21 December 2010

ဒီဇင်ဘာအလွမ်း ...

ဒီဇင်ဘာလဟာ ကျနော့်ကို အမြဲပဲကိုင်လှုပ်လေ့ ရှိပါတယ်၊ နိုဝင်ဘာနောက်ဆုံးအပတ်ရောက်လို့ ဒီဇင်ဘာ ထဲဝင်တော့မယ်ဆိုတာနဲ့ စိတ်လှုပ်ရှားရပြီ၊ ဘာအကြောင်းပြချက်မှ မယ်မယ်ရရ မရှိပါဘဲ အလိုလိုနေရင်း ရင်ဘတ်ထဲကပဲ မောနေသလိုလို၊ နှလုံးခုန်သံတွေကပဲ ပိုမြန်လာသလိုလို ... ...၊ အဲဒါ ဒီဇင်ဘာတစ်လလုံး လိုလိုပဲ၊ ဒီဇင်ဘာနဲ့ပတ်သက်လို့ အခုလိုမျိုးလေး လုပ်ချင်တာကြာပါပြီ၊ လိုအပ်တာတွေ စောင့်နေခဲ့ရင်းနဲ့ အခုမှပဲ ဖြစ်တော့တယ်၊ ခံစား, ဝေဖန်ကြည့်ပေးပါဦး...။




ဒီသီချင်းက တေးရေးညီညီသွင်ရဲ့ သီချင်းပါ၊ မူရင်းသီဆိုသူကလည်း သူပါပဲ၊ ဒီဇင်ဘာနဲ့ လိုက်ဖက်တဲ့သီချင်းလေးမို့ ကျနော်တတ်နိုင်သလောက် ခံစားကြည့်ပါတယ်၊ ဒီနှစ်ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ ကျနော်တို့ နှင်းတောင်ပေါ် ရောက်နေမှာဖြစ်လို့ ဒီပို့စ်ဟာလည်း ဒီနှစ်အတွက် ကျနော့်ရဲ့နောက်ဆုံးပို့စ်ပဲ ဖြစ်ပါလိမ့်မယ်၊ ကျနော့်ရဲ့ ဘလော့ဂ်လေးကို လာလည်ကြသူအားလုံး နှစ်သစ်မှာ ပျော်ရွှင်၊ အေးချမ်းမှုများ နဲ့ ပြီးပြည့်စုံပါစေလို့ အခုကတည်းက ကြိုတင်နှုတ်ဆက်လိုက်ပါတယ်ခင်ဗျား...၊ ၂၀၁၁ မှာပျော်ပျော်ပါးပါး ပြန်တွေ့ကြတာပေါ့...။

Wishing you all a Merry Christmas and a Happy New Year...!!!!!

ညီလင်းသစ်
၂၁ ဒီဇင်ဘာ၊ ၂၀၁၀

09 December 2010

သွား


‘ကျေးဇူးပြု၍ ဘဲလ်တီးပြီးမှ ဝင်ခဲ့ပါ’ ဟုရေးထားသော စာတန်းလေးကို တချက်စိုက်ကြည့်ပြီး အောက်ဖက်က ဘဲလ်ခလုတ်လေးကို သူနှိပ်လိုက်သည်၊ ပြီးတော့ တဆက်တည်း တံခါးကို ဆွဲဖွင့်ပြီး ဝင်သွားလိုက်သည်၊ အထဲ မှာ ဘယ်သူမှ ရှိမနေ၊ နှစ်စက္ကန့်မျှ စောင့်ကြည့်ပြီး သူ့ကိုယ်ပေါ်က အနွေးထည်ပွပွကြီးကို ချွတ်လိုက်သည်၊ သူ့ဘယ်ဖက်ဘေးမှာ ကြီးမားသော အညိုရောင် သစ်သားဘီဒိုကြီးတစ်လုံးရှိသည်၊ သူမှတ်မိသလောက် ထိုဘီဒို ကြီးထဲမှာ အနွေးထည်များ ချိတ်လေ့ရှိသည်၊ ထို့ကြောင့် သူ့ကုတ်အင်္ကျီကိုထားဖို့ လက်လှမ်းလိုက်စဉ်မှာပဲ သူ့ ရှေ့တည့်တည့်စင်္ကြန်မှာ အဖြူရောင်ဝမ်းဆက်နှင့် အမျိုးသမီးတစ်ယောက် ပေါ်လာသည်၊ အသက် ၃၅ နှစ် ဝန်းကျင်ခန့် ဟု ထင်ရသောအမျိုးသမီးသည် အဖြူရောင်ဘောင်းဘီရှည်ပေါ်မှ အဖြူရောင်လက်တို ရှပ်အင်္ကျီ နှင့် လန်းဆန်း တက်ကြွလျက် ရှိသည်၊ သူမက အပြုံးမျက်နှာဖြင့်…

“ ဘွန်ရှူး…”

“ ဘွန်ရှူး..” ဟု သူကလည်း ပြန်နှုတ်ဆက်လိုက်သည်၊

တဆက်တည်းမှာ သူမက သူ့ထံမှ ကုတ်အင်္ကျီကို လှမ်းယူလိုက်ပြီး ဘီဒိုကြီးထဲမှာ ချိတ်လိုက်သည်၊ တဆက်ထဲ

“ နှစ်မိနစ်လောက်တော့ စောင့်ပါနော် ”ဟု ဆိုကာ သူ့ညာဖက်ရှိ waiting room ကို ညွှန်ပြသည်၊ သူက ခေါင်း ဆတ်ပြလိုက်ပြီး အခန်းလေးထဲသို့ ဝင်လာလိုက်သည်၊

စင်စစ် သူရောက်နေသော နေရာသည် သူနေသော နေရာမှ ၁၀ မိနစ်ခန့် သွားရသည့် သွားဆေးခန်း တစ်ခုဖြစ် လေသည်၊ အခန်းလေးထဲရှိ ခုံလေးခုံအနက်မှ တစ်ခုတွင်ဝင်ထိုင်ရင်း ဘယ်တုန်းက သူ ဒီကိုနောက်ဆုံးအကြိမ် လာခဲ့တာပါလိမ့်ဟု စဉ်းစားနေမိသည်၊ မနှစ်က မလာခဲ့တာတော့ သေချာသည်၊ ထို့ထက်ပို၍ သူမမှတ်မိ…၊ ဒီဆေးခန်းလေးကို သုံးလေးကြိမ်ထက်မနည်း သူရောက်ဖူးပါသည်၊ ဒါကလည်း မအိမ်သူက သူ့ကိုအတင်း တွန်းလွှတ်လိုက်၍ ဖြစ်သည်၊ ဒါ့အရင်ကတော့ သွားဆေးခန်းဆိုတာ သူနဲ့ သူစိမ်းပြင်ပြင်...၊ အထူးသဖြင့် ဒီနိုင်ငံမျိုးမှာ သွားနှင့် ပတ်သက်သည့် ကုန်ကျစရိတ်တွေကို ကိုယ့်ဟာကိုယ် ပေးကြရတာများသည်၊ ကျန်းမာရေး အာမခံထဲမပါ...၊ အခုလည်းမအိမ်သူကပင် သူမ သွားတွေကို လာစစ်တုန်း သူ့အတွက်ပါ ‘သွား’ ကျန်းမာရေး စစ်ဆေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်၊



သူချိန်းထားခဲ့သော အပွိုင့်မင့်န်သည် နေ့လယ် ၁ နာရီခွဲမှာ ဖြစ်သည်၊ သူ့လက်မှ နာရီကိုကြည့်လိုက်တော့ နေ့လယ် ၁ နာရီ ၂၉ မိနစ်တိတိဖြစ်သည်၊ သူ နောက်ကျမနေသည့်အတွက် စိတ်သက်သာရာ ရသွားသည်၊ သူ့ ရှေ့ရှိ စားပွဲပုလေးပေါ်မှ မဂ္ဂဇင်းများကို တချက်ဝေ့ကြည့်လိုက်ရင်း ပြုံးချင်ချင် ဖြစ်သွားသည်၊ အများစုက ဖက်ရှင်မဂ္ဂဇင်းများ ဖြစ်ကြသည်၊ ယခင်က ဒီလို စောင့်ဆိုင်းရသည့် နေရာတွေကို လာတိုင်း အခုလို ခင်းကျင်း ထားသည့် စာအုပ်တွေကို သူ အငမ်းမရ ဖတ်ချင်လေ့ရှိသည်၊ ဒါပေမယ့် ပြဿနာက ဘာမှဖတ်လို့မရ၊ တခုခုကို သူ သေသေချာချာ ဖတ်တော့မည်ဆိုလျင် သူ့အလှည့်ရောက်လာတော့သည်၊ တခါတုန်းကတော့ ဆောင်းပါး တစ်ပုဒ် ကိုဖတ်လို့ ကောင်းခန်းရောက်နေတုန်း သူစောင့်ဆိုင်းနေသူနှင့်တွေ့ရန် အလှည့်ကျလာသည်၊ သူ စိတ်ညစ်သွားသည်၊ သူ့နောက်ကလူကို ‘ခင်ဗျားအရင်သွားလိုက်ဗျာ’ ဟုပင် ပြောလိုက်ဖို့ သူစိတ်ကူးသေးသည်၊ နောက်မှ ဒီကိုလာတာ စာဖတ်ဖို့လာတာမှ မဟုတ်တာဟု ကိုယ့်ကိုယ်ကို ပြန်အားပေးရင်း လေးတိလေးကန်နှင့် သူ ထ,လိုက်သွား ခဲ့သည်၊ ထို့နောက်မှာတော့ အခုလို စောင့်ဆိုင်းခန်းတွေမှာ သူဘာမှ ဟုတ်တိပတ်တိ မဖတ် တော့၊ အခုလည်း ဓါတ်ပုံအသားပေးသော မဂ္ဂဇင်းတစ်ခုကို ကောက်ကိုင်ပြီး တစ်ရွက်လား၊ နှစ်ရွက်လားပဲ လှန်ရ သေး… ခုနက အဖြူရောင်ဝမ်းဆက်နှင့် ဆရာမလေးက သူ့ကိုလာခေါ်သည်၊ ဒီတစ်ခါတော့ ငါမခံရတော့ဘူး ဟူသောအပြုံးမျိုး ဖြင့် သူ ထ,လိုက်သွားလိုက်သည်၊



နောက်မှီကို လှန်ချလို့ရသည့် လူနာထိုင် ထိုင်ခုံပေါ်မှာ သူဝင်ထိုင်လိုက်ချိန်မှာ ဆရာမလေးက သူ့မှတ်တမ်းတွေ ကို ပြန်ဖတ်နေသည်၊ ထို့နောက်...

“ မတွေ့တာ ကြာပြီနော် ” ဟု ဆိုသည်၊ သူကလည်း ...

“ ဟုတ်တယ်ဗျာ၊ မနှစ်ကတော့ ကျနော်မလာဖြစ်တာ သေချာတယ်ဗျ ” ဟု အလိုက်သင့်ပြန်ပြောလိုက်သည်၊ ဆရာမလေးက ပြုံးလိုက်ရင်း...

“ ရှင် နောက်ဆုံးလာတာ ၂၀၀၇ ဒီဇင်ဘာလကပါ ” ဟုဆိုသည်၊ သူ အံ့သြသွားသည်၊ သို့သော်...

“ အင်း... ၂၀၀၈ တုန်းက ကျနော် တစ်ခေါက်လောက်တော့ လာခဲ့သေးသလားလို့ ” ဟု ပြောလိုက်သေးသည်၊ ဆရာမလေးက ...

“ ကျမတို့ဆီမှာရှိတဲ့ မှတ်တမ်းတွေအရတော့ ၂၀၀၇ က နောက်ဆုံးအကြိမ်ပါပဲ ”ဟု အခိုင်အမာ ပြန်ပြောသည်၊ သူ သိပ်မယုံချင်သော်လည်း တဖက်က မှတ်တမ်းမှတ်ရာနှင့်မို့ ငြိမ်နေလိုက်ရသည်၊ ဆရာမလေးက သူ့ဘေးကို လာရင်း လိုအပ်သည့် ကိရိယာတွေကို ပြင်ဆင်နေချိန်မှာ သူ တစ်ခု သတိရသွားသည်၊

“ ပုံမှန်ဆိုရင် ဆရာမတို့က ကျနော်တို့ဆီကို ၆ လတစ်ကြိမ်၊ ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် သွားလာစစ်ဖို့ သတိပေးစာ ပို့တယ် မဟုတ်လား ” ဟု ဆင်ခြေပေးလိုက်သည်၊ သဘောက ‘ကျနော့်ကို ခင်ဗျားတို့ကမှ သတိ မပေးတာ၊ ကျနော်ပုံမှန် လာမစစ်တာ ဘာမှ မဆန်းဘူး’ ဟု စောဒက တက်လိုက်ခြင်းပဲ ဖြစ်သည်၊ ဆရာမလေးက ပြုံးပြီး လေသံ အေးအေးလေးဖြင့် ...

“ ၂၀၀၈ ဒီဇင်ဘာလက ကျမတို့ ရှင့်ကို သတိပေးစာ ပို့ပါတယ်၊ ဒါပေမယ့် ရှင့်ဖက်က ဘာမှ အကြောင်းမပြန်လို့ ကျမတို့ရဲ့ ပေါ်လစီအရ ရှင့်ကို system ထဲကနေ ထုတ်လိုက်တာပါ၊ တခြားဆေးခန်း တစ်ခုခုကို ရှင်ပြောင်းသွား တာလည်း ဖြစ်နေနိုင်တယ်လေ...” ဟု ရှင်းပြသည်၊ သူ ဘာမှမပြောနိုင်တော့ဘဲ အသာပဲ ငြိမ်နေလိုက်ရသည်၊

“ အဲဒီတော့ရှင်... ရှင့်သွားတွေကို နောက်ဆုံး ဓါတ်မှန်ရိုက်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်ကဆိုတော့ အခုနောက်တခါ ဓါတ်မှန် ပြန်ရိုက်ဖို့ ကျမ အကြံပေးချင်တယ်၊ ၃ နှစ်အတွင်းမှာ အရာအများကြီး ပြောင်းလဲသွားနိုင်တယ်လေ ” ဟု သူမ,က ဆိုသည်၊ သူကတော့ ‘အင်း...ကောင်းသလိုသာ စီစဉ်ပါ တော့ ဗျာ’ ဟုသာ ဆိုနိုင်တော့သည်၊



ဆရာမလေးက သူ့ ညာဖက်ပါးမှတခါ၊ ဘယ်ဖက်ပါးမှတလှည့် ဓါတ်မှန်ရိုက်သည်၊ ဓါတ်မှန်ကို ကူးနေချိန်မှာ သူ့ကို ‘သွား’ သန့်ရှင်းရေးလုပ်ဖို့ ပြင်သည်၊ သူမက သွားဆရာဝန်တော့ မဟုတ်ပါ၊ Hygienist ဟုခေါ်သည့် သွားကျန်းမာရေး၊ သွားသန့်ရှင်းရေးတို့ကို အဓိက တာဝန်ယူရသူသာ ဖြစ်သည်၊ ဒီဆေးခန်းမှာ အခြား သွား ဆရာဝန်တစ်ယောက်လည်း ရှိသေးသည်၊ သူ့သွားတွေကို တိုက်ချွတ်၊ ဆေးကြောမှု scaling လုပ်ရန် စတီးလ် ချောင်းလို အရာကို တဖက်ကကိုင်ပြီး ပလတ်စတစ် တုတ်ချောင်းလိုအရာကို အခြားတဖက်ကကိုင်ကာ သူမက သူ့ခေါင်းရင်းဖက်မှာ ဝင်ထိုင်သည်၊ ပြီးတော့ သူထိုင်နေသည့် ထိုင်ခုံနောက်မှီကို နှိမ့်ချလိုက်သည်၊ တဆက်ထဲ ..

“ ၂၀၀၇ ဓါတ်မှန်ထဲမှာ အံဆုံးတွေ ကိစ္စပြောထားတာ ဘာမှ ဆက်မလုပ်ဖြစ်ဘူး ထင်တယ်နော် ”ဟု ဆိုသည်၊ ထိုအခါမှ သူလည်း သတိရတော့သည်၊ ကြည့်စမ်း… ဟုတ်သားပဲ၊ ထိုစဉ်က ဓါတ်မှန်ထဲမှာ သူ့အံဆုံးတွေကို တွေ့ရသည်၊ သူ့မှာ အံဆုံးလုံးဝမပေါက်ပါ၊ အသက် အစိတ်ကျော်လာခဲ့ချိန် သူငယ်ချင်းတွေက ‘မင်း အခုနေသာ အံဆုံးပေါက်လို့ကတော့ နာဖို့သာပြင်ထား’ဟု ဝိုင်းစေတနာ ထားကြသည်၊ သို့သော် ထိုအချိန်မှ နောက်ထပ် ၁၀ နှစ်သာ စွန်းလာသည်၊ အနှီအံဆုံးကား မပေါက်...၊ ယခုဓါတ်မှန်ထဲမှာတော့ လေးချောင်းစလုံးကို မြင်ရသည်၊ သွားဆရာဝန်က ဓါတ်မှန်ကိုကြည့်ပြီး အံဆုံးမပေါက်နိုင်တော့ကြောင်း၊ အခုလောလောဆယ်တော့ ဘာမှထူးခြား မှုမရှိသော်လည်း အကောင်းဆုံးမှာ ခွဲထုတ်လိုက်ဖို့ အကြံပေးချင်ကြောင်း ပြောခဲ့သည်၊ သူ နားမထောင်ခဲ့ပါ၊ ဘာမှနာကျင်မှုရှိမနေသောကြောင့် နောင်ခါလာနောင်ခါဈေးဟုပဲ သဘောထားခဲ့သည်၊ အခု ဒီကိစ္စကို မေးနေ ပြန်ပြီ၊

“ အေးဗျာ…အဲဒါကလည်း လုပ်မယ်၊ လုပ်မယ်နဲ့ပဲ…” ဟု ယောင်ဝါးဝါးပဲ ဖြေလိုက်ရသည်၊

Hygienist ဆရာမ ကတော့ သွားတွေကို သန့်ရှင်းရေး စ,လုပ်နေပြီ၊ လင်းထိန်နေသော မီးအုပ်ဆောင်းကြီး အောက်မှာ သူ့ ပါးစပ်ကို အစွမ်းကုန် ဟ,ထားပေးရင်း မျက်လုံးများကိုပဲ ပိတ်ထားလိုက်တော့သည်၊ သူ့စိတ်တွေ က သူတို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းက ငယ်သွားလဲချိန်ကို သတိရမိသွားသည်၊ အဲဒီတုန်းက ကလေးတို့ထုံးစံ ခပ်နဲ့နဲ့ ဖြစ်နေသည့် ရှေ့ သွားလေးကို လျှာနဲ့ထိုးထိုးနေဖြစ်တာ သူ သတိရသည်၊ မနေတတ်မထိုင်တတ် ခိုးလိုး ခုလု ဖြစ်နေပါသည်ဆိုမှ ထိုသွားကလေးကလည်း မကျိုးနိုင်၊ နောက်တော့ သူ့ကို ဘယ်သူက မြှောက်ပေးလိုက် သလဲမသိ၊ အိပ်နေတုန်း ကျိုးသွားရင် အဲဒီသွားက ဗိုက်ထဲကျသွားနိုင်သည်တဲ့၊ အမြန်ဆုံး နှုတ်ပစ်ရမတဲ့၊ နှုတ်နည်းက သွားမှာ အပ်ချည် ကြိုး သုံးလေးချောင်းပူးကိုချည်၊ ကျန်တဖက်ကို တံခါးလက်ကိုင်မှာ ချည်ပြီး တံခါးဆောင့်ပိတ်လိုက်ရုံပဲ-တဲ့၊ သူ နည်းနည်းမျက်လုံးပြူးသွားသော်လည်း စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်၊ တကယ်တမ်းမှာတော့ သွားနှင့်တံခါး ကြိုးတန်းလန်း ဖြစ်နေချိန်မှာ တံခါးကိုကိုင်ပြီး သူအကြာကြီး တွေဝေနေခဲ့ သည်၊ တခါးရွက်ကို သူနှင့်ဝေးရာသို့ တွန်းပစ်လိုက်ရမည့်အစား ဖြစ်နိုင်ခြေတွေပဲ သူစဉ်းစားနေခဲ့သည်၊ သူတို့ ပြောသလို သွားက ဆတ်ကနဲ ကျိုးသွားမှာလား၊ ဒါမှမဟုတ် အပ်ချည်ပဲ ပြတ်သွားမလား၊ ဒါမှမဟုတ် သွားလည်း မကျိုးခင် အပ်ချည်လည်းမပြတ်ခင် မသိစိတ်နဲ့ တခါးနောက်ကို ခြေတစ်လှမ်း ခုန်လိုက်သွားမိမလား၊ မိနစ်တွေ တော်တော်လွန်သွားပြီးချိန်မှာတော့ အပ်ချည်ကြိုးကိုပဲ သူပြန်ဖြုတ်ခဲ့ပါသည်၊ ခဏတဖြုတ်ဟု ဆိုသည့်တိုင် နာကျင်မှုကို သူ မလိုချင်ပါ၊ နောက်တော့လည်း သွားကလေးက လက်နှင့်တစ်ကြိမ်ထိစဉ်မှာ သူ့ဟာသူ အသာ လေး ကျိုးသွားခဲ့သည်၊

“ ပလုတ်ကျင်းလိုက်ပါဦး၊ ကျမ ရှင့်ရဲ့ဓါတ်မှန် သွားယူလိုက်ပါဦးမယ် ”...၊

ဆရာမလေးရဲ့ အသံကြောင့် တံခါးရွက်နောက်က သူ့စိတ်တွေ သွားဆေးခန်းထဲ ပြန်ရောက်လာကြသည်၊ ဘယ် ဖက်ဘေးမှာရှိသည့် ပလတ်စတစ်ခွက်လေးထဲမှ ခံတွင်းဆေးရည်အနီရောင်ဖြင့် ကြွေဇလုံလေးထဲ လေးငါးခါ ပလုတ်ကျင်းလိုက်သည်၊ ပါးစပ်ထဲမှာ ပူရှိန်းရှိန်းဖြင့် မွှေးပျံ့သွားသည်၊

“ အင်း..ရှင့်အတွက် သတင်းကောင်းပဲ၊ သွားတွေအားလုံး ကောင်းတယ်၊ ပိုးစားတာတို့ ပျက်စီးတာတို့ တခုမှ မရှိ ဘူး ...” ဟု ဆရာမက ဓါတ်မှန်စာရွက်ဖြင့် ပြန်ဝင်လာရင်း ပြောသည်၊

“ ဟာ..ကောင်းတာပေါ့၊ ဝမ်းသာစရာပဲ ” ဟု သူက ပြန်ပြောလိုက်သည်၊ သူ တကယ်လည်း ဝမ်းသာပါသည်၊ သွားတစ်ချောင်းကို ပြုပြင်လျှင် ကုန်ကျမည့်ပိုက်ဆံဖြင့် ဓါတ်ပုံဆိုင်ရာ ပစ္စည်းကောင်းကောင်းတစ်ခု အသာလေး ဝယ်နိုင်ပါသည်၊

“ အခု သွားတစ်ချောင်းနဲ့တစ်ချောင်းကြား အောက်ခြေအထိ သန့်ရှင်းအောင် ဒီ dental floss နိုင်လွန်ကြိုးလေးနဲ့ သန့်ရှင်းရေးလုပ်မယ် ”ဟု ပြောပြောဆိုဆို သူ့ကို အဖြူရောင်နိုင်လွန်ကြိုးလေးတစ်ခုပြသည်၊

သူ ပါးစပ်ဟ,ပေးရပြန်သည်၊ သွားတွေ တစ်ချောင်းချင်းကြား နိုင်လွန်ကြိုးလေးဖြင့် ဟိုဖက်ဒီဖက် ပွတ်ဆွဲကာ စိတ်ရှည်ရှည်ဖြင့် သန့်ရှင်းပေးနေသည့် ဆရာမလေးရှေ့မှာ သူ့ကိုယ်သူ မိကျောင်းတစ်ကောင်ဟုပင် ထင်မှတ် လာမိသည်၊ သူမ သန့်ရှင်းရေးလုပ်ဖို့ အစွမ်းကုန် ပါးစပ်ဟ,ထားပေးရသော သူ့အဖြစ်က မြစ်ချောင်းကမ်းပါးမှာ နေပူစာလှုံရင်း သွားကြားမှ ညပ်နေသည့်အစာကို ငှက်ကလေးတွေလာစားစေဖို့ ပါးစပ်ကြီးတွေဟ,ထားသော မိကျောင်းတွေနှင့် တူနေနိုင်ပါသည်၊ ဒါပေမယ့် ကိုယ့်ရဲ့ တကိုယ်ရေသန့်ရှင်းရေးကို အခြားသူတစ်ယောက်က လုပ်ပေးနေသောအဖြစ်က သူ့ကို အနည်းငယ် နေရထိုင်ရခက်စေသည်၊ သူ့ သွားတွေက တကယ်ပဲ ညစ်ပတ် နေတာလား၊ ဆရာမလေးက သူ ပလုတ်ကျင်းဖို့ ထိုင်ခုံပြန်မတ်ပေးလိုက်ချိန်မှာ သူ မေးလိုက်သည်၊

“ ကျနော်တို့ နေ့တိုင်းနေ့တိုင်း သေသေချာချာ သွားတိုက်တာတောင် အခုလို သန့်ရှင်းရေးမျိုး လုပ်ဖို့လိုသလား ”

“ ဘယ်လိုပဲ သွားတိုက်,တိုက် ကျမတို့တွေအားလုံး အခုလို သန့်ရှင်းရေးမျိုး အနည်းနဲ့အများ လိုအပ်ပါတယ်၊ အနည်းဆုံး တစ်နှစ်တစ်ခါလောက်ပဲ ဖြစ်ဖြစ်ပေါ့၊ ဒီလိုဆိုတော့ သန့်ရှင်းရေးလုပ်တာအပြင် တော်ရုံတန်ရုံ သတိ မမူဖြစ်တဲ့ သွားအပျက်အစီး၊ ပိုးပေါက် စ,တာတွေကိုလည်း တခါတည်း စစ်လို့ရတာပေါ့၊ ပြီးတော့ နေ့စဉ်ဘဝမှာ ညအိပ်ရာဝင် သွားတိုက်ပြီးတိုင်း အခု ကျမလုပ်သလို dental floss နဲ့ သွားကြားတွေကို သန့်ရှင်းရေး လုပ်ပေး နိုင်ရင် အကောင်းဆုံးပါပဲ ”ဟု သူမက ပြန်ဖြေသည်၊

ဒီကမ္ဘာကြီးမှာ အခုလို သန့်ရှင်းရေးလုပ်ဖို့လိုတာ သူတစ်ယောက်တည်း မဟုတ်သည့်အတွက် အတန်ငယ် စိတ် သက်သာရာ ရသွားသည်၊ ဆရာမလေးကတော့ တစ်နေ့တစ်နေ့ လူဘယ်နှစ်ယောက်လောက်များ အခုလိုလုပ် ပေးနေကျလဲမသိ...၊ ဘာမှ ထူးခြားဟန်မပြ၊ နောက်ဆုံးပိတ် သန့်ရှင်းရေးအတွက် ပြင်ဆင်နေသည်၊

“ ဒီ ဘရပ်ရှ်မှာ သွားတိုက်ဆေးလိုဟာမျိုး သုတ်ထားတယ်၊ အဲဒါနဲ့ ပေါလစ်ရှ်တိုက်မယ်၊ သွားတိုက်သလိုမျိုးပါပဲ၊ ဒါပြီးရင်တော့ ပြီးပါပြီ ”ဟု ဆိုသည်၊ သူကြည့်လိုက်တော့ လျှပ်စစ်သွားပွတ်တံလို ဟာမျိုးနှင့် ခပ်ဆင်ဆင်တူ သည့်ကိရိယာထိပ်မှာ ဘီးလိုလို ဘရပ်ရှ်လေး တပ်ထားတာ တွေ့ရသည်၊ အင်း...နောက်ဆုံးပိတ်ဆိုပဲ၊ ကဲ..ပါးစပ် ဟ,လိုက်ဦး မိကျောင်းရေ...၊

သွား ပေါလစ်ရှ်တိုက်ခြင်းသည် စက်သံ တဂျစ်ဂျစ်နှင့်အနည်းငယ် ဆူညံသည်မှအပ နာကျင်မှုမရှိပါ၊ တပြိုင်နက် တည်းမှာ သင်းပျံ့ပျံ့ ပူရှိန်းရှိန်း ရနံ့တမျိုး သူ့ပါးစပ်ထဲမှာ ခံစားရသည်၊ သူ မျက်စိကိုမှိတ်လိုက်ရင်း ပဒေသရာဇ် ခေတ် သက်ဦးဆံပိုင် ဘုရင်တွေကို မဆီမဆိုင် သတိရမိသွား ပြန်သည်၊ သူတို့တွေကော သွားကိစ္စပေါ်ရင် ဘယ် လိုလုပ်ခဲ့ကြသလဲ၊ ခပ်ဝေးဝေးက အနော်ရထာတို့၊ ဘုရင့်နောင်တို့တော့ ထားလိုက်ပါတော့၊ ကုန်းဘောင်ခေတ် ဘုရင်တွေဆို ဘယ်လိုများ ဖြေရှင်းကြပါလိမ့်၊ ဆိုကြပါစို့ မင်းတုန်းနဲ့သီပေါ...၊ ဒီဘုရင်တွေ လက်ထက်မှာ နန်း တော်ထဲအထိ နိုင်ငံခြားသား ပညာရှင်တွေ ရောက်နေခဲ့ကြပြီ၊ သူတို့အထဲမှာ သွားဆရာဝန် တစ်ယောက်တလေ များ ပါခဲ့သလား၊ ဒါမှမဟုတ် သွားဆရာဝန်က ဘိုးဘေးစဉ်ဆက် နန်းတွင်းသုံး သမားတော်တွေလား၊ နိုင်ငံခြား သားဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ဘုရင့်ကို သွားနှုတ်ပေးရမည့်အရေးသည် ကျားမြီးဆွဲတာထက် အဆပေါင်းများစွာ ဆိုးနိုင်ပါသည်၊ စိတ်မထင်လျှင် လက်ငင်းအနေနှင့် သန်လျက်က ချက်ချင်းရောက်လာနိုင်သလို ကိစ္စပြီးမှ ထိပ်တုံးနှင့်လည်း နှစ်ပါးသွားရနိုင်သည်၊ ထို့အပြင် မြန်မာဘုရင်တွေ ကွမ်းစားလေ့ရှိတာ သူသိပါသည်၊ ဒီလိုဆို သွားတွေလည်း ကွမ်းချိုးတွေ တက်နေလေ့ရှိမှာပေါ့၊ ဘုရင်တွေတော့ dental floss သုံးလိမ့်မည် မထင်ပါ၊ ဖြတ် ကနဲ ပေါ်လာသော အတွေးတွေကြား စဉ်းစားကြည့်သလောက်တော့ ဘုရင့်ရဲ့သွားဆရာဝန်အကြောင်း မကြား ဖူးပါ၊ သူ ဗဟုသုတ နည်းတာလည်း ဖြစ်နိုင်ပါသည်၊

ထိုစဉ်မှာပဲ စက်သံတဂျစ်ဂျစ်က တိကနဲ ရပ်သွားသည်၊ တပြိုင်တည်းလိုလိုပင် ဆရာမလေးက ...

“ ကဲ..အားလုံး ပြီးပါပြီရှင်၊ ပလုတ်ကျင်းပြီးရင် ရပါပြီ ”...ဟု ဆိုသည်၊

အခန်းလေးထဲက သူ ထွက်လာတော့ သူမ,က တံခါးဝအထိ လိုက်ပို့ရင်း ဘီဒိုထဲမှ ကုတ်အင်္ကျီကို သူ့အား ကမ်း ပေးသည်၊ သူက လှမ်းယူလိုက်ရင်း ... ...

“ အခုဆိုရင်တော့ ကျနော့်နာမည်က ဆရာမတို့ရဲ့ system ထဲကို ပြန်ရောက်သွားပြီ ထင်တယ်နော် ” ဟုပြော လိုက်သည်၊

သူ ဘာဆိုလိုသည်ကို ချက်ချင်းရိပ်မိသော သူမ,က ...

“ ဟင်း ဟင်း.. သိပ်သေချာတာပေါ့၊ အချိန်ကျတဲ့အခါ ရှင့်ဆီကို သတိပေးစာ ရောက်လာပါလိမ့်မယ် ” ဟု ရယ်မောရင်း ပြန်ဖြေသည်၊ ထို့နောက် ...

“ ကောင်းသော နေ့လယ်ခင်းပါရှင်၊ အော်ခ်ဗွား ” ဟု နှုတ်ဆက်သည်၊

သူလည်း ပြန်လည်နှုတ်ဆက်ရင်း လှည့်ထွက်လာသည့်အခါ တီဗီမှာ ပြတတ်သည့် သွားတိုက်ဆေး ကြော်ငြာ တွေ မျက်စိထဲ သွားမြင်လေသည်၊ အခု သူပြုံးလိုက်ရင် သူ့သွားတွေလည်း ဒီလိုပဲ ဖိတ်ဖိတ်တောက် ဖြူလက်နေ မှာလား မသိ၊ စွယ်သွားလေးပေါ်မှာ ကြယ်ပွင့်အလင်းတန်းကလေး ဖြတ်ကနဲပေါ်ကာ ချွင်ကနဲပင် အသံမြည်ချင် မြည်သွားပေဦးမည်၊ ဒါပေမယ့် လောလောဆယ်တော့ သူ့ပါးစပ်က ညောင်းညာနေပြီး သွားတွေက နာကျင် နေလေသည်။ ။


ညီလင်းသစ်
၉ ဒီဇင်ဘာ၊ ၂၀၁၀

01 December 2010

အမေ...

ဒီကမ္ဘာပေါ်က မြောက်မြားလှစွာသော အမျိုးသမီးတွေထဲမှာမှ ကျနော်တို့တစ်ယောက်စီတိုင်းမှာ အမေ လို့ သတ်သတ် မှတ်မှတ် ခေါ်ရမယ့် အမျိုးသမီးတစ်ယောက်တော့ ရှိကြပါတယ်၊ ဝမ်းနဲ့လွယ်ပြီး မွေးပေးခဲ့တဲ့ မိခင်ရယ်လို့ တစ်ယောက်ပဲ ရှိနိုင်ပေမယ့် ဘဝခရီးတလျှောက်မှာ ကိုယ့်ရဲ့အမေအရင်းလိုပဲ လေးစားချစ်ခင် ရမယ့် အမေများစွာလည်း ကြုံတွေ့နိုင်ပါတယ်၊ ဒီလိုနဲ့ ဖလောရင့်စ် နိုင်တင်ဂေးလ်တို့လို မာသာထရီဇာ တို့လို မိခင်တွေကို လူ့သမိုင်းက လက်ဆောင်အဖြစ် ရခဲ့တာပဲ မဟုတ်လား၊ ပြောရရင်တော့... ဒီကမ္ဘာမြေ အတွက် ဘုရားသခင်ရဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်ကတော့ ကြီးမြတ်တဲ့ မိခင်တွေပဲဖြစ်ပါတယ်၊

ချစ်ခြင်းမေတ္တာနဲ့ ယှဉ်လာရင်တော့ အနည်းငယ်သော ခြွင်းချက်အချို့ကလွဲလို့ မိခင်တိုင်းဟာ သူတို့ရဲ့သား၊ သမီးတိုင်းအတွက် ကြီးမြတ်သူချည်းပါပဲ၊ ဒီအထဲမှာမှ အချို့သောမိခင်တွေက ရင်မှဖြစ်သော သားသမီးတွေ အတွက်သာမကဘဲ သမိုင်းကငတ်မွတ်၊ တောင်းဆိုလာတဲ့ သားသမီးများစွာအတွက်ပါ မားမားမတ်မတ် ရပ်ခံသူ၊ ရင်ဆိုင်ဖြေရှင်းသူ၊ ဦးဆောင်လမ်းညွှန်သူ၊ ရဲရင့်စွာကာကွယ်သူတို့ ဖြစ်လာခဲ့ကြပါတယ်၊

ဒီလိုအမေတွေက သူတို့ရဲ့သားသမီးအရင်းတွေကိုတောင် ကျော်လွန်ပြီး ဆာလောင်မွတ်သိပ်နေတဲ့ “ခေတ်ရဲ့သားသမီး” တွေအတွက် အမြဲပဲ ပေးဆပ်လေ့ရှိတယ်၊ တခါတခါတော့လည်း သူတို့ရဲ့ ရှားရှားပါးပါး ကိုယ်ရေး ကိုယ်တာ ကွက်ကွက်ကလေးက သူတို့အတွက် ဘဝအမောတွေ ပြေစေဖို့ပါပဲ၊

ကျနော်တို့အားလုံးရဲ့အမေ ကျန်းမာရွှင်လန်းပြီး ဘေးအန္တရာယ်အလုံးစုံမှ ကင်းဝေးပါစေ...။ ။


IMG_9417_mother


ညီလင်းသစ်
၁ ဒီဇင်ဘာ၊ ၂၀၁၀

05 November 2010

စပျစ်ခင်းများထဲမှာ...


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောင်းရာသီအချိန်ပြန်ပြောင်းပါတယ်၊ နာရီတွေကို အရှေ့တစ်နာရီ တိုးပြီး ပြန်ရွှေ့ရပြန်တယ်၊ ဒါ မတိုင်ခင်က ညနေဖက်အလုပ်ပြန်လာရင် အလင်းရောင်လေး နဲနဲရှိနေသေးတော့ တရွေ့ရွေ့နဲ့ဝင်လာတဲ့ ဆောင်းဦးက သိပ်ပြီး ပီပီပြင်ပြင်မဟုတ်သေးဘူးလို့ ထင်ရတယ်၊ အချိန်ပြောင်းပြီး နောက်နေ့ တနင်္လာနေ့ ညနေမှာတော့ အလုပ်က ပြန်ချိန်မှာ သေသေချာချာကို မှောင်နေပါပြီ၊ ပြီးတော့ တနေ့လုံး ကြွေနေတဲ့ သစ်ရွက်တွေရယ်၊ တချက်တချက် သုတ်ကနဲ တိုက်တတ်တဲ့ မြောက်ပြန်လေရယ် ပေါင်းလိုက်တော့ ဆောင်းရဲ့ရှေ့ပြေးရာသီဟာ တစ္ဆေတစ်ကောင်အလား အနားမှာ ဘွားကနဲ...၊

မနှစ်က ဒီလိုအချိန် မတိုင်ခင်လေးမှာ ကျနော်တို့ အပျော်စီးရထားလေးတစ်စင်း သွားစီးဖြစ်တဲ့အကြောင်း သတိရမိတယ်၊ သားက ကလေးတို့ထုံးစံ ရထားစီးချင်တယ် ပူဆာတော့ အဲဒီရထားကို စီးဖို့ဖြစ်လာခဲ့တယ်၊ ကျနော်တို့ အိမ်ကနေ မိနစ် ၂၀ လောက်သွားရတဲ့ ရွာကလေးမှာ သွားစီးရပါတယ်၊ Lavaux Express လို့အမည်ပေးထားတဲ့ ရထားလေးက Lavaux ဆိုတဲ့ စပျစ်ခင်းတွေကြားမှာ သွားတဲ့ရထားပါ၊ ရထားဆိုပေမယ့် တကယ်တော့ နောက်တွဲနှစ်တွဲ တပ်ထားတဲ့ ကားငယ် လေးပါပဲ၊ ရထားပုံစံလေးချိုးထားပြီး အပျော်စီးဖို့ လုပ်ထားတဲ့ ယာဉ်ပါ၊ ဆွစ်ဇာလန်မှာ အဲဒီလို ရထားပုံစံလုပ်ထားတဲ့ ကားလေးတွေ မြို့တော်တော်များများမှာ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်စင်း ကတော့ စပျစ်ခင်းတွေကြားထဲကို သွားတဲ့ရထားမို့ နဲနဲစိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ပြီးတော့ အဲဒီ Lavaux ဒေသက စပျစ်ခင်းတွေက Unesco ရဲ့ world heritage စာရင်းမှာပါလို့ သေသေချာချာ ထိန်းသိမ်းထားတဲ့ စပျစ်ခင်းတွေပါ၊ ရှုမျှော်ခင်းကောင်းတာ၊ စက်ရုံအလုပ်ရုံတွေရဲ့ အဝေးမှာရှိတာ၊ စပျစ်ကိုစနစ်တကျစိုက်ပျိုးတာ အစ,ရှိတာတွေကြောင့် နာမည်ကြီးဒေသပါပဲ၊ စပျစ်ကောင်းတယ်ဆိုတော့ ဝိုင်လည်းကောင်းတာပဲပေါ့၊ ဒေသခံတွေကတော့ သူတို့ရဲ့ စပျစ်တွေ ဟာ သုံးနေရ (နေရောင်သုံးမျိုးရ) စပျစ်လို့ တင်စားပြောကြတယ်၊ ကောင်းကင်က နေရယ်၊ ရေကန်ထဲက အလင်းပြန် လာတဲ့နေရယ်၊ စပျစ်ခင်းတွေကို အနားသတ်ထားတဲ့ အုတ်ရိုးတွေက ပြန်ထွက်လာတဲ့နေ (အပူ)ရယ် မျှတလို့ စပျစ် လည်းကောင်း၊ ဝိုင်လည်းကောင်းလို့ ဂုဏ်ယူကြတယ်၊ ဟုတ်ပါတယ်...အဲဒီက ဝိုင်က တကယ်ကောင်းပါတယ်..။


Photobucket
ဟိုးအောက်ခြေ ရေကန်စပ်နားက ရွာလေးကနေ ထွက်လာပြီးတော့ နာရီဝက်လောက်မောင်းတက်လာတော့ စပျစ်ခင်း ထဲကို ရောက်ပါတယ်၊



Photobucket
ရထားမထွက်မီ... ...၊



Photobucket
တောင်ကုန်းမှာ စိုက်ထားလို့ စပျစ်ခူးချိန်ကျတော့ လက်နဲ့ပဲခူးကြတာ များပါတယ်၊ တောင်စောင်းတွေမှာ စက်သီးနဲ့ ပုံးတွေကို ချိတ်ပြီး ခူးထားတဲ့စပျစ်တွေကို သယ်ကြလေ့ရှိပါတယ်၊



Photobucket
ဝိုင်နီဖောက်မယ့် စပျစ်နီရော ... ...



Photobucket
ဝိုင်ဖြူလုပ်မယ့် စပျစ်ဖြူပါ စိုက်ကြတယ်၊ ဒီဒေသမှာ စပျစ်ကို စ,စိုက်ကတည်းက ဝိုင်အတွက် ရည်ရွယ်ပြီး စိုက်ပါတယ်၊



Photobucket
ဟိုးခပ်လှမ်းလှမ်း ရေကန်အစွန်းနားကတော့ ကျနော်တို့နေတဲ့ Lausanne မြို့ပါပဲ၊



Photobucket
ကမ်းစပ် ရွာလေးကို ပြန်မဆင်းမီ ... ...၊



ညီလင်းသစ်
၎ နိုဝင်ဘာ၊ ၂၀၁၀

17 October 2010

စပါဂက်တီများဖြင့် ရစ်နှောင်ခဲ့သော...


ကျနော် အင်မတန်လိုချင်ခဲ့တဲ့ lens တစ်ခုကိုဝယ်တော့မယ်လို့ ဆုံးဖြတ်ချက်ချတော့ မဝယ်ခင် နောက်ဆုံး အဆင့်အနေနဲ့ သေချာအောင် field test ဓါတ်ပုံအချို့ရိုက်ဖြစ်ပါတယ်၊ မြို့ထဲက ကင်မရာရောင်းတဲ့ဆိုင်ကို သွားပြီး အဲဒီလို lens မျိုးတစ်ခုငှား၊ ပြီးတော့ အိမ်းနားတဝိုက် အနီးအဝေး လျှောက်ရိုက်ကြည့်ပါတယ်၊ လူ၊ သစ်ပင်၊ ရေကန်၊ တိမ်၊ တောင်တန်း စသဖြင့် အမျိုးအစားစုံအောင် စမ်းကြည့်တယ်၊ ဝယ်ချင်တဲ့ မှန်ဘီလူး က pro lens ဖြစ်လို့ ဈေးတော်တော်ကြီးပါတယ်၊ ဒါပေမယ့် Lens ငှားခက တကယ် ဝယ်မယ့် lens ရဲ့ ၄% လောက်ပဲ ပေးရတာမို့ စမ်းကြည့်ရတာ တန်ပါတယ်၊ မဟုတ်ရင် ဝယ်ပြီးကာမှ တခုခုအဆင်မပြေဘူးဆိုရင် ဆုံးရှုံးမှုက တော်တော်ကြီးပါလိမ့်မယ်၊ ပြီးတော့ ကျနော့်ကိုယ် ကျနော်သိတယ်၊ အဲဒီလို အမှားမျိုးလုပ်မိရင် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာတဲ့အထိ မပြေပျောက်နိုင်ဘဲ တနုံ့နုံ့နဲ့ ဖြစ်နေမှာပါ၊

အထူးသဖြင့် ဒီ lens ကိုဝယ်ဖို့အတွက် နေ့လည်စာကို အလုပ် ကင်န်တင်းမှာ မစားဘဲ အိမ်ပြန် စပါဂက်တီ စားပြီး ပိုက်ဆံစုခဲ့ရတာမို့ အတိမ်းအစောင်း မခံချင်ပါဘူး၊ အလုပ်နဲ့အိမ်က လမ်းလျှောက်ရင် ၅ မိနစ်ပဲ ကြာတဲ့ခရီးမို့ တော်သေးတယ်၊ အဲဒီရက်တွေမှာ routine က နေ့လည် ၁၂ နာရီဝန်းကျင် အိမ်ကို ပြန်၊ ရေနွေးတည်၊ ဆူရင် spaghetti ခေါက်ဆွဲချောင်းတွေထည့်၊ တပြိုင်နက်တည်း ခရမ်းချဉ်သီးဆော့စ်ကို တည်၊ စောင့်နေရင်း တီဗီသတင်း ခဏကြည့်၊ ခေါက်ဆွဲ နဲနဲပျော့တာနဲ့ စား၊ ပန်းကန်ဆေး၊ အလုပ်ကိုပြန်...၊ ဒါပါပဲ၊ နောက်ဆုံးတော့ ကျနော်အဲဒီလို လုပ်နေတာကို သိသွားတဲ့ မအိမ်သူနဲ့ ကျနော့်ညီမက နဲနဲသနား သွားတယ်ထင်ပါရဲ့၊ ကျနော့်ရဲ့မွေးနေ့လက်ဆောင်အဖြစ်ဆိုပြီး သူတို့လည်း တစိတ်တပိုင်း contribute လုပ်ပါတယ်၊ ဒါနဲ့ပဲ အဲဒီ lens က ကျနော့်လက်ထဲ ရောက်လာခဲ့တော့တယ်၊

ဒီပုံက အငှားမှန်ဘီလူးနဲ့ စမ်းရိုက်ကြည့်တာတွေထဲက တစ်ပုံပါ၊ အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ရာသီဥတု ကကိုယ့်ဖက် သိပ်မပါပြန်ဘူး၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ငှားထားပြီးမှတော့ ရိုက်ရုံပဲရှိတော့တာပေါ့...။


Standing alone...
Photobucket
Canon EF 70-200mm f/2.8L IS USM, 73mm, f/10, 1/250, iso100, Ev-2

အဲဒီ lens အကြောင်း နဲနဲသိချင်ရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်၊


ညီလင်းသစ်
၁၇ အောက်တိုဘာ၊ ၂၀၁၀

12 October 2010

မြင်းများ


Photobucket

မြင်းများ

ရွှေဘိုဇာတိ မဟုတ်သလို
မဒရပ်စ်မှာလည်း မကြီးပြင်းခဲ့ကြပါဘူး၊

အရှင်မွေး နေ့ချင်းကြီး
ဒီနေရာလေးမှာပဲ လူလားမြောက်
ပရေရီမြက်ခင်းတွေကို မသိ
မွန်ဂိုစတက်ပ်တွေကို မသိ
ဟောဒီ သဲထူထူနေရာလေးသာ ချည်တိုင်ပါ၊

ဘယ်သူ့အတွက်မှ
တလက်ကိုင် အဖြစ်မခံခဲ့ဘူး၊

ကုန်းနှီးမလို
ဇက်ကြိုးမလို
နှင်တံမလို
စီးချင်သပ ဆို
သောကကို ဘေးအသာချ
ကျောပေါ်တက်လိုက်ရုံပ...၊

အဲဒီကျောကုန်းတွေပေါ်မှာပေါ့
သားတွေက အဖေတွေဖြစ်သွားကြ
သမီးတွေက အမေတွေဖြစ်သွားကြ
လူကြီးတွေက ကလေးတွေပြန်ဖြစ်သွားကြနဲ့...၊

စိတ်ကူးလေးသာ ဇက်ဖွင့်လိုက်စမ်းပါ
တလုံးပြီး တလုံး လှိမ့်တက်လာမယ့်
ဖုန်လုံးကြီးတွေနဲ့အတူ
စကြာဝဠာ တံတိုင်းအထိ
ဒုန်းစိုင်းသွားမယ့် သူတွေပေါ့...။ ။


ညီလင်းသစ်
၁၂ အောက်တိုဘာ၊ ၂၀၁၀


သားကလေး သွား,သွားကစားလေ့ရှိတဲ့ ပန်းခြံထဲက သစ်သားမြင်းရုပ်တွေပါ၊ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနိုင် အောင် စီမံထားလို့ တခြား ဒန်းတို့၊ လျှောတို့နဲ့အတူ ကလေးတွေ ပျော်ပျော်ပါးပါး စီးလေ့ရှိပါတယ်၊ သားရဲ့ အိမ်မက်တွေကတော့  ဘယ်အထိ မြင်းစီးထွက်သလဲ ကျနော်မသိရပါဘူး၊ ကျနော့်အတွက်တော့  ကဆုန်စိုင်း သွားတဲ့ အဲဒီမြင်းတွေ တွန်းချ၊ တိုက်ချသွားလို့ ကြပ်ညပ်၊ ပိတ်ဆို့နေတဲ့ဦးနှောက်က  ကဗျာလေးတစ်ပုဒ် ထွက် ကျလာခဲ့တယ်။

06 October 2010

မိသားစုနဲ့ မနက်စာ


ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ စားသောက်၊ နေထိုင်နည်းတွေထဲမှာ မနက်စာ (breakfast) ကို အချိန်ပေးပြီး ကောင်းကောင်း စားတာလည်း တစ်ခုအပါအဝင်ပါ၊ ဒါပေမယ့် သိသာသိတယ်၊ မလိုက်လျှောက် နိုင်ပါဘူး၊ မြောက်များလှစွာသော မြို့ပြလူ တန်းစားများနည်းတူ ကျနော်တို့လည်း မိုးလင်းတာနဲ့ ကတိုက်ကရိုက် ပြေးရလွှားရတာပါပဲ၊ တကယ်ဆို အချိန်လေး ၁၅ မိနစ်လောက်စောထပြီး လုပ်မယ်ဆိုရင် ဖြစ်နိုင်ရဲ့သားနဲ့ လက်တွေ့မှာတော့ မနက်စာကို နေ့တိုင်း မစားဖြစ်ဘူး၊ ဒါတောင် အိမ်မှာကလေးတစ် ယောက်ရှိလာလို့ သူ့ကိုဂရုစိုက်ရင်း နဲနဲဝင်စားဖြစ်လာတာ...၊ အရင်ကဆို ပိုဆိုး....၊

ဒီတော့ ကျနော်တို့ သုံးယောက်စလုံး အတူတကွ မနက်စာ စားဖြစ်တာကတော့ စနေ၊ တနင်္ဂနွေမှာပါပဲ၊ အဲဒီ အခါမျိုးတွေမှာတော့ အများအားဖြင့် အေးအေးဆေးဆေး ရှိတတ်ပါတယ်၊ ဒီလိုအချိန်တွေမှာ ကျနော်တွေးမိ တတ်တာက ကျန်တဲ့နေ့တွေမှာလည်း အခုလောက် အေးအေးလူလူ မရှိရင်တောင် အထိုက်အလျောက် အချိန်ယူပြီး နေ့တစ်နေ့ကို အခုလို အစ,ပြုရရင် ကောင်းမှာပဲ-လို့၊ အင်း...ကြိုးစားဦးမှပါပဲ-ပေါ့လေ၊ ဒါပေမယ့် တနင်္လာနေ့လည်း ရောက်ရော ဒုံရင်းက ဒုံရင်းပါပဲ၊ သားကိုပဲ မဖြစ်မနေ စားခိုင်းပြီးတော့ ကျနော် တို့ကတော့ လောနေရတာပဲ၊ "To know and not to do is not yet to know" ဆိုတော့ တကယ်မသိ သေးဘူးလို့ပဲ ဆိုရမှာပေါ့...။ =)

မိသားစု
Photobucket


ကျနော် အခုကော်ဖီ ထည့်သောက်လေ့ရှိတဲ့ခွက်က အဲဒီခွက်အညိုလေး မဟုတ်တော့ပါဘူး၊ သူက ဒီမှာ ကွဲသွားခဲ့တာကိုး...။

ညီလင်းသစ်
၆ အောက်တိုဘာ၊ ၂၀၁၀

04 October 2010

သူ့အကြိုက် ကိုယ့်အကြိုက်


ဟိုတလောဆီက ဓါတ်ပုံပြိုင်ပွဲတစ်ခု ကျနော်ဝင်ပြိုင်ဖြစ်တယ်၊ ပြိုင်ပွဲဝင်ခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်း သလို ဖော်ပြရမယ့်အကြောင်းအရာကလည်း ကျနော့်ရဲ့အလုပ်နဲ့ တိုက်ရိုက်နီးပါးကို ဆက်စပ်နေတဲ့အတွက် ကြိုးစားကြည့်မယ်ဆိုပြီး ဝင်ပြိုင်ဖြစ်သွားတာပါပဲ၊ ခေါင်းစဉ်က "Sustainable Development" တဲ့၊ စကားလုံးအနေနဲ့ ကျစ်လစ် သလောက် တင်ပြမယ်ဆိုရင်တော့ အင်မတန်ကျယ်ဝန်းပါတယ်၊ ကျနော်တို့ နေ့စဉ်ဘဝမှာ ပြုမူနေကျ အမူ အကျင့်လေးတွေမှ စပြီး Energy saving field ထဲ မှာတီထွင် ထုတ်လုပ် သုတေသနလုပ်နေကြတဲ့ အလုပ် တွေအဆုံး အားလုံး အကြုံးဝင်ပါတယ်၊

သွားတိုက်နေတုန်းမှာ ရေဘုံဘိုင်ကို ပိတ်ထားတာ၊ ခဏတဖြုတ် လက်ဆေးဖို့အတွက် ရေနွေးဘုံဘိုင် မဖွင့် ဘဲ ရေအေးပဲဖွင့်တာ၊ အိမ်မှာ မလိုအပ်တဲ့ မီးတွေကို ပိတ်ထားတာ၊ အမှိုက်တွေကို တွေ့ကရာ မပစ်ဘဲ စနစ်တကျ ခွဲပြီး သူ့အစုနဲ့သူ စွန့်ပစ်တာ၊ စ,တဲ့အပြုအမူလေးတွေကလည်း sustainable development ပါပဲ၊ ယေဘုယျပြောရင်တော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ကျင့်ကြံပြုမူပုံ တစုံတရာဟာ လက်ရှိကိုယ့်ပတ်ဝန်းကျင် ကိုရော နောင်လာမယ့်မျိုးဆက်အတွက်ရော မထိခိုက်၊ အကျိုးမဲ့ မဖြစ်အောင် ကြိုးစားတာဟာ sustainable development ပါပဲ၊ မြန်မာလိုတော့ ဘယ်လိုခေါ်ရမလဲ၊ တာရှည်ခံ ဖွံ့ဖြိုးမှု လို့ဆိုမလား၊ မြန်မာမှုပြုပြီးသား ရှိလား ကျနော်မသိပါဘူး၊

ဒီနေ့ကာလမှာ sustainable development, green energy, environmental protection စတဲ့အသံတွေ က တဖြေးဖြေးနဲ့ ပို,ပိုပြီး ကျယ်လောင်လာပါတယ်၊ နာတာရှည်လူမမာကြီးဖြစ်နေတဲ့ ကမ္ဘာကြီးကလည်း တရှောင်ရှောင်နဲ့ဆိုတော့ ပိုပြီးဆိုးမသွားအောင် တတ်နိုင်သလောက် ဝိုင်းဝန်းကယ်ဆယ်ဖို့ တိုက်တွန်းတဲ့ အသံတွေလည်း ပိုပြီးကြားလာရပါတယ်၊ ပြိုင်ပွဲကို ကျနော်အလုပ်လုပ်တဲ့ ကျောင်းမှာရှိတဲ့ ဓါတ်ပုံအသင်းက စီစဉ်ပြီးတော့ ဓါတ်ပုံ ၃ ပုံအထိ ပေးပို့နိုင်ပါတယ်၊ ကျနော် တတိယဆုပဲ ရပါတယ်၊ ဒါပေမယ့် သူတို့ ရွေးလိုက်တဲ့ပုံက ကျနော်သိပ်မမျှော်လင့်ထားတဲ့ပုံမို့ နဲနဲတော့အံ့သြသွားတယ်၊ ပုံက ရေဘုံဘိုင်ခေါင်းက ရေတစ်စက်ချင်း ကျနေတဲ့ပုံ နံပါတ် (၃)ပါ၊ အဲဒီပုံက ဒီပွဲအတွက် ရည်ရွယ်ပြီး ရိုက်ထားတဲ့ပုံလည်း မဟုတ် ပါဘူး၊ ကျနော်က အကယ်၍ဆုရမယ်ဆိုရင် ဒီပုံတော့ မဖြစ်နိုင်ဘူးလို့ တွေးထားတာကိုး၊ ပြိုင်ပွဲကို ပို့ခဲ့တဲ့ ၃ ပုံစလုံး ကို မူရင်း Title နဲ့အတူ ဖော်ပြလိုက်ပါတယ်၊ အကယ်၍ မိတ်ဆွေသာ အကဲဖြတ်ဒိုင်အဖွဲ့ထဲက တစ်ယောက် ဆိုရင် အဲဒီပုံကိုပဲ ရွေးမလား? တခြားပုံတစ်ခုကို ရွေးဖြစ်မလား?

(1) Our needs, without depriving someone else's
Photobucket
The persistent and non-biodegradable substances such as pesticides, pharmaceutical compounds, biocides, etc. are found more and more in the lakes. A balance between consumption and removal is part of sustainable development.
(Canon EOS 450d, EF 70-200mm f/2.8L IS, 70mm, f/11, 1/200, iso100, Exp -1)


(2) Water: A durably good and sufficient inheritance
Photobucket
Will we be able to leave behind for our children water of same quality and quantity as the one, left by our parents?
(EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso100)


(3) Use but not waste
Photobucket
In the world, an every five person doesn't have drinking water, especially in rural area.
(Canon EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso200, flash)


ညီလင်းသစ်
၎ အောက်တိုဘာ၊ ၂၀၁၀

29 September 2010

ဆန္ဒရှိသူများအကြောင်း


ကျနော်လက်ရှိနေ,နေတဲ့ ဆွစ်ဇာလန်နိုင်ငံ အကြောင်းတွေ ရေးဖို့ မိတ်ဆွေတစ်ယောက်က တိုက်တွန်းဖူးပါ တယ်၊ အဲဒီတုန်းကတော့ ကောင်းသားပဲဆိုပြီး တေးထားလိုက်မိတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ တကယ်တမ်း ရေးဖို့လည်းလုပ်ရော စိတ်မပါတော့ပြန်ဘူး၊ ဒီနိုင်ငံအကြောင်းကို စိတ်ဝင်စားတယ်ဆိုရင် ဝီကီတို့၊ ဂူးဂဲလ်တို့မှာ ကြိုက်သလောက် ရှာဖတ်လို့ရပါတယ်၊ ဖွဲ့စည်းပုံ၊ အစိုးရ၊ ပထဝီဝင်၊ သမိုင်း အားလုံးကို စိတ်ဝင်စားရာအလိုက် ဖတ်လို့ရတယ်၊ ကျနော်ဘယ်လောက်ရေးရေး အဲဒီဟာတွေလောက် မပြည့်စုံနိုင်ဘူးလို့ စဉ်းစားမိတာနဲ့ သွေး အေး သွားတယ်၊ ဒါပေမယ့် နိုင်ငံတွင်းမှာ နေသူတစ်ဦးရဲ့ နေ့စဉ်အဖြစ်အပျက်တွေ၊ အွန်လိုင်းမှာရှာလို့ လွယ် လွယ်နဲ့ မတွေ့နိုင်မယ့် အကြောင်းအရာတွေလည်း ရှိနိုင်တာပဲဆိုတာ ပြန်တွေးမိတာနဲ့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်၊ ရှင်းရှင်းလင်းလင်းဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရေးပါ့မယ်၊

လူဦးရေ ၇ သန်းကျော်ကျော်လေးပဲ ရှိတဲ့ဒီကုန်းတွင်း နိုင်ငံလေးဟာ ဥရောပတိုက်ရဲ့ အလယ်မှာ တည်ရှိပေမယ့် EU အဖွဲ့ဝင်တော့ မဟုတ်ပါဘူး၊ တည်နေရာကို နဲနဲမေ့နေသူတွေအတွက် မျက်စိထဲမြင်အောင် ပြောရရင် အနောက်ဖက်မှာ ပြင်သစ်၊ မြောက်ဖက်မှာ ဂျာမနီ၊ အရှေ့ဖက်မှာ သြစတြီးယားနဲ့ တောင်ဖက်မှာ အီတလီနိုင်ငံ တို့ ရှိပါတယ်၊ အိမ်နီးချင်းက တကယ်တမ်း ၅ နိုင်ငံပါ၊ ဆွစ်နဲ့ သြစတြီးယား အကြားမှာ Liechtenstein (လိရှတင်းန်ရှတိုင်း) လို့ခေါ်တဲ့ နိုင်ငံသေးသေးလေး ရှိပါသေးတယ်၊ အဲ..နိုင်ငံဆိုတာထက် Principality လို့ခေါ် တဲ့အစောင့်အရှောက်ခံ နယ်မြေလေးပါ၊ ပြင်သစ်တောင်ပိုင်းက Monaco (မိုနာကို)လိုပါပဲ၊ ထားပါတော့…၊

ဆွစ်ဇာလန်နိုင်ငံမှာ တခြားနိုင်ငံတွေနဲ့ မတူဘဲ ထူးခြားတာလေးတွေ ရှိပါတယ်၊ ဥပမာ-ရုံးသုံးဘာသာစကား ၄ မျိုးရှိတာ၊ နိုင်ငံတော်သီချင်းကို စကား ၄ မျိုးနဲ့ထားတာ၊ နိုင်ငံရဲ့ တရားဝင်အမည်ကို ဒီစကား ၄ မျိုးစလုံး ဘက်မ လိုက်ဘဲ Confoederatio Helvetica (CH) လို့ လက်တင်လို ပေးထားတာ … အစ,ရှိသဖြင့်ပါ၊ နောက် တခြား ကွဲလွဲတာတွေဖြစ်တဲ့ တိုင်းပြည်မှာ သမ္မတ၊ ဝန်ကြီးချုပ် မရှိဘဲ Federal Advisor လို့ခေါ်တဲ့ အကြီးအကဲ ၇ ဦးက အုပ်ချုပ်တာ၊ အလံက တခြားနိုင်ငံတွေလို ထောင့်မှန်စတုဂံ မဟုတ်ဘဲ စတုရန်းဖြစ်နေတာ (ဆွစ်နဲ့ ဗာတီကန် အလံနှစ်ခုက စတုရန်း ဖြစ်ပြီးတော့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ အလံတွေဟာ ထောင့်မှန်စတုဂံဖြစ်ပါတယ်) စ,တာတွေ ရှိပါသေးတယ်၊ ဒါပေမယ့် ကျနော်အဓိက ပြောချင်တာက ဒီနိုင်ငံရဲ့ ဒီမိုကရေစီ အကြောင်းပါ၊

ဆွစ်ဇာလန်နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်က လူထုက ခန့်ခွဲတဲ့တိုက်ရိုက်ဒီမိုကရေစီ ဖြစ်ပါတယ်၊ အချုပ်အခြာအာဏာ သည် ပြည်သူလူထုထံမှ ဆင်းသက်သည် ဆိုတာကို လက်တွေ့မြင်ရတဲ့ နေရာဖြစ်ပါတယ်၊ အကြောင်းကတော့ တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေတွေကို လူထုရဲ့ဆန္ဒခံယူပွဲတွေနဲ့ ဆုံးဖြတ်တတ်လို့ပါပဲ၊ ဟုတ်ပါတယ်၊ ဆွစ်ဇာလန် မှာ မဲခွဲဆုံးဖြတ်တယ်ဆိုတာ နေရာတိုင်းလိုလိုမှာ တွေ့ရတဲ့အလေ့ပါပဲ၊ ကျောင်းအစည်းအဝေး၊ ရုံးအစည်းအဝေး တွေမှာ လက်မြှောက်ပြီး မဲခွဲဆုံးဖြတ်တာမှအစ အမျိုးသားလွှတ်တော်၊ အထက်လွှတ်တော်တွေမှာ မဲပုံးနဲ့ဆန္ဒ ခံယူတာအဆုံး နေရာတိုင်းမှာ အများသဘောတူတာကို အတည်ပြုရွေးချယ်တဲ့ မူကိုကျင့်သုံးပါတယ်၊ နေ့စဉ်ဘဝ မှာ ဆန္ဒခံယူပွဲ မရှိဘူးပဲထားဦး၊ ဆွစ်နိုင်ငံသား တစ်ဦးဟာ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်တော့ ဆန္ဒမဲ ပေးရပါ တယ်၊ နှစ်စဉ် နွေဦးပေါက်နဲ့ ဆောင်းဦးပေါက်မှာ မဲဆန္ဒ ခံယူပွဲတွေ ကျင်းပကြပါတယ်၊

ဒီမဲဆန္ဒခံယူပွဲတွေမှာ အဆင့် ၃ ဆင့်အတွက် မဲပေးကြရပါတယ်၊ ဖက်ဒရယ်အဆင့်၊ Canton (ပြည်နယ်) အဆင့် နဲ့ Commune (ရပ်ကွက်) အဆင့်ဖြစ်ပါတယ်၊ ဖက်ဒရယ်ဆိုတာကတော့ ရှင်းပါတယ်၊ ဒီအဆင့်မှာ ပေးကြတဲ့ မဲ တွေက တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စမျိုးတွေ ဖြစ်ပါတယ်၊ လွှတ်တော်နဲ့ အစိုးရကိုယ်တိုင်က တင်ပြလာတဲ့ အရေးကိစ္စမျိုးတွေ ဖြစ်ပါတယ်၊ Canton ကတော့ ပြည်နယ်အဆင့်ဖြစ်ပါတယ်၊ ဆွစ်ဇာလန်က ဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပြီး ပြည်နယ် ၂၆ ခုနဲ့ ဖွဲ့စည်းထားလို့ ပြည်နယ်တွေကလည်း သူ့အုပ်ချုပ်ရေးနဲ့သူ ရှိကြပါတယ်၊ တိုင်းပြည်ကလေးကသာ မြန်မာပြည်ထက် ၁၅ ဆလောက်ငယ်တာ၊ သူ့မှာလည်း ပြည်နယ်တွေနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေနဲ့...၊ ဆန္ဒမဲပေးချိန် ရောက်တိုင်း ပြည်နယ်တိုင်းလိုလိုမှာ မဲခွဲဆုံးဖြတ်ရမယ့်ကိစ္စ တစ်ခုမဟုတ် တစ်ခု အမြဲပဲ ရှိနေတတ်ပါတယ်၊ နောက်ဆုံးအဆင့်ဖြစ်တဲ့ ကွန်မြူးန်မှာတော့ ရံဖန်ရံခါလောက်သာ မဲပေးရတတ် ပါတယ်၊ ရပ်ကွက်ရဲ့ သာရေးနာရေးနဲ့ဆိုင်တဲ့ ကိစ္စကြီးငယ်တွေကို ဒီမှာ ဆုံးဖြတ်ကြပါတယ်၊

မဲပေးရမယ့်ရက် မတိုင်မီ တစ်လလောက်အလိုမှာ ရေဒီယို၊ တီဗီနဲ့ သတင်းစာတွေကနေ နိုင်ငံအဆင့်နဲ့ ပြည်နယ် အဆင့်အတွက် ဘာတွေဆန္ဒမဲပေးဖို့ ရှိတယ်ဆိုတာကို စ,ပြီး ကြေညာပါတယ်၊ တပြိုင်တည်းလိုလိုမှာ လမ်းဆုံ၊ လမ်းခွတွေမှာ ပါတီတွေရဲ့ သဘောထားကို ဖော်ပြတဲ့ ပိုစတာ၊ ဆိုင်းဘုတ်တွေ ထောင်ကြတယ်၊ ဥပမာ-လွန်ခဲ့ တဲ့ သုံးလေးနှစ်လောက်က ဆွစ်ဇာလန်ကို ဥရောမသမဂ္ဂထဲဝင်ဖို့ အဆိုပြုကြတဲ့ကိစ္စမှာ လက်ယာပါတီကြီးတွေ က “အိမ်နီးချင်း ဥရောပနိုင်ငံတွေနဲ့ အပြန်အလှန် အမှီသဟဲပြုခြင်းဖြင့် အကျိုးများမယ်၊ vote YES”လို့ တိုတို တုတ်တုတ်နဲ့ ပါတီ့သဘောထား ကြေညာသလို လက်ဝဲပါတီတွေကလည်း “ပြင်ပက နိုင်ငံခြားသားတွေကြောင့် အလုပ်လက်မဲ့တွေ တိုးလာနိုင်တယ်၊ ငွေကြေးတန်းညှိရလို့ စီးပွားရေးမတည်ငြိမ်ဖြစ်မယ်၊ vote NO”လို့ သူတို့ရဲ့ ခံယူချက်ကို လမ်းကြောင်းပေးပါတယ်၊

သုံးပတ်လောက် အလိုမှာတော့ မဲပေးခွင့်ရှိတဲ့ လူတိုင်းဆီကို စာတိုက်ကနေ စာအိတ်တစ်အိတ် ရောက်လာပါ တယ်၊ အဲဒီထဲမှာ ဒီတစ်ခေါက်အတွက် ဆန္ဒမဲပေးရမှာက ဖက်ဒရယ်အဆင့်မှာ ဒါတွေဖြစ်ပြီး ပြည်နယ်အဆင့်မှာ တော့ ဒီအချက်တွေ ဖြစ်ပါတယ်လို့ ရှင်းပြထားတဲ့ စာရွက်လေးတစ်ရွက် ပါ,ပါတယ်၊ ရပ်ကွက်အတွက် ပေးရမယ် ဆိုရင်လည်း အဲဒီမှာပဲ တခါတည်း ရှင်းပြပါတယ်၊ အဲဒီစာရွက်နဲ့အတူ စာစောင်လေးတစ်စောင်လည်း ပါတယ်၊ အဲဒီထဲမှာတော့ ဘာ့ကြောင့်ဒီအချက်တွေကို မဲပေးဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ရသလဲဆိုတာ ရှင်းပြထားပြီး တော့ YES လို့ပေးဖို့ တိုက်တွန်းတဲ့ပါတီတွေရဲ့ ဖြေရှင်းတင်ပြချက်ကို ဖော်ပြပါတယ်၊ တဆက်တည်းမှာပဲ NO လို့ တိုက်တွန်းတဲ့ ပါတီတွေရဲ့ အကြောင်းပြချက်ကိုလည်း ဖော်ပြပါတယ်၊ နောက်ဆုံးစာမျက်နှာမှာတော့ ပါတီ တွေနဲ့ သူတို့ရဲ့သဘောထားကို နံပါတ်စဉ်လိုက် ထပ်ပြီးဖော်ပြပါတယ်၊ ဒါတွေဖတ်ပြီးရင် မဲဆန္ဒရှင်က စာရွက်ပေါ် မှာ ရက်စ်, နိုး ရေးလိုက်ရုံပါပဲ၊ ဥပမာ-ဆွစ်ဇာလန်ကို ဥရောပသမဂ္ဂထဲဝင်ဖို့ အဆိုကို သင်လက်ခံပါသလား၊ ဤ ပြည်နယ်မှာ ဒုတိယ အဝေးပြေးလမ်း ထပ်ဖောက်ရန် သင်သဘောတူပါသလား၊ စ,တဲ့ မေးခွန်းတွေဘေးမှာ ပြင်သစ်လို OUI ဒါမှမဟုတ် NON ရေးဖို့ပါပဲ၊ အဲဒီစာရွက်ကို အသင့်ပါလာတဲ့ စာအိတ်ထဲကိုထည့်၊ အတူပါလာ တဲ့ မေးပေးခွင့်ကဒ်ပြားမှာ မွေးသက္ကရာဇ်ဖြည့်ပြီး စာတိုက်ကဖြစ်ဖြစ်၊ လူကိုယ်တိုင်ပဲဖြစ်ဖြစ် ရပ်ကွက်ရုံးကို သွားပေးလိုက်ရင် ဆန္ဒမဲပေးခြင်းအမှု ပြီးပါပြီ၊ မဲပုံးဖွင့်တဲ့နေ့မှာတော့ တီဗီနဲ့ ရေဒီယိုကနေ ရလဒ်ကို စဉ်ဆက်မ ပြတ် ကြေညာပေးပါတယ်၊

မဲပေးကြတဲ့ အကြောင်းအရာတွေကတော့ အစုံပါပဲ၊ ကျနော် မှတ်မိသလောက် ဖက်ဒရယ်အဆင့်မှာဆိုရင် ဗလီ တွေမှာ Minaret (မျှော်စင်ခေါ်မလား၊ ခေါင်းလောင်းစင်ခေါ်မလား) မဆောက်ဖို့ တားမြစ်တာ၊ ဆွစ်ဇာလန်က အီးယူထဲ မဝင်ပေမယ့် တိုးရစ်စ်ဗီဇာကိုတော့ Schengen ဗီဇာထဲဝင်ဖို့ အဆိုပြုတာ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ တဲ့သူတွေကို ဆေး,မစစ်မနေရစနစ် ကျင့်သုံးဖို့ အဆိုပြုတာ စ,တဲ့ကိစ္စတွေပါ၊ ပြည်နယ်အဆင့်မှာတော့ စားသောက်ဆိုင်နဲ့ အများပြည်သူသုံး နေရာတွေမှာ ဆေးလိပ်သောက်ခွင့် တားမြစ်တဲ့ကိစ္စ၊ ဈေးတွေမှာ ဈေးခွန် ကို တိုးမြှင့်ကောက်ခံမယ့်ကိစ္စ၊ စည်ပင်သာယာရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့ကို ပေါင်းစည်းဖို့ကိစ္စ အစ,ရှိသဖြင့်ကိစ္စ တွေမှာ လူထုရဲ့ ဆန္ဒသဘောထားကို တောင်းခံ အတည်ပြုပါတယ်၊

ဆန္ဒမဲပေးတာနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ကောင်းတာတချက်လည်း ရှိပါသေးတယ်၊ အဲဒါက Initiative နဲ့ Referendum ပါပဲ၊ လူတစ်ယောက်၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ကိစ္စတစ်ရပ်ကို အဆိုပြုချင်ရင် Initiative လုပ်ပြီး သဘောတူတဲ့လူတွေရဲ့လက်မှတ်တွေ ကောက်ခံခွင့် ရှိပါတယ်၊ ဈေးတွေ၊ အလုပ်တွေ နီးစပ်ရာ နီးစပ်ရာ အလိုက် အဆိုပြုမယ့်အရာကို ရှင်းပြပြီး လက်မှတ်ကောက်ခံတာ ဖြစ်ပါတယ်၊ အကြောင်းအရာပေါ် မူတည်လို့ ဘယ်နှစ်ရက်အတွင်းမှာ လက်မှတ်ဘယ်နှစ်ခုရ,ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်၊ စည်းမျည်းနဲ့ ကိုက် ညီတဲ့ အဆိုပြုလွှာတွေကို ပြည်နယ်အာဏာပိုင်တွေက လက်ခံဆုံးဖြတ်၊ လာမယ့် ဆန္ဒမဲပေးပွဲမှာ ထည့်သွင်းပြီး လူထုတရပ်လုံးရဲ့ သဘောထားကို မဲပေးဆုံးဖြတ်စေပါတယ်၊ အဲဒီမှာမှ အများစုက လက်ခံရင် မူလအဆိုပြုလွှာ ဟာ ဥပဒေကဲ့သို့ အာဏာတည်သွားပါတယ်၊ ပမာပြရ,ရင်... ကျနော်နေတဲ့ ပြည်နယ်မှာ အရင်တုန်းက စနေနေ့ ဆိုရင် ဈေးဆိုင်တွေက ညနေ ၅ နာရီမှာ ပိတ်ပါတယ်၊ ဒီအချိန် ဆိုင်တွေပိတ်တာဟာ လူအများစုအတွက်ဈေး ဝယ်ဖို့ တော်တော် ကသီလင်တ, နိုင်ပါတယ်၊ ဒါနဲ့ Initiative လုပ်ပြီး ဆိုင်တွေကို ညနေ ၆ နာရီမှပိတ်ဖို့ အဆိုပြု ပြီး မဲပေးကြတော့ အများစုက ဝမ်းမြောက်ဝမ်းသာ လက်ခံကြတယ်၊ ဒီလိုနဲ့ ဆိုင်တွေက တစ်နာရီတိုးပြီး ဖွင့်ကြရ တယ်၊ ဈေးဝယ်တွေက ကျေနပ်ကြပေမယ့် ဈေးသည်တွေကတော့ တစ်နာရီ ပိုအလုပ်,လုပ်ရလို့ သိပ်မကျေနပ် ကြဘူး၊ ဒါပေမယ့် ဒါဟာအများလက်ခံတဲ့ ဥပဒေမို့ စောဒကတက်ခွင့် မရှိပါဘူး၊

Referendum မှာတော့ mandatory နဲ့ optional ဆိုပြီး နှစ်မျိုးရှိပါတယ်၊ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေ တရပ်,ရပ်ကို ပါတီတွေက သံသယရှိတဲ့အခါ သုံးကြပါတယ်၊ အဲဒီအခါ optional referendum ဆိုရင် ရက်ပေါင်း ၁၀၀ အတွင်းမှာ လက်မှတ် ၅၀,၀၀၀ ရအောင် ကောက်နိုင်ရင် အဲဒီဥပဒေကို အတည်ပြုဖို့ လူထုရဲ့ဆန္ဒနဲ့ မဲခွဲရ ပါတယ်၊ ဒီလိုမှမဟုတ်ဘဲ မလုပ်မနေရ mandatory ဆိုရင်တော့ တခါတည်း ဆန္ဒခံယူပွဲမှာ တင်လိုက်လေ့ ရှိပါ တယ်၊

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒီနှစ်အတွက် ဒုတိယအကြိမ် မဲပေးကြတဲ့ ရက်ဖြစ်ပါတယ်၊ စီးပွားပျက်ကပ်ကြောင့် အလုပ်လက်မဲ့ရုံးမှာ စာရင်းသွင်းသူတွေများလာတဲ့အတွက် ဒေါ်လာ သန်း ၇၀ ဘတ်ဂျက်လိုငွေပြနေတယ်၊ အဲဒါ ကို ပြန်ကာမိအောင် လူတိုင်းရဲ့လစာထဲကနေ လက်ရှိနှုတ်နေကျ ၂% အစား ၂.၂% ဖြတ်ဖို့ အဆိုပြု ပါတယ်၊ ဒါက ဖက်ဒရယ်အဆင့်မှာပါ၊ လူအများစုက ၅၀.၃% နဲ့လက်ခံလိုက်ကြပါတယ်၊ ကျနော်နေတဲ့ ပြည်နယ်အဆင့် မှာတော့ ရပ်ကွက်နှစ်ခုက ရုံးတစ်ခုတည်းပေါင်းဖြစ်သွားရင် ရပ်ကွက်ကောင်စီဝင်တွေအဖို့ တာဝန်တွေ လွှဲ ပြောင်းဖို့ နောက်ထပ် ၆ လ,ကို ရွေးကောက်ပွဲ ဖြတ်စရာမလိုဘဲ ဆက်လုပ်ခွင့်ပြုဖို့နဲ့ အိမ်ရှင်အိမ်ငှါးဆိုင်ရာ တရားရုံးကို အခမဲ့အစား အခကြေးငွေယူပြီး ဝန်ဆောင်မှုပေးဖို့ အကြောင်း ဆန္ဒမဲပေးကြပါတယ်၊ ပထမတစ်ခုကို လက်ခံကြပြီး ဒုတိယတစ်ခုကိုတော့ NO လို့ ဆုံးဖြတ်ကြတယ်၊ သဘာဝကျပါတယ်၊ အလကားရနေတာကို ဘယ်သူက ပိုက်ဆံပေးချင်မှာလဲ၊

ခေါင်းစဉ်မှာ ပါတဲ့အတိုင်းပါပဲ...၊ ဆန္ဒတွေကို ထုတ်ဖော်ပြသ,ခွင့် ရှိသူတွေအဖို့တော့ သေးငယ်တဲ့ အကြောင်း အရာလေးပဲ ဖြစ်စေဦးတော့၊ ကိုယ့်ရဲ့ဆန္ဒမဲနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိကြပါတယ်။ ။


ညီလင်းသစ်
၂၉ စက်တင်ဘာ၊ ၂၀၁၀

24 September 2010

သုံးနှစ်တာ (နောက်ဆက်တွဲ)


ဒီနှစ် သားရဲ့ သုံးနှစ်ပြည့် မွေးနေ့ကို ဘာမှ ထူးထူးထွေထွေ မလုပ်ပါဘူး၊ သား မွေးနေ့ကျတဲ့ ရက်သတ္တပတ် မှာလည်း ကျနော်က ပိုလန်ကို သင်တန်းတစ်ခု သွားတက်နေရတာမို့ မွေးနေ့ကို နှစ်ပတ်စောပြီး လုပ်ဖြစ် သွားတယ်၊ အဲဒီလို နှစ်ပတ်စောပြီး ရွေးလိုက်တဲ့ရက်က ဒီမှာ ခရီးသွားရာသီနဲ့ တိုက်ဆိုင်နေပြန်ရော၊ ဆိုတော့ ကျနော်တို့ မိတ်ဆွေတွေထဲက ဘယ်သူမှ မလာနိုင်ကြဘူး၊ ရှိတဲ့ မိသားစုနဲ့ပဲ နေ့လည်ခင်းတစ်ခုမှာ ဝိုင်းဖွဲ့စားသောက်တဲ့ ပုံစံမျိုးပါပဲ၊ နောက်နှစ်ဆိုရင်တော့ သူဖိတ်ချင်တဲ့ သူငယ်ချင်းတွေကို ဖိတ်ပေးမယ်လို့ ကျနော်တို့ စဉ်းစားထားပါတယ်၊ ဒီတစ်ခေါက် သူ့ရဲ့မွေးနေ့မှာ မြန်မာပြည်က အဖိုးအဖွားလည်း ပါဝင်ခွင့်ရ တာတော့ အမှတ်တရနဲ့ ဝမ်းသာစရာပါပဲ။


Photobucket




Photobucket
သားက ၅ လသား အရွယ်ကတည်းက နေ့ကလေးထိန်းကျောင်းကို သွားရတယ်၊ ဒီမှာက သူ့ကို နေ့ခင်းပိုင်း ထိန်းမယ့်သူ မရှိတာကြောင့် တစ်ပတ်ကို လေးရက် သွားခဲ့ရတယ်၊ ဒါက သူ့ရဲ့ ဒုတိယ ကျောင်းပေါ့၊ ဒီ နေ့ကလေးထိန်းကျောင်းက ကျနော်တို့ နှစ်ယောက်လုံး အလုပ်လုပ်တဲ့ အင်စတီကျုရဲ့ ဝန်ထမ်းသားသမီး တွေအတွက် ဖွင့်တဲ့ကျောင်းပါ၊ တခြားကလေး တွေရဲ့မွေးနေ့ပွဲတွေကို ပြန်,ပြန်ပြောပြတတ်တာနဲ့ ဒီတစ်ခါ သူ့အလှည့် ဖြစ်ပါစေဆိုပြီး ကျနော်တို့စီစဉ် ပေးလိုက်တဲ့ ပထမဆုံး ကျောင်းမွေးနေ့ပွဲလည်း ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ယောက်လုံး မသွားနိုင်တာကြောင့် ဆရာမတွေကပဲ ဓါတ်ပုံရိုက်ပေးပါတယ်။


Photobucket
ကျောင်းက သူ့ကို အဲဒီ ဝံပုလွေပုံပြင်စာအုပ် လက်ဆောင်ပေးပါတယ်၊ သားက ဝံပုလွေတွေကို ကြောက်လည်း ကြောက်၊ ဝံပုလွေပါတဲ့ ပုံပြင်ဆိုရင်လည်း နားထောင်ချင်နဲ့...၊ သူလုပ်တဲ့ အပြစ်ဆိုလည်း ဝံပုလွေလုပ်တာလို့ ပြောတတ်တယ်၊ စားပွဲအောက်က ထမင်းလုံးတွေ ဘယ်သူလုပ်လို့ ကျနေတာလဲ၊ ဝံပုလွေလုပ်တာ...၊ သားရဲ့ ဒီကားဘီးလေးကို ဘယ်သူဖြုတ်ပစ်တာလဲ၊ ဝံပုလွေ ဖြုတ်တာ...၊ အစရှိသဖြင့်ပေါ့လေ၊ ဝံပုလွေကတော့ လူဆိုးကြီး လုံးလုံးကို ဖြစ်လို့... ...။


Photobucket




Photobucket
ဟိုတစ်နေ့က စိတ်ကူးရတာနဲ့ သားရဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲပုံကို ဒီလိုစုစည်းကြည့်တယ်..။



ညီလင်းသစ်
၂၄ စက်တင်ဘာ၊ ၂၀၁၀

18 September 2010

သုံးနှစ်တာ...


သုံးနှစ်ဆိုတဲ့ ကာလက တကယ့်ကိုပဲ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့တယ်၊ လွန်ခဲ့တဲ့ သုံးနှစ် နွေရာသီကာလမှာ သားကလေး မွေးလာခဲ့တယ်၊ ထုံးစံအတိုင်း မမွေးခင်ကလည်း ပြင်ရဆင်ရ၊ မွေးလာပြန်တော့လည်း ပြုစုဂရုစိုက် ရနဲ့ပေါ့၊ ဒီကမ္ဘာပေါ်က အခြားအခြားသော မိဘတွေလိုပဲ ကျနော်တို့လည်း သားနဲ့အတူ တဖန်ပြန်ပြီး ကြီးပြင်းခဲ့ရ ပြန်ပါတယ်၊ သူနဲ့အတူတူ ကြီးပြင်းတယ် ဆိုတာက တကယ်ပါ၊ ဥပမာ- သူ ခြောက်လသား အရွယ်မှာ ခြောက်လသား ကလေးတစ်ယောက်ရဲ့ နေထိုင်မှုအဝဝကို ကျနော်တို့လည်း တချိန်တည်း သင်ကြားခဲ့ရတယ်၊ သူ မှောက်ဖို့ ကြိုး စားတဲ့အခါ၊ လေးဖက်သွားဖို့ ကြိုးစားတဲ့အခါ၊ ပထမဆုံး ခြေလှမ်းတွေ စ,လှမ်းတဲ့အခါ သူ့ရဲ့ လွဲချော်မှု၊ အောင်မြင်မှု၊ မတော်တဆ ထိခိုက်မှု စတာတွေကို ကူညီထိန်းမ,ရင်း၊ ကြိုတင်ပြင်ဆင်ရင်း၊ ရီမော အားပေးရင်းနဲ့ပဲ နေ့ရက်တွေက တတိတိ ရွေ့လျောသွားခဲ့ကြတယ်၊ အဲဒီတုန်းက နေ့စဉ်ဘဝတွေကို အခုပြန် စဉ်းစားတော့ အင်မတန်ရှည်လျားတဲ့ တီဗီစီးရီး တစ်ခုကို ကြည့်ရသလိုပဲ၊ တချို့အခန်းတွေကို မှတ်မိသလိုလို၊ မမှတ်မိသလိုလို နဲ့...၊ ဇတ်လမ်းဘယ်လိုစ,တယ်၊ ဘယ်နားမှာ ဘယ်လိုအလှည့်အပြောင်း ဖြစ်သွားတယ် စ,တာ တွေကို မှတ်မိ သယောင်ယောင် ရှိပေမယ့် ဖြစ်စဉ်တွေကို ရှေ့နောက်စီစဉ်ပါ ဆိုရင်တော့ တော်တော်ဝါးသွား ပြန်တယ်၊ ဒါက ကျနော့်တစ်ဦးတည်း အမြင်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်၊ မိခင်တွေကတော့ ဖခင်တွေနဲ့စာရင် ဒါမျိုးတွေကို ပိုပြီး မှတ်မိကြမယ် ထင်ပါတယ်၊

သူငယ်ငယ်တုန်းက ရိုက်ထားခဲ့တဲ့ ဗီဒီယိုအပိုင်းအစတွေ တခါတခါ ပြန်ကြည့်ရင် “ကြည့်စမ်း..အဲဒီတုန်းက သား က ဒီလိုတွေတောင် လုပ်တတ်နေပြီ၊ သွားတတ်နေပြီ”လို့ တအံ့တသြနဲ့၊ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါ ပေါင်းစုံကိုလည်း ရှာဖွေလေ့လာ မှတ်သားရတာအမော၊ သားကလေး နဲနဲနေမကောင်းတာနဲ့ ရောဂါလက္ခဏာ ရှာပြီး ဖြစ်နိုင်ခြေရှိ တာကို ခန့်မှန်းရတာကလည်း အလုပ်တစ်ခု၊ သားက မခြူခြာပါဘူး၊ ကလေးတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဖျား အနာလေးတွေလောက်ပဲ ဖြစ်တယ်၊ အခုတော့လည်း သုံးနှစ်သားဆိုတော့ ပြေးလွှား ခုန်ပေါက်လို့ပေါ့၊

ကျနော်မှတ်မိသလောက် နှစ်နှစ်ခွဲလောက်မှာ သားအများဆုံး မေးလေ့ရှိတာက “ဒါဘာလဲ”ဆိုတာပဲ၊ ပြင်သစ်လို “C’est quoi” လို့မေးလိုက် မြန်မာလိုမေးလိုက်နဲ့ သူ သင်ကြားနေခဲ့တယ်၊ အခု သုံးနှစ်မပြည့်တပြည့်မှာ မေးလာ တာကတော့ “Pourquoi”ပဲ၊ “ဘာဖြစ်လို့လဲ” “ဘာ့ကြောင့်လဲ”တဲ့၊ ကလေးတွေဟာ ဒီ “ဘာ့ကြောင့်လဲ”ဆိုတာ မလွဲမသွေ မေးတတ်တယ်ဆိုတာ ကျနော်သိထားပြီး ဖြစ်လို့ ကြိုတင်ပြင်ဆင်ထားခဲ့တယ်၊ ပြင်ဆင်တယ်ဆိုတာ ကလည်း တခြားထွေထွေထူးထူး မဟုတ်ပါဘူး၊ သူ့ရဲ့ မေးခွန်းတိုင်းကို တတ်နိုင်သမျှ စိတ်ရှည်ရှည်ထားဖြေဖို့ ကိုယ့်ကိုယ်ကို သတိပေးထားတာပါ၊

သတိမပေးလို့ကလည်း မရဘူး၊ အဲဒီ “ဘာဖြစ်လို့” ဆိုတာကြီးက မိုးလင်းကနေ မိုးချုပ်အထိ တောက်လျှောက်ပါ ပဲ၊ အပြင်သွားခါနီး “သားရေ..ဒီဆွယ်တာလေး ဝတ်ကွာ”ဆိုရင် ဘာဖြစ်လို့လဲ-တဲ့၊ အလုပ်နောက်ကျတဲ့ ရက်မျိုးဆိုရင် ကျနော်သတိလွတ်သွားပြီး “လူကြီးက ဝတ်ဆို ဝတ်ပါလား”လို့ ပြောမိမလိုဖြစ်သွားတယ်၊ ဒီကောင်ငါ့များ ကန့်လန့်တိုက်နေလားဆိုပြီး ကြည့်လိုက်တော့ သားကလေးရဲ့ အရိုးခံမျက်လုံးလေးတွေနဲ့ပဲ သွားဆုံပါတယ်၊ သူက တကယ့်ကို သိချင်စိတ် အပြည့်နဲ့ ကျနော့်ကို မော့ကြည့်လို့...၊ ရုတ်တရက် စိတ်ခုသွားတဲ့ အဖြစ်ကို သား မသိလိုက်ပေမယ့် ကျနော် စိတ် မကောင်းဖြစ်သွားတယ်၊ ပြီးတော့မှ “အရင်ရက်တွေက နဲနဲပူနေ တော့ ဝတ်စရာမလိုဘူးလေ၊ ဒီနေ့မနက်ကတော့ မိုးအုံ့နေလို့ သား ချမ်းမှာစိုးလို့ ဝတ်ခိုင်းတာကွ”လို့ ရှင်းပြလိုက် တယ်၊ ဒီတော့မှ ဆွယ်တာဝတ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို သိသွားလို့ သူ ချက်ချင်းပဲ ကောက် ဝတ်လိုက်တော့တယ်၊ အဲဒီလို အဖြစ်တွေက နေ့တဓူဝမို့ ကျနော်တတ်နိုင်သလောက် သတိထားနေရ ပါတယ်၊

တချို့မေးခွန်းတွေကတော့ ကျနော်တို့ကို အကျပ်ရိုက်စေပါတယ်၊ ဟိုတစ်နေ့က ကျနော်တို့ ဝရန်တာမှာ လာ, လာနားလေ့ရှိတဲ့ စာကလေးတွေကို ကြည့်ရင်း စာကလေးက ခြေထောက်ပါရဲ့သားနဲ့ ဘာဖြစ်လို့ လမ်းမလျှောက် တာလဲ-တို့၊ လူကြားထဲမှာ လေ,တက်တာဟာ ဘာဖြစ်လို့ မယဉ်ကျေးဘူးလို့ ပြောကြတာလဲ-တို့၊ ငိုတဲ့အခါ ဘာဖြစ်လို့ မျက်ရည်ကျလာတာ လဲ-တို့ စ,တဲ့ မေးခွန်းမျိုးတွေပေါ့၊ တခါကလည်း အကောင်ပလောင်လေးတွေ ကို မသတ်ဖို့ပြောရင်းက “သေတယ်”ဆိုတာ ဘာလဲလို့ မေးပြန်ရော၊ တချို့အကြောင်းတွေကို သုံးနှစ်အရွယ် ကလေးတစ်ယောက် နားလည်အောင် ရှင်းပြရတာ သိပ်တော့ မလွယ်ပါဘူး၊ သူ မသိတဲ့ ဝေါဟာရတစ်လုံးကို ဖြေဖို့ နောက်ထပ် ဝေါဟာရ အသစ် ဆယ်လုံးကိုလည်း ကျနော်မသုံးချင်ဘူး၊ အထူးသဖြင့်တော့ အလုပ် ပင်ပန်း နေတဲ့အချိန်မျိုး တွေမှာ စိတ်ရှည်လက်ရှည် ရှင်းပြဖို့ အတော်ကြိုးစားရတယ်၊ ကျနော်က သူ့ကို “လူကြီးက ပြော ရင် မှတ်လိုက်၊ ဘာမှပြန်ပြီး လျှာရှည်မနေနဲ့”လို့ မပြောမိအောင် အမြဲသတိထားပါတယ်၊

သားကိုကြည့်ရင်း ကျနော်လည်း ငယ်ငယ်တုန်းက သူ့လိုပဲ အဲဒီလိုတွေ တချိန်လုံး လျှောက်မေးနေတာပဲလား လို့ ပြန်စဉ်းစားမိတယ်၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က အဖြစ်အပျက်တွေက ပြက်ပြက်ထင်ထင် မရှိလှပါဘူး၊ ကျနော်မှတ်မိသလောက်က မမေးဘူး ဆိုတာပဲ၊ မေးရင်တောင်မှ သူ့လောက်တော့ မဟုတ်လောက်ဘူး၊ ဒါနဲ့ ကျနော်နဲ့ရွယ်တူ ငယ်သူငယ်ချင်းတွေ အကြောင်း စဉ်းစားကြည့်ပြန်ရော၊ သူတို့လည်း ဘယ်သူမှ ဒီလိုတွေ ကပ်သီးကပ်သပ် လျှောက်မမေးကြဘူး၊ မြန်မာပြည်မှာ ရှိစဉ်တုန်းက တူ,တူမတွေ၊ အိမ်နီးချင်း ကလေးတွေ အကြောင်းတွေးမိတော့လည်း ဘယ်သူမှ ဒီလို တချိန်လုံး ဘာဖြစ်လို့လဲ၊ ဒါဘာလဲ လို့ မေးမနေကြပါဘူး၊ ဘာဖြစ် လို့ မမေးကြတာလဲ၊ ကျနော်ကလေးဘဝတုန်းက ဘာမှ မသိချင်ခဲ့ဘူးလား၊ ဒီကလေးငယ်တွေကကော ပတ်ဝန်းကျင်ကို စိတ်မဝင်စားကြဘူးလား၊ သုံးနှစ်အရွယ်စီ ရှိကြတဲ့ မြန်မာကလေး တစ်ယောက်ရယ်၊ အာဖရိကန် ကလေးတစ်ယောက်ရယ်၊ အနောက်တိုင်းက ကလေးတစ်ယောက်ရယ်.. အဖြစ်အပျက်တစ်ခု၊ စကားလုံးအသစ်တစ်ခုကို ချဉ်းကပ်ပုံက ကွာနိုင်သလား၊ ဘယ်လောက် ကွာနိုင်သလဲ၊ ပြောရရင်တော့ ပညာရှင်တွေ တလျှောက်လုံး ဆွေးနွေးငြင်းခုန်နေကြတဲ့ ကလေး တစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဟာ ဗီဇပေါ် မူတည် လား၊ ပတ်ဝန်းကျင်ပေါ် မူတည်လား ဆိုတဲ့ မေးခွန်းကိုပဲ ဦးတည်သွားမှာပါပဲ၊

ကျနော့်တဦးတည်း အမြင်အရတော့ ဗီဇကော ပတ်ဝန်းကျင်ပါ မူတည်ပါလိမ့်မယ်၊ ဒါပေမယ့် တခုကိုပဲ မဖြစ်မနေ အလေးပေးရမယ် ဆိုရင် ပတ်ဝန်းကျင်က ပိုပြီးအရေးပါလိမ့်မယ်လို့ ထင်တယ်၊ ဒီကမ္ဘာမြေရဲ့ ဘယ်နေရာမှာပဲ မွေးမွေး၊ ဘယ်လို အသားအရောင်ပဲရှိရှိ ကလေးတိုင်းကတော့ အရာရာကို စူးစမ်းချင်စိတ် အနည်းနဲ့အများ ရှိကြ မှာပါပဲ၊ အင်မတန် ရှုပ်ထွေးဆန်းကြယ်တဲ့ ဒီလောကကြီးကို သူတို့ရဲ့မေးခွန်းလေးတွေနဲ့ ချဉ်းကပ်ကြတဲ့အခါ ပြန်ရလာတဲ့ အဖြေက “ဟယ်..ဒီကလေးဟာ တော်တော့်ကို လျှာရှည်တယ်”တို့၊ “သေနာလေး..နင်ဟာလေ တော်တော့်ကို အထွန့်တက်ပါလား၊ လူကြီးစကား နားထောင်စမ်း”တို့၊ “တယ်..ငါတီးထည့်လိုက်ရ၊ နင်ကများ မိဘကို ပြန်ပြီး မေးလားစမ်းလားနဲ့”တို့ ဖြစ်နေခဲ့မယ် ဆိုပါစို့၊ ဒီကလေးငယ်တွေရဲ့ စူးစမ်းချင်စိတ်တွေဟာ အဲဒီ မှာတင်ပဲ အညွန့်ကျိုး၊ အရွက်ကြွေ ဖြစ်ကုန်မှာပါပဲ၊ ပိုဆိုးတာက ဒီလိုပြန်လှန် မေးမြန်းတာဟာ လူကြီးကို စော်ကားရာကျတယ်၊ ရိုင်းရာကျတယ်ဆိုတဲ့ အမြင်တွေပါ ဝင်လာနိုင်ပါတယ်၊ အကျိုးဆက်အနေနဲ့ ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့ ဆိုတဲ့ဘောင်ထဲ တဘဝလုံးစာ ရိုက်သွင်းခံလိုက်ရတာပါပဲ၊ ကြီးလာတဲ့အခါ လူကြားသူ ကြားထဲ ပြောရဲဆိုရဲတဲ့စိတ်၊ အမှားနဲ့ အမှန်ကို ပိုင်းခြားနိုင်တဲ့အလေ့၊ အဖြစ်အပျက်တွေမှာ အကျိုးနဲ့အကြောင်း ကိုခွဲခြားမြင်နိုင်တဲ့အကျင့် စ,တာတွေ ပျောက်ဆုံးကုန်တဲ့အခါ ဒီကလေးအတွက်သာမက သူ့ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အများကြီး ထိခိုက်စေပါတယ်၊ ဒီလိုကလေးတွေ ကျနော်တို့အသိုင်းအဝိုင်းမှာ များသထက်များလာတဲ့အခါ တိုင်းပြည် အတွက် နစ်နာမှုက ကြီးမားလှပါတယ်၊

ကျနော်ဒီမှာ ကျောင်းတက်တော့ စာသင်ခန်းထဲမှာ ကျနော့်ထက်အများကြီးငယ်တဲ့ ကျောင်းသားတွေက ရဲရဲ တင်းတင်းနဲ့ ဆရာကို ပြန်လှန်မေးခွန်းထုတ်တာတွေ့တော့ မြန်မာပြည်မှာ ဘွဲ့ရသည်အထိ တလျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပညာသင်ခဲ့တဲ့ ကျနော့်အဖို့ ကိုယ့်ကိုယ်ကိုပဲ မေးခွန်းတွေ ပြန်ထုတ်နေမိပါတယ်၊ အကြောင်းအရာ အဖြစ်အပျက်တွေအပေါ် ဒါဘာလဲ၊ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ စ,တဲ့ ရိုးရှင်းအခြေခံ ကျလှတဲ့ မေးခွန်းလေးတွေနဲ့ ကလေးတို့ရဲ့ လောကကြီးကို သင်ယူမှုဟာ လူကြီးမိဘကို ရိုသေကိုင်းရှိုင်းမှု မရှိ တာ၊ လေးစားသမှု မရှိတာ မဟုတ်ပါဘူး၊ သူတို့လေးတွေရဲ့ ဖြူစင်တဲ့စိတ်အခြေခံနဲ့ အရိုးခံချဉ်းကပ်မှု သက်သက်ပဲ ဖြစ်ပါတယ်၊ ဒီအကြောင်းတွေရေးလို့ ကျနော်က ကလေး စိတ်ပညာကျွမ်းကျင်သူ မဟုတ်သလို လူမှုသိပ္ပံကိုလည်း မသင်ဖူးပါဘူး၊ အင်မတန် စူးစမ်းမေးမြန်းလွန်းတဲ့ သားလေးကိုကြည့်ရင်း ကျနော်ခံစားမိ၊ တွေးမိတဲ့ အမြင်သက်သက်ပါပဲ၊ သူ သုံးနှစ်ပြည့် မွေးနေ့တုန်းကပုံတွေကိုတော့ နောက်ပို့စ်မှပဲ သီးသန့်တင် တော့မယ်ဗျာ။ ။

ညီလင်းသစ်
၁၈ စက်တင်ဘာ၊ ၂၀၁၀

13 August 2010

စီဂျီအင်န်


ဒီလဆန်းက ကျနော်ခွင့် နှစ်ပတ်ယူဖြစ်ပါတယ်၊ အကြောင်းကတော့ အဖေနဲ့အမေရောက်နေတော့ ဟိုနားဒီနား လိုက်ပို့ဖို့ပါပဲ၊ မနှစ်ကတော့ ဒီလိုအချိန် ခွင့်သုံးပတ်ယူဖြစ်တယ်၊ မယူလို့လည်း မဖြစ်ဘူး၊ သားရဲ့နေ့ကလေးထိန်းကျောင်းက သြဂုတ်လမှာ အမြဲတမ်း သုံးပတ် ပိတ်လေ့ရှိတော့ သူ့ကိုအိမ်မှာ ထိန်းရမှာကိုး၊ အခုတော့ သူ့ကိုအဖိုးအဖွားနဲ့ လွှတ်ထားလိုက်တယ်၊ ကျနော့်အတွက်လည်း ခွင့်တွေ နဲနဲစုထားလို့ ရတာပေါ့၊

ဒီနှစ်ပတ်အတွင်း မိဘတွေကို တချို့နေရာလေးတွေ လိုက်ပြရင်း ကျနော်လည်း သူတို့နဲ့ရောပြီး တိုးရစ်စ်လုပ်နေမိတယ်၊ အဲဒီထဲက ခရီးစဉ်တစ်ခုကတော့ သင်္ဘောစီးခြင်းပါပဲ၊ ကျနော်တို့နေတာက ရေကန်ကြီးဘေးမှာဆိုတော့ သင်္ဘောစီးဖို့ အဆင်ပြေပါတယ်၊ သာမန် အချိန်မှာ ပြင်သစ်ကနေ အလုပ်လာလုပ်ကြတဲ့သူတွေစီးတဲ့ ဒီသင်္ဘောတွေဟာ နွေရာသီမှာတော့ တိုးရစ်စ်တွေနဲ့ ပြည့်နေတတ်ပါတယ်၊ အဲဒီနေ့ကတော့ ကားနဲ့ ၁၅ မိနစ်လောက်မောင်းရတဲ့ မြို့ကလေးကို သွားလည်ဖို့ သူတို့ကိုသင်္ဘောနဲ့ ခေါ်သွားလိုက်တယ်၊ ကျနော်ကိုယ် တိုင်လည်း သင်္ဘောတွေ ကိုကြိုက်တာပါ,ပါတယ်၊ အဲဒီတုန်းက ရိုက်ထားတဲ့ ပုံတချို့ပါပဲ၊ သြော်.. စီဂျီအင်န်ဆိုတာက Compagnie Générale de Navigation ကိုခေါ်တာပါ။ ။


CGN (1)
Photobucket
La Suisse လို့အမည်ရတဲ့ ဒီသင်္ဘောကို ၁၉၁၀ မှာ ဆောက်ပါတယ်၊ အဲဒီတုန်းကပုံစံအတိုင်း ဒီနေ့ထက်ထိ ရေဒလက်နဲ့မောင်းတယ်၊

CGN (2)
Photobucket
ပြင်သစ်နဲ့ ဖက်စပ်ဖြစ်လို့ သင်္ဘောဦးမှာ ပြင်သစ်အလံကိုလည်း လွှင့်တင်ထားပါတယ်၊

CGN (3)
Photobucket


CGN (4)
Photobucket


CGN (5)
Photobucket


CGN (6)
Photobucket


CGN (7)
Photobucket


CGN (8)
Photobucket
Au revoir...!


ညီလင်းသစ်
၁၃ သြဂုတ်၊ ၂၀၁၀

09 August 2010

ကုလသမဂ္ဂမှာ တစ်နာရီ...


ဟိုတစ်နေ့က ကျနော့်မိဘတွေနဲ့အတူ ကုလသမဂ္ဂရုံးကို သွားလည်ဖြစ်တယ်၊ ဒီကုလသမဂ္ဂ ရုံးထဲကို လျှောက်လည်လို့ရတယ်ဆိုတာ နဲနဲ ကြားဖူးထားပေမယ့် အခုအဖေနဲ့အမေ ရောက်နေချိန်မှာတော့ မေ့တေ့တေ့ဖြစ်နေတယ်၊ ပြီးခဲ့တဲ့တစ်ပတ်မှာ မိတ်ဆွေတစ်ယောက်က အမေတို့ရောက်နေတယ်ဆိုတာ သိလို့ ဒီရုံးကို သွားလည်ပါလားလို့ အကြံပေးတာနဲ့ ဟုတ်သားပဲဆိုပြီး ရောက်ဖြစ်သွားတာပါ၊ အဖေတို့ကို သွားလည်ချင်လားဆိုတော့ သူတို့ကလည်း လိုလိုလားလား စိတ်ဝင်စားတာနဲ့ သူတို့ကို လိုက်ပို့ရင်း ကျနော်ပါ ရောယောင်ပြီး ဝင်လည်ဖြစ်သွားတယ်၊

ကုလသမဂ္ဂရုံးက ဂျီနီဗာမြို့မှာ ရှိပါတယ်၊ ကျနော်တို့နေတဲ့နေရာကနေ နာရီဝက်လောက် ကားမောင်းသွားရတယ်၊ သူတို့ဝက်ဘ်ဆိုက်မှာ ကြိုကြည့်ထားလို့ အခုလိုနွေရာသီမှာ တစ်ပတ်လုံးလုံး လည်လို့ရတယ်လို့ သိရတယ်၊ ဘာသာစကား တော်တော်များများနဲ့ ဧည့်လမ်းညွှန် တွေက လိုက်ပြတဲ့ Tour တွေစီစဉ်ထားပါတယ်၊ အဲဒီနေ့မှာမှ မိုးကလည်း သည်းသည်းမဲမဲဆိုတော့ စိုစိုရွှဲရွှဲနဲ့ပဲ ရောက်သွားကြတယ်၊ အဝင်ဝမှာ ထုံးစံအတိုင်း X-ray စက်ထဲကို ပစ္စည်းတွေအားလုံး ဖြတ်ရတယ်၊ ပြီးတော့ မှတ်တမ်းတင်တဲ့ အနေနဲ့ အတူလာသူတွေထဲက တစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ပေးရတယ်၊ အဲဒီတစ်ယောက်ကိုပဲ ကောင်တာမှာ အသင့်တင်ထားတဲ့ webcam ကင်မရာနဲ့ ဓါတ်ပုံရိုက်တယ်၊ ကျနော်တို့အတွက်တော့ အိမ်ရှင်ကျနော်ကပဲ အဲဒါတွေ တာဝန်ယူရတာပေါ့၊ ပြီးတော့ ဒုတိယကောင်တာမှာ ဘယ်စကားပြောအဖွဲ့နဲ့ သွားမှာလဲဆိုတာ ရွေးရပါတယ်၊ အဲဒီမှာတော့ အင်္ဂလိပ်စကားပြော guided tour ကိုပဲယူလိုက်တယ်၊ ခရီးသည် တွေက ဝင်လာမစဲတသဲသဲဆိုတော့ ၁၅ မိနစ်တစ်ခါလောက်ကို ခရီးစဉ်တွေ စီစဉ်ပေးထားရတယ်၊ လည်ပတ်တဲ့ ခရီးစဉ်က တစ်နာရီကြာ ပါတယ်၊ ဧည့်လမ်းညွှန်က အဓိကခန်းမဆောင်ကြီးတွေကို လိုက်ပြပြီး အဲဒီမှာ ဘယ်လိုအစည်းအဝေးတွေလုပ်ကြ လဲဆိုတာ ရှင်းပြတယ်၊ အကြမ်းဖျင်းကတော့ ကုန်သွယ်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး အစရှိတဲ့ ကိစ္စရပ်တွေကို ဒီဂျီနီဗာက ကုလသမဂ္ဂမှာ ဆွေးနွေးကြလေ့ ရှိပြီး လုံခြုံရေးကောင်စီအစည်းအဝေးလို အရေးကြီးတဲ့ အစည်းအဝေးကြီးတွေကိုတော့ နူးယော့ခ်က ကုလသမဂ္ဂမှာ လုပ်လေ့ရှိပါတယ်၊ အစည်းအဝေးကျင်းပချိန်နဲ့ ကြုံကြိုက်နေရင်တော့ ခန်းမတွေထဲကို ဝင်ခွင့်မရှိပါဘူးလို့ ကြိုတင်ကြေညာထားပေမယ့်လည်း အဲဒီနေ့က ဘာအစည်းအဝးမှ မရှိတာနဲ့ အားလုံးကိုတော့ ကြည့်လိုက်ရပါတယ်၊

တကယ်တမ်းမှာတော့ တစ်နာရီဆိုတဲ့အချိန်က ဘာမှကို မကြာလိုက်ပါဘူး၊ အဲဒီဝင်းကြီးထဲမှာလည်း အဆောက်အဦးတွေက အပြင်ကနေ မြင်ထားတာထက်ကို အများကြီးပိုများတယ်၊ ကျနော်တို့ ဧည့်လမ်းညွှန်ကလည်း ရသမျှအချိန်လေးအတွင်းမှာ အစည်းအဝေးတွေ အကြောင်းအပြင် ကုလသမဂ္ဂရဲ့ သမိုင်းကြောင်းကိုပါ တတ်နိုင်သလောက် ရှင်းပြရှာတယ်၊ အဖွဲ့မှာ လူက ၂၅ ယောက်ဆိုတော့ တစ်ယောက်တစ်ပေါက်နဲ့ ကျနော်လည်း ကြားတချက် မကြားတချက်နဲ့ပါပဲ၊ ဒီကြားထဲ ဓါတ်ပုံကလည်း အမှီရိုက်ရသေး ဆိုပါတော့၊ ခန်းမ တွေကို ဓါတ်ပုံရိုက်တဲ့အခါ ကျနော့်မှာ wide angle lens မရှိလို့ အားလုံးကို ခြုံပြီး မရိုက်နိုင်ခဲ့ဘူး၊ ဒီ lens ကောင်းကောင်းတစ်ခုတော့ အဆင်ပြေတဲ့အခါ ဝယ်ဦးမှပါပဲလို့ တေးထားလိုက်တော့တယ်၊


(၁) The broken chair
Photobucket
ဒီထိုင်ခုံ အကျိုးကြီးက မြေမြှုပ်မိုင်းတားဆီးရေး စာချုပ် အထိမ်းအမှတ်အနေနဲ့ ရုံးရှေ့တည့်တည့်မှာကို ထားရှိပါတယ်၊ အစတွေဖွာပြီး ပြတ်နေတဲ့ ထိုင်ခုံခြေထောက်ကို မြင်လိုက်တာနဲ့ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေကို ကွင်းကနဲ မြင်မိပါတယ်၊

(၂) မျက်နှာစာနှင့် သူ၏အလံများ
Photobucket
ညာဖက်အစွန်ဆုံးအတန်းက ဒုတိယမြောက်မှာ မြန်မာနိုင်ငံအလံကို တွေ့နိုင်ပါတယ်၊

(၃) Security Hall
Photobucket
ဒီအခန်းမှာ စီးပွားရေးဆိုင်ရာကိစ္စတွေ အပြင် တခါတရံ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေလည်း ဆွေးနွေးကြတယ်၊ ကျနော်တို့ ရောက်နေတဲ့နေရာက သတင်းထောက်တွေအတွက် ထားတဲ့အခန်းဖြစ်ပါတယ်၊ တဖက်ခြမ်း အပေါ်ဖက်နားမှာတော့ တပြိုက်နက်စကား ပြန်ပေးရတဲ့ စကားပြန်တွေထိုင်တဲ့ အခန်းလေးတွေကို တွေ့နိုင်ပါတယ်၊

(၄) Human Right Hall
Photobucket
သူ့နာမည်အတိုင်း လူ့အခွင့်အရေးကိစ္စတွေ အဓိကဆွေးနွေးရာ နေရာဖြစ်ပါတယ်၊ ဒီခန်းမရဲ့ ထူးခြားချက်ကတော့ မျက်နှာကျက်ပန်းချီပါ၊ နာမည်ကျော် စပိန်ပန်းချီဆရာတစ်ဦးက ၂၀၀၈ မှာ လောလောလတ်လတ် ဆွဲထားခဲ့တာ ဖြစ်ပြီး ၁ နှစ်လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်၊ အလူမီနီယံအစတွေ၊ သံဇကာကွက်တွေ၊ အထူအပါးစုံတဲ့ ဆေးရောင်စုံတွေကြောင့် သူ့ချည်းပဲ ၁၆ တန်လေးတယ်၊ သစ်တော တွေနဲ့ ရေလှိုင်းတွေပုံဖြစ်ပါတယ်၊

(၅) Assembly Hall
Photobucket
သူကတော့ အထွေထွေ အစည်းအဝေးပေါင်းစုံ ကျင်းပရာပေါ့၊

(၆) Earth from Assembly Hall
Photobucket
Assembly Hall ထဲက စင်မြင့်မှာ ချိတ်ထားတဲ့ ကမ္ဘာ့မြေပုံပါ၊ ဒီမြေပုံရဲ့ ထူးခြားချက်ကတော့ နိုင်ငံအားလုံးကို မျက်နှာမလိုက်ဘဲ တန်းတူ ရည်တူရှိအောင်လို့ မြောက်ဝင်ရိုးစွန်းကနေ မြင်ရတဲ့ ရှုထောင့်နဲ့ ထုဆစ်ထားခြင်း ဖြစ်ပါတယ်၊


ညီလင်းသစ်
၉ သြဂုတ်၊ ၂၀၁၀

03 August 2010

အသွင်တူ၏ မတူ၏


ကိုယ်ချစ်နေသော လူတစ်ယောက်ကို လက်တွဲဖော်အဖြစ် သေသေချာချာ ဆုံးဖြတ်သတ်မှတ်လိုက်ဖို့ အချိန် မည်မျှ လိုအပ်မလဲဟု ကျနော်မသိပါ၊ အချို့က အစကတည်းက လက်တွဲဖော်အဖြစ်ရည်ရွယ်ပြီး ချစ်ကြသလို အချို့ကလည်း ချစ်ပြီးမှ လက်တွဲဖော်အဖြစ် နောက်တစ်ဆင့်တိုးကာ စဉ်းစားကြသည်။ ထိုနှစ်မျိုးအနက် ကျနော်က ဒုတိယအမျိုး အစားထဲမှာ ပါဝင်ပါသည်၊ ထို့ထက်ပို ပြောရလျင် လက်တွဲဖော် ဖြစ်လာဖို့ အသာထား၊ သူမနှင့် ကျနော့်အကြားမှာ ချစ်ခြင်း၏ သစ်ပင်ကလေးတစ်ပင် ရှင်သန်ပေါက်ဖွားလာလိမ့်မည်ဟုပင် နဲနဲမှ တွေးထင်မထားခဲ့...၊ ဒါပေမယ့် ထိုသစ်ပင်ကလေးက တကယ်ပင် စိမ်းစို ရှင်သန်ခဲ့ပါသည်၊

ဒီလောကမှာ ရေစက်ဆိုတာ တကယ်ရှိသည်ဟု ဆိုလျှင် ထိုရေစက်သည် အာရှတိုက်မှ ကျနော့်ကို ကီလိုမီတာ တစ်သောင်းကျော်အကွာ ဥရောပတိုက်မှ သူမနှင့် ပေါင်းဆုံစေသော အရာသာ ဖြစ်ပေလိမ့်မည်၊ ကျနော်နှင့်သူမ အကြား ဘာဆိုဘာမှ တူညီတာမရှိ၊ မွေးဖွားရာ တစ်နေရာစီ၊ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ယူဆပုံ တကွဲတပြားစီ၊ မိခင်ဘာသာစကား ကလည်း တသီးတသန့်၊ ထိုသို့ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် ကြီးပြင်းလာကြသော ကျနော်နှင့်သူမအကြားမှာ တူညီသော ဘုံယဉ်ကျေးမှုက ချစ်ခြင်းတစ်ခုသာ ရှိခဲ့ပါသည်၊ မတူညီခြင်းများစွာ၏ အလယ်မှာ တူညီသော အချစ်တစ်ခုတည်းဖြင့် ကျနော်တို့ ခရီးဆက်ခဲ့ကြသည်၊

အားလပ်ရက်မှာ ခရီးထွက်ရတာကို ကျနော်တို့နှစ်ယောက်လုံး ကြိုက်ကြသည်၊ တကယ်တော့လည်း ခရီးသွား လုပ်ငန်းမှာ လုပ်နေကြသူတွေမို့ ခရီးသွားဖို့ ဝါသနာပါတာ သိပ်တော့မဆန်းလှ၊ သို့နှင့် မြန်မာပြည်၏ မြို့များစွာ ကို ကျနော်တို့ ရောက်ခဲ့ကြသည်၊ သူမက အလုပ်ချိန်မှာ ဘောင်းဘီဝတ်ပြီး ခရီးသွားသောအခါ မြန်မာလုံချည် ဝတ်လေ့ရှိသည်၊ ကျနော်က အလုပ်ချိန်မှာ လုံချည်ဝတ်ပြီး ခရီးသွားသောအခါ ဘောင်းဘီဝတ်သည်၊ ထိုသို့ အသွင်မတူသော ကျနော်တို့ နှစ်ယောက်ကို လူတွေက အထူးအဆန်းလို ကြည့်လေ့ရှိကြသည်၊ အစမှာတော့ ကျနော့်အတွက် နဲနဲစိတ်အနှောင့်အယှက် ဖြစ်သော်လည်း နောက်တော့ ရိုးသွားသည်၊ အဓိက,က ကျနော်တို့ သွားချင်သည့် နေရာတွေကို လွတ်လပ်စွာ သွားဖို့ပဲ မဟုတ်လား၊

ကျနော်တို့ နှစ်ယောက်လုံး ပုဂံကို ရင်ခုန်ကြသည်၊ ပုဂံကို တခါရောက်လျင် အနည်းဆုံး ၄ ရက်လောက်တော့ နေလိုက်ရမှ ကျေနပ်သည်၊ သို့သော် အသားဖြူ, ဖြူလာသည့် မန္တလေးကို သူရောကျနော်ပါ သိပ်မသွားချင်၊ ဒါပေမယ့် တောင်သမန်က အကြော်ဆိုင်တွေမှာတော့ တမေ့တမော ထိုင်ချင်ကြသည်၊ အင်းဝက မြင်းလှည်းတွေ ကိုချစ်သည်၊ မင်းကွန်းကိုရောက်ရင် တော်တော်နဲ့ မပြန်နိုင်၊ သူမအတွက် ကောင်းတာတစ်ခုက ဘယ်နေရာမှာ မဆို အိပ်နိုင်ခြင်းပင် ဖြစ်သည်၊ ကားပေါ် ရထားပေါ် ကျနော်က မျက်စိကြောင်ပြီး ငုတ်တုတ်ထိုင်နေရချိန်မှာ သူမ က အိပ်ပျော်နေပြီ၊ ကျနော်က ဈေးဆစ်ရတော့မယ်ဆို ဝန်လေးသည်၊ သူမက ဈေးဆစ်ရတာပျော်သည်၊ မြန်မာပြည်မှာ ခြောက်နှစ်ကျော် နေခဲ့သောသူမသည် မြန်မာစကားကို တော်တော်လေး ပြောနိုင်ပါသည်၊ တိုးရစ်စ်အထင်နှင့် ရောင်းသော ဈေးသည်က သူမထံမှ “နဲနဲလောက် လျှော့ပါဦး”ဟုထွက်လာသောအခါ တအံ့တသြနှင့် ပြုံးပြီး ဈေးစ,လျှော့တော့သည်၊ ညောင်ဦးဈေးထဲမှ သံပုရာသီးသနပ်ကို သူမက ထမင်းဖြူနှင့် ဒီအတိုင်းစားလေ့ရှိသည်၊ အဲဒီ သံပုရာသီးသနပ်က ရန်ကုန်ကဟာတွေထက် ပိုကောင်းသည်-တဲ့၊ ကျနော်က သံပုရာသီးသနပ်ကို မကြိုက်ပါ၊ အကင်ဆိုင်မှာ ကျနော် ဝက်နားရွက်ကင် မှာစားတော့ သူမ မျက်လုံးပြူးသွား သည်၊ ပြီးတော့ ကမ္ဘာဦးလူသား တစ်ယောက်ကို အရှင်လတ်လတ် တွေ့လိုက်ရသလိုမျိုး ကျနော့်ကို ကြည့်နေခဲ့ သည်၊

အသွင်မတူတာတွေ ရှိလင့်ကစား သူမ “အိမ်သူ” ဖြစ်လာခဲ့သည်၊ ကွဲပြားခြားနားမှုတွေ ရှိပေမယ့် ကျနော်တို့ ချစ်ခြင်းမေတ္တာကို ရဲရင့်စွာ ယုံကြည်ခဲ့သည်၊ နှစ်ယောက်တစ်ဘဝ တည်ဆောက်ဖို့အရေး ကျနော်တို့ များစွာ အချိန်ယူ စဉ်းစားခဲ့ရသည်၊ ရှေ့ဆက်လျှောက်ရမည့် လမ်းခရီးမှာ အဓိကသော့ချက်သည် အပြန်အလှန် နားလည်မှုသာဖြစ်ကြောင်း သေချာသွားသည့်အခါ အိမ်ထောင်ရေးတံခါး သော့ပေါက်ထဲသို့ ကျနော်တို့သော့တံ ကိုထိုးသွင်း ဖွင့်ဝင်ခဲ့တော့သည်၊

တခါတရံ ကျနော်က harmony ထက် contrast ကိုပိုကြိုက်သည်၊ ဆန့်ကျင်ဖက်တို့၏ အချင်းချင်း ပြန်လှန်ဆွဲ ငင်တည်ဆောက်ပုံကို နှစ်သက်သည်၊ တကယ်တော့ အိမ်ထောင်သည်ဘဝမှာ ကျနော်တို့ကြားက အသွင်မတူမှု များသည် အသေးအဖွဲလေးများသာ ဖြစ်ပါသည်၊ မအိမ်သူက မနက်စာကို အသားခြောက်လို ချိစ်လို အငန်ပါတာ တွေ စားလေ့ရှိသည်၊ ကျနော်က သစ်သီးယိုတို့ cream တို့လို အချိုပါတာ ပိုနှစ်သက်သည်၊ မအိမ်သူက မြန်မာအစားအစာ ကောင်းကောင်း မချက်တတ်ပါ၊ ကိစ္စမရှိ...၊ ကျနော်ကလည်း စားလို့ရတာ အကုန်စားတတ် သူဖြစ်သည်၊ သူချက်သော အနောက်တိုင်းအစားအစာတွေကို ကျနော်နှစ်သက်သလို ကျနော်ချက်သော မြန်မာ ဟင်းတွေကိုလည်း သူကြိုက်ပါသည်၊ တခါတရံ ကိုယ်စားချင်တာ ကိုယ်လုပ်စားကြသည်၊ ထိုအခါမျိုးတွင် ကျနော်က when east meets west ဟုပြောလေ့ရှိပါသည်၊ ကျနော်က ပင်ကိုအားဖြင့် အားနာတတ်ပြီး ပြဿနာဖြစ်မည့် အရာများကို ရှောင်လိုသည်၊ မအိမ်သူက မတရားတာ မှန်သမျှကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဝန်မ လေးသူ၊ ကျနော်က မျိုသိပ်မေ့ပျောက်ချင်သူ၊ မအိမ်သူကစိတ်ထဲရှိတာ ဘွင်းဘွင်းပြောတတ်သူ၊ ရုပ်ရှင်ကြည့် သည့်အခါ ဝမ်းနည်းစရာတွေပြတိုင်း သူ့မှာ မျက်ရည်လည်ရွှဲနှင့်...၊ ကျနော်က သူ့အား စ,ချင်စိတ်ကလေး နဲနဲ ဖြင့် “အခု ဒီထဲကလူတွေက သရုပ်ဆောင်နေကြတာ၊ အပြင်မှာ တကယ်မသေဘူး သိလား”စသဖြင့် ရယ်မြူးရိပ် ကလေးဖြင့် ပြောသည့်အခါ မအိမ်သူက ခပ်ရှက်ရှက်ဖြင့် မျက်ရည်တွေကို သုတ်ပစ်တတ်သည်၊ ကျနော် တီဗီမှာ ဘောလုံးပွဲကြည့်သောအခါ မအိမ်သူက ရီမုတ်ကွန်ထရိုးကို ဖျတ်ကနဲဆွဲယူပြီး “အင်း..ဘောလုံးပွဲက နောက်ထပ် တစ်နာရီကျော်ကျော်ကြာမှ ပြီးမှာ၊ အဲဒါမတိုင်ခင်လေးမှာ ဒီချန်နယ်လ် ပြန်ပြောင်းရင် ဘယ်သူနိုင်သွားလဲ သိရ မှာပဲ”ဟု ပြောပြောဆိုဆိုဖြင့် တခြားချန်နယ်လ်တစ်ခုကို ပြောင်းပစ်တတ်သည်၊ ကျနော်က ထိတ်ထိတ်ပြာပြာဖြင့် “ဟာ..မလုပ်နဲ့လေ၊ ဘောလုံးပွဲဆိုတာ အနိုင်အရှုံးသိရဖို့ တစ်ခုတည်း ကြည့်တာမှ မဟုတ်တာ၊ သူတို့တွေ ဘယ် လိုကစားပြီး ဘယ်လိုဂိုးဖန်တီးတယ်ဆိုတာ ကြည့်ရတာ...”ဟုပြောလျင် “သိသားပဲ..”ဟု ပြုံးစစဖြင့် ပြန်ပြောပြီး ချန်နယ်လ် ပြန်ပြောင်းပေးတတ်သည်၊

အခုလို အပေါ်ယံမတူညီမှုလေးတွေက ဘာမှမဟုတ်ပေမယ့် ကြီးမားသောအံမဝင်မှုများကိုတော့ ကျနော်တို့ ကြိုးစားပြီး ဖြည့်တင်းရသည်၊ အစစ,အရာရာ ကွဲပြားသော ပတ်ဝန်းကျင်မှာ ဝင်ဆံ့ဖို့ကြိုးစားခဲ့ရသော ကျနော့် အတွက် အမှီလိုက်ညှိနှိုင်းရတာတွေ အများကြီးရှိသလို နိုင်ငံခြားသားတစ်ယောက်ကို ခင်ပွန်းတော်ထားသော မအိမ်သူအတွက်လည်း ကျနော်နှင့်သူ့ပတ်ဝန်းကျင်အကြား အသွင်မတူမှုတွေကို ဖြည့်ဆည်းကျော်ဖြတ် ခဲ့ရ သည်၊ မည်သို့ဆိုစေ အဓိကမှာ သူနှင့်ကျနော်သာလျင်ဖြစ်ပြီး နှစ်ဦးအကြား နားလည်မှုနှင့် mutual respect ထားဖို့သာ ကြိုးစားခဲ့သည်၊

သို့နှင့် ကျနော်တို့ထံသို့ သားကလေး ရောက်လာသောအခါ unity in diversity ဟုကျနော်တွေးမိသည်၊ ကျနော် ကသားနှင့် မြန်မာလိုပြောသလို မအိမ်သူကလည်း ပြင်သစ်လို ပြောသည်၊ ကျနော်ကော်ဖီသောက်ဖို့ပြင်သော အခါ သားကလေးက ဘေးမှနေ၍ “သားလည်း ကြီးလာရင် ကော်ဖီသောက်မယ်”ဟုပြောပြီး တဖက်မှ သူ့အမေ သောက်နေသည့် လက်ဖက်ရည်ကြမ်းကိုကြည့်ကာ “လက်ဖက်ရည်လည်း သောက်မယ်”ဟု လှမ်းပြောတတ် သည်၊ ကျနော်တို့၏ အသွင်တူခြင်း ကွဲပြားခြင်းတို့သည် သားထံတွင်ပေါင်းစုလျက်ရှိသည်၊ သို့သော် ကျနော်တို့ အကြား သဘောတူညီမှုတစ်ခု ရှိသည်၊ သားကလေးကို တစ်ဦးကဆုံးမရာတွင် အကယ်၍အခြားတစ်ဦးက သဘောကွဲလွဲပါက မည်သို့မျှဝင်မပြောဘဲ ကလေးနောက်ကွယ်တွင်သာ ညှိနှိုင်းကြရန်ဖြစ်သည်၊ သားကလေးကို လူမှုဘဝအကြောင်း သင်ကြားပေးသည့်အခါ ကျနော်တို့ အကောင်းဆုံးဟု ယူဆရွေးချယ်ထားသည့် အရာတစ်ခု တည်းကိုသာ သင်ကြားပေးလိုပါသည်၊ သူ့အဖေနှင့်အမေသည် ရုပ်ပိုင်းဆိုင်ရာ အသွင်မတူသော်လည်း သူ့အ ပေါ်ထားသည့် ၄င်းတို့၏ချစ်ခြင်းမေတ္တာသည် မတူကွဲပြားခြင်း အလျင်းမရှိကြောင်း သားကို ခံစားလုံခြုံစေချင် ပါသည်။

ညီလင်းသစ်
၃ သြဂုတ်၊ ၂၀၁၀

(မယုဝရီတက်ဂ်ထားတဲ့ ပို့စ်ဖြစ်ပါတယ်၊ ကျနော်ကသာ အခုမှ ရေးဖြစ်ပေမယ့် လူတော်တော်များများက ဒီအကြောင်းကို ရေးပြီးတာ ကြာနေပါပြီ၊ ဆိုတော့...ဘယ်သူ့မှ အထူးအထွေထပ်ပြီး မတက်ဂ်တော့ပါဘူး)

10 May 2010

မိခင်များနေ့ ၂၀၁၀


ချစ်သောမေမေ,

ကျနော်ငိုတဲ့အခါ၊ မေမေက နှစ်သိမ့်တယ်
ကျနော်ရီတဲ့အခါ၊ မေမေပါ လိုက်ရီတယ်
ကျနော်နာကျင်ရင်၊ မေမေက အနားမှာ အမြဲရှိတယ်
ကျနော့်ရဲ့သောကတွေနဲ့ ဝမ်းနည်းခြင်းတွေဟာ လွင့်ပါးသွားခဲ့ပြီ
မေမေရှိနေရင် ကျနော်ပျော်တယ်

ကျနော်ရဲ့ ချစ်ရပါသော...မေမေ။


ဒီကဗျာလေးက ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ သားကလေးက သူ့အမေကို ပေးတဲ့ကဗျာလေးပါ၊ ဒီလိုပြောလိုက်လို့ ကလေးက ကဗျာတွေဘာတွေ ရေးနေပြီလို့ မထင်လိုက်ပါနဲ့ဦး၊ သူ့အသက်က အခုမှ ၂ နှစ်ခွဲပဲ ရှိသေးတာပါ၊ ဒါပေမယ့် သူတက်နေတဲ့ နေ့ကလေးထိန်း ကျောင်းက ဆရာမတွေက ကျောင်းမှာရှိတဲ့ ကလေးတွေအားလုံး သူတို့ရဲ့ အမေတွေကို ပေးဖို့ လက်ဆောင်လေးတွေ ကဗျာလေးတွေ ပြင်ဆင်ပေးပါတယ်၊

ပြီးခဲ့တဲ့ တနင်္လာနေ့လောက် ကတည်းက အမှတ်တရ လက်ဆောင်လေးတွေကို ဆရာမတွေနဲ့ ကလေးတွေ အတူတကွ ပြင်ဆင်နေခဲ့ ကြတယ်၊ ကြာသပတေးနေ့ ညနေကျောင်းသွားကြိုတော့ ကျနော်တို့ကို ပေးလိုက်တယ်၊ ဒါပေမယ့် မိခင်များနေ့ ကျရောက်တဲ့ ဒီနေ့ တနင်္ဂနွေကျမှ ဖွင့်ပါတဲ့...၊ ဒါနဲ့ ဒီနေ့မနက်မှာ လက်ဆောင်ထုပ်ကလေးကို ဖွင့်လိုက်တော့ ပထမဦးဆုံး စောစောက ကဗျာလေး ထွက်လာတယ်၊ ပြီးတော့မှ သူ့အမေအတွက် သားကလေးရဲ့ လက်ဆောင်...၊

နေ့ကလေးထိန်းကျောင်းက ကလေးတွေအားလုံးကို ဆရာမတွေက ခွက်အဖြူရောင် တစ်ယောက်တစ်ခွက်စီ ပေးတယ်၊ ပြီးတော့မှ သူတို့လေးတွေကို ခဲတံအရောင်စုံချပေးပြီး အဲဒီခွက်ပေါ်မှာ ကြိုက်တာဆွဲခိုင်းတယ်၊ ရေးချင်ရာရေး... ခြစ်ချင်ရာခြစ်၊ အဲဒီခွက်ကလေး တွေကို ဆရာမတွေက ပြန်သိမ်းပြီး ဆေးရောင်တွေစွဲသွားအောင် မီးဖုတ်တယ်၊ ပြီးမှ..ကဗျာလေးတစ်ပိုဒ်နဲ့ လက်ဆောင်ထုပ်ကလေးကို မိဘတွေကို ပေးလိုက်တာပါ၊ ဒီမှာရှိတဲ့ နေ့ကလေးထိန်းကျောင်း အများစုက မိခင်များနေ့မှာ အခုလို ကလေးတွေကိုယ်တိုင် ပါဝင်ထားတဲ့ လက်ဆောင်ကလေးတွေကို အမေတွေကို ပေးလေ့ရှိပါတယ်၊ နေ့ကလေးထိန်းကျောင်း ပထမဦးဆုံးနှစ်မှာ သားကလေး ကိုယ်စား ကျောင်းကလုပ်ပေးတဲ့ လက်ဆောင်လေးက သူ့ရဲ့ခြေရာကလေး...၊ အဲဒီတုန်းက သားက အလွန်ဆုံးရှိလှ ၉ လသားပေါ့၊ သူတို့က အသင့်လုပ်ထားတဲ့ ပလာစတာပုံစံခွက်ထဲမှာ သားရဲ့ ခြေထောက်ကလေးကို နှစ်လိုက်တယ်၊ အဲဒီ ပလာစတာ ခြောက်သွားတော့မှ အောက်နားမှာ မေမေ့ကိုချစ်တယ် လို့ စာကြောင်းလေးနဲ့ သားရဲ့နာမည်ကို ရေးလိုက်တယ်၊ ဒါလေးပါပဲ၊ ဒါပေမယ့် ဒီလိုလက်ဆောင် ကလေးတွေက အမေတွေ အတွက်တော့ တကယ့်ကို အမှတ်တရနဲ့ သိမ်းထားချင်စရာ လက်ဆောင်ကလေးတွေဖြစ်သွားတယ်၊ ပြီးတော့ ဒီလို စီစဉ်ဆောင်ရွက်ပေးတဲ့ နေ့ကလေးထိန်းကျောင်းတွေ အတွက်လည်း နာမည်ရစရာ ဖြစ်လာတာပေါ့လေ၊

ဒါကတော့ လက်ဆောင်ထုပ်ထဲက မူလ ပြင်သစ်ကဗျာလေးပါ...၊


Chère Maman,

Si je pleure, tu me consoles
Si je ris, tu ris avec moi
Si j'ai mal, tu es près de moi
Mes peines, mes chagrins s'envolent
Je suis HEUREUX auprès de toi
Maman...je t'aime très fort.


ဒါကတော့ အဲဒီကဗျာလေးနဲ့ အတူ သူကိုယ်တိုင်ဆွဲထားတဲ့ ခွက်ကလေးပါပဲ...၊

Photobucket


ဒါဘာပုံလဲလို့ သူ့ကို မေးကြည့်တော့ လှေတစ်စင်းနဲ့ ငါးတွေပုံ လို့ပြန်ဖြေတယ်၊ ဒါနဲ့ ကျနော်လည်း ခွက်ကိုလှည့်ပတ်ပြီး သူပြောတဲ့လှေနဲ့ ငါးတွေကို လိုက်ရှာကြည့်တယ်၊ အကြာကြီးပါပဲ၊ လှေနဲ့ဆင်ဆင်တူတာရော ငါးနဲ့ဆင်ဆင်တူတာရော ဘာဆိုဘာမှ မတွေ့မိပါဘူး၊ အင်း... သားကလေးက ဒီအရွယ်နဲ့ abstract တွေတောင် ဆွဲတတ်နေပြီပဲ လို့တွေးလိုက်တော့တယ်။ ။ :D


ညီလင်းသစ်
၉ မေ၊ ၂၀၁၀

07 April 2010

ဆောင်းဦးပေါက်အလွမ်း


ဒီပုံတွေက မနှစ်က ဆောင်းဦးပေါက် အောက်တိုဘာလမှာ ရိုက်ထားတာပါ၊ စနေတစ်ရက် မနက်ခင်းမှာ ကျနော်တို့မိသားစု လမ်းလျှောက် ကြရင်း သွားသွားလာလာ ရိုက်ထားခဲ့တဲ့ ပုံတွေပါပဲ၊ အဲဒီရက်တွေမှာ သစ်ရွက်တွေက တကယ့်ကို ရက်ရက်စက်စက်၊ လှလှပပ ကြွေနေခဲ့ တယ်၊ ပြီးတော့ အဲဒီသစ်ပင်တွေအားလုံး ရိုးတံပြိုင်းပြိုင်းနဲ့ တဆောင်းတွင်းလုံး ခြောက်ကပ်တိတ်ဆိတ် သွားခဲ့ကြတယ်၊ အခုတော့ ဆောင်းတွင်းလွန် နွေဦးဝင်စ ဖြစ်လို့ ရွက်နုလေးတွေတောင် တချို့ဝေနေကြပြီ၊ ကျနော့်မှာသာ အဲဒီတုန်းက ပုံကြွေးတွေ အခုမှပဲ တင်နိုင် တော့တယ်၊ အလုပ်ရှုပ်နေတာရော ပျင်းနေတာရောကြောင့် ဆိုပါတော့ဗျာ =) ။


(၁) ထိုင်ခဲ့ဖူးရာ...
Photobucket


(၂) လျှောက်ခဲ့ဖူးရာ...
Photobucket


(၃) ငေးခဲ့ဖူးရာ...
Photobucket


(၄) ကြွေခဲ့ဖူးရာ...
Photobucket


ညီလင်းသစ်
၇ ဧပြီ၊ ၂၀၁၀

28 January 2010

Chalet-a-Gobet


Photobucket
450d, 24-105mm f/4L, 40mm, f/11, 1/60, iso400, handheld


Photobucket
450d, 24-105mm f/4L, 105mm, f/8, 1/1000, iso400, handheld


Photobucket
450d, 24-105mm f/4L, 32mm, f/8, 1/500, iso400, handheld


ညီလင်းသစ်
၂၉ ဇန်နဝါရီ၊ ၂၀၁၀

25 January 2010

နှင်းဝေတဲ့ဆောင်း (၂)


နှင်းဝေတဲ့ဆောင်း (၂.၁)
IMG_6174n
450d, EF 24-105mm, 50mm, f/4, 1/160, iso400


နှင်းဝေတဲ့ဆောင်း (၂.၂)
IMG_6168n
450d, EF 24-105mm, 45mm, f/4, 1/200, iso400


နှင်းဝေတဲ့ဆောင်း (၂.၃)
IMG_6237n
450d, EF 24-105mm, 45mm, f/8, 1/640, iso400


နှင်းဝေတဲ့ဆောင်း (၂.၄)
IMG_6205n
450d, EF 24-105mm, 40mm, f/4, 1/1000, iso400


နှင်းဝေတဲ့ဆောင်း (၂.၅)
IMG_6190n
450d, 24-105mm, 24mm, f/4, 1/2500, iso200


နှင်းဝေတဲ့ဆောင်း (၂.၆)
IMG_6201n
450d, 24-105mm, 75mm, f/4, 1/800, iso200


နှင်းဝေတဲ့ဆောင်း (၂.၇)
IMG_6230n
450d, 24-105mm, 28mm, f/8, 1/500, iso400


ညီလင်းသစ်
၂၅ ဇန်နဝါရီ၊ ၂၀၁၀

13 January 2010

နှင်းဝေတဲ့ဆောင်း


ငယ်ငယ်တုန်းကတော့ “ဆောင်းနှင်းဝေတဲ့ နံနက်ခင်းရယ်” ဆိုပြီး သီချင်းတွေ ဆိုခဲ့ဖူးတယ်၊ အဲဒီတုန်းက မြင်ယောင်ခံစား ကြည့်တဲ့နှင်းက ဝေလီဝေလင်းမှာ အုံ့ဆိုင်းတုန့်မှိုင်းနေတဲ့ ဝိုးတဝါးနှင်းမျိုးတွေ...၊ တကယ်က မြန်မာပြည်ရဲ့ နေရာအများစုမှာ တွေ့ရတာက မြူပါ၊ ဒါပေမယ့် နံနက်ခင်း မြူဆိုင်းတာကို အများစုက နှင်းကျတယ် လို့သုံးနှုန်းလေ့ရှိတော့ ကိုယ်လည်း ရောယောင်ပြီး နှင်းမှုန်ထဲမှာ ချစ်သူကို ရှာကြံ မြင်ယောင် ကြည့်ရတာအမော...၊

ဒီဖက်ပိုင်းရောက်လာတော့ နှင်းက တကယ့်ကိုပဲ ဘဝထဲကို ပီပီပြင်ပြင် ဝင်ရောက်လာခဲ့တော့တယ်၊ နှင်းမှ မြန်မာပြည်မှာ ပြောလေ့ရှိတဲ့ ဝိုးတဝါးမြူနှင်းရော ဖြိုးဖြိုးဖျောက်ဖျောက်ကျတဲ့ ဆီးနှင်းရော အလုံးနဲ့အရင်းနဲ့ကို ကျတော့တာကိုး...၊ တခါတခါ ခပ်ဖွဲဖွဲ အမှုန်အမွှားတွေ ကျပေမယ့် တခါတခါတော့လည်း အဖတ်လိုက်ကို တဆုပ်တထွေး ကျချင် ကျတတ်ပြန်ရော...၊

ကျနော် ရောက်စက ဒီမြို့မှာ ဆောင်းတွင်းတစ်ခုလုံး လေးငါးခါထက် နှင်းပိုမကျတတ်ဘူး၊ တခါကျရင်လည်း တစ်ရက်အပြင် မပိုဘူး၊ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ အဲ့လ်ပ်စ် တောင်တန်းတွေပေါ်မှာတော့ နှင်းက နိုဝင်ဘာ ကတည်းက ဖုံးလွှမ်း နေရာယူလေ့ရှိတယ်၊ ပထမတော့ တောင်ထိပ်တွေကို နှင်းဖုံးတာမြင်ရတယ်၊ ပြီးတော့ သိပ်မကြာခင်မှာပဲ တောင်အောက်ဖက်ကို တဖြည်းဖြည်းနဲ့ နှင်းပိုကျလာပြီး တောင်တစ်ဝက်လောက်အထိ ဖွေးသွားတော့တာပါပဲ၊ အဲဒီ မြင်ကွင်းက ဧပရယ်လ် လလယ်လောက်အထိ အမြဲတသမတ်ထဲပဲ၊

အခု ဒီဆောင်းတွင်းကတော့ နဲနဲထူးခြားတယ်၊ မနှစ်က ဒီဇင်ဘာလလယ် ကတည်းက အအေးလှိုင်း ဖြတ်သွားပြီး နှင်းစ,ကျတယ်၊ ကျတာမှ ရက်ဆက်ကို ကျတယ်၊ ခရစ္စမတ်နဲ့ နူးရီးယားကြားမှာ နဲနဲအအေးပေါ့သွားပေမယ့် ဇန်နဝါရီဆန်းတာနဲ့ အရင်လိုပဲ ပြန်အေးလာပြီး နှင်းတွေ ဆက်တိုက် ပြန်ကျလာပြန်ရော...၊ အိမ်နားမှာတော့ နှင်းထုက အတော်လေးကို ထူလာခဲ့တယ်၊ တိုက်ဆိုင်ချင်တော့ သားကလေးက ခရစ္စမတ်လက်ဆောင်အဖြစ် bobsleigh တစ်ခုရထားတယ်၊ အဲဒါကို သူက ပြီးခဲ့တဲ့ရက်တွေထဲက တော်တော်စီးချင်နေခဲ့တာ၊ ကျနော်တို့က လည်းသူ့ကို တောင်ပေါ်ခေါ်သွားဖို့ အဆင်မပြေသေး၊ ဒါနဲ့သူက မြေကြီးပေါ်မှာ ဒီအတိုင်းဆွဲပေးဖို့ အတင်းပူဆာ နေလို့ ဒီဟာက နှင်းပေါ်မှာပဲ လျှောစီးရတဲ့အကြောင်း မနည်း ရှင်းပြထားရတယ်၊

ပြီးခဲ့တဲ့ စနေနေ့ကတော့ သူ့ကိုအိမ်နားက မူလတန်းကျောင်းလေးနား ခေါ်သွားလိုက်တယ်၊ အဲဒီကျောင်းလေးရဲ့ အနောက်ဖက်မှာ ကုန်းမြင့်ဆင်ခြေလျှောလေး တစ်ခုရှိတယ်၊ အခုအဲဒီမှာ နှင်းတွေအပြည့်ဖုံးနေတာနဲ့ bobsleigh စီးဖို့အတော်ပဲ၊ သားကလေးက ၂ နှစ်ခွဲပဲ ရှိသေးပေမယ့် ကျနော်ကားမောင်းရင် စတီယာရင်နောက် မှာလာထိုင်ချင်လို့ ခဏခဏပူဆာတတ်တယ်၊ ကားကိုသူက ကစားစရာများ အောက်မေ့နေလား မသိပါဘူး၊ အခုသူ့ရဲ့ bobsleigh မှာ စတီယာရင်လေးတစ်ခုနဲ့ ဘရိတ်တစ်ခုပါတော့ သူတော်တော်ပျော်နေတယ်၊ ကျောင်းနားမှာ ကျနော်တို့ မိသားစု သုံးယောက်အပြင် တခြားဘယ်သူမှလည်း မရှိတာနဲ့ သူ့ကို စတီယာရင် ပေးကိုင်ထားလိုက်တော့ သဘောတွေကျလို့၊ နှစ်ယောက်စီးဆိုတော့ သူကရှေ့မှာ စတီယာရင်ကိုင်၊ ကျနော်က သူ့နောက်မှာထိုင်ပြီး နဲနဲထိန်းပေး...၊ အတော်လေးကို ပျော်ဖို့ကောင်းပါတယ်၊

ပျော်ရွှင်နေတဲ့ သားကလေးကိုကြည့်ရင်း မြန်မာပြည်က ကလေးတွေကိုလည်း သတိရမိတယ်၊ အခုလို နှင်းတွေ ပေါ်မှာဆို သူတို့လည်း ဘယ်လောက်ပျော်လိုက်မလဲ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ... နှင်းတွေနဲ့ ဆော့ကစားလို့ ရပါတယ်၊ နှင်းလုံးတွေနဲ့ ပစ်ပေါက်မလား၊ နှင်းလူ snowman လုပ်မလား၊ နှင်းအိမ် အစ်ဂလူး ဆောက်ဦးမလား၊ ပိုက်ဆံတပြားမှ ကုန်စရာမလိုပဲ နှင်းတွေပ်ါမှာ ဆော့ကစားလို့ရတယ်၊ တဖွဲဖွဲကျနေတဲ့ နှင်းပွင့် အဆုပ်အခဲတွေကို မော့ကြည့်ရင်း သူတို့လေးတွေ အံ့သြပျော်ရွှင်နေမှာ...၊ မြန်မာပြည်မှာ တစ်ခါလောက် နှင်းကျရင် ကောင်းမယ်လို့ ကျနော်တွေးမိတယ်၊ ဒါပေမယ့် ဒီလိုအခြေအနေမှာ ချက်ချင်းအသားကျ ပျော်ရွှင်နိုင်ဖို့ သူတို့မှာ လုံလောက်တဲ့ ပြင်ဆင်မှုမျိုး ရှိမှာမဟုတ်ပါဘူး၊ လိုအပ်တဲ့ ဝတ်စရာ အနွေးထည် ကောင်းကောင်းတွေ၊ နှင်းပေါ်မှာဝတ်ရတဲ့ ရေစိုခံ ဝတ်စုံနဲ့ လည်ရှည်ဖိနပ်တွေ၊ လုံခြုံနွေးထွေးတဲ့ အိမ်တွေနဲ့ အပူပေးစနစ်တွေ အကြောင်း ချက်ချင်းပဲ တွေးမိသွားတော့ လက်တွေ့မဆန်လွန်းတဲ့ ဆန္ဒတွေကို ခေါင်းပေါ်ကျလာနေတဲ့ နှင်းစက် တွေနဲ့အတူ ခပ်ကြမ်းကြမ်းပဲ ခါထုတ်လိုက်တော့တယ်။ ။


ညီလင်းသစ်
၁၃ ဇန်နဝါရီ၊ ၂၀၁၀