28 January 2013

ဝန်...







"ဝန်..."


အိုခြင်း၊ နာခြင်း၊ သေခြင်း
မရပ်မနား လည်ပတ်နေတဲ့ ခွေးသွားစိပ်တို့အောက်

လေးလံလွန်းတဲ့ ဒီခန္ဓာ
ဓာတုဆေးဝါး ကျားကန်ထမ်းရင်း

ယိုယွင်းခြင်းကို
ငါ တည့်တည့်ကြည့်မိခဲ့...။ ။


ညီလင်းသစ်
၂၈ ဇန်နဝါရီ၊ ၂၀၁၃

22 January 2013

ဘိလပ်မြို့တော်သို့ (၂) ...


တစ်ရက်မှာတော့ ကျနော်တို့ Sightseeing tour တစ်ခု ဝယ်စီးဖြစ်ပါတယ်၊ အခုလို City tour, Classic tour အစရှိတဲ့ အလည်အပတ် အစီအစဉ်တွေကို ကျနော်သဘောကျတယ်၊ ဒီလို ခရီးစဉ်တွေကို စီးဖြစ်ရင် တိုးရစ်တွေအတွက် ၁၀၀% ရည်ရွယ်ပြီး လုပ်ထားတာဖြစ်လို့ မြို့ရဲ့ အထင်ကရ နေရာတွေကို မလွဲမသွေတွေ့ရမှာပါ၊ အထူးသဖြင့် အချိန်လည်း သိပ်မရဘူး၊ ဘယ်နေရာတွေကို ဦးစားပေးသွားရမယ် ဆိုတာလည်း မသေချာဘူးဆိုရင် အခုလို မြို့တွင်းလည်တဲ့ အစီအစဉ်လေးတွေက တကယ်ပဲ အသုံးဝင်ပါတယ်၊ ဒါကိုလည်ပြီးမှ အချိန်ရသေးတယ် ဆိုရင်လည်း tourist attractions တွေကို တွေ့ပြီးပြီ ဖြစ်လို့ မြို့သူမြို့သားတွေရဲ့ နေ့စဉ်ဘဝကို မြင်နိုင်တဲ့ မြို့အတွင်းသားကို ရှာဖွေလည်ပတ်ဖို့လည်း ပိုပြီးအချိန်ရနိုင်တယ် မဟုတ်လား၊ လန်ဒန်မှာ City tour အစီအစဉ်တွေ အများကြီးရှိတဲ့ အထဲမှာမှ ဟောဒီလိုကားနဲ့ လည်ရတဲ့အစီအစဉ်ကို ကျနော်တို့ ယူလိုက်တယ်၊ Duck Tours လို့ခေါ်ပါတယ်...၊


စီးရမယ့်ယာဉ်က ကားနဲ့တူသလိုလို၊ သင်္ဘောနဲ့ တူသလိုလိုလို့ စိတ်ထဲမှာထင်မိတယ် ဆိုရင် အဲဒီအထင်မှန်ပါတယ်၊ အကြောင်းကတော့ ဒီယာဉ်က တကယ်ပဲ ကားတစ်ပိုင်း၊ သင်္ဘောတစ်ပိုင်း Amphibious vehicle ဖြစ်လို့ပါပဲ...၊


ကားပေါ်ကို(သင်္ဘောပေါ်ကို) မတက်ခင်မှာ အနောက်ဖက်ကိုသွားပြီး အောက်ကိုငုံ့ကြည့်တယ်၊ ဒီယာဉ်ဟာ ရေထဲမှာ သင်္ဘောတစ်စင်းလို တကယ်ပဲသွားမယ်ဆိုရင် အနည်းဆုံး ရေယက်ပန်ကာတော့ လိုမှာပဲလို့ ကျနော်စဉ်းစားနေခဲ့ လို့ပါ၊ မျှော်လင့်ထားတဲ့အတိုင်း မော်တော် အငယ်လေးတစ်စီးလို အောက်ဖက်မှာ ရေယက်ပန်ကာ တစ်ခုကိုတွေ့တော့ ကျေနပ်သွားတယ်၊း) လန်ဒန်ကို မလာခင်ကတည်းက ဒီခရီးစဉ်ကို သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာကြည့်ပြီး ဝယ်ခဲ့တာဆိုတော့ ဒီကားက ဘယ်လိုများ မောင်းမှာလဲလို့ ကျနော်က တစ်လျှောက်လုံး တွေးနေမိခဲ့တာကိုး...၊


ကားရဲ့ အပြင်ဖက် အင်စပက်ရှင် ပြီးတော့ ယာဉ်မောင်းခန်းကို ဆက်လေ့လာတယ်၊း) အားလုံးသိတဲ့အတိုင်း လန်ဒန်ရဲ့ ယာဉ်မောင်းစနစ်က လက်ဝဲကပ်မောင်း စနစ်ပါ၊ ဆိုတော့ ကားအများစုရဲ့ စတီယာတိုင်ခွေ (steering wheel)က ညာဖက်မှာ ရှိပါတယ်၊ ဒါပေမယ့် ဒီကားမှာတော့ လက်ကိုင်ဘီးခွေက ဘယ်ဖက်မှာ ရှိနေတယ်၊ ဒီလို ဘယ်ဖက်မှာ စတီယာတိုင်ခွေ ရှိနေရခြင်း နဲ့အတူ သူတို့ရဲ့ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်က.. ဒီကားတွေ ဘယ်ကလာသလဲလို့ စောကြောချင်စရာ ဖြစ်မိပါတယ်၊ တကယ်တော့ ဒီကားတွေဟာ ဒုတိယကမ္ဘာစစ်မှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်၊ စစ်ရဲ့ မီးတောက်တွေ အလျှံညီးညီး တောက်လောင်ဝါးမျိုနေတဲ့ စစ်တွင်းကာလမှာ မဟာမိတ်တပ်တွေက အခက်အခဲကြီး တစ်ခုနဲ့ ရင်ဆိုင်နေရတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ သင်္ဘောတွေကြီးတွေနဲ့ သယ်လာတဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ စစ်သားတွေကို ကမ်းကပ်ပေးဖို့ အဆင်မပြေတဲ့ ကိစ္စပါ၊ တချို့ပင်လယ်ကမ်းနားမှာ ကပ်စရာဆိပ်ကမ်း မရှိသလို ရှိတဲ့ ဆိပ်ခံဘောတံတားတွေကလည်း ဗုံးဒဏ်ကြောင့် သုံးမရတော့ဘူး၊ အဲဒီအခက်အခဲကို ဖြေရှင်းဖို့ အမေရိကန်က ဟောဒီ ကုန်းသွား၊ ရေသွား ကမ်းတက်ယာဉ်တွေကို ထွင်လိုက်ပါတယ်၊ မဟာမိတ်တပ်တွေရဲ့ ဒီတလီတောင်ပိုင်းက ဆီစီလီကျွန်းသိမ်း တိုက်ပွဲ၊ ပြင်သစ်က နာမည်ကြီး နော်မန်ဒီ ကမ်းတက်တိုက်ပွဲ စတဲ့ပွဲတွေမှာ ဟောဒီ amphibious ကမ်းတက်ယာဉ်တွေက တကယ့်ကို အရေးပါခဲ့ကြတာပေါ့...၊ ကျနော်တို့စီးခဲ့တဲ့ ယာဉ်နာမည်က Beatrice တဲ့...၊ လူ ၂၈ ယောက်လောက် ဆန့်ပါတယ်၊


City Tour စတဲ့နေရာက London Eye ရဲ့ ဘေးနားလေးမှာပါ..၊ ကျနော်တို့ စီးရမယ့်ကားမလာသေးလို့ စောင့်နေရင်း London Eye ဖက်ကိုသွားကြည့်တယ်၊ ဒီမှာလည်း ထုံးစံအတိုင်း လူတွေ၊ လူတွေဆိုတာ.. သမဝါယမ ခေတ်တုန်းက ပြည်သူ့ဆိုင်မှာ သကြားနဲ့နို့ဆီ ပေးတဲ့နေ့မှာ တွေ့ရတဲ့ အတိုင်းပဲ၊ တကယ့်ကို ကြိတ်ကြိတ်တိုး...၊ လက်မှတ်ဝယ်ဖို့က ၄၅ မိနစ်စောင့်ရမယ်၊ တခါ လက်မှတ်ရပြီး ရဟတ်ကြီးပေါ် တက်ဖို့က နောက်ထပ် တစ်နာရီလောက် စောင့်ရမယ်လို့ ကြေညာထားလို့ London Eye ကို ကိုယ်ပိုင် eyes နဲ့ပဲ ငေးကြည့်ပြီး ပြန်လာခဲ့တော့တယ်...၊း)


တကယ်တမ်း ကားထွက်တော့လည်း ဟိုတစ်နေ့က ရောက်ခဲ့တဲ့ ဝက်စမင်စတာ တံတားပေါ်ကို မလွဲမသွေ ပြန်ဖြတ်ရပြန် ပါတယ်၊ ဒီတစ်ခါတော့ လေတွေ တဟူးဟူး တိုက်နေလို့လား မသိဘူး၊ လူတွေနည်းနည်း ရှင်းသလို ဟိုတစ်ခါကလို သုံးချပ်မှောက် ကစားသမားတွေလည်း မတွေ့မိဘူး၊


ကျနော်တို့ရဲ့ ပုဂံနဲ့ခေတ်ပြိုင် Westminster Abbey ဘုရားကျောင်းကြီးရဲ့ ဂေါ့သစ်ဗိသုကာ လက်ရာတွေကိုတော့ ကားပေါ်ကနေ မြင်းတစ်ပြေး ခံစားမှုနဲ့ပဲ ခံစားနိုင်ခဲ့တယ်၊ အေးအေးဆေးဆေး မရှိလှပုံများ ပြောပါတယ်...၊း)


ဒီအဆောက်အဦးကိုတော့ တချို့တွေ သိကြမယ်ထင်ပါတယ်၊ အထူးသဖြင့် နောက်ဆုံးထွက် ဂျိန်းစ်ဘွန်းဇတ်ကား Skyfall ကို ကြည့်ပြီးပြီ ဆိုရင်ပေါ့၊း) ဟုတ်ပါတယ်၊ MI6 ဌာနချုပ်ပါ၊ ကျနော်တို့ရဲ့ city tour ကားက မော်တော်အဖြစ်ကို အသွင်ပြောင်းပြီး ဒီ MI6 အဆောက်အဦးရဲ့ ဘယ်ဖက်ဘေးမှာ မြင်ရတဲ့ ဆင်ခြေလျှော လမ်းကလေးကနေ သိမ်းစ်မြစ်ထဲကို ဆင်းပါတယ်၊ မဆင်းခင် အဲဒီ MI6 ရုံးကြီးရဲ့ ဘေးမှာရှိတဲ့ တဲကလေး အရှေ့မှာ ခဏရပ်တယ်၊ အဲဒီမှာ ကားဒရိုင်ဘာက အောက်ဆင်းသွားပြီး လူတစ်ယောက် တက်လာတယ်၊ ကားတစ်စင်းလုံးကို မျက်လုံးဝေ့ကြည့်တယ်၊ အဲဒီလူလား...? ဟင့်အင်း.. ဂျိန်းစ်ဘွန်း မဟုတ်ပါဘူး၊ သိမ်းစ်မြစ်ထဲမှာ မော်တော်ဆက်မောင်းမယ့် နောက်ထပ် ဒရိုင်ဘာ တစ်ယောက်ပါ၊း) ကားကနေ မော်တော်ဖြစ်သွားလို့ ကုန်ပေါ်မောင်းတဲ့ ယာဉ်မောင်းက ဆက်ပြီးမောင်းခွင့် မရှိလို့ ဒီလိုယာဉ်မောင်း လဲရတဲ့အကြောင်း ဧည့်လမ်းညွှန်က ရှင်းပြပါတယ်...၊


Duck Tours ယာဉ်တွေက ၁၀ မိနစ် တစ်စီးလောက် ထွက်နေလို့ လမ်းမှာ တခြားအမျိုးတူ 'ဘဲ' တွေကိုလည်း ဆုံပါတယ်၊ အခုတော့လည်း ရေထဲမှာ သွားနေတာ တကယ့် မော်တော်တစ်စင်း အလား...၊


ဒီ ပုံခပ်တုံးတုံးနဲ့ အဆောက်အဦးက တခြားတော့ မဟုတ်ပါဘူး၊ MI5 ရုံးချုပ်ပါ၊ MI5 က ပြည်တွင်ရေးရာတွေကို ကိုင်တွယ်တဲ့ ဌာနဖြစ်ပြီးတော့ MI6 ကတော့ နိုင်ငံတကာ အရေးအခင်းတွေမှာပါ ပါဝင်ပတ်သက်တယ်၊ နာမည်မှာ ဂဏန်းလေး တစ်လုံးသာ လျော့နေပေမယ့် လူသိများမှုမှာတော့ MI5 က MI6 ထက် ကိန်းဂဏန်းတွေ အများကြီး လျော့နည်းပါတယ်...၊


ကျနော်တို့ရဲ့ ဧည့်လမ်းညွှန် Ben...၊ အချိန် ၁ နာရီလောက်ပဲ ကြာတဲ့ City tour အတွင်းမှာ သမိုင်းတွေ၊ ဖြစ်စဉ်တွေ၊ အကိုးအကားတွေ၊ ဟာသတွေ အများကြီးပဲ သူပြောသွားတယ်၊ မြင်ကွင်းတွေကို ဓါတ်ပုံရိုက်ရင်း သူ့ဆီကို ကျနော်တချိန်လုံး နားစွင့်ထားမိတယ်၊ တချက်တချက်မှာလည်း သူ့ကိုလှမ်းကြည့်ရင်း ကျနော်ဧည့်လမ်းညွှန် လုပ်ခဲ့ဖူးတဲ့ ကာလတွေကို ဆွတ်ဆွတ်ပျံ့ပျံ့ အမှတ်ရနေခဲ့တယ်၊ အခြားသော လုပ်ဖော်ကိုင်ဖက် တိုးဂိုက်တွေလိုပဲ အစောပိုင်းကာလမှာ ကျနော့်အတွက် အခက်ခဲဆုံးက running commentary ပါ၊ အခု Ben ပြောနေသလိုမျိုး ယာဉ်ရဲ့လားရာကို ကျောပေး၊ ဧည့်သည်နဲ့ မျက်နှာချင်းဆိုင် မတ်တပ်ရပ်ပြီး တောက်လျှောက် ရှင်းပြရတဲ့ အပိုင်းပေါ့၊ အထူးသဖြင့် ဘတ်စ်ကား အကြီးကြီးတွေပေါ်မှာ ဘယ်လမ်းကနေ၊ ဘယ်လမ်းအပိုင်းမှာ ဘာအကြောင်းကို ပြောမလဲဆိုပြီး စီမံခန့်ခွဲရတာ သိပ်တော့မလွယ်လှဘူး၊ ရန်ကုန်၊ မန္တလေးမြို့တွင်းလို နေရာမှာ ကြည့်စရာ၊ ပြောစရာတွေ များလို့ အကြောင်းမဟုတ်ပေမယ့် တံတားဦး လေဆိပ်ကနေ မန္တလေးအသွားလို၊ ဟဲဟိုးလေဆိပ်ကနေ ညောင်ရွှေ အသွားလို ခရီးရှည်တွေမှာ သူတို့လည်း စိတ်ဝင်စား၊ ကိုယ်လည်း အကြာကြီး ပြောနိုင်မယ့် အကြောင်းအရာတွေ ရှိထားဖို့ လိုပါတယ်၊ Ben ကို လုပ်ဖော်ကိုင်ဖက် တစ်ယောက်လို မြင်မိနေရင်း ကျနော့်ရဲ့ စိတ်တွေက မြန်မာပြည်က tour ကားကြီးတွေပေါ်မှာ running commentary တွေ ပေးနေမိခဲ့တယ်...၊


ထုံးတမ်းစဉ်လာတွေ၊ စည်းတွေဘောင်တွေ များလှတဲ့ အင်္ဂလိပ် လူ့အဖွဲ့အစည်းရဲ့ ပါလီမန်အိမ်ရာကို ဘောင်တစ်ခုခတ်ပြီး ကြည့်,ကြည့်တဲ့ သဘောပါ၊း)


မော်တော်က ကားအဖြစ်နဲ့ ကမ်းပေါ် ပြန်တက်လာတော့ ကလေးတွေက ပျော်ပြီး ဟေးကနဲ အော်ကြတယ်၊ တချိန်တုန်းကတော့ အခုလို အေးအေးချမ်းချမ်းနဲ့ ဟိုဒီကြည့်ရင်း၊ ဧည့်လမ်းညွှန် ရှင်းပြတာနားထောင်ရင်း ပျော်နိုင်ဖို့ဆိုတာ အိပ်မက်တောင် မက်ခဲ့ကြမယ် မထင်ပါဘူး၊ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်ရက်တွေမှာ မဆုံးတဲ့ ကမ်းတက်တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ဆင်နွှဲရင်း ဒီလို amphibious vehicles တွေဟာ သွေးညှီနံ့တွေနဲ့ စွန်းပေ၊ နံစော်နေခဲ့မှာ အသေအချာပါ၊ ကျနော်တို့ စီးခဲ့တဲ့ ကားကကော.. ကမ်းတက်တိုက်ပွဲ တစ်ခုခုမှာ ပါခဲ့ဖူးသလား? ရန်သူ့ကျည်သင့်ပြီး ဟောဒီကားပေါ်မှာပဲ အဆုံးသတ်သွားကြတဲ့ ဘဝတွေကော.. ဘယ်နှခုများ ရှိခဲ့သလဲ? တချိန်တုန်းက မှုန်မှိုင်းမှိုင်း စစ်ရောင်နဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ city tour ကားတွေတဖြစ်လဲ အဝါရောင်တောက်တောက် ကမ်းတက်ယာဉ်တွေရဲ့ သမိုင်းဆိုင်ရာ တန်ဖိုးကို မမှီမကမ်းနဲ့ ကျနော် လှမ်းပြီး ခံစားကြည့်နေမိတယ်..၊


၂၀၁၂ ရဲ့နောက်ဆုံးရက်မှာ ကျနော်တို့ သဘာဝသမိုင်း ပြတိုက်ကိုလည်း သွားဖြစ်ခဲ့သေးတယ်၊ ဒီပြတိုက်ကလည်း အခမဲ့ပါပဲ...၊


ဒီပြတိုက်ကို လာရတဲ့ အဓိကအကြောင်းက သားကို ဒိုင်နိုဆောပြခန်းဆီ လိုက်ပို့ဖို့ပါ၊ သူက လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး ဒိုင်နိုဆောတွေကို အတော်လေး စိတ်ဝင်စားနေတယ်၊ ဒီပြတိုက်မှာ ရှားရှားပါးပါး ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုတွေ ရှိပါတယ်၊ ဒိုင်နိုဆောပြခန်းထဲဝင်ဖို့ လူတွေအများကြီး တန်းစီနေပေမယ့် ကျနော်တို့က အွန်လိုင်းကနေ reservation လုပ်ထားခဲ့လို့ ချက်ချင်းပဲ ဝင်ခွင့်ရခဲ့တယ်၊


သားကို ဝယ်ပေးထားတဲ့ ဒိုင်နိုဆောစာအုပ်တွေကို သူနဲ့အတူ လိုက်ဖတ်ရင်း ကျနော် သူ့အရွယ်က ဒိုင်နိုဆောအကြောင်း ဘယ်လောက်များ သိသလဲလို့ ပြန်စဉ်းစားကြည့် မိတယ်၊ ဒါပေမယ့် သိပ်တောင် မစဉ်းစားလိုက်ရ ပါဘူး၊ ကျနော်သိတာက ဘာမှ,မှ မရှိဘဲကိုး၊း) ဒိုင်နိုဆောရဲ့ မျိုးကွဲ၊ မျိုးစိတ် နာမည်လေး တစ်ခုတောင်မှ မသိခဲ့ဘူး၊ ကျနော့်ရဲ့ ကလေးဘဝထဲမှာ မှတ်မိနေခဲ့တဲ့ တစ်ခုတည်းသော ဒိုင်နိုဆောကတော့ သဘာဝသမိုင်းပြတိုက် အနောက်က ဒိုင်နိုဆော ကျောက်ရုပ်ကြီးတစ်ခုပဲ ရှိတယ်၊ အခု ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ရဲ့ ဥယျာဉ်ထဲက အကောင်ကြီးပေါ့...၊


သားကတော့ Triceratops, Diplodocus, Velociraptor စတဲ့ သူကြိုက်တဲ့ မျိုးကွဲတချို့ရဲ့ နာမည်တွေကို အလွတ်ရ နေတယ်၊ ကျနော်ခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ Jurassic Park ရုပ်ရှင်မှာပါတဲ့ ဒိုင်နိုဆောတွေ နေခဲ့တဲ့ Jurassic period လောက်ကိုပဲ သိနေချိန်မှာ သားက တခြား period နှစ်ခုဖြစ်တဲ့ Triassic နဲ့ Cretaceous ဆိုတဲ့ နာမည်တွေကိုပါ ကျနော့်ကို ပြန်ပြောပြ တတ်တယ်၊ အမှန်တော့လည်း ဒါဟာ ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ပဲ ကျနော် ယူဆပါတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက ဒိုင်နိုဆောနဲ့ ပတ်သက်တာ ဘာဆိုဘာမှ မရှိဘူး၊ အိမ်မှာကော၊ ကျောင်းမှာကော ဘယ်သူကမှ၊ ဘာမှ မပြောပြခဲ့ ကြဘူး၊ ဆိုတော့ ကလေးတွေကလည်း စိတ်ဝင်စားရကောင်းမှန်း မသိကြတော့ဘူးပေါ့၊ ဒီမှာတော့ ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဒိုင်နိုဆောအကြောင်း အကုန်ရှိတယ်၊ ကစားစရာ၊ စာအုပ်၊ ကာတွန်း၊ ဒီဗီဒီ၊ ဥာဏ်စမ်း၊ ကလေးပြတိုက်.. အစုံပါပဲ၊ အခုလက်ရှိ မြန်မာနိုင်ငံက ကလေးတွေမှာ အထွေထွေဗဟုသုတ ရှာမှီးဖို့ အခွင့်အလမ်း ပိုများလာသလားတော့ မသိပါဘူး၊ ပွင့်လင်းလာတဲ့ အခြေအနေတစ်ရပ်အောက်မှာ ကလေးတို့ ကံကောင်းပါစေလို့ပဲ ကျနော် ဆုတောင်းပါတယ်...၊


တလောက ဆရာမဂျူးရဲ့ ဝတ္ထုတစ်ခုထဲမှာ ပါတဲ့ဇတ်ကောင်က အဲဒီလို အထွေထွေဗဟုသုတကို စိတ်ဝင်စားတဲ့အကြောင်း ဖွဲ့ထားတာ ဖတ်လိုက်ရတယ်၊ ဥပမာ-မိုးက ဘယ်လိုကြောင့် ရွာတာလဲ? ဒိုင်နိုဆောတွေက ဘယ်လိုမျိုး မျိုးတုန်းပျောက်ကွယ် သွားတာလဲ? စသဖြင့်ပါ၊ အဲဒါလေး ဖတ်ရတုန်းက ကျနော်လည်း ဒိုင်နိုဆောတွေ ဘယ်လိုမျိုး သေသွားတာလဲလို့ ပြန်စဉ်းစား ကြည့်တယ်၊ ဟိုလိုလို၊ ဒီလိုလိုနဲ့ သိသလိုလို၊ မသိသလိုလို...၊ အခုမှပဲ ဆရာမခက်မာ ပြောတဲ့ 'သားနှင့်အတူ သင်ယူခြင်း' အစစ်ပါပဲ၊း) သားက ကျနော်တစ်ခါက ဖတ်ပြဖူးတဲ့ ကိန်းဂဏန်းလေး တစ်ခုကို အသေမှတ်ထားတယ်၊ 'လွန်ခဲ့သော နှစ်သန်းပေါင်း ၆၅ နှစ်'...၊ ဒိုင်နိုဆောတွေ မျိုးတုန်းခဲ့ချိန်ပါ...၊


ဒါကတော့ သားရဲ့ ဖေးဘရိတ် ဒိုင်နိုဆောပါ...၊ T-rex လို့လည်းခေါ်ကြတဲ့ Tyrannosaurus rex ပါ၊ ဒိုင်နိုဆောတွေထဲမှာ အသန်မာဆုံး၊ အကြမ်းတမ်း၊ အရက်စက်ဆုံး၊ ကြောက်စရာ အကောင်းဆုံး အကောင်...၊


ဒီ ရုပ်ရှင်ပိုစတာလေး တွေ့တော့ သူကြိုက်တဲ့ ဒီဗီဒီမို့လို့ သားက ဝမ်းသာအားရ ထ,အော်တယ်...၊း)


ဒိုင်နိုဆောပြခန်း ပြီးတော့ ငါးပြတိုက်ဖက်ကို ခဏလေး သွားဖြစ်တယ်၊ အဲဒီမှာလည်း ငါးသလဲထိုးလောက်က စပြီး ဝေလငါးအထိ ကြည့်စရာ၊ လေ့လာစရာတွေ အများကြီးပါပဲ...၊


သဘာဝသမိုင်း ပြတိုက်က ကြီးလွန်းလို့ ကျနော်တို့ မရောက်နိုင်ခဲ့တဲ့ အခန်းတွေ အများကြီးပါပဲ၊ အခန်းစေ့ အေးအေးဆေးဆေး ကြည့်မယ်ဆိုရင် အိမ်ကနေ ထမင်းဘူးနဲ့ တစ်နေကုန်လာမှပဲ ဖြစ်မှာပါ၊ လူတွေလည်း များသထက် များလာတာနဲ့ ကျနော်တို့ အဲဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ တော့တယ်...၊


ဒိုင်နိုဆောတွေအကြောင်း 3D ရုပ်ရှင်လေး တစ်ခုလည်း ဝင်ကြည့်ဖြစ်ခဲ့ပါတယ်၊ ကွန်ပြူတာ effects တွေ နိုင်နိုင်နင်းနင်း သုံးထားလို့ အတော်လေး ကြည့်လို့ကောင်းတဲ့ မှတ်တမ်းရုပ်ရှင် တစ်ခုပါ၊ ကြီးမားလွန်းတဲ့ ဒိုင်နိုဆောတွေ အကြောင်းပြတဲ့ ရုပ်ရှင်မို့လားတော့ မသိဘူး၊ ဒီလောက်ကြီးတဲ့ 3D မျက်မှန်ကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်...၊း)

ဒီ ခရီးသွားဆောင်းပါးကို အပိုင်းတွေအများကြီး မခွဲချင်လို့ ဒီပို့စ်မှာတော့ ပုံတွေအတော်များများ တင်ဖြစ်သွားပါတယ်၊ ကြည့်ရတဲ့သူ၊ ဖတ်ရတဲ့သူတွေတော့ 'ဟုံ' သွားပြီလား မဆိုနိုင်ဘူး၊း) ဘယ်လိုပဲဖြစ်ဖြစ် ဒီအဆုံးထိ ရောက်အောင် ဖတ်ခဲ့၊ ကြည့်ခဲ့တာကိုပဲ ကျေးဇူး တင်ပါတယ်၊ ရှေ့တစ်ပုဒ်မှာ အဆုံးသတ်ပါတော့မယ်...။ ။


ညီလင်းသစ်
၂၂ ဇန်နဝါရီ၊ ၂၀၁၃

15 January 2013

ဘိလပ်မြို့တော်သို့...


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျနော်တို့မိသားစု လန်ဒန်ကို သွားဖြစ်ခဲ့ပါတယ်၊ ဒီခရီးက ကျနော့်အတွက် ၃ ကြိမ်မြောက် ဖြစ်ပေမယ့် သားအတွက်ကတော့ ပထမဦးဆုံးအကြိမ် ဖြစ်လို့ သူက အတော်လေးကို တက်ကြွနေတယ်၊ အခုတလော သူကြည့်လေ့ရှိတဲ့ Cars 2 တို့၊ Flushed Away တို့လို ကာတွန်းကားတွေက တဆင့် လန်ဒန်ကို တစွန်းတစ မြင်ဖူးနေလို့လည်း ဒီခရီးက သူ့အတွက် အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေခဲ့တယ်၊ မသွားခင်ကတည်းက ဘစ်ဘင်န်တို့၊ သိမ်းမြစ်တို့ကို ပါးစပ်ဖျားကနေ မချဘူး...၊




လူအများဆုံး စီးကြတဲ့ Low-cost လေကြောင်း EasyJet နဲ့ပဲ သွားပါတယ်၊ နှစ်ခါစီးရင် တစ်ခါနောက်ကျလေ့ ရှိတဲ့လေယာဉ်က ဒီတစ်ခေါက် ထူးထူးခြားခြား အချိန်တွေဘာတွေ မှန်လို့..၊း) EasyJet က အချိန်မမှန်စဖူး မှန်တဲ့အခေါက်မှာမှ အချိန်မှန်လေ့ရှိတဲ့ လန်ဒန် Underground ရထားတွေက ကမောက်ကမ ဖြစ်တာနဲ့ ကြုံရတော့တယ်၊ ဖြစ်ပုံက ဒီလိုပါ...၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ယူကေမှာ ရုံးပိတ်ရက်ဖြစ်တဲ့ Boxing day ပါ၊ အဲဒီနေ့ဟာ နှစ်ကုန်လျှော့ဈေး year-end sales ရဲ့ ပထမဦးဆုံး ရက်လည်း ဖြစ်ပါတယ်၊ ဆိုတော့ လူတကာတွေ အနားယူကြ၊ ဈေးဝယ်ထွက်ကြချိန်မှာ Underground ရထားမောင်းသူတွေက အလုပ်ဆင်းနေရလို့ အဲဒီနေ့အတွက် လုပ်ခပိုတောင်းတယ်၊ ဒါပေမယ့် သူတို့တောင်းတာကို အစိုးရက မလိုက်လျောပါဘူး၊ ဒါနဲ့ပဲ ရထားမောင်းသူ အများစုက အလုပ်မဆင်းဘဲ သပိတ်မှောက်ကြလို့ ရထားတွေ ပျောက်ကုန်တာပါ၊ ထွက်တဲ့ရထားကလည်း လေးငါးဘူတာလောက် ခရီးတိုလေးတွေကိုပဲ နာရီဝက်မှ တစ်ခါလောက် ဆွဲပေးတယ်၊


ဒီတော့ လျှော့ဈေးလိုက်ဝယ်တဲ့ လူတွေက အုံနဲ့ကျင်းနဲ့၊ စီးရမယ့်ရထားက တစ်စင်းနှစ်စင်း၊ အဲဒီအထဲမှာမှ ကျနော်တို့က အိမ်မရောက်နိုင်သေးဘဲ အထုပ်တွေ အပိုးတွေနဲ့...၊ လန်ဒန်ရဲ့ မြေအောက်ရထား ဘူတာရုံတွေထဲက တွန်းတွန်းတိုက်တိုက် ကြိုဆိုမှုတွေထဲမှာ ကျနော်တို့ရဲ့ အသက်ရှူသံတွေ ပြင်းထန်နေခဲ့တာပေါ့၊ ဆွစ်ဇာလန်ကနေ လန်ဒန် Gatwick လေဆိပ်ကို ၁ နာရီခွဲပဲ ကြာပါတယ်၊ ဒါပေမယ့် လေဆိပ်ကနေ တည်းခိုတဲ့အိမ်အထိ ၃ နာရီခွဲတောင် ကြာသွားတယ်၊ ရထားငါးစင်းလောက် ပြောင်းစီးနေခဲ့ ရတာကိုး...၊


နောက်တစ်နေ့မှာတော့ Regent လမ်းမကြီးပေါ်မှာ လျှောက်ရင်းနဲ့ Hamleys ကလေး ကစားစရာဆိုင်ကို သွားဖြစ်တယ်၊ သားရဲ့ ပြီးခဲ့တဲ့ မွေးနေ့တုန်းက ကျနော်တို့က ဘာမှအထွေအထူး မဝယ်ပေးဘဲ လန်ဒန်ရောက်တဲ့အခါမှ သူဝယ်ချင်တာ ဝယ်နိုင်အောင် ပိုက်ဆံစုပေးထားတယ်၊ အဲ့ဒါအပြင် နိုဝင်ဘာလမှာ ကျနော်တို့နေတဲ့ မြို့ကလေးမှာ ကစားစရာရောင်းပွဲလေး တစ်ခုရှိတယ်၊ မလိုချင်တော့တဲ့ သူတို့ရဲ့ ကစားစရာ အဟောင်းလေးတွေကို ကလေးတွေကိုယ်တိုင် ရောင်းကြတဲ့ ပွဲလေးပါ၊ ဈေးက မများပါဘူး၊ မနက်ခင်းလေး တစ်ခုမှာ အလွန်ဆုံး ငါးကျပ်၊ တစ်ဆယ်လောက်နဲ့ ရောင်းကြတယ်၊ အဲဒီပွဲမှာ သားကလည်း သူ့ကစားစရာ တချို့ကို သွားရောင်းပြီး ရတဲ့ပိုက်ဆံလေး နည်းနည်းကိုလည်း စုထားတယ်၊ သူ လန်ဒန်ကို လာချင်တဲ့အကြောင်းထဲမှာ အဲဒီ ပိုက်ဆံတွေကို သုံးချင်တာလည်း ပါတယ်၊ အဲဒါကြောင့် တခြားဘာမှမလုပ်ခင် သူ့ကို ကစားစရာဆိုင်ကိုပဲ အရင်ပို့ပေးလိုက်တာပါ..၊ အဲဒါမှ ကျနော်တို့လည်း နားအေးမှာ မဟုတ်လား...၊း)


ရီးဂျင့်လမ်းမကြီးကတော့ မီးတွေထိန်ပြီး လူတွေနဲ့ စည်ကားလို့ပေါ့၊ လမ်းလယ်ခေါင်က မီးဆိုင်းကြီးတွေမှာ အခုလို စာတန်းမျိုးတွေ အများကြီး ချိတ်ထားတယ်၊ ကျနော်က စာသားလေးကို သဘောကျနေခဲ့တာ..၊ ချည်ပြီးတုပ်ပြီးဆိုတာ ဒါပဲနေမှာပဲ၊း) ကဲ... ရောင်းရင်းတို့၊ ခင်ဗျားတို့ရဲ့ အချစ်ဟာ စစ်တယ်လို့ သေချာရင် ပိုက်ဆံအိတ်ကိုသာ လက်လှမ်းလိုက်တော့..၊း)


လူတွေ၊ လူတွေဆိုတာ နေရာတိုင်းမှာပါပဲ၊ ညရောက်လည်း ဒီလိုပဲ တွန်းတွန်းတိုက်တိုက်နဲ့ သွားနေကြတယ်၊ အရင်အခေါက်တွေ တုန်းက ကျနော် မှတ်မိသလောက် အခုလောက် လူမများသလိုပဲ၊ ဈေးသည်၊ ဈေးဝယ်တွေထဲမှာ မျောပါရင်း ဘာမှန်းမသိဘဲ ကျနော် မောနေမိတယ်...၊


ညပိုင်းမှာ ဘီဘီစီ အသံလွှင့်ဌာနကိုလည်း ရောက်ဖြစ်ခဲ့ပါတယ်၊ အဆောက်အဦးရှေ့က ရင်ပြင်မှာ စပီကာတွေ မြှုပ်ထားပြီးတော့ ဘာသာစကား ပေါင်းစုံနဲ့ ရေဒီယို အစီအစဉ်တွေကို လွှင့်ပေးနေတာ သတိထားမိတယ်...၊


အသံလွှင့်ဌာန ဆိုတော့ အထပ်တိုင်းက စားပွဲတိုင်းမှာ လူတစ်ယောက်ကို ကွန်ပြူတာ မော်နီတာ နှစ်ခုသုံးခုနဲ့ အသံတည်းဖြတ် ပြင်ဆင်နေကြတယ်၊ မြန်မာပိုင်း အစီအစဉ်ဌာနကို ခဏတဖြုတ် ရောက်တော့ အဲဒီနေ့ ဂျူတီကျတဲ့ ဝန်ထမ်းတွေက ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်ကြပါတယ်၊


အထပ်တိုင်းက စတူဒီယို သေးသေး၊ ကြီးကြီးတွေမှာ ရုပ်သံလွှင့်တာရော၊ အသံလွှင့်တာရော ဖြတ်သွားဖြတ်လာ တွေ့ခဲ့ရတယ်၊ အချိန်သာ ရခဲ့မယ်ဆိုရင် အဲဒီမှာ အသံသွင်းတဲ့ စနစ်နဲ့ ဆော့ဖ်ဝဲအသုံးပြုပုံကို ကျနော် အနီးကပ် လေ့လာချင်မိတယ်၊ ရုပ်သံ ဌာနကြီးတွေရဲ့ Video editing protocol ကို ကျနော်တကယ်ပဲ စိတ်ဝင်စားပါတယ်၊ အခုကတော့ ခရီးသွားဟန်လွဲမို့ ဘာမှ မသိနိုင်ခဲ့ပါဘူး...၊


ဒီတစ်ခေါက်လန်ဒန်မှာ ဟိုးအရင်ကလို နှစ်ထပ်ဘတ်စ်ကားအို အနီကြီးတွေ အတွေ့ရ နည်းသွားတယ်၊ နောက်ပေါက်ကနေ တွယ်စီးလို့ရသလို အပေါ်တက်တဲ့ လှေကားကလည်း အနောက်ဖက်မှာပဲ ရှိတဲ့ ဘတ်စ်ကားအိုကြီးတွေ...၊ အဲဒီကားကြီးတွေကို တွေ့ရင် ကျနော်တို့ဆီက စစ်ကျန် ချက်ပလက် ဗိုက်ပူကြီးတွေကို သတိရမိတယ်၊ အခုတော့ အိုလံပစ်ရဲ့ ကျေးဇူးကြောင့်လားတော့ မသိဘူး၊ ဘတ်စ်ကားတွေ အများစုက အသစ်တွေဖြစ်နေတာ သတိထားမိပါတယ်...၊ လန်ဒန်ဟာ သယ်ယူပို့ဆောင်ရေး ယာဉ်ခတွေ ဈေးကြီးတဲ့ မြို့လို့ဆိုရမှာပါပဲ၊ ဒီတစ်ခေါက်မှာတော့ Oyster card လို့ခေါ်တဲ့ top-up card တစ်မျိုးရှိလို့ နည်းနည်း တော်သေးတယ်၊ အဲဒီကဒ်နဲ့ ပေးရင် ပုံမှန်ထက် ဈေးသက်သာသလို ကဒ်ထဲကိုလည်း ပိုက်ဆံလိုသလောက် ထပ်ဖြည့်လို့ ရပါတယ်၊


နောက်တစ်ရက်မှာ သိပ္ပံပြတိုက်ကိုလည်း ရောက်ခဲ့တယ်၊ လန်ဒန်မှာ ပြတိုက်တော်တော်များများ အခမဲ့ ကြည့်ခွင့်ရတာကို ကျနော် သဘောကျမိတယ်၊ ပြတိုက် အဆောက်အဦးတွေက ခမ်းနားသလို အထဲမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကလည်း အတော်လေး စုံလင်ကြတယ်၊ ဒီပြတိုက်မှာတော့ ဓါတ်ပုံသိပ်မရိုက်ဖြစ်ပေမယ့် အပေါ်ပုံက တယ်လီဖုန်း မိသားစုကို သဘောကျလို့ ရိုက်ခဲ့တယ်၊ ၁၉ ၈၇ ကနေ ၁၉ ၉ ၇ အတွင်းမှာ သုံးခဲ့ကြတဲ့ ဖုန်းတွေပါ၊ စကားပြောဖို့ သက်သက်ကလွဲပြီး ကျန်တာမရတဲ့ တကယ့်တယ်လီဖုန်း စစ်စစ်တွေ...၊း)


အဲဒီ သိပ္ပံပြတိုက်ကို သွားတာက အဲဒီမှာပြတဲ့ 4D iMax ဒိုင်နိုဆော မှတ်တမ်းရုပ်ရှင်ကို သားကို ပြဖို့အတွက်ပါ၊ ရုပ်ရှင်ပြဖို့ အချိန်စောနေ သေးတာနဲ့ ဟိုဒီလျှောက်ရင်း အာကာသပြခန်းထဲကို ရောက်သွားတယ်၊ လပေါ်ကို ဆင်းခဲ့တဲ့ အပိုလို ၁၁ ရဲ့ အာကာသ ယာဉ်မှူး ဝတ်စုံဆိုပဲ၊ ဟုတ်မှာပါ၊ ဦးထုပ်ရဲ့ ပြဒါးသုတ်ထားတဲ့ မှန်က ဒီလိုတည့်တည့်ကြည့်တော့ ထမင်းဆီဆမ်းထည့်တဲ့ ရွှေလင်ပန်းနဲ့ တူသလိုလို၊ အင်း.. ဒါဆို အဖြူရောင်ဝတ်စုံက ယုန်ကလေးနဲ့ အရောင်တူနိုင်သလို ဒီလက်အိတ်တွေနဲ့ ဆန်ဖွပ်တဲ့ ကျည်ပွေ့ကို ကိုင်ရင်လည်း အတော်သက်သာမှာ၊ အခုဆို အဖိုးလည်း မောလောက်ရောပေါ့...၊း)


ဒီပုံက ပစ္စည်းနှစ်ခုဟာ ဘာလို့ထင်ပါသလဲ? အဲဒါ အာကာသယာဉ်မှူးတွေ ဝတ်လေ့ရှိတဲ့ အာကာသအနှီး space diapers ပါ၊း) ဒီလို diapers တွေကို အရေးကြီးတဲ့ operation လုပ်နေချိန်တွေမှာ ဝတ်တတ်သလို စကြာဝဠာထဲထွက်ပြီး တိုင်းတာရေး လုပ်နေတဲ့ အခါတွေမှာလည်း ဝတ်ရပါတယ်-တဲ့၊ ဒါကိုကြည့်ပြီးလည်း ကျနော့်မှာ သဘောတွေ ကျနေပြန်ရော..၊း) စကား တတ်ကာစ ကလေးရဲ့အဖေ အာကာသယာဉ်မှူး ဆိုရင်တော့ သူ့သားက 'အဖေ့အလုပ်က အင်မတန်ခက်ခဲတဲ့ အာကာသယာဉ်မှူးသာ ဆိုတယ်၊ အခုထိ သားလိုပဲ diapers ဝတ်တုန်း...' လို့များ အပြောခံရမလား မသိ...၊း)


အဲဒီနားမှာပဲ လကမ္ဘာပေါ်ကို အပိုလိုယာဉ်နဲ့ သင်ကိုယ်တိုင် လိုက်သွားရတဲ့ ရှားရှားပါးပါး အတွေ့အကြုံကို 4D ရုပ်ရှင်နဲ့ မြည်းစမ်းလှည့်ပါ၊ ဘာညာနဲ့ ကြော်ငြာထားတာ တွေ့တာနဲ့ ဝင်ကြည့်ကြပြန်တယ်၊ ဒါကတော့ အခမဲ့ မဟုတ်ပါဘူး၊ လက်မှတ်တစ်စောင် ၆ ပေါင် ပေးရပါတယ်၊ ပဏာမအနေနဲ့ သာမာန်ပိတ်ကားပေါ်မှာ အပိုလို ၁၁ ရဲ့ သမိုင်းကြောင်းနဲ့ လပေါ်ကို ဆင်းခဲ့တဲ့ အတွေ့အကြုံ တွေကို ပြတယ်၊ ပြီးတော့မှ နောက်ထပ်အခန်း တစ်ခုထဲမှာ 3D မျက်မှန်တွေနဲ့ ကြည့်ရတဲ့ လပေါ်ကိုဆင်းတဲ့ simulation ရုပ်ရှင်လေးတစ်ခု ပြပါတယ်၊ 4D ရုပ်ရှင်တို့ထုံးစံ ထိုင်နေတဲ့ ခုံတန်းတွေလှုပ်၊ နောက်မှီက လေတွေ၊ မီးခိုးတွေထွက်လာ.. စသဖြင့် ပေါ့လေ၊ ဒါပေမယ့် ရယ်စရာကောင်းတာက နာမည်ကျော် Science museum ကြီးက အပိုလိုခရီးစဉ် 4D ရုပ်ရှင်က ဂျာမနီမှာ ရှိတဲ့ Europa Park ကစားကွင်းက 4D ရုပ်ရှင် ကာတွန်းကားတွေလောက်တောင် effect ကို မနိုင်တာပါပဲ...၊း) နည်းနည်းလေး မညှာမတာ ပြောရရင် အပိုလိုအာကာသယာဉ်ပေါ် ထိုင်လိုက်သွားရတဲ့ ဖီလင်ထက် တချိန်တုန်းက ရန်ကုန်မှာ ပြေးဆွဲခဲ့တဲ့ ၂ စီးတွဲ ဘတ်စ်ကားတွေရဲ့ နောက်တွဲမှာ ထိုင်စီးရတဲ့ ဖီလင်နဲ့ ပိုတူတယ်၊း) အဲ... ခုန်တဲ့၊ တုန်တဲ့ နေရာမှာ အပိုလို ၁၁ က မြန်မာပြည်က ၂ စီးတွဲယာဉ်နဲ့ အတူတူပဲ ဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ...၊


ပြတိုက်က ထွက်လာတော့ နာမည်ကျော် Big Ben ဆီကို ဆက်သွားပါတယ်၊ လေဆိပ်ကထွက်ကတည်းက ဟိုဆရာလေးက Big Ben ဘယ်မှာလဲလို့ တချိန်လုံး မေးနေတာကြောင့်လည်း ပါ,ပါတယ်၊ သူကြည့်ဖူးတဲ့ Cars 2 ကာတွန်းရုပ်ရှင်ထဲမှာ ကားရုပ်ဆိုးလေး Mater ကို Big Ben ပေါ်က နာရီဘီးတွေမှာ လူဆိုးတွေက ကြိုးတုပ်ပြီး ဖမ်းထားတဲ့ အခန်းပါတယ်လေ..၊း) သားက သူလည်း အဲဒီ ကားရုပ်ဆိုးလေးလို နာရီစင်ကြီးပေါ် တက်ရမယ်လို့ အောက်မေ့နေတာကိုး...၊ ကျနော် စုံစမ်းကြည့်ရသလောက် Big Ben ပေါ်တက်ဖို့က ဗြိတိန်နိုင်ငံသား ဖြစ်ရမယ့်အပြင် MP တစ်ယောက်ယောက်ရဲ့ ဖိတ်ကြားခံရသူလည်း ဖြစ်ရပါ့မယ်၊ ဒါတောင်မှ သတ်မှတ် ရက်တွေမှာပဲ တက်ခွင့်ရှိတာပါ၊ အရင်တုန်းက Clock Tower လို့ ခေါ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဘုရင်မကြီးရဲ့ စိန်ရတုနန်းသက် အထိမ်းအမှတ်က စပြီးတော့ Elizabeth Tower လို့ တရားဝင် အမည်သတ်မှတ် လိုက်ပါတယ်၊

နာရီစင်ကြီးက နာရီကို မော့ကြည့်လိုက်တော့ ညနေ သုံးနာရီ ငါးမိနစ်...၊ ညနေ သုံးနာရီတွေမှာ တစ်ခုခုဖြစ်တတ်တဲ့၊ ညနေ သုံးနာရီတွေကို စွဲလမ်းတတ်တဲ့၊ ညနေ သုံးနာရီအကြောင်းကို အက်ဆေးလှလှလေး တစ်ပုဒ် ရေးဖူးတဲ့ ဘလော့ဂါအစ်မ တစ်ယောက်ကို ဖြတ်ကနဲ သတိရလိုက် မိတယ်...၊း)


Houses of Parliament ကတော့ ဘူဇွာတွေ၊ မြေရှင်တွေ၊ ခေတ်ပြောင်းတော်လှန်ရေး၊ စက်မှုတော်လှန်ရေး၊ ခရူးဆိတ် စစ်ပွဲ၊ ကပ်ရောဂါ ပေါင်းစုံ၊ ငတ်မွတ်ခေါင်းပါးမှု၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ တိုးတက်ထွန်းကားလာမှု... စတာတွေ အားလုံးကို မြင်ခဲ့၊ ကြားခဲ့၊ ဖြတ်သန်းခဲ့ရမှာ သေချာပါတယ်၊ လန်ဒန်ရဲ့ နာမည်ကျော် မှုန်မှိုင်းမှိုင်း ကောင်းကင်အောက်မှာ စကားပြောချင်စိတ် ကုန်ခန်းသွားတဲ့ အဖိုးအို တစ်ယောက်လို ငုတ်တုတ်...၊


မြစ်တဖက်ကမ်းက London eye...၊ ဒီဓါတ်ပုံလေးရဲ့ အလင်းအမှောင်ကို အထိုက်အလျောက် စိတ်တိုင်းကျမိပါတယ်၊ အဲဒီနေ့က လန်ဒန်ရဲ့ထုံးစံ မိုးတွေအုံ့ပြီး ရာသီဥတု ဆိုးနေပေမယ့် ကံကောင်းချင်တော့ လမ်းမီးတွေကို ဖွင့်လိုက်တဲ့ အချိန်နဲ့ ကြုံကြိုက်သွားခဲ့တယ်၊ အဲ... ကံဆိုးချင်တော့ လိုချင်တဲ့ frame ရအောင် ဘယ်လိုမှ မရိုက်နိုင်ခဲ့ဘူးဗျာ..၊ ဝက်စမင်စတာ တံတားပေါ်မှာ လူတွေ၊ လူတွေဆိုတာ.. တကယ့်ကို ကြိတ်ကြိတ်တိုး၊ လန်ဒန်တစ်မြို့လုံးက လူတွေ ဒီတံတား တစ်ခုတည်းပေါ်များ ရောက်နေသလားတောင် ထင်ရတယ်၊ အဲဒီလောက် လူတွေများတဲ့ တံတားပေါ်မှာ ဖဲသုံးချပ်လိုမျိုး ကစားသမားတွေကလည်း အကျအနကို ထိုင်ပြီး စီးပွားဖြစ်နေကြ သေးတယ်...၊ ဘော်လုံးသေးသေးလေး တစ်လုံးကို သစ်သားမီးခြစ် ဘူးခွံသုံးခုနဲ့ တလှည့်စီအုပ်ပြီး ဘယ်ဘူးထဲမှာ ရှိသလဲလို့ ခန့်မှန်းရတဲ့ ငွေထိုးငွေလျော် ကစားနည်းပါ၊ ဝိုင်းမြှောက်ပေးတဲ့ ဒလန်တွေ ကြားထဲမှာ ထိုးသားတွေ တရုန်းရုန်းနဲ့ မြန်မာပြည်က ဘုရားပွဲဈေးအလား အောက်မေ့ရတယ်၊

ဆိုတော့ ဟိုလူက တွန်းသွားလိုက်၊ ဒီလူက တိုက်သွားလိုက်နဲ့ ကြားထဲမှာ ဒီအလင်းအမှောင်လေးကို မိလိုက်အောင် မနည်းရိုက်ခဲ့ရတယ်..၊ တကယ်ဆို တံတားနဲ့၊ အောက်ဖက်က သိမ်းမြစ်နဲ့၊ လမ်းမီးတိုင် အပြည့်အစုံနဲ့ဆို ပိုကောင်းမှာပေါ့..၊ အခုတော့ လမ်းပေါ်က လူတွေမပါအောင် ခေါင်းတွေပေါ်က ကျော်ရိုက်ရင်း ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရတော့တယ်...၊း)

(ထူထူထဲထဲ အနွေးထည်တွေဝတ်ပြီး ကျနော်နဲ့အတူ အပိုင်း ၂ ကိုလည်း ဆက်လိုက်ခဲ့ပါဦး...နော)းD


ညီလင်းသစ်
၁၅ ဇန်နဝါရီ၊ ၂၀၁၃

06 January 2013

အသံလှိုင်းများထဲက ကတ်ကြေးတစ်ကိုက်


အားလုံးပဲ မင်္ဂလာပါခင်ဗျာ...၊

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ၂၀၁၃ ရဲ့ ဟောဒီ ပထမဆုံး ပို့စ်လေးနဲ့အတူ အသစ်တဖန် ပြန်ပြီး ဆုံတွေ့ခွင့်ရလို့ ဝမ်းမြောက်မိပါတယ်၊ နှစ်သစ်အကူးအပြောင်းကိုလည်း ပျော်ရွှင်စွာ၊ တိတ်ဆိတ်စွာ၊ ငြိမ်းချမ်းစွာ၊ ဆူညံပေါက်ကွဲစွာ၊ ပြည့်အင့်စွာ၊ ဆာလောင်စွာ.. စသဖြင့် တနည်းနည်းနဲ့ ဖြတ်သန်းခဲ့ကြမယ်လို့လည်း မျှော်လင့်ပါတယ်၊း) ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၃ ကတော့ ရွက်တွေကို လွှင့်တင်လို့ ကမ်းကနေ ခွာခဲ့ပါပြီ...၊

ကျနော်တို့ မိသားစုကတော့ အရင်ပို့စ်ထဲမှာ ပြောထားခဲ့သလို ၂၀၁၃ ကို လန်ဒန်ကနေ နှုတ်ခွန်းဆက်ခဲ့ကြ ပါတယ်၊ ယေဘုယျအားဖြင့် အားလုံးအဆင်ပြေတယ်လို့ပဲ ဆိုကြပါစို့၊း) လန်ဒန်မှာ နေခဲ့တဲ့ ရက်တွေနဲ့ ပတ်သက်လို့ ပြောစရာ စကားတွေ၊ ပြစရာ ဓါတ်ပုံတွေလည်း အတန်အသင့် ပါလာခဲ့ပါတယ်၊ နောက်လာမယ့် ပို့စ်မှာ လန်ဒန်သွားတောလားကို တင်ဆက်ဖြစ်မယ့် အကြောင်းလည်း တပါတည်း ပြောပါရစေဗျာ...၊း)

ကျနော် လန်ဒန်မှာ ရှိနေစဉ်အတွင်းမှာ ဆရာမမေငြိမ်းက ရသစာအုပ်စင် ကဏ္ဍကနေ ကျနော့်ရဲ့ 'ကတ်ကြေးတစ်ကိုက်' ဆိုတဲ့ ဝတ္ထုတိုလေးကို ဆန်းစစ်သုံးသပ်ပြီး ထုတ်လွှင့်ခဲ့ပါတယ်၊ ၂၇ ဒီဇင်ဘာ မနက်နဲ့ ၂၉ ဒီဇင်ဘာ ညတို့မှာ လွှင့်သွားခဲ့တာပါ၊ ဒီဝတ္ထုလေးက 'သက်တံ့ဆယ်စင်း' စာအုပ်ထဲမှာ ပါခဲ့တဲ့ ဝတ္ထုလေးပါ၊ မဖတ်ရသေးတဲ့ သူတွေအတွက် အဲဒီ 'ကတ်ကြေးတစ်ကိုက်' ကို ဘလော့ဂ်မှာ တင်ပေးဖို့ အစီအစဉ်လည်း ရှိပါတယ်၊ အဲဒါမတိုင်ခင်မှာ စာမြည်းအနေနဲ့ ဇော်ဝင်းထွဋ်ရဲ့ 'မျိုးဆက်သစ်သီချင်း' နောက်ခံနဲ့ ဆရာမမေငြိမ်းရဲ့ လက်ရာလေးကို ခံစားကြည့်စေချင် ပါတယ်၊

၂၀၁၃ ဟာ မိုးပျံပူဖောင်းတစ်လုံးလို့ ဆိုကြပါစို့၊ အဲဒီမိုးပျံပူဖောင်းကို အသံလှိုင်းများထဲက ကတ်ကြေးတစ်ကိုက်နဲ့အတူ ဖြတ်တောက်၊ လွှတ်တင်ပြီး စ,လိုက်ပါရစေဗျာ...။ ။




ညီလင်းသစ်
၆ ဇန်နဝါရီ၊ ၂၀၁၃