03 May 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၇)


တစ်ရက်မှာ ရန်ကုန်မြို့ထဲ လျှောက်သွားနေတုန်း ပန်းဆိုးတန်းက လောကနတ်ပြခန်းရှေ့ ရောက်သွားမိတယ်၊ အမှန်တော့ ကျနော်က လောကနတ်ပြခန်းကို သတိတောင် မထားမိပါဘူး၊ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ်နဲ့ တွေးချင်ရာတွေး၊ ငေးချင်ရာငေးပြီး လျှောက်နေမိတာ..၊ မီးပွိုင့်မှာ လမ်းကူးဖို့ စောင့်နေတုန်းမှာမှ လောကနတ်ကို ဖြတ်ကနဲ သတိရသွားမိတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဲဒီမှာ ကာတွန်းပြပွဲ လုပ်နေတာနဲ့ သွားကြုံတယ်၊ ကျနော့်အတွက်တော့ ရေငတ်တုန်း ဘီယာစတေရှင်ထဲ ရောက်သွားသလိုပါပဲ၊

ကာတွန်းတွေ တစ်ကွက်၊ နှစ်ကွက်ပဲ စ,ကြည့်ရုံရှိသေး..၊ အရမ်း သဘောကျသွားပြီး ခန္ဓာကိုယ်ထဲက ဘလော့ဂါသွေးတွေက ဆူပွက်လာတယ်၊ ဒါ ပြန်ဝေမျှသင့်တဲ့ ကိစ္စပဲ၊ ဒါနဲ့ အနီးမှာတွေ့တဲ့ တာဝန်ခံလို့ ထင်ရတဲ့ လူတစ်ယောက်ကို ဓါတ်ပုံရိုက်ခွင့်ရှိလား ဆိုတော့ ကြိုက်သလောက် ရိုက်ပါ-တဲ့၊ အိုခေ..၊ အဲဒီလိုနဲ့ ကာတွန်းတစ်ကွက်ချင်းကို သေသေချာချာ ခံစားပြီး အကြိုက်ဆုံးတွေကို ရိုက်ယူခဲ့ပါတယ်၊ တချို့ ပုံတွေက အမြင့်မှာ ချိတ်ထားတာ၊ တချို့ကျတော့ မျက်နှာကြက်က မီးချောင်းအလင်းက မှန်ထဲမှာ ပြန်နေတာ စတာတွေကြောင့် စိတ်တိုင်းကျ မရိုက်နိုင်ခဲ့ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ၃ ရက်ပဲ ကျင်းပတဲ့ အဲဒီပွဲလေးကို မရောက်လိုက်ရသူတွေ အတွက် အမှတ်တရ ကြည့်နိုင်ဖို့ သက်သက်ပါပဲ၊ ရန်ကုန်မှာ ပန်းချီပြပွဲ၊ ပန်းပုပြပွဲ စတဲ့ အနုပညာ ပြပွဲတစ်ခုခု လုပ်တိုင်း ပြည်တွင်းက ဘလော့ဂါတွေ သွားရိုက်လာပြီး၊ ပြန်ဝေမျှတဲ့ ဓါတ်ပုံတွေကို ကျေးဇူးတင်စွာနဲ့ ကျနော်အမြဲ ကြည့်ဖြစ်ပါတယ်၊ အခု ကိုယ့်အလှည့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်တုန်းမှာ တလှည့်ပြန်ပြီး ဝေမျှချင်တာပါ၊ အစားကောင်း စားရမှ မဟုတ်ပါဘူး၊ အနုပညာ လက်ရာကောင်းကောင်းတွေ တွေ့ရင်လည်း ချစ်သူ၊ ခင်သူတွေကို သတိရကြတယ် မဟုတ်လား...၊


မီးပွိုင့်ကနေ အမှတ်တမဲ့ မော့ကြည့်လိုက်တုန်း ဒီဆိုင်းဘုတ်ကို လှမ်းမြင်လိုက်တာပါ၊ အဲဒီနေ့ကလည်း ၅ ရက်နေ့..၊ ပြပွဲ စတဲ့နေ့..၊ မူလက သွားဖို့ စီစဉ်ထားတာတွေကို တခါတည်း အမြန်ပြောင်း၊ အစီအစဉ်အသစ် ချက်ချင်းဆွဲပြီး ကာတွန်းပြပွဲကို ဦးတည်လိုက်တယ်၊


လောကနတ်ဟာ ဘာမှမပြောင်းလဲဘူး၊ တကယ့်ကို အရင်အတိုင်းပါပဲ၊ ဒီဆိုင်းဘုတ်ရှေ့က ဖြတ်ပြီး ဒီတံခါးကနေ ကျနော် မဝင်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေခဲ့ပါ ပေါ့လား၊


အခြေအနေ တစ်ခုအောက်မှာ မျက်စိတွေ ကန်းချင်ယောင်ဆောင်ရင်း နောက်တော့ တကယ့်ကိုပဲ မမြင်တော့ဘူး၊ မတရားတာ၊ ဖိနှိပ်တာ၊ သနားစရာကောင်းတာ ဘာဆိုဘာမှ မမြင်တော့ပဲ အစဉ်အလာထဲမှာ မျက်စိတွေကန်း၊ နှလုံးသားတွေပါ 'ကန်း' ကုန်တဲ့ အဖြစ်တွေ အများကြီးပါ၊


ပညာတတ် ဆိုတဲ့ အနက်အဓိပ္ပါယ်ကို စောကြောမိ သွားတယ်၊ တခြားလူမျိုးတွေရဲ့ ပညာရှင် ဆိုတာတွေကြားမှာ မြန်မာ ပီအိပ်ခ်ျဒီတွေကို 'ဒီသာပါမောက္ခ' လို့ နောက်ပြီးခေါ်တဲ့ စကားလေးကို ဖြတ်ကနဲ တွေးမိသွား သေးတယ်၊း)


ဒီကာတွန်းလေးဆို ရိုးရိုးလေးပေမယ့် ဒီကာလမှာ ဘာကိုဆိုလိုသလဲ ဆိုတာ လူတိုင်းသိကြပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကလည်း ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့ ဖြစ်နေပြန်ရော..၊း)


ဖြေရှင်းနည်းကတော့ လွယ်လွယ်လေး...၊း) လစာနဲ့ ကုန်ဈေးနှုန်းတို့ရဲ့ စိန်ပြေးတမ်း ကစားပွဲကြီး အမြန်ဆုံး ရပ်နိုင်ပါစေ..၊


ဒီကာတွန်းလေးကိုတော့ သဘောကျလွန်းလို့ အသံထွက်တောင် ရယ်မိသွားတယ်၊ ဆရာ ဟာဂျူလီရဲ့ ပြောင်မြောက်တဲ့ အတွေးပါပဲ၊ ဒါပေမယ့် ဒီတစ်ခေါက် မြန်မာပြည်မှာ ကျနော်သုံးခဲ့ရတဲ့ ကွန်နက်ရှင်တွေက အရမ်းကြီးတော့လည်း မနှေးပါဘူး၊ သူငယ်ချင်း တစ်ယောက်အိမ်မှာဆို အတော်လေးမြန်လို့တောင် အံ့အားသင့်မိ သေးတယ်၊ ကျနော်ကိုယ်တိုင်ကပဲ သတင်းတွေဖတ်ပြီး အလွန်အမင်း နှေးလိမ့်မယ်လို့ အဆိုးဆုံးကို မျှော်လင့်ထားမိတာလား မသိပါဘူးဗျာ၊


ဒါလည်း ဆရာဟာဂျူလီပါပဲ၊ ဒီလိုကာတွန်းမျိုးဆို လွန်ခဲ့တဲ့ ၂ နှစ်လောက်က အခုလို ပြပွဲတင်နိုင်မယ် မထင်ပါဘူး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရဲ့ ပြယုဂ်တစ်ခု ပေပဲလား၊ ဒက်ထိမှန်သလို အားရဖို့လည်း ကောင်းပါတယ်၊


မျက်မှောက်ကို အတိအကျ ပြနိုင်တဲ့ ကာတွန်းတစ်ကွက်ပါ၊ ဈေးကွက်ကို ရောက်နိုင်ဖို့ ခမျာမှာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလို တထိတ်ထိတ်နဲ့..၊ အောက်က လူထုကြီးကတော့ မျှော်လင့်ချက်တွေ တသီကြီးနဲ့ အားတွေပေးလို့...၊း)


တွေးစရာတွေ ပေးတဲ့ ကာတွန်းတွေ အလယ်က ဆွေးစရာ အလွမ်းပြေ ကာတွန်းလို့ ဆိုရမှာပါပဲ၊ ကိုငှက်ရဲ့ မျက်နှာက ကယ်ရီကေးချား ဆွဲလို့ကောင်းတဲ့ မျက်နှာဆိုတာကတော့ သေချာတယ်၊


ဒါကလည်း တွေးချင်ရင် တွေးသလောက်ရတဲ့ ကာတွန်းပါပဲ၊ 'ဝန်းရံမှု' နဲ့ 'ပြင်ဆင်မှု' ဆိုတဲ့ စကားရပ်တွေက ခေါင်းထဲ ရောက်လာတယ်၊


'Warmly Welcome' ဆိုတာ အခုမှ ဟုတ်လိုက်လေဗျာလို့ ရင်နာနာနဲ့ ပြောရမယ့် အဖြစ်...၊ လူတိုင်း သိနေ၊ ပြောနေတဲ့ ဒီစကားလုံး ထဲကနေပဲ ကာတွန်းဆရာက မျက်မှောက်အခြေအနေ တစ်ခုလုံးကို ထုတ်ပြသွားတာ လှလိုက်တာ...၊


ဒီလိုကာလမှာ ဒီလိုကာတွန်းမျိုးကို ဆွဲတဲ့ ကာတွန်းဆရာကို ရဲရင့်တယ်လို့ ဆိုရမလားပဲ၊ ဆွဲစရာ မြန်မာ့ရုပ်သေး အများကြီးထဲကမှ မင်းသမီးကို ဆွဲထားတယ်၊ ပြီးတော့ အဲဒီမင်းသမီးက ပုံလျက်ကလေး လဲနေသေးတယ်၊ အနောက်က လက်တွေထဲမှာ ကုတ်အင်္ကျီလက်ရှည်တွေ မတွေ့ရလို့ တော်သေးတယ်၊ မဟုတ်ရင် စစ်အစိုးရ လက်ထက်က ထုတ်ဝေခဲ့တဲ့ သတင်းစာဆောင်းပါးတွေကို သတိရစရာ...၊


ဒီကာတွန်းမှာတော့ မသာယာနိုင်တဲ့ တောစဉ်တောင်တန်းတွေကို ခံစားမိတယ်၊ အထူးသဖြင့် အပြာရောင်တွေ ကဲနေတဲ့ အလယ်မှာကိုပဲ အနက်ရောင် စစ်ခိုး၊ စစ်ငွေ့တွေ အူလို့..၊ ငြိမ်းချမ်းရေးဟာ ဝေးနေဆဲမို့ ပန်းကန်ထဲမှာ ထမင်းအစား ကျည်ခွံပဲ ရှိနေခဲ့တယ်၊


အင်း..ဒါလည်း ဟုတ်တုတ်တုတ် ပါပဲ၊ အမျိုးသမီးတွေဟာ မိခင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် အာရုံတွေ ပိုပြီး ပါးလျားကြတယ် ထင်ပါရဲ့၊ အဖေ့ကို အမေနှိုးရတဲ့ အကြိမ်တွေ၊ ကျနော့်ကို မအိမ်သူ နှိုးရတဲ့ အကြိမ်တွေကို အမှတ်ရစရာ..၊း)


ဘာတစ်ခုမှ ပြောစရာ မလိုအောင်ကို ပြီးပြည့်စုံတဲ့ ကာတွန်းပါပဲ၊ တစ်ကွက်ကာတွန်းတွေရဲ့ ကျစ်လစ်မှု၊ အတွေးစတွေ အများကြီး ပေးနိုင်မှု၊ စတာတွေကို ကျနော် ကြိုက်ပါတယ်၊ အကွက်သေးသေးလေး တစ်ကွက်ထဲမှာ ဆွဲရဖို့အရေး စိုက်ထုတ်လိုက်ရတဲ့ အားအင်တွေက မနည်းပါဘူး၊ ကာတွန်းဆရာတွေကို လေးစားမိပါတယ်၊


ဒီကာတွန်းကိုလည်း သဘောတကျနဲ့ အော်ရယ်မိတယ်၊ ဖြစ်ရပုံများ.. အဲဒီလို လွဲရတယ်လို့၊ ဒုတိယ အကွက်ထဲက အဘရဲ့ မျက်နှာကို ကြည့်မိလေလေ ဆက်ရယ်ချင်မိလေလေ..၊ အင်း.. အဘတွေ နဲ့တော့ ခက်ပြီ..၊း)


သြော်..ငါ့နှယ်နော်..၊ အင်း.. နှလုံးလမ်းကြောင်းမှာ ခံနေတဲ့ ကျွန်းဆိုတာ ဒီလိုကျွန်းမျိုးနဲ့ တူတယ်..၊း)


ပစ်မလွဲဆိုတာ ဒါပဲဖြစ်မယ်၊ မြားရှိရာ စက်ကွင်းလိုက်ရတဲ့ အဖြစ်တွေ နည်းသထက် နည်းပါစေလို့ပဲ...၊


ဒါကတော့ တကယ့်ကို ဗြောင်ဆော်တာ..၊ မိုက်တွင်းကြောင့် ဆင်းရဲတွင်း ဖြစ်တာ ဆိုပေမယ့် တွင်းဆုံးကျတဲ့ အဖြစ်မျိုးတွေက အမြန်ဆုံး ပြန်တက်ဖို့ ကြိုးစားရမှာပါ၊


အစစ်အမှန် လွတ်လပ်မှု အကြောင်း အရှည်ကြီး ဖြန့်ထွက်တွေးချင် စရာပါ...၊


ကာတွန်းတွေ တဝကြီး ကြည့်လိုက်ရလို့ ကျနော် ကျေနပ်သွားတယ်၊ ပြပွဲ အစနေ့ ဖြစ်တဲ့အပြင် မနက်ပိုင်းပဲ ရှိသေးလို့လား မသိဘူး၊ ဝင်လာတဲ့ လူတွေတော့ သိပ်မများ သေးဘူး၊ ကာတွန်းတွေ ချိတ်ထားတဲ့ နံရံတွေကို နှုတ်ဆက်တဲ့ အနေနဲ့ ခဏကြာကြာ ကျနော် ရပ်ကြည့်နေမိ သေးတယ်၊ နောက်တကြိမ်ဆိုတာ ဘယ်တော့မှန်း မသိနိုင်သေးပါဘူး၊ မပြောင်းမလဲ နွေးထွေးဆဲ လောကနတ် ပြခန်းလေးကို သေသေချာချာ နှုတ်ဆက်ပြီးမှ ကျနော် ပြန်ထွက်လာခဲ့တယ်၊ ပန်းဆိုးတန်း လမ်းမကြီးပေါ်မှာလည်း နံရံပေါ် ရောက်မလာသေးတဲ့ ကာတွန်းတွေ ဆူညံ၊ ရှုပ်ထွေးလို့...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၃ မေ၊ ၂၀၁၂