတွေကို ဟာ့ဒ်ဒစ်ခ် ၂ ခုနဲ့ ကူးပြီးသွားလို့ ကင်မရာထဲက ပုံတွေကို လိုအပ်ရင် ဖျက်ပစ်ပါတယ်၊ အဲဒါပြီးတော့ နောက်ထပ် ဟာ့ဒ်ဒစ်ခ် ၂ ခုနဲ့ အသစ်ရောက်လာတဲ့ ပုံတွေသာ မကဘဲ အရင်က ရှိပြီးသား ပုံတွေပါတဲ့ ဖိုလ်ဒါတွေ အားလုံးကို ကော်ပီလုပ်ပါတယ်၊ ဒီအတွက် ၂ TB စီရှိတဲ့ ဒစ်ခ်တွေကို သုံးပါတယ်၊ အဲဒီလို external hard disk ၄ ခုနဲ့ back up လုပ်ပြီးရင်တော့ လတ်တလော လုပ်ရမယ့်ဟာ ပြီးပြီလို့ ဆိုရမှာပါ၊ ဒါပေမယ့် သေချာအောင် ၄ လတစ်ခါလောက် ဒီဗီဒီတွေနဲ့ back up ထပ်လုပ်ပါတယ်၊ အဲဒီလောက်ဆိုရင်တော့ ကျနော့်အတွက် မဆိုးပါဘူး၊ အွန်လိုင်း ဆာဗာတွေမှာ back up လုပ်လို့ရတာတွေ ရှိပေမယ့် ကျနော်ကတော့ သံသယ ကြီးတယ်ပဲဆိုဆို အခုလို ကိုယ့်ဟာကိုယ် ဒစ်ခ်တွေ အများကြီးနဲ့ လုပ်ရတာကိုပဲ ပိုနှစ်သက်ပါတယ်၊

တစ်ခုရှိတာက အခုလို ဟာ့ဒ်ဒစ်ခ်တွေ အများကြီးနဲ့ back up လုပ်ထားပေမယ့် အဲဒါတွေကို တစ်နေရာတည်းမှာ တစုတဝေးတည်း ထားရင်လည်း သိပ်တော့ အဓိပ္ပါယ် မရှိပါဘူး၊ အဲဒါကြောင့် back up ဒစ်ခ်တစ်ခုကို အလုပ်မှာထားတယ်၊ နောက်ထပ် ဒစ်ခ်တစ်ခုကိုတော့ အလုပ်လည်း မဟုတ်၊ အိမ်လည်း မဟုတ်တဲ့ နေရာမှာ ထားပါတယ်၊ ဟိုတလောတုန်းက ဘလော့ဂ်တွေမှာ မဲလ်ဝဲ ကိစ္စတွေ ပေါ်လာပြီးတဲ့နောက် ကျနော့်ရဲ့ ဘလော့ဂ်ကိုလည်း ပုံမှန် back up လုပ်ဖြစ်ပါတယ်၊ ဒါကိုတော့ blogger ကနေ တပါတည်းပေးထားတဲ့ Setting -> export လုပ်နည်းနဲ့ပဲ လုပ်ပါတယ်၊ သူက ဘလော့ဂ်ကို xml ဖိုင်လ်အနေနဲ့ သိမ်းပါတယ်၊ ပို့စ်တွေနဲ့ ကွန်မန့်တွေပါ သိမ်းပေးပါတယ်၊ ဓါတ်ပုံတွေတော့ သိမ်းပေးပုံ မရပါဘူး၊ မတွေ့မိဘူး၊ ဒါပေမယ့် ဓါတ်ပုံတွေက ကျနော့်ရဲ့ back up ဒစ်ခ် ၄ ခုထဲမှာ အပြည့်ဆိုတော့ ဒါက ပြဿနာ မရှိပါဘူး၊ အကြောင်း တစုံတခုကြောင့် ဘလော့ဂ်ပျက်သွားခဲ့ရင် ဘလော့ဂ်အသစ်ဖွင့်ပြီး ဒီ xml ဖိုင်လ်ကို import ပြန်လုပ်လိုက်ရုံ ပါပဲလို့ ဆိုတယ်၊ တခါမှတော့ မစမ်းဖူးသေးဘူး၊ စမ်းခွင့်တော့လည်း မကြုံချင်ပါဘူး၊ ဒီ export back up နည်းက wordpress လို တခြား ပလက်ဖောင်းတွေကို ရွှေ့ဖို့အတွက် ဆိုရင်တော့ အဆင်မပြေဘူး ဆိုလား ပြောသံကြားဖူးတာပဲ၊ ဒါပေမယ့် ကျနော်က အဲဒီလို ပြောင်းမယ့်သူလည်း မဟုတ်တော့ အကြောင်း မဟုတ်ပါဘူး၊

ဒီကနေ့ တိုးတက်လာတဲ့ နည်းပညာတွေ အလယ်မှာ back up လုပ်ပုံလုပ်နည်းတွေ၊ back up လုပ်ရင် သုံးရမယ့် ကိရိယာတွေက မျိုးစုံပါပဲ၊ back up လုပ်ရတာ ဘာမှမကြာမှန်း၊ လုပ်သင့်မှန်းလည်း သိနေပေမယ့် ကျနော်တို့တွေ တခါတရံမှာ သတိလက်လွတ် နေမိတတ်ကြပါတယ်၊ အဲဒီလို မေ့လျော့နေတဲ့ မိတ်ဆွေတွေကို ကျနော်တခါက ဆုံးရှုံးခဲ့သလို မဆုံးရှုံးစေဖို့ ရည်ရွယ်ရင်း သက်သက်ပါ၊ နောက်ကျသွားခဲ့ပြီ ဆိုရင် အဆုံးအရှုံးက ကြီးမားနိုင်ပါတယ်၊ မိတ်ဆွေတို့ဆီမှာလည်း လွယ်ကူမြန်ဆန်ပြီး အများကိုလည်း ဝေမျှချင်တဲ့ နည်းလမ်းတွေများ ရှိခဲ့ရင် တဆိတ်လောက် ပြောပြခဲ့ပါဦးလား...။ ။


ညီလင်းသစ်
၁၉ ဒီဇင်ဘာ၊ ၂၀၁၁

11 December 2011

ဘီပီအေ (သို့မဟုတ်) မမြင်ရသော အန္တရာယ်


(Credit: animafac.net)

ဒီကနေ့ ကမ္ဘာမှာတိုးတက်ဆန်းပြားလာတဲ့ တီထွင်မှုတွေနဲ့အတူ တပါတည်း ပါလာတဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေ ရှိပါတယ်၊ တချို့အရာတွေကို အန္တရာယ်မှန်း ချက်ချင်းသိပြီး ရှောင်နိုင်ပေမယ့် တချို့အရာတွေကတော့ နေ့စဉ်ဘဝမှာ အမြဲထိတွေ့ နေရသည့်တိုင် အန္တရာယ်ရှိမှန်း မသိနိုင်တာ မျိုးတွေလည်း ရှိပါတယ်၊ အဲဒီလို မမြင်နိုင်တဲ့ အန္တရာယ်တစ်ခု အကြောင်းကို ကျနော်ပြောပြ ချင်ပါတယ်၊ သူကတော့ ဘီပီအေ (BPA) လို့ အတိုကောက် ခေါ်ကြတဲ့ Bisphenol A ပါပဲ...၊

အဲဒါဘာလဲ

ဘီပီအေဆိုတာ ပိုလီကာဗွန်နိတ် (polycarbonate) ပလပ်စတစ်အမာနဲ့ အပူဒဏ်ခံ ပလပ်စတစ်အမာ (thermosetting epoxy resin) တို့ကို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ဓါတုဗေဒ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်၊ သူ့ကို ၁၉ ရာစုကုန်လောက် ကတည်းက စတင်ပြီး စမ်းသပ်ဖော်ထုတ် နိုင်တာ ဖြစ်ပေမယ့် တကယ်တမ်း အကြီးအကျယ် အသုံးပြုလာတာ ကတော့ ၁၉၅၀ ပြည့်လွန် နှစ်တွေမှာ ပလပ်စတစ်ထုတ်တဲ့ ကုန်ထုတ်လုပ်မှုတွေမှာပါ၊ ပြီးတော့ တစထက်တစ တွင်ကျယ်လာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ ဆားကစ်ပြားတွေမှာ လျှပ်ကာပစ္စည်း (insulator) အဖြစ်လည်း အသုံးပြုလာ ကြတယ်၊ အဲဒီလို သုံးကောင်းကောင်းနဲ့ နေရာတကာမှာ သုံးလာ လိုက်ကြတာ အခုတော့ ဘီပီအေက ပေးတဲ့ ပြဿနာဟာ အလေးအနက်ထား စဉ်းစားရတော့မယ် အချိန်ကို ရောက်လာခဲ့ပါပြီ...၊

အကြောင်းကတော့ ဘီပီအေဟာ Endocrine disruptor လို့ခေါ်တဲ့ ဟော်မုန်းတွေကို ဒုက္ခပေးသူ ဖြစ်လို့ပါပဲ၊ ခန္ဓာကိုယ်ထဲကို ဘီပီအေ ရောက်သွားတဲ့အခါ လူ့ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှု စနစ်နဲ့ အာရုံကြောစနစ်ကို သူက ဖျက်ဆီးပစ်နိုင် ပါတယ်၊ တကယ်တော့ ဘီပီအေဟာ အခုလို ဟော်မုန်းဓါတ်တွေအပေါ် သက်ရောက်မှု ရှိနိုင်တယ် ဆိုတာ အချိန်တော်တော် ကြာကြာကတည်းက သိထားကြပေမယ့် လူ့ခန္ဓာကိုယ်ထဲကို ပမာဏ အများကြီး ဝင်ရောက်သွားမှသာ ဒါဟာ အန္တရာယ်အဆင့် ဖြစ်နိုင်တယ်လို့ ထင်မှတ်ထားခဲ့ ကြတာပါ၊ ဒါပေမယ့် ၁၉၉၆ မှာ မစ်ဆူရီ တက္ကသိုလ်က ဓါတ်ခွဲခန်းတစ်ခုမှာ ကြွက်တွေနဲ့ စမ်းသပ်ကြည့်တော့ အလွန်နည်းပါးတဲ့ ဘီပီအေ ပမာဏဟာလည်း ကောင်းကောင်း အန္တရာယ်ပြုနိုင်တယ်လို့ အမှတ်မထင် တွေ့ရှိလိုက်ရတယ်၊ သားမွေးတော့မယ့် ကြွက်မကြီးကို ဘီပီအေ ပမာဏ မဆိုစလောက်ကလေး သုံးလေးရက်လောက် ပေးလိုက်တယ်၊ နောက် မွေးလာတဲ့ ကြွက်သားပေါက်လေးတွေကို စမ်းကြည့်တဲ့အခါ အထီးလေးတွေရဲ့ မျိုးပွားဟော်မုန်း စနစ်ဟာ ပျက်စီးနေတာကို တွေ့လိုက်ရတာပါ၊

နောက် သိပ်မကြာခင်မှာပဲ အခြားစမ်းသပ်မှုတစ်ခုမှာ ဘီပီအေ ပမာဏကိုလိုက်လို့ ကြွက်မလေးတွေမှာ ခရိုမိုဆုမ်း ကစင့်ကလျား ဖြစ်မှုကိုလည်း တွေ့လာကြတယ်၊ ဒါကိုကြည့်ပြီး အဲဒီပမာဏ အတိုင်းသာ လူ့ခန္ဓာကိုယ်မှာ သက်ရောက်ခဲ့ရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အဖို့ သားလျှော၊ သားပျက်တာတွေ ဖြစ်နိုင်လိမ့်မယ်လို့ ကောက်ချက်ဆွဲကြ ပါတယ်၊ အဲဒီနောက်မှာတော့ စမ်းသပ်မှုတွေ တစ်ခုပြီး တစ်ခုလုပ်ပြီး ဘီပီအေကို အလေးအနက်ထား သုတေသန လုပ်လာကြတယ်၊ ကြွက်တွေတင် မဟုတ်တော့ဘဲ အခြား တိရိစ္ဆာန်ငယ်လေး တွေကိုပါ သုံးပြီး ဘီပီအေ ပမာဏ မျိုးစုံနဲ့ စမ်းသပ်ကြပါတယ်၊ တက္ကသိုလ်ပေါင်းစုံ၊ ဓါတ်ခွဲခန်းပေါင်းစုံက ရလာတဲ့ ဒီတိရိစ္ဆာန်တွေအပေါ် စမ်းသပ်မှု အဖြေတွေကို လူသားတွေ အတွက် ဆင့်ပွားတွက်ချက် ကောက်ချက် ဆွဲလိုက်တဲ့အခါ တွေ့ရှိချက်တွေက ကြောက်စရာပါပဲ၊

လူကို ဘာတွေ ဒုက္ခ ပေးနိုင်သလဲ

လူ့ခန္ဓာကိုယ်ထဲမှာ ဘီပီအေ ပမာဏ များလာတဲ့အခါ အမျိုးသမီးတွေ အတွက် ရင်သားကင်ဆာနဲ့ အမျိုးသားတွေ အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တယ်၊ မွေးလာတဲ့ ယောက်ျားလေး ကလေးငယ်တွေမှာ လိင်အင်္ဂါ ကောင်းစွာ မဖွံ့ဖြိုးတာတွေ ဖြစ်နိုင်တယ်၊ မျိုးပွားဟော်မုန်းတွေကို ထိခိုက်တာဖြစ်လို့ ကိုယ်ဝန်ရဖို့ ပိုပြီးခက်ခဲတာတွေ ဖြစ်နိုင်တယ်၊ မိန်းကလေးငယ်တွေမှာ အရွယ်မတိုင်မီ အများကြီးစောပြီး အပျိုဖော်ဝင်တာ ဖြစ်နိုင်တယ်၊ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါတွေ လွယ်လွယ်နဲ့ ဖြစ်နိုင်တယ်၊ အာရုံစူးစိုက်မှု လျော့ကျတာတွေ၊ hyperactivity လို့ခေါ်တဲ့ အလွန်အမင်း လှုပ်ရှားတက်ကြွတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်၊ ဘီပီအေကြောင့် ဒါတွေဖြစ်မယ်လို့ ကျိန်းသေပြောတာ မဟုတ်ပေမယ့် ဒါတွေဖြစ်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ဆိုလိုတာပါ...၊

အဲဒီလို အသံတွေ ကျယ်လောင်လာတဲ့အခါ ဘီပီအေကိုသုံးပြီး ပလပ်စတစ် ထုတ်လုပ်နေတဲ့ စက်ရုံကြီးတွေ၊ ကုမ္ပဏီကြီးတွေက ကန့်ကွက်သံတွေ ထွက်လာပါတော့တယ်၊ အခုပြောနေတဲ့ အချက်တွေက ၁၀၀ ရာခိုင်နှုန်း ကျိန်းသေတာ မဟုတ်ဘူး၊ လုပ်နေကြပါတယ် ဆိုတဲ့ သုတေသန တွေကလည်း အကန့်အသတ်တွေ အများကြီး ရှိကြတယ်၊ စမ်းသပ်မှု တွေကလည်း အပြည့်အဝ ယုံကြည်ရမယ်လို့ ဘယ်သူက အာမခံမှာလဲ စသဖြင့်ပေါ့....၊ ပြီးတော့ သူတို့ကလည်း တန်ပြန် ဓါတ်ခွဲစစ်ဆေးမှုတွေ လုပ်ကြတယ်၊ ရယ်စရာကောင်းတာ တစ်ခုက သူတို့ စပွန်ဆာပေးပြီး လုပ်ခိုင်းတဲ့ သုတေသန စမ်းသပ်ချက် တွေအားလုံးက ဘီပီအေဟာ လူသားတွေအတွက် အန္တရာယ်လုံးဝ မရှိပါဘူးလို့ တညီတညွတ်တည်း အသံ ထွက်တာပါပဲ၊ စီးပွားရေးသမားကတော့ ခေတ်အဆက်ဆက် ဒီလိုပဲ ရှိနေမယ် ထင်ပါရဲ့...၊

ဆိုတော့ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ရောဂါတွေ ဖြစ်စေနိုင်တဲ့ ဘီပီအေ ဒြပ်ပေါင်းက လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရော ရှိနေပြီလား ဆိုပြီး ဆက်လက် စစ်ဆေးကြတယ်၊ အမေရိကားနဲ့ ဥရောပက ကျား၊မ အသက်အရွယ် မျိုးစုံရဲ့ ဆီးတွေကို ဓါတ်ခွဲကြည့်တော့ ၉၅ ရာခိုင်နှုန်းမှာ ရှိနေတာကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရတယ်၊ များလွန်းတဲ့ ပမာဏပါပဲ၊ တကယ်လည်း ကျနော့်အလုပ်က ဓါတ်ခွဲခန်းမှာ ရေနမူနာတွေကို စစ်ဆေးတိုင်း ဘီပီအေကို အမြဲလိုလို တွေ့ရလေ့ ရှိပါတယ်၊ ဒါဆိုရင် အရှေ့တိုင်းက လူတွေမှာရော...? သူတို့ရဲ့ ကိုယ်ခန္ဓာထဲမှာလည်း ဘီပီအေ ဒြပ်ပေါင်း ရှိနေနိုင်သလား လို့မေးရင် မြေကြီးလက်ခတ် မလွဲပါပဲလို့ ဖြေရမှာပါ၊ ဟုတ်ပါတယ်၊ ဒီနေ့ ခေတ်သစ်ကမ္ဘာမှာ နေကြတဲ့သူ အယောက်တိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘီပီအေဟာ နေရာယူနေပြီးသား ဖြစ်နေပါပြီ၊ အကြောင်းကတော့ ကျနော်တို့ နိစ္စဓူဝ ထိတွေ့နေရတဲ့ ပစ္စည်းတွေဟာ ဘီပီအေနဲ့ မကင်းနိုင်လို့ ပါပဲ၊

ဘယ်ပစ္စည်းတွေမှာ ဘီပီအေ ပါသလဲ

အချိုရည်ဘူးတွေ၊ ဘီယာဘူးတွေရဲ့ အတွင်းဖက်မှာ သုတ်ထားတဲ့ ပလပ်စတစ် အလွှာထဲမှာ ဘီပီအေ ပါတယ်၊ ရေခဲသေတ္တာတွေ၊ ပန်းကန်ဆေးစက်တွေ၊ ဖုန်စုပ်စက်တွေ ထဲက လျှပ်စစ်ဆားကစ်နဲ့ ပလပ်စတစ် အစိတ်အပိုင်းတွေမှာ ဘီပီအေ ပါတယ်၊ ဥယျာဉ်ခြံသုံး စိုက်ပျိုးရေး ကိရိယာတွေကို ဘီပီအေ ပါတဲ့ ပလပ်စတစ်တွေနဲ့ လုပ်ကြတယ်၊ အိမ်မှာခင်းတဲ့ လီနိုလီယမ် ပလပ်စတစ် အခင်းမှာ ဘီပီအေပါတယ်၊ ဆယ်လိုတိတ်တွေမှာ၊ ကော်ထဲမှာ၊ ပစ္စည်းတွေ ထုပ်ပိုးလေ့ရှိတဲ့ ကပ်ထူစက္ကူပုံးတွေမှာ သုတ်တဲ့ ဆေးထဲမှာ၊ မျက်မှန်ကိုင်းနဲ့ မျက်ကပ်မှန် တချို့ထဲမှာ၊ အများပြည်သူ သောက်ဖို့ထားကြတဲ့ ၂၀ လီတာဝင် ပလပ်စတစ် ရေပုံးကြီးတွေ ထဲမှာ၊ ဧည့်ခန်းအလှဆင် ပလပ်စတစ် ပစ္စည်းတွေထဲမှာ၊ မြန်မာပြည်မှာ အရမ်းသုံးကြတဲ့ မယ်လမင်း (melamine) ပလပ်စတစ် ထမင်းစား ပန်းကန်နဲ့ ခွက်တွေထဲမှာ၊ စီဒီတွေ ဒီဗီဒီတွေထဲမှာ...၊ တကယ့်ကိုမှ အများကြီးပါပဲ၊ နောက်ဆုံး စူပါမားကက်တွေမှာ ဈေးဝယ်ရင် ငွေရှင်းကောင်တာက ပြန်ပေးတဲ့ ကျသင့်ငွေ စက္ကူဖြတ်ပိုင်းလေးတွေ မှာတောင်မှ ဘီပီအေ ပါ,ပါတယ်၊ ကျနော်တို့ ပတ်ဝန်းကျင်မှာ လက်ညှိုးထိုး မလွဲပါဘူး၊ အဆိုးဆုံးနဲ့ ထိတ်လန့်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်လေးတွေ စို့တဲ့ ပလပ်စတစ် နို့ဘူးတွေထဲမှာပါ တွေ့ရတာပါပဲ...၊

ဒီနေရာမှာ အရေးအကြီးဆုံး မေးခွန်းတစ်ခု ရှိပါတယ်၊ ကောင်းပြီ...၊ အဲဒီ ဘီပီအေဒြပ်ပေါင်းက ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ပမာဏ ဘယ်လောက်ဆိုရင် လူကို အန္တရာယ်ဖြစ်စေ နိုင်သလဲ ဆိုတဲ့မေးခွန်းပါ၊ ဒီနေ့ လက်ရှိအချိန်မှာ ကမ္ဘာ့ သိပ္ပံပညာရှင်တွေ၊ မူဝါဒနဲ့ စည်းမျဉ်းတွေ ရေးဆွဲမယ့် အာဏာပိုင်တွေ၊ ဘီပီအေပါတဲ့ ပလပ်စတစ် ထုတ်လုပ်သူတွေ အားလုံး အကျိတ်အနယ် ဆွေးနွေးငြင်းခုံ နေကြတာလည်း အဲဒီအချက်ပါပဲ၊ လောလောဆယ်တော့ သဘောတူညီမှု မရကြသေးသလို ဒီမေးခွန်းကိုလည်း ဘယ်သူမှ တိတိကျကျ မဖြေနိုင်သေး ပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ကိန်းဂဏန်း တစ်ခု သတ်မှတ်ဖို့အတွက် လုပ်ရမယ့် အဆင့်တွေက များလွန်းလို့ပါပဲ၊ ဓါတ်ခွဲခန်း စစ်ဆေးချက်တွေ အရ ဘီပီအေဟာ အန္တရာယ်ရှိတာ လုံးဝသေချာပေမယ့် တကယ့်လက်တွေ့မှာ ဘယ်လောက် ပမာဏရှိရင် လူသားတွေအပေါ် ရိုက်ခတ်မှုက ဘယ်နှရာခိုင်နှုန်း ရှိနိုင်မလဲဆိုတာ အတော်ပြောရခက်တဲ့ ကိစ္စပါ၊ အချိန်အများကြီးယူပြီး လူထုကျန်းမာရေး အနေနဲ့ ကွင်းဆင်းလေ့လာဖို့ လိုပါလိမ့်မယ်၊ လောလောဆယ် လုပ်နိုင်တာက ခန္ဓာကိုယ်ထဲမှာ ဘီပီအေ ပမာဏများတဲ့ လူတွေကို လေ့လာပြီး သူတို့မှာ ဖြစ်နေတဲ့ ရောဂါတွေကို ဆက်စပ်တွက်ချက်၊ ဓါတ်ခွဲခန်း အဖြေတွေနဲ့ ညှိယူရတာပဲ ရှိပါတယ်၊

ဒါပေမယ့် သေချာတာကတော့ ကျနော်တို့ရဲ့ ကမ္ဘာကြီးမှာ ရောဂါဘယတွေ ပိုပြီးထူပြောလာတာ ဖြစ်ပါတယ်၊ အထက်မှာ ပြောခဲ့တဲ့ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ပိုပြီး ဖြစ်လာကြတာ၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာ၊ မိန်းကလေးငယ်တွေ အပျိုဖော်ဝင်ချိန် စောသထက် စောလာတာ.. စတာတွေက ငြင်းမရတဲ့ သက်သေတွေပါပဲ၊ ဒါတွေဖြစ်ရတဲ့ နောက်ခံအကြောင်းအချက်တွေ အများကြီး ရှိပါတယ်၊ အဲဒီအထဲမှာ ပလပ်စတစ်တွေ၊ သံဘူးတွေထဲမှာ ပါတဲ့ ဘီပီအေလိုမျိုး ဓါတုဗေဒ ဒြပ်ပေါင်းတွေဟာလည်း အဓိက အကြောင်းတွေထဲက တစ်ခုပါပဲ၊ ကဲ..ဒါဖြင့် ကျနော်တို့ ဘာလုပ်ကြမလဲ...?

ခန္ဓာကိုယ်ထဲကို ဘယ်လိုဝင်ရောက် သလဲ

ကမ္ဘာ့ခေါင်းဆောင်တွေ၊ နားလည်တတ်ကျွမ်းသူတွေက ဘီပီအေကို လုံးဝတားမြစ်တာ၊ ဒါမှမဟုတ် လျှော့ချတာ အစရှိတဲ့ တိကျရေရာမှု တစ်ခုခု မလုပ်နိုင်သေးခင်မှာ ကျနော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှော့ချကာကွယ်လို့ ရပါတယ်၊ မနှစ်က လောလောလတ်လတ် လုပ်ထားတဲ့ သုတေသန တစ်ခုမှာ လူ ၂၀ ကို ရွေးပြီး သူတို့ပုံမှန် စားသောက်ပုံအတိုင်း စားသောက်စေတယ်၊ အဲဒီလူတွေက ပလပ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ရေခဲရိုက် အစားအစာတွေ၊ သံဘူးနဲ့ ထည့်ထားတဲ့ အစားအသောက်၊ အချိုရည် စတာတွေကို ပုံမှန်ဝယ်စားလေ့ ရှိကြသူတွေပါ၊ တစ်ပတ်အကြာမှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဘီပီအေ ပမာဏကို တိုင်းတာ မှတ်သားတယ်၊ ပြီးတော့ နောက်တစ်ပတ်မှာ သူတို့ကို သံဘူးတွေ၊ ပလပ်စတစ်တွေနဲ့ လုံးဝကင်းတဲ့ အစားအသောက် လတ်လတ်ဆတ်ဆတ်တွေကိုပဲ ချက်ကျွေးတယ်၊ ပြီးတော့ တခါ တိုင်းတာကြ ပြန်တယ်၊ အဲဒီအခါ ဒီလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဘီပီအေ ပါဝင်နှုန်းက ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတာ တွေ့ရတယ်၊ အထက်ပါ အချက်တွေကို အခြေခံပြီးတော့ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ဘီပီအေ အများဆုံး ဝင်ရောက်နိုင်တဲ့ နည်းဟာ သံဘူးတွေ၊ ပိုလီကာဗွန်နိတ် ပလပ်စတစ်တွေနဲ့ ထုပ်ပိုးထားတဲ့ အစားအသောက်၊ အရည်တွေကနေ ဖြစ်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်၊

ဘယ်လို ကာကွယ်ကြ မလဲ

သံဘူးတွေရဲ့ အတွင်းဖက်မှာ အစားအသောက်နဲ့ သံနဲ့ တိုက်ရိုက်မထိတွေ့ စေဖို့ ခံထားတဲ့ ပလပ်စတစ် အလွှာကနေ ဘီပီအေက အစားအသောက်ထဲကို တဖြည်းဖြည်း စိမ့်ဝင်တာဖြစ်လို့ ဖြစ်နိုင်ရင် သံဘူးနဲ့ ထည့်ထားတဲ့ အစားအသောက်တွေ၊ အရည်တွေကို တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါပဲ၊ အထူးသဖြင့် အက်ဆစ်ဓါတ်ဖြစ်တဲ့ အချဉ်ဓါတ်ပါတဲ့ ဟာတွေပါ၊ ဥပမာ- ခရမ်းချဉ်သီး သံဘူးမျိုး..၊ ဂျပန်မှာတော့ အခုနောက်ပိုင်း သံဘူးတွေထဲမှာ ဘီပီအေ မပါတဲ့ PET အမျိုးအစား ပလပ်စတစ် အလွှာကို အစားထိုး သုံးလာကြပါတယ်၊

သံဘူးတွေနဲ့အတူ တပါတည်း အရေးပါတဲ့ ဘီပီအေ ရင်းမြစ်နောက်တစ်ခုကတော့ ပလပ်စတစ်ပါ၊ ဒါပေမယ့် ဒီနေ့လို ပလပ်စတစ် ယဉ်ကျေးမှုထဲမှာ မက်မက်စက်စက် ပျော်ဝင်နေမိတဲ့ ကျနော်တို့အဖို့ ပလပ်စတစ်ကို လုံးဝရှောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒီတော့ ဘီပီအေ၊ Phthalates စတဲ့ ဓါတုဒြပ်ပေါင်းတွေ အများဆုံး ပါလေ့ရှိတဲ့ ပိုလီကာဗွန်နိတ် (Polycarbonate) အမျိုးအစား ပလပ်စတစ်နဲ့ ပီဗီစီ (PVC) အမျိုးအစား ပလပ်စတစ်တွေကို အစားအသောက်နဲ့ ပတ်သက်လာရင် တတ်နိုင်သလောက် ရှောင်ဖို့ပါပဲ၊ အဲဒီ ပလပ်စတစ် ၂ မျိုးကို သိနိုင်ဖို့က ပလပ်စတစ် မျိုးခွဲကုဒ် (Plastic Identification Code) ကိုကြည့်နိုင် ပါတယ်၊ ပလပ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေအားလုံးမှာ အဲဒီမျိုးခွဲကုဒ်တွေကို မထည့်မနေရ ထည့်ကြရ ပါတယ်၊ ပစ္စည်းတွေပေါ်မှာ သက်ဆိုင်ရာ ကုဒ်တွေကို အောက်ကပုံအတိုင်း တွေ့ရလေ့ ရှိပါတယ်၊

(Credit: indoorquality.org)

အားလုံးပေါင်း ၇ ခုရှိပြီးတော့ ပီဗီစီက ၃၊ ပိုလီကာဗွန်နိတ်က ၇ ဖြစ်ပါတယ်၊ ပိုလီကာဗွန်နိတ်က "O" ဆိုတဲ့ Other အမျိုးအစားအောက်မှာ ပါဝင်ပါတယ်၊

အိမ်မှာ ပလပ်စတစ်ခွက်တွေ၊ ပန်းကန်တွေ သုံးရင်လည်း အစားအသောက် နွှေးဖို့ မိုက်ခရိုဝေ့ဖ်ထဲကို မထည့်မိဖို့ လိုပါတယ်၊ ပန်းကန်ဆေးစက်ထဲကို ပလပ်စတစ်ခွက်တွေ ထည့်မဆေးရင် ပိုပြီးကောင်းပါတယ်၊ ဖြစ်နိုင်ရင်တော့ မယ်လမင်းပန်းကန် (melamine) တွေ သုံးတဲ့အခါ အစားအသောက် ပူပူလောင်လောင်တွေ မထည့်ဖို့ပါ၊ အကြိမ်ကြိမ် ရေနွေးထည့်သောက်ထားလို့ အရောင်တွေပြောင်း၊ ဝါကျင့် နေတဲ့ မယ်လမင်း ရေနွေးခွက်တွေကို မြင်မိတိုင်း ကျနော် စိတ်မသက်မသာ ဖြစ်ရမြဲပါပဲ၊ ရေနွေးကြမ်းကို ကြွေခွက်နဲ့ ထည့်သောက်ရင် သူ့အိုးနဲ့သူ့ဆန် 'တန်' တာမို့ အကောင်းဆုံးပါပဲ၊ အရေးအကြီးဆုံးကတော့ ကလေးတွေအတွက် နို့ဘူးကို BPA-free စာတန်းပါတဲ့ အာမခံ နို့ဘူးတွေ ဝယ်သုံးဖို့ ပါပဲ၊ ဒီဖက်နှစ်ပိုင်းတွေမှာ လွယ်လင့်တကူ ဝယ်လို့ရနေပါပြီ...၊

အပြစ်မဲ့တဲ့ ရင်သွေးလေးတွေကို ဒီကမ္ဘာထဲ ခေါ်လာပြီး သူတို့အတွက် ကျနော်တို့ ထားခဲ့မယ့် ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ယိုယွင်းဆုတ်ယုတ် လာတာကတော့ စိတ်မကောင်းစရာပါ၊ ဒါပေမယ့် ဘယ်လို ကဏ္ဍမှာပဲ ဖြစ်ဖြစ် တီထွင်မှု၊ တိုးတက်မှု နဲ့အတူ ကြိုတင်မျှော်လင့်လို့ မရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါလာတတ်တာ အနည်းနဲ့အများ ဆိုသလို ကျနော်တို့ တွေ့ရမှာပါ၊ ဒီလို ဆိုးကျိုးတွေကို မြင်လို့ တီထွင်ဆန်းသစ်မှု တွေကို တဗျစ်တောက်တောက် အပြစ်ပြောပြီး ကျောက်ခေတ်မှာပဲ ထိုင်ပြီး ကျန်ခဲ့ချင်လို့ မရပါဘူး၊ အကောင်းဆုံးကို တီထွင်ရင်းနဲ့ အဆိုးတွေ ပါလာရင်လည်း တတ်နိုင်သလောက် သိအောင်လုပ်၊ သိလာသလောက် ကြိုးစားကာကွယ်ဖို့ပဲ ရှိပါတယ်၊ အသက်ကို ဥာဏ်စောင့်တယ်လို့ပဲ ကိုယ့်ကိုယ်ကို အားပေးရတော့မှာ ပါပဲ...။ ။

Ref:
http://en.wikipedia.org/wiki/Bisphenol_A
http://www.lemonde.fr/planete/article/2011/10/28/bisphenol-a-un-scandale-mondial_1595537_3244.html


ညီလင်းသစ်
၁၁ ဒီဇင်ဘာ၊ ၂၀၁၁

05 December 2011

The Lady ...



(Credit: Google image)

မနေ့ညက အဲဒီရုပ်ရှင် သွားကြည့်ဖြစ်ပါတယ်၊ လူများ,မများ မသိနိုင်တာနဲ့ ရုပ်ရှင်မစမီ နာရီဝက် ကျော်ကျော်လောက် ကတည်းက ကြိုရောက်နေ ဖြစ်တယ်၊ လက်မှတ်ဝယ်ဖို့ တန်းစီရင်း ခုံနေရာ ဘယ်လောက် ကျန်သေးသလဲ ပြတဲ့ မော်နီတာကို ကြည့်လိုက်တော့ ၈၀ ရာခိုင်နှုန်း လောက်ကို ကျန်နေသေးတာ တွေ့ရတယ်၊ ဒါနဲ့ အေးအေးဆေးဆေးပဲ ဖြစ်သွားတယ်..၊ ပြမယ့် ခန်းမထဲကို ဝင်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ ဝင်ထိုင်နေလိုက်ပြီး နည်းနည်းစီ ဝင်လာနေတဲ့ လူတွေကို ငေးကြည့်နေ မိတယ်၊ ကျနော့်စိတ်ထဲမှာ ဒီလိုဇတ်ကားမျိုးကို လာကြည့်သူတွေဟာ ဘယ်လိုလူမျိုး တွေများ ဖြစ်နိုင်မလဲလို့ အရမ်း သိချင်နေမိတယ်၊ မြန်မာပြည်ကို ရောက်ဖူးသူတွေလား၊ ဒါမှမဟုတ် မကြာခင်မှာ သွားမယ့်သူတွေလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားလို့ ဒုက္ခနွံထဲက မတက်နိုင်သေးတဲ့ နိုင်ငံလေးနဲ့ အဲဒီအထဲက အမျိုးသမီး တစ်ယောက် အကြောင်း ပိုပြီး သိချင်သူတွေ များလား၊ ဒါမှမဟုတ် Luc Besson ဘာပဲရိုက်ရိုက် ကြည့်လိုက်မယ် ဆိုသူတွေလား...၊

ကျနော့်စိတ်ထဲ တွေးနေမိတာကို ဘေးက မအိမ်သူကို ပြောတော့ အင်မတန် လက်တွေ့ကျတဲ့ အကြံဥာဏ်ကို ပေးတယ်၊ 'သိချင်ရင် လိုက်မေးကြည့် ပါလား' တဲ့..၊ ဝင်လာသူတွေ ကတော့ ကျနော် မျှော်လင့်ထားသလို သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ များတယ်၊ မြန်မာ တစ်ယောက်တလေများ ကံကောင်းစွာနဲ့ ပါလာမလားလို့ တစ်ယောက်မှ အလွတ်မပေးဘဲ ထိုင်ကြည့်နေသေးတယ်၊ အာရှသူလို့ ယူဆရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာက လွဲရင် ကျန်တဲ့ ပရိတ်သတ်တွေက အနောက်တိုင်းသား တွေချည်းပါပဲ၊ ဒီလို ရုပ်ရှင်မျိုးကို ကြည့်ပြီး ပြန်အထွက်မှာ တခြားမြန်မာ လူမျိုးတွေရဲ့ အမြင်ကို ကြားချင်၊ သိချင်မိတယ်၊ အဲဒီလိုနဲ့ ခန်းမထဲမှာ မီးတွေ မှောင်သွားခဲ့တယ်....၊

ဗိုလ်ချုပ်က သူ့သမီးလေးကို အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့သမိုင်းကို ပြောပြနေတဲ့ အခန်းနဲ့ ဇတ်လမ်း စ,ပါတယ်၊ အဲဒီ အခန်းမှာ ပုဂံရဲ့ အရုဏ် တက် မြင်ကွင်းတွေကို ကြိုကြားကြိုကြား ညှပ်ပြီး ပြသွားတယ်၊ ပုဂံဟာ မြင်ကွင်းကျယ် ပိတ်ကားပေါ်မှာ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေသလိုပဲ၊ အဲဒီနောက်တော့ အတွင်းဝန်ရုံး လုပ်ကြံ သတ်ဖြတ်မှု၊ သိပ်မကြာခင်မှာပဲ ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည် ပြန်လာရတဲ့ အမေစု အခန်းတွေကို ပြပါတယ်၊ ပြီးတော့ ၈၈ အရေးတော်ပုံ၊ NLD ဖွဲ့စည်းမှု၊ ရွှေတိဂုံ ညီလာခံ.. စတာတွေ ဆက်လာပါတယ်၊ ဒီအခန်းတွေကို ပြတဲ့အခါ အများသိတဲ့ အတိုင်း ယိုးဒယားနယ်စပ်မှာ တူနိုင်သလောက် အတူဆုံး ဆက်တင်လုပ်ပြီး ရိုက်ထားတဲ့ အခန်းတွေနဲ့ ရန်ကုန်မြို့က တကယ့်နေရာတွေကို ရောမွှေပြီး ပြသွားတယ်၊ ဒီဇတ်ကား ရိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘာမှ မစသေးခင် ဒါရိုက်တာ Luc Besson နဲ့ အဖော် ၂ ယောက်က မြန်မာပြည်ကို လာပြီး ရှုခင်း၊ မြင်ကွင်းတွေကို ကင်မရာ အသေးလေးနဲ့ ၁၇ နာရီစာ ရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်၊ အခု အဲဒီရှုခင်းတွေကို ဒီလို နေရာတွေမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်၊ အမေစုရဲ့ အမှတ် ၅၄ အိမ်ကိုတော့ ယိုးဒယား နယ်စပ်မှာ တပုံစံတည်း ပြန်ဆောက်ပြီး ရိုက်ပါတယ်၊

ဇတ်လမ်းက အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲလ်ယိုး (Michelle Yeoh) နယ်တွေကို စည်းရုံးရေး ခရီးထွက်တာ၊ နောက်တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရတာတွေ ဆက်ပြတယ်၊ မီရှဲလ်ယိုးက ဇတ်ဝင်ခန်းတွေမှာ မြန်မာစကားကို သွက်သွက်လက်လက် ပြောနိုင်အောင် ကျင့်ထားတာ တွေ့ရပေမယ့် လေသံကတော့ အတော်လေး ဝဲတယ်၊ ဒီနေရာမှာ သူ့အသံနဲ့ ခပ်ဆင်ဆင်တူ နိုင်မယ့် မြန်မာ အမျိုးသမီး တစ်ယောက်ကို စကားပြောခိုင်းပြီး နောက်ခံအသံ ထပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ သူကိုယ်တိုင် ပြောတာကိုပဲ ပိုသဘောကျတယ်၊ ဒါဟာ သူ့ရဲ့ အားထုတ်မှု မဟုတ်လား၊ အစ တစ်ကြောင်း၊ နှစ်ကြောင်းလောက်မှာ နားထဲ တမျိုးဖြစ်ပေမယ့် နောက်တော့လည်း အသားကျ သွားပါတယ်၊ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဇတ်ဝင်ခန်းတွေကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတာ တွေ့ရတယ်၊ ဒါပေမယ့် တချို့ဗိုလ်ချုပ်တွေက မျက်နှာကြည့်လိုက် တာနဲ့ ထိုင်းလူမျိုးမှန်း သိသာသလို တချို့ကလည်း မြန်မာစကား ပြောတဲ့လေသံ အရမ်း ဝဲလွန်းတာ သတိထား မိတယ်၊ စစ်ဗိုလ်၊ စစ်သားနဲ့ ပတ်သက်တာတွေ ပြရင် အများအားဖြင့် ရက်စက်၊ ကြမ်းတမ်းမှု၊ ကောက်ကျစ်မှုကို ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရတယ်၊ ဒီအတိုင်း ဟုတ်လိုက်လေဗျာ-လို့ ဆိုရမယ့် အခန်းတွေ ရှိသလို ဇတ်နာအောင် သာသာထိုးထိုးလေး လုပ်ထားတာတွေလည်း ပါတယ်လို့ ပြောရမှာ ပါပဲ၊ ဒါဟာ ခံစားမှုကို ဦးစားပေးတဲ့ ရုပ်ရှင် မဟုတ်လား...၊

ဇတ်လမ်းရဲ့ အရေးပါတဲ့ အခန်းတစ်ခု ဖြစ်သလို ကျနော်လည်း အကြိုက်ဆုံး ဇတ်ဝင်ခန်းကတော့ အမေစုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးတဲ့အခန်းပါပဲ၊ အော်စလိုမြို့က ဆုပေးပွဲ ခန်းမ၊ အခမ်းအနား အပြင်အဆင်မှ စပြီးတော့ နောက်ဆုံး ဆုလက်ခံ ယူတဲ့ မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါးနဲ့ ကင်မ်တို့ ရပ်နေတဲ့ ပုံစံ အနေအထား အသေးစိတ်ကအစ ဂရုစိုက်ထားတာ သတိထား မိတယ်၊ တဖက်ကလည်း ရန်ကုန်က အိမ်ကြီးထဲမှာ အမေစု တဖြစ်လဲ မီရှဲလ်ယိုးက ရေဒီယို အဟောင်းကြီး တစ်လုံးကို နားထောင်နေတယ်၊ သူ့ကိုယ်စား မိသားစုကို ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက် ချိန်မှာပဲ မီးပြတ်သွားတယ်၊ သူနဲ့အတူ ရေဒီယို နားထောင်နေတဲ့ အဖော် အမျိုးသမီးက ရေဒီယိုအသေးလေး ပြေးယူတယ်၊ အဲဒီအချိန် အခမ်းအနားကို လွတ်သွားမှာစိုးလို့ အမေစုက စိတ်လှုပ်ရှား နေတယ်၊ ရေဒီယို ရောက်လာတော့ အထဲမှာ ဓါတ်ခဲ မရှိပြန်ဘူး၊ အဲဒါနဲ့ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတောင့်တွေထုတ်၊ ရေဒီယိုထဲ အမြန်ထည့်ပြီး ဖွင့်နားထောင် လိုက်တော့ သားကြီး အလက်ဇန်းဒါးက ကျေးဇူးတင်စကား ပြောနေခဲ့ပြီ၊ အမေစုကတော့ သားရဲ့အသံကို မျက်ဝန်းတွေ တလက်လက်နဲ့ နားထောင် နေတယ်၊ ကျေးဇူးတင်စကား ပြောအပြီးမှာ ဂုဏ်ပြုအော်ခက်စထရာက တေးသွားတစ်ပိုဒ်ကို တီးမှုတ်လိုက်တယ်၊ ကျနော် အရမ်းကြိုက်တဲ့ Pachelbel Canon တူရိယာသက်သက် တေးသွား..၊ စန္ဒရားနဲ့ ချယ်လိုကို အားပြုထားတဲ့ တေးသွား...၊ အဲဒါကို ရေဒီယိုကနေ ကြားရတဲ့အခါ အမေစုက တဖက်ကနေ စန္ဒရားကို အသာအယာ လိုက်တီးပါတယ်..၊ မိသားစုနဲ့ ဝေးပြီး တစ်ဦးတည်း ပိတ်လှောင်ခံထားရတဲ့ အိမ်ကြီးထဲမှာ စိတ်ဓါတ်မာကျော ပါတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ညအမှောင်ထဲ စန္ဒရားခလုတ်တွေကို အသာအယာ တို့ထိလို့...၊ အဲဒီမြင်ကွင်းကို အလင်းအမှောင် နိုင်နိုင်၊ နောက်ခံဂီတ အားကောင်းကောင်းနဲ့ ပံ့ပိုးလိုက်တဲ့အခါ အမျိုးစုံတဲ့ ခံစားမှုတွေက ရင်ဘတ်ထဲမှာ ပြည့်ကျပ် လာတော့တယ်၊

ကျနော် ပြန်ပြောချင်တဲ့ နောက်တစ်ခန်းကတော့ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ 'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ဆိုတဲ့ စကားလေးကို ပြောချလိုက်တဲ့ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ အရိပ်တွေ အများကြီး ဖြတ်ပြေးသွားတယ်၊ မိသားစု၊ သေကောင်ပေါင်းလဲ ခင်ပွန်း၊ နောက်ဆုံးကြားခြင်း ဖြစ်ကောင်းဖြစ်မယ့် အသံ၊ အချုပ်အနှောင်၊ သောက၊ ပြည်သူလူထု၊ ဒုက္ခဆင်းရဲ... အဲဒါတွေ အကုန်လုံးကို အဲဒီ စက္ကန့်ပိုင်းလေးမှာ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်၊ ရင်နင့်ရတဲ့ အခန်းပါပဲ၊ တိတ်ဆိတ်နေတဲ့ ရုံထဲမှာ ကျနော့်ဘေးက မအိမ်သူလိုပဲ တိတ်တဆိတ် ရှိုက်သံတွေ ကြားနေရတယ်..၊

သရုပ်ဆောင်တွေ အဖြစ် မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါး၊ ကင်မ် တို့ရဲ့ ရုပ်သွင်၊ အမူအရာတွေ အတော်လေး တူပေမယ့် အမေစုရဲ့ ကာရိုက်တာကို ခံစားယူရတာတော့ လွယ်မယ့်အလုပ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့် အရပ်အမောင်း၊ မျက်နှာသွင်ပြင်ခြင်း ဆင်သလို ရှိတဲ့ အာရှ သူ မင်းသမီး မီရှဲလ်ယိုးက အတော်လေးကောင်းအောင် သရုပ်ဆောင်သွား နိုင်တာ တွေ့ရပါတယ်၊ အထူးသဖြင့် တချို့အခန်းတွေမှာ အမေစုရဲ့ အကြည့်ကို 'ဖမ်း' နိုင်တာ သတိထား မိတယ်၊ ဇတ်လမ်းထဲမှာ မျက်ရည်ဝဲတာ..၊ မျက်ရည်ကျတာတွေ ပါ,ပါတယ်၊ အမေစုကော.. အပြင်မှာ ဒီလိုမျိုး ရှိဖူးလား? ကရုဏာတရား ကြီးမားလှတဲ့ အဲဒီမျက်ဝန်းတွေ ထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတာ မြင်တွေ့ဖူးသူ မရှိသလောက် နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီတိုင်းပြည်ကို ချစ်လွန်းတဲ့ ဒီအမျိုးသမီးကြီး ဟာလည်း သူ့ရဲ့ ကိုယ်ပိုင် မိသားစု အတွက် ငိုကြွေးရချိန်တွေ ရှိလိမ့်မှာ အသေအချာပါ၊ အနည်းဆုံး ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အခုကတော့ ခံစားမှုကို နှိုးဆွရမယ့် ရုပ်ရှင်ဖြစ်လို့ ဒီလိုမျိုး သာသာထိုးထိုး ရှိနိုင်တာ သဘာဝပါပဲ၊

ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြင်သစ်ဒါရိုက်တာ Luc Besson ကို အင်တာဗျူးတွေမှာ မေးကြတယ်၊ 'ခင်ဗျားရဲ့ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်သာ ကြည့်ခွင့်ရရင် ဘာပြောမယ်လို့ ထင်သလဲ'..တဲ့၊ သူက ဖြေတယ်၊ 'ဖြစ်နိုင်တာ နှစ်ခုပါပဲ၊ ဒေါ်စုက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဖြစ်ရလေ Luc ရယ်..၊ မင်းမို့ ကြံကြံဖန်ဖန် ဒီလိုမျိုး စိတ်ကူးယဉ်တွေ စဉ်းစားတတ် ပလေတယ်-လို့ ပြောရင်ပြော..၊ ဒါမှမဟုတ် သူ့မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အောက်မေ့ သတိရစိတ်နဲ့ တိတ်ဆိတ်ချင်လည်း တိတ်ဆိတ် နေလိမ့်မယ်' တဲ့၊ တကယ်တမ်းမှာလည်း Luc Besson က ကံကောင်းစွာနဲ့ အမေစုကို လာတွေ့ခွင့် ရခဲ့ပါတယ်၊ အဲဒီမှာ သူက မေးလိုက်တယ်၊ 'အဆင်ပြေမယ်ဆိုရင် ဒေါ်စု ဒီဇတ်ကားကို ကြည့်ချင်သလား' ဆိုတော့ အမေစုက 'ကျမအတွက် အားရှိတဲ့ တစ်နေ့ကျရင် ကြည့်ဖြစ်မှာပါ'လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်၊

အနှုတ်လက္ခဏာ တစ်ခုကို ပြောပါ ဆိုရင်တော့ ဇတ်ကား အဆုံးသတ်ဟာ ကျနော့် အတွက်တော့ မချင့်မရဲ ဖြစ်ရပါတယ်၊ ဒီဇတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ ဇတ်သိမ်းဟာ happy ending မဟုတ်သလို tragic ending လို့လည်း မဆိုနိုင်တဲ့ အချိန်ပါ၊ (အခုထိလည်း ဒီနှစ်ခုထဲက တစ်ခုမှ မဟုတ်သေးပါဘူး)၊ ဆိုတော့ ရုပ်ရှင်ဇတ်သိမ်းဟာ အထိုက်အလျောက် ခက်မှာ သေချာပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ဇတ်သိမ်းပုံထက် ပိုပြီး အနုပညာ ဆန်မယ့် လုပ်ကွက်တွေ ရှိမယ်လို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါပဲ၊ မကောင်းဘူးလို့ ပြောရတာ လွယ်လွယ်လေးပါ၊ ရုပ်ရှင်တစ်ခုလုံးကို ခြုံကြည့်ရင်လည်း ဟာကွက်တွေ အများကြီးပါ၊ အထူးသဖြင့် အမေစုရဲ့ နိုင်ငံရေး လှုပ်ရှားမှု အသားပေး အခန်းတွေမှာပေါ့၊ ဒါပေမယ့် ရသလောက် သတင်းအချက်အလက် တွေနဲ့ပဲ သူများနိုင်ငံမှာ သိုသိုသိပ်သိပ်နဲ့ ဒီလိုမျိုး ရိုက်ခဲ့ရတာ ကျနော်တို့ မေ့ထားလို့ မဖြစ်ပါဘူး၊ ပြီးတော့ ဒီရုပ်ရှင်ဟာ မြန်မာ့နိုင်ငံရေးကို ရိုက်ကူးတဲ့ သတင်းမှတ်တမ်းကားလည်း မဟုတ်ပါဘူး၊ အဲဒီ နိုင်ငံရေးထဲမှာ တန်ဖိုးကြီးမား လှတဲ့ ပေးဆပ်၊ စွန့်လွှတ်မှုတွေနဲ့ နေထိုင်နေတဲ့၊ လူတွေက ချစ်စနိုးနဲ့ 'The Lady' လို့ နာမ်စားသုံး ခေါ်ဝေါ်ကြတဲ့ လွတ်လပ်ခြင်းရဲ့ နှင်းဆီတစ်ပွင့် အကြောင်းပါ၊ ကျနော့်အတွက်တော့ ရင်ကိုလာမှန် ခဲ့ပါတယ်...။ ။


ညီလင်းသစ်
၅ ဒီဇင်ဘာ၊ ၂၀၁၁

01 December 2011

စကားလုံးများထက် နက်ရှိုင်းသော...


ဂစ်တာကို ရင်ခွင်ထဲမှာ ပိုက်ထားလိုက်ပေမယ့် ဘာကိုမှ မတီးသေးဘဲ ကြိုးတွေကိုသာ ခပ်ဖွဖွ ဆော့ကစား နေမိသည်၊ ရင်းနှီးကျွမ်းဝင်ပြီးသား ပြည်တွင်းဖြစ် ဟော်လိုဂစ်တာလေးက ရင်ခွင်ထဲမှာ နေသားတကျ..၊ လက်ချောင်းတို့က ဂစ်တာကော့ဒ်တွေကို ဘာရယ်မဟုတ် အလိုက်သင့်အလျားသင့် တစ်ခုပြီးတစ်ခု ပြောင်းကိုင်သွားရင်း ဦးနှောက်က သီချင်းတစ်ပုဒ်ကို အပြေးအလွှား စဉ်းစားကြည့်သည်၊ ရုတ်တရက် ဆိုတော့ ခေါင်းထဲက ဘာမှ ထွက်မလာ..၊ သီချင်းများစွာကို တီးခဲ့၊ ဆိုခဲ့ဖူးသော်လည်း ယခုလို တစုံတယောက်က 'သီချင်းတစ်ပုဒ် လောက် ဆိုပြပါ'ဟု တောင်းဆိုလာလျှင် သူ့အနေဖြင့် ဘာသီချင်း ဆိုရမှန်း ဘယ်တော့မှ ချက်ချင်း မဆုံးဖြတ်နိုင်၊ အထူးသဖြင့် ထိုတစုံတယောက်က 'သူမ' ဖြစ်နေခဲ့သည့်အခါ သိဖူးသမျှ သီချင်းစာသားတို့မှာ အဝေးဆုံးကို ထွက်ပြေးပျောက်ကွယ် သွားကြတော့သည်၊

အခန်းကလေးထဲမှာ ရှိနေကြသော လူနှစ်ဦးအကြား ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော ဂစ်တာသံ မျှင်းမျှင်းလေးသာ ရှိနေသည်ကို အခွင့်ကောင်းယူလျှက် တိတ်ဆိတ်ခြင်းတို့က အခြေအနေ တရပ်လုံးကို ဝါးမျိုသိမ်းပိုက်ဖို့ ကြိုးစားလျှက် ရှိသည်၊ ရှေ့တည့်တည့် ကြမ်းပြင်ကို သူ စိုက်ကြည့် နေသော်လည်း မျက်လုံးထောင့်မှာ သူမရဲ့ ပုံရိပ်ကို မြင်နေရသည်၊ ဂျင်းဘောင်းဘီ အပြာဖျော့ဖျော့နှင့် မိုးပြာရောင်နုနုမှာ အဖြူစက်ကလေးတွေ ပါသော ရှပ်အင်္ကျီ လက်ရှည်ကို ဝတ်ထားသော သူမသည် တိမ်ကင်းစင်သော ကောင်းကင်ပြာ တစ်ခုနှယ် ကြည်လင်စွာဖြင့် ရှိနေသည်၊ ထိုကောင်းကင်လေးဆီ ခေါင်းမော့ ကြည့်လိုက်တော့ အပြုံးတစ်ပွင့်က လျှပ်ပန်းနွယ် တစ်စလို လက်ခနဲ ဖြာဆင်း သွားသည်၊ သူ့ရင်ထဲမှာတော့ တဂျိမ်းဂျိမ်း မြည်နေသော မိုးခြိမ်းသံများ..၊ သူမ,က ပခုံးကျော်ကျော်လောက် ဖြန့်ချထားသည့် ပိုးသားဆံနွယ်တွေကို ဝဲကနဲ တချက်ခါလိုက်သည့် အဲဒီ စက္ကန့်ပိုင်းလေးမှာပဲ သူ့လက်ချောင်းတွေက ဂစ်တာကြိုးတွေပေါ်မှာ G ကော့ဒ်ကို နှိပ်မိသွားသည်၊ တဆက်တည်းမှာ သီချင်းအင်ထရို တစ်ခုကို တီးမိလျက်သား..၊ ညာလက်က တေးသွားအလိုက် စည်းချက် အတိုင်း ပလပ်ကင်ကို ခပ်ဆွဆွ တီးမိနေပြီ၊ အဲဒီနောက်တော့ အရာရာဟာ သူ့အလိုလို ချောမွေ့စွာနဲ့ စီးဆင်းလာတော့သည်၊ ဘယ်တုန်းကမှ ကြိုတင်တွေးမထားခဲ့သော သီချင်းတစ်ပုဒ်..၊ Extreme အဖွဲ့၏ "More than words"...၊

ထိုသီချင်းက အင်မတန် လှသော်လည်း လွယ်ကူသည့် သီချင်းတစ်ပုဒ်တော့ဖြင့် မဟုတ်၊ ကီးမြင့်ရသည့်အထဲ backing vocal ဖြင့်ပါ တွဲပြီး အသံနှစ်သံ ရက်ဖောက် သီဆိုရသော သီချင်း..၊ စဉ်းစား ဆင်ခြင်ဥာဏ် သက်သက်ဖြင့်သာ ဆိုလျှင် သူ ဘယ်တော့မှ မရွေးမယ့် သီချင်း၊ သို့ပေမယ့် တစုံတရာက ထိန်းချုပ်စေခိုင်း သည့်အလား ဤသီချင်းကို သူ သီဆိုနေမိ ခဲ့ပြီ၊ အဖိုးမတန်လှသည့် ပြည်တွင်းဖြစ် ဟော်လိုဂစ်တာ ကလေးက လေထုထဲကို သံစဉ်တွေ ပိုးပိုးပေါက်ပေါက် ပစ်တင်၊ ကြဲပက်လိုက်သည်၊ မျက်စိကို အသာအယာ မှိတ်လိုက်သည့်အခါ ဂစ်တာစောင့် နတ်သမီး၏ ကဝေအတတ် နှင့်အတူ သံစဉ်လှိုင်းတွေအပေါ် သူ ယစ်မူးမျောပါ သွားတော့သည်၊

♫♫♫ More than words.. ♪♪ is all you have to do to make it real..♫♫

စကားလုံး သက်သက်ဆိုတဲ့ အဖြစ်ထက် အများကြီး ပိုပြီးလေးနက်၊ ပိုပြီး နူးညံ့သိမ်မွေ့ သတဲ့လား၊ သူ့ ရင်ထဲမှာလည်း ပိုးပုဝါတစ်စဖြင့် ချည်နှောင်ထားသလို နူးနူးညံ့ညံ့၊ တင်းတင်းရစ်ရစ်..၊ သီချင်းက ကီးမြင့်သည့်အတွက် အလွန်အမင်း မအော်ရစေရန် သူထိန်းချုပ်ပြီး အသံထွက်သည် ဆိုရုံကလေး ဆိုနေမိသည်၊ ဂစ်တာသံနှင့် သူ့အသံ နှစ်ခုတည်းသာ လေးဖက်လေးတန် နံရံတွေကို အပြန်ပြန် အလှန်လှန် ထိကန်လျှက် အခန်းကလေးထဲမှာ လူးလာခေါက်တုံ့...၊

♫♫ Then you wouldn’t have to say.. ♪♪ that you love me... ’cause I’d already know..♫♫♫

စကားလုံးတွေရဲ့ နယ်နိမိတ် အလွန်မှာတော့ ခံစားသိဖြင့်သာ သိနိုင်သော နယ်ပယ်တွေ ရှိလိမ့်မည်၊ စကားလုံး တွေဖြင့် ဖွဲ့သီသော သီချင်းတစ်ပုဒ်ကို ဆိုနေရင်းမှ စကားလုံးများ မလိုအပ်တော့သော အပိုင်းအခြား ဇုန်ထဲသို့ သူ လွင့်ဝဲကျရောက် သွားသည်၊ မျက်စိကို ဖွင့်ကြည့်တော့ ခေါင်းလေးကို စောင့်ငဲ့ရင်း သူ့ကို ငေးကြည့်နေသော သူမ,ကို တွေ့ရသည်၊ မျက်ဝန်းတွေက ဆွတ်ဆွတ်ပျံ့ပျံ့ ဝေသီလို့..၊ နှုတ်ခမ်းမှာတော့ အပြုံးတစ်စ..၊ သူ အကြိမ်ကြိမ် ပင့်သက်ရှိုက်ခဲ့ရတာ အဲဒီမျက်ဝန်း တစုံရဲ့ အသိမ်းအနှုတ်၊ အဲဒီနှုတ်ခမ်း နှစ်လွှာရဲ့ အဖွင့်အပိတ် တွေမှာပေါ့၊ သူ ရုတ်ချည်း အားအင်တွေ မဲ့သွားသည်၊ ဆိုလက်စ သီချင်းစာသားတွေက အဲဒီမျက်ဝန်းတွေ အောက်မှာ ဆက်ပြီး မပျံသန်းနိုင်တော့၊ နှုတ်ခမ်းဝ မှာတင်ပဲ အငွေ့ပျံ ပျောက်ကွယ်သွား ကြသည်၊ သီချင်း၏ အချပိုဒ်ကို အသာလေး တီးရင်း တိုးတိုးလေး fade out လုပ်ကာ သူရပ်လိုက်သည်၊ အခန်းထဲမှာလည်း ချက်ချင်းလိုလိုပင် ငြိမ်ကျတိတ်ဆိတ် သွားသည်၊ တဖျပ်ဖျပ် ခတ်နေသော မျက်တောင်တို့၏ ရိုက်ခတ်သံ ကိုပင် ကြားရမတတ်..၊ အဲဒီနောက်... ... အဲဒီနောက်မှာတော့..၊

ကမ္ဘာဦးကတည်းက လူတကာ ပြောလာခဲ့သော စကားလေး တစ်ခွန်းကိုပဲ သူ ရိုးရိုးလေး ပြောလိုက်ပါသည်၊

စင်စစ် ထိုစကားလေးက စကားလုံးတို့ မလိုအပ်သော နယ်ပယ်သို့ ဖွင့်အဝင်မှာ မြတ်နိုးစွာဖြင့် သူချထားရစ် ခဲ့သော သော့တံလေး တစ်ချောင်းဖြစ်သည်၊ အနိမ့်အမြင့်၊ အတိုးအကျယ် ရင်ခုန်သံ အစုံဖြင့် ဖွဲ့စည်းထားသော အော်ခက်စထရာ တီးဝိုင်းကြီးကို ထိန်းကျောင်းမောင်းနှင် သွားမည့် တီးဝိုင်းခေါင်းဆောင် conductor ၏ လက်ထဲမှ baton ဟုခေါ်သော တုတ်ချောင်းလေး ဖြစ်သည်၊ မီးပေါင်အပြည့်ဖြင့် တရှိန်ထိုး ထွက်ခွာတော့မည့် အချစ်ရထား တစ်စီးကို တာလွှတ်ပေးသော ဂတ်ဗိုလ်၏ အလံတစ်လက် ဖြစ်သည်၊ တူနှစ်ကိုယ် ထွန်ယက်စိုက်ပျိုးဖို့ ရွယ်ကိုးသည့် ကောင်းကင်ထဲမှာ မေတ္တာတိမ်တိုက် တို့ကို လွင့်မျောစေသည့် လေညှင်း ကလေးလည်း ဖြစ်ပါသည်၊

တကယ်တမ်းမှာလည်း ကောင်းကင်တစ်ခုကို သူတို့နှစ်ဦး ရိုးသားစွာဖြင့် တည်ဆောက်ခဲ့ကြသည်၊ ကမ်းမမြင် လမ်းမမြင် နေ့ရက်များကို ယုံကြည်စွာဖြင့် ကျော်ဖြတ်ခဲ့ ကြသည်၊ ထိုကောင်းကင်ထဲမှာ သာယာသော နေ့ရက်များစွာ ဖြတ်သန်းတိုးဝင် သွားကြသည်၊ ကြည်လင်ပြာလဲ့သော ချစ်ခြင်းတရားတို့ သန့်စင် တောက်ပနေခဲ့ ကြသည်၊ အပြန်အလှန် နားလည်မှုတွေ အုပ်ဖွဲ့ ပျံသန်းသွားခဲ့ ကြသည်၊ ထို့အတူ နီစွေးကြမ်းတမ်းသော ကောင်းကင်ကိုလည်း ကြုံခဲ့ရသည်၊ ရောင်နီသန်းသော အရုဏ်ဦးတွေ ရှိခဲ့သလို ခြစ်ခြစ်တောက် ပူပြင်းသော မွန်းတည့်နေတွေလည်း ရှိခဲ့ဖူး ပါသည်၊ သူတို့နှစ်ဦးကတော့ အတူတကွ တည်ဆောက်ခဲ့သော ကောင်းကင်လေးကို အချင်းချင်း ဖေးမစာနာမှုများ၊ အားပေး ကြင်နာမှုများဖြင့် ထောက်မ၊ ကျားကန်ဖို့ ကြိုးစားခဲ့ကြသည်၊ ပြန်တွေးကြည့်တော့ သက္ကရာဇ်တွေက အတော်ပင် ရင့်ရော်စ ပြုလာခဲ့ပြီပဲ...၊

တလောတုန်းက သူအလုပ် စားပွဲမှာ ရှိနေတုန်း သူမဆီက အီးမေးလ်တိုလေး တစ်စောင် ဝင်လာ ခဲ့သည်၊ 'FM ရေဒီယိုကို မြန်မြန်ဖွင့်ပြီး နားထောင်ကြည့်စမ်းပါ၊ အခု ချက်ချင်းနော်' ဟု ရေးထားသည်၊ ဘာများပါလိမ့်ဟု သိချင်စိတ်ဖြင့် ဖွင့်လိုက်သည့်အခါ နှစ်ပေါင်းများစွာ ကျွမ်းဝင် အလွတ်ရနေခဲ့သော ဟော်လိုဂစ်တာသံ တစ်ခုက နားထဲသို့ ချိုမြစွာ စီးဝင်လာခဲ့သည်၊ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ကျော်ကျော်က အခန်းလေး တစ်ခန်းထဲမှာ ဤသီချင်းကို တိုးတိတ်စွာ သီဆိုခဲ့ဖူးသည့် အဖြစ်က မနေ့တနေ့ကလို လတ်ဆတ်နေဆဲ..၊ လက်ချောင်းထိပ်များပင် ဂစ်တာ၏ သံမဏိ ကြိုးများကို ဖိထားရသလို ခံစားလာ ရသည်၊ သူ့ ရင်ခုန်သံတွေ နွေးထွေးလာသည့်အခါ လက်ထဲမှ ဘောပင်ကို အသာချထား လိုက်ပြီး ထိုင်ခုံနောက်မှီကို ခပ်လျှောလျှော မှီထိုင်လိုက်သည်၊ မျက်လုံးတို့ကို မှိတ်ထားရင်း သီချင်းစာသားတွေကို တခါမှ မကြားဖူးသူ တစ်ယောက်လို သူ နားထောင်နေ မိတော့သည်၊

More than words သီချင်းကို ရေးစပ်ခဲ့သည့် Nuno Bettencourt ကတော့ 'ချစ်တယ်' ဆိုတာ နှုတ်ဖျားက ထွက်လာသည့် စကားလေး သုံးလုံးထက် ပိုသည်ဟု ပြောခဲ့သည်၊ 'လူတွေက ချစ်တယ်ဆိုတဲ့ စကားကို ပြီးစလွယ် ပေါ့ပျက်ပျက် ပြော,ပြောလာကြတော့ တခါတခါ အချစ်ဟာ အဓိပ္ပါယ် မရှိတော့သလို ခံစားရတယ်၊ အချစ်ဆိုတာ စကားလုံးတွေနဲ့တင် ပြီးတာ မဟုတ်ပါဘူး၊ တကယ်ကို ထိရှ၊ ခံစားလာရအောင် အမြဲတမ်း အားထုတ်နေဖို့ လိုပါတယ်' တဲ့...၊

အချစ်ဆိုသည်မှာ သူ့အလိုလို ပေါက်ဖွားရှင်သန်လာသော ခံစားမှု အနုပညာ တစ်ခုဖြစ်သလို အညွန့် တလူလူနှင့် ကြီးထွားသန်မာ လာအောင် အမြဲ ပြုစုပျိုးထောင် နေရမည့် အတတ်ပညာ တစ်ခုလည်း ဖြစ်ပါလိမ့်မည်၊ ယခုလို အချိန်မှာ သီချင်းကလေးကို ပြန်နားထောင်ခွင့် ရအောင် လှမ်းအကြောင်းကြားသော သူမကို ကျေးဇူး တင်မိပါသည်၊ သူ့ကို လှမ်းအသိ ပေးသော အဖြစ်၏ နောက်ကွယ်မှာ သူမ အနေဖြင့်လည်း ပြောချင်တာတွေ များစွာ ရှိလိမ့်မည်၊ သို့သော် သူမ မပြောမီ ကတည်းက သူ ကြားနေခဲ့ပြီး ဖြစ်သည်၊ ရင်းနှီးကျွမ်းဝင်မှု ကြာမြင့်လာသည့် အခါ ချစ်ခြင်း၏ ကြားခံနယ်သည် လေဟာနယ် တစ်ခုအလား စကားလုံးတို့ကို စုပ်ယူချေဖျက် လိုက်သည်၊ သို့သော် စကားလုံးများထက် ပိုမို နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို နှလုံးသားနှင့် နားထောင်သောအခါ မပြောမီက ကြားနေနှင့် ပါသည်၊ ဤသီချင်း ကလေးဖြင့် စတင်ခဲ့သော သူတို့နှစ်ဦး၏ ကောင်းကင်ထဲမှာတော့ ယနေ့ဆိုလျှင် ဆယ်ခုမြောက် ပြက္ခဒိန် တစ်ခုပင် တိမ်တိုက်တို့နှင့် အတူ တရွေ့ရွေ့ တိုးဝှေ့လွင့်ပါ ခဲ့ပြီ ဖြစ်သည်...။ ။


ညီလင်းသစ်
၁ ဒီဇင်ဘာ၊ ၂၀၁၁

21 November 2011

ကြယ်ပန်းတခင်းနဲ့ လင်းတဲ့လူ ...


ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညက ကျနော် ကြယ်တွေကို ထွက်ပြီး ဓါတ်ပုံရိုက်ဖြစ်ပါတယ်၊  မလေး(အိမ့်ချမ်းမြေ့)က အဲဒီညဟာ ကြယ်မိုး ရွာမယ့်ည ဖြစ်တယ်၊ တစ်နာရီကို ကြယ်အလုံး ၄၀ လောက်အထိကို ကြွေနိုင်တယ်လို့ သူ့ဘလော့ဂ်မှာ အချက်အလက် အပြည့်အစုံကို ရှာဖွေပြီး တိုက်တိုက်တွန်းတွန်းနဲ့ ဝေမျှ သတင်းပေး ပါတယ်၊ အဲဒီအတွက် မလေးကို ကျေးဇူးတင်ပါတယ်၊ အဲဒါဟာ ဒီပို့စ်ဖြစ်လာရတဲ့ အဓိကအကြောင်း ပါပဲ၊

ကြယ်တွေကို တခါလောက်တော့ ဓါတ်ပုံရိုက်ကြည့်ရင် ကောင်းမယ်လို့ ကျနော် စိတ်ကူးဖူးပေမယ့် လက်တွေ့မှာ တခါမှ မလုပ်ဖြစ်သေး ပါဘူး၊ တိမ်ကင်းစင်တဲ့ ကောင်းကင်၊ အပူချိန်၊ နေရာအကွက်အကွင်း စတာတွေ အကြောင်း မညီညွတ်တဲ့ အပြင် Astrophotography ဆိုတာက မလွယ်တာလည်း ပါ,ပါတယ်၊ ဒါပေမယ့် မလေးရဲ့ ပို့စ်ကို ဖတ်အပြီးမှာ ဒီတခါတော့ ရအောင် လုပ်ကြည့်မယ်လို့ စိတ်ကူးပေါ်လာတယ်၊

စိတ်ပိုင်းဖြတ်လိုက်ပြီ ဆိုတာနဲ့ ပထမဦးဆုံး လုပ်တာက ကျနော့်မှာ ညကောင်းကင်ကို ဓါတ်ပုံရိုက်ဖို့အတွက် လိုနေသေးတဲ့ Interval timer ကို အမြန်ဆုံး ဝယ်တာပါ၊ အင်တာနက်ကနေပဲ မှာလိုက်တော့ နောက်တစ်ရက်မှာ ရောက်လာတယ်၊ ဒုတိယ လုပ်တာကတော့ ညနေ မှောင်တာနဲ့ ကောင်းကင်ကို မော့,မော့ ကြည့်တာ ပါပဲ၊ ဒီညမှာ ကြယ်တွေ စုံရဲ့လား၊ ဘယ်လောက်များများ မြင်ရလဲ၊ ခုနှစ်စင်ကြယ် ဆိုတာ ဒါများ ဖြစ်မလား စသဖြင့်နဲ့ အလုပ်တစ်ခုလို လိုက်ကြည့်နေ မိတယ်၊ တနင်္လာနေ့ ညနေကတည်းက အလုပ်ကနေ လမ်းလျှောက်ပြန်တိုင်း ကောင်းကင်ကို တမော့မော့ နဲ့ပေါ့..၊ အဲဒီလို အမော့ကောင်းလို့ တစ်ရက်မှာ လမ်းဘေးပလက်ဖောင်း ဘောင်ကိုတောင် ခလုတ်တွေ ဘာတွေတိုက်လို့..၊း) မျက်နှာချင်းဆိုင်က လာတဲ့ လူတွေကလည်း ကောင်းကင်ကို မော့ရင်းလျှောက်လိုက်၊ ရပ်ရင်းမော့လိုက်နဲ့ ဖြစ်နေတဲ့ ကျနော့်ကို အထူးအဆန်းလို ကြည့်ပြီး သူတို့ပါ 'ဘာများပါလိမ့်' ဆိုပြီး တမော့မော့နဲ့ ဆက်လျှောက်သွား ကြလေရဲ့..၊း) ကောင်းကင်ဟာ တိမ်ကင်းစင်ပြီး ကြည်လင်နေခဲ့တယ်၊ ရာသီဥတုကတော့ ကျနော့်ဖက်မှာ ရှိနေပြီပေါ့..၊

ကြာသပတေး ညဦးပိုင်းမှာတော့ ကျနော် ကြယ်တွေကို ဓါတ်ပုံထွက်ရိုက်မယ့် အကြောင်း မိသားစုကို အသိပေးလိုက်တယ်၊ အသိပေးတယ် ဆိုတာထက် အမှန်တော့ အတည်ပြုတာပါ၊ အစောပိုင်း ညတွေထဲက ခဏခဏ အပြင်ထွက်ကြည့် နေတဲ့အပြင် ဒီလိုမျိုး ကြယ်မိုးရွာတာဟာ ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း၊ ဒါကို ဓါတ်ပုံရိုက်မယ် ဆိုရင်လည်း လွယ်လွယ်ကူကူနဲ့ မရတတ်လို့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေကြောင်း အစရှိသဖြင့် ကျနော်က စကားဦး သန်းထားခဲ့လို့ မအိမ်သူက သိပ်တော့ မအံ့သြပါဘူး၊ နွေးနွေးထွေးထွေး ဝတ်ပြီး သတိနဲ့ သွားဖို့ပဲ မှာတယ်၊ ဒီလိုနဲ့ ကင်မရာ ဘက်ထရီတွေကို အားပြန်ဖြည့်ပြီးတာနဲ့ ယူသွားရမယ့် ပစ္စည်းတွေကို အစီအရီ နေရာချလိုက်တယ်...၊


IMG_9528-nlt
ကင်မရာ၊ ကြယ်စုံကောင်းကင်ကို ဓါတ်ပုံ ရိုက်ရာမှာ မရှိမဖြစ်လိုတဲ့ Interval timer နဲ့ သုံးချောင်းထောက်..၊ ဒါ့အပြင် အမှောင်ထဲမှာ လိုအပ်မယ့် လက်နှိပ်ဓါတ်မီး၊ ပြီးတော့ လိုရမယ်ရဆိုပြီး စစ်သုံးမှန်ပြောင်း တလက်နဲ့ အပျော်တမ်း မှန်ပြောင်းတလက်၊ အသုံးတည့်ကောင်း တည့်နိုင်တဲ့ Swiss knife အသေးတစ်ခု...၊ ဒါတွေကို အရင်ထည့်ပါတယ်၊ ပြီးတော့ ကင်မရာက သူ့အလုပ်သူ အလိုအလျောက် လုပ်နေတဲ့ အချိန်တွေမှာ ကျနော်က ဘာလုပ်နေရမလဲလို့ စဉ်းစားကြည့်တယ်၊ သူငယ်ချင်း တစ်ယောက်လောက် ပါရင်တော့ စကားစမြည်လေး ပြောနေရရင် ကောင်းမှာ..၊ အခုတော့ တစ်ယောက်ထဲ..၊ စာဖတ်နေဖို့ ကလည်း မှောင်နဲ့မည်းမည်းမှာ..၊ ဒီအတိုင်း ပျင်းနေမယ့် အတူ တခုခု စားနေရင် မဆိုးဘူးဆိုပြီး လိုက်ရှာတော့ ချော့ကလက် ၂ တောင်နဲ့ Snickers တစ်တောင့်ကို သွားတွေ့တယ်၊ အိုကေ..အဆင်သင့် လိုက်တာ၊ တခါ ချော့ကလက်တွေ ထားတဲ့ ဘီရိုထဲမှာ တုတ်ထိုးသကြားလုံး တစ်ထုပ်လည်း တွေ့တယ်၊ ဟုတ်ပြီ၊ အဲဒီ သကြားလုံး ၁ ခုလည်း ထည့်မယ်၊ နောက်ဆုံး သောက်စရာ ရေဘူး ထည့်လိုက်ပြီးတဲ့ အခါမှာတော့ ကြယ်ပန်းခင်းဆီ သွားဖို့ ကျနော်အဆင်သင့် ဖြစ်သွားခဲ့ပါပြီ...၊

အိမ်ကထွက်တော့ ည ၁၁ နာရီခွဲ...၊ နဂိုကတည်းက မှန်းထားတဲ့ ရေကန်စပ်နားပဲ သွားလိုက်တယ်၊ ဟိုရောက်တော့ မီးတွေ၊ မီးတွေများ ထိန်လင်းနေလိုက်တာ ဆိုတာ..၊ ဒီလို မီးရောင်တွေနဲ့ ကြယ်လေးတွေကို ဘယ်တွေ့နိုင်မှာလဲ၊ ဒါနဲ့ နောက်တစ်နေရာ ရွှေ့တယ်၊ အဲဒီမှာလည်း လမ်းမီးတိုင်တွေနဲ့ ထိန်ထိန်ညီးလို့..၊ နောက်ထပ် တစ်နေရာ ထပ်ရှာတယ်၊ တော်တော်နဲ့ မတွေ့ပါဘူး၊ ဟိုနား ကောင်းနိုးနိုး၊ ဒီနား ကောင်းနိုးနိုးနဲ့..၊ လျှပ်စစ်မီးကို အပြည့်အဝ မရကြရှာတဲ့ လူတွေကို စဉ်းစားမိပြီး လျှပ်စစ်မီးတွေ ထိန်လင်းနေလို့ ရှောင်ပြေးနေရတဲ့ ကိုယ့်အဖြစ်ကလည်း မဟုတ်သေးပါဘူးလို့ ခေါင်းခါမိတယ်၊ နောက်ဆုံးတော့ မီးတိုင်တွေ၊ ခပ်လှမ်းလှမ်း မြို့တွေက အလင်းရောင်တွေနဲ့ အကွယ်နိုင်ဆုံးလို့ ယူဆတဲ့ နေရာလေးမှာ ရပ်လိုက်တယ်၊ သုံးချောင်းထောက်ကို ဆင်ပြီး ပထမဦးဆုံး အစမ်းရိုက်တော့ ည ၁၂ နာရီ ၁၅ မိနစ်..၊ အပူချိန်က သုည ဒီဂရီ စင်တီဂရိတ်၊ Test shots တွေ ရိုက်အပြီး မှာတော့ ကင်မရာကို Interval timer နဲ့ လွှတ်ထားလိုက် တော့တယ်၊ Aperture ကို f/4 နဲ့ f/4.5 မှာထား၊ Shutter ကိုတော့ Bulb မှာချိန်ပြီး တစ်ပုံချင်းကို စက္ကန့် ၃၀ နဲ့ ရိုက်ပါတယ်၊


IMG_4293-nlt
ကြယ်ကြွေတာကို ဓါတ်ပုံ frame ထဲမှာ မြင်ရတဲ့ပုံ လေးငါးပုံလောက်တော့ ရပါတယ်၊ အဲဒီထဲမှာ ဒီပုံကတော့ အဆင်အပြေဆုံးလို့ ဆိုကြပါစို့၊ ပုံရဲ့ ညာဖက်အပေါ်နားမှာ ကြွေကျလာတဲ့ ကြယ်တစ်ပွင့်ကို တွေ့မှာပါ၊ ကောင်းကင်က အပြည့်အဝ မမှောင်တော့ လှလှပပ fireball လိုမျိုးတော့ မရလိုက်ဘူးဗျာ၊ ဒီ Leonids meteor shower မှာ ကြယ်တွေက တစ်စက္ကန့်ကို ၄၄ မိုင်နှုန်းလောက်နဲ့ ကြွေတယ်လို့ ဆိုပါတယ်၊ အဲဒါကြောင့် ထင်တယ်၊ သေသေချာချာ ကြည့်ရင် ပုံထဲက ကြယ်ကြွေတန်းမှာ မီးပွင့်၊ မီးပွားတွေတောင် တွေ့ရပါတယ်၊ ကျနော် တတ်နိုင်သလောက် ရှောင် ထားပေမယ့် Astrophotography မှာ Light pollution လို့ခေါ်ကြတဲ့ မြို့ပြက အလင်းတွေ စွက်ဖက်ကျူးကျော် နေတာကိုလည်း ပုံရဲ့ဘယ်ဖက် အခြမ်းမှာ သတိထားမိ မှာပါ၊ မဟုတ်ရင် ကြယ်တွေက ဒီထက်ပိုပြီး လင်းမှာ သေချာတယ်..၊း(


Startrails-nlt
ဒါကတော့ တစ်ပုံကို စက္ကန့် ၃၀ နဲ့ ရိုက်ထားခဲ့တဲ့ ပုံ ၁၆ ပုံ ပြန်ပေါင်းထားတာပါ၊ ၈ မိနစ်စာနဲ့ ညီမျှပါတယ်၊ တစ်နာရီစာလောက် ရိုက်ရင် အများကြီး ပိုလှပါတယ်၊ မတတ်နိုင်ဘူး၊ နောက်တခါမှပဲ...၊ ကင်မရာက တောင်ဖက်အရပ်ကို လှည့်ထားတာမို့ star trails တွေက စက်ဝိုင်းပုံတော့ မရလိုက်ဘူး၊ ဒီလို star trails တွေကို ကြည့်မှပဲ ကျနော်တို့ရဲ့ ကမ္ဘာလည်တာ ဒီလောက်မြန်မှန်း သတိထားမိတော့တယ်၊

တကယ်ဆို ကျနော်နေတဲ့ မြို့ကလေးရဲ့ မြောက်ဖက်ပိုင်းကို ထွက်သွားလိုက်ရမှာ..၊ အဲဒီမှာ လူနေအိမ်တွေ မရှိတဲ့အပြင် လယ်ကွင်းပြင်တွေ တပြန့်တပြူးနဲ့..၊ ပြီးတော့ ကင်မရာကို ဓူဝံကြယ် ရှိရာ မြောက်ဖက်ကို ချိန်နိုင်လိမ့်မယ်၊ အဲဒါဆို စက်ဝိုင်းပုံသဏ္ဍန် လည်နေတဲ့ ကြယ်တွေကို တွေ့ရမှာပါ၊ အခုတော့ ပထမဦးဆုံး စမ်းရိုက်ကြည့်တာ ဖြစ်တဲ့အပြင် အပူချိန်ကလည်း သုည ဒီဂရီဆိုတော့ ဒီလောက်နဲ့ပဲ ရောင့်ရဲလိုက်ရ ပါတယ်၊ ပုံတွေက မလှပေမယ့် အမှတ်တရလည်း ဖြစ်အောင်၊ လာလည်တဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့လည်း ဝေမျှရအောင် တင်လိုက်ပါတယ်၊ ကြယ်တွေကြွေတဲ့ လမ်းမှာ ထရိုင်ပေါ့ထ်ကို ထမ်းရင်း တိုးတိတ်စွာ အိမ်ပြန်ခဲ့တယ်...။ ။


ညီလင်းသစ်
၂၁ နိုဝင်ဘာ၊ ၂၀၁၁

14 November 2011

နှစ်စီးတွဲ ပဲ့ကိုင် ...


ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ပုံမှန်ထက် နည်းနည်းပိုများနေခဲ့တဲ့ အလုပ်တွေထဲမှာ ပဲ့ကိုင်အလုပ်လည်း ပါ,ပါတယ်၊ တကယ်တမ်းမှာ ကျနော်နဲ့ တိုက်ရိုက်သက်ဆိုင်တာက အရင်တုန်းကဆိုရင် ဓါတ်ခွဲခန်း အလုပ်တွေပဲ ရှိခဲ့တာပါ၊ နေရာပေါင်းစုံက လာတဲ့ ရေနမူနာ၊ မြေနမူနာ စတာတွေကို တိုင်းတာ၊ တွက်ချက်၊ ခွဲခြမ်းစိတ်ဖြာ ရခြင်းတွေနဲ့ ပုံမှန်လိုလို လည်ပတ်နေခဲ့ရာကနေ အခုဒီဖက် လ,ပိုင်းတွေမှာတော့ ကွင်းဆင်း သုတေသနအလုပ် တွေပါ တဖြည်းဖြည်းနဲ့ ပိုလာခဲ့တယ်၊ အဲဒီလို ကွင်းဆင်းပြီး တိုက်ရိုက် တိုင်းတာခြင်းတွေထဲမှာ 'နှစ်စီးတွဲ ပဲ့ကိုင်' ကလည်း တစ်ခု အပါအဝင်ပါပဲ၊ နှစ်စီးတွဲ ဆိုတာက တခြားတော့ မဟုတ်ပါဘူး၊ ဟောဒီ Catamaran လှေကို ကျနော်မြန်မာမှု ပြုလိုက်တာပါ...၊


Photobucket

Catamaran လှေကို ကျနော့်မှာရှိတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ထဲ ရှာကြည့်တော့ 'ရွက်တပ်ဒွါလောင်း' လို့ ရေးထားတာ တွေ့တယ်၊ ဟင်.. နာမည်ကြီးကလဲ ဆိုပြီး ဖြစ်သွားတယ်၊ ကျနော်တို့ရဲ့ cat. က ရွက်မပါသလို လောင်းလှေလည်း မဟုတ်ပါဘူး၊ အဲဒီနာမည်ကို သိပ်ဘဝင် မကျတာနဲ့ စိတ်ထဲပေါ်လာတဲ့ 'နှစ်စီးတွဲ' လို့ပဲ ကောက်ခေါ် လိုက်တာပါ၊ သင့်တော်တဲ့ မြန်မာနာမည်များ သိရင် တဆိတ်လောက် မ,စခဲ့ ပါဦးဗျာ..၊း)

ဒီနှစ်စီးတွဲက မြစ်ချောင်း၊ အထူးသဖြင့် ကန်တွေထဲမှာ တိုက်ရိုက်တိုင်းတာဖို့ ကျနော် အလုပ်လုပ်တဲ့ ဌာနက အင်ဂျင်နီယာတွေ ဆောက်ထားတာပါ၊ ဆောက်တယ်ဆိုတာလည်း တကယ်တော့ လှေအခွံတွေကို ဝယ်လိုက်ပြီး အဲဒီအပေါ်မှာ platform ဆောက်၊ လိုအပ်တဲ့ အီလက်ထရောနစ် အပိုင်းတွေ တပ်ဆင်တာ ပါပဲ၊


Photobucket

ဒီ နှစ်စီးတွဲလှေမှာ ကျနော်တို့ CTD ဆင်ဆာတွေ တပ်ပါတယ်၊ CTD ဆိုတာက Conductivity, Temperature နဲ့ Depth ကို တပြိုင်ထဲ တိုင်းတဲ့ ဆင်ဆာတွေပါ၊ ပြီးတော့ ADCP တိုင်းတာရေး စက်တွေလည်း တပ်ပါတယ်၊ Acoustic Doppler Current Profiler ဆိုတဲ့ စက်တွေက ရေထုထည်နဲ့တကွ အဲဒီရေထဲမှာ စီးမျောနေကြတဲ့ အမှုန်အမွှား၊ ရေစီးနှုန်း၊ သိပ်သည်းဆ စတာတွေကို တိုင်းတာဖို့ ဖြစ်ပါတယ်၊ အကြမ်းအားဖြင့် ပြောရရင်တော့ ဒီ နှစ်စီးတွဲလှေ ဆောက်ရတဲ့ ရည်ရွယ်ချက်က Hydrology ရေထုအကြောင်း လေ့လာဖို့ ပါပဲ...၊


Photobucket

ဒီလှေကို မောင်းနှင်ဖို့ကတော့ သူ့အပေါ်ထိုင်ပြီး တိုက်ရိုက်မောင်းလို့ ရသလို GPS စနစ်ကို သုံးပြီးတော့လည်း အဝေးကနေ ရီမုတ်ကွန်ထရိုးလ်နဲ့ မောင်းဖို့ တည်ဆောက်ထားပါတယ်၊ ဥပမာ- ကမ်းအနီးအနားက တိုင်းတာမှုတွေကို ကုန်းပေါ်ကနေ ထိန်းကျောင်းမယ်၊ ရေနက်ပိုင်း ခပ်ဝေးဝေးမှာ ဆိုရင်တော့ နောက်ထပ် မော်တော်တစ်စီး ပေါ်ကနေ တောက်လျှောက် လိုက်မောင်းမယ် အစရှိသဖြင့်ပါ၊ ဟိုတလောဆီက ကျနော် သင်္ဘောလိုင်စင် ဖြေလိုက်ရတာ အဲဒီလို ကမ်းဝေးတိုင်းတာမှုတွေကို မော်တော်တစ်စီးနဲ့ လျှောက်လုပ်နိုင်ဖို့ အတွက်လည်း ပါ,ပါတယ်၊

အဲဒီနေ့က စမ်းသပ်ကြည့်တော့ လှေပေါ်ကနေ တိုက်ရိုက်မောင်းတာ၊ တိုင်းတာ တာတွေက အားလုံးချောချောမောမော ပါပဲ၊ အဲ.. မော်တော်ပေါ်ကနေ အဝေးထိန်းစနစ်နဲ့ မောင်းကြည့်တော့မှပဲ ရယ်နေရတော့တယ်၊ နှစ်စီးတွဲလှေကို လားရာ တည်ပေးလိုက်ပြီးတော့ ကျနော်တို့က မော်တော်နဲ့ လိုက်တယ်၊ ခဏကြာတော့ ရီမုတ်ကွန်ထရိုးလ်က မိတချက်၊ မမိတချက် ဖြစ်ပါလေရော၊ ကွေ့ချင်တာလည်း ကွေ့မရ၊ အရှိန်သတ်ချင်တာလည်း သတ်မရနဲ့...၊ အဲဒါမှ တကယ့်ဒုက္ခ..၊ အဲဒါနဲ့ပဲ မော်တော်ကို နှစ်စီးတွဲ လှေနဲ့ ယှဉ်မောင်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ရေထဲခုန်ချ ကူးသွားပြီးမှ ပြန်ထိန်းရတယ်၊ နောက်တခါ ထပ်စမ်းတော့လည်း ဒီအတိုင်းပဲ၊ ဟိုပုဂ္ဂိုလ်လည်း မော်တော်ပေါ် တက်လာ၊ ရီမုတ်က အလုပ်မလုပ်တော့ ရေထဲခုန်ချပြီး လှေဆီ ပြန်ကူးသွား၊ တခါ ပြန်တက်လာ၊ တခါ ပြန်ခုန်ချနဲ့ အတော်မောသွား ရှာတယ်၊ မဟုတ်လို့ကတော့ နှစ်စီးတွဲလှေက ပြင်သစ်ဖက် ကမ်းခြေအထိကို အထိန်းအကျောင်း မရှိ တည့်တည့်ဆက်မောင်းသွားမှာ သေချာတယ်...၊ ကွင်းဆင်းလေ့လာမှု ဆိုတာကတော့ ဒီလိုပါပဲ၊ ဓါတ်ခွဲခန်းထဲမှာ လုပ်ရတာမျိုးလို အားလုံးကို စနစ်တကျ ကြိုတင်တွက်ဆ၊ အကွက်ချထားလို့မှ မရပဲ၊ Plan B တစ်ခုတော့ အမြဲလိုလို ရှိထားမှ တော်ကာကျမှာ မဟုတ်လား...၊


Photobucket

ဒါကတော့ catamaran နှစ်စီးတွဲလှေကို ထားတဲ့ နေရာပါ၊ စမ်းသပ်မှုက အပြည့်အဝ မအောင်မြင်ပေမယ့် ကျနော်တို့ အားလုံးကတော့ ခပ်ပျော်ပျော်ပါပဲ၊ စိတ်တွေလည်း လန်းဆန်း၊ လတ်ဆတ်နေခဲ့တယ်၊ ရာသီဥတုကြောင့်လည်း ပါမယ်ထင်ပါရဲ့၊ ပုံမှန်ဆို ရှစ်ခွင်တိုင်း အုံ့မှိုင်း တဲ့ပတ်လည် ဖြစ်,ဖြစ်နေတတ်တဲ့ နိုဝင်ဘာကောင်းကင်က အဲဒီနေ့မှာ လင်းချင်း၊ လဲ့ဖြာပြီး သာယာနေတာကိုး..၊ ကမ်းပေါ်မှာတော့ မကြာခင် ရိုးတံပြိုင်းပြိုင်း ဖြစ်တော့မယ့် ဆောင်ဦးသစ်ပင်တွေက နောက်ဆုံးလက်ကျန် ရောင်စုံသစ်ရွက်တွေနဲ့ လွင့်လွင့်ဝဲဝဲ လှနေဆဲ...။ ။


ညီလင်းသစ်
၁၃ နိုဝင်ဘာ ၂၀၁၁

10 November 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၅)


ကျနော့်ရဲ့ ခရီးသွားပို့စ်က ဟုတ်ဟုတ်ငြားငြား ဆိုနိုင်လောက်တဲ့ 'ဆင်ပြောင်ကြီး' မဟုတ်ပေမယ့် အမြီးကျမှ တစ်နေတာ အတော်လေး ကြာသွားတယ်၊ ပြောရရင်တော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေ ခဲ့ပါသည်ပေါ့၊ ဒီကြားထဲမှာ သွားရင်းလာရင်း တခြားရေးချင်တာလေးတွေ ခေါင်းထဲ ပေါ်လာပေမယ့် ဖောက်မရေးချင်တာနဲ့ ဒီပို့စ်ကိုပဲ အမြန်ဆုံး အဆုံးသတ်ဖို့ စိုင်းပြင်း နေခဲ့ပါတယ်၊ ကဲ-အခုတော့ စ,မိတဲ့ ဇတ်လမ်း ဒီမှာ ဆုံးပါပြီ...၊


Photobucket
ဟော်လန်ရပ်ကွက်ကို ဖြတ်ရင်းနဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အလံတွေကို ခုံဖိနပ်လေးတွေနဲ့ ကိုယ်စားပြုထားတာ ဆိုင်တစ်ဆိုင်ရဲ့ နံရံမှာ ဖြတ်ကနဲ တွေ့လိုက်တုန်းကပါ..၊


Photobucket
ဒါကတော့ အင်္ဂလိပ်ရပ်ကွက်မှာ တွေ့လိုက်မိတာလေးပါ၊ မွေးပွရုပ်တွေက ကျနော်တို့ ငယ်ငယ်ကနဲ့စာရင် အများကြီး ပိုများလာတယ်၊ ကာတွန်းဇတ်လမ်းတွေထဲက ဇတ်ကောင်တွေလည်း ဈေးကွက်ချဲ့ပြီး စီးပွားဖြစ် မွေးပွရုပ်တွေ ဖြစ်လာ ကြတာလည်း တကြောင်းလို့ ဆိုရမယ် ထင်ပါတယ်၊


Photobucket
Europa Park ကို ၂ ရက် လည်ဖြစ်တဲ့ အတွက် ဒုတိယရက်မှာ 4D ရုပ်ရှင် ကြည့်ဖြစ်ပါတယ်၊ နာရီဝက်လောက်ပဲ ကြာတဲ့ Sammy's adventures ဆိုတဲ့ ကာတွန်းကားလေးပါ၊ ကျနော့်အတွက် 4D ရုပ်ရှင်ကို ဒုတိယအကြိမ် ကြည့်ဖူးတာဖြစ်လို့ ရုံထဲမှာ မီးမပိတ်ခင် အစောကြီးကတည်းက ဘယ်ပစ္စည်းတွေကများ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို လာထိမလဲလို့ လိုက်ကြည့်ထားတယ်၊ ခုံရှေ့က လေထွက်တဲ့ အပေါက်၊ ခုံနောက်မှီမှာ လျှို့ဝှက် တပ်ထားတဲ့ ရေပိုက်၊ ခုံအောက်က ရော်ဘာကြိုး စသဖြင့် တွေ့ပါတယ်၊ ဒါပေမယ့်လည်း ဘာမှတော့ မထူးပါဘူး၊ ရုပ်ရှင်စ,တာနဲ့ ဇတ်လမ်းထဲမှာ မျောသွားပြီးတော့ အဲဒီဟာတွေကို မေ့သွားတာပါပဲ၊ ဇတ်လမ်းထဲမှာ မြွေက သူ့အမြီးကို ခါလိုက်တဲ့အချိန်မှာ စောစောက ကျနော်ကြည့်ထားတဲ့ ခုံအောက်က ရော်ဘာကြိုးတွေက ခြေထောက်တွေကို လာရိုက်လို့ လန့်အော်လိုက်ကြတာ ဆိုတာ တရုံလုံးပဲ၊ ဇတ်လမ်းက Sammy ဆိုတဲ့ လိပ်ကလေး အကြောင်းပါ၊ သူပျော်ပါးရာ ပင်လယ်ပြင်မှာ တစ်နေ့ ရေနံတင်သင်္ဘောတစ်စီး မှောက်လို့ ရေထုညစ်ညမ်းမှုနဲ့ ဝေးရာကို ပြေးဖို့ ကြိုးစားတဲ့ အကြောင်း..၊ ကလေးတွေ အတွက် ရည်ရွယ်တဲ့ အခုလို ကာတွန်းကားတစ်ခုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ပညာပေးပြကွက်တွေကို Cinema 4D အတတ်ပညာနဲ့ ဖော်ကျူးနိုင်လို့ သူတို့လေးတွေအတွက် ပိုပြီး ရိုက်ခတ်မှု ရှိနိုင်မယ်လို့ ကျနော်မြင်ပါတယ်၊ ပင်လယ်ထဲက ဇတ်လမ်းဆိုတော့ ထိုင်ခုံနောက်မှီမှာ ဖွက်ထားတဲ့ ရေပိုက်လေးကနေ ရေစက်၊ ရေမှုန်တွေ ခဏခဏ လာစင်လို့ ရုံထဲမှာ ကလေးတွေရဲ့ ရယ်သံလေးတွေက လန်းလန်းဆန်းဆန်းနဲ့..၊


Photobucket
သရဲရထားလည်း စီးဖြစ်ခဲ့ပါ သေးတယ်၊ ဒါက သရဲခြောက်တဲ့ အဲဒီအိမ်ရဲ့ အဝင်ဝက အရုပ်ပါ၊ အိမ်ထဲကိုဝင်၊ သရဲခြောက်တဲ့ အခန်းတွေ လေးငါးခန်းလောက်ကို ဖြတ်ပြီးမှ ရထားလေးဆီကို ရောက်ပါတယ်၊ အဲဒီရထားနဲ့ သရဲတွေရဲ့ ရွာတွေကို ဖြတ်ရတာပါ၊ အသံ၊ အရုပ်၊ အလင်း၊ အမှောင်၊ မိတ်ကပ် အားလုံးကို သုံးပြီး ခြောက်တယ်..၊ ကလေးလူကြီး အားလုံးအတွက် ယေဘုယျ ပစ်မှတ်ထားလို့လားတော့ မသိဘူး၊ ဒီလောက်ကြီး ကြောက်စရာ မကောင်းပါဘူး၊


Photobucket
အခုလို ပြဇတ်လေးတွေလည်း တစ်နေ့ကို ၂ ကြိမ်လောက် ပြပါတယ်..၊


Photobucket
တစ်နေရာမှာ ဒီဘော်လုံးကန်ကို တွေ့တော့ သားက အားရဝမ်းသာနဲ့ သွားဆင်းဆော့တယ်၊ ပြီးတော့ 'ဒီမှာလည်း IKEA ရှိတာပဲလား'လို့ တအံ့တသြနဲ့ ရေရွတ်လို့..၊ ကျနော်တို့ သွားလေ့ရှိတဲ့ IKEA မှာလည်း ကလေးတွေကို ထားခဲ့တဲ့ နေရာမှာ အခုလို ပလတ်စတစ် ဘော်လုံးကန်တစ်ခု ရှိတာကိုး..၊


Photobucket
ဒုတိယရက်ရဲ့ နေ့လယ်စာကိုတော့ ဒီပုံထဲက ထူးထူးဆန်းဆန်း ဆိုင်မှာ စားဖြစ်ပါတယ်၊ ဆိုင်နာမည်က Food loop တဲ့၊ သူ့နာမည်အတိုင်းပါပဲ၊ အစားအသောက်တွေက သံဘားတန်းတွေ တလျှောက် looping ကွင်းတွေကို ဖြတ်ပြီးမှ စားပွဲကို ရောက်လာတယ်၊ အစားအသောက်တွေက မီးဖိုချောင်ကနေ မျက်နှာကြက်ပိုင်း အမြင့်ဆီကို ဓါတ်လှေကား အသေးလေးတွေနဲ့တက်၊ ဓါတ်လှေကား ဆုံးတာနဲ့ သံဘားတန်း အစ,ကနေ ကွေ့ဝိုက်လိမ်ပတ်ပြီး စားပွဲတွေဆီကို ဆင်းလာတာပါ၊ ဆိုတော့ လူတွေအားလုံးကလည်း မျက်နှာကြက်ဆီပဲ တမော့မော့နဲ့..၊


Photobucket
ဆိုင်ထဲမှာ စားပွဲထိုး မရှိပါဘူး၊ စားပွဲတိုင်းမှာ ရှိတဲ့ ကွန်ပြူတာကနေ တိုက်ရိုက်မှာရ ပါတယ်၊ ကြိုက်တဲ့ဟင်းအမယ်ကို ရွေးပြီးတဲ့အခါ အဝင်ဝမှာ ယူခဲ့ရတဲ့ ကဒ်ကိုထည့်ပြီး အတည်ပြုလိုက်ရင် ရပါပြီ၊ ကွန်ပြူတာနဲ့ မှာရတာ ဆိုပေမယ့် user friendly ဖြစ်အောင်လုပ်ထားလို့ လွယ်ပါတယ်၊ လွယ်လွန်းလို့ သားတောင်မှ ကျနော်တို့အလစ်မှာ သူ့သဘောနဲ့သူ ပုံတွေကိုကြည့်ပြီး လိုက်နှိပ်နေလို့ အဆုံးသတ် confirm မလုပ်နိုင်အောင် ကဒ်ကို သိမ်းထားရတယ်..၊း)


Photobucket
လမ်းခုလတ်မှာ အရှိန်နဲ့ ဆင်းလာနေတဲ့ ဟင်းအမယ် တစ်ခွက်..၊


Photobucket
မိုးပေါ်ကနေ လိမ်ကောက်ပြီးမှ ကျလာတာဆိုတော့ အစားအသောက်တွေက အခုလို အိုးလေးတွေနဲ့ အဖုံးပိတ်လျက်သား ရောက်လာပါတယ်၊ ဟင်းတွေကတော့ တော်တော်လေးကို ညံ့ပါတယ်၊ ပုပ်သိုးနေတဲ့ ဟင်းမျိုးကလွဲရင် ဘာလာလာ အကုန်စားတဲ့ ကျနော့်လို လူတောင်မှ အရသာ မရှိတာ တန်းပြီးသိတယ်၊ ပြီးတော့ ဘီယာတို့၊ အချိုရည်တို့ဆိုရင် ပုလင်းနဲ့ဟာပဲ ရပါတယ်၊ ဟင်းချိုလိုမျိုး အရည်သောက်ဟင်းလည်း မရပါဘူး၊ မဟုတ်ရင် ဟင်းရည်တွေက ဂျွမ်းထိုးမှောက်ခုံနဲ့ တဆိုင်လုံး​ ရွှဲရွှဲစို နေမှာ သေချာတာပေါ့၊


Photobucket
အချိုပွဲလည်း ဒီလိုပဲ ရောက်လာပါတယ်၊ စားပွဲပေါင်းစုံက မှာတဲ့ အစားအသောက်တွေက ဘားတန်းတွေပေါ်မှာ တရွှီရွှီ နဲ့ သွားနေကြလို့ လူကြီးရော၊ ကလေးပါ တအံ့တသြနဲ့ ရှိနေကြတယ်၊ လူတွေတင် မကဘူး၊ အစားအသောက်တွေပါ ရိုလာကိုစတာ စီးစေတဲ့ စိတ်ကူးနဲ့ လုပ်ထားတာ ဖြစ်လို့ ရောက်ဖူးရုံ တခါလောက် သွားစားကြည့်ရင် လုံလောက်ပါပြီ၊ ဒီလိုဆိုင်မျိုးမှာတော့ ဟင်းအမယ်က စုံမှာမဟုတ်တဲ့အပြင် အရသာလည်း မရှိနိုင်လောက်ဘူးဆိုတာ ဘယ်သူမဆို ခန့်မှန်း ကြည့်နိုင်ပါတယ်..၊


Photobucket
ညနေစောင်း လူတွေပြန်ချိန်မှာတော့ ဝန်ထမ်းတွေက အခုလို ဝတ်စားပြီးတော့ ထွက်ပေါက်မှာ နှုတ်ဆက်ပါတယ်၊ ဒီစုံတွဲကို ပထမနေ့ကလည်း တွေ့ဖြစ်တယ်၊ ဒီနေ့မှာတော့ ဓါတ်ပုံရိုက်ဖို့ သွားရပ်လိုက်တာနဲ့ လက်ချင်းချိတ်ပြီး အိုက်တင်လုပ်ပြီးသားပဲ၊ ကျနော်ရိုက်သလောက်ကို အပြုံးမပျက်ဘဲ တသမတ်ထဲ ရပ်ပေးကြပါတယ်...၊


Photobucket
ခပ်လှမ်းလှမ်းမှာ လူတွေကို နှုတ်ဆက်နေတဲ့ မြင်းပုလေးနဲ့ ဒီလူကိုတွေ့တော့ သားက အထူးအဆန်းဖြစ်ပြီး အံ့သြလို့..၊


Photobucket
နည်းနည်း ရှေ့ဆက်လျှောက်လာတော့ ထွက်ပေါက်နဲ့ အနီးဆုံးမှာ လူတွေနဲ့ ဓါတ်ပုံတွဲရိုက်နေတဲ့ ဒီကာတွန်းရုပ် နှစ်ရုပ်နဲ့ တွေ့ပါတယ်၊ တီဗီထဲမှာပဲ တွေ့နေရတဲ့ ကာတွန်းဇတ်ကောင်တွေကို အပြင်မှာ အခုလို အလုံးအထည်နဲ့ တွေ့ရလို့လားတော့ မသိပါဘူး၊ သားက ထူးထူးဆန်းဆန်း သူလည်း ဓါတ်ပုံတွဲရိုက် ချင်တယ်-တဲ့၊


Europa Park ကို နှုတ်ဆက်ပြီး ထွက်လာတော့ တည်းခိုခန်းကို မပြန်သေးဘဲ လမ်းမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ တခါတည်း ညစာ ဝင်စားဖြစ်ပါတယ်၊ အန်ဂယ်လာ မက်ကဲလ်ရဲ့ ဂျာမနီမြေပေါ်မှာ နောက်ဆုံးစားဖြစ်တဲ့ ညစာဆိုပေမယ့် တကယ်တမ်း စားဖြစ်တာက ယင်းဂ်လပ် ရှင်နာဝပ်ထရာရဲ့ ထိုင်းစာပါ၊ နေ့လယ်က Food loop နဲ့ ဘာမှမဆိုင်လောက်အောင် တကယ်ကောင်းတဲ့ အဲဒီဟင်းပွဲတွေနဲ့ ကျနော့်ရဲ့ ဒီပို့စ်ကို အဆုံးသတ်ပါ့မယ်..၊


Photobucket
ထုံးစံအတိုင်း တုံယမ်ဟင်းချို မှာပါတယ်၊ တကယ်တမ်း ပြောရရင် မှာသာ မှာလိုက်တာပါ၊ ဂျာမနီမှာ ရနိုင်တဲ့ တုံယမ်က သိပ်ကောင်းမယ်လို့ မထင်ပါဘူး၊ ရောက်လာတော့ ကျနော့်အထင် မှားသွားတယ်၊ တော်တော့်ကို ကောင်းပါတယ်၊ ဒါနဲ့ ဒုတိယ တစ်ဇွန်းကို မျက်စိမှိတ်ပြီး သောက်ကြည့်တော့ ဘန်ကောက်ကို နေ့ချင်းညချင်း ပြန်ရောက်သွား သလိုပါပဲ၊ အဲဒီလို တုံယမ်အရသာကို လွန်ခဲ့တဲ့ ၇ နှစ်က ဘန်ကောက်မှာ သောက်ခဲ့ဖူးတာ နောက်ဆုံးပါပဲ၊


Photobucket
သိပ်မကြာခင်မှာ သင်္ဘောသီးသုပ် ရောက်လာတယ်၊ သင်္ဘောသီးသုပ်ကို ကျနော် ကြိုက်ပါတယ်၊ မစားဖူးသေးတဲ့ ထိုင်းစားသောက်ဆိုင်တွေ ရောက်တိုင်း ကျနော် အမြဲတမ်း မှာပြီး အကဲစမ်းလေ့ ရှိပါတယ်၊ အခုလည်း မှာလိုက်တယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့ သိပ်ပြီး မျှော်လင့်မထားတာ အမှန်ပါ၊ အထူးသဖြင့် အစပ်မစားကြတဲ့ ဥရောပမှာ ထိုင်းသင်္ဘောသီးသုပ်က ကျနော် မျှော်လင့်ထားတဲ့ အစပ်စံချိန်ကို မှီနိုင်မယ်လို့ ထင်မထားခဲ့ဘူး၊ တစ်ဇွန်းစား အပြီးမှာပဲ ဒီတခါလည်း ကျနော့်အထင် မှားပြန်ပြီလို့ သိလိုက်ရတယ်၊ ချဉ်ငန်စပ် သုံးပါးစလုံးနဲ့ ပြည့်စုံတဲ့ သင်္ဘောသီး သုပ်ပါပဲ၊ အစပ်ကလည်း အံ့သြစရာ ကောင်းလောက်အောင် တကယ့်ကို စံချိန်မှီ...၊ နောက်ထပ်တစ်ရက်တိုးပြီး ဒီမှာ ဆက်နေချင်စိတ်လေး အဲဒီတခဏ အတွင်းမှာ ပေါက်သွားသေးတယ်၊ တခြားဘယ်မှ သွားဖို့မဟုတ်ပါဘူး၊ နောက်ထပ် သင်္ဘောသီးသုပ် ၃ နပ်လောက် ထပ်စားဖို့ သက်သက်ပါပဲ..၊း)


Photobucket
မှိုနဲ့ဝက်သားဟင်းကလည်း ငရုတ်သီးနဲ့ မလွတ်ပြန်ဘူး၊ ထမင်းထပ်ယူတာလည်း ဘယ်နှပန်းကန်မှန်း မသိတော့ဘူး၊း)


Photobucket
ဒီတစ်ပွဲပဲ ငရုတ်သီးနဲ့ လွတ်တယ်၊ ဒါတောင် သားအတွက် မှာထားတာ မို့လို့..၊း)


Photobucket
ငရုတ်သီးစပ်တဲ့အခါ ရေသောက်လို့ မပြေပါဘူး၊ ထောပတ်၊ မလိုင်၊ နွားနို့ စတာတွေ စားမှသာ ချက်ချင်း အစပ်ပြေတာပါ၊ ငရုတ်သီး ထဲမှာပါတဲ့ ကက်ပ်ဆိုင်စင် (Capsaicin) မော်လီကျူးက အဲဒီလို အဆီ၊ အဆိမ့်တွေနဲ့ ချက်ချင်းပဲ ပေါင်းစပ်ဓါတ်ပြုလေ့ ရှိလို့ လျှာပေါ်မှာ စပ်တာ ခဏချင်းပဲ ပျောက်သလို ဗိုက်လည်း မအောင့်ပါဘူး၊ အစာအိမ်နံရံမှာ ကပ်နေမယ့် ကက်ပ်ဆိုင်စင် မော်လီကျူးတွေကို မလိုင်၊ နွားနို့က ခွာယူ၊ ဝါးမျိုလိုက်လို့ လူကို မထိတော့ ပါဘူး၊ ဒါပေမယ့် အဲဒီမှာတော့ နွားနို့အစား ဘီယာပဲ သောက်ခဲ့တယ်၊း) အဲဒီ ရက်ပိုင်းမှာလည်း Munich မှာ ဘီယာပွဲတော် Oktoberfest က စ,နေပြီလေ၊ ကျနော်တို့ ရှိတဲ့နေရာနဲ့ Munich နဲ့က တခြားစီ ဆိုပေမယ့် သူ့ရေ၊ သူ့မြေမှာ သူ့ယဉ်ကျေးမှုကို လေးစားသောအားဖြင့် ဆိုပါတော့ဗျာ..၊း)

ကျနော့်ရဲ့ တုံ့ဆိုင်းတုံ့ဆိုင်း ခရီးသွားပို့စ်ကို အခုလို နောက်ဆုံးထိတိုင်အောင် စိတ်ရှည်ရှည်နဲ့ သတိပေး၊ နှိုးဆော်၊ တိုက်တွန်း၊ အားပေးပြီး စောင့်ဆိုင်းဖတ်ရှုကြတဲ့ သူငယ်ချင်း၊ မောင်နှမတွေကို ကျေးဇူး အများကြီး တင်ပါတယ်..။ ။


ညီလင်းသစ်
၁၀ နိုင်ဝင်ဘာ၊ ၂၀၁၁

26 October 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၄)


ဂျာမနီက မိတ်ဆွေတွေအိမ်မှာ ရှိနေတုန်း ကျနော့်မှာ ဒုက္ခရောက်လိုက် သေးတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ချောင်းတွေဆိုးပြီး အသံဝင်သွားတာပါ၊ ဟိုတလောဆီက ကျနော်ဖျားချင်နေခဲ့တယ်၊ ဒီအကြောင်း ပို့စ်တစ်ခုတောင် ရေးလိုက်ပါသေးတယ်၊ ဒါပေမယ့် ကျနော်လိုချင်တဲ့ ကွေးလို့ကောင်းရုံ၊ အဖျားငွေ့ငွေ့လေး ရှိရုံ တုပ်ကွေးတော့ ဖြစ်မလာဘူး၊ အဲဒါအစား ချောင်းတွေ အကြီးအကျယ်ဆိုးပြီး အသံပဲ ဝင်သွားတယ်၊ ပြောရရင် သူတို့ဆီကို သွားနေတဲ့ လမ်းမှာကတည်းက ချမ်းစိမ့်စိမ့်နဲ့..၊ အဲဒီရက်တွေမှာ ရာသီဥတုကလည်း အတော်လေး ဆိုးတယ်လို့ ပြောရမယ်၊ ဟိုကိုလည်း ရောက်ရော အသံလည်း ပျောက်ရော..၊ ပျောက်တာမှ တကယ့်ကို ဘာသံမှ ထွက်မလာ တော့တာ၊ မန်ဒါလီသံ တောင်မှ မထွက်တော့ဘူး၊ အဲဒီလောက်အထိ..၊ ပြီးတော့ ချောင်းကလည်း ဆက်တိုက်နီးပါး ဆိုးသေးတယ်..၊

ကျနော့်မှာ အသံဝင်တာမျိုး သိပ်မဖြစ်ဖူးပါဘူး၊ မှတ်မိနေသေးတာက ၈၈ တုန်းက တကြိမ်..၊ ဒါပေမယ့် အဲဒီတုန်းက မြန်မာတနိုင်ငံလုံး နီးပါး အသံဝင်ကြတာ ဆိုတော့ ထားပါတော့၊ ကိုယ့်မှာ အသံမရှိတော့ ထမင်းဝိုင်းမှာ စကားပြောကြတဲ့ အခါ ဘာမှဝင်ပြီး မပြောနိုင်ဘူး၊ ဒီလိုပဲ နားထောင်သူ သက်သက်...၊ သူများအိမ်မှာ ဧည့်သည်သွားလုပ်ပါတယ် ဆိုမှ တေမိမင်းသား လုပ်နေရတဲ့ အဖြစ်..၊ ဖြစ်ပုံများ ပြောပါတယ်..၊ ဒါနဲ့ အိမ်ရှင်တွေလည်း မနေသာတော့ဘဲ ကျနော့်ကို ဆေးတိုက်ရ တော့တယ်၊ အောက်ကပုံမှာ တွေ့ရတဲ့ Propolis ဆိုတဲ့ ဆေးပါ...၊


Photobucket

အရင်က ဒီဆေးကို ကျနော်တခါမှ မကြားဖူးခဲ့ဘူး၊ Propolis ဆိုတာ တကယ်တော့ ပျားတွေဆီကနေ ရတာပါ၊ ဒီဟာကို ပျားတွေ ထုတ်လုပ် ပုံနဲ့ အသုံးချပုံက စိတ်ဝင်စားဖို့ ကောင်းတယ်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင်၊ သစ်အယ်ပင် စတဲ့ အပင်တွေရဲ့ အဖူး၊ အငုံကနေ သစ်စေးလို စေးကပ်ကပ် အရာတမျိုးကို လုပ်သားပျားတွေက ယူလာတယ်၊ ပျားအုံကို ရောက်တော့ ဒီသစ်စေးကို သူတို့ရဲ့ခံတွင်းကနေ ထွက်တဲ့ အရည်တမျိုးရယ်၊ ပျားဖယောင်းရယ်နဲ့ ရောနယ်ပြီး အင်္ဂတေအဖြစ် သုံးပါတယ်၊ ပျားအုံရဲ့ အပေါက်တွေ၊ အကွဲကြောင်းတွေကို ဒီစေးကပ်ကပ် အင်္ဂတေနဲ့ ပိတ်တယ်၊ နောက်တခါ ဒီ Propolis ကို ပိုးသတ်ဆေး အဖြစ်လည်း ပျားတွေက သုံးပါသေးတယ်၊ ပျားအုံထဲမှာ ကြွက်လိုမျိုး ခပ်ကြီးကြီး အကောင်တွေ လာပြီး သေတဲ့အခါ လုပ်သားပျားတွေက အပြင်ကို သယ်ထုတ်ဖို့ မစွမ်းပါဘူး၊ အဲဒီလိုအခါမှာ propolis ကို သုံးပြီး အဲဒီအကောင်ကို မံလိုက်တယ်၊ အီဂျစ်က ဖာရိုဘုရင်တွေကို မံမီ ဆေးစိမ်သလို ပါပဲ၊ အဲဒီအခါ propolis မှာပါတဲ့ antiseptic ပိုးသတ်ဆေး သတ္တိကြောင့် ကြွက်သေဟာ မပုပ်မသိုးဘဲ ရှိနေတဲ့ အတွက် ပျားအုံထဲမှာလည်း ပျားတွေ ဆက်နေနိုင် ပါတယ်၊

ဒီ propolis ကိုယူဖို့အတွက် ပျားအုံတွေထဲကို ဒီအတွက် ရည်ရွယ်တဲ့ သတ္တုချောင်း၊ သံဇကာကွက် စတဲ့ အရာတွေ ထည့်ထားလိုက်ပါတယ်၊ အဲဒီအခါ ပျားတွေက ပြင်ပက ရောဂါပိုးတွေ သူတို့ပျားအုံကို မကူးစေဖို့အတွက် propolis ကို လာပြီး လိမ်းကျံလိမ့်မယ်၊ ပြည့်သွားတဲ့အခါ ထုတ်ယူလိုက်ရုံ ပါပဲ၊ တချို့ကလည်း ပျားမွေးမြူရေး စခန်းတွေမှာ ပျားရည် ထုတ်ယူပြီးတဲ့အခါ တဆက်ထဲ ဆက်ပြီး ခြစ်ယူပါတယ်၊ အိမ်ရှင် လင်မယားက ကျနော့်ကိုလည်း ပုလင်းလေး တစ်ပုလင်း လက်ဆောင် ပေးလိုက်တယ်၊ propolis ဟာ ဖျားနာတဲ့အခါ၊ ချောင်းဆိုး အသံဝင် တဲ့အခါ၊ အအေးမိတဲ့ အခါတွေမှာ ရေနွေးထဲကို လေးငါးစက်လောက် ချပြီး သောက်လို့ရတဲ့ အပြင် အရေပြားမှာ တခုခု ပြတ်ရှတဲ့အခါလည်း ဂွမ်းနဲ့ အုပ်ထားလိုက်ရင် ချက်ချင်းသွေးတိတ်ပြီး ပိုးသတ်ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်...၊


သူတို့ပေးတဲ့ ဆေးပုလင်းလေး ယူပြီး တတိယမြောက် ရက်မှာတော့ မထွက်ချင်ထွက်ချင် ဖြစ်နေတဲ့ အသံလေးကို ညှစ်ထုတ်နှုတ်ဆက်ပြီး ကျနော်တို့ ပြန်လာခဲ့ပါတယ်၊ သူတို့အိမ်က ကားထွက်တော့ သားကို ကျနော်တို့က အံ့သြစရာ တစ်ခု စီစဉ်ထားတယ်လို့ ပြောလိုက်တယ်၊ သူ့မျက်လုံးလေးတွေ ချက်ချင်းပဲ အရောင်တောက်လာပြီး ဘာလဲလို့ အတင်း လိုက်မေးတယ်၊ Surprise ဆိုရင် သူ့အတွက် လက်ဆောင်၊ ဒါမှမဟုတ် ဝမ်းသာစရာပဲ ဆိုတာ သားက အတပ်သိ ပါတယ်၊ ကျနော်က အခု အိမ်မပြန်သေးဘဲ Europa Park သွားမယ်လို့ ပြောလိုက်တော့ သူ့မျက်နှာမှာ မယုံနိုင်ခြင်းနဲ့ ဝမ်းသာခြင်း တွေ ရက်ဖောက်လွန်းထိုးပြီး ပျော်သွားလိုက်တာ ဆိုတာ...၊ အမှန်တော့ ခရီးစဉ် အစကတည်းက ပြောထားမိရင် သူများ အိမ်မှာလည်း 'သွားမယ်လေ၊ သွားမယ်လေ' နဲ့ တချိန်လုံး ဂျီကျနေမှာ စိုးလို့ အခုမှ ပြောလိုက်တာပါ၊

အင်တာနက်ကနေ ဘွတ်ကင်လုပ်ထားခဲ့တဲ့ Bed & Breakfast (B&B) အိမ်ကလေးဆီကို တန်းသွားကြတယ်၊ ဒီတခါတော့ GPS က ချော ချောမောမောပဲ လမ်းပြတယ်၊ Europa Park က Darmstadt ကနေ ဆွစ်နယ်စပ်ကို ပြန်အလာ လမ်းတဝက်လောက်က Rust ဆိုတဲ့ မြို့ကလေးမှာ ရှိပါတယ်၊ ကျနော်တို့ တည်းမယ့် အိမ်ကလေးရှေ့ကိုလည်း ကားရပ်လိုက်ရော ဥရောပမှာ တွေ့ရခဲတဲ့ ငှက်ပျောပင်တွေ အများကြီး တွေ့လိုက်တော့ ကျနော် အံ့သြပြီး ပျော်သွားတယ်၊ စိမ်းစိမ်းစိုစိုနဲ့ ငှက်ပျောတောလေးက ချစ်စရာ ကောင်းလိုက်တာ..၊ ဒီတချက် ထဲ နဲ့တင် ဒီအိမ်မှာ တည်းရတာ တန်နေပြီလို့တောင် ပိုပိုသာသာလေး တွေးလိုက်မိ သေးတယ်၊


Photobucket

ဒီအိမ်လေး အကြောင်းကို ကျနော်တို့ဘာမှ ကြိုမသိပါဘူး၊ Trip Advisor ဝက်ဘ်ဆိုဒ်မှာ ကွန်မန့်တွေဖတ်၊ ဓါတ်ပုံတွေ ကြည့်ပြီး နံကြား ထောက် ရွေးလိုက်တာ..၊ အခုတော့ အရွေးမှန်တယ်လို့ ပြောရမယ် ထင်တယ်၊ အိမ်ရှင် အမျိုးသမီးက ကနေဒါနိုင်ငံ Québec ပြည်နယ်ကဆိုတော့ ပြင်သစ်စကားသံ ဝဲဝဲလေးနဲ့ အတော်ဖော်ရွေတယ်၊ သူ့အမျိုးသား ဂျာမန်လူမျိုးနဲ့ အကြောင်းပါပြီး အခုလို ဒီမှာ တည်းခိုဆောင်လေး ဖွင့်ထားတာလို့ သိရတယ်၊ အိပ်ခန်းလေး ၅ ခန်းပဲ ရှိတဲ့ အနက်မှာ ကျနော်တို့က အပြင်ဖက်က အခန်းလေးကို ယူလိုက်တယ်၊


Photobucket

ကြည့်ရတာ အရင်တုန်းကတော့ မြင်းဇောင်း ဖြစ်ခဲ့တဲ့ ပုံပါပဲ၊ အခုတော့ ရေချိုးခန်း၊ အိမ်သာ တွဲလျက် သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေး...၊


Photobucket

Halloween ပွဲကလည်း နီးလာပြီဆိုတော့ ခြံဝင်းထဲမှာ ကောက်ရိုးထုံးတွေချ၊ ဖရုံသီးတွေခင်းနဲ့ ပြင်ဆင်နေကြတယ်၊


Photobucket

ဖရုံသီးကတော့ အရောင်စုံ၊ အရွယ်စုံပါပဲ၊ တချို့ကို ဟင်းချိုလုပ်သောက်ပြီး တချို့ကိုတော့ ပုဇွန်လေးနဲ့ ချက်လိုက်ရရင် ကောင်းမယ်လို့ တွေးလိုက်သေးတယ်၊ သြော်..သူများတွေ အလှအပ ပြင်ထားပါတယ်ဆိုမှ.. ငါ့နှယ်နော်.. အရေးထဲ..၊း)


Photobucket

ဒီအိမ်လေးကို ရွေးရတဲ့ အဓိက အချက်ထဲမှာ Europa Park နဲ့ ငါးမိနစ်စာ လမ်းလျှောက်ရုံ အကွာအဝေးမှာ ရှိတာလည်း ပါ,ပါတယ်၊ တကယ်လျှောက်တော့လည်း ၅ မိနစ်ပဲ ကြာပါတယ်၊ ကျနော်တို့က မနက် ၁၁ နာရီခွဲမှာ ရောက်လို့ အခန်းမှာ ပစ္စည်းချပြီးတာနဲ့ တခါထဲပဲ ကစားကွင်းကို တန်းသွားလိုက်ပါတယ်၊ အပေါ်ပုံက ဟိုရောက်တာနဲ့ ပထမဦးဆုံး စီးဖြစ်တဲ့ ရိုလာကိုစတာပါ၊ သားက လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက ရိုလာကိုစတာ စီးချင်တယ် ပူဆာနေခဲ့တယ်..၊ ဒီကိုလာမယ်လည်း ပြောလိုက်ရော ရိုလာကိုစတာ ဆိုတဲ့ စကားလုံးကို ၂ မိနစ် တစ်ကြိမ်လောက် ပြောနေတော့တာပဲ၊ ဒါနဲ့ပဲ ၄ နှစ်သား ကလေးတွေပါ စီးလို့ရတဲ့ ဒီရိုလာကိုစတာနဲ့ စ,ဖွင့်လိုက်တယ်..၊


Photobucket

နောက်တော့ ဒီလှေကလေးတွေ သွားစီးကြတယ်၊ ပန်းဥယျာဉ်လေးတစ်ခု ထဲမှာ ကွေ့ကွေ့ကောက်ကောက် မြောင်းကြီးတွေ တူးထားပြီး ရေဒလက်နဲ့ ရေတွေကို စီးစေပါတယ်၊ ရေစီးအရှိန်နဲ့ ဒီလှေအိမ်လေးတွေက ရွေ့သွားကြတယ်၊ ကလေးကြိုက် မြူးမြူးကြွကြွ သီချင်းတွေ ဖွင့်ထားပြီး ဘေးတဖက်တချက် မှာတော့ ကာတွန်းဇတ်ကောင် ပန်းပုရုပ်တွေ ရှိပါတယ်၊


Photobucket

ပီနိုကီယို (Pinocchio) အရုပ်ကိုတွေ့တော့ သားက ကျနော်တို့ကို လှည့်ကြည့်ပြီး သူ့နှာခေါင်း သူပြန်ကိုင် ပြတယ်၊ ပြီးတော့ 'သားသား မလိမ်ဘူးနော်' ဆိုပြီး နောက်တီးနောက်တောက် လျှောက်လုပ်နေတယ်..၊


Photobucket

စပျစ်သီး ချဉ်တဲ့ မြေခွေးကလည်း အဲဒီမြောင်းကြီးရဲ့ နဖူးမှာ ... ...၊


Photobucket

Europa Park ဆိုတဲ့အတိုင်း ဥရောပနိုင်ငံတွေ အလိုက် ရပ်ကွက်လေးတွေ လုပ်ပေးထားပါတယ်၊ စပိန်ရပ်ကွက်၊ ပြင်သစ်ရပ်ကွက်၊ နယ်သာလန် ရပ်ကွက် အစရှိသဖြင့်ပါ၊ အဲဒီရပ်ကွက်တွေမှာလည်း ကိုယ်စားပြု နိုင်ငံတွေရဲ့ အထင်ကရ ပုံစံ၊ အရောင်၊ သင်္ကေတ စတာတွေကို လုပ်ထားတယ်၊ အပေါ်ပုံကတော့ အီတာလျံ ရပ်ကွက်ပါ၊ ဗင်းနစ်လို လုပ်ထားတာ သတိပြုမိ ပါလိမ့်မယ်..၊


Photobucket

အီတလီမှာ နာမည်ကြီးတာတွေထဲက တစ်ခုက ရေခဲမုန့်နဲ့ အချိုအစိမ့်တွေ ပါတဲ့ မုန့်တွေ မဟုတ်လား၊ သူ့အရပ်နဲ့ သူ့ဇတ်ဆိုတော့ ချန်ထားခဲ့လို့ ဘယ်ဖြစ်မလဲ၊ ဒီတော့လည်း ကျနော်တို့က ရောမကိုရောက်တော့ ရောမလို ကျင့်ပြီး ဝယ်စားလိုက် ရတာပေါ့လေ..၊း)


Photobucket

အီတလီရပ်ကွက်က အထွက်မှာ တွေ့ရတဲ့ ခြေနင်းယာဉ်ပျံပါ၊ အီတာလျံလူမျိုး နာမည်ကျော် ဒါဗင်ချီရဲ့ တီထွင်မှုလို့ နာမည်ပေး ထားတယ်၊ ဒါဗင်ချီဆိုတဲ့ လူကလည်း သိပ္ပံပညာမှာကော အနုပညာမှာပါ ခံစားမှု အားကောင်းပြီး ထူးချွန်ခဲ့သူ မဟုတ်လား၊ သူတီထွင်ခဲ့တဲ့၊ ဖန်တီးခဲ့တဲ့ စက်မှုပညာ၊ အနုပညာတွေက နည်းမှ မနည်းပဲ၊ ဒီယာဉ်ကိုတော့ စက်ဘီးနင်းသလိုပဲ ခြေနင်းနဲ့ နင်းပြီး ပတ်ဝန်းကျင်ကို အပေါ်စီးကနေ လျှောက်ကြည့်လို့ ရပါတယ်၊


Photobucket

စီးဖြစ်တာတွေကတော့ အများကြီးပါပဲ၊ ဒါပေမယ့် ရိုလာကိုစတာလို ဟာမျိုးတွေက အမြန်နှုန်း၊ အမြင့်ပေါ် မူတည်ပြီး အသက်ကန့်သတ်ချက် ရှိပါတယ်၊ လက်ရှိ Europa Park မှာ ရိုလာကိုစတာ ၁၀ စင်း ရှိပါတယ်၊ အပေါ်ပုံထဲက နောက်ခံမှာ ဆောက်နေတာက ၁၁ စင်းမြောက်ပါ၊ သစ်သားချည်းသက်သက်နဲ့ ဆောက်တဲ့ ပထမဦးဆုံး ရိုလာကိုစတာ လို့ ဆိုတယ်၊ လောလောဆယ် ၁၀ ခုထဲမှာက ၄ နှစ်အရွယ် ကလေးတွေ စီးလို့ရတာ ၃ ခု ရှိပါတယ်၊ အဲဒီထဲမှာ အပေါ်က ရေလွှာလျှောဟာလည်း တစ်ခုအပါအဝင်ပါ၊


Photobucket

ပုံမှာ တွေ့ရတဲ့အတိုင်း ဆင်းလာတဲ့ အရှိန်က အတော်လေး များပါတယ်၊ အဲဒါကြောင့် ထင်တယ်၊ ဒီတစ်ခုကိုတော့ သားက နည်းနည်းကြောက် သွားတယ်၊ နောက်တစ်ခေါက် ပြန်မစီးတော့ဘူး-တဲ့၊ ဒါကိုကြားမှ သားမေမေလည်း ဘေးကနေ သက်ပြင်းချနိုင် တော့တယ်၊ သူကလည်း သားနဲ့အတူ ရောပြီး ကြောက်နေတာကိုး..၊ တချို့နေရာတွေမှာ သူကတောင် နည်းနည်း ပိုကြောက်နေမလား မသိဘူး...၊း) သားဖေဖေကတော့ ထပ်စီးချင်နေသေးတဲ့ စိတ်ကို တိတ်တိတ်ကလေးပဲ မျိုချလိုက်ရ တော့တယ်..၊


Photobucket

ဒါကတော့ မြင်တာနဲ့ တန်းသိနိုင်တဲ့ အင်္ဂလိပ် ရပ်ကွက်ပါပဲ၊ Europa Park မှာ Disneyland နဲ့မတူတာက Walt Disney ကာတွန်းဇတ်ကောင်တွေရဲ့ အရိပ်အငွေ့တွေ သိပ်မတွေ့ရ တာပါပဲ၊ Disneyland ကတော့ သူ့ရဲ့ ရုပ်ရှင်တွေနဲ့ ဆက်နွယ်နေတဲ့ ဇတ်ရုပ်တွေ၊ နေရာတွေနဲ့ စည်ကားတာ မဟုတ်လား၊ ဒီမှာကတော့ 'ကြားနေ' ဇတ်ကောင်တွေကို တတ်နိုင်သလောက် သုံးထားပြီးတော့ နိုင်ငံတွေရဲ့ ဝိသေသ လက္ခဏာတွေနဲ့ အားဖြည့်ထားတယ်...၊


Photobucket

ကလေးတိုင်းက လည်ပြန်ငေး၊ လက်ညှိုး တထိုးထိုးနဲ့ ပူဆာကြတဲ့ သကြားလုံး လက်တွန်းဘီးလေး တွေပါ..၊


Photobucket

ဂရိရပ်ကွက်က လူကြိုက်များတဲ့ ရေပေါ်၊ လေပေါ်သွား ရိုလာကိုစတာ မော်တော်တွေပါ၊ ဒီဟာကတော့ အသက်ကန့်သတ်ချက် ၆ နှစ်နဲ့ အရပ်အမြင့်က ၁.၂ မီတာ ဖြစ်လို့ သားက ဘေးကနေပဲ ငေးကြည့်ခဲ့ရတယ်..၊ အဲဒီလို မသတ်မှတ်ထားရင်လည်း တကယ်စီးဖြစ်ရင် သူ ကြောက်မှာပါပဲ၊ အကွေ့အကောက် အတက်အဆင်းတွေ များတဲ့အပြင် တော်တော်လည်း မြန်ပါတယ်၊


Photobucket

ရုရှားရပ်ကွက်က နောက်ထပ် ရိုလာကိုစတာ တစ်ခုပါ၊ ဒီဟာကလည်း အကွေ့အဝိုက်တွေ များတဲ့အပြင် မြေပြင်ကနေ အတော်လေးလည်း မြင့်ပါတယ်၊ နောက်ပြီးတော့ ထိုင်ခုံတွေက ရှေ့အတည့်ထိုင်ရတဲ့ ခုံတွေရော၊ နောက်ပြန်ထိုင်ရတဲ့ ခုံတွေရော ပါ,ပါတယ်၊ သားအတွက် အသက်ကန့်သတ်ချက် ရှိလို့ ကျနော်တော့ မစီးဖြစ်ခဲ့ ပါဘူး၊ ကျနော့်အထင်တော့ နောက်ပြန်ထိုင်စီးရင် ကြိုပြီး မမြင်ရတဲ့ အနိမ့်အမြင့်တွေ ကြားမှာ ပိုပြီး အသည်းအေးစရာ ကောင်းမယ် ထင်ပါတယ်၊


Photobucket

နေ့လယ်ပိုင်းတွေမှာ ကာတွန်းဇတ်ကောင်တွေလို ဝတ်ထားတဲ့ မျက်နှာဖုံးစွပ် ဝန်ထမ်းတွေက Europa Park အနှံ့ လျှောက်သွားပြီး ကလေးတွေကို နှုတ်ဆက်ကြ ပါတယ်၊ တချို့တွေကလည်း အပေါ်ကပုံမှာ တွေ့ရတဲ့အတိုင်း ကလေးတွေနဲ့ အဖော်လုပ်ပြီး စီးကြတယ်၊ ဒီဝန်ဆောင်မှုကတော့ ကျနော့်အတွက် တကယ်ပဲ သက်သာရာ ရစေပါတယ်၊ ကျနော်က အခုလို ချာချာလည်တဲ့ ယာဉ်မျိုးတွေ စီးရင် ချက်ချင်းပဲ ခေါင်းမူးတတ်ပြီး နောက်ထပ် ၃ ရက်လောက်အထိ မပျောက်ဘဲ ရှိတတ်တာကိုး..၊း)


Photobucket

ကလေးတွေကတော့ ဒီ မျက်နှာဖုံးစွပ် ကာတွန်းဇတ်ကောင် ဝန်ထမ်းတွေကို ပြေးပြေးပြီး ဖက်ကြတယ်၊ ကလေး မပြောပါနဲ့၊ ကျနော်တောင် သူတို့ရဲ့ မျက်နှာပြုံးပြုံးကြီးတွေ ကြည့်ပြီး သွားဖက်ချင်စိတ် ပေါက်တယ်၊း) ဒီမျက်နှာဖုံးနဲ့ ဒီဝတ်စုံအောက်မှာ အသားဖြူတဲ့ လူတစ်ယောက် ရှိချင်ရှိမယ်၊ အသားမည်းတဲ့ လူတစ်ယောက် ရှိချင်ရှိမယ်၊ ဒီလူဟာ အသက်ကြီးသူ ရုပ်ခပ်ဆိုးဆိုး ဝန်ထမ်းတစ်ယောက် ဖြစ်နိုင်သလို ငယ်ရွယ်နုနယ်တဲ့ မိန်းမပျိုလေးလည်း ဖြစ်နိုင်ပါတယ်၊ ဘယ်လိုလူစားပဲ ဖြစ်ဖြစ်၊ လူတွေက စိတ်မဝင်စားဘူး၊ အပြစ်ကင်းစင်တဲ့ မျက်နှာဖုံးက အမြဲတသမတ်ထဲ ပြုံးနေတဲ့အတွက် လူတိုင်းကလည်း သူတို့ကို တွေ့တာနဲ့ အလိုလို ပြုံးမိပြီး ချစ်ခင်စိတ်တွေ ပေါ်လာကြ ပါတယ်၊ ရိုးသားပြီး အရောင်မရှိတဲ့ အပြုံးတစ်ခုဟာ နောက်ထပ်အပြုံးတစ်ခုကို မွေးဖွားပေးနိုင်ပါလားလို့ အတွေးတဖြတ် ရလိုက်ပါတယ်...။ ။

(လာမယ့် အပိုင်း-၅ ဟာ နောက်ဆုံး ဖြစ်ပါလိမ့်မယ်)


ညီလင်းသစ်
၂၆ အောက်တိုဘာ၊ ၂၀၁၁

20 October 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၃)


နောက်တစ်ရက်မှာတော့ ကျနော်တို့ Darmstadt မြို့ထဲဖက် သွားကြတယ်၊ ရောက်ပြီး နောက်တစ်ရက်မှာ အိမ်ရှင် လင်မယားရဲ့ အိမ်အသစ်၊ စိုက်ခင်း စတာတွေ လျှောက်ကြည့်နေလို့ မြို့ဟာ ဘယ်လိုနေမှန်းတောင် မသိရသေးဘူး၊ ကျနော်တို့ တည်းတဲ့အိမ်မှာ စက်ဘီးတွေ လေးငါးစီး ရှိတာနဲ့ မြို့ကို စက်ဘီးနဲ့ ပတ်ကြည့်ဖို့ စီစဉ်ကြတယ်၊ သိပ်အဝေးကြီး မနင်းရပါဘူး၊ အိမ်ကနေ မိနစ် ၂၀ လောက် နင်းလိုက်တာနဲ့ မြို့လယ်ခေါင်လို့ ပြောလို့ရမယ့် နေရာကို ရောက်သွားရော...၊ ကားလမ်းမတွေရဲ့ ဘေးမှာ စက်ဘီးစီးဖို့ လမ်း သတ်သတ်မှတ်မှတ် လုပ်ပေးထားလို့ အဆင်ပြေတယ်...၊


Photobucket

ဒါကတော့ မြို့လယ်ခေါင်နဲ့ မြို့တော်ခန်းမလို့ ခေါ်နိုင်တဲ့ အဆောက်အဦးပါ၊ Darmstadt မြို့က အခြားသော ဂျာမန်မြို့ တွေလိုပဲ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ် တပ်တွေရဲ့ ဗုံးဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်၊ တမြို့လုံးဟာ ပြာအတိနဲ့ ကျန်ခဲ့တယ်၊ အကျိုးဆက် အနေနဲ့ စစ်လက်ကျန် မူလ ဗိသုကာ လက်ရာအတိုင်း ရှိနေတဲ့ အဆောက်အဦးတွေက လက်ချိုးရေလို့ ရအောင် နည်းပါတယ်၊ အခု ပုံထဲက ဒီအဆောက်အဦးက လက်တဆုပ်စာ ကျန်ခဲ့တာတွေထဲက တစ်ခုပါ၊

စစ်ကြီးပြီးလို့ ၁၉၅၀-၆၀ လောက်မှာ စစ်ပြေးခဲ့ရတဲ့ ဂျာမန်မိသားစုတွေ Darmstadt မြို့ကို တဖြည်းဖြည်းနဲ့ ပြန်ရောက် လာခဲ့တယ်၊ မြို့ကို ပြာပုံထဲကနေ ပြန်ပြီး ထူထောင်ကြတယ်၊ အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက ဘာအိမ်ဆောက် ပစ္စည်းမှ မယ်မယ်ရရ မရှိတဲ့ အနေအထားမှာ မြို့ကို ပြန်တည်ကြတဲ့ ဖြစ်ရပ်ပါ၊ လက်သမား၊ ပန်းရန်စတဲ့ သူတွေလည်း မရှိကြတော့ အားလုံးလိုလိုက ကိုယ့်အိမ်ကို ကိုယ့်ဟာကိုယ်ပဲ ဆောက်ကြရတယ်၊ ရပ်ကွက်တွေထဲမှာ ကျနော် လိုက်ကြည့်ရသလောက် အိမ်တွေ တော်တော်များများက ပရော်ဖက်ရှင်နယ်လ် လက်သမားတွေ ဆောက်ထားတာ မဟုတ်မှန်း သိသာတယ်၊ ဒါပေမယ့် တော်တော်သပ်ရပ်ပါတယ်၊ အဲဒီရဲ့ အကျိုးဆက် အနေနဲ့ ဒီနေ့ ဂျာမန် အမျိုးသားတွေဟာ Do It Yourself လိုမျိုး ကိစ္စတွေမှာ ကျွမ်းကျင်ကြတာ တွေ့ရတယ်၊

မိတ်ဆွေတွေနဲ့ အိမ်ဆောက်တဲ့ ကိစ္စတွေ ပြောကြရင်း အိမ်ငှား၊ အိမ်ပြောင်းတဲ့ အကြောင်းတွေလည်း ပြောဖြစ်ပါတယ်၊ အဲဒီမှာ ကျနော်အံ့သြရတာ တစ်ခု သွားတွေ့တယ်၊ ဂျာမနီမှာ အများအားဖြင့် အိမ်/တိုက်ခန်း တွေကို ငှားတဲ့အခါ အိမ်ငှားအသစ်မှာ လုပ်စရာတွေ ပုံလို့ပါပဲ၊ အိမ်နံရံတွေကို ကိုယ်ကြိုက်တဲ့ ဆေးအရောင် ပြန်သုတ်တာ၊ မီးဖိုချောင်မှာ ပန်းကန်ဆေးစက်၊ ဘေစင်၊ ရေခဲသေတ္တာ အစရှိသဖြင့် အားလုံးနီးပါး ပြန်တပ်ဆင်ရတာ၊ မြေအောက်က အဝတ်လျှော်တဲ့ အခန်းမှာ ကိုယ့်ရဲ့ အဝတ်လျှော်စက်ကို ပြန်တပ်ဆင်ရတာ.. အများကြီးပါပဲ၊ ကျနော် အံ့သြရတာက ဒီလိုဟာတွေကို အိမ်ငှားက လုပ်ရမယ်လို့ မတွေးထားဖူး လို့ပါ၊ ဆွစ်ဇာလန်မှာဆို ဒါတွေအားလုံးက အိမ်/တိုက်ခန်း ပိုင်ရှင်တွေ လုပ်ကြရတဲ့ အလုပ်တွေပါ၊ အိမ်ငှားအဟောင်း ဆင်းသွားတဲ့အခါ နံရံတွေ ညစ်ပတ်နေရင် ဆေးပြန်သုတ်တာ၊ မီးဖိုချောင်မှာ ကြွေပြားတွေ ဟောင်းနေရင် အသစ်လဲတပ်တာ၊ မီးဖိုတွေ ပျက်နေရင် ပြင်ပေးတာ အစရှိတာတွေကို အိမ်ရှင် ဒါမှမဟုတ် အိမ်ငှားကုမ္ပဏီတွေက တာဝန်ယူရပါတယ်၊

ဒီတော့ အိမ်ငှားတဲ့လူက အဆင်သင့် တက်နေရုံပါပဲ၊ တဖက်ကလည်း အခန်းပြန်အပ်တဲ့အခါ မူလအတိုင်း နီးပါး ပြန်အပ်ရပါတယ်၊ ဥပမာ-တခြား ဆေးအရောင် သုတ်ထားရင် မူလအရောင်ကို ပြန်သုတ်ပေးရတာ၊ ပန်းချီကားတွေ ချိတ်ဖို့ ဖောက်ထားတဲ့ နံရံက အပေါက်တွေကို ပြန်ပိတ်ပေးရတာ စသဖြင့်ပါ၊ ဂျာမနီမှာတော့ ကျနော် နားလည်သလောက်ဆို အဲဒီလို အပိုင်းတွေမှာ လွတ်လပ်ပါတယ်၊ ကျနော်တို့ မိတ်ဆွေ လင်မယားဆို သူတို့ မီးဖိုချောင်ကို သူတို့ ပြန်ဆောက်ရတယ်၊ အရင်လူတွေက ကြမ်းခင်းကြွေပြားပါ မကျန်ခွာယူသွားလို့ အဲဒါကစပြီး လုပ်ရတယ်၊ အိမ်ကို သူတို့ငှားတဲ့ အချိန်မှာ မီးဖိုချောင်က နံရံလေးဖက်ပဲ ပါတဲ့ ဟာလာဟင်းလင်း အခန်းတစ်ခု သက်သက်ပါပဲ၊ ဒီတော့ အားလုံးကို သူတို့စိတ်ကြိုက် ပြန်လုပ်တယ်၊ တခါ.. သူတို့ဆင်းသွားတဲ့ အခါကျရင်လည်း အဲဒီလိုပဲ ထားခဲ့မှာပါ၊ နောက်လူက သူ ကြိုက်သလို ပြင်ပေတော့ပဲ၊ အိမ်ရှင်က သူ့အိမ်ကို ပုံစံ တသမတ်တည်း ရှိနေဖို့ ဝင်ထိန်းတာမျိုး သိပ်မရှိပါဘူး၊


Photobucket

မြို့လယ်ခေါင်ကနေ ဆက်နင်းသွားတော့ ကုန်းမြင့်လေး တစ်ခုပေါ်မှာ တွေ့ရတဲ့ အော်သိုဒေါ့ခ်စ် (Orthodox) ဘုရားကျောင်း တစ်ခုပါ၊ ကျနော်တို့နဲ့ အတူပါလာတဲ့ အိမ်ရှင် အမျိုးသမီးက ရှင်းပြတယ်၊ တခါတုန်းက ဒီမြို့မှာ နေခဲ့တဲ့ ရုရှားအမျိုးသား သူကြွယ်တစ်ယောက်ဟာ ဂျာမန်သူ တစ်ယောက်နဲ့ ရည်ငံကြတယ်၊ ဒါနဲ့ လက်ထပ်ဖို့ လုပ်ကြတော့ မြို့မှာက သူတို့ကို ရုရှားထုံးစံ လက်ထပ်ပေးမယ့် အော်သိုဒေါ့ခ်စ် ဘုရားကျောင်း မရှိဘူး၊ ဒုတိယ ကမ္ဘာစစ်ရဲ့ ရိုက်ခတ်မှုကြောင့် ဂျာမန်တွေက ရုရှားတွေကို မုန်းနေကြတဲ့ အချိန်...၊ ရုရှားတွေမှာ မျက်စိသူငယ် နားသူငယ်နဲ့ ဝတ်ပြုဖို့ ဘုရားကျောင်းတောင် မရှိခဲ့ဘူး-တဲ့၊ အဲဒီလို အခြေအနေမှာ အဲဒီသူကြွယ်က ဒီတောင်ကုန်းလေးပေါ်မှာ မြေတစ်ကွက် ဝယ်၊ ဘုရားကျောင်းဆောက်ပြီး လှူလိုက်တယ်၊ အဲဒီ ဘုရားကျောင်းမှာ သူလက်ထပ်ဖို့ အဆင်ပြေသွားသလို တခြား ရုရှား တွေအတွက်လည်း ဘုရားကျောင်း ရှိပြီးသား ဖြစ်သွားခဲ့တယ်...၊

Darmstadt မြို့မှာ အမေရိကန် စစ်စခန်း တစ်ခုကိုလည်း တွေ့လိုက်သေးတယ်၊ ဒီမြို့ဟာ ဂျာမနီက အခြားသော မြို့ကြီးတွေမှာလိုပဲ အမေရိကန် စစ်စခန်းချရာ ဖြစ်ခဲ့တယ်၊ စစ်အကြောင်း တွေးနေမိရင်းနဲ့ အိမ်ရှင်ကို ကျနော်က မေးကြည့်ဖြစ်တယ်၊ 'ဂျာမနီကို ဗြိတိသျှ တပ်တွေ၊ အမေရိကန် တပ်တွေ၊ ဝင်လာပြီး ဗုံးကြဲ၊ အခုလို စစ်အခြေစိုက် စခန်းတွေ ဖွင့်ကြတာကို ခင်ဗျား မိဘတွေ၊ ခင်ဗျား မိဘရဲ့ မျိုးဆက်က လူကြီးတွေ ဘယ်လိုများ မြင်ကြလဲ' လို့...၊ သူက ပြန်ဖြေပါတယ်၊ သူ့အဖေနဲ့ သူငယ်ချင်းတွေဟာ အခြားသော လူအားလုံး နည်းတူ ဗုံးကြဲခံရတာကို စိတ်ထိခိုက် ရပေမယ့် တဖက်ကလည်း အမေရိကန် တပ်တွေကို ကျေးဇူးတင်မိပါတယ်-တဲ့၊ တဖက်မှာ လူမျိုးကြီးဝါဒ ထူထောင်လိုတဲ့ သူတို့ရဲ့ ခေါင်းဆောင်ကြောင့် စစ်ပန်း နေကြသလို တဖက်ကလည်း ရုရှားက ဝါးမြိုမယ့် အန္တရာယ်ကလည်း မသေးလှဘူး၊ အဲဒီလို အနေအထားမှာ ဒီလိုနည်းနဲ့ စစ်ကို အဆုံးသတ်လိုက်ရတာ ဝမ်းနည်းရပေမယ့် ဖြေသာပါတယ်-တဲ့၊ ဟုတ်ပါ တယ်၊ ကျနော်တို့ မျိုးဆက်က ဂျာမန်လူငယ်တွေ အနေနဲ့ မသိသာလှ ပေမယ့် ဒုတိယ ကမ္ဘာစစ် လက်ကျန် ကျနော့်မိဘတွေ အရွယ် ဂျာမန်သက်ကြီးပိုင်းတွေ ဆိုရင် အခုထက်ထိကို တခြားလူမျိုး တွေရဲ့ အမြင်စောင်းတာ ခံရတုန်းပါပဲ၊ မြန်မာပြည်မှာ ပြင်သစ် အဖိုးအဖွားတွေ၊ ဘယ်လ်ဂျီယံ အဖိုးအဖွားတွေနဲ့ ကျနော် ခရီးတွေ သွားခဲ့တုန်းက စားသောက်ဆိုင်တွေမှာ ဂျာမန် အဖိုးအဖွားတွေ ရှိတဲ့ စားပွဲနဲ့ အဝေးဆုံးမှာ ထိုင်တာ၊ ဂျာမန်တွေ ရှိတဲ့ ပုဂံက ဘုရားပေါ် မတက်ဘဲ တခြားနေရာကနေ နေဝင်ချိန်ကို ကြည့်တာ၊ အစရှိသဖြင့် ကြုံခဲ့ဖူးတယ်၊ အစွန်းရောက်လွန်းတဲ့ လူတစ်စုရဲ့ ခေါင်းဆောင်မှုအောက်မှာ တိုင်းပြည်တစ်ခုလုံး အပြင် တိုင်းသူပြည်သား တွေရဲ့ ဘဝပေါင်းများစွာ ကျိုးကြေခဲ့ရတာ တွေးကြည့်ရင် သင်ခန်းစာ ယူစရာတွေ အများကြီး ပါပဲ၊ စစ်ရဲ့ ဆိုးကျိုးကို တွေးနေမိတဲ့ ကျနော့်စိတ် တွေဟာ အော်သိုဒေါ့ခ်စ် ဘုရားကျောင်းလေးထက်က ကောင်းကင်လိုပဲ အုံ့မှိုင်းပြီး လေးလံ ပိကျနေခဲ့တယ်...၊


Photobucket

အဲဒီတောင်ကုန်းနဲ့ မနီးမဝေးက ခြံကြီးတစ်ခုဆီကို ကျနော်တို့ လမ်းလျှောက်သွားကြတယ်၊ ဒါက အဲဒီခြံထဲကို လာလည်တဲ့သူတွေ အနားယူ၊ စာထိုင်ဖတ်ဖို့ လုပ်ပေးထားတာပါ၊ လက်ရှိ ပိုင်ရှင်က ဒီခြံကို အမွေရခဲ့တာလို့ ဆိုတယ်၊ သူ့ခြံကို အပန်းဖြေစရာ လုပ်ထားပေမယ့် သဘာဝတရားကိုလည်း မပြုပြင်ချင်လို့ ခြုံနွယ်ပိတ်ပေါင်းတွေကို ဒီအတိုင်း ထား,ထားတယ်၊


Photobucket

လူသွားလမ်းရဲ့ ဘေးဖက်တွေမှာ သစ်ပင်၊ သစ်ကိုင်းတွေက ဒီလိုပဲ ထိုးထိုးထောင်ထောင် ရှိနေကြတယ်၊ သူက မြက်ရိတ်စက်နဲ့ အညီအညာ ရိတ်ထားတဲ့ မြက်ခင်းတွေ၊ အလှစိုက် ပန်းတွေအစား သူ့ခြံကို သဘာဝထဲက အရှိတရား ထဲမှာ ဒီအတိုင်း ထားချင်ပုံပါပဲ၊ ဟိုနားဒီနားမှာ ထိုင်ခုံလေးတွေအပြင် စာအုပ်တွေပါ ချထားပေးတယ်၊ စာအုပ် အများစုက ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ ဂမ္ဘီရ၊ ထွက်ရပ်လမ်း ကျင့်စဉ် စတာတွေ အကြောင်းပါ၊ ခြံရှင်က သူ့ခြံကို Vortex garden လို့ အမည်ပေးထားတယ်၊ ဒီကနေ့ လူတွေ ပြောနေကြတဲ့ alternative-thinking တွေနဲ့အတူ Nudist, Feminist, Dadaist, Freemasons, Self-seekers စတဲ့ ဝါဒီတွေရဲ့ အိမ်မက်ကမ္ဘာကနေ သူ့ခြံဟာ ပေါက်ဖွား လာခဲ့တယ်လို့ လက်ကမ်းစာစောင်မှာ ရေးထားတယ်၊ Vortex garden ဆိုတဲ့အတိုင်း လူသွားလမ်းက ကျောက်ပြားတွေကို ကြက်ဥပုံနဲ့ အဝိုင်းတွေပဲ ခင်းထားပါတယ်၊


Photobucket

ခြံရှင်ဟာ စက်ဝိုင်းတွေရဲ့ အဆုံးအစမဲ့ 'အား' ကို စိတ်ဝင်စားပုံပဲလို့ ကျနော် ကောက်ချက်ချ မိတယ်၊ ပြီးတော့ ခြံထဲမှာ အခုလို ရေတံခွန် ပန်းပုမျိုး ၂ ခုလည်း တွေ့တယ်၊ အဆင့်တိုင်း, အဆင့်တိုင်းမှာ ကျောက်ခွက်တွေကို အဆုံးမဲ့ Infinity သင်္ကေတ ပုံသဏ္ဍန် ထွင်းထားတယ်၊ စဉ်ဆက်မပြတ် စီးနေတဲ့ ရေဟာ အခုလို အဆုံးမဲ့ သင်္ကေတထဲ ဝင်ရောက်သွားတဲ့ အခါ ရေရဲ့ လားရာဟာ ဘယ်၊ ညာ ခွဲသွားပြီးမှ တပတ်ပြန်လည်ပြီး အောက်အဆင့်ကို ဆက်စီးတယ်၊ အဲဒီလို လားရာပြောင်းပြီး စက်ဝိုင်းပုံစံ စီးတဲ့အခါ မမြင်ရတဲ့ အားတစ်ခု ဖြစ်လာတယ်လို့ တည်ဆောက်ခဲ့တဲ့ ဗိသုကာ ပညာရှင်က ရှင်းပြထားတယ်၊ ခြံရှင်ရဲ့ စိတ်ကူးနဲ့ တင်ပြထားတာတွေကို အနုပညာ ရှုထောင့် သက်သက်ကပဲ ကျနော် ကြည့်ခဲ့တယ်၊ ဒါ့ထက် ကျော်လွန်ပြီး ဝါဒတွေ၊ ဂမ္ဘီရ ကျင့်စဉ်၊ ထွက်ရပ်လမ်း စတာတွေကို ဆွေးနွေးဖို့ ကျနော့်မှာ စိတ်ကူးမရှိ ပါဘူး...၊


Photobucket

တနေရာမှာတော့ စဥ့်နဲ့ လုပ်ထားတဲ့ ကြက်မကြီးတွေ သွားတွေ့တယ်၊ ခြေနင်းကျောက်ပြား ကလည်း ကြက်ဥပုံစံ၊ ဒီမှာလည်း ကြက်မတွေ ဆိုတော့ ကိုယ့်လူက ကြက်ဥနဲ့ကြက်မ ဘယ်ဟာအရင်လဲ ဆိုတဲ့ ပြဿနာကို ကိုင်တွယ်ချင်နေ ပုံပဲလို့ ကျနော်တစ်ယောက်ထဲ ခပ်နောက် နောက် တွေးလိုက်မိ သေးတယ်..၊း)

ခြံထဲက ပြန်ထွက်လာတော့ မွန်းလွဲပိုင်းတောင် ရှိနေခဲ့ပြီ၊ မြို့တစ်မြို့ကို ရောက်တဲ့အခါ အဲဒီမြို့ရဲ့ ကော်ဖီဆိုင်တွေမှာ ထိုင်ပြီး မြို့ကို ခံစားရတာ ကျနော် ကြိုက်သလို အဲဒီမြို့မှာ ပြတိုက်လိုဟာမျိုး ရှိနေခဲ့ရင်လည်း ပြတိုက်တွေမှာ စိမ်ပြေနပြေ လိုက်ကြည့်ရတာ ဝါသနာ ပါ,ပါတယ်၊ အထူးသဖြင့် အခုလို ရာသီဥတုက အုံ့မှိုင်းနေတဲ့ နေ့မျိုးတွေ မှာပေါ့၊ ဒါပေမယ့် ကော်ဖီဆိုင်မှာလည်း တမေ့တမော မထိုင်ချင်၊ ပြတိုက်တွေကိုလည်း စိတ်ဝင်စားရ ကောင်းမှန်း မသိသေးတဲ့ ၄ နှစ်အရွယ် ကလေးတစ်ယောက် ဘေးမှာ ပါလာတဲ့ အခါမျိုးမှာတော့ မှိုင်းညို့လေးလံတဲ့ ကောင်းကင်အောက်မှာ ကျနော်တို့အတွက် လုပ်စရာက တစ်ခုပဲ ကျန်ပါတော့တယ်၊ အဲဒါက ရေပူစမ်း စပါး (Spa) ကို သွားဖို့ပါပဲ၊ အောက်က ပုံကတော့ Darmstadt မြို့က စပါး အဆောက်အဦးပါ၊


Photobucket

ဒီအဆောက်အဦး ရှေ့မှာ စက်ဘီးရပ်လိုက် ပြီးတဲ့အထိ ဒါဟာ စပါး အဆောက်အဦးပါလို့ ကျနော် မရိပ်မိသေးဘူး၊ သူ့ရဲ့ ဗိသုကာပုံစံ အရ ကျနော်က ဒါဟာ ဘူတာရုံ၊ ဒါမှမဟုတ် မြို့နယ်ခန်းမ တခုခုပဲလို့ ထင်နေမိတာကိုး၊ ဒီအဆောက်အဦးဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ပြားပြားဝပ်သွား ခဲ့တယ်၊ မြို့ကို ပြန်ထူထောင်ပြီး အတော်အတန် အခြေကျပြီ ဆိုမှ ရန်ပုံငွေရှာပြီး ဒီ စပါးအဆောက်အဦးကို ပြန်ဆောက်ခဲ့ ကြတာလို့ ဆိုတယ်၊ ရှေးလက်ရာ အတိုင်း ပြန်ဆောက်ထားပြီးတော့ မနှစ်ကမှ ဖွင့်တာလို့ သိရပါတယ်၊


Photobucket

စပါး အထဲက မြင်ကွင်းကို သဘောကျလို့ ရေကန်ထဲက တက်လာပြီးမှ ကင်မရာ အမြန်ပြေးယူပြီး တခေါက် ပြန်လာရိုက်ထားတာ..၊ ကျနော်နေတဲ့ အရပ်က စပါးတွေက ခေတ်မီပုံသဏ္ဍန် အဆောက်အဦးတွေမို့ အခုလို ပေါင်းမိုးခုံး၊ မျက်နှာကြက် အမြင့်ကြီးနဲ့ စပါးကို သဘောကျသွားတယ်၊ မသိရင် ကပွဲခန်းမလိုလို ဘာလိုလို၊ တနင်္လာနေ့မို့လား မသိဘူး၊ လူတွေ ရှင်းနေတယ်..၊


Photobucket

အဲဒီက ပြန်ထွက်လာတော့ လူတွေလည်း ဗိုက်ဆာ၊ ရေငတ် ဖြစ်ကုန်ပြီပေါ့၊ ဒါနဲ့ပဲ မြို့လယ်ခေါင်က ကော်ဖီဆိုင်ကို ပြန်သွားကြတယ်၊ အင်္ဂလိပ် လူမျိုးတွေရဲ့ လက်ဖက်ရည် သောက်ချိန်မှာ မြန်မာလူမျိုး ကျနော်က ဂျာမန်ဘီယာကို မှာသောက်ခဲ့တယ်..၊း)


Photobucket

ဆိုင်က မနက်က ဖြတ်ခဲ့တဲ့ ရင်ပြင်ပေါ်မှာ ပါပဲ၊ စနေလို နေ့မျိုးတွေမှာတော့ ဒီရင်ပြင်ပေါ်မှာ ဈေးတန်းကလေးတွေ ရှိတတ်ပါတယ်၊ အစိမ်းရောင်နဲ့ လှည်းကလေးက ကျနော့်စက်ဘီးမှာ ဆွဲတဲ့ သားရဲ့ လှည်းကလေးပါ၊ ဒီမှာ အခုလို စက်ဘီးနဲ့ လည်ဖြစ်မှာကို ကြိုသိလို့ အိမ်ကနေ အဲဒီ လှည်းကလေးကို တပါတည်း ယူလာခဲ့လိုက်တယ်၊ ကျနော်က လေထန်ထန်၊ မိုးဖွဲဖွဲမှာ အားစိုက်နင်းနေရ သလောက် သားကတော့ အဲဒီ လှည်းကလေးထဲမှာ မိုးလုံလေလုံ ဇိမ်ကျလို့...၊ ဆိုတော့လည်း မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူးလို့ပဲ တွေးရတာပေါ့လေ...။း)

(ဆက်ပါဦးမယ်၊ သိပ် မကျန်တော့ပါဘူး ^_^)


ညီလင်းသစ်
၂၀ အောက်တိုဘာ၊ ၂၀၁၁