06 January 2013

အသံလှိုင်းများထဲက ကတ်ကြေးတစ်ကိုက်


အားလုံးပဲ မင်္ဂလာပါခင်ဗျာ...၊

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ၂၀၁၃ ရဲ့ ဟောဒီ ပထမဆုံး ပို့စ်လေးနဲ့အတူ အသစ်တဖန် ပြန်ပြီး ဆုံတွေ့ခွင့်ရလို့ ဝမ်းမြောက်မိပါတယ်၊ နှစ်သစ်အကူးအပြောင်းကိုလည်း ပျော်ရွှင်စွာ၊ တိတ်ဆိတ်စွာ၊ ငြိမ်းချမ်းစွာ၊ ဆူညံပေါက်ကွဲစွာ၊ ပြည့်အင့်စွာ၊ ဆာလောင်စွာ.. စသဖြင့် တနည်းနည်းနဲ့ ဖြတ်သန်းခဲ့ကြမယ်လို့လည်း မျှော်လင့်ပါတယ်၊း) ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၃ ကတော့ ရွက်တွေကို လွှင့်တင်လို့ ကမ်းကနေ ခွာခဲ့ပါပြီ...၊

ကျနော်တို့ မိသားစုကတော့ အရင်ပို့စ်ထဲမှာ ပြောထားခဲ့သလို ၂၀၁၃ ကို လန်ဒန်ကနေ နှုတ်ခွန်းဆက်ခဲ့ကြ ပါတယ်၊ ယေဘုယျအားဖြင့် အားလုံးအဆင်ပြေတယ်လို့ပဲ ဆိုကြပါစို့၊း) လန်ဒန်မှာ နေခဲ့တဲ့ ရက်တွေနဲ့ ပတ်သက်လို့ ပြောစရာ စကားတွေ၊ ပြစရာ ဓါတ်ပုံတွေလည်း အတန်အသင့် ပါလာခဲ့ပါတယ်၊ နောက်လာမယ့် ပို့စ်မှာ လန်ဒန်သွားတောလားကို တင်ဆက်ဖြစ်မယ့် အကြောင်းလည်း တပါတည်း ပြောပါရစေဗျာ...၊း)

ကျနော် လန်ဒန်မှာ ရှိနေစဉ်အတွင်းမှာ ဆရာမမေငြိမ်းက ရသစာအုပ်စင် ကဏ္ဍကနေ ကျနော့်ရဲ့ 'ကတ်ကြေးတစ်ကိုက်' ဆိုတဲ့ ဝတ္ထုတိုလေးကို ဆန်းစစ်သုံးသပ်ပြီး ထုတ်လွှင့်ခဲ့ပါတယ်၊ ၂၇ ဒီဇင်ဘာ မနက်နဲ့ ၂၉ ဒီဇင်ဘာ ညတို့မှာ လွှင့်သွားခဲ့တာပါ၊ ဒီဝတ္ထုလေးက 'သက်တံ့ဆယ်စင်း' စာအုပ်ထဲမှာ ပါခဲ့တဲ့ ဝတ္ထုလေးပါ၊ မဖတ်ရသေးတဲ့ သူတွေအတွက် အဲဒီ 'ကတ်ကြေးတစ်ကိုက်' ကို ဘလော့ဂ်မှာ တင်ပေးဖို့ အစီအစဉ်လည်း ရှိပါတယ်၊ အဲဒါမတိုင်ခင်မှာ စာမြည်းအနေနဲ့ ဇော်ဝင်းထွဋ်ရဲ့ 'မျိုးဆက်သစ်သီချင်း' နောက်ခံနဲ့ ဆရာမမေငြိမ်းရဲ့ လက်ရာလေးကို ခံစားကြည့်စေချင် ပါတယ်၊

၂၀၁၃ ဟာ မိုးပျံပူဖောင်းတစ်လုံးလို့ ဆိုကြပါစို့၊ အဲဒီမိုးပျံပူဖောင်းကို အသံလှိုင်းများထဲက ကတ်ကြေးတစ်ကိုက်နဲ့အတူ ဖြတ်တောက်၊ လွှတ်တင်ပြီး စ,လိုက်ပါရစေဗျာ...။ ။




ညီလင်းသစ်
၆ ဇန်နဝါရီ၊ ၂၀၁၃

15 comments:

ညီလင်းနိုင် said...

သေချာ နားထောင်ပြီး မျှဝေခံစားခဲ့ပါတယ်ဗျာ.....

နှစ်သစ်မှာ ရွှင်လန်းကျန်းမာ စိတ်ချမ်းသာနိုင်ပါစေ ။

Anonymous said...

ကတ်ကျေးကိုက်စားရမယ်ဆိုပြီး အပြေးအလွှားရောက်အလာ..

ညီ

Anonymous said...

တင်ဆက်သူများရဲ့ ပီပြင်ကြည်လင်နှစ်လိုဖွယ်အသံတွေကဒီဇာတ်လမ်းကိုပိုအသက်ဝင်စေတယ်။
အရေးအသားနဲ့ တင်ဆက်ပုံလိုက်ဖက်တယ်။ သီချင်းလေးလည်းပံ့ပိုးပေးတော့တကယ်နားထောင်ကောင်းပါတယ်။
ဆက်လက်ဖန်တီးနိုင်ပါစေ။ အားပေးနေပါမယ်။
ဆရာမမေငြိမ်းအသံကိုလည်းသဘောကျမိတယ်။
အိုင်အိုရာ

မေဓာဝီ said...

အဲဒီ မွေးခန်းထဲက ကတ်ကြေးတကိုက်ကို ဖတ်ချင်နေတာ။ ခုလို အသံနဲ့ နားထောင်ရတော့လဲ အရသာ တမျိုးပေါ့။ မဖတ်ရသေးသူတွေအတွက် တင်ပေးမယ်ဆိုလို့ ကျေးဇူးတင်တယ် ကိုညီလင်းရေ ... ။
ဒါနဲ့ ... ၀တ္ထုကို ကိုညီလင်းကိုယ်တိုင် ဖတ်ပြရင် ပိုတောင် အသက်ဝင်မလားလို့ ... ။ :)
လန်ဒန်ပို့စ်တွေလဲ မျှော်နေပါတယ် .. ။

ရွှေအိမ်စည် said...

သက်တံ့ဆယ်စင်းမှာ အနှစ်သက်ဆုံး၊ အကြိုက်ဆုံး၊ ရင်ကို အထိဆုံးက ကတ်ကြေးတစ်ကိုက် ပဲ။
အဲဒီ့ ၀တ္တုလေးကို ကိုယ်တိုင် ရီဗျူးရေးခဲ့ပေမယ့် အားမရဘူး။
တခြားသူတွေ ဘယ်လိုမြင်တာလဲ ဆိုတာလဲ အမြဲသိချင်၊ ဖတ်ချင်နေခဲ့တယ်။
ဆရာမမေငြိမ်းက ဒီ ကတ်ကြေးတစ်ကိုက် ကလေးကို အသံဖိုင်လေးနဲ့ ရသခံစားရီဗျူးလုပ်ပေးတယ် သတင်းကြားရကတည်းက အရမ်းနားထောင်နေချင်ခဲ့တာ။
အခု နားထောင်ခွင့်ရတော့ ပထမဆုံးအနေနဲ့ ကျေးးဇူးတင်တယ်။
နောက် နားထောင်နေရင်းနဲ့ သီချင်းတစ်ပိုဒ်ဝင်လိုက်၊ ဇာတ်လမ်းလေးရဲ့ အနှစ်သာရကို ထုတ်ပြရွတ်ဆိုလိုက်၊ စတာကို နှစ်လိုသွားမိတယ်။
အဲသလို မျှဝေခံစားပေးတဲ့ ဆရာမမေငြိမ်းကိုလည်း အရမ်းကျေးဇူးတင်တယ်။
သီချင်းလေးနဲ့လည်း တကယ်ဟပ်မိတယ်။
ကတ်ကြေးတစ်ကိုက် က စာကြောင်းလေးတွေ ပြန်မြင်ယောင်မိတဲ့ အထိ ရသရေယာဉ်မှာ စီးမျောသွားမိတယ်။
ဘလော့ဂ်မှာ တင်ပေးရင်လည်း ကြည်ကြည်နူးနူးဖတ်မိဦးမှာပါ အစ်ကို။
မမေဓာဝီ ပြောသလို အစ်ကို့ အသံနဲ့ဆို ပိုပြီး ပြီးပြည့်စုံသွားမှာ အမှန်ပါပဲ။
ဘာလို့ဆို အစ်ကို့ အသံကောင်းခြင်းကို ရည်ညွှန်းလိုတာထက် အစ်ကို့ရဲ့ သားကို ချစ်တဲ့ မေတ္တာက ပိုပြီး ရသကို ပေါ်လွင်အောင် ရွတ်ဖတ်နိုင်မှာမို့ပါ။
ှနှစ်သစ်ရဲ့ အစမှာ ဒီ အသံဖိုင်လေးနဲ့ အစပြုလို့ ပြန်လည်ရောက်ရှိလာတာကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ရှင်.။
နောက် လာမယ့် လန်ဒန်သွားတောလား ကိုလည်း စောင့်မျှော်နေပါကြောင်းနဲ့ နှစ်သစ်မှာ အစ်ကိုကော၊ မအိမ်သူ၊ သားငယ်လေး တို့ မိသားစုလေး ငြိမ်းချမ်းပျော်ရွှင်ခြင်းများနဲ့ ပြည့်စုံခညောင်းပါစေ။
ငြိမ်းအေးချမ်းသာပါစေရှင် :) ။

ချစ်ခင်သော
ညီမလေး

ညိမ်းနိုင် said...

နားမထောင်ခဲ့ဘူးဗျိုး.....၊ဘလော့မှတင်မှ၊ဒါမှမဟုတ် သက်တန့်ဆယ်စင်း ဖတ်ဖြစ်မှ သေသေချာချာ ခံစား
တော့မယ်....၊ကျွန်တော်က နားထောင်ရတာထက် စာ
ဖတ်ရတာကို ပို အာရုံကျ လို့......။

Aunty Tint said...

သက်တံဆယ်စင်း ထွက်ထွက်ခြင်းပဲ ကိုမော်ကြီး (ညိုရင့်)ဆီကနေ လက်ဆောင်ရခဲ့လို့ ကျေးဇူးတင်စွာနဲ့ ဖတ်ဖြစ်ခဲ့တယ်။ ရင်မှာစွဲကျန်စေတဲ့ 'ကတ်ကြေးတစ်ကိုက်'ကိုပထမဆုံးအပုဒ်အဖြစ် ဖတ်ခွင့်ရခဲ့ပြီး အခုတစ်ခါ လိုက်ဖက်တဲ့ နောက်ခံတေး တီးလုံးလေးတွေနဲ့အတူ ဆရာမမေငြိမ်းရဲ့ ဖန်တီးမှုလေးကို ဒုတိယအကြိမ်အဖြစ် ခံစားခွင့်ရခဲ့တယ် မောင်ညီလင်းရေ။
လန်ဒန်အကြောင်းလေး စောင့်မျှော်နေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

အကိုရေ...အိမ်မှာလဲ မိုးနတ်အဖေက အမြဲနားထောင်လို့ မိုးနတ်လဲ အဲဒိအစီအစဉ်
လေးကို သိရတယ်..ခု အကိုဘလော့မှာ တင်ပေးအုံးမယ်ဆိုလို့ ကျေးဇူးပါရှင်.....
သီချင်းလေးကလဲ တိုက်ဆိုင်မှုရှိတယ်..
နောက်ခံစကားပြောပေးတဲ့သူတွေကလဲ
အသက်ဝင်တော့ အတိုင်းထက်အလွန်ပါ..
သက်တံ့ဆယ်စင်းတော့ မိုးနတ်မှာ မရှိပါဘူး
ဝယ်ဖတ်ကြည့်ပါအုံးမယ်နော်...
ခင်တဲ့....မိုးနတ်

ညီလင်းသစ် said...

ကိုညီလင်းနိုင်...
ကျေးဇူး တင်ပါတယ်ဗျာ...၊

ညီ...
ဟားဟားဟား... ညီကတော့ တကယ့်ကို ကြံကြံဖန်ဖန်...၊းD

မအိုင်အိုရာ...
Playback သီချင်းလေး သုံးထားတာကို ကျနော်လည်း သဘောကျတယ်ဗျ..၊း)

မမေ...
အားပေးမယ်ဆိုလို့ ကျေးဇူးပါ မမေရေ..၊ အင်း.. ကျနော်လည်း ဒီအတိုင်းဆို အသံထွက်ပို့စ်တွေ လုပ်တော့မှပဲနဲ့ တူတယ်..၊း))

ညီမသူသူ...
Wow... what a comment!!! :D
ညီမ ရေးခဲ့တဲ့ ရီဗျူးကလည်း တကယ့်ကို အမှတ်တရမို့ သတိတရနဲ့ ကျေးဇူး တင်လျက်ပါ၊ အသံဖိုင်လေးလုပ်ဖို့ အကြံပေးတာလည်း ကြိုဆိုပါတယ်နော်၊ ဆိုဒ်ကို လေးစေမလား၊ လာလည်သူအတွက် အမြင်အာရုံနဲ့ အကြားအာရုံ.. ဘယ်ဟာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမလဲ.. စသဖြင့် စဉ်းစားနေပါတယ်၊း) ကွန်မန့်အဆုံးသတ်က ဆုတောင်းလေး အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ် ညီမရေ...၊

ကိုညိမ်း...
ဟုတ်ပါပြီဗျာ..၊ စက္ခုအာရုံ အားသန်တဲ့ ကိုညိမ်းအတွက် မပျက်မကွက်ကို တင်ဆက်ပါ့မယ်ဗျား...၊း))

တီတင့်...
ဒါဆို.. တီတင့်က 'သက်တံ့ဆယ်စင်း' ကို ကျနော့်ထက် အများကြီး စောပြီး ဖတ်ခဲ့ရတာပဲကိုး...၊း)

ညီမမိုးနတ်...
ပုံမှန်လာလည်တဲ့ အတွက်ရော၊ ကွန်မန့်လေး အတွက်ပါ ကျေးဇူး တင်ပါတယ် ညီမရေ..။

ဇွန်မိုးစက် said...

ရုံးမှာ မြန်မာစာတော့ ဖတ်လို့ရသွားပြီ။ အသံဖိုင်လေးကိုတော့ ညနေ အိမ်ပြန်ရောက်ရင် နားထောင်ကြည့်လိုက်ဦးမယ်။း)

Cameron said...

မိုက်တယ်...း))

Shinlay said...

သိပ်ကောင်းပါတယ်။ နားထောင်ပြီး ကလေးလေး တစ်ယောက် ရချင်သွားတယ်။

ငြိမ်းစိုးဦး said...

ဘ၀တစ်ခုကို လွှင့်တင်ခဲ့တဲ့ ကတ်ကြေးတစ်ကိုက်နဲ့ ထပ်မံ၍ လွတ်လပ်စွာ ရှင်သန်မှုကို လွှင့်တင်လိုက်ပြန်ပေါ့ ...

ချော (အစိမ်းရောင်လွင်ပြင်) said...

ခရီးလမ်းမှာ ပျော်ရွှင် အဆင်ပြေပါစေဗျို့..
ကတ်ကြေးတစ်ကိုက်ကိုတော့ စာအုပ်မှာ ဖတ်ကတည်းက ရင်ကို ငြိခဲ့ပြီးပြီမို့ ထပ်ဖတ်လည်း ထပ်ပြီးခံစားရမှာပါ.. နားထောင်ရရင်လည်း ရင်ကို ပြန်ငြိဦးမှာ သေချာပါတယ်။။။
ဖခင်တစ်ယောက်ရဲ့ လှပသော မေတ္တာတွေနဲ့ သီကုံးထားတဲ့ စာလေးတစ်ပုဒ်...

ATZH said...

really good one!